တိုင်းရင်းသားလူမျိုးစုများနှင့် မြေယာပိုင်ဆိုင်ခွင့်ပြဿနာ

တိုင်းရင်းသားလူမျိုးစုများ

တိုင်းရင်းသားလူမျိုးစုများသည် နယ်မြေတစ်ခု တွင် သမိုင်းအစဉ်အဆက် နေထိုင်ခဲ့သူများဖြစ်ပြီးလက်ရှိ နယ်မြေကို စိုးမိုးအုပ်ချုပ်နေသည့် လူမှုအဖွဲ့အစည်းများ မှ ကွဲပြားခြားနားသည်ဟု သူတို့ကိုယ်သူတို့ မှတ်ယူကြ သူများ ဖြစ်ကြသည်။ ကုလသမဂ္ဂ၏ လူနည်းစုများ၊ တိုင်းရင်းသားလူမှုအသိုက်အဝန်းများ၊ လူပုဂ္ဂိုလ်များနှင့် နိုင်ငံများအပေါ် အကာအကွယ်ပေးရေးနှင့် ခွဲခြားဆက် ဆံမှုမပြုရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ  ကိုဘိုမာတီနက်(ဇ) (၁၉၈၄)၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ကျူးကျော်ဝင်ရောက်သူများနှင့် ကိုလိုနီနယ်ချဲ့သမားများ ၏ ကျူးကျော်သိမ်းပိုက်မှု မခံရခင်ကတည်းက သူတို့ ပိုင်နက် နယ်မြေကို တည်ထောင်ခဲ့သူများ၊ လက်ရှိထို နယ်မြေများကို လွှမ်းမိုးထားသူ အခြားလူမှုအဖွဲ့အစည်း အစိတ်အပိုင်းများမှ ကွဲပြားခြားနားသည်ဟု သူတို့ကိုယ် သူတို့ မှတ်ယူထားသူများကို တိုင်းရင်းသားလူမျိုးစုများ ဟု သတ်မှတ်သည်။ သူတို့သည် လက်ရှိသူတို့၏ ယဉ် ကျေးမှုပုံစံများ၊ လူမှုအဆောက်အအုံများ၊ ဥပဒေရေးရာ စနစ်များနှင့်အညီ သူတို့၏ဘိုးဘွားအမွေအနှစ်ပိုင်နက် မြေများ၊ လူမျိုးစုသရုပ်လက္ခဏာများအား ထိန်းသိမ်း ဖွံ့ဖြိုးစေပြီး အနာဂတ်မျိုးဆက်များအား လက်ဆင့်ကမ်း လွှဲပြောင်းပေးအပ်ရန် ပိုင်းဖြတ်ထားသူများဖြစ်ကြသည်။

ဖြန့်ကျက်နေထိုင်မှုနှင့်ရှင်သန်ဖြစ်တည်မှု

ကမ္ဘာအနှံ့ဖြန့်ကျက်နေထိုင်ကြသော တိုင်းရင်းသား လူမျိုးစုများ၏ အရေအတွက်မှာ သန်းပေါင်း ၃၀ဝ မှ ၅၀ဝ အကြားရှိပြီး ကမ္ဘာ့ယဉ်ကျေးမှုနှင့် ဇီဝဗေဒဆိုင် ရာ စုံလင်ကွဲပြားမှု၏ ၈၀ ရာခိုင်နှုန်းကို ပြုစုပျိုးထောင် ပါဝင် ဖွဲ့စည်းလျက်ရှိကာ ကမ္ဘာ့တိုက်ကြီးအားလုံးပေါ်ရှိ နိုင်ငံများအားလုံးလိုလိုပေါ်တွင် ဖြစ်တည်နေထိုင်ကြပြီး ရိုးရာ တောလိုက်မုဆိုးအသက်မွေးမှု၊ လယ်ယာစိုက်ပျိုး မှုပြုကြသူများမှသည် ဥပဒေပညာရှင်များအထိရှိသော လူသား မျိုးနွယ်ရောင်စုံဆင်ကွဲတစ်ခုကို ဖွဲ့စည်းထားကြ သည်။ အချို့နိုင်ငံများတွင် တိုင်းရင်းသားလူမျိုးစုများမှာ နိုင်ငံလူဦး ရေ၏ အများစုအဖြစ်ရှိကြပြီး အခြားနိုင်ငံများ တွင်မူ လူနည်းစုအဖြစ် ပါဝင်ကြသည်။ သူတို့သည် သူတို့မြေယာကို သူတို့ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဘာ သာစကားကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် ယဉ်ကျေးမှု ကို တိုးတက်မြင့်မား စေခြင်းတို့ကို ရွက်ဆောင်ကြသည်။ အချို့သော တိုင်းရင်းသားလူမျိုးအများစုမှာ ရိုးရာစဉ်လာဘဝနေထိုင်မှုကို အရှည်တည်တံ့ရန် အားထုတ်ထိန်းသိမ်း ကြပြီး အခြားသူများကမူ လက်ရှိနိုင်ငံဖွဲ့စည်းတည်ဆောက်မှုများထဲတွင် ကြီးမားသောအခန်းကဏ္ဍမှ ပူး ပေါင်းပါဝင်ရန် ကြိုးပမ်းဆောင်ရွက်ကြသည်။ အားလုံးသော ယဉ်ကျေးမှုများနှင့် လူ့အဖွဲ့အစည်းများကဲ့သို့ပင် တိုင်းရင်းသားလူမျိုးစုများကလည်း ကမ္ဘာ့အပြောင်းအလဲများနှင့် အမြဲတစေ ချိန်ညှိပြောင်း လဲကျင့်သုံးနေထိုင် နေကြသည်။ သူတို့သည် သူတို့နေထိုင်ရှင်သန်ရာ ကမ္ဘာကြီးအတွက် အလေးထား ဆောင် ရွက်သလိုပင် သူတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက်လည်း ကြိုးပမ်းလုပ်ကိုင်ကြ လေသည်။

တရားမမျှတမှုနှင့်လူ့အခွင့်အရေးချိုးဖောက်မှု

ကမ္ဘာတစ်လွှား တိုင်းရင်းသားလူမျိုးစုများတွင် ထို ကဲ့သို့သော ကြီးမားကျယ်ပြန့်သည့် စုံလင်ကွဲပြားမှု အလှ တရားများရှိနေသော်ငြား သူတို့အားလုံး ရင်ဆိုင်တွေ့ကြုံနေရသည့် ဘုံတူညီချက်တစ်ရပ်မှာ သမိုင်းနှင့်ချီသော တရားမမျှတမှုပင်ဖြစ်သည်။ သမိုင်းအဆက်ဆက် တွင် သူတို့သည် အသတ်ဖြတ်ခံရ၊ အနှိပ်စက်ခံရ၊ ကျွန်ပြုခံရ စသဖြင့်ကြုံတွေ့ခံစားခဲ့ကြရသည်။ အချို့ဖြစ်ရပ် အတော်များများတွင် သူတို့သည် လူမျိုးတုန်းသတ်ဖြတ် မှု၏ သားကောင်များပင် ဖြစ်ခဲ့ကြရသည်။ နိုင်ငံအများ အပြားတွင် သူတို့သည် လက်ရှိနိုင်ငံတော်ယန္တရားများ ၏ အုပ်ချုပ်မှုလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခွင့် ကို ငြင်းပယ်ခံနေရသည်။ ကျူးကျော်သိမ်းပိုက်မှုနှင့် ကိုလိုနီပြုမှု များက သူတို့၏ဂုဏ်သိက္ခာနှင့် အမှတ်အသား သရုပ်ကို ခိုးယူသွားခဲ့ကြသည့်ပြင် သူတို့၏ အခြေခံအရ ပိုင်ဆိုင် ခွင့်ဖြစ်သော ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ကိုပါ ရုတ်သိမ်းခံခဲ့ကြရလေသည်။

လူသားအားလုံး၏ အခြေခံရပိုင်ခွင့်များကို အာမခံ ချက်ပေးထားသော အပြည်ပြည်ဆိုင်ရာ လူ့ရပိုင်ခွင့် ကြေညာစာတမ်းကို နိုင်ငံတကာက အသိအမှတ်ပြုလက် ခံထားသည်။ လက်တွေ့အချက်အလက်များတွင်မူ တိုင်း ရင်းသားလူမျိုးစုများ၏ လူ့ရပိုင်ခွင့်များကိုမူ သီးသန့် ရေးဆွဲအာမခံထားမှု မရှိသေးချေ။ ယနေ့အချိန်ကာလ အထိ တိုင်းရင်းသားလူမျိုးစုများမှာ စနစ်တကျစီမံပြု လုပ်ထားသော နိုင်ငံအစိုးရပေါ်လစီများကြောင့် သူတို့ ၏ အခြေခံ လူဖြစ်တည်မှုအပေါ် ဆိုးဆိုးရွားရွားခြိ်မ်း  ခြောက်မှုများနှင့် ဆက်လက်ရင်ဆိုင်နေရသေးသည်။ နိုင်ငံအများအပြား ၌ အကျဉ်းကျလူဦးရေအချိုးအစား၊ စာမ တတ်မြောက်မှုနှုန်း၊ အလုပ်လက်မဲ့နှုန်း စသဖြင့်သော ဖွံ့ဖြိုးမှုနိမ့်ကျမှုပြ ညွှန်းကိန်းများတွင် တိုင်းရင်းသားလူ မျိုးစုဝင်များမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေကြရ သည်။ သူတို့သည် စာသင်ကျောင်းများတွင် ခွဲခြားဆက် ဆံခံရခြင်းနှင့် အလုပ်ခွင်တွင် သွေးစုပ်ချယ်လှယ်ခြင်းတို့ကို တွေ့ကြုံနေကြရ သည်။ နိုင်ငံအများအပြားတွင် စာသင်ကျောင်းများ၌ သူတို့ကိုယ်ပိုင်ဘာသာစကားများကိုပင် လေ့လာသင်ယူခွင့် မရကြချေ။ အထွတ်အမြတ် ထားရာ မြေနေရာများနှင့် ကိုးကွယ်ဆည်းကပ်ရာ အရာ ဝတ္ထုများမှာ သူတို့ထံမှ တရား မျှတမှုမရှိသည့် စာချုပ် စာတမ်းများဖြင့် လုယက်ယူငင်ခံကြရသည်။ အမျိုးသား အစိုးရများက သူတို့၏ကိုယ့်ရိုးရာ အစဉ်အလာ မြေယာများတွင် နေထိုင်ခွင့်နှင့် စီမံဆောင်ရွက်ပိုင်ခွင့်ကို ငြင်း ပယ်နေကြဆဲဖြစ်သည်။ မကြာခဏဆို သလိုပင် ထိုမြေ ယာများကို အသုံးချအမြတ်ထုတ်ရန် ပေါ်လစီချကာ ထိုပေါ်လစီများအား ရာစုနှစ်များနှင့်ချီကာ ယင်းတို့အတွက် ထိန်းသိမ်းထားကြသည်။ အချို့ဖြစ်ရပ်များတွင် အစိုးရများက တိုင်းရင်းသားလူမျိုးစုများ၊ သူတို့၏ ယဉ်ကျေးမှုများနှင့် ဓလေ့ထုံးစံစဉ်လာများအား အမြစ်ဖြတ် ဖယ်ရှားရန် ကြိုးပမ်းသည့်အနေဖြင့် ကမ္ဘာတစ်လွှား အစိုးရများအနေဖြင့် တိုင်းရင်းသားလူမျိုးစုတန်ဖိုးများ၊ ဓလေ့ထုံးစံအစဉ်အလာများအပေါ်လုံးလုံးလျားလျားတန်ဖိုး မထားဘဲ အရိုအသေတန်သည့် သဘောထားများကို အထပ်ထပ်အခါခါ ထုတ်ဖော်ပြသခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာလူ့ရပိုင်ခွင့်ကြေညာစာတမ်းနှင့် တိုင်းရင်းသားလူမျိုးစုရပိုင်ခွင့်

တိုင်းရင်းသားလူမျိုးစုများ၏ လူ့ရပိုင်ခွင့်ကာကွယ် ရေးနှင့် တိုးမြှင့်ရေးဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲ များ တွင် အချို့သောနိုင်ငံများက လူ့ရပိုင်ခွင့်စံများအား တာဝန်ကျေစွာလိုက်နာအသုံးပြုခြင်းဖြင့် ဤအရေးကို ပို၍ ဖြေရှင်းပေးနိုင်ကြောင်း ငြင်းခုံကြသည်။ တစ် ဖက်တွင် တိုင်းရင်းသားလူမျိုးစုများကမူ ထိုသို့သော နိုင်ငံတကာ လူ့ရပိုင်ခွင့် စံချိန်စံညွှန်းများမှာ ယင်းတို့ ကို အကာအကွယ်ပေးရန် မစွမ်းသာကြောင်း ပြန်လည် ငြင်းခုံကြသည်။ သူတို့အဆိုအရ အမှန်တကယ်လိုအပ် သည်မှာ ကမ္ဘာ့တိုင်းရင်းသားလူမျိုးစုများ၏ သီးခြားလို အပ်ချက်များကို ကိုင်တွယ်ဖြေရှင်းသည့် နိုင်ငံတကာ သဘောတူစာချုပ်သစ်များသာဖြစ်ကြောင်း လက်ခံပြော ဆိုကြသည်။ စင်စစ် အပြည်ပြည်ဆိုင်ရာ လူ့ရပိုင်ခွင့်ကြေညာစာတမ်းမှာ တစ်ဦးချင်းလူသားအားလုံး၏ ပုဂ္ဂလိက လူ့ရပိုင်ခွင့်ကို အကာ အကွယ်ပေးရန် ရေးဆွဲထားသည်ဖြစ်သော်လည်း စုပေါင်းသဘော လူ့ရပိုင်ခွင့်ဆိုင်ရာ နိုင်ငံတကာဥပဒေမှာ မရေမရာရှိနေဆဲဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုဝင်များ၏ အုပ်စုအခွင့်အရေးများကိုကား အကာအကွယ်ပေး နိုင်စွမ်းမရှိချေ။

ကုလသမဂ္ဂတိုင်းရင်းသားရပိုင်ခွင့်ကြေညာစာတမ်း

ကုလသမဂ္ဂ တိုင်းရင်းသားရပိုင်ခွင့်ကြေညာစာတမ်း (UNDRIP) ကို ၂၀ဝ၇ ခုနှစ်တွင် ကုလသမဂ္ဂမှ အတည်ပြုပြဌာန်းခဲ့သော်လည်း ယင်းမှာ ဥပဒေအရ စည်းနှောင်ထားခြင်းမရှိဘဲ တိုင်းရင်းသားလူမျိုးစုများ၏ တစ်ဦးချင်းနှင့် စုပေါင်းသဘောရပိုင်ခွင့်များကို အသေး စိတ် အဓိပ္ပာယ်ဖွင့်ဆိုပေးနိုင်ခဲ့ရုံသာရှိသည်။ ယင်းတွင် တိုင်းရင်းသားတို့၏ ပိုင်ဆိုင်မှုရပိုင်ခွင့်များမှသည် ယဉ် ကျေးမှုနှင့်အခမ်းအနားကျင်းပရေး၊ အမှတ်အသား သရုပ် လက္ခဏာ၊ ဘာသာစကား၊ အသက်မွေးမှု အလုပ် အကိုင်၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြားကိစ္စရပ်များဆိုင်ရာ ရပိုင်ခွင့်များပါဝင်သည်။ ယင်းက တိုင်းရင်းသား လူမျိုးစုတို့၏ ကိုယ်ပိုင်အစုအဖွဲ့များ၊ ယဉ်ကျေးမှုနှင့်အစဉ်အလာ များအား အရှည်တည်တံ့အောင်ထိန်းသိမ်းရန်နှင့် အားကောင်းခိုင်မာစေရန်၊ သူတို့ကိုယ်ပိုင်လိုအပ်ချက်များနှင့် လိုအင်များကိုပြည့်ဝစေမည့် ဖွံ့ ဖြိုးတိုးတက်မှုကို ကြံဆရှာဖွေနိုင်စေရန် တိုင်းရင်းသား ရပိုင်ခွင့်များကို အလေးပေး ဖော်ပြထားသည်။ ထို့ပြင် တိုင်းရင်းသားများအပေါ် ခွဲခြားဆက်ဆံမှုအားတားမြစ် ပြီး သူတို့စိတ်ပါဝင်စားသည့်အရာ ကိစ္စအားလုံးတွင် အပြည့်အဝ ထိထိရောက်ရောက် ပူးပေါင်းပါဝင်မှုကို အားပေးကာ သူတို့၏ထူးခြားသည့်ဖြစ်တည်မှု ဆက် လက်တည်ရှိခွင့်နှင့် စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာ သူတို့၏ ကိုယ်ပိုင်အမြင်များကို ကြံဆလုပ် ဆောင်ခွင့်များကို တိုးမြှင့်ပေးထားသည်။

ထိုကြေညာစာတမ်း၏ရည်မှန်းချက်မှာ ကမ္ဘာ့နိုင်ငံ များအား ဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုစုံဒီမိုကရေစီနှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချရေးကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများကို ဖြေရှင်းရာတွင် တိုင်းရင်းသားများနှင့် အတူလက်တွဲလုပ်ဆောင်ရေးအတွက် အားပေးရန်ဖြစ် သည်။ ယင်းကို ၂၀ဝ၇ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် ကုလသမဂ္ဂအများတကာ့ အများစုမဲဖြင့် အတည်ပြုပြဌာန်းခဲ့ခြင်းဖြစ်သည်။

လူမျိုးစု၊ ဘာသာရေးနှင့်ဘာသာစကားလူနည်းစု ရပိုင်ခွင့်ဆိုင်ရာကြေညာစာတမ်း

၁၉၉၂ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ က လူမျိုးစု၊ ဘာသာရေးနှင့်ဘာသာစကားလူနည်းစု ရပိုင် ခွင့်ဆိုင်ရာ ကြေညာစာတမ်းကို အတည်ပြုချမှတ် ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင်မှု လူနည်းစုဆိုင်ရာ အလုပ်အဖွဲ့ တစ်ခုကို ဖွဲ့စည်းပေးခဲ့သည်။ ဤကြေညာစာတမ်းမှာ လည်း ကုလသမဂ္ဂအခြေခံရည်မှန်းချက်ဖြစ်သော လူမျိုး၊ လိင်၊ ဘာသာ စကား သို့မဟုတ် ဘာသာရေးမခွဲခြားဘဲ လူ့ရပိုင်ခွင့်နှင့် လူသားအားလုံးအတွက် အခြေခံ လွတ်လပ်ခွင့်များအားတိုး မြှင့်အားပေးရန် ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။ တစ်နည်းဆိုရလျှင် လူ့ရပိုင်ခွင့်၊ လူဂုဏ်သိက္ခာနှင့်လူ့တန်ဖိုး၊ ကျား-မ တန်းတူရပိုင်ခွင့် နှင့် နိုင်ငံကြီး-ငယ်မဟူ အခြေခံလူ့ရပိုင်ခွင့်များအပေါ် ယုံကြည်မှုကို ထပ်မံ၍ အခိုင်အမာပြုလိုက် ခြင်းပင် ဖြစ်ပေသည်။ သို့တစေ ဤကြေညာစာတမ်းမှာလည်း ဥပဒေအရ စည်းနှောင်မှုမရှိသောအရာတစ်ခုသာ ဖြစ်ရာ ကုလသမဂ္ဂမှဖွဲ့စည်းပေးခဲ့သော လူနည်းစုဆိုင်ရာ အလုပ်အဖွဲ့အနေဖြင့် လိုအပ်သလောက်ထိရောက်စွာ လှုပ်ရှားဆောင်ရွက်နိုင်ခြင်း မရှိခဲ့ချေ။ ကမ္ဘာ့နိုင်ငံများ အကြား နိုင်ငံတစ်နိုင်ငံချင်း၏ လူနည်းစုရပိုင်ခွင့် အပါ အဝင်လူ့ရပိုင်ခွင့်စံချိန်စံညွှန်းများအပေါ် ယုံကြည်လိုက် နာမှုအရသာ အဓိကစခန်းသွားနေရသည်ဖြစ်ရာ ထိုသို့သော လူ့ရပိုင်ခွင့်ချိုးဖောက်မှုများမှာ နိုင်ငံအသီးသီးတွင် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ဆက်လက်တည်ရှိ မင်းမူနေဆဲပင် ဖြစ်ပေသည်။

မြန်မာ့တိုင်းရင်းသားလူမျိုးစုပြဿနာများ

အပြန်အလှန်ယုံကြည်မှု၊ အာဏာလွန်ဆွဲပွဲများနှင့် ရွှေငွေ၊ ကျောက်မျက်ရတနာ၊ သစ်အပါအဝင် သဘာဝ သယံဇာတပိုင်ဆိုင်ရေး တင်းမာမှုများကား အဓိကအား ဖြင့် ဗမာလူမျိုးကြီးနောက်ခံပြုသော မြန်မာနိုင်ငံကို အုပ်စိုး သူများနှင့် ပိုမိုသေးငယ်သည့် အခြားတိုင်းရင်း သားလူမျိုးစုများကြား ကွဲပြားမှုသမိုင်းရှည်ကြီး၏ အမှတ်လက္ခဏာ ဖြစ်ခဲ့ရသည်။

တိုင်းရင်းသားလူမျိုးစုတစ်ခုချင်းစီက သူတို့၏ ကိုယ်ပိုင်ဘာသာစကားများ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ နှင့် သူတို့မြေတွင်းမြေပေါ်မှ သဘာဝသယံဇာတများ အား ကာကွယ်ခြင်းသည် သူတို့၏အမျိုးသားရေး အမှတ် အသားသရုပ်လက္ခဏာအတွက် အလွန်အရေးပါသည်ဟု မှတ်ယူထားကြသည်။ တစ်ချိန်တည်းတွင် ဗမာအဓိက စိုးမိုးသူအစိုးရအဆက်ဆက်ကလည်း မြန်မာနိုင်ငံလူဦး ရေ၏ သုံးပုံတစ်ပုံရှိသော တိုင်းရင်းသားလူနည်းစုများ ကြားမှ အတွင်းပဋိပက္ခဖြစ်သည့် လူနည်းစုအကျပ်အ တည်းကြောင့် နိုင်ငံတည်ငြိမ်မှုပျက်ပြားရသည်ဟု တစ် စိုက်မတ်မတ် စွဲမှတ်ယုံကြည်လာခဲ့သည်။

စင်စစ်တွင် မြန်မာနိုင်ငံ၏ အရင်းခံပြဿနာမှာ တိုင်းရင်းသားလူမျိုးစုငယ်များနှင့် ဗမာလူမျိုးကြီးဝါဒကို ကိုယ်စားပြုသော စစ်တပ်လက်ကိုင် ဓနရှင်များကြား ဖြစ်ပွားသည့် ပြည်တွင်းစစ်ပြဿနာသာ ဖြစ်ပေသည်။ ၁၉၄၇ ခုနှစ်တွင် ဗြိတိသျှကိုလိုနီနယ်ချဲ့ တပ်ဖွဲ့များ ဆုတ်ခွာမသွားမီကာလက ဗမာနှင့်အခြား တိုင်းရင်းသား လူမျိုးစုများ ကြား စုစည်းညီညွတ်ကြရန် ကြိုးပမ်းခဲ့ သည်။ ထိုကြိုးပမ်းမှုမှာ ကိုလိုနီအုပ်ချုပ်မှုလွန် မြန်မာနိုင်ငံကို စုစည်းပုံဖော် မည့် ပင်လုံစာချုပ်ပင်ဖြစ်သည်။ ပင်လုံသဘောတူညီချက်အရ တိုင်းရင်းသား လူမျိုးစုအခွင့်အရေးများနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သော ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးပေးရမည့်အပြင် မြန်မာနိုင်ငံသစ်၏ ဒီမိုကရက် တစ်ဖြစ်စဉ်အတွင်း လူနည်းစုတိုင်းရင်းသားများ ပါဝင်ခွင့်ကိုလည်း ရရှိမည် ဖြစ်သည်။ ထိုစာချုပ်ကို လွတ်လပ်ရေးကြိုးပမ်းမှုအား ဦးဆောင်ခဲ့သော ဗမာတိုင်းရင်းသားလူမျိုးစုခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသည့် ဗမာတိုင်းရင်းသားခေါင်းဆောင်များနှင့် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များ အကြား စေ့စပ်ညှိနှိုင်းလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းစစ်နှင့်တိုင်းရင်းသားလူမျိုးစုရပိုင်ခွင့်

လွတ်လပ်ရေးနှင့်အတူပေါက်ဖွားလာသော မြန်မာ နိုင်ငံ၏ ပြည်တွင်းစစ်မှ ယနေ့အချိန်တွင် နှစ် ၇၀ပင် လွန် မြောက်ခဲ့ပြီဖြစ်သည်။ လူထုလူတန်းစားပေါင်းစုံ၏ ဒီမိုကရေစီနိုင်ငံရေးစနစ်အိမ်မက် ပျက်ပြယ်ခဲ့သကဲ့သို့ တိုင်းရင်း သားလူနည်းစုတို့၏ ပြည်ထောင်စုအိမ်မက်ဖြစ် သော ပင်လုံကတိကဝတ်များလည်း ပျောက်ဆုံးခဲ့ရသည်။ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားညီညွတ် ရေး၊ တန်းတူရေးတို့သည်လည်း အလှမ်းကွာဝေးဆဲ။ နိုင်ငံ့အခြေအနေမှာလည်း ကမ္ဘာ့ဘိတ်ဆုံးအဆင့်မှ တက် လှမ်းရန်မဆိုထားနှင့် အာဆီယံအဆင့်တွင်ပင်နောက်က တကောက်ကောက် လိုက်နေရသည့် ဘဝတွင် ရှိနေဆဲ။

ဤပြဿနာများတွင် အဖြေမရှိ၊ အဖြေမသိ၍ကား မဟုတ်။ လက်တွေ့အဖြေမထုတ်နိုင်ခဲ့ခြင်းသာဖြစ်သည်။ အနာမသိ၊ ဆေးမရှိ၍လည်းမဟုတ်၊ အနာသိ၍ ဆေးရှိ သော်လည်း အနာနှင့်ဆေးတည့်အောင် မပေးနိုင်ခဲ့ခြင်း သာ ဖြစ်သည်။ အမျိုးသားညီညွတ်ရေးပျက်သုဉ်း၍ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီနိုင်ငံရေးနှင့် ပင်လုံ ကတိကဝတ် များ ပျောက်ဆုံးနေခြင်းမှာ ပြည်တွင်းစစ်၏ အကြောင်းတရားဖြစ်ရကား ထိုအကြောင်းတရားကို ကိုင်တွယ်ဖြေရှင်း ၍ ပြည်တွင်းငြိမ်းချမ်းရေး အမှန်တကယ်တည်ဆောက်နိုင်မှသာ ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်မည်မှာ သေချာပါသည်။

ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှုများ

ဤအတွက် လွတ်လပ်ရေးလွန်ခေတ်ကာလတစ် လျှောက် အဆက်ဆက်သောအစိုးရများနှင့် လူထုလူတန်း စားနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလူမျိုးစုလက်နက် ကိုင်အဖွဲ့အစည်းများကြား အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ကြသည်မှာ မှန်ပါသည်။ သို့သော် ပင်လုံကတိ ကဝတ်များလည်း အကောင်အထည်မပေါ်ခဲ့၊ ဒီမိုကရေစီ နိုင်ငံရေးလည်း မဖြစ်ထွန်းခဲ့၊ အမျိုးသားညီညွတ်ရေးနှင့် အမျိုးသားတန်းတူရေးလည်း မရှိခဲ့၊ ပြည်တွင်းစစ်လည်း မရပ်စဲနိုင်ခဲ့၊ ပြည်တွင်းငြိမ်းချမ်းရေးလည်း မရနိုင်ခဲ့၊ ဒီမိုကရေစီပြည်ထာင်စုကြီးလည်း မပေါ်ထွန်းခဲ့သည်မှာ သမိုင်းဖြစ်စဉ်တွင် အထင်အရှားဖြစ်ပေသည်။

ယခုလည်း ၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အောက်တွင် ပေါ်ပေါက်လာသော စစ်တစ်ပိုင်းအစိုးရ၊ အရပ်သားတစ်ပိုင်းအစိုးရများ လက်ထက်တွင် ပြည်တွင်းစစ်ရပ်စဲရေး၏ ပဏာမခြေလှမ်းဖြစ်သည့် အပစ် အခတ် ရပ်စဲရေးကိုပင် ဖြစ်မြောက်အောင်အကောင် အထည်မဖော်နိုင်ဘဲ ပြည်တွင်းစစ်မီးက တငြီးငြီးတောက်လောင် လျှက်ရှိသည်။ ပထမပင်လုံကို  ပြန်လည် အကောင်အထည်ဖော်မည့်ဟန်နှင့် အသံပေးစင်တင်လာသော ဒုတိယပင်လုံ မှာလည်း တိုင်းရင်းသားလူမျိုးစုများ ၏ ရပိုင်ခွင့်များကို အာမခံဖို့မဆိုထားနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA နှင့်ပင် အချိန်ကုန်ကာ ဆန့်ငင်ဆန့်ငင်ဖြစ်နေပေပြီ။ မြန်မာ့လွတ်လပ်ရေး၏ ဖွားဖက်တော် ပြည်တွင်းစစ်ဒဏ်ခံ တိုင်းရင်းသားလူမျိုးစုံပြည်သူများ၏ ပြည်တွင်းငြိမ်းချမ်းရေးမျှော်လင့်ချက်များမှာလည်း လေလျှော့ခံထားရသည့် မိုးပျံပူဖောင်းပမာ တက်မည်မှမကြံသေး၊ အကျနှင့်သာရင်ဆိုင်နေရရှာလေသည်။

၂၀ဝ၈ အခြေခံဥပဒေအောက်မှ ပေါ်ပေါက်လာ သော ပြည်ထောင်စုလွှတ်တော်သည် အမျိုးသားညီညွတ်ရေး ရည်မှန်းချက်ဖြင့် တိုင်းရင်းသားလူမျိုးစုကာကွယ် ရေးဥပဒေတစ်ခုကို အတည်ပြုပြဋ္ဌာန်းပေးခဲ့ပြီး ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကို ဖွဲ့စည်းပေးခဲ့သည်။ ၂၀ဝ၈ အခြေခံဥပဒေကပေးထား သော တိုင်းရင်းသားလူမျိုးစုရပိုင်ခွင့် များရရှိရေးနှင့် တိုင်းရင်းသားလူမျိုးစုအားလုံးအတွက် တူညီမျှတသောနိုင်ငံ သားရပိုင်ခွင့်များရရှိရေး၊ တိုင်းရင်းသားလူမျိုးစုများကြား သွေးစည်းညီညွတ်မှု၊ အပြန်အလှန်ချစ်ကြည်လေးစားမှု၊ အပြန်အလှန်ကူညီမှု နှင့် စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ် အခြေခံပေါ်တွင် ထာဝရအတူတကွနေထိုင်ရေး၊ တိုင်းရင်းသားတို့၏ သမိုင်းအမွေအနှစ်၊ အမျိုးသားလက္ခဏာများ၊ ဓလေ့ထုံးစံ များ၊ ယဉ်ကျေးမှုအနုပညာ၊ စာပေ နှင့် ဘာသာစကား များအား ထိန်းသိမ်းဖွံ့ဖြိုးစေရေး၊ ဖွံ့ဖြိုးမှုနိမ့်ကျသော တိုင်းရင်းသားလူမျိုးစုများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပို့ဆောင်ဆက်သွယ်ရေး စသည်များအပါအဝင် လူမှုစီးပွားဖွံ့ဖြိုးမှုတိုးမြှင့်ပေးရေးဟူသော မူဝါဒ များချမှတ်ခဲ့သော်လည်း ထိုမူဝါဒများမှာ အလျှံငြီးငြီး ပြည်တွင်းစစ်မီးအောက်တွင် တကယ်တမ်းမပွင့်လန်း နိုင်ခဲ့ချေ။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပခဲ့သော တတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံ အတွင်း NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲပူးတွဲ ကော်မတီ UPDJC တွင်တင်ပြခဲ့သော တိုင်းရင်းသားလူနည်းစုရပိုင်ခွင့်နှင့် ကျား-မတန်းတူရေးဆွေးနွေးမည့် အစီ အစဉ်မှာ တပ်မတော်၏ ကန့်ကွက်ပယ်ချမှုကြောင့် တိုင်းရင်းသားလူနည်းစုရပိုင်ခွင့်ကို မဆွေးနွေးနိုင်ဘဲ ကျား-မ တန်းတူရေးကိုသာ ဆွေးနွေးခဲ့ရသည်။

သို့နှင့် ယနေ့မြန်မာနိုင်ငံမှာ ရှိပြီးသား ကချင်၊ ရှမ်း၊ မွန်၊ ကရင် ပြည်တွင်းစစ်မြေပြင်များတွင်သာမက  ရခိုင်စစ်မြေပြင်အထိပါ စစ်မီးက ကျယ်ပြန့်လာကာ တစ်ဖက်တွင်လည်း ရခိုင်ဒေသမွတ်ဆလင်များအရေး ကြောင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) သို့ပင် တက်ရောက်ဖြေရှင်းနေရလေသည်။

မြေယာပြဿနာနှင့် တိုင်းရင်းသားလူမျိုးစုရပိုင်ခွင့်

မြန်မာနိုင်ငံ၏ အဓိကပြဿနာမှာ ဒီမိုကရေစီနိုင်ငံရေးနှင့် တိုင်းရင်းသားလူမျိုးစုရပိုင်ခွင့် အာမခံချက် မရှိမှုကြောင့် ဖြစ်ပွားခဲ့ရသည့် ပြည်တွင်းစစ်ပြဿနာ ဖြစ်သကဲ့သို့ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ မြေယာကို အမှီပြုနေရသည့် တောင်သူလယ်သမားများ ဖြစ်သဖြင့် မြေယာပြဿနာမှာလည်း လူမျိုးစုံပြည်သူ များအတွက် အသက်တမျှအရေးကြီးသော ပြဿနာပင်ဖြစ်သည့်အပြင် ပြည်တွင်းစစ်နှင့်လည်း အပြန်အလှန်ဆိုးကျိုးပြုနေပေ သည်။

ပြည်တွင်းစစ်ကာလတစ်လျှောက် တိုင်းရင်းသား လူမျိုးစုလက်နက်ကိုင်များနှင့် ဖြစ်ပွားခဲ့သည့် နယ်မြေ ရှင်းလင်းစစ်ဆင်ရေးအတွင်း လက်လွှတ်ဆုံးရှုံးခဲ့ရသော တိုင်းရင်းသားတို့၏ မြေယာများမှာ စာရင်းဇယားအတိ အကျဖော်ပြရန်ခက်ခဲသည့် အခြေအနေတွင်ရှိခဲ့သည်။ တစ်ပါတီစစ်အာဏာရှင်စနစ်မှသည် ရှစ်လေးလုံးပြည် သူ့ဒီမိုကရေစီအရေးတော်ပုံနောက်ပိုင်း ပါတီစုံစစ်အာ ဏာရှင်စနစ်သို့ ကူးပြောင်းလာသည့်အချိန်တွင်မူ မြွေပူရာ ကင်းမှောင့်သည့်နှယ် တံခါးဖွင့်စီးပွားရေးအောက်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၊ ခရိုနီစီးပွားရေးသမားများ၏ မြေယာလုယက်သိမ်းယူမှုများမှာ အတောမသတ် ဖြစ်ပွားခဲ့လေသည်။ ပြည်တွင်းစစ်မီးမှ ကင်းကွာနေသော ပြည်မဒေသများတွင်ပါ ထိုထိုသောမြေယာ လုယက်သိမ်းယူမှုများကြောင့် မြေယာကိုအမှီပြု၍ လုပ်ကိုင်စား သောက်အသက်မွေးရသော တောင်သူလယ် သမားများမှာ မြေယာလက်လွတ်ဆုံးရှုံးမှုများ ကြုံတွေ့ခံစားနေကြရ သည်။ ငါ့ဝမ်းပူဆာမနေသာ၍ လက်လွတ်ဆုံးရှုံးမှုများခဲ့ရသော မိမိတို့ပိုင်လယ်ယာမြေများတွင် ဝင်ရောက် စိုက်ပျိုးလုပ်ကိုင်သူ လယ်ယာသမားများမှာ လက်ရှိအုပ်စိုးသူ အစိုးရမင်းများ၏ မြေယာပေါ်လစီနှင့်  မြေယာ ဥပဒေများအောက်တွင် ထောင်ကျတန်းကျ ဘဝပျက်၊ အသက်ဆုံးရှုံးမှုများနှင့်ပင် ရင်ဆိုင်နေရသည်။ ဤပြဿနာမှာ ယနေ့ခေတ်ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးပြဿနာတွင် ထပ်မံစူးဝင်လာသော ဆူးတစ်ချောင်း ပင်ဖြစ်ပေတော့သည်။

ထပ်မံစူးဝင်လာသော ဆူးတစ်ချောင်း (သို့မဟုတ်) မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေ

မြန်မာနိုင်ငံ၏ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေ   (Vacant, Fallow and Virgin Management Act-VFV) ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ သမ္မတဦးသိန်းစိန်၏ စစ်တစ်ပိုင်းအစိုးရက အကြီးစား ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ကျေးလက်ဒေသ များသို့ ပို့ဆောင်မည်ဆိုသည့် လုပ်ဆောင်ချက်အစိတ်အပိုင်း တစ်ခုအဖြစ် စတင်ပြဋ္ဌာန်းခဲ့ခြင်းပင်ဖြစ်သည်။

ထိုဥပဒေမှာ ဓားမဦးချလုပ်ကိုင်ခဲ့သော မြန်မာ့ တောင်သူလယ်သမားများနှင့် ရွှေ့ပြောင်းတောင်ယာ စနစ် အသုံးများသော တောင်ပေါ်ဒေသတိုင်းရင်းသား လူမျိုးစုတောင်သူလယ်သမားတို့၏ တည်ဆဲမြေယာ ပိုင်ဆိုင်မှုကို လုံးဝထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိဘဲအကြီးစား ရင်းနှီးမြှုပ်နှံသူများနှင့် ခရိုနီများအတွက် ဥပဒေအကာအကွယ်ဖြင့် မြေယာလုယက်သိမ်းယူခွင့်ကိုပေးအပ်သောဥပဒေဖြစ်သည်ဟု ဝေဖန်ထောက်ပြသူများက ဆိုသည်။

စင်စစ်တွင် မြေယာသိမ်းဆည်းမှုများမှာ မြန်မာ့ ကျေးလက်ဒေသအတွင်း စစ်အစိုးရလက်အောက် ၁၉၉၀ ပြည့်နှစ်များကပင် အနှံ့အပြားဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ စစ်အစိုးရက မြေသိမ်းခံတောင်သူလယ်သမားများအား လျော်ကြေးမဆိုသလောက်ပေး၍လည်းကောင်း၊ လုံးဝ မပေးဘဲလည်းကောင်း ဥပဒေမဲ့ အနိုင်အထက်သိမ်းယူခဲ့သော မြေယာများမှာ တရားဝင်စာရင်းဇယားအရပင် ဧကထောင်ပေါင်းရာနှင့် ချီရှိသည်ဟုဆိုသည်။ တက်ကြွလှုပ်ရှား သူများ၏ အဆိုအရမူ ဧကသန်းပေါင်းများစွာ ပင်ရှိသည်ဟု သိရသည်။ ထိုသို့သိမ်းယူရာ၌ ရိုးရာဓလေ့ထုံးတမ်း မြေယာဥပဒေများကို အသိအမှတ်ပြု ထည့်သွင်းစဉ်းစားခြင်း အလျဉ်းမရှိခဲ့ဟုဆိုသည်။

၂၀၁၅ ခုနှစ်တွင် လူထုဆန္ဒမဲအများစုဖြင့် တက် လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရက ထိုကဲ့သို့ သိမ်းဆည်းခံခဲ့ရသော မြေယာများမှ အသုံး မပြုဘဲ ကျန်ရှိနေသော မြေယာများကို မူလပိုင်ရှင် တောင်သူ လယ်သမားများထံ ပြန်လည်ပေးအပ်မည်ဟူသော ရွေးကောက်ပွဲကတိဖြင့် စိစစ်လုပ်ဆောင်မှုများ ပြုခဲ့သော်လည်း ထိုသိမ်းဆည်းခံမြေယာများထဲမှ မဆိုစလောက်သာ မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင် ခဲ့ပြီး အများစုမှာမူ ဥပဒေလက်တစ်လုံးခြားဖြင့် နီးစပ်ရာ လူလည်လူတတ် စီးပွားရေးသမားများလက်သို့ ရောက်ခဲ့ရသည်။

ထိုကာလအတွင်း မြေယာသိမ်းဆည်းခံတောင်သူ လယ်သမားများနှင့် မြေယာအရေးလှုပ်ရှားသူ လူပုဂ္ဂိုလ် အဖွဲ့အစည်းများ၏ ကျယ်လောင်သော မကျေနပ်သံများ ကြောင့် ထိုဥပဒေကို ပြင်ဆင်သည့် VFV ဥပဒေတစ်ရပ်ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်တွင် NLD အစိုးရက ထုတ်ပြန်ခဲ့သည်။ ဤတွင် နောက်လာသည့် မောင်ပုလဲ ဒိုင်းဝန်ထက်ကဲသည့် အဖြစ်မျိုးနှင့် မြေယာသမားတို့ ကြုံတွေ့ခံစားကြရလေတော့သည်။

မြန်မာနိုင်ငံတွင် ၂၀ဝ၈ အခြေခံဥပဒေအရ မြေ၊ ရေ၊ လေ ဟူသမျှကို နိုင်ငံတော်ကသာပိုင်ဆိုင်သည်ဟု ဆိုရာ လယ်ယာမြေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ များမှာ မြေယာပိုင်ဆိုင်ခွင့်မရှိဘဲ မြေယာလုပ်ပိုင်ခွင့်သာရှိပြီး ဘိုးဘွားစဉ်ဆက် ဓားမဦးချ ခုတ်ထွင်ရှင်းလင်း လုပ်ကိုင်သည့် မြေယာများမှာ အထက်ပါရိုးရာဓလေ့ ထုံးတမ်းဥပဒေ ကို အသိအမှတ်ပြုမခံရသည့်အပြင် တရားဝင် စာရင်းဝင်အင်းဝင်များလည်း မဟုတ်ကြသဖြင့် အစိုးရစာရင်းဇယား နှင့် မြေပုံများ၌ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအဖြစ်သာ သတ်မှတ်ခံထားရသည်။

VFV  ပြင်ဆင်မှုဥပဒေအရ မြေလွတ်၊ မြေလပ်၊ မြေရိုင်းအဖြစ် သတ်မှတ်ခံမြေယာများအားလုံးအတွက် သုံး စွဲလိုသူများအနေဖြင့် အစိုးရဌာနများဖြင့် ဖွဲ့စည်းထားသော မြေယာစီမံခန့်ခွဲရေးကော်မတီထံသို့ ၆ လအတွင်း (၂၀၁၉ ခုနှစ်၊ မတ်လအထိ) မြေယာအသုံးပြုခွင့် လျှောက်ထားရမည်ဖြစ်သည်။ ထိုသို့မပြုလုပ်ပါက မြေယာ ကျူးကျော်မှုဖြင့် အရေးယူခံရမည်ဖြစ်ရာ တောင် သူလယ်သမားတို့မှာ အလိုလိုနေရင်း လယ်သမားဘဝမှ ကျူးကျော် သူဘဝသို့ ကျရောက်သွားရပေသည်။

မြန်မာနိုင်ငံတွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းအဖြစ်  အစိုးရက ခွဲခြားသတ်မှတ်ထားသော မြေဧကပေါင်း သန်း ၅၀ ရှိရာ VFV  ဥပဒေပြင်ဆင်ချက်မတိုင်မီက ကျူးကျော်သူအဖြစ် စွပ်စွဲခံလယ်သမားများမှာ မြေယာ လုပ်ပိုင် ခွင့်ဆုံးရှုံးရုံသာရှိခဲ့သော်လည်း ပြင်ဆင်ချက် နောက်ပိုင်း မြေယာအသုံးပြုခွင့် မလျှောက်ထားဘဲ လုပ်ကိုင်စား သောက်သူ တောင်သူလယ်သမားများမှာ ထိုမြေယာအား အသုံးပြုရန် မဆိုထားနှင့် ထိုမြေယာပေါ်မှ ဖြတ်လျှောက် သွားလျှင်ပင် ကျူးကျော်သူအဖြစ် တရားစွဲဆိုခံရမည်ဖြစ်သည်။

စင်စစ်ထိုမြေယာအသုံးပြုခွင့်မှာ အကြီးစားစီးပွား ဖြစ်လုပ်ကိုင်သူများအတွက် အဓိကရည်စူးရေးဆွဲပြဋ္ဌာန်း ခဲခြင်းဖြစ်ရာ တစ်ဝမ်းတစ်ခါးလုပ်ကိုင်စားသောက်သူများနှင့် ဝေးလံခေါင်ဖျား တိုင်းရင်းသားလူမျိုးစုဒေသ တောင်သူလယ်သမားများမှ ထိုဥပဒေနှင့်ပတ်သက်၍ ဆက်စပ်မှုမရှိ၊ ပညာပေးမှုမရှိသဖြင့် သိပင်မသိလိုက်ဘဲ ကျူးကျော်သူများဘဝသို့ နေ့ချင်းညချင်းကျရောက်ရပေတော့သည်။

မြေယာဥပဒေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

ဤ ၂၀၁၈ မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲမှု  ဥပဒေ၏ ဂယက်ရိုက်မှုမှာ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အပေါ် အထူးသဖြင့် သက်ရောက်နိုင်သည်။ ဒုတိယ ပင်လုံဟုဆိုသော ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံမှာ လိပ်ခဲတည်းလည်းနှင့် ရှေ့မတိုးသာ၊ နောက်မဆုတ် သာအခြေအနေမှ ယခု ၂၀၂၀ ခုနှစ်အတွင်း ပြန်လည် စတင် မည်ဟူသော အသံများကြားနေရသည်။ ဤသို့ NLD  အစိုးရသက်တမ်းကာလ နောက်ဆုံးနှစ်သို့ရောက်ရှိပြီး နောက်တစ်ကြိမ်ရွေးကောက်ပွဲဝင်ရမည့် အချိန်မျိုးတွင် ဤဥပဒေ၏ ဆိုးကျိုးသက်ရောက်မှုများကို လျှော့ပေါ့ တွက်ဆထားရန်မသင့်ဟု မြင်ပါသည်။ ဤဥပဒေက တိုင်းရင်းသားလူမျိုးစုတို့၏ ရပိုင်ခွင့်ကို အထောက်အကူမပေး သည့်ပြင် ထိုရပိုင်ခွင့်များထဲမှ တိုင်းရင်းသား တို့၏ မြေယာပိုင်ဆိုင်ခွင့်ကို အသိအမှတ် မပြုရုံမျှမက အသုံးချခွင့်ကိုပါ ဆုံးရှုံးစေမည်ဖြစ်ရာ လူမျိုးစုံတိုင်းရင်း သား ပြည်သူများကြား ဘဝနှင့်အသက်နှင့်ရင်း၍နောက်ထပ်တွေ့ကြုံခံစားရ မည့် ဒုက္ခများဖြင့် ဘူးလေးရာ ဖရုံ ဆင့်ဖြစ်မည်ကို စိုးရိမ်ရပါသည်။ ပြည်တွင်းစစ်ကြောင့် ပေါ်ပေါက်လာရသော စစ်ဘေးဒုက္ခသည် သန်းချီအရေအတွက်မှာ နိုင်ငံအတွက်ခံနိုင်သည်ထက်ပိုသော ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေစဉ်တွင် နောက်ထပ်တိုးပွားလာနိုင်သည့် IDP   အရေအတွက်မှာ နည်းမည်ပင်ဆိုဦး တော့၊ နိုင်ငံ့ဝန်ထုတ်ဝန်ပိုးအပေါ် ထပ်ဆင့်ကျရောက်လာမည့် ကောက်ရိုးတစ်မျှင်ဖြစ်မည်ဟု သေချာပါ သည်။

ဤသို့သော အခြေအနေတွင် နိုင်ငံအတွက် အသက် တမျှအရေးကြီးသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အားထိ ပါးလာနိုင်သည့်အရေးလည်းဖြစ်၍ အထူးပင်ဂရုထား လုပ်ကိုင်ရမည့် အချိန်အခါဖြစ်ပါကြောင်း သတိပေး ခေါင်း လောင်းထိုးလိုက်ရပါသည်။

လူသာလင်း

Ref:

  1. Declaration on the Rights of Person Belonging to National or Ethnic, Religious and Linguistic     Minorities, UNGA.
  2. Declaratiion on the Rights of indegenous People,Wikipedia.
  3. “A Declaration of war on us”: The 2018 VFU Law Amendment and its impact on Ethnic

    Nationalities, Tramsnational Imstitute.

  1. Why a Land Law change is sperking fears of mass evictions, Ben Dumant, Frontier.
  2. Myanmar, Land ownership Law could displace

    millions of Farmers. Deutsche Welle.

  1. Myanmar’s Land Law is a ticking time bomb, The Myanmar Times.
  2. Tamadaw Objects to Discussion of Ethinic Rights of Peace Conference, The Irrawaddy.

8.Ministry of Ethnic Affairs, Myanmar National Portal.

Please follow and like us:
0