ပွင့်လင်းမြင်သာမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် e-Government

e-Government ဟူသည် မြေပြင်အစိုးရတစ်ရပ်အတွက် ယင်း၏လုပ်ငန်းဆောင်တာများကို ထိရောက် စွာ စွမ်းဆောင်နိုင်မှု၊ ပွင့်လင်းမြင်သာရှိမှုတို့ကိုလည်းကောင်း၊ ယင်း၏နိုင်ငံသူ/သားများထံမှ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကိုလည်း ကောင်း တိုးတက်ရန်အလို့ငှာ အိုင်စီတီနည်းပညာကို အသုံးပြုပြီး မည်သည့်နေရာကမဆို မည်သူမဆို လက်လှမ်းမီအောင်ရှိနေ၊ ကိုယ်ထင်ပြနေပေးသည့် ဝေဟင်အစိုးရအသွင် တစ်ရပ်ပင် ဖြစ်ပါသည်။ ယင်းဝေဟင်အစိုးရအောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လိုအပ်ချက်များမှာ နည်းပညာလိုအပ် ချက်များ၊ အခြေခံအဆောက်အဦများ၊ ဆက်သွယ်ရေးလမ်းကြောင်းများ၊ ယင်းတို့အား ကောင်းမွန်ကျွမ်းကျင်စွာ စီမံခန့်ခွဲအသုံးချနိုင်သည့် လူသားရင်းမြစ်များ စသဖြင့် များပြားကျယ်ပြန့်လှပါသည်။ သို့ဖြစ်ရာ မြေပြင်အစိုးရ အများစုသည် နည်းပညာလိုအပ်ချက်ကို ဖြည့်ဆည်းရန် လွန်စွာအားထုတ်ကြရလွန်းရာက ဝေဟင်အစိုးရပုံစံ အတွက် အဓိကစိန်ခေါ်မှုသည် နည်းပညာအခက်အခဲသာ ဖြစ်သည်ဟု ခံယူတတ်ကြပြန်ပါသည်။

သို့ရာတွင် နည်းပညာလိုအပ်ချက်၊ အခြေခံအဆောက်အဦလိုအပ်ချက်နှင့် လူသားရင်းမြစ်လိုအပ်ချက် များအားလုံးသည် ပင်မအရေးအကြီးဆုံးဖြစ်သော အစိုးရတစ်ရပ်၏ ပွင့်လင်းမြင်သာမှုဆိုင်ရာမူဝါဒနှင့် အုပ်ချုပ်မှု ပုံစံဆိုင်ရာ အတွေးအမြင်ပေါ်တွင် သာ မူတည်နေကြောင်း သတိပြုကြရမည်ဖြစ်ပါသည်။ မည်မျှပင် လွယ်ကူသော နည်းပညာအစီအမံများ၊ ဆော့ဝဲလ်အကူအညီများကို သုံးစွဲသည်ဖြစ်စေ၊ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် သုံးစွဲရ မည့်ဖောင့်များ၊ ဒေတာဆာဗာများကဲ့သို့သော အခြေခံအဆောက်အဦများကို လုံလောက်လွယ်ကူအောင် ဖန်တီး ပြင်ဆင်ဖြည့်ဆည်းပေးထားသည်ဖြစ်စေ၊ မြေပြင်အစိုးရ၏ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ကြသည့် နိုင်ငံ့ဝန်ထမ်းများကို မည်မျှပင်ကျွမ်းကျင်ထူးချွန်အောင် စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားအင်အားဖြည့်တင်း ထားသည်ဖြစ်စေ မြေပြင်အစိုးရတစ်ရပ်အနေဖြင့် ပွင့်လင်းမြင်သာမှုရှိရေးကို အခြေခံသော မူဝါဒများအား အလုံ အလောက် ချမှတ်ပြဋ္ဌာန်းထားခြင်း မရှိလျှင် ဝေဟင်အစိုးရစနစ်သည် မည်သို့မျှ အသက်ဝင်ရှင်သန်နိုင်မည် မဟုတ်ပေ။

စင်စစ် သတင်းအချက်အလက် ရရှိပိုင်ခွင့်ကို ဥပဒေအဖြစ် ပြဋ္ဌာန်းကာ လူထု၏ သိပိုင်ခွင့်ကို ဖြည့်ဆည်း အကာအကွယ်မပေးနိုင်သရွေ့ တက်ကြွသော စုပေါင်းအင်အားဖြစ်သည့် နိုင်ငံသူနိုင်ငံသားများကို မည်သည့်အစိုးရ ကမျှ မျှော်လင့်နိုင်မည် မဟုတ်ပေ။ လူထုအဖို့ သိလိုရာကို သိခွင့်ရပါမှ အစိုးရများအပေါ် ယုံကြည်အားကိုးစွာ ပူးပေါင်း ဆောင်ရွက်တတ်ကြပါသည်။ ထို့ကြောင့် လူထုသိလိုရာကို ပွင့်လင်းမြင်သာစွာ အသိပေးရေးသည် အစိုးရတိုင်းအတွက် လွန်စွာအရေးကြီးသောမူဝါဒ ဖြစ်ပါသည်။ သို့မှသာ လူထုသည် စစ်မှန်သော စုပေါင်း အင်အားအဖြစ် အစိုးရအပေါ် ပူးပေါင်းဆောင်ရွက်မှုကို ပြုကြပါလိမ့်မည်။

ထို့ကြောင့် e-Government ဟုဆိုရာတွင် ခေတ်နှင့်အညီ နည်းပညာကို အသုံးပြုပြီး တည်ဆဲအစိုးရ၏ သိစေချင်သမျှကိုသာ ထင်ဟပ်ရသည့် ဝေဟင်အစိုးရပုံစံမဖြစ်စေဘဲ ရည်ရွယ်ရင်းဖြစ်သည့် နည်းပညာကို အခြေခံ သော ပွင့်လင်းမြင်သာမှုရှိပြီး လူထု၏ပူးပေါင်းဆောင်ရွက်နိုင်ခွင့်အတွက် ပလက်ဖောင်းခင်းပေးသည့် ဝေဟင် အစိုးရပုံစံသာ ဖြစ်သင့်ပါကြောင်း တင်ပြအပ်ပါသည်။                                                                 အယ်ဒီတာ

Please follow and like us:
0