ရဲ၊ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရဲ (Poilce)

ရဲJ (Police) ဆိုသည်မှာ လူ့အဖွဲ့အစည်းတွင်း ဥပဒေ စိုးမိုးရေး၊ နိုင်ငံသားများ၏ အသက်အိုးအိမ်စည်း စိမ်နှင့်လွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်ရေး၊ ရာဇဝတ်ပြစ်မှုနှင့် ပြည်သူတွင်း မငြိမ်မသက်ဖြစ်မှုများအား တား ဆီးကာကွယ်ရေးတာဝန်များ ထမ်းရွက်ရန်အတွက် နိုင်ငံတော်တစ်ရပ်က အာဏာပေးအပ်ထားသော လူပုဂ္ဂိုလ်အစုအစည်းဖြစ်သည်။ ယင်းတို့အား တရားဝင်ပေးအပ်ထားသော လုပ်ပိုင်ခွင့်အာဏာများတွင်ဖမ်းဆီး ချုပ်နှောင်ခွင့်ဥပဒေနှင့်အညီ အင်အားအသုံးပြုခွင့်များလည်း ပါဝင်သည်။

ရဲတပ်ဖွဲ့(Police Force)

အထက်ပါလူပုဂ္ဂိုလ် အစုအစည်းများအား တပ်ဖွဲ့ပုံစံဖွဲ့စည်းတည်ဆောက်ထားသည်ကို ရဲတပ်ဖွဲ့(Police Force) ဟု ခေါ်ဝေါ်သည်။ သို့သော် ထိုရဲတပ်ဖွဲ့များကို နိုင်ငံရပ်ခြားမှ ကျူးကျော်သူများအား ခုခံတိုက်ခိုက်မည့် နိုင်ငံတော်ကာကွယ်ရေးယန္တရားတွင် ပါဝင်ပတ်သတ် သော အခြားအဖွဲ့အစည်းများနှင့် စစ်တပ်တို့မှ သီးခြား အဓိပ္ပာယ်ဖွင့်ဆိုသတ်မှတ်ထားသည်။ ပြည်သူ့ကဏ္ဍ ဝန်ဆောင်မှုအဖွဲ့အစည်းများဖြစ်၍ ပြည်သူလူထုထံမှ ကောက်ခံရရှိသော အခွန်ငွေများဖြင့် ရန်ပုံငွေထောက်ပံ့ ပေးထားသည်။

ရဲ၏ မူလအစ

ရဲ (Police) ဟူသော ဝေါဟာရ၏ ရင်းမြစ်မှာ ဂရိဘာသာစကား ‘မြို့ပြ (Police)  ဖြစ်သည်။ ထိုမှ တစ်ဆင့် ‘နိုင်ငံသားပြစ်မှု၊ အုပ်ချုပ်ရေး၊ အရပ်ဘက်အစိုးရပုံစံ’ ဟူသည့်အဓိပ္ပာယ်များ သက်ဝင်သော ဂရိဝေါ ဟာရ Politeria  ဖြစ်ပေါ်လာသည်။ ယင်းကို လက်တင်ဘာသာဖြင့်  Politia ဟုခေါ်ဝေါ်ပြီး ယင်းမှတစ်ဖန် ‘ပြည်သူ့ငြိမ်ဝပ်ပိပြားရေး၊ အုပ်ချုပ်ရေး၊ အစိုးရ’ဟု အဓိပ္ပာယ်ရသည့် ပြင်သစ်အလယ်ပိုင်းစကား Police ဖြစ်လာ ကာ ၁၅ ရာစုအစောပိုင်းကာလတွင် ‘(ပြည်သူ့)မူဝါဒ၊ နိုင်ငံတော်၊ ပြည်သူ့ငြိမ်ဝပ်ပိပြားမှု’ စသဖြင့် အဓိပ္ပာယ်ကျယ်ပြန့်သည့် အင်္ဂလိပ်ဝေါဟာရ Police ဟူ၍ ပထမဆုံးအတည်ပြု သုံးစွဲခဲ့ခြင်းဖြစ်သည်။

ပထမဆုံး ဗဟိုမှချုပ်ကိုင်ဖွဲ့စည်းသည့် ရဲတပ်ဖွဲ့ကို ပြင်သစ်ဘုရင် လူဝီ ၁၄၏ အစိုးရအဖွဲ့က ထိုစဉ် ကာလ ဥရောပတွင် အကြီးဆုံးမြို့ဖြစ်သည့် ပါရီမြို့အား ထိန်း သိမ်းစောင့်ရှောက်ရန်အတွက် ၁၆၆၇ ခုနှစ်တွင် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ၁၆၉၉ ခုနှစ်တွင် ဘုရင့်အမိန့်ပြန်တမ်း ဖြင့် ပါရီရဲတပ်ဖွဲ့ကို ကျန်ပြင်သစ်မြို့ကြီး မြို့ငယ်များအားလုံးသို့ တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ပြင်သစ်တော်လှန်ရေးအပြီး ၁၈၀ဝ ပြည့်နှစ်တွင် ပါရီနှင့် လူဦးရေ ၅၀ဝ၀ အထက် နေထိုင်သည့် အခြားမြို့များတွင် ဘုရင်နပိုလီယံ (၁)က ရဲတပ်ဖွဲ့စီရင်စုများအဖြစ် ပြန်လည် ဖွဲ့စည်းခဲ့သည်။ ၁၈၂၉ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် အစိုးရ အမိန့်ဒီဂရီဖြင့် ပြင်သစ်တွင် ပထမဆုံးယူနီဖောင်း ဝတ် ရဲအဖွဲ့ကို ဖန်တီးခဲ့ရာ ကမ္ဘာ့ပထမဆုံး ယူနီဖောင်းဝတ် ရဲများဖြစ်သည်ဟု အဆိုရှိပါသည်။

ခေတ်သစ် ရဲအမျိုးအစားများ

ယူနီဖောင်းဝတ်ရဲ (Uniformed Police)

ရဲတပ်ဖွဲ့ဝင်များ၏ အများစုဖြစ်ပြီး အဓိကတာဝန်မှာအရေးပေါ် ဖုန်းခေါ်ဆိုမှုများအား တုံ့ပြန်ဖြေကြား ဆောင်ရွက်ပေးခြင်းနှင့် ကင်းလှည့်စောင့်ကြပ်ခြင်းကဲ့ သို့သော ရာဇဝတ်မှုကာကွယ်ရေးလုပ်ငန်းများဖြစ်သည်။ လမ်းပန်းဆက်သွယ်မှု ထိန်းသိမ်းစီမံခန့်ခွဲ့ရေး၊ ရပ်ရွာ ကာကွယ်စောင့်ရှောက်ရေး၊ လူထုစုဝေးရာနေရာများ တွင် ငြိမ်ဝပ်ပိပြားရေး၊ လူပျောက်ရှာဖွေရေးစသည့် လုပ်ငန်း တာဝန်များကိုလည်း ၂၄ နာရီလုံး ရက်သတ္တပတ် ပြည့်ထမ်းဆောင်ကြရပြီး အရေးပေါ်လျှင်ပေါ်သလို လျှင်မြန် သွက်လက်စွာ လှုပ်ရှားဆောင်ရွက်ကြရသည်။

ရဲစုံထောက်များ

ရဲစုံထောက်များကား ယူနီဖောင်းဝတ်ရဲများနှင့်မတူ တမူထူးခြားစွာ စီးပွားရေးလုပ်ငန်းရှင် အဝတ် အစားများနှင့် အခြားအရပ်ဝတ်အမျိုးမျိုးကို ဝတ်ဆင်ရကာ စုံစမ်းထောက်လှမ်းရေးရဲ၊ တရားစီရင်ရေးရဲနှင့် ရာဇဝတ်မှုခင်း ရဲများဟုလည်း ခေါ်နိုင်သည်။ ယင်းတို့၏ ရာဇဝတ်မှု စုံစမ်းထောက်လှမ်းရေးဌာနနှင့် (စီအိုင်ဒီ)ကို အစွဲပြု၍လည်း စီအိုင်ဒီရဲများဟု ခေါ်ဝေါ်တတ်ကြသည်။ ယင်း တို့မှာရဲတပ်ဖွဲ့ဝင်များ၏ ၁၅ ရာခိုင်နှုန်းအထိ ရှိကြသည်။ အချို့အမှုအခင်းများတွင် ရာဇဝတ်မှုများ(အထူးသဖြင့် အုပ်စုဖွဲ့စည်းကျူးလွန်သော ရာဇဝတ်မှုများနှင့်မူးယစ် ဆေးဝါးပြစ်မှုများ)အား စုံစမ်းထောက်လှမ်းရန် ယင်းတို့ ၏ ရဲအသွင်ကို ဖုံးကွယ်ထားကြရန် သာမန်လူထုနှင့် ရောနှောကာ ကိုယ်ရောင်ဖျောက်ထားကြလေ့ရှိသည်။ အချို့အမှုကိစ္စများတွင် သူလျှိုလုပ်ငန်းအမျိုးအစားများ ကိုပါ လုပ်ဆောင်ကြရသည်။ ရဲစုံထောက်အများစုမှာ ယူနီဖောင်းဝတ်ရဲများထဲမှ စုဆောင်းရယူခြင်းဖြစ်ပြီး ပုံမှန်ရဲစုံထောက်များက ပုံမှန်ယူနီဖောင်းဝတ်ရဲများထက် ရာထူးအဆင့်အတန်း ပိုမိုမြင့်မားလေ့ ရှိကြသည်။

စေတနာ့ဝန်ထမ်းရဲများနှင့်အရန်ရဲ

ရဲလုပ်ငန်းများတွင် အချိန်ပိုင်း သို့မဟုတ် စေတနာ့ ဝန်ထမ်းများလည်းပါဝင်၍ ယင်းတို့ထဲမှ အချို့မှာ ရဲ လုပ်ငန်းအပြင် အခြားအလုပ်များကိုပါ လုပ်ကိုင်ကြ သည်။ အများအပြားမှာ ရဲများနှင့်တွဲ၍ ရဲလုပ်ငန်းများ ဆောင်ရွက်ကြပြီး အချို့မှာ အခကြေးငွေရကြကာ အချို့ မှာမူ လုံးလုံးလျားလျား စေတနာ့ဝန်ထမ်းများဖြစ်ကြ သည်။

အထူးရဲများ

အချို့သော အထူးကိစ္စရပ်များအား ကိုင်တွယ် ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာနယ်ပယ်အလိုက် အထူးကျွမ်းကျင်သူများ ဖြစ်သည်။ ဥပမာ ရေအောက် ရှာဖွေရေး၊ လေကြောင်းပျံသန်းရေး၊ ဖောက်ခွဲရေးကိရိ ယာများ ဖြုတ်သိမ်းရေးနှင့် ကွန်ပျူတာရာဇဝတ်မှုတို့ တွင် အထူးရဲများကို တာဝန်ပေး ဆောင်ရွက်စေသည်။ အချို့မှာ လူသတ်မှု၊ လိမ်လည်မှု၊ ယာဉ်လမ်းကြောင်း ဥပဒေများအတွက်အသုံးပြုသည်။ (ဥပမာ-ယာဉ်ထိန်း ရဲ)

အချို့ရဲများကို ရွေးချယ်ခေါ်ယူ၍ အထူးလေ့ကျင့် ပေးကာ ခြေမြန်တပ်ကဲ့သို့ လက်နက်ကိရိယာဆင်ပြီး စစ်ရဲပုံစံကင်းလှည့်စောင့်ကြပ်မှုများ၊ ခြုံခိုတိုက်ခိုက်မှု များနှင့်အန္တရာယ်ထူပြောရာ နေရာဒေသများတွင် တာဝန် ချထားသည်။ ယင်းတို့ကို စစ်မြေပြင်ရဲတပ်ဖွဲ့များအဖြစ် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်သည်။ (ဥပမာ-နယ် ခြားစောင့်ရဲစသည့်..)

အုပ်ချုပ်ရေးတာဝန်ကျ ရဲများ

တရားဥပဒေစိုးမိုးရေးနှင့် တိုက်ရိုက်မသက်ဆိုင်သော အုပ်ချုပ်ရေးတာဝန်များ ထမ်းဆောင်ရန် ဖွဲ့စည်း ပေးထားသော ရဲများဖြစ်သည်။

စစ်ရဲ

လက်နက်ကိုင်တပ်ဖွဲ့များအတွက်ရော အရပ်ဘက်လူမှုအဖွဲ့အစည်းအတွင်းမှာပါ ရဲလုပ်ငန်းများ လုပ်ဆောင်ရန်တာဝန်ပေးထားသည့် စစ်ဖက်ဆိုင်ရာရဲများဖြစ်သည်။

ဘာသာရေးရဲများ

အချို့သော အစ္စလာမ္မစ်လူ့အဖွဲ့အစည်းများတွင် ဘာ သာရေးရဲများဖွဲ့စည်းထားရှိပြီး အစ္စလာမ်ရှရီယာ ဥပဒေအသုံးပြုရေးကို အားဖြည့်ပေးထားသည်။ ယင်းတို့၏ လုပ်ပိုင်ခွင့်များတွင် ဆွေမျိုးတော်စပ်သော ယော ကျာ်းမိန်းမများအကြား လူမှုရေးရှုပ်ထွေးသူများ၊ လိင်တူဆက်ဆံမှု သို့မဟုတ် ပြည့်တန်ဆာလုပ်ငန်းတွင် ပါဝင်ပတ်သတ်သူများအား ဖမ်းဆီးပိုင်ခွင့်မှသည် အစ္စလာမ်ဝတ်စားဆင်ယင်မှု၊ ဥပဒေစိုးမိုးရေးနှင့် အစ္စလာမ် ဝတ်ပြုဆုတောင်းချိန်အတွင်း စည်းကမ်းကြပ်မတ်မှုများအထိ ပါဝင်သည်။

နိုင်ငံတကာရဲများ

ကမ္ဘာ့နိုင်ငံအများစုမှာ နိုင်ငံတကာ ရာဇဝတ်မှုဆိုင် ရာရဲအဖွဲ့(အင်တာပို) အဖွဲ့ဝင်များဖြစ်ကြပြီး ထိုအဖွဲ့ မှာ နိုင်ငံတကာရာဇဝတ်မှုများစုံစမ်းဖော်ထုတ်တိုက်ဖျက်ရန် နိုင်ငံခြားသားများသေဆုံးမှုတွင်ဆွေမျိုးတော်စပ် သူများအား အသိပေးအကြောင်းကြားခြင်းကဲ့သို့သော အခြားရဲလုပ်ငန်းဆိုင်ရာ ကိစ္စများအတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိနှိုင်းဆွေးနွေးမှုတို့ကို ပံ့ပိုး ပေးရန်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အင်တာပိုအနေ ဖြင့် ယင်းကိုယ်တိုင် စုံစမ်းစစ်ဆေးခြင်းများ သို့မဟုတ် ဖမ်း ဆီးအရေးယူခြင်းများ မလုပ်ဆောင်ဘဲ ရာဇဝတ်မှု၊ သံသ ယဖြစ်သူများ၊ ရာဇဝတ်မှုကျူးလွန်သူများနှင့်ပတ်သတ်သည့် သတင်းအချက်အလက်ပံ့ပိုးပေးရာ ဗဟိုအချက်အချာနေရာတစ်ခုအဖြစ်သာ ဆောင်ရွက်သည်။ နိုင်ငံရေး ပြစ်မှုများကိုမူ ယင်း၏ စွမ်းဆောင် နိုင်မှုမှပယ်ထုတ်ထားသည်။

နိုင်ငံတကာ ရဲလုပ်ငန်းဆောင်ရွက်ခြင်း၊ နိုင်ငံဖြတ် ကျော် ရဲလုပ်ငန်းဆောင်ရွက်ခြင်းနှင့် ကမ္ဘာလုံးရဲ လုပ်ငန်းဆောင်ရွက်ခြင်းဟူသည့် ဝေါဟာရအသုံးအနှုန်းမှာ ၁၉၉၀ ပြည့်နှစ်များ စောစောပိုင်းကာလမှ စတင် သုံးစွဲခဲ့ပြီး အချုပ်အခြာအာဏာပိုင် အမျိုးသားနိုင်ငံများ၏ နယ်နိ မိတ်ကိုကျော်လွန်၍ ရဲလုပ်ငန်းဆောင်ရွက် ခြင်း ပုံသဏ္ဍာန်များအား ဖော်ပြရန်ဖြစ်သည်။ ယင်းလုပ်ငန်းတွင် ပြုမူ လုပ်ဆောင်မှု အမျိုးမျိုး အထွေထွေ ပါဝင်သော်လည်း နိုင်ငံတကာရဲလုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း၊ မတူခြားနားသော အမျိုးသားနိုင်ငံများ အတွင်း အလုပ်လုပ် နေကြသော ရဲဌာနများအကြား ရာဇဝတ်မှုခင်းဆိုင်ရာ အသိအမြင်ဖလှယ်ခြင်းနှင့်အား နည်းသော၊ ကျရှုံးသို့မ ဟုတ် ကျရှုံးလုဆဲနိုင်ငံများအတွက် ရဲလုပ်ငန်းဖွံ့ဖြိုးရေး အကူအညီပေးခြင်း အမျိုး အစားသုံးခုကသာ ပညာရှင်များ၏ အများဆုံးအာရုံစိုက်မှုကို ရရှိခဲ့သည်။

ရဲတပ်ဖွဲ့အမျိုးအစားများ၊ ဖွဲ့စည်းတည်ဆောက်ပုံ နှင့် လုပ်ငန်းတာဝန်များမှာ ယေဘုယျအားဖြင့် တူညီမှု ရှိကြသော်လည်း နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ရေမြေ သဘာဝ ဖြတ်သန်းမှုသမိုင်းနောက်ခံ၊ နိုင်ငံရေးစီးပွားရေး အခြေအနေများအလိုက် ကွဲပြားမှုများလည်း ရှိကြသည်။

ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး (Police Reform)

ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးသည် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး(Security Sector Reform-SSR)  လုပ်ငန်းစဉ်နှင့် တစ်ဆက်တစ်စပ်တည်းရှိသော လုပ်ငန်းတစ်ရပ်ပင်ဖြစ်သည်။ ယင်း၏ရည်ရွယ်ချက်မှာ ရဲတပ်ဖွဲ့ အနေဖြင့် ဒီမိုကရက်တစ်တန်ဖိုးများ၊ လူ့ရပိုင်ခွင့်နှင့်တရား ဥပဒေစိုးမိုးရေးလုပ်ငန်းတာဝန်များကို ဆောင် ရွက်နိုင်စေရန် ရဲအဖွဲ့၏ တန်ဖိုး၊ ယဉ်ကျေးမှု၊ မူဝါဒနှင့်လုပ်နည်း လုပ်ဟန်များကို ပြောင်းလဲပစ်ရေး ပင်ဖြစ်သည်။ ဤ ပြုပြင်ပြောင်းလဲမှုများရှိမှသာ ဒီမိုကရက်တစ်ရဲလုပ်ငန်း၏ပညာသည် ပီသသည့် ပုံပန်း သဏ္ဌာန်ဟန်ပန်ကို ရရှိ နိုင်ပေမည်။ သို့မှသာ ကျင့်ဝတ်သိက္ခာရှိသော၊ တာဝန် ယူမှုတာဝန်ခံမှုရှိသော၊ လူထု ယုံကြည်မှုရသော ရဲတပ်ဖွဲ့များဖြစ်လာပေလိမ့်မည်။

ဒီမိုကရက်တစ် ရဲလုပ်ငန်း၏ ပညာသည်ပီသသော လုပ်ဟန်များမှာ လုံခြုံရေးကိစ္စဆောင်ရွက်ရာတွင် ပြည်သူလူထုဗဟိုပြုသည့် နည်းလမ်းကျင့်သုံးခြင်း၊ သက် ဆိုင်ရာနိုင်ငံနှင့် နိုင်ငံတကာဥပဒေများနှင့်လျော်ညီစွာ လူ့ရပိုင်ခွင့်ကို ကာကွယ်စောင့်ရှောက်ခြင်း၊ လိင်၊ အသက်အရွယ်၊ လူတန်းစား၊ မျိုးနွယ် သို့မဟုတ် အခြား လက္ခဏာရပ်များ သို့မဟုတ် အသင်းအဖွဲ့စသည့် အချက်အလက်များကို ပဓာနမထားဘဲ ပြည်သူပြည်သား အားလုံး၏ မတူခြားနားသော လုံခြုံရေးလိုအပ်ချက်များ အား တုံ့ပြန်ဖြည့်ဆည်းပေးခြင်း၊ ပြည်သူပြည်သား အားလုံး၊ အထူးသဖြင့် အရေးပေါ်အကူအညီလိုအပ်နေသော လူမှုအသိုက်အဝန်းဝင်များအား အထောက်အကူ ပေးခြင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် မြင့်မားသော တာဝန်ယူတာဝန်ခံမှုအဆင့်ကို ထိန်းသိမ်းထားခြင်း၊ ရဲများအပေါ် ဒီမိုကရေစီနည်းကျ ထိန်းချုပ်မှုနှင့်ကြီးကြပ်မှုတွင် ထိရောက်သောစနစ်တစ်ရပ်ကို ထူထောင်ပေး ထားခြင်းနှင့်စွမ်းရည်ပြည့်ဝ၍ ထိရောက်မှုရှိသော လူထုဝန်ဆောင်မှုတစ်ရပ်ကို တည်ဆောက်ထားခြင်းတို့ဖြစ် သည်။

ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး၏ အခြားရည်ရွယ် ချက်မှာ တရားရုံးများ၊ စာရိတ္တပြုပြင်ရေးဌာနများ(အ ကျဉ်းဦးစီးဌာန)၊ အုပ်ချုပ်ရေး၊ ပါလီမန်(လွှတ်တော်) သို့မဟုတ် တာဝန်ရှိမှုများအပေါ် စီမံခန့်ခွဲကြီးကြပ်ရသည့် လွတ်လပ်အမှီခိုကင်းသည့် အာဏာပိုင်များကဲ့သို့သော လုံခြုံရေးကဏ္ဍ၏ အခြားအစိတ်အပိုင်းများနှင့် ရဲတပ် ဖွဲ့တို့ အပြန်အလှန်ဆက်ဆံမှုကို တိုးတက်ကောင်းမွန်စေရန်ဖြစ်သည်။

သို့တစေ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးအတွက် ပုံသေကားချပ်တစ်ခုတည်းသော ပုံစံကား မရှိချေ။ ပြု ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တိုင်းမှာ ကိုယ်ပိုင်သီးခြား အဆက်အစပ်များရှိကြရာ ယင်းတို့ကို ထင်ဟပ်လုပ် ဆောင်ရန်သာဖြစ်ပေသည်။ သို့သော် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးတစ်ရပ်တွင် ရဲတပ်ဖွဲ့ပြုပြင်ပြောင်း လဲရေး ကြိုးပမ်းမှုအားလုံးအတွက် ဘုံသဘောဆောင် သည့် အဓိကပန်းတိုင်နှစ်ခုရှိပါသည်။ ယင်းတို့မှာ (၁) ရဲတပ်ဖွဲ့စွမ်းဆောင်ရည်နှင့် ထိရောက်မှု တိုးတက်စေရေး နှင့် (၂)ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာနှင့်တာဝန်ယူ တာဝန် ခံမှု တိုးတက်စေရေးတို့ပင်ဖြစ်သည်။

အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရေးနှင့် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး

ရဲတပ်ဖွဲ့အကျင့်ပျက်ခြစားမှုအား ကိုင်တွယ်ဖြေရှင်း ရေးမှာ တရားဥပဒေစိုးမိုးမှုကို ထိန်းသိမ်းထားရန်၊ နိုင်ငံတော်၏ တရားဝင်ဖြစ်မှုကို အထောက်အကူပြုရန်နှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် လူထုယုံ ကြည်မှုကို ရယူရန်အတွက် အဓိကကျသော အချက်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးအရာရှိများအား ယုံကြည် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာမှာ အလွယ်တကူ ကြိုးကိုင်ချယ်လှယ်အသုံးချနိုင်ရကား နိုင်ငံတွင်း လုံခြုံမှုကို ပိုမိုချည့်နဲ့အားနည်းစေနိုင်သော ရဲတပ်ဖွဲ့အကျင့် ပျက်ခြစားမှုနှင့် လူ့ရပိုင်ခွင့်ဖောက်ဖျက်ကျူးလွန်မှု တို့အကြားတွင် ဆက်နွှယ်မှုများစွာ ရှိနေပေသည်။ ရဲတပ်ဖွဲ့အကျင့်ပျက်ခြစားမှုမှာ နည်းလမ်းမျိုးစုံဖြင့် ဖော်ပြ တတ်ပေရာ ထိုနည်းလမ်းအားလုံးအတွက် မတူ ခြားနားသော အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရေးပုံစံ များလည်း လိုအပ်ပေသည်။ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး မဟာဗျူဟာများ အောင်အောင်မြင်မြင်၊ ကျယ်ကျယ်ပြန့်ပြန့်၊ ပြည့်ပြည့်စုံစုံဖြစ်စေရန်အတွက် ယင်းတို့ကို ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ တည် ဆောက်မှု၏ ကျယ်ပြန့်သော မူဘောင်အတွင်း စွဲခိုင်နေစေရန်လိုအပ်ကြောင်း၊ အတွေ့အကြုံများက ပြဆိုနေပါ သည်။ ဤကဲ့သို့သော မဟာဗျူဟာများက အကျင့်ပျက်ခြစားနေသော အလေ့အထများကို ကိုင်တွယ်ရာတွင် ကုန်ကျ စရိတ်မြင့်မားစေသည့် အပြစ်ပေးအရေးယူရေး နည်းလမ်းများနှင့်အတူ အကျင့်ပျက်ခြစားမှုအတွက် မက်လုံး များကိုလျှော့ချရန် ရည်ရွယ်လုပ်ဆောင်သည့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများအား ပေါင်းစပ် ပေးလေ့ရှိပေသည်။ အဓိကဆုံချက်မှာ အာဏာသက်ရောက်မှုနှင့် အင်စတီ ကျူးရှင်းအပြောင်းအလဲ ပြဿနာ များပေါ်တွင် သာမက လူထုပညာရေးနှင့် လူထုပူးပေါင်းပါဝင်မှုတို့ အပေါ်တွင်လည်းတည်မှီနေပေသည်။

ရပ်ရွာလူမှုအသိုင်းအဝိုင်းအခြေပြုရဲလုပ်ငန်းနှင့် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး

ရပ်ရွာလူမှုအသိုင်းအဝိုင်းအခြေပြုရဲလုပ်ငန်း  (Community Policing) မှာ နိုင်ငံတကာ ရဲတပ်ဖွဲ့ပြုပြင် ပြောင်းလဲရေးအတွက် အရေးပါသောနည်းလမ်းတစ်ခုဖြစ်လာသည်။ ယင်းနည်းလမ်းမှာ လူမှုအသိုင်းအဝိုင်း များအတွင်း ရာဇဝတ်မှုများ ဖြစ်ပွားမှုအပေါ်လူထု၏ စိုးရိမ်ကြောက်ရွံ့မှုကို လျှော့ချရန်နှင့် ရဲနှင့်နိုင်ငံသားများ အကြား မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ပေးခြင်းအားဖြင့် ရဲတပ်ဖွဲ့နှင့်ယင်းတို့ ဝန်ဆောင်မှုပေး နေရသော လူမှုအသိုင်းအဝိုင်းများကြား အပြန်အလှန်မယုံကြည်မှုကိုကျော်လွှားရန်ဖြစ်ရာ ကောင်းမွန်သော လုံခြုံရေးကဏ္ဍအုပ်ချုပ်မှုမူဝါဒများနှင့် ရဲတပ်ဖွဲ့များအကြား ဟန်ချက်ညီစေရန် အကောင်းဆုံး နည်းလမ်း ဖြစ်ပေသည်။ သို့သော် ထိုနည်းလမ်းကို လစ်ဘရယ်ဒီမိုကရက်တစ် လူမှုအဖွဲ့အစည်းများတွင်သာ အထူးသဖြင့် တိုးမြှင့်ဆောင်ရွက်နိုင်သည်ကို တွေ့ရသည်။

ကမ္ဘာ့နိုင်ငံများရှိ မြို့ရွာများတွင် မှီတင်းနေထိုင်ကြ သောဒေသခံပြည်သူလူထုတို့က တရားဥပဒေစိုးမိုး ရေးဌာနများနှင့် ရဲတပ်ဖွဲ့ခေါင်းဆောင်များအား ဂုဏ်သိက္ခာ နှင့်ညီစေရန် မျှော်လင့်တောင်းဆိုကြသည်။ သို့တစေ ရေဒီယို၊ ရုပ်သံထုတ်လွှင့်ချက်များတွင် မကြာခဏ ကြားရမြင်ရပြီး ဆိုရှယ်မီဒီယာပေါ်ရှိ မိုဘိုင်း ပစ္စည်းကိရိယာများမှ လက်ငင်းချက်ချင်းဝေမျှသိရှိရသော ရဲတပ်ဖွဲ့၏ မတော်မတရားလုပ်ရပ်များက လူထုပရိ သတ်အမြင်တွင် မျှော်လင့်သည်နှင့် လွန်စွာကွဲပြားခြား နားသော ရုပ်ပုံကားချပ်များကိုသာ တွေ့မြင်ကြားသိနေ  ရသည်။ ရပ်ရွာလူထုက ယင်းတို့၏ ဒေသခံရဲတပ်ဖွဲ့နှင့် ဘာကိုမျှ အတူလုပ်ဆောင်လိုခြင်းမရှိသောအခါ ရဲများ မှာလည်း ယင်းတို့၏ လူမှုအသိုင်းအဝိုင်းများအား အလုပ် အြွေကးပြုရန်အခက်တွေ့ရသည်။ လူမှုအသိုက် အဝန်းကို ကာကွယ်စောင့်ရှောက်ရန်မှာ မိမိစောင့်ရှောက်ရမည့် လူမှုအသိုက်အဝန်းအတွင်း ဘာတွေဖြစ်နေ သည် ကိုလေ့လာခြင်းနှင့် သက်ဆိုင်ရာပြည်သူလူထုနှင့်စစ်မှန်သော ဆက်ဆံရေးတစ်ရပ်ရှိရပေမည်။

ယုံကြည်မှုမှာ ဆက်ဆံရေးတိုင်းတွင် အခြေခံကျ သောအရာပင်ဖြစ်သော်ငြား ယင်းတို့မှာ ကာကွယ် စောင့်ရှောက်ရမည့်၊ အလုပ်အြွေကးပြုရမည့်သူများနှင့် တ ဇောင်းစေးနှင့်မျက်ချေးဖြစ်နေကြသည်မှာ လူမှုအ သိုင်းအဝိုင်းမြောက်များစွာတွင်ဖြစ်သည်။ ရဲတပ်ဖွဲ့ပြုပြင် ပြောင်းလဲရေးကို ဇောင်းပေးပြောဆိုနေရသော်လည်း ရဲဌာနများအနေဖြင့် ယင်းတို့၏ ဒေသခံလူထုနှင့် ချင့်ချင့် ချိန်ချိန်၊ မဟာဗျူဟာကျကျ ဆက်ဆံကြရန်မှာ ခါ တိုင်းထက် ပိုမိုအရေးပါလာသည်။ နိုင်ငံသားများအား ပြော ရေးဆိုခွင့်ပေး၍ အစိုးရပွင့်လင်းမြင်သာမှုကို အားပေးမြှင့်တင်မှသာ လူတိုင်းက သူတို့အလိုရှိသည့် ရပ်ရွာကို ပုံဖော်နိုင်ကြပေလိမ့်မည်။ လူမှုအသိုင်းအဝိုင်း များအား ပြောရေးဆိုခွင့်မပေးပါက ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး ဆိုသည်မှာလည်း အဓိပ္ပာယ်မရှိဖြစ်ပါလိမ့် မည်။

မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့

မြန်မာရဲတပ်ဖွဲ့မှာ ရှည်ကြာသော သမိုင်းနောက်ခံ ရှိခဲ့သည်။ ဗြိတိသျှ အုပ်စိုးမှုအောက်မှ မြန်မာနိုင်ငံတွင် ခရစ်သက္ကရာဇ် ၁၈၇၂ ခုနှစ်၌ ထားဝယ်ခရိုင်၏ တတိယမြောက် မြို့ဝန်ဆာအက်(ရှ)လီဒင်း (၁၈၇၀- ၁၈၇၅)ကို ဝိတိုရိယအငူ၏ မြောက်ဖက် ၂၄ မိုင်အကွာရှိ မလီဝန်ရွာကလေးတွင် ပထမဆုံးရဲအရာရှိအဖြစ် စခန်းချနေထိုင် ရန် ဗြိတိသျှအစိုးရက တာဝန်ချထားပေး ခဲ့သည်။ အိန္ဒိယအင်ပါယာ ပုလိပ်အဖွဲ့ဥပဒေကို ဗြိတိသျှအိန္ဒိယ အောက်မှ ဗမာပြည်ကို ခွဲထုတ်အုပ်ချုပ်ခဲ့သည့် ၁၉၃၇ ခုနှစ် တိုင်အောင် အဓိကရဲဥပဒေအဖြစ် ကျင့်သုံးခဲ့သည်။ ထိုအချိန်ထိုကာလ ဗြိတိသျှလက်အောက် ကျရောက်နေချိန်တွင် ၁၉၂၂ ခုနှစ်က အိန္ဒိယအင်ပါယာ ပုလိပ်အဖွဲ့သို့ ဝင်ရောက်ခဲ့သော စာရေးဆရာ ဂျော့(ချ) အော်ဝဲ(လ)မှာ မြန်မာနိုင်ငံမှ အကျော်ကြားအထင်ရှားဆုံး ပုလိပ်အရာ ရှိဖြစ်ကောင်းဖြစ်ပါလိမ့်မည်။

လွတ်လပ်ရေးပြီးနောက်ပိုင်း၌ မြန်မာ့ပုလိပ်အဖွဲ့ကို ၁၉၆၄ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာနအောက်၌ လွတ်လပ်သော အစိုးရဌာနတစ်ခုအဖြစ် မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့အမည်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သည်။  ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် မြန်မာ့ ရဲတပ်ဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီးနောက် မြန်မာ့တပ်မ တော်၏ လက်အောက်ခံအစိတ်အပိုင်းတစ်ရပ် တရားမ ဝင်ဖြစ်လာခဲ့ပေသည်။

မြန်မာ့ရဲတပ်ဖွဲ့တွင် အထူးဌာန လေးခုရှိပြီး ယင်းတို့ အောက်တွင် ဌာနပေါင်း ၁၂ ခု ခွဲခြားကာ ၁၀ ခုကို ရဲမှူးချုပ်များက ဦးဆောင်၍ ကျန်ဌာနနှစ်ခုကို ရဲမှူး ကြီးများက ဦးဆောင်သည်။

တိုက်ခိုက်ရေးရဲတပ်ရင်းများ (SWAT)

ရဲတပ်ရင်းထိန်းချုပ်ဌာနအောက်တွင် အထွေထွေ လုံခြုံရေးတာဝန်ထမ်းဆောင်ရသော ရဲတပ်ရင်းပေါင်း ၁၆ ခုရှိပြီး တပ်ရင်းမှူးများမှာ ဒုရဲမှူးကြီးများ ဖြစ်ကြသည်။ ရန်ကုန်နှင့်မန္တလေးအပါအဝင် မြို့ကြီးများတွင် လူဦးရေတစ်နေ့တခြား တိုးပွားလာသည့်အတွက် လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးပြဿနာများ မြင့်တက်လာ နေရာ လူထုမငြိမ်မသက်မှုနှင့် အကျိုးဖျက်ဆီးမှုများ ဖြစ်ပေါ်လာစေနိုင်သည်။ ထို့ကြောင့် နှောင့်ယှက်ဖျက်ဆီး မှုများ၊ အရေးကြီးပုဂ္ဂိုလ်များ၊ စီမံကိန်းစက်ရုံအလုပ် ရုံများအား ကြိုတင်ကာကွယ်တားဆီးရန် လိုအပ်သည် ဟုဆိုသည်။ ထိုအတွက် ရန်ကုန်တိုင်းဒေသကြီး နယ် မြေဒေသများတွင် ရဲတပ်ရင်း ၇ ခု ချထားပြီး မန္တလေး တိုင်းဒေသကြီးတွင် ၂ ခု၊ ရခိုင်ပြည်နယ်တွင် ၃ ခု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁ ခု၊ မွန်ပြည်နယ် တွင် ၁ ခု၊ ပဲခူးတိုင်းဒေသကြီးတွင် ၁ ခုနှင့် ပြည်မြို့တွင် ၁ ခု ချထားကြောင်း သိရသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတပ်ဖွဲ့များ

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးပြဿနာမှာလည်း ကြီးမားသည်ထက် ကြီးမားလာသည့်အတွက်မူးယစ် ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတပ်ဖွဲ့ ၂၈ ဖွဲ့ကို မူးယစ်ဆေးဝါးထိန်းချုပ်မှု ဗဟိုကော်မတီ၏ ညွှန်ကြားမှု အောက်တွင် ဖွဲ့စည်းတည်ထောင်ထားကြောင်း သိရှိရသည်။

အကျင့်ပျက်ခြစားမှုနှင့် မြန်မာ့ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း နိုင်ငံရေးအကူးအပြောင်းတစ်ရပ် စတင်ခဲ့ကတည်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့((MPF) သည်လည်း မိမိကိုယ်ကို ပို၍ ပရော်ဖက်ရှင်နယ်ကျသော အဖွဲ့အစည်းတစ်ခုအဖြစ်  အသွင်ကူးပြောင်းရန် ကြိုးပမ်းသည့်အနေဖြင့် ရည်မှန်း ချက်ကြီးမားသော ပြုပြင်ပြောင်းလဲရေး စီမံချက် တစ်ရပ်ကို စတင်ချမှတ်ခဲ့သည်။ သို့သော်လည်း င်္ဏြ  မှာ ဂုဏ်သိက္ခာဆိုင်ရာ ထူးခြားသောနာမည်ပျက်ပြဿနာ များနှင့် ရင်ဆိုင်နေရဆဲရှိကြောင်း အာရှဖောင်ဒေးရှင်း စစ်တမ်းတစ်ရပ်အရသိရသည်။ လူထုအမြင်တွင် မြန်မာ့ ရဲတပ်ဖွဲ့မှာ အထင်အမြင်သေးစရာ ဖြစ်နေရသည်ဟု ယင်းကဆိုပါသည်။

ဤသို့ဖြစ်ရသည်မှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ရဲအကျင့်ပျက်ခြစားမှုကြောင့် ဖြစ်သည်။ စင်စစ်အကျင့် ပျက်ခြစားမှု ပြဿနာမှာ မြန်မာနိုင်ငံတွင် အထူးအဆန်း  မဟုတ်ချေ။ စစ်အာဏာရှင်စနစ်မှ အသွင်ကူးပြောင်း ရေးကာလအတွင်း ဤပြဿနာကို ကိုင်တွယ်ဖြေရှင်း ရန်ဟုဆိုကာ အဆင့်မြင့်ကော်မတီများ ထူထောင်ဖွဲ့စည်း လုပ်ဆောင်ခဲ့ကြသော်လည်း ထွက်ပေါ်ရလဒ်များမှာ မေးခွန်းထုတ်စရာဖြစ်နေပြီး ရဲတပ်ဖွဲ့၏ အကျင့်ပျက် ခြစားမှုနှင့် လက်မခံနိုင်ဖွယ် ပြုကျင့်မှုတို့မှာ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။

စစ်ဘက်ထိန်းချုပ်မှုနှင့် မြန်မာ့ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်းကာလတွင်  မြန်မာ့ရဲတပ်ဖွဲ့မှာ ကိုလိုနီခေတ်ဥပဒေဟောင်းများ၊ လုပ်ရိုးလုပ်စဉ်များနှင့်ပင် ဆက်လက်စခန်းသွားခဲ့ရသည်။ ကိုလိုနီနယ်ချဲ့ အစိုးရကို အလုပ်အကြွေးပြုခဲ့သော ရဲတပ်ဖွဲ့သည် လွတ်လပ်ရေးခေတ်တွင်လည်း ပြည်သူလူထု ကို အကာအကွယ်မပေးနိုင်ဘဲ အုပ်စိုး သူလူ တန်းစားကိုသာ ဆက်လက်အလုပ်အြွေကးပြုခဲ့သည်။ လူထုဖိနှိပ် ရေးကိရိယာတစ်ခုအဖြစ် ဆက်လက အသုံးတော်ခံခဲ့ရပေသည်။

၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး တစ်နိုင်ငံလုံး စစ်ဖိနပ်အောက်ရောက်ခဲ့ရချိန်တွင်မူ မြန်မာရဲတပ်ဖွဲ့ အနေအထားမှာ စစ်အာဏာရှင်စနစ်နှင့်စစ်တပ်၏ အကျိုးစီးပွားကိုသာကိုယ်စားပြုခဲ့ပြီး ပြည်သူလူထုအ ပေါ် စစ်အုပ်စုအလိုက် ဖိစီးနှိပ်စက်ခဲ့ပြန်သည်။ မဆလ စစ်အာဏာရှင်ခေတ်တွင်လည်း ‘ပြည်သူ့ရဲ’ ဟု အမည် လှလှပေးခဲ့သည့်တိုင် ဂုဏ်သိက္ခာအရ ပြည်သူလူထု၏ ချစ်ခင်လိုလားမှုကို မရရှိနိုင်ခဲ့ချေ။ ရဲကို မဆိုထားနှင့် မီးသတ်၊ ကြက်ခြေနီကဲ့သို့သောအဖွဲ့အစည်းများကိုပင် စစ်အာဏာရှင်စနစ်၏ ဒေါက်တိုင်များအဖြစ် အသုံးချခဲ့ ရာ လူထုအမြင်တွင် ရွံကြောက်ကြီးများဖြစ်ခဲ့ရသည်မှာ ထင်ရှားလှသည်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ပြည်သူ့ဒီမို ကရေစီအရေးတော်ပုံကြီး အဖြိုခွဲခံခဲ့ရပြီးနောက်ပိုင်းတွင် မူ မြန်မာ့ရဲတပ်ဖွဲ့သည် မြန်မာ့တပ်မတော်၏ တရား မဝင်လက်အောက်ခံ အစိတ်အပိုင်းတစ်ခုအဖြစ် ကျရောက်ခဲ့ရ ပေသည်။

၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် မြန်မာ့ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး

အများသိကြသည့်အတိုင်း စစ်အာဏာရှင်တို့ စိတ် ကြိုက်ရေးဆွဲ၍ နာဂစ်မုန်တိုင်းဒဏ် နိုင်ငံနှင့်အဝှမ်းခံ နေရဆဲကာလ ၂၀ဝ၈ ခုနှစ်၊ မေလတွင် အရှက်ကင်းမဲ့ စွာ အတည်ပြုပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေက စစ်အာဏာရှင်စနစ်ကို ဒီမိုကရေစီမျက်နှာဖုံးစွပ် ပွဲထုတ် လာခဲ့ရာ မြန်မာ့ရဲတပ်ဖွဲ့မှာ စစ်တပ်မှအပိုင်ယူထား သည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့်နယ်စပ်ရေးရာ ဝန် ကြီးဌာနသုံးခုအနက်မှ ပြည်ထဲရေးအောက်တွင် စစ် တပ်၏အသုံးတော်ခံဘဝနှင့် ဆက်လက်ကပြခဲ့ရသည်။

၂၀ဝ၈ ဖွဲ့စည်းပုံအောက်တွင် ပေါက်ဖွားလာခဲ့ သည့် စစ်တစ်ပိုင်းအစိုးရများအနေဖြင့် ရဲတပ်ဖွဲ့ပြုပြင် ပြောင်းလဲရေး စီမံချက်များချ၍ ကိုလိုနီခေတ်ကတည်း က လူထုဖိနှိပ်ရေးယန္တရားဖြစ်လာခဲ့သော မြန်မာ့ရဲတပ် ဖွဲ့အား ပြည်သူ့အကျိုးကာကွယ်စောင့်ရှောက်သော ပြည် သူ့ရဲစင်စစ်ဖြစ်စေရန် ရည်ရွယ်သည်ဟူသော စကား တန်ဆာဖုံး၍ နိုင်ငံတကာအကူအညီများရယူကာ ပြုပြင် ပြောင်းလဲရေး သင်တန်းများပေးခဲ့သော်လည်း စစ်ဘက်ချုပ်ကိုင်မှုအောက်မှ မြန်မာ့ရဲတပ်ဖွဲ့မှာ တိုးတက်ပြောင်း လဲမလာခဲ့ချေ။

နိုင်ငံတကာအကူအညီများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး

ဥရောပသမဂ္ဂ (EU) သည် ၂၀၁၃ ခုနှစ်တွင် မြန်မာ့ ရဲတပ်ဖွဲ့အတွက် ပြုပြင်ပြောင်းလဲရေးအစီအစဉ် တစ်သီကြီးကို ငွေကြေးထောက်ပံ့မှုနှင့်တွဲဖက်၍ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ၂၀၁၃ နှင့် ၂၀၁၅ အကြားတွင် အထွေထွေလူထုပရိသတ်နှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ ရုန်းရင်းဆန်ခတ်မှုများ ထိန်းချုပ်နိုင်ရေး ခေါင်းစဉ်များဖြင့် သင်တန်းပေါင်းများစွာ ဖွင့်လှစ်လေ့ ကျင့်မှုများ ပြုလုပ်ခဲ့သည်။ ထိုသင်တန်းများက အပေါင်း လက္ခဏာရလဒ်တစ်စုံတစ်ရာ မရခဲ့သည်ကို လက်ပံတန်း ကျောင်းသားဆန္ဒပြစစ်ကြောင်း အကြမ်း ဖက်ရိုက်နှက် ဖြိုခွဲမှုကသက်သေပြခဲ့သည်။

တဖန် ၂၀၁၆ ခုနှစ်နှောင်းပိုင်းတွင် စတင်ခဲ့သော ယူရိုသန်း ၃၀ တန် ငါးနှစ်စီမံချက်  ‘MYPOL’  ဖြင့် နိုင်ငံတကာစံချိန်စံညွှန်းများကို စွဲကိုင်သော၊ လူ့အခွင့် အရေးကို လေးစားလိုက်နာသော ခေတ်မီရဲအဖွဲ့အစည်း တစ်ရပ်ဖြစ်လာရေး ရည်ရွယ်လုပ်ဆောင်ပေးခဲ့သည်။ ရလဒ်များက အားပျက်စရာပင်။ ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန် သည်ဆိုသည့်သတင်းကို အတည်ပြုချက်ရယူရန် သွား ရောက်စုံစမ်းသတင်းယူခဲ့သည့် ရိုက်တာသတင်း ထောက်နှစ်ဦးအား သက်ဆိုင်ရာရဲမှူးချုပ်က ထောင်ချောက် ဆင်ဖမ်းဆီးခဲ့သည်။ ထိုလျှို့ဝှက်ချက်ကို ဖော် ထုတ်ဖွင့်ချခဲ့သော ရဲမှူးမိုးရန်နိုင်အား ရဲစည်းကမ်း ဖောက်ဖျက်မှု ဖြင့် အရေးယူထောင်ချခဲ့သည်။ ယမန် နှစ်အတွင်းက နေပြည်တော်တွင် ဟိုးလေးတကျော်ကျော် ဖြစ်ပွားခဲ့သော အသက် ၂ နှစ်သာသာအရွယ် ကလေး မုဒိမ်းမှုတွင်လည်း သက်ဆိုင်ရာရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များမှာ တစ်ပြည်လုံးလူထုအော့ကြောလန်စရာဖြစ် ခဲ့သည်။

ထို့အတူ စစ်ဘက်နှင့် ပုလင်းတူဗူးဆို့ ခရိုနီခရိုနက်များ၏ မြေယာလုယက်သိမ်းဆည်းခံ လယ်သမား၊ ယာ သမား တောသူတောင်သားတို့အား ပုဒ်မပုဒ်ထီး အမျိုး မျိုးတပ်ကာ ဖမ်းဆီးထောင်ချ၍ ဖိနှိပ်သူလူ တန်းစားဖက်မှ အလုပ်အကျွေးပြုခဲ့သည်။ လုပ်အားနှင့်လုပ်ခ မမျှတ၍ ဆန္ဒပြတောင်းဆိုကြသော နိုင်ငံသား၊ နိုင်ငံခြား သားပိုင် စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းအလုပ်သမား တို့ကိုလည်း အကြမ်းဖက်ဖြိုခွဲဖမ်းဆီးအရေးယူ ကာ ရေ နစ်သူဝါးကူထိုးခဲ့သည်။

အီးယူအပြင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ရာဇ ဝတ်မှုရုံး(UNODC)ကလည်း မြန်မာ့ရဲတပ်ဖွဲ့အား ယင်း၏ သင်တန်းသင်ရိုးများ ခေတ်မီစေရေးနှင့်အချက်အ လက်အသုံးပြု ရာဇဝတ်မှုကာကွယ်တားဆီးရေး ဗျူဟာ များအတွက် ထောက်ခံအားပေးရာတွင် ကူညီခဲ့သည်။ သို့တစေ ထိုအကူညီအများမှာ သဲထဲရေသွန် ဆိုသကဲ့သို့ အဖတ်တင်အရည်ရ မဖြစ်ခဲ့ချေ။ မူးယစ်ဆေးဝါးသန်း ပေါင်းများစွာမှာ ပိုင်ရှင်မဲ့ဘဝ ကျရောက် သွားပြီး ယင်းလက်သည်များ၏ သားကောင် နိုင်ငံတစ်ဝှမ်းလုံးရှိ ဆေးစွဲသူလူငယ်များမှာမူ နှစ်ပေါင်းဆယ်ချီ ၍ အကျဉ်း ထောင်များအတွင်း အသက်သေသူသေ၊ ဘဝပျက်သူပျက်ဖြစ်နေကြရသည်။

မြန်မာ့ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး အောင်မြင်နိုင်ပါ့မလား

မြန်မာ့ရဲတပ်ဖွဲ့၏ အရည်အသွေးမှာ နိုင်ငံတကာ အဆင့်မဆိုထားနှင့် အာဆီယံတွင်ပင် အနိမ့်ဆုံးတွင်ရှိ နေကြောင်း အီးယူ၏ အမေရိကန်ဒေါ်လာ ၁၀ သန်းတန် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွင် ပါဝင်ခဲ့ သော ရဲအရာရှိတစ်ဦးက ဆိုသည်။ ထိုအစီအစဉ်မှာ ၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့သော လူစုလူဝေးစီမံခန့်ခွဲရေးနှင့် လူ့ရပိုင်ခွင့်ဆိုင်ရာ လေ့ကျင့်သင်ကြားခြင်းများဖြစ်သည်။

တဖန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ တာဝန် ယူပြီးချိန်တွင် တရားဥပဒေစိုးမိုးရေးနှင့် မြန်မာ့ ရဲတပ်ဖွဲ့ ပုံရိပ်မြှင့်တင်ရေးတို့ပါဝင်သော ပြုပြင်ပြောင်းလဲရေးအစီ အစဉ်တစ်ရပ်ကို ချမှတ်ခဲ့ပါသည်။ သို့သော် ထိုအစီ အစဉ်မှာလည်း မြန်မာ့ရဲတပ်ဖွဲ့အတွက် ထူးထူးခြားခြားပြောင်းလဲမှုကို ဖော်ဆောင်ပေးနိုင်ပါမည်လား ဆိုသည်မှာ မရေရာကြောင်း စစ်ဘက်ချုပ်ကိုင်မှုအောက်မှ ပြည်ထဲ ရေးဝန်ကြီးဌာန အရာရှိတစ်ဦးကဆိုပါ သည်။

သို့ဆိုလျှင် မြန်မာ့ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ အောင်မြင်နိုင်ပါမည်လော။ အောင်မြင်နိုင်ပါသည်ဟု ဖြေနိုင်ပါသည်။ သို့သော် ဤသို့ အောင်မြင်နိုင်ရန်မှာ-

–        ၂၀ဝ၈ အခြေခံဥပဒေကို အပြီးအပိုင်ဖျက်သိမ်း၍ ဒီမိုကရေစီစံနှုန်းပြည့်ဝသော ဖွဲ့စည်းအုပ် ချုပ်                ပုံအခြေခံဥပဒေအသစ်တစ်ရပ် မရှိမဖြစ်လိုပါသည်။

–        ထိုအခြေခံဥပဒေသစ်အရ အရပ်သားစစ်စစ် ပြည်ချစ်အစိုးရတစ်ရပ် မလွဲမသွေ ရှိရပါမည်။

–        စစ်ဖက်ချုပ်ကိုင်မှု လုံးဝကင်းစင်ပြီး ခေတ်မီ၍ပြည်သူကို အလုပ်အကျွေးပြုမည့်ရဲတပ်ဖွဲ့ ဥပဒေ

သစ်တစ်ရပ် သေချာပေါက်ရေးဆွဲအတည်ပြုရပါမည်။

–        ရဲတပ်ဖွဲ့ဝင်များအပါအဝင် ပြည်သူလူထုလူတန်းစားအားလုံး လူတန်းစေ့နေနိုင်၊ စားနိုင်၊ ရှင်သန်

နိုင်သော အမျိုးသားစီးပွားရေးတစ်ရပ် မဖြစ်မနေထူထောင်ရပါမည်။

–        ထိုစီးပွားရေးအခြေခံပေါ်တွင် လူမျိုးစုံတိုင်းရင်းသား ပြည်သူအားလုံး စုစည်းညီညွတ်စွာ လုပ်သာ ကိုင်သာသည့် ဒီမိုကရေစီနိုင်ငံရေးစနစ်တစ်ရပ်အခိုင်အမာတည်ဆောက်ရပါမည်။

သို့မှသာ အိတ်ပေါက်နှင့် ဖားကောက်သည့် ပမာမဖြစ်ဘဲ မြန်မာ့ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး သေချာ ပေါက်အောင်မြင်မည်ဖြစ်ပါသည်။

လူသာလင်း

Ref:

  1. Police Reform: Applying the Principles of good Security Sector Governance to police, SSR

   BACKGROUNDER.

  1. Anti-corruption and police reform, TRANSPARANCY  INTERNATIONAL.
  2. Police Reform Would Be Meaningless Without Communities Having A Say, HASSAN ADEN.
  3. Rethinking Community Policing in Inernational

   Police Reform.

  1. Building a better police force, FRONTIER MYANMAR.
  2. Corruption and police reform in Myanmar, RHYS THOMPSON, THE INTERPRETER.

7.Wikipedia, the free encyclopedia.