လွတ်လပ်ခြင်း၊တရားမျှတခြင်းနှင့်တရားစီရင်ရေး

အပြည်ပြည်ဆိုင်ရာ တရားစီရင်မှုစနစ်သည် အချုပ်အခြာနယ်နမိတ်တစ်ခုအတွင်း အာဏာလက် ဝယ်ရှိသော အုပ်ချုပ်သူအစိုးရ(သို့)အဖွဲ့အစည်းက ယင်းနယ်နမိတ်အတွင်း နေထိုင်သောလူသားများ အပေါ် မတရားဖိနှိပ်မှုများ၊ လူသားရပိုင် ခွင့်ချိုးဖောက်မှု များကို ကျူးလွန်လာလျှင် ယင်းတို့ အတွက် တရားမျှတမှုကို ပြန်လည်ဖြစ်ပေါ်စေရန် နှင့်မတရားမှု၊ ချိုးဖောက်မှုများအား အဆုံးသတ်ရန်၊ ကာကွယ် ရန်တို့အတွက် ယင်း နယ်နမိတ်အပြင်ရှိ အခြားလူသားများနှင့်နိုင်ငံများက အားထုတ်ဆောင် ရွက်သင့်သည် ဟူသော အတွေးအခေါ်ကို အခြေခံကာ ပေါ်ထွက်လာခြင်းပင် ဖြစ်သည်။ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးလုပ်ငန်းစဉ်တွင် အဓိကကျသောအဆုံးအဖြတ်သည် အချုပ်အခြာ နယ်နမိတ်ပြင်ပရှိ လူသားများ၊ အဖွဲ့အစည်းများနှင့်နိုင်ငံများကို ရည်ရွယ်ခြင်းမဟုတ်ဘဲ မတရားမှုများ ဖြစ်ပွားရာ၊ လူ့ရပိုင်ခွင့်များချိုးဖောက်ရာ ယင်း အချုပ်အခြာနယ်နမိတ်အတွင်းရှိ လူသားများ၊ အဖွဲ့ အစည်းများ၏ ဆောင်ရွက်မှု၊ တုံ့ပြန်မှု နှင့် ပြင်ဆင်မှုတို့အပေါ်တွင်သာ တည်မှီနေကြောင်း ဦးစွာသဘောပေါက်သင့်ပါသည်။

တနည်းအားဖြင့် အချုပ်အခြာနယ်နမိတ်အတွင်းရှိ လူသားများ၊ အဖွဲ့အစည်း များ၏ ဆောင်ရွက် မှုသည် မတရားကြောင်း၊ လူ့ရပိုင်ခွင့်များကို ချိုးဖောက်ကြောင်း  ထင်ရှားလျှင်ဖြစ်စေ၊ ယင်းတို့အပေါ် ထိုပြစ်မှုများအတွက် ဝေဖန်ပြစ်တင်အရေးယူလာ သည့်အခါ ဖုံးကွယ်ငြင်းဆန်ပြီး အလားတူအမှုများကို စွပ်စွဲပြစ်တင်သူများ၊ အဖွဲ့ အစည်းများ၊ နိုင်ငံများကိုယ်တိုင်က ကျူးလွန်ဖူးသည်ဟု တန်ပြန်ပြစ်တင် စွပ်စွဲ သည့် တုံ့ပြန်မှုများ ပေါ်ပေါက်လျှင်ဖြစ်စေ၊ သို့မဟုတ် ယင်းပြစ်မှုများနှင့် သက်ဆိုင်သော သက်သေ ခံများကို ဖျောက်ဖျက်ခြင်း၊ ပြစ်မှုကျူးလွန်သူများအား အရေးမယူဘဲ လျစ်လျူရှုခြင်း၊  နောင်အခါ ယင်းပြစ်မှုမျိုးမပေါ်ပေါက်စေရန် ကာကွယ်တားဆီးနိုင် မည့်နည်းစနစ်များကို အားမထုတ်ခြင်းစသည့် အနုတ်သဘောဆောင်သော ပြင်ဆင်မှု များကို အားထုတ်လျှင်ဖြစ်စေ ယင်းလူသား/အဖွဲ့အစည်းများ၏ ယင်းပြစ်မှုများ အတွက် တာဝန်ရှိမှုသည် ထင်ရှားပြီး ဖြစ်သည်။ ယင်းအပေါ် တာဝန်ခံနိုင်ရန်အတွက် သာ နယ်နမိတ်ပြင်ပရှိ တရားစီရင်ရေးစနစ်က တွန်းအားပေးခြင်း ဖြစ်သည်။

သို့ဆိုရာတွင် မြန်မာ့အရေးကို နိုင်ငံတကာတရားစီရင်ရေးစနစ်က ဝင်ရောက် အဆုံးအဖြတ် ပေးခြင်း ကို လွန်မြောက်ရန်အတွက် တစ်ခုတည်းသောအဖြေမှာ ပြည်တွင်းတွင် ပြစ်မှုများရှိခဲ့လျှင် တာဝန်ခံမှုရှိကြောင်းနှင့် နောင်တွင် အလားတူ အမှုမျိုး မဖြစ်ပွားနိုင်ရန် မည်သို့စီမံဆောင် ရွက် နေကြောင်းတို့ကို ထင်ရှားပြသခြင်းပင် ဖြစ်ပါမည်။ ဖြစ်ပွားပြီးသောအမှုများအတွက် မပြုပြင်နိုင ် တော့သော်လည်း တာဝန်ခံမှု၊ တာဝန်ယူမှုမည်မျှရှိကြောင်းကိုမူ ဆောင်ရွက်နိုင်သေးသကဲ့သို့ နောင်တွင် အလားတူ အမှုမျိုးမဖြစ်အောင် ကာကွယ်တားဆီးရေးဆိုင်ရာ အားထုတ်မှုမျိုးကိုလည်း ဆောင် ရွက်နိုင်ပါသေးသည်။ ယင်းအစား နယ်နမိတ်အတွင်းရှိ အဖွဲ့အစည်းများနှင့်လူများ အကြား မည်သူက မည်မျှပိုမိုတာဝန်ရှိကြောင်း၊ နစ်နာကြောင်းတို့ကို ငြင်းခုန်လက်ညှိုး ထိုးနေမည်ဆိုလျှင် နိုင်ငံတကာ အလယ်တွင် မျက်နှာပျက်စရာ၊ အရှက်ရစရာမှလွဲပြီး မည်သည့်အကျိုးရလဒ်ကိုမျှ မျှော်လင့်နိုင်မည် မဟုတ်ပါ။ မိမိတို့၏ တရားစီရင်ရေး စနစ်က မည်မျှတရားမျှတမှုရှိစွာ စီရင်နိုင်စွမ်းပါသည်ဟူသော သက်သေများကသာ နိုင်ငံတကာ တရားစီရင်ရေးစနစ်ကို ပြည်တွင်းသို့ မဝင်ရောက်နိုင်အောင် ဟန့်တားနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် အချင်းချင်းလက်ညှိုးထိုး အပြစ်တင်ဝေဖန်ခြင်းထက် ပြည်တွင်း တရားစီရင်ရေးစနစ်အား လွတ်လပ်မှုနှင့်တရားမျှတမှုရှိရှိ စီမံဆောင်ရွက်နိုင်အောင် ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများအား ပြုပြင်ခြင်းနှင့် အတူ သက်ဆိုင်ရာလူများ၊ အဖွဲ့အစည်း များကပါ ခံယူလုပ်ဆောင်ချက်များ ပြောင်းလဲ အားထုတ်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

အယ်ဒီတာ

Please follow and like us:
0