နိုင်ငံတကာကလေးစစ်သားပြဿနာနှင့်မြန်မာ

ကလေးများသာ၊ စစ်သားများ မဟုတ်ပါ

ကုလသမဂ္ဂကလေးများနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် နှင့် ယူနီဆက်(ဖ)တို့က လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးစစ်သားများ အသုံးမပြုသင့်ကြောင်း ကမ္ဘာလုံး ဆိုင်ရာ သဘောတူညီချက်တစ်ရပ် ရယူရန် ရည်ရွယ်၍ `ကလေးများသာ၊ စစ်သားများ မဟုတ်ပါ (Children, Not Soldiers)´ အမည်ရှိ ကနဦးလှုပ်ရှားမှုတစ်ခုကို ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သည်။ ဤလှုပ်ရှားမှုကို ပဋိပက္ခ ဖြစ်ပွားနေသော အခြေအနေများတွင် အမျိုးသား လုံခြုံရေးတပ်ဖွဲ့များက ကလေးများအား စစ်သား စုဆောင်း ခြင်းနှင့်ပတ်သက်၍ အပြီးတိုင်အဆုံးသတ်နိုင် ရေးအတွက် အရှိန်အဟုန်၊ နိုင်ငံရေးစိတ်ဆန္ဒနှင့် နိုင်ငံတကာ ထောက်ခံမှုများ ရရှိရန် စီစဉ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ချက်ချင်းဆိုသလိုပင် လှုပ်ရှားမှုမှာ အဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂ၊ မိတ်ဖက်အန်ဂျီအိုများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ကမ္ဘာ့ပြည်သူလူထုထံမှ ထောက်ခံမှု ရရှိခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံတို့ကလည်း ဤလှုပ်ရှားမှုကို လက်ကမ်းကြိုဆို ခဲ့ကြပါသည်။

လှုပ်ရှားမှုစတင်ချိန်က လှုပ်ရှားမှုနှင့်ပတ်သက်သည့် နိုင်ငံများမှာ အာဖဂန်နစ္စတန်၊ ချက်၊ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ မြန်မာ၊ ဆိုမာလီယာ၊ တောင်ဆူဒန်၊ ဆူဒန်နှင့် ယီမင်တို့ ဖြစ်ကြသည်။ လှုပ်ရှားမှုမှာ ၂၀၁၆ ခုနှစ် နှစ်ကုန်တွင် ပြီးဆုံးခဲ့သော်လည်း ယခုအချိန်တွင် ပကတိအရှိတရားတစ်ခုအဖြစ် တွေ့မြင်နေရပြီး ကလေး စစ်သားပေါင်း ထောင်ပေါင်းများစွာ လွတ်မြောက်ခဲ့ကာ ယူနီဆက်(ဖ)၊ ငြိမ်းချမ်းရေးထိန်းသိမ်းမှုအဖွဲ့ သို့မဟုတ် နိုင်ငံရေးအဖွဲ့များအပြင် ကုလသမဂ္ဂနှင့် မိတ်ဖက်အန်ဂျီအိုများ၏ အကူအညီအထောက်အပံ့ဖြင့် လူမှုအဖွဲ့အစည်းအတွင်းသို့ ပြန်လည်ပေါင်းစည်းဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်ပေသည်။

ကလေးစစ်သား သို့မဟုတ် စစ်တပ်အတွင်းမှ ကလေးများ

ကလေးစစ်သားများမှာ ကုလသမဂ္ဂကလေးအခွင့် အရေးဆိုင်ရာ သဘောတူညီချက်၏ အဓိပ္ပာယ်သတ် မှတ်ချက်အရ စစ်တပ်အတွင်းမှ အသက် ၁၈ နှစ်အောက် ကလေးများ ဖြစ်သည်။ စစ်တပ်ဆိုသည်မှာ နိုင်ငံတော် လက်နက်ကိုင်တပ်ဖွဲ့များနှင့် နိုင်ငံတော်မဟုတ်သည့် လက်နက်ကိုင်အစုအဖွဲ့များကဲ့သို့သော စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်ပေသည်။

သမိုင်းတစ်လျှောက်နှင့် ယဉ်ကျေးမှုဓလေ့အများအပြားတွင် ကလေးများအား စစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်စေခဲ့ကြောင်း တွေ့ရသည်။ ဥပမာအားဖြင့် ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်တို့၏ ဘက် အသီးသီးတွင် ကလေးထောင်ပေါင်းများစွာ ပါဝင်ခဲ့ကြသည်။ ကလေးများအား တိုက်ပွဲအတွက် လေ့ကျင့် အသုံးချ ခြင်း၊ ပေါ်တာ သို့မဟုတ် သတင်းပို့သူများကဲ့သို့ အထောက်အကူပြုအခန်းကဏ္ဍများတွင် တာဝန် ပေးခိုင်းစေ ခြင်း သို့မဟုတ် လူသားဒိုင်းအနေဖြင့် နည်းပရိယာယ်ဆိုင်ရာ အကျိုးအမြတ်အတွက် အသုံးပြုခြင်း သို့မဟုတ် ဝါဒဖြန့်ချိရေးတွင် နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချခြင်းတို့ ပြုလုပ်နိုင်သည်။

ကလေးများသည် အရွယ်ရောက်သူများနှင့်စာလျှင် သြဇာလွှမ်းမိုးမှုဒဏ်ကို ကြီးကြီးမားမား ခံရနိုင်ခြေရှိ သောကြောင့် စစ်သားစုဆောင်းမှုအတွက် လွယ်ကူသော ပစ်မှတ်များ ဖြစ်ကြသည်။ အချို့မှာ အဓမ္မစုဆောင်းခံရ ပြီး အခြားကလေးများမှာမူ ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းရှာသည့်အနေဖြင့်လည်း ကောင်း၊ စစ်ဘက်ဘဝက ရင့်ကျက်မှုသို့ ပေါက်ရောက်ရာ လမ်းကြောင်းတစ်ခုဖြစ်မည်ဟု မျှော်လင့်ကြသော ကြောင့်လည်းကောင်း စစ်တပ်ထဲသို့ ဝင်ရောက်ရန် ရွေးချယ်ကြခြင်းဖြစ်သည်။

လက်နက်ကိုင်ပဋိပက္ခများကြား ကြိမ်ဖန်များစွာ ဖြတ်သန်းရှင်ကျန်ခဲ့ရသော ကလေးများမှာ စိတ်ပိုင်း ဆိုင်ရာ နာမကျန်းဖြစ်မှု၊ စာပေနှင့်အတွက်အချက်ပညာ အားနည်းမှုနှင့် ရန်လိုစိတ်များပြားမှုကဲ့သို့သော အပြုအမူ ဆိုင်ရာပြဿနာများကို ခံစားကြရပြီး အရွယ်ရောက်ချိန်တွင် ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့ဖြစ်မှုတို့သို့ ဆိုက် ရောက်နိုင်ခြေများပြားလှပေသည်။ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စုတို့မှ သုတေသနပြု ချက်တွင်လည်း ကြီးကောင်ဝင်အပျံသင်စကလေးငယ်များအား စစ်တပ်ထဲသို့ ဝင်ရောက်စေခြင်းသည် ယင်း တို့အား စစ်မြေပြင်သို့ မပို့သည့်တိုင် သေကြောင်းကြံစည်မှု၊ စိတ်ဖိစီးမှုနှင့် ဆက်နွယ်သည့် စိတ်ဝေဒနာ များ၊ အရက်စွဲမှုနှင့် အကြမ်းပတမ်းအပြုအမူများ ဖြစ်နိုင် ခြေမြင့်မားကြောင်း တွေ့ရသည်။

ထိုအကြောင်းများကြောင့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးများ ပါဝင်နေခြင်းကို တားဆီးရန် သဘောတူစာချုပ်အများအပြားကို ချုပ်ဆိုခဲ့ကြသည်။ နိုင်ငံတကာကလေးစစ်သားများအဖွဲ့၏ အဆိုအရ ဤ သဘောတူစာချုပ်များက ကလေးစစ်သားစုဆောင်းမှုကို လျှော့ချရန် အထောက်အကူပြုခဲ့သော်လည်း ဤအလေ့ အထမှာ အနှံ့အပြားရှိနေဆဲဖြစ်ပြီး ကမ္ဘာတစ်ဝန်း ရန်လို တိုက်ခိုက်မှုများအတွင်း ကလေးများ ဆက်လက်ပါဝင် နေရဆဲဖြစ်ကြောင်း သိရသည်။ အချို့သော စီးပွားရေးအင်အားကြီးနိုင်ငံများမှာ ၁၆ နှစ်၊ ၁၇ နှစ်အရွယ် ကလေး ငယ်များအား စစ်သားစုဆောင်းရေးအတွက် ဆက်လက်အားထားနေကြပြီး မကြာသေးမီနှစ်များ အတွင်း လက်နက်ကိုင်ပဋိပက္ခတွင် ငယ်ရွယ်သောကလေးများ ပါဝင်မှုမှာ တိုးမြင့်လာခဲ့သည်။ စစ်သွေးြွက အစ္စလာမ် ဝါဒလှုပ်ရှားမှုများနှင့် ယင်းတို့အား တိုက်ခိုက်နေသည့် အစုအဖွဲ့များမှာ ကလေးများကို အများအပြား စုဆောင်း ခဲ့ကြသည်။

ကလေးစစ်သားသမိုင်းအဆက်အစပ်

သမိုင်းကို ပြန်ကြည့်လျှင် တိုက်ခိုက်ရေးအတွက် လေ့ကျင့်အသုံးချခံခဲ့ရသော၊ ပေါ်တာနှင့်သတင်းပို့ အဖြစ် အထောက်အကူပြုကဏ္ဍများတွင် တာဝန်ပေးခိုင်းစေခံခဲ့ရသော၊ လိင်ကျွန်အဖြစ် အသုံးချခံခဲ့ရသော၊ လူသားဒိုင်းများအဖြစ် နည်းပရိယာယ်ဆိုင်ရာ အကျိုးအမြတ်အတွက် သို့မဟုတ် ဝါဒဖြန့်ချိရေးတွင် နိုင်ငံရေး အကျိုးအမြတ်အတွက် စုဆောင်းသိမ်းသွင်းခံခဲ့ရသော ကလေးများဖြင့် ပြည့်နှက်နေသည်ကို တွေ့ရမည်ဖြစ် သည်။ ဥပမာပြရလျှင် ၁၈၁၄ ခုနှစ်တွင် စစ်ဘုရင်နပိုလီယံက သူ့ တပ်များတွင် ဆယ်ကျော်သက်အများအပြားကို စုဆောင်းသိမ်းသွင်းခဲ့သည်။ အလားတူ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်၏ ဘက်အားလုံးတွင် ကလေးငယ် ပေါင်း ထောင်ပေါင်းများစွာ ပဝင်ခဲ့သည်။ ထို့ပြင် ၂၀ ရာစုတစ်လျှောက်လုံးနှင့် ၂၁ ရာစုအစောပိုင်းကာလ များအတွင်း ကမ္ဘာ့တိုက်ကြီးအားလုံးတွင် အထူးသဖြင့် အာဖရိက၊ လက်တင်အမေရိကနှင့် အရှေ့အလယ်ပိုင်းရှိ အစိတ်အပိုင်းများတွင် ကလေးများကို ဆက်လက်အသုံးပြုခဲ့ကြပြန်သည်။ ပြောရလျှင် ထောင်စုနှစ် ပြောင်းလဲ ခဲ့ချိန်ကျမှသာ စစ်ဘက်တွင် ကလေးများ အသုံးပြုမှုကို ကန့်သတ်လျှော့ချရန် နိုင်ငံတကာကြိုးပမ်းမှုများ စတင်ခဲ့ခြင်းဖြစ်ပေသည်။

လက်ရှိအနေအထား

လက်နက်ကိုင်ပဋိပက္ခတွင် ကလေးများ ပါဝင် ပတ်သက်မှုဆိုင်ရာ ကျင့်ဝတ်လုပ်ထုံးလုပ်နည်း(OPAC) ကို အတည်ပြုချမှတ်ခဲ့သည့် ၂၀ဝ၀ ပြည့်နှစ်မှစ၍ ကမ္ဘာလုံးဆိုင်ရာ ဦးတည်ချက်မှာ စစ်သားစုဆောင်းမှုကို အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်သူများ အတွက်သာ ကန့်သတ်လာခဲ့ကြသည်။ လက်နက်ကိုင် တပ်ဖွဲ့များရှိသည့် နိုင်ငံအများစုက လက်နက်ကိုင် ပဋိပက္ခတွင် ကလေးများကို အသုံးပြုနေဆဲနိုင်ငံများ အား အသုံးမပြုကြရန် တားမြစ်သည့် OPAC ကို ရွေးချယ်ခဲ့ကြသည်။

သို့စေကာမူ နိုင်ငံတကာကလေးစစ်သားများအဖွဲ့ ၏ ၂၀၁၈ ခုနှစ် ထုတ်ပြန်ချက်တွင် နိုင်ငံပေါင်း ၄၆ နိုင်ငံ၌ အသက် ၁၈ နှစ်အောက် ကလေးများအား စစ်သားအဖြစ် စုဆောင်းခြင်း၊ စစ်ရေးရည်ရွယ်ချက်များ အတွက် လေ့ကျင့်ပေးခြင်းများ ပြုလုပ်နေဆဲဖြစ်ကြောင်း၊ ထိုအထဲမှ နိုင်ငံအများစုမှာ အသက် ၁၇ နှစ်ရွယ် ကလေးများကို စုဆောင်းနေပြီး နိုင်ငံ ၂၀ မရှိတရှိက ၁၆ နှစ်အရွယ်ကို စုဆောင်းကာ ထို့ထက်နည်းသော နိုင်ငံများက ပိုမိုငယ်ရွယ်သော ကလေးများကို စုဆောင်းနေကြောင်း ဖော်ပြပါရှိသည်။

ထိုသို့ ကလေးများအား လက်နက်ကိုင်တပ်ဖွဲ့များအတွက် အထောက်အကူရရန် ရည်ရွယ်စုဆောင်းနေဆဲ နိုင်ငံများတွင် ကမ္ဘာ့လူဦးရေအထူထပ်ဆုံးနိုင်ငံကြီးသုံးနိုင်ငံဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စု တို့အပြင် အီတလီနှင့်ဂျပန်မှလွဲ၍ ကျန်စီးပွားရေးအင်အားအကြီးဆုံး ဂျီဆဲဗင်း(G7) ဝင် နိုင်ငံများအားလုံး ပါဝင်နေသည်ကို တွေ့ရသည်။ စစ်ရေးလေ့ကျင့်ခြင်း၊ စစ်ဘက်ပတ်ဝန်းကျင်အခြေအနေနှင့် စစ်မှုထမ်းစာချုပ် ချုပ်ဆိုခြင်းတို့မှာ ကလေးအခွင့်အရေးများနှင့် သဟဇာတမဖြစ်ဘဲ ကလေးများ၏ ကြီးကောင်ဝင်ချိန်ကာလ အတွင်း ကျန်းမာရေးဖွံ့ဖြိုးမှုကို အန္တရာယ်ဖြစ်စေကြောင်း ဆွေးနွေးငြင်းခုံ၍ နိုင်ငံတော်လက်နက်ကိုင်တပ်ဖွဲ့များ က ကလေးစုဆောင်းမှုကို အဆုံးသတ်ကြရန် ကုလသမဂ္ဂကလေးအခွင့်အရေးကော်မတီနှင့် အခြားအဖွဲ့အစည်း များက တောင်းဆိုခဲ့ကြသည်။

အာဖရိကတိုက်တွင် ၂၀၁၅ ခုနှစ်မှစ၍ ယခုအချိန်အထိ ဖြစ်ပွားနေသော ယီမင်ပြည်တွင်းစစ်အတွင်း ဟူသီ သူပုန်များအား တိုက်ခိုက်ရန် ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့က ဆူဒန်နိုင်ငံ (အထူးသဖြင့် ဒါဖာဒေသ)မှ ကလေးစစ်သားများကို ငှားရမ်းပေးခဲ့သည်။

ထိုနိုင်ငံတော်အစိုးရ လက်နက်ကိုင်တပ်ဖွဲ့များတွင် သာမက နိုင်ငံတော်အစိုးရမဟုတ်သော လက်နက်ကိုင် အဖွဲ့အစည်းများကလည်း ကလေးစစ်သားများအား အသုံးပြုလျက်ရှိရာ ထိုအစုအဖွဲ့များတွင် ပြည်သူ့စစ်များ၊ သူပုန်များ၊ အကြမ်းဖက်အဖွဲ့အစည်းများ၊ ပြောက်ကျားလှုပ်ရှားမှုများ၊ သဘောတရားရေးအရ သို့မဟုတ် ဘာသာ ရေးအရ လှုပ်ရှားမောင်းနှင်နေကြသော အစုအဖွဲ့များ၊ လက်နက်ကိုင်လွတ်မြောက်ရေးလှုပ်ရှားမှုများ နှင့် အခြား စစ်ဘက်တစ်ပိုင်းအဖွဲ့အစည်းအမျိုးအစားများလည်း ပါဝင်ပါသည်။ ၂၀၁၇ ခုနှစ်တွင် ကုလသမဂ္ဂက ထိုသို့ ကလေးစစ်သားများ အကျယ်အပြန့် အသုံးပြုနေ ကြသော နိုင်ငံ ၁၄ နိုင်ငံကို စိစစ်ဖော်ပြခဲ့ရာ ယင်းတို့မှာ အာဖဂန်နစ္စတန်၊ ကိုလံဘီယာ၊ ဗဟိုအာဖရိက သမ္မတနိုင်ငံ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အီရတ်၊ မာလီ၊ မြန်မာ၊ နိုက်ဂျီးရီးယား၊ ဖိလစ်ပိုင်၊ ဆိုမာလီယာ၊ တောင်ဆူဒန်၊ ဆူဒန်၊ ဆီးရီးယားနှင့် ယီမင်တို့ ဖြစ်ကြသည်။

သို့တစေ ထိုလက်နက်ကိုင်အစုအဖွဲ့အားလုံးက ကလေးစစ်သားများကို အသုံးပြုကြသည်တော့ မဟုတ် ချေ။ ခန့်မှန်းခြေအစုအဖွဲ့ပေါင်း ၆၀ ခန့်မှာ ကလေး စစ်သားအသုံးပြုမှုအလေ့အထကို လျှော့ချရန် သို့မဟုတ် အဆုံးသတ်ရန် ၁၉၉၉ ခုနှစ်ကတည်းက သဘောတူညီ ချက်များ လက်မှတ်ရေးထိုးခဲ့ကြသည်။ ဥပမာအားဖြင့် ၂၀၁၇ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံမှ မိုရိုအစ္စလာမ်မစ် လွတ်မြောက်ရေးတပ်ဦး(MILF) က ယင်း၏ တပ်ရင်း တပ်ဖွဲ့များမှ ကလေးစစ်သားပေါင်း ၂၀ဝ၀ နီးပါးကို လွှတ်ပေးခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ကိုလံဘီယာနိုင်ငံမှ မာ့(ခ) (FARE-EP) ပျောက်ကြားလှုပ်ရှားမှုအဖွဲ့က ကလေးစစ်သားစုဆောင်းမှုကို ရပ်ဆိုင်းရန် သဘောတူ ခဲ့သည်။ အချို့သောနိုင်ငံများ အထူးသဖြင့် အာဖဂန် နစ္စတန်၊ အီရတ်၊ နိုက်ဂျီးရီးယားတို့တွင်မူ နိုင်ငံအစိုးရ တပ်ဖွဲ့များအား ဆန့်ကျင်တိုက်ခိုက်နေကြသည့် အစ္စလာမ္မစ်စစ်သွေးြွကများနှင့် လက်နက်ကိုင်အဖွဲ့များက လမ်းကြောင်း ပြောင်းပြန် လျှောက်နေကြပြီး ကလေးများအား စစ်သားစုဆောင်းခြင်း၊ လေ့ကျင့်သင်ကြားခြင်း၊ အသုံးပြုခြင်း များကို တိုး၍သာ လုပ်ကိုင်ခဲ့ကြသည်။

ကမ္ဘာလုံးဆိုင်ရာ ကလေးစစ်သားခန့်မှန်းခြေ

၂၀ဝ၃ ခုနှစ်တွင် ဘရွတ်ကင်းတက္ကသိုလ်မှ ပီ-ဒဗလျူဆင်းဂါးက တစ်ကမ္ဘာလုံး၌ ဖြစ်ပွားနေဆဲ လက်နက်ကိုင်ပဋိပက္ခများ၏ လေးပုံသုံးပုံခန့်တွင် ကလေးစစ်သားများ ပါဝင်နေကြောင်း ခန့်မှန်းတွက်ချက် ပြခဲ့သည်။ ထိုနှစ်တွင်ပင် ကုလသမဂ္ဂလူသားချင်း စာနာမှုရေးရာရုံး(UNOCHA) ကလည်း ဤကလေး စစ်သား များ၏ အများစုမှာ အသက် ၁၅ နှစ်ကျော်ရုံသာရှိကြပြီး အချို့မှာ ထို့ထက်ပင် ငယ်ရွယ်ကြကြောင်း ခန့်မှန်း ဖော်ပြခဲ့သည်။

ယနေ့အချိန်တွင် ကလေးစစ်သားများအနှံ့အပြား အသုံးပြုရာ လက်နက်ကိုင်ပဋိပက္ခများအတွင်း လုံခြုံရေးကင်းမဲ့မှုကြောင့် ကုလသမဂ္ဂအရာရှိများနှင့် အခြားတတိယအဖွဲ့အစည်းများ သွားရောက်လေ့လာခွင့်ကို တားဆီးခံနေရရာ ကလေးစစ်သား ဘယ်လောက်များများ ပါဝင်ပတ်သက်နေသည်ကို ခန့်မှန်းတွက်ချက် ရန် ခက်ခဲပေသည်။ ၂၀၁၇ ခုနှစ်တွင် နိုင်ငံတကာ ကလေးစစ်သားများအဖွဲ့က ၁၀ဝဝ၀ဝ မက ရှိနိုင်သည့် ထောင် သောင်းများစွာသော ကလေးများမှာ နိုင်ငံအစိုးရစစ်တပ်များနှင့် နိုင်ငံအစိုးရမဟုတ်သည့် စစ်ဘက်အဖွဲ့အစည်း များတွင် ကမ္ဘာအနှံ့အပြား ပါဝင်ပတ်သက်နေကြောင်း ခန့်မှန်းခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်မူ အနည်းဆုံး လက်နက်ကိုင် ပဋိပက္ခ ၁၈ ခု၌ ကလေးများအား အသုံးချပါဝင်စေခဲ့ကြောင်း ယင်းက သတင်းထုတ်ပြန် ခဲ့သည်။

Save the Children နှင့် Rights and Democracy အဖွဲ့များ၏ ပြောဆိုချက်အရ ယနေ့ ကမ္ဘာတစ်ဝန်းရှိ အနည်းဆုံးနိုင်ငံပေါင်း ၂၀ တွင် ကလေးစစ်သားပေါင်း ၂၅၀ဝ၀ဝ မှ ၃၀ဝဝ၀ဝ ကြားရှိကြောင်း နှင့် ကလေးစစ်သားအားလုံး၏ ၄၀ ရာခိုင်နှုန်းမှာ မိန်းကလေးများဖြစ်ပြီး လိင်ကျွန်းအဖြစ်လည်းကောင်း၊ တိုက်ခိုက်ရေး စစ်သားများအတွက် သားမယားအဖြစ်လည်းကောင်း ခေါ်ယူအသုံးပြုကြကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုတွင် အသက် ၁၇ နှစ် အရွယ် ကလေးများအား မိဘအုပ်ထိန်းသူ၏ စာဖြင့် ရေးသားထားသော သဘောတူညီချက်ဖြင့် လက်နက် ကိုင်တပ်ဖွဲ့များတွင် ဝင်ရောက်နိုင်ကြောင်း သတ်မှတ် ပြဋ္ဌာန်းထားသည်။ ၂၀၁၅ ခုနှစ် စာရင်းဇယားများအရ အသက် ၁၇ နှစ်အရွယ် ကလေးငယ်ပေါင်း ၁၆ဝ၀ဝ ခန့်မှာ နှစ်စဉ်နှစ်တိုင်း လက်နက်ကိုင်တပ်ဖွဲ့များသို့ စာရင်းသွင်းဝင်ရောက်ကြကြောင်း သိရသည်။ ထို ကလေးများကို စစ်ဘက်အထောက်အကူပြုလုပ်ငန်းများတွင် အသုံးပြုကြောင်း၊ ယင်း၏ ကလေးတပ်သား ရေသောက်မြစ်မှာ ကျောင်းပညာရေး လက်လှမ်းမမီသည့် ကလေးငယ်များဖြစ်ပြီး ထိုကလေးများအား ကျောင်းပညာသင်ယူခွင့်ပေး ထားကြောင်း အမေရိကန်စစ်တပ်က ဖော်ပြသည်။ တစ်ဖက်တွင် ကလေးအခွင့်အရေးအဖွဲ့များက အမေရိကန် ပြည်ထောင်စု၏ စစ်တပ်အထောက်အကူပြုရေးအတွက် ကလေးများအပေါ် မှီခိုနေမှုကို ဝေဖန်ခဲ့ကြပြီး ကလေး အခွင့်အရေးကော်မတီကလည်း အမေရိကန်ပြည်ထောင်စုအနေဖြင့် စစ်တပ်ထဲ ဝင်ရန် အနိမ့်ဆုံးအသက် ကန့်သတ်ချက်ကို ၁၈ နှစ်သို့ တိုးမြှင့်သတ်မှတ်ရန် အကြံပြုခဲ့သည်။ သို့သော် ၁၉၉၀ ပြည့်နှစ်များအတွင်း OPAC သဘောတူစာချုပ်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများတွင် ကမ္ဘာလုံးဆိုင်ရာ အနိမ့်ဆုံး စစ်ထဲဝင်သက်ကန့်သတ်ချက် ၁၈ နှစ်ကို ယူကေနှင့် အတူ ယူအက်(စ)က အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။ ၂၀ဝ၂ ခုနှစ်တွင် ထိုစာချုပ်ကို ယူအက်(စ)က အတည်ပြုလက်မှတ်ရေးထိုးခဲ့သော်လည်း ကလေးအခွင့် အရေးဆိုင်ရာ သဘောတူညီချက်ကိုမူ ၂၀၁၈ ခုနှစ်အထိ အတည်ပြုလက်မှတ်ရေးထိုးခြင်း မပြုခဲ့ပေ။

ယူနိုက်တက်ကင်းဒမ်း(ယူကေ)တွင်မူ အနိမ့်ဆုံး စစ်ထဲဝင်သက်ကို ၁၆ နှစ် သတ်မှတ်ထားပြီး လျှောက် လွှာများကို အသက် ၁၅ နှစ်ရွယ် ကလေးငယ်များထံ မှပင် လက်ခံခဲ့သည်။ ၂၀၁၆ စာရင်းဇယားများအရ ဗြိတိသျှစစ်တပ်တွင်းသို့ စာရင်းသွင်းဝင်ရောက်သူ အားလုံး၏ လေးပုံတစ်ပုံမှာ အသက် ၁၈ နှစ်အောက် ၌သာရှိကြောင်း သိရသည်။ ယူအက်(စ)ကဲ့သို့ပင် ကလေးစစ်သားများအား ပုံမှန်အားဖြင့် ပဋိပက္ခဖြစ်ပွား ရာဒေသသို့ စေလွှတ်မှုမပြုဘဲ စစ်ထဲဝင်ရန်အတွက် ဦးစွာမိဘသဘောတူညီချက်ကို ရယူရန် သတ်မှတ်ထား သော်လည်း ၂၀ဝ၃ ခုနှစ် ၂၀၁၀ ပြည့်နှစ်ကြားတွင် အသက် ၁၈ နှစ်အောက် ကလေးစစ်သား ၂၂ ယောက် ကို အီရတ်နှင့် အာဖဂန်နစ္စတန်သို့ ပို့လွှတ်ခဲ့သည်။

မိန်းကလေးစစ်သားပြဿနာ

ဘေဂျင်းကြေညာစာတမ်းတွင် လက်နက်ကိုင်ပဋိပက္ခ၏အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် ထိခိုက်သက်ရောက်မှုများအား အဓိကစိုးရိမ်ဖွယ်ရာအဖြစ် အသိအမှတ်ပြုပြီး လုပ်ငန်းလမ်းစဉ်တွင် ယင်း တို့အတွက် အကာအကွယ်ပေးရေးနှင့် ပြင်ပလူ့အဖွဲ့အစည်းအတွင်း ပူးပေါင်းပါဝင်ရေးကို ထည့်သွင်းထားသော် လည်း မိန်းကလေးစစ်သားပြဿနာမှာ ထိုက်သင့်ထိုက်တန်သလောက် အရေးတယူဂရုစိုက်မှုမခံခဲ့ရချေ။ ပဋိပက္ခ လွန် လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်း ရေးနှင့် ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်(DDR) တွင် တိုးတက်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်းနှင့် မိန်းကလေး များ၏ လိုအပ်ချက်များအား ကိုင်တွယ်ဖြေရှင်းမှု မပြုနိုင် ကြောင်း Save the Children  က ဆိုပါသည်။ The Rights and Democracy အဖွဲ့ကလည်း မိန်း ကလေးငယ်များမှာ အစိုးရပြည်သူ့စစ်အဖွဲ့ သို့မဟုတ် အတိုက်အခံလက် နက်ကိုင်တပ်ဖွဲ့များ၏ အစိတ်အပိုင်း အဖြစ် မကြာသေးမီနှစ်များအတွင်း နိုင်ငံပေါင်း ၅၀ ကျော်တွင် ပါဝင်ခဲ့ရကြောင်း ယင်း၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

မိန်းကလေးများမှာ လက်နက်ကိုင်ပဋိပက္ခတွင် ထူးခြားအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ကြရပြီး တစ်ကမ္ဘာလုံးကလေးစစ်သားပေါင်း၏ ၃၀ ရာခိုင်နှုန်း ခန့်အထိ ရှိကြသည်။ ယင်းတို့၏ မူလတာဝန်မှာ ထမင်း ချက်၊ အဝတ်လျှော်၊ အိမ်မှုကိစ္စများဖြစ်သော်လည်း နောက်ပိုင်းတွင် လိင်ကျွန်အဖြစ်လည်းကောင်း၊ အပျော် သားမယားအဖြစ်လည်းကောင်း အနိုင်ကျင့်ခိုင်းစေခံရသည့်ပြင် တိုက်ခိုက်ရေးတာဝန်များကိုလည်း ထမ်း ဆောင်ကြရသည်။ အကြမ်းဖက်တိုက်ခိုက်မှုများတွင်မူ အသက်ကိုပါ ပေးဆက်၍ ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ကြရလေသည်။

ကလေးစစ်သားစုဆောင်းမှုတားမြစ်ပိတ်ပင်ရေးနှင့် နောက်ဆက်တွဲပြဿနာများ

၁၈ နှစ်အောက် ကလေးများအား စစ်သားစုဆောင်းခြင်း မပြုရန် တားမြစ်ပိတ်ပင်မှုများမှာ မဖြစ်မနေ ပြုလုပ်ရမည့် မရှိမဖြစ်အရေးပါသော လုပ်ငန်းတစ်ရပ် ဖြစ်သည်မှန်သော်လည်း ဤသို့ကလေးစစ်သားစုဆောင်း မှု၏ အရင်းအမြစ်များအား သုတ်သင်ဖယ်ရှားရန်နှင့် ကလေးစစ်သားဘဝမှ ကျွတ်လွတ်ခွင့်ရလာသူများအတွက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်များမှာ ပို၍သိမ်မွေ့နက်နဲခက်ခဲသော ကျယ်ပြန့် ရှည်လျားသည့် ဖြစ်စဉ်များကို ကျော် ဖြတ်ရမည်ဖြစ်ပေသည်။ အရင်းအမြစ်ကို သုတ်သင် ဖယ်ရှားမှု မပြုနိုင်ပါက နောက်ဆက်တွဲပြဿနာများ ကို ကိုင်တွယ်ဖြေရှင်းရာတွင် အဆင်မပြေနိုင်ချေ။

စစ်ကို ဖန်တီးသူများနှင့် စစ်၏သားကောင်းများ

အထက်တွင် တွေ့ရှိခဲ့ရသော ကမ္ဘာ့နိုင်ငံအသီးသီး ၏ အခြေအနေအရပ်ရပ်ကို ပြန်လည်သုံးသပ်မည်ဆိုပါ က စစ်ကို ဖြစ်ပွားစေသော နိုင်ငံရေးပြဿနာများ၊ ထိုနိုင်ငံရေးပြဿနာများကို ဖြစ်ပွားစေသော လူမှုစီးပွား စနစ်များနှင့် ထိုလူမှုစီးပွားစနစ်များကို ဖန်တီးထုတ်လုပ်နေသည့် အုပ်စိုးသူ လူတန်းစားများကို တွေ့မြင်ရမည် ဖြစ်သည်။ သွေးစုတ်ချယ်လှယ်သည့် စီးပွားရေးစနစ် ဖြင့် ဓနအင်အားများစွာ ကြွယ်ဝသည့် နိုင်ငံကြီးများမှ  ဖိနှိပ်သူလူတန်းစားက ကြီးမားသော စစ်အင်အားကို စုစည်းကာ မိမိအကျိုးစီးပွားနှင့် မကိုက်ညီသော ပြည် တွင်းပြည်ပ အဖိနှိပ်ခံလူတန်းစားများအား ဖိနှိပ်ကျူး ကျော်မှုများ ပြုလုပ်ကြသည်။ ယနေ့ကာလကဲ့သို့ အရင်း အနှီးများ ကမ္ဘာပတ်နေသည့် ဂလိုဘယ်အရင်းရှင်စနစ် အောက်တွင် စီးပွားရေးအရ သွေးစုတ်ခြယ်လှယ်မှု၊ နိုင်ငံ ရေးအရ လွှမ်းမိုးချုပ်ကိုင်မှု၊ စစ်ရေးအရ ဗိုလ်ကျစိုးမိုးမှု များမှာ ထင်ရှားမြင်သာသော လုပ်ရပ်များဖြစ်သည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းအခြေအနေများအရ လက်လွှတ်ခဲ့ရသော ကိုလိုနီဟောင်းနိုင်ငံများတွင် ကိုလိုနီသစ် ဝါဒဖြင့် ဆက်လက်သွေးစုတ်ခြယ်လှယ်ခဲ့ကြသည်။ ထိုနိုင်ငံများတွင် လက်ဝေခံအစိုးရများထား၍ အဝေး ထိန်းခလုတ်ဖြင့် ချုပ်ကိုင်ကြသည်။ ရေခံမြေခံ မကောင်း သော နိုင်ငံဒေသများတွင် ပြည်တွင်းစစ်များကို အားပေး ၍ မတည်မငြိမ်ဖြစ်အောင်လုပ်သည်။ ပဋိပက္ခတွင် ပါဝင်ပတ်သက်သူများအား ဘက်ပေါင်းစုံမှ နည်း ပေါင်းစုံဖြင့် လက်နက်ရောင်းသည်။ ပဋိပက္ခဘက် အသီးသီးတွင် လက်နက်အပြိုင်အဆိုင် တပ်ဆင်စေပြီး ပစ်သမျှ ကျည်ဆံ များမှ ပိုက်ဆံများကို သဲ့ယူကြသည်။ မငြိမ်းချမ်းသော မြေပြင်တွင် ရွှေပင်ငွေပင်စိုက်ကြသည်။ ထိုနိုင်ငံဒေသ များမှ အုပ်စိုးသူလူတန်းစားကလည်း ပြည်တွင်းစစ်များကို အရင်းပြု၍ ဥစ္စာဓန စုဆောင်းကြသည်။ နောက်ဆုံး တွင် ကမ္ဘာ့ပြည်သူများက ထိုစစ်ဒဏ်၊ ထိုစစ်ကို ဖန်တီးပေးသော ထိုစနစ် ဒဏ်ကို အလူးအလှိမ့်ခံကြရတော့သည်။ ထိုအထဲတွင် အကာအကွယ်မဲ့ဆုံး ကလေးငယ်များမှာ စစ်၏ သားကောင်များဘဝသို့ သက်ဆင်းကြရလေသည်။

ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်ပေါင်းစည်းရေး

နိုင်ငံတကာ ကလေးစစ်သားများအဖွဲ့က ပြန်လည် ပေါင်းစည်းရေးကို `လက်နက်ကိုင်တပ်များ၊ လက် နက်ကိုင်အဖွဲ့များနှင့် ယခင်က ပတ်သက်ဆက်ဆံခဲ့ရသော ကလေးငယ်များအား အရပ်သားဘဝသို့ ပြန်သွား ရန်နှင့် ယင်းတို့၏ မိသားစုများ၊ လူမှုအသိုက်အဝန်းများတွင် တန်ဖိုးရှိသည့်အခန်းကဏ္ဍမှ ပါဝင်နိုင်စေရန် ကူညီ ထောက်ပံ့သည့် လုပ်ငန်းစဉ်´ အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုပါသည်။ ယူနီဆက်(ဖ)က ကမကထ လုပ်ဆောင်ခဲ့ သကဲ့သို့သော ကလေးစစ်သားများအား ပြန်လည်ထူထောင်ပေးရန်နှင့် ပြန်လည်ပေါင်းစည်းပေးရန် ရည်ရွယ် သည့် အစီအစဉ်များတွင် အစိတ်အပိုင်းသုံးခုကို အထူးအလေးထားဆောင်ရွက်သည်။ ယင်းတို့မှာ မိသားစု ပြန်လည်ပေါင်းစည်းရေး/ လူမှုအသိုက်အဝန်းကွန်ရက်၊  စိတ်ဓာတ်ရေးရာ အထောက်အကူနှင့် ပညာရေး/ စီးပွား အခွင့်အလမ်းတို့ဖြစ်သည်။ ဤကြိုးပမ်းအားထုတ်မှုများအား အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်မှာ အနိမ့်ဆုံး ၃ နှစ်မှ ၅ နှစ်အထိ အချိန်ယူရမည်ဖြစ်သည်။ ကလေးစစ်သားများကို ယင်းတို့၏ မိသားစု/ အသိုက် အဝန်းတွင်းသို့ အောင်မြင်စွာ ပြန်လည်ပေါင်းစည်းမပေးနိုင်လျှင် ထိုကလေးများမှာ နောက်တစ်ကြိမ် ထပ်မံ စစ်သားစုဆောင်းခံရနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်ရပေမည်။ ယင်းတို့အထဲမှာ အထူးအလေးထား စဉ်းစားရမည့် ကလေးများမှာ မိန်းကလေးစစ်သားများနှင့် မူးယစ်ဆေးစွဲကလေးစစ်သားများဖြစ်သည်။ မူးယစ် ဆေးလွှမ်းမိုးမှု အောက်ရောက်နေသူ ကလေးစစ်သားများနှင့် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများ ရလာသူ မိန်းကလေး စစ်သားများအတွက် ယင်းတို့၏ သီးခြားလိုအပ်ချက်ဖြစ်သော နောက်ထပ်အစီအစဉ်များကို လုပ်ဆောင်ပေးရ မည် ဖြစ်ပေသည်။

ကလေးစစ်သားပြဿနာနှင့် မြန်မာ

မြန်မာနိုင်ငံသည် ကမ္ဘာတွင် ကလေးစစ်သား အများဆုံးအသုံးပြုသည့် နိုင်ငံဖြစ်ပြီး ယနေ့အချိန်တွင် အာဆီယံ၌ ကလေးစစ်သားအသုံးပြုသည့် တစ်ဦးတည်း သော နိုင်ငံဖြစ်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ (HRW) ကဆိုပါသည်။ ယင်း၏အဆိုအရ မြန်မာ့ တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသော ကလေး စစ်သားအရေအတွက်မှာ ၇၀,ဝ၀ဝ ခန့်ထိရှိကြောင်းနှင့် အချို့ကလေးများမှာ အသက် ၁၁ နှစ်ထိ ငယ်ရွယ်ကြောင်း ကြားသိရသည်။ ထို့ပြင် မတူကွဲပြားသော အတိုက်အခံ တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်အဖွဲ့ များတွင်လည်း ကလေးစစ်သားပေါင်း ၅ဝ၀ဝ မှ ၇ဝ၀ဝ ခန့်ရှိကြောင်း၊ အများစုမှာ ဝပြည်နယ်သွေး စည်းညီညွတ်ရေး တပ်မတော်မှဖြစ်ကြောင်း HRWက ဆိုပါသည်။

သို့တစေ ဤစာရင်းဇယားများမှာ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အရပ်ဒေသများသို့ တရားဝင်သွား ရောက်ကောက်ယူရရှိသည့် အရေအတွက်များမဟုတ်သဖြင့် အခိုင်အမာအတည်ပြုနိုင်သည့် ယုံကြည်လောက် သော စာရင်းဇယားများကား မဟုတ်ချေ။

မည်သို့ပင်ဆိုစေ ၁၉၄၈ ခုနှစ်၊ ဗြိတိသျှနယ်ချဲ့ကိုလိုနီဘဝမှ လွတ်လပ်ရေးရပြီး များမကြာမီဖြစ်ပွား ခဲ့သည့် မြန်မာ့ပြည်တွင်းစစ်အတွင်း မြန်မာ့တပ်မတော်နှင့် အသီးသီးသော တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ၏ သည်းသန်ရှည်ကြာသော လက်နက်ကိုင်ပဋိပက္ခအကြားတွင် ဤကလေးစစ်သားပြဿနာမှာ ယနေ့ထက်ထိတိုင် မပြီးပြတ်နိုင်သေးသော ပြည်တွင်းငြိမ်းချမ်းရေးပြဿနာနှင့်အတူ သပွတ်အူလိုက်နေသေး သည်မှာ မျက်ကွယ်မပြုနိုင်သော အရှိပကတိအခြေအနေဖြစ်ပေသည်။ ဤအခြေအနေကို ပိုမိုရှုပ်ထွေးရှည်ကြာ စေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ စိုးမိုးလာခဲ့သော စစ်အာဏာရှင်စနစ်နှင့် ယင်းက ဖန်တီးပေးခဲ့သော ဆင်းရဲ မွဲတေမှုတို့ပင်ဖြစ်သည်။ တစ်ချိန်တည်းတွင် ဤဆင်းရဲမွဲတေမှုမှာ ကလေးစစ်သားစုဆောင်းရာ အဓိက ရေသောက်မြစ်ကြီးဖြစ်နေသည်ကိုလည်း စိတ်မသက်သာစရာ တွေ့မြင်နေရပေသည်။ ထို့ကြောင့်ပင် မြန်မာနိုင်ငံ နှင့် ကလေးစစ်သားပြဿနာမှာ အရင်းအမြစ်ပဋိပက္ခအား လုံးဝဥဿုံမဖြေရှင်းနိုင်သေးသ၍ ဖြေရှင်းသွားလိမ့် မည်ဟု မမျှော်လင့်နိုင်ချေ။

သဘာဝကျစွာပင် ပြည်တွင်းစစ်ရှိနေသမျှ နိုင်ငံရေးတည်ငြိမ်မှုက မရနိုင်ဘဲ ထိုနိုင်ငံရေးမတည်ငြိမ်မှု ကပင် နိုင်ငံဆင်းရဲမွဲတေမှု၏ အကြောင်းရင်းဖြစ်နေပြန်သည်။ ဆိုခဲ့ပြီးသကဲ့သို့ ထိုဆင်းရဲမွဲတေမှုမှာ ကလေး များအဖို့ စစ်သားစုဆောင်းမှုကို ခုခံနိုင်စွမ်းမရှိသည့် အဓိကအချက်ဖြစ်နေပေရာ ဆင်းရဲမွဲတေမှုလျှော့ချရေး၊ ကလေးစစ်သားစုဆောင်းမှု တားမြစ်ပိတ်ပင်ရေးစသည့်  လတ်တလောလုပ်ငန်းစဉ်များမှာ ဆေးမြီးတိုပင်ဖြစ်လင့် ကစား အခြားရွေးချယ်စရာလည်း မရှိပေ။

မြန်မာ့စီးပွားရေးမှာ နိုင်ငံတကာမျက်နှာစာတွင် တက်နေ၍ ပြည်တွင်းတွင် တန့်နေကာ အခြေခံပြည်သူ လူထုကြားတွင် ကျနေသည်ဟု ရယ်သွမ်းသွေးစကားဆို ရလောက်အောင်ပင် အခြေခံကုန်ပစ္စည်းဈေးနှုန်းများ တက်၊ ငွေကြေးဖောင်းပွ၊ နိုင်ငံသုံးငွေကြေးတန်ဖိုးကျ၊ အခြေခံအဆောက်အအုံလုပ်ငန်းများ လွန်စွာညံ့ဖျင်း၊ စီးပွားရေးစီမံခန့်ခွဲမှုလွဲမှား၊ အကျင့်ပျက်ခြစား၊ စစ်သုံးစရိတ်အဆမတန်မြင့်မား၊ တိုင်းတစ်ပါးြွေကးမြီနွံနစ် စသဖြင့် အဆိုးသံသရာလည်နေလေရာ ပြည်သူလူထုအတွက် အခြေခံလိုအပ်ချက်များနှင့် လူမှုဝန်ဆောင် လုပ်ငန်းများအတွက် အသုံးစရိတ်မှာ လွန်စွာပါးလျားလှသည်။ ထို့ပြင် ကျောင်းစရိတ်များကလည်း အခြေခံ ပညာရေးအဆင့်မှာပင် မိသားစုများမတတ်နိုင်လောက်အောင် မြင့်မားနေလေရာ ဤလူမှုရေး၊ စီးပွားရေးအခြေ အနေတွင် ကလေးအများအပြားမှာ စာသင်ကျောင်းနှင့် မိသားစုရင်ခွင်မှ ခွဲခွာကာ တစ်ဝမ်းတစ်ခါးအတွက် ကလေးအလုပ်သမားဖြစ်သူဖြစ်၊ ပြစ်မှုအငယ်စားများ ကျူးလွန်သူက ကျူးလွန်၊ ကလေးရာဇဝတ်အကျဉ်းသား ဖြစ်သူကဖြစ်နှင့် ဆောက်တည်ရာမရနိုင်ကြ၊ ကလေး စစ်သားစုဆောင်းသူများ၏ ခြိမ်းခြောက်မှု၊ ဖိအားပေးမှု၊ ဆွဲဆောင်မှုများဒဏ် ပယ်လှန်နိုင်စွမ်းမရှိကြတော့ပဲ ကလေးစစ်သားအဖြစ် ဘဝဆုံးခန်းတိုင်ကြရလေတော့သည်။

ကလေးစစ်သားလျော့နည်းပပျောက်ရေးကြိုးပမ်းမှုများ

၂၀၁၂ ခုနှစ်တွင် ကုလသမဂ္ဂ ကလေးများအပေါ် ဆိုးဆိုးရွားရွားအခွင့်အရေးချိုးဖောက်မှုများ စောင့်ကြည့်အစီရင်ခံရေးအလုပ်အဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ အကြား ကလေးစစ်သားပပျောက်ရေး ပူးတွဲ လုပ်ငန်းစီမံချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။ ထို့ပြင် မြန်မာအစိုးရအနေဖြင့် ကလေးများအား ပုံမှန်အရပ် သားဘဝသို့ ပြန်လည်ပေါင်းစည်းပေးရေးအတွက် အရေးပါသော နိုင်ငံတကာမူဘောင်တစ်ခုဖြစ်သည့် လက်နက် ကိုင်တပ်ဖွဲ့များ သို့မဟုတ် လက်နက်ကိုင်အစု အဖွဲ့များနှင့် ပတ်သက်နေသည့် ကလေးများဆိုင်ရာ ပဲရစ်မူဝါဒ များတွင် လက်မှတ်ရေးထိုးခြင်းကဲ့သို့သော ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ခဲ့သည်။ သို့သော် တပ်မတော်နှင့် အခြားလက်နက်ကိုင်အစုအဖွဲ့များမှ ကလေးစစ်သားအဖြစ် သတ်မှတ်ချက်ပြဿနာနှင့် လုံခြုံမှု၊ တာဝန်ယူ တာဝန်ခံမှု မရှိခြင်းကြောင့် ကလေးစစ်သားပပျောက်ရေးပြဿနာမှာ အိတ်ပေါက်နှင့် ဖားကောက်သကဲ့သို့ အရာ မရောက်ခဲ့ချေ။

၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်ပိုင်းတွင် `ကလေးစစ်သားစာချုပ်´ ဟုခေါ်သော ယခင်က ကလေး အခွင့်အရေးဆိုင်ရာ သဘောတူညီချက်(OPAC) ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။ လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ မေလတွင် ထုတ်ပြန်သည့် စာရင်းဇယားများအရ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ် မတ်လအတွင်း အသက် ၁၈ နှစ်အောက် ကလေးစစ်သားပေါင်း ၁ç၅၇၉ ယောက်ကို တပ်မတော်မှ နှုတ်ထွက်ခွင့်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ကလေးအခွင့်အရေးဆိုင်ရာ သဘောတူညီချက်ကို ၁၉၉၁ ခုနှစ်ကပင် လက်မှတ် ရေးထိုးခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ်အခွင့်အရေးဥပဒေကို ပြဋ္ဌာန်းခဲ့သော်လည်း မူရင်းဥပဒေ ကိုယ်နှိုက် တွင် ကလေးသူငယ်များအား စစ်ရေးဆိုင်ရာ အသုံးပြုမှုနှင့် ပတ်သက်သည့် ပြဋ္ဌာန်းချက်များ မပါရှိခဲ့ ပေ။ ၂၀၁၉ ခုနှစ်၊ ဇွန်လတွင်မူ ပြည်ထောင်စုလွှတ်တော်က ထိုဥပဒေအတွက် ပြင်ဆင်ချက်များကို အတည်ပြုပြဋ္ဌာန်း လိုက်ခြင်းဖြင့် ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ စာမျက်နှာသစ်တစ်ခုကို  စတင်ဖွင့်လှစ်နိုင်ခဲ့ သည်။

သို့ပါသော်ငြား ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလကုန်ပိုင်းက ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂကလေးများနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာတွင် ၂၀၁၈ ခုနှစ်အတွင်း ကလေးစစ်သားစုဆောင်းမှုများအား တားဆီး ကာကွယ်ရန် ပျက်ကွက်ခြင်းနှင့် တာဝန်ယူ၊ တာဝန်ခံမှုမရှိခြင်းအတွက် မြန်မာနိုင်ငံကို ထောက်ပြဝေဖန်ခဲ့သည်။ ကြိုးပမ်းအားထုတ်မှုများ ရှိနေသော်လည်း အပြည့်အဝလေးစားလိုက်နာရန် လိုအပ်နေသေးကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း ကလေးစစ်သားစုဆောင်းမှုအသစ်များရှိနေကြောင်းနှင့် တာဝန်ယူတာဝန်ခံမှုတွင် တိုးတက်မှုမရှ ိကြောင်း ထိုအစီရင်ခံစာတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကောက်ချက်ချထားသည်။

ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး

ဆိုခဲ့သလိုပင် မြန်မာနိုင်ငံ၏ ကလေးစစ်သား ပြဿနာမှာ အရင်းအမြစ်ပဋိပက္ခပြေငြိမ်းအောင် မဖြေ ရှင်းနိုင်သေးသမျှ အပြီးသတ်အောင်မြင်မှုရရရန် ဝေးကွာနေဦးမည်ဖြစ်သည်။ ဆေးမြီးတိုများဖြင့်သာ ကုသနေ သ၍ ဆယ်စုနှစ်ပေါင်းများစွာ အရိုးအဆစ်အထိ စွဲနစ် အမြစ်တွယ်နေသော မြန်မာ့မြစ်ပွားနာကို ကုစားနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် နိုင်ငံ့အနာဂတ်၊ ကလေးများ၏ အနာဂတ်အတွက် လက်ရင်းကျသော အစိုးရ၊ တပ် မတော်နှင့် အသီးသီးသော လက်နက်ကိုင်အင်အားစုများအကြား နိုင်ငံရေးပြဿနာကြောင့် ဖြစ်ပွားလာခဲ့သည့် ပြည်တွင်းစစ်ချုပ်ငြိမ်းရေးအတွက် လက်နက်ကိုင်ပဋိပက္ခကို စစ်ရေးနည်းဖြင့်မဟုတ်ဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရန် အင်အားအကြီးဆုံးဖြစ်သော တပ်မတော် ဘက်မှစ၍ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကို တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် ကြေညာရန်၊ ကျန်လက်နက် ကိုင်အင်အားစုများကလည်း အသီးသီးအပစ်အခတ်ရပ်စဲ ကြောင်း ကြေညာရန်၊ ကြေညာသည့်အတိုင်း နှစ်ဦးနှစ်ဖက်လက်တွေ့လိုက်နာဆောင်ရွက်မှုကို အစိုးရ၊ အန်ဂျီအို နှင့် မီဒီယာများက ကြီးကြပ်ရန်၊ နိုင်ငံရေးပြဿနာများကို စိတ်ရင်းသဘောထားမှန်ကန်စွာဖြင့် တွေ့ဆုံဆွေး နွေးရေး စားပွဲပေါ်တွင် ဖြေရှင်းရန်၊ စစ်ဘက်ကို အရပ်ဘက်စီမံခန့်ခွဲမှုအောက်တွင် ထားရှိ နိုင်ရေးအတွက် လက်ရှိ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အနှစ်သာရအရ အရင်းအမြစ်ကျကျ ပြောင်းလဲရေးဆွဲရန်၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုသစ်ကို သဘောတရားအရရော၊ လက်တွေ့အရပါ ညီညွတ်ရေးအခြေခံဖြင့် တည်ဆောက် ရန် စသည့် အခြေအမြစ်ကျသော မဟာသြသဓဆေးမှတစ်ပါး အခြားရွေးချယ်စရာ မရှိပါကြောင်း ထပ်လောင်း နှိုးဆော်လိုက်ပါသည်။

လူသာလင်း

Ref:

  1. The Persistent Problem of Child Soldiers In Myanmar by Trang Nguyen Ha Linh,

  THE PERSPECTIVE, June 9, 2019.

  1. Myanmar Ratifies UN Treaty Banning Use of Child Soldiers by ZUE ZUE, THE IRRAWADDY,

  1 OCtober 2019.

  1. UN report criticises Myanmar over child soldier recruitment by Mizzima , 01 August 2019.
  2. WE ARE CHILDREN, NOT SOLDIERS, Office of the Special Representative of the Secretary- General for CHILDREN AND ARMED CONFLICT.
  3. Girl Child Soldiers, Wikigender.
  4. Children in Military, Wikipaedia free Encyclopaedia.
Please follow and like us:
0