ဘင်္ဂါလီ/ရိုဟင်ဂျာပြဿနာ၏ ဇစ်မြစ်ကို ဆန်းစစ်ခြင်း

ရိုဟင်ဂျာ ဟူသောစကားလုံးကို မြန်မာနိုင်ငံထုတ် စာအုပ်စာစောင်များ၌ အနှစ်ငါးဆယ်ကျော် အတွင်း မတွေ့ခဲ့ရပဲ လတ်တလောနှစ်များတွင် စာစောင်အချို့၌ ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု သုံး)ဆိုကာ ကွင်းအတွင်း ဖော်ပြလာပါသည်။ မြန်မာနိုင်ငံတွင် မသုံး စွဲသော်လည်း နိုင်ငံတကာက ထိုစကားကို မြန်မာနိုင်ငံ နှင့် ယှဉ်တွဲသိရှိကြပါသည်။ အင်တာနက်တွင် ရိုဟင်ဂျာ ဟု ရှာကြည့်ပါက တွေ့ရမည့် အချက်အလက်များ၌ မြန်မာနိုင်ငံရခိုင်ဒေသက အင်ဒိုအာရိယန်မျိုးနွယ်စုဟု ဖော်ပြသည် မှအပ မြန်မာနိုင်ငံသတင်းရင်းမြစ်မှသတင်း မတွေ့ရပဲ ပြည်ပသတင်းဌာန၊ ပြည်ပလေ့လာသူများ၊ ရိုဟင်ဂျာအရေးလှုပ်ရှားသူများ၏ ဇာတ်ပြောတစ်ခုတည်းကိုသာ တွေ့ရပါသည်။

ပြည်တွင်း၌ ဘင်္ဂါလီ၊ ပြည်ပ၌ ရိုဟင်ဂျာဖြစ်နေ သူများနှင့်ပတ်သက်၍ ပြဿနာဇာစ်မြစ်ကို အဖြေရှာရမည့်အစား အမည်သင်္ကေတကို ငြင်းခုန်ရင်း တဝဲလည် လည်ဖြစ်ရပါသည်။ ပြည်တွင်း ရေးဆိုသည့်တိုင် ပြဿနာရင်းမြစ်များက ကမ္ဘာအနှံ့ရောက်နေသော အခါ ကမ္ဘာကို သက်သေ တည်၍ ဖြေရှင်းရန် လိုအပ်လာပါသည်။ စင်စစ်တွင် လူမျိုးတစ်မျိုး၌ အမည်တစ်ခုမက ရှိတတ် ပါသည်။ `ပြင်သစ်´ ဆိုသည်မှာ `ဖရန့်ချ်´၊ `ဂေါ်ရခါး´ သည် `နီပေါ´ ဖြစ်ပါသည်။ `ဗမာ´က `တရုတ်´ ဟု သိကြသူများသည် သူတို့ကိုယ်သူတို့ `ကျုံးကော်´ ဟု သုံးနှုန်းပြီး သူတို့ကလည်း ဗမာ ကို `မြန်တျန့်´ ဟု ခေါ်ပါသည်။ မြန်မာနိုင်ငံဘက်တွင် `ဒိုင်းနက်´ လူမျိုးသည် ဘင်္ဂလားဒေ့ရှ်တွင် `ချက္ကမာ´ ဖြစ်ပါသည်။

ရိုဟင်ဂျာအရေးလှုပ်ရှားသူများက ရိုဟင်ဂျာသည် ရခိုင်ဒေသခံ မွတ်ဆလင်အဖြစ် သမိုင်း ကြောင်း အစကို အေဒီ ၇ ရာစုခန့်ထိ သက်သေထူကာ တိုင်းရင်းသားဟု ဆိုပါသည်။ သို့သော်သမိုင်း ကို စံနစ်တကျလေ့လာသူ နိုင်ငံခြားသုတေသီများကလည်း လက်မခံပါ။ ဗြိတိသျှကိုလိုနီခေတ် လူဦးရေသန်းခေါင်စာရင်းများ(၁၉၁၁၊ ၁၉၂၁၊ ၁၉၃၁)တွင် ထိုလူမျိုးအမည် မှတ်တမ်းမရှိပါ။ ရခိုင် တွင် လယ်ယာလုပ်သားအဖြစ် လုပ်ကိုင်ရန် အိန္ဒိယ၊ စစ်တကောင်းဒေသမှ မွတ်ဆလင်/ ဟိန္ဒူဘာသာဝင်များ တဖွဲဖွဲရောက်ရှိလာသည့် မှတ်တမ်းရှိပါသည်။ ကိုလိုနီ ဘဝ၌ မြန်မာနိုင်ငံသည် အိန္ဒိယတိုက်၏အစိတ်အပိုင်းအဖြစ် ကူးလူးဆက်ဆံမှုများခဲ့ပြီး ရွှေ့ပြောင်းနေထိုင် နိုင်ကြပါသည်။ ရခိုင်ဒေသသည် လမ်းပန်းဆက်သွယ်မှု ခက်ခဲ၍ ပြည်မနှင့်ကူးလူးဆက်ဆံသည်ထက် စစ် တကောင်းနှင့် အထိအတွေ့က ပိုမိုလွယ်ကူခဲ့ပါသည်။

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက် လာသည့် ဂျပန်တို့နှင့်မိတ်ဖက်ပြုသည့် ဗုဒ္ဓဘာသာဝင်များနှင့် မဟာမိတ်တပ်တို့ လက်နက်တပ်ဆင်ပေးထားသည့် မွတ်ဆလင်များအကြား ပဋိပက္ခ(၁၉၄၂-၄၃) ဖြစ်ခဲ့ပါသည်။ ဂျပန်ဆုတ်ပြီး မဟာမိတ်တို့ ပြန်ဝင်လာချိန်တွင် မဟာမိတ်တို့ အားကိုးနှင့် မွတ်ဆလင်ပြည်နယ် တောင်းဆိုသော်လည်း ဗြိတိသျှတို့က ခွင့်မပြုခဲ့ပါ။ ၁၉၄၇ တွင် အိန္ဒိယနိုင်ငံ၊ ၁၉၄၈ တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့်နောက်ပိုင်း နိုင်ငံနယ်နိမိတ် သီးခြား ဖြစ်တည်ခဲ့ပါသည်။ ၁၉၄၇ အိန္ဒိယမှ ပါကစ္စတန်ခွဲထွက်ခြင်း၊ အရှေ့နှင့်အနောက် ပါကစ္စတန် နိုင်ငံမှ ၁၉၇၁ ဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ်ထွန်းလာချိန်ထိ လွတ်လပ်ရေးစစ်ပွဲကာလတစ်လျှောက် ထိုဒေသနေ လူမျိုးများသည် စစ်ကြောင့်ဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ လွတ်လပ်စွာပြောင်းရွှေ့နေထိုင်ကြပါ သည်။ နိုင်ငံ နယ်နိမိတ်သည် နိုင်ငံတကာမြေပုံပေါ်တွင်ရှိသော်လည်း လက်တွေ့မြေပြင်၌ မမြင် သာခဲ့ပါ။ ယခုကဲ့သို့ ပြဿနာ ဖြစ်နေချိန်၌ပင် နယ်နိမိတ်တစ်လျှောက် အလွယ်တကူ ကျော်ဖြတ် ဝင်ရောက်နိုင်သော နေရာများစွာရှိနေပါသည်။

မြန်မာနိုင်ငံ ပါလီမန်ဒီမိုကရေစီခေတ်နှောင်းပိုင်း (၁၉၅၄-၆၂)က ရိုဟင်ဂျာဟူသော အမည်နာမကို လက်ခံခဲ့ပါသည်။ အမည်ကို လက်ခံသုံးစွဲပြီး တိုင်းရင်း သားဟု မဆိုခဲ့ပါ။ ထိုစဉ်က မူဂျာဟစ်သူ ပုန်ရှိခဲ့ပါသည်။ မူဂျာဟစ်တို့သည် ရခိုင်ဒေသကို မြန်မာနိုင်ငံမှ ခွဲထုတ်၍ အရှေ့ပါကစ္စတန်(လက်ရှိ ဘင်္ဂလားဒေ့ရှ်)နှင့် ပူးပေါင်းရန် ထိုစဉ်က ပါကစ္စတန်ခေါင်းဆောင်ဂျီနထံ ဆက်သွယ်ချဉ်း ကပ်ဖူးပါသည်။ မြန်မာ-ပါကစ္စတန် ဆက်ဆံရေးကောင်းမွန်ခြင်း၊ ပါကစ္စတန်ခေါင်းဆောင် ၏ အမြင်ကျယ်ခြင်းတို့ကြောင့် ပါကစ္စတန်ဘက်မှ လက် မခံခဲ့ပါ။ မြန်မာအစိုးရက ဒေသခံရခိုင်နှင့် တိုင်းရင်း သားများအပြင် ရခိုင်၌မွေးသော စစ်တကောင်းအနွယ် မွတ်ဆလင်တို့ကို စည်းရုံး၍ မူဂျာဟစ်သူပုန်များကို (၁၉၅၄-၆၁)တွင် နှိမ်နင်းနိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံမှ ခွဲထွက်မည့်သူများ နှင့်မူဂျာဟစ်သူပုန်များကို ကုလားဆိုး၊ မြန်မာနိုင်ငံတွင် အေးချမ်းစွာယှဉ်တွဲနေထိုင်မည့်သူများကို ရိုဟင်ဂျာဟု အစိုးရပိုင်းက နိုင်ငံရေးအရ လက်ခံခဲ့ပါ သည်။ ထိုခေတ်သတင်းစာစောင်များတွင် ရိုဟင်ဂျာ အဖြစ် စာပေဆောင်းပါးများ ရေးသားခြင်း၊ ရခိုင်တို့က သမိုင်းအထောက်အထားများဖြင့် ကန့်ကွက်ခြင်းတို့ ရှိခဲ့ပါသည်။ ကနဦးအသိအမှတ်ပြုရာတွင်ပင် ငြင်းခုံ စရာများရှိခဲ့ပြီး ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုအပြီး အစိုးရအပြောင်းအလဲ၌ အခြေအနေအားလုံးပြောင်းခဲ့ပါ သည်။ ထိုစဉ်က ရိုဟင်ဂျာဆိုသူများသည် မြန်မာစကား ပြော၊ မြန်မာနိုင်ငံတွင် နေထိုင်လိုသူတို့ ဖြစ်ပါသည်။ ယနေ့ ရိုဟင်ဂျာဆိုသူများသည် မြန်မာနိုင်ငံနယ်နိမိတ် ကို ယင်းတို့ကိုယ်ပိုင်နယ်အဖြစ် နိုင်ငံရေး စီမံခန့်ခွဲမှုနှင့် အတူ ရယူလိုခြင်းဖြစ်ပြီး မြန်မာနိုင်ငံအပေါ် သစ္စာခံမှု၊ ယှဉ်တွဲနေထိုင် လိုမှုမရှိကြတော့ပါ။ ထို့ပြင်ရခိုင်ဒေသမှ မွတ်ဆလင်တိုင်းက ရိုဟင်ဂျာဟု မခံယူပါ။ ပြည်ပရှိ ရိုဟင်ဂျာဆိုသူတိုင်းကလည်း ရခိုင်ဒေသမှ မဟုတ်ပါ။

ထို့အတူ မြန်မာနိုင်ငံအနှံ့ရှိ မွတ်ဆလင်များမှာ ရိုဟင်ဂျာ မဟုတ်ပါ။ ရိုဟင်ဂျာဟူသော အမည်သည် `ရခိုင်သား´ ဆိုသည်ကို စစ်တကောင်းစကားဖြင့် ခေါ်ဆိုခြင်းဖြစ်ပါ သည်။ မြန်မာနိုင်ငံတွင် နေရာ ကို အစွဲပြု၍ လူမျိုးအမည် ဖြစ်လာသည်များရှိပါသည်။ ]ရခိုင်}သည် လူမျိုးအမည် ဖြစ်သကဲ့သို့ ရခိုင်ဒေသကိုလည်း ညွှန်းပါသည်။ ရခိုင် ဒေသတွင် ဒေသခံတိုင်းရင်းသားအဖြစ် ရခိုင်အပြင် ခမီ(ခမွီး)၊ မြို၊ သက်၊ ဒိုင်းနက်၊ မရမာကြီး၊ ကမန်တို့ကို အသိအမှတ်ပြုထားပါသည်။

၁၉၈၂ နိုင်ငံသားဥပဒေသည် နိုင်ငံသားဖြစ်မှုကို တိုင်းရင်းသား/နိုင်ငံသားအဆင့် ခွဲခြားထား ပြီး သွေးသားတော်စပ်မှုအပေါ် အခြေခံပါသည်။ သို့သော် ပြည်တွင်း၌ မွေးဖွားကြီးပြင်းသော နိုင်ငံသားမဟုတ်သူကိုလည်း နိုင်ငံသားဖြစ်ခွင့် ပိတ်ပင်မထားပါ။ ထိုဥပဒေ ကို ခေတ်နှင့်အညီ အချိန်ယူပြုပြင်ရန် ရှိသည့်တိုင် ထို ဥပဒေအရပင် ဘင်္ဂါလီများမှာ မြန်မာနိုင်ငံသားဖြစ်လာ နေပါသည်။ ဥပဒေအကောင်အထည်ဖော်ရာတွင် ရှုပ်ထွေးကြန့်ကြာခြင်း၊ ဝန်ထမ်းများ အကျင့် ပျက်ခြင်း တို့က ထိုဥပဒေနှင့်ပတ်သက်၍ အဆိုးမြင်စေပါသည်။ စင်စစ်တွင် မလုံသောစည်းရိုးနှင့် တရားဥပဒေစိုးမိုးမှုမရှိ သော အရပ်တွင် ဥပဒေပြဋ္ဌာန်းရုံဖြင့် လူဝင်မှုပြဿနာ မပြေလည်နိုင်ပါ။ တရားမဝင်ရောက်ရှိလာသူများ အဆမတန်များပြားလာလျှင် စစ်ဆင်ရေးတစ်ရပ် ဆောင်ရွက် စိစစ်ပြီး ထိုစစ်ဆင်ရေးသည်လည်း နောက်ဆုံးမှာ ပြန်လည်လက်ခံရခြင်း၌ အဆုံးသတ်သည်ဖြစ်၍ သင့်မြတ်မျှတသော လူ့အဖွဲ့အစည်းဖြစ်လာရေးကို အထောက်အကူမပြုခဲ့ပါ။

၁၉၈၈ နောက်ပိုင်း အနောက်နိုင်ငံများက မြန်မာ ဒီမိုကရေစီရေးလှုပ်ရှားသူများကို ထောက်ခံ အားပေးပြီး စစ်အစိုးရကို ပိတ်ပင်ကန့်သတ်ဖိအားပေးခဲ့ပါသည်။ နိုင်ငံရေးလှုပ်ရှားသူများသည် ဖမ်းဆီးထိန်းသိမ်းမခံရပါက ပြည်ပနိုင်ငံများတွင် ဒုက္ခသည်အဖြစ် စောင့်ရှောက်ကြည့်ရှု ခံရပါ သည်။ ထိုဒုက္ခသည်များတွင် နိုင်ငံ ရေးသမားများအပြင် စီးပွားရေးအရ နိုင်ငံခြား၌အခြေချ လိုသူ တိုင်းရင်းသား ခရစ်ယာန်များ၊ ရခိုင်ဒေသမှ မွတ်ဆလင်များလည်း ပါဝင်ပြီး ရိုဟင်ဂျာဟူသော စကားလုံးသည် ဒုက္ခသည်ဖြစ်ခွင့်လက်မှတ်ဖြစ်ခဲ့ပါသည်။ ပြည်ပနိုင်ငံအစိုးရများက ယင်းတို့ ဘာသာစိစစ်၍ ရိုဟင်ဂျာဟု သတ်မှတ်လက်ခံခဲ့ခြင်းဖြစ်၍ မြန်မာနိုင်ငံ ရခိုင်ဒေသမှ မဟုတ်သူများ လည်း ထိုအမည်ဖြင့် နေထိုင် ခွင့်ရကြပါသည်။ လက်ခံသူရှိသောအခါ ထွက်လာသူလည်း များပြား လာပါသည်။ ကြံ့ခိုင်မှုမရှိလှသည့် လှေ သင်္ဘောများဖြင့် အခကြေးငွေပေး၍ လိုက်လာကြပြီး ထိုင်း၊ မလေးရှားတို့တွင် ယာယီအခြေချကာ တတိယ တစ်နိုင်ငံသို့ သွားရောက်ရန် ကြိုးပမ်းကြသည့် လမ်းကြောင်းမှာ စီးပွားရေးတွက်ချေကိုက်သော လုပ်ငန်း တစ်ခုဖြစ်လာပါသည်။

သို့သော် နောက်ပိုင်းတွင် ကမ္ဘာ့မတည်ငြိမ်သည့် ဒေသအသီးသီးမှ ဒုက္ခသည်များ ပိုမိုရောက် ရှိလာရာ လက်ခံသည့်နိုင်ငံကြီးများ၌ ထပ်မံလက်မခံနိုင်ကြတော့ ပါ။ မြန်မာနိုင်ငံတွင်လည်း ဒီမိုကရေစီရေးတိုးတက်မှု များ ဖြစ်ပေါ်နေရာ မြန်မာနိုင်ငံမှ ဒုက္ခသည်များ ဦးစား ပေးမခံရတော့ပါ။ ထိုအခါ ပြည်ပတွင်အခြေကျနေသော ရိုဟင်ဂျာပရိသတ်အတွက် ယင်းတို့ရပ်တည်ချက်မပျောက်ရန် လိုအပ်လာပါသည်။ ၂၀၁၀-၂၀၁၅ ခုနှစ်တွင် အာဏာရပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွင်း၌ ရိုဟင်ဂျာအမည်မခံယူပဲ ရိုဟင်ဂျာအရေးဆောင်ရွက်နေ သူများ အမတ်အဆင့်ထိ နေရာရခဲ့ပါသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဘာသာရေး၊ အမျိုးသားရေးလှုပ်ရှား မှုတို့ကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ကိုယ်စား လှယ်လောင်းများတွင် မွတ်ဆလင်များ ပါဝင်ခွင့်မရခဲ့ပ။ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်နိုင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အာဏာ ရလာ သဖြင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးကောင်း ပြီး ရိုဟင်ဂျာအမည် လမ်းစပျောက်နိုင်သည်ကို စိုးရိမ် လာပါသည်။

အာဏာရပါတီအတွက် ပိုမိုခက်ခဲသည့် အခြေအနေ မှာ ရခိုင်ပြည်နယ်လွှတ်တော်တွင် ယင်းပါ တီက အများစု မရပဲ ရခိုင်အမျိုးသားပါတီက အများစုရရှိခြင်း၊ ထိုပါတီ နှင့်ညီညွတ်မှုမရှာနိုင်ခြင်း သည်ပြဿနာကို ရင်ဆိုင်ရာ တွင် အခက်အခဲဖြစ်စေပါသည်။ ငြိမ်းချမ်းရေးဆွေးနွေး ပွဲများ မအောင်မြင်သေးခြင်း၊ ရခိုင်လက်နက်ကိုင်အဖွဲ့ က ရခိုင်သို့ ဝင်ရောက်အခြေချလာခြင်းတို့ကြောင့် တပ်မတော်နှင့် မြို့ရွာများအတွင်း တိုက်ပွဲဖြစ်ပြီး ဒေသခံများအတွက် အခြေအနေအဆိုးဆုံး ပြည်နယ်ဖြစ်နေပါသည်။

၂၀၁၆ ကိုဖီအာနန်ကော်မရှင်သည်လည်း ရိုဟင်ဂျာ အရေး လှုပ်ရှားသူများအတွက် ခြိမ်း ခြောက်မှုဖြစ်ခဲ့ပါ သည်။ နိုင်ငံတကာလေးစားမှုရှိသူများအဖွဲ့မှ သမာသမတ်ကျစွာ ပြဿနာအရင်း အမြစ်များ၊ ဖြေရှင်းပေးရမည့်အချက်များကို ရိုဟင်ဂျာ/ဘင်္ဂါလီ အမည်မတပ်ပဲ တင်ပြသွားခြင်းကို နိုင်ငံတကာမှလက်ခံလျှင်၊ အစိုးရမှ အချိန်ယူ၍ အောင်မြင်စွာ ဆောင်ရွက်သွားနိုင်လျှင် ရိုဟင်ဂျာ အရေးပျက်ပြားမည် စိုးရိမ်ကြသဖြင့် အကြမ်း ဖက်မှုအချိန်ကိုက် စတင်လာပါသည်။ ပြည်ပ၌ ရိုဟင်ဂျာတို့ အသတ်ခံရမှုသာ ထင်ရှားပြီး မြန်မာတပ်ကို အပြစ်တင်ကြသော်လည်း ပြည်တွင်း၌မူ ရခိုင်၊ ဟိန္ဒူအရပ်သားများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရဲများ အသတ်ခံကြရခြင်းမှာ အစ္စလာမ် အကြမ်းဖက်သမား များ လက်ချက်ဟု တွေ့ရပါသည်။ အာရ်အက်စ်အို၊ ဟာရာကာ အယ်လ်ယာကင် အဖွဲ့၊ အေအာရ်အက်စ်အေ အဖွဲ့များ၏ အန္တရာယ်၊ ယင်းတို့၏ သီးခြားခွဲထွက်၍ အစ္စလာမ်နိုင်ငံ ထူထောင်လိုသည့် ရည်မှန်းချက်တို့ကို မြန်မာနိုင်ငံအတွင်း စစ်မှန်စွာ စိုးရိမ်ပူပန်ကြသော်လည်း နိုင်ငံတကာမှ အလေးမထားခဲ့ပါ။ စုံစမ်းစစ်ဆေးရေး ကော်မတီများ ပြည်တွင်း/ပြည်ပတွင် ဖွဲ့သော် လည်း တစ်ဖက်နှင့်တစ်ဖက် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိပဲ ရလဒ်ကိုလည်း အပြန်အလှန် မယုံကြည်နိုင်ကြပါ။ ဆိုးရွားသည့် အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သော်လည်း မည်သည့်ဖက်မှ ကျူးလွန်သည်၊ ပြန်ပြောသောဖြစ်စဉ် များ မည်မျှမှန်သည် ဆိုခြင်းမှာ များစွာ အငြင်းပွားဖွယ် ဖြစ်ပါသည်။

ဒုက္ခသည်စခန်းတွင် အကြမ်းဖက်သမားများ ရောနှောနေထိုင်ကြပြီး၊ ဘင်္ဂလားဒေ့ရှ်ဘက်မှ အကြမ်း ဖက်အဖွဲ့အစည်းနှင့် နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းထိ အဆက်အသွယ်ရှိပြီး ဒုက္ခသည်များအပေါ် လည်း သြဇာသက်ရောက်ကြပါသည်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ အမှန်တကယ်ပြန်လာချင်သူများ ရှိသည့်တိုင် ပြန်ခွင့်မပေးပဲ သတ်ပစ်သည်ထိ ခြိမ်း ခြောက်မှုများ ရှိနေပါသည်။ မြန်မာဘက်မှ လက်ခံသည့် တိုင် ပြန်မလာသေးပဲ အခွင့်အရေးပိုမိုရရှိရန် တောင်းဆို ကြိုးပမ်းနေပါသည်။

ဘင်ဂါလီ/ရိုဟင်ဂျာ/ရခိုင်ပြဿနာ မည်သည့် အမည်ဖြင့် ခေါ်သည်ဖြစ်စေ ထိုမျှများပြားသော လူဦး ရေအတွက် အဖြေရှာရပါမည်။ ဘင်္ဂလားဒေ့ရှ်၊ မလေး ရှား၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ဆော်ဒီအာရေဗျ၊ နယ်သာလန်နှင့် ဥရောပနိုင်ငံများ၊ သြစတြေးလျ၊ ကနေဒါ၊ အမေရိကန်ထိ ပျံ့နှံရောက်ရှိနေသူတို့အချင်း ချင်းအကြား ချိတ်ဆက်လှုပ်ရှားမှုရှိပါသည်။ ထိုနိုင်ငံများသည် မွတ် ဆလင်နိုင်ငံ (သို့မဟုတ်) ပြည်တွင်း၌ မွတ်ဆလင်ဘာသာနှင့် ဆက်ဆံရေး သတိထားရသော နိုင်ငံများဖြစ်ပါသည်။ သို့ဖြစ်ရာ ဘာသာရေးကြောင့် ခွဲခြားဖိနှိပ်မှုခေါင်းစဉ်အောက်တွင် မြန်မာ ဘက်မှ ရပ်တည်မည့်နိုင်ငံမရှိပါ။ နိုင်ငံရေးသိက္ခာကြီးမားစွာရှိသော ဒေါ်အောင်ဆန်းစုကြည် ပင် ယခုကိစ္စအတွက် နိုင်ငံရေး အရင်းအနှီးများစွာ ဆုံးရှုံးရပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ ပုံရိပ်ကောင်းမှန်သမျှကို ဖျက်ဆီးရန် ချိတ်ဆက်လုပ်ဆောင်နေကြပါသည်။ မြန်မာနိုင်ငံအတွင်း အားလပ်ရက်ရှည် လာရောက်၍ တရားထိုင်သူ တွစ်တာစီအီးအို၏ အတွေ့အကြုံကောင်းဝေမျှသည့် ပို့စ်ကိုပင် ပြင်းထန်စွာတိုက်ခိုက်ကြပါသည်။

ဒုက္ခသည် လက်ခံထားသောနိုင်ငံများသည် စီးပွား ရေးအကျိုးအမြတ်ကြောင့်ဟု ပြည်တွင်း၌ ပြောဆိုကြသော်လည်း ယင်းတို့ဘက်၌လည်း အခက်အခဲများရှိနေ ပါသည်။ ရေရှည်နေမည်စိုးရိမ်၍ ဘင်္ဂလားဒေ့ရှ်တွင်  ကလေးငယ်များအား စာသင်ခွင့်မပေးပါ။ မလေးရှားတွင် ထိုဒုက္ခသည်များအား အလုပ်လုပ်ကိုင်ခွင့်မပြုပါ။ အိန္ဒိယတွင် စိစစ်ကန့်သတ်မှုများ တင်းကြပ်ပါသည်။ ထိုပြဿနာဖြင့် အကျိုးအမြတ်ရခြင်းရှိနိုင်သော်လည်း တစ်နိုင်ငံလုံးအနေဖြင့် စီးပွားရေးအရလုပ်နေသည်၊ ဘာသာရေးအရ နိုင်ငံရေးအရ အမြတ်ထုတ်နေသည်ဆို ခြင်းမှာ အခက်အခဲကို မပြေလည်စေနိုင်ပါ။ ဘင်္ဂလားဒေ့ရှ်သည်လည်း ထိုကိစ္စအတွက် သူ့နိုင်ငံတွင်း၌ အခက် အခဲရင်ဆိုင်နေရပြီး ဖြေရှင်းနိုင် လျှင် နှစ်နိုင်ငံစလုံး အကျိုးရှိပါသည်။ ထို့ပြင်အာဆီယံအဖွဲ့ဝင်ဖြစ်သော အစ္စလာမ်ဘာသာဝင် အများစုရှိသောနိုင်ငံများမှ နားလည် မှုရရှိရန်၊ ယင်းတို့ပူးပေါင်းဆောင်ရွက်နိုင်ရန်လည်းလိုပါ သည်။ အာဆီယံနှင့်ဘက်မလိုက်အဖွဲ့အစည်းတို့ကို အခြေတည်၍ သံတမန်ရေးစည်းရုံးလှုပ်ရှား သင့်ပါသည်။

အိုအိုင်စီသည် နိုင်ငံတကာမွတ်ဆလင်များ စည်းလုံးညီညွတ်ရေး အဖွဲ့အစည်းဖြစ်ရာ မွတ်ဆလင်များကို ခွဲခြားဖိနှိပ်သည်ဆိုလျှင် ထိုကိစ္စကို ဆန့်ကျင်ကြ မည်ဖြစ်ပါသည်။ ၂၀၁၇ ခုနှစ် နှစ်ဆန်းက  ဘင်္ဂလား ဒေ့ရှ်တွင် အိုအိုင်စီအထူးအစည်းအဝေးခေါ်ယူဆွေးနွေး ပြီး ထိုကိစ္စအတွက် သီးသန့်ကော်မတီဖွဲ့ကာ ကုလသမဂ္ဂ တရားရုံးတွင် ရင်ဆိုင်ရန်ထိ ကြိုးပမ်းခဲ့ပါသည်။ မြန်မာ ပြည်တွင်း၌ အစ္စလာမ်ဘာသာအကြောင်း မသိကြ သကဲ့သို့ ပြည်ပတွင်လည်း အစ္စလာမ်ကမ္ဘာနှင့် သိပ် မထိစပ်ပါ။ သံတမန်အဆက်အသွယ်လည်း မရှိလှပါ။ ဝေးကွာခြင်းသည် သံသယနှင့် အထင် အမြင်လွဲမှားခြင်း များ ဖြစ်စေပါသည်။ ခရစ်ယာန်သာသနာပြုတို့သည် မြန်မာစကားသင်ယူ၍ သာသနာပြုခဲ့ကြသဖြင့် ခရစ်ယာန်ကျမ်းစာ၊ ပုံပြင်၊ သီချင်းများသည် မြန်မာ့ ယဉ်ကျေးမှုအတွင်း သိမ်မွေ့စွာ ဝင်လာပါသည်။ ကမ္ဘာတွင် အစ္စလာမ်ဘာသာဝင်အရေအတွက် များပြားလာသည့် အခြေအနေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ အနောက်နိုင်ငံများက အစ္စလာမ် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လာသည့် အနေအထားတို့ကို မှန်ကန်စွာ သုံးသပ်ရပါ မည်။ အစ္စလာမ်အစွန်း ရောက် အကြမ်းဖက်အန္တရာယ်ကို အစ္စလာမစ်နိုင်ငံများ ကိုယ်တိုင်က စိုးရိမ်ပူ ပန်ကြပါသည်။ ပြည်တွင်းပြည်ပရှိ အစွန်းမရောက်သော အစ္စလာမ်များနှင့်ပူးပေါင်း၍ အခြားနိုင်ငံ များ၌ ဘာသာရေးအစွန်းရောက်တို့အား မည်သို့မည်ပုံ တားဆီးသည်၊ ဘာသာရေးကျောင်းများ တွင် အစွန်းရောက်ဝါဒ မပို့ချစေရန် မည်သို့ထိန်းချုပ် သည် ဆိုခြင်းများကို လေ့လာသင့်ပါသည်။ ကမ္ဘာတွင် အစ္စလာမ်/ပြည်ပလွှမ်းမိုးမှုကို စိုးရိမ်ရသည့် နိုင်ငံတိုင်း၌ အမျိုးသားရေးဝါဒ ခေါင်း ထောင်လာတတ်သည်ကို သတိပြုရပါမည်။

အီးယူသည် မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ထောက်ခံအားပေးသည့်တိုင် ရခိုင်အရေး တွင် နားလည်မှု မပေးနိုင်ခဲ့ပါ။ ဒီမိုကရေစီအစိုးရလက်ထက်တွင် လွတ်လပ်စွာပြောဆိုရေးသား ခြင်းတို့အတွက်ပင် ပိုမိုတရား စွဲဆိုခံရခြင်း၊ ငြိမ်းချမ်းရေးအလှမ်းဝေးနေပြီး ဥပဒေစိုးမိုးမှုအား နည်းခြင်း၊ လူ့အခွင့်အရေးစောင့်ရှောက်မှု အားနည်းခြင်းတို့သည် အီးယူ၏ပဓာနတန်ဖိုးများကို ထိခိုက်လျက်ရှိသဖြင့် ဆက်ဆံရေးအခက်အခဲများ ဖြစ်နေပါသည်။ အီးယူသည်လည်း လူဝင်မှု ပြဿနာကို ရင်ဆိုင်နေရသောအဖွဲ့အစည်းဖြစ်ရာ လူ့အခွင့်အရေးနှင့် တရားဥပဒေ၊ လူသားချင်း စာနာမှုတို့ကို ဟန်ချက်ညီ ဆောင်ရွက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန်နားလည်မှု တည်ဆောက်နိုင်သင့်ပါသည်။

ကုလသမဂ္ဂသည် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝါဒတွင် အချက်အချာကျသော မဏ္ဍိုင်ဖြစ် သော်လည်း မြန်မာနိုင်ငံလူ့အခွင့်အရေးအတွက် ယန္တရားများစွာ နှင့်စောင့်ကြည့်ခြင်း၌ ပူးပေါင်း ဆောင်ရွက်ရာတွင် အကန့်အသတ်များ၊ ကြိုတင်သတ်မှတ်ထားသည့် အမြင်များကြောင့် အခက်အခဲ ရှိပါသည်။ ဘက်မလိုက်ခြင်းကို ကုလသမဂ္ဂစံနှုန်းအဖြစ် သတ်မှတ်လက်ခံကြသော်လည်း မြန်မာ နိုင်ငံတွင်း၌ ကုလသမဂ္ဂနှင့်အဖွဲ့အစည်းများကို ဘက်လိုက်သူများ၊ နိုင်ငံရေးအာဂျင်ဒါဖြင့် ဆောင်ရွက်နေသူများဟု ယူဆကြပါသည်။ ကုလသမဂ္ဂဘက်က လည်း မြန်မာနိုင်ငံအပေါ် ကောင်းမွန်သော အမြင်မရှိပါ။ ကုလသမဂ္ဂအတွင်း အင်အားစုဖွဲ့မှု၌ အလိုက်သင့် မပါဝင်နိုင်သော မြန်မာနိုင်ငံကဲ့သို့ နိုင်ငံငယ်တစ်ခုအား စံပြအဖြစ် အရေးယူမှတ်တမ်းတင်ရန် ကြိုးပမ်းနေကြပါ သည်။ စစ်အစိုးရလက်ထက်ကပင် လူ့အခွင့်အရေး ခေါင်းစဉ်ဖြင့် အိုင်အယ်လ်အိုမှ အရေးယူခြင်း များကို မြန်မာနိုင်ငံနှင့် စတင်ဆောင်ရွက်ခဲ့ပြီး ယခုလည်း ဆက် စပ်ပတ်သက်အငြင်းပွားမှု တစ်စုံတစ်ရာမရှိပဲ နိုင်ငံတစ် နိုင်ငံက တရားစွဲဆိုခြင်းဖြင့် နိုင်ငံတကာတရားရုံးတွင် စံပြအရေး ယူရန် ဆောင်ရွက်နေပါသည်။ နိုင်ငံတကာ အခင်းအကျင်းတွင် ကုလသမဂ္ဂသည် အားနည်း ချက်များ ရှိနေသည့်တိုင် မြန်မာနိုင်ငံအတွက်မူ ထိုအင်အား နည်းပါးနေသည့်စနစ်ကိုပင် ရင်ဆိုင်ဖက်ပြိုင်ရန် မြန်မာသံတမန်များက ခက်ခဲစွာ ကြိုးပမ်းနေရပါသည်။

ရခိုင်အရေးသည် ဘာသာရေး၊ လူမျိုးရေး၊ စီးပွား ရေး၊ ဖွံ့ဖြိုးတိုးတက်မှု ဘက်စုံအကြောင်း ဆုံဖြစ်လာရသည့်အပြင် ထိုဒေသတွင် ကာလကြာမြင့်စွာ တရား ဥပဒေစိုးမိုးမှုမရှိခြင်း၊ ပညာရေး တွင် နိမ့်ကျနေခြင်း၊ ရေတိုနိုင်ငံရေးအကျိုးအမြတ်ကို ရှေ့ရှုဆောင်ရွက်ခဲ့ခြင်း၊ ပြဿနာရင်းမြစ်ကို လျစ်လျူရှုခဲ့ခြင်းတို့က ပြဿနာကို ပိုဆိုးစေခဲ့ပါသည်။ တပ်မတော်အပါအဝင် ဝန်ထမ်းယန္တရားနှင့် ပြည်သူများသည် ကမ္ဘာကြည့်ကြည့်နိုင် ရန်၊ ကမ္ဘာ၏အမြင်ကို ဂရုစိုက်ရန် လိုအပ်နေပါသည်။ အထူးသဖြင့် စစ်အစိုးရကာလတစ်လျှောက်၊ တိုင်းရင်း သားလက်နက်ကိုင်များနှင့် တိုက်ပွဲ ကာလတစ်လျှောက် မှတ်တမ်းဆိုးရှိခဲ့သော တပ်မတော်အနေဖြင့် ပုံရိပ် မြှင့်တင်ရန်များစွာ ပြုပြင်ပြောင်းလဲရပါမည်။ အထင် အမြင်လွဲမှားစေသည့် အပြုအမူအပြောအဆိုမျိုးကို အထူး သတိထားသင့်ပါသည်။ နိုင်ငံတကာတွင် မနှစ်မျို့သော အသားအရောင်ခွဲခြားခြင်း၊ ခံရသူကို အပြစ်တင်ခြင်း၊ အပြစ်ရှိသူကို အရေးမယူခြင်းများ မဖြစ်စေရန် မိမိတို့အဖွဲ့အစည်းတွင် စည်းကမ်းတင်းကြပ်၍ ထိုသို့ စည်းကမ်းထိန်းသိမ်းခြင်းကိုလည်း အများသိစေရပါမည်။ နည်းပညာထွန်းကားသည့်ခေတ်တွင် သတင်း ရိုက်ကူးတင်ဆက်ခြင်းကို လူတိုင်းက နေရာ အမျိုးမျိုး၊ ပုံစံအမျိုးမျိုးလုပ်ဆောင်နိုင်သဖြင့် မတရားမှုရှိလျှင် ဖုံးကွယ်ငြင်းဆိုခြင်းအစား ဖြစ်သင့်ဖြစ်ထိုက်သည့် အတိုင်းအရေးယူဆောင်ရွက်ခြင်းကို သိသာ ထင်ရှားစွာ ပြုလုပ်ရပါမည်။

ရခိုင်ဒေသရှိ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ၊ အချက်အချာကျသည့် ကျောက်ဖြူ ရေနက် ဆိပ်ကမ်းတို့ကြောင့် တရုတ်၏လုပ်ငန်းများ ရပ်တန့်အောင် အနောက်နိုင်ငံများက နိုင်ငံရေးအရ ရခိုင်ဒေသ တည် ငြိမ်မှုမရှိအောင် ဆောင်ရွက်သည်ဟု ယူဆခြင်း၊ ရခိုင်အရေးကြောင့် အနောက် နိုင်ငံများနှင့် မြန်မာနိုင်ငံအကြား ညှိနှိုင်းမရသော သဘောထားများဖြစ်စေပြီး တရုတ်နိုင်ငံအပေါ် မှီခိုနေရအောင် နိုင်ငံရေးထိုးနှက်မှုများ ပါဝင်သည်ဟု ယူဆခြင်း၊ ပြည်တွင်းနိုင်ငံရေးအင်အား စုများက ဒီမိုကရေစီအစိုးရအကြပ်အတည်း တွေ့အောင် ဆောင်ရွက်သည်ဟု ယူဆခြင်းများမှာ သက်သေပြရန် ခဲယဉ်းပါသည်။ စင်စစ်တွင် အနာရှိ၍ စပ်ခြင်းသာ ဖြစ်သောကြောင့် ပြဿနာ၏ အရင်းခံကို ဖြေရှင်းရန်သာ အရေးကြီးပါသည်။

ဖွံ့ဖြိုးမှုကို တစ်နိုင်ငံလုံးတွင် လိုအပ်နေသော မြန်မာနိုင်ငံအတွက် ရခိုင်ဒေသ၌ လျှပ်စစ်မီး ရရှိစေခြင်း၊ လမ်းပန်းဆက်သွယ်မှုမြှင့်တင်ခြင်း၊ စီးပွားရေးတိုးတက်စေခြင်းစသည့် မြင်သာသော ရုပ်ဝတ္ထုဖွံ့ဖြိုးတိုးတက် ခြင်းတို့ဆောင်ရွက်ခြင်း၌ပင် အခက်အခဲရှိပါသည်။ ထိုလုပ်ငန်းထက် အဆများစွာ ပိုမိုခက်ခဲသည်မှာ ပြဿနာရှိနေသော လူ့အဖွဲ့အစည်းအကြား နားလည်မှုတည် ဆောက်သင့်မြတ်စေခြင်းဖြစ်ပါသည်။ သိန်းချီရှိနေသော လူဦးရေတစ်ရပ်ကို မြန်မာနိုင်ငံတွင် ပြန်လည်အခြေချ နေထိုင်စေလိုလျှင်၊ ယင်းတို့ကလည်း အမှန်တကယ်နေ လိုသည့်ဆန္ဒရှိလျှင်၊ ရှိနှင့်ပြီး လူ့အဖွဲ့အစည်းနှင့် နားလည်သင့်မြတ်မှုမရှိပဲ မဖြစ်နိုင်ပါ။ အမည်အခေါ်အဝေါ်မှ စတင်၍ နှစ်ဖက်နားလည်လက်ခံနိုင်မှသာ ရေရှည်ယှဉ်တွဲနေထိုင်နိုင်မည် ဖြစ်ပါသည်။ တစ်ပွဲထိုးပြီးမသွားပဲ ရေရှည်အချိန်ယူဖြေရှင်းရမည့် ပြဿနာ ဖြစ်၍ ပတ်သက်သူအားလုံးပါဝင်နိုင်သော ဆွေးနွေး တိုင်ပင်မှုဖြင့် ပြဿနာရင်းမြစ်ကို ဖြေရှင်းရန် အသီးသီးပြုပြင်ဆောင်ရွက်မှသာ ပြေလည်နိုင် မည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

မေနှင်းအေး

Please follow and like us:
0