ကလေးစစ်သားပပျောက်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်

ကလေးစစ်သား စုဆောင်းအသုံးချခြင်းကို လက်နက်ကိုင်တပ်ဖွဲ့တိုင်းလိုလိုက ကျင့်သုံးဆောင်ရွက်နေကြ သည်မှာ ပြည်တွင်းစစ်ကဲ့သို့ပင် ကြာတောင်းကြာရှည်ရှိနေခဲ့ပြီး ဖြစ်ပါသည်။ ပြည်တွင်းစစ်ဟူသည် တပ်မတော် နှင့် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များအကြား နိုင်ငံရေးဆိုင်ရာ အငြင်းပွားမှုများကို စစ်ရေးဖြင့် ဖြေရှင်း ကြ၍ ဖြစ်ရသည်။ ယင်း၏ နောက်ဆက်တွဲအကျိုးဆက်ကား အရပ်သားများ၊ ကလေးသူငယ်များ ထိခိုက်နစ်နာ ရခြင်းပင်။

သည်နေရာတွင်  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)၏ အခန်း ၃ တွင် အရပ်သားများကို အကာအကွယ်ပေးခြင်းအပိုဒ်ခွဲ (ဎ)တွင် ကလေးသူငယ်များအား သတ်ဖြတ်ခြင်းနှင့် ကိုယ်အင်္ဂါဖြတ်တောက်ခြင်း၊ ကလေးစစ်သားအဖြစ် စုဆောင်း/စစ်မှုထမ်းစေခြင်း၊ အဓမ္မပြုခြင်းနှင့် အခြားလိင် ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းများ မပြုလုပ်ရဟု အတိအလင်း ပါရှိကြောင်း သတိပြုကြရပါမည်။ အန်စီအေတွင် မည်သို့ပင်ဆိုစေကာမူ တပ်မတော် ကိုယ်တိုင်က ကလေးစစ်သား အသုံးပြုမှုကို ဆက်လက်ဆောင်ရွက်နေသည်ဟု ယူဆရပြီး ကလေးများ၏ အသက်အစစ်အမှန်ကို မစိစစ် နိုင်ခြင်းက ပြဿနာတစ်ခုအဖြစ် ရှိနေသည်။ ထို့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ လောခီးလာ ညီလာခံမှ အဆိုပြုသော တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် တွင်လည်း အခန်း ၄ အပိုဒ် ၆ ရှိ လူ့အခွင့်အရေးစောင့်ရှောက်ခြင်း အပိုဒ်ခွဲ(ခ)တွင် ဤသဘောတူစာချုပ်ကို လက်မှတ်ရေးထိုး သူများသည် အသက် ၁၈ နှစ်မပြည့်သေး သော ကလေးသူငယ်များကို တပ်ဖွဲ့ဝင်များအဖြစ် စုဆောင်းခြင်းမပြုရန် ကတိပြု သည်။ ထို့အပြင် အရွယ်မရောက်သေးသည့် ကလေးသူငယ်များကို လက်နက်ကိုင် တပ်ဖွဲ့ဝင်များအဖြစ် စုဆောင်းသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ဆန့်ကျင်သွားမည်ဖြစ်ကြောင်း သဘောတူသည်ဟု ဖော်ပြပါရှိသည်။ သို့ရာတွင် အန်စီအေကို လက်မှတ် မထိုးထားသော၊ လောခီးလာညီလာခံကို တက်ရောက်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ကိုယ်တိုင်က ကလေးစစ်သားစုဆောင်းအသုံးပြုနေဆဲဖြစ်သည်မှာလည်း အမှန်တရား ပင်။

ထို့ပြင် စာချုပ်ပါ နိုင်ငံရေးအရ အခြေခံမူများဆိုင်ရာကို မည်သို့ပင် အငြင်းပွားနေကြစေကာမူ လက်တွေ့ မြေပြင်အခြေအနေတွင် ငြိမ်းချမ်းရေးဖြစ်စဉ်သည် သောင်မတင်ရေမကျ ဖြစ်နေသည်၊ မိမိတို့မှာမူ စစ်၏ အနိဌာရုံဆိုးကျိုးများကို ခံစားနေရဆဲပင်ဖြစ်သည်ဟု အရပ်သားများက နားလည်နေကြပါသည်။ ယင်းကို တုံ့ပြန်ကာ ငြိမ်းချမ်းရေးဖြစ်စဉ်သည် မျှော်လင့်ချက်ရှိသေးသည်ကို သက်သေပြနိုင်သည့် အချက် တစ်ခုမှာ အရပ်သားများအား ထိရောက်သည့် လုံခြုံရေးဆိုင်ရာ အကာအကွယ်ပေးမှု များကို ဆောင်ရွက်ခြင်း ဖြစ်ပါမည်။ နိုင်ငံတကာစာချုပ်တစ်ခုဖြစ်သော လက်နက် ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုတွင် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲအခြေပြစာချုပ်ကိုလည်း မြန်မာနိုင်ငံက လတ်တလော တွင် လက်မှတ်ရေးထိုးခဲ့ပါပြီ။ ထို့ကြောင့် သက်ဆိုင်ရာ လက်နက်ကိုင် တပ်ဖွဲ့အသီးသီး၏ ငြိမ်းချမ်းရေးဖြစ်စဉ် အပေါ် သဘောထား၊ နိုင်ငံတကာစာချုပ်နှင့် ပဋိညာဉ်များအပေါ် အလေးအနက်လိုက်နာမှုနှင့် ကလေးသူငယ်အပါ အဝင် အရပ်သားပြည်သူများအပေါ် အလေးထားမှုတို့ကသာ ကလေးစစ်သားပပျောက်ရေးအတွက် အဓိကကျပါ ကြောင်း တင်ပြအပ်ပါသည်။

အယ်ဒီတာ

Please follow and like us:
0