ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ် DDR, SSR နှင့် မြန်မာ

စစ်နှင့်ငြိမ်းချမ်းရေး

လူသားတို့၏ ဖြစ်ပေါ်တိုးတက်မှု သမိုင်းအဆက် ဆက်တွင် ပုဂ္ဂလိကပိုင်ဆိုင်မှုဟူ၍ ပီပီပြင်ပြင်၊ မယ်မယ် ရရ ဖွဲ့စည်းတည်ဆောက်မှု မရှိသေးသော သမယ၊ သမိုင်းဦးဘုံမြေခေတ်ကာလ၌ သဘာဝလောကနှင့် လူသားအကြား ရှင်သန်ရပ်တည်ရေးရုန်းကန်မှုမှအပ လူသားမျိုးနွယ်ချင်းဆက်ဆံရေးတွင် ပဋိပက္ခသဘော ဆောင်သည့် ဖြစ်ရပ်များမရှိခဲ့ဟု သမိုင်းဆရာတို့က ဆိုသည်။ ထိုကာလက လူသားတို့သည် သဘာဝ ပတ်ဝန်းကျင်မှရရှိသော စားရေရိက္ခာများအား အပို စုဆောင်းထားမှုမရှိ၊ မိမိတစ်ကိုယ်ရည်လောက်ငပြည့်စုံ ရုံသာ သုံးစွဲခဲ့ကြသည်။ ရရှိသမျှမှာ ဘုံပိုင်ဆိုင်မှုအောက် တွင် အညီအမျှရှိခဲ့ကြသည်။

ပုဂ္ဂလိကပိုင်ဆိုင်မှုများ တိုးပွားလာသည်နှင့်အမျှ ကိုယ်ကျိုးစီးပွားပြဿနာများ စတင်ပေါ်ပေါက်လာခဲ့ သည်။ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်၍ ပိုင်ဆိုင်မှုများအား လုယူသည်။ ပိုင်ဆိုင်မှုအနေအထား အရ လူတန်းစားလူ့အလွှာများလည်း ကွဲပြားလာကာ လူမှုဆက်ဆံရေးမှာ ကုန်လုပ်ဆက်ဆံရေး၏ မောင်းနှင် ခံဖြစ်လာသည်။ တစ်ချိန်တည်းတွင် မတူခြားနားသော  လူသားမျိုးနွယ်များကြား လူမှုဆက်ဆံရေးအတိုင်းအတာ ကျယ်ပြန့်လာသလို မျိုးနွယ်စုချင်းပဋိပက္ခများလည်း ကျွဲကူးရေပါ ပေါ်ပေါက်လာခဲ့သည်။ နေထိုင်ကျက်စား ရာ နယ်နိမိတ်များထိစပ်မှုမှတစ်ဆင့် နယ်စည်းပြဿနာ များ၊ နယ်မြေပိုင်ဆိုင်မှုပြဿနာများ ဖြစ်ပွားလာခဲ့ကြ သည်။

စစ်၏အသွင်သဏ္ဌာန်များ

ပုဂ္ဂလိကအကျိုးစီးပွားမှသည် လူမျိုးရေးအကျိုးစီးပွား၊ မျိုးနွယ်စုအကျိုးပွား၊ နိုင်ငံအကျိုးစီးပွား၊ လူတန်းစားအကျိုးစီးပွားစသဖြင့် အကျိုးစီးပွားများ အသည်းအသန်ပြိုင်ဆိုင်လာသော နောက်ပိုင်းခေတ်ကာလ များတွင် စစ်များလည်း သဘာဝကျစွာ ဖြစ်ပွားလာခဲ့သည်။ နယ်မြေလုစစ်၊ သယံဇာတလုစစ်၊ လူမျိုးရေးစစ်၊ ဘာသာရေးစစ်၊ ကျူးကျော်စစ်၊ နယ်ချဲ့စစ် စသဖြင့် ကမ္ဘာ့သမိုင်းအဆက်ဆက်တွင် စစ်ပွဲများဖြင့် ပြည့်လျှမ်းကာ အသက်အိုးအိမ်စည်းစိမ်ပေါင်းများစွာ ပျက်စီးဆုံး ရှုံးခဲ့ရသည်။

လူမျိုးကြီးက လူမျိုးငယ်များအား၊ နိုင်ငံကြီးများက နိုင်ငံငယ်များအား၊ ပိုင်ဆိုင်မှုများပြားသော လူတန်းစားက ပိုင်ဆိုင်မှုနည်းပါးသော သို့မဟုတ် ပိုင်ဆိုင်မှုမဲ့သော လူတန်းစားများအား ဗိုလ်ကျ၊ အနိုင်ကျင့်၊ ဖိနှိပ်၊ သွေးစုတ်မှုများ မဆန့်ရင်ကာ တိုးပွားလာသော အခြေအနေ တွင် ခုခံစစ်နှင့်တော်လှန်စစ်များလည်း မလွဲ မရှောင်သာ ပေါ်ပေါက်လာခဲ့သည်။ အဆုံးအဖြတ်ပေးနိုင်သော တော်လှန်စစ်များကြောင့် ကျေးပိုင်ကျွန်ပိုင်ခေတ်မှ မြေ ရှင်ပဒေသရာဇ်ခေတ်သို့၊ မြေရှင်ပဒေသရာဇ်ခေတ်မှ အရင်းရှင်ခေတ်သို့ ပြောင်းလဲခဲ့သော သာဓကများလည်း သမိုင်းတွင် အထင်အရှားရှိခဲ့သည်။

နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲများမှတစ်ဆင့် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှား မှုများ အနှံ့အပြားပေါ်ပေါက်ကာ လွတ်လပ်သောအမျိုးသား နိုင်ငံများလည်း အများအပြားဖြစ်တည်လာခဲ့သည်။ သို့တစေ ကမ္ဘာကြီးကား မငြိမ်းချမ်းသေး၊ အမျိုးသား နိုင်ငံအတော်များများတွင်လည်း လူတန်းစားတိုက်ပွဲများ ၏ အမြင့်ဆုံးသဏ္ဌာန်ဖြစ်သည့် ပြည်တွင်းစစ်များဖြင့် မငြိမ်းချမ်းသေး။ ကမ္ဘာ့အင်အားကြီးအရင်းရှင်နိုင်ငံကြီး များကြား စားကျက်လု၊ စားခွက်လုရာမှ တောက်လောင်ခဲ့ရသော ကမ္ဘာစစ်မီးကြီးနှစ်ခုဖြစ်သည့် ပထမကမ္ဘာစစ် နှင့် ဒုတိယကမ္ဘာစစ်ကြီးများ၏ ဒဏ်ကိုလည်း ကမ္ဘာ့ပြည်သူအပေါင်း မချိမဆန့်ခံခဲ့ရပြီ။ ထိုစစ်ဘေးဒဏ်ခံ ကမ္ဘာ့ပြည်သူအပေါင်း၏ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုအဟုန်ကြောင့် တတိယကမ္ဘာစစ်ကြီးအား ထပ်မံမဖြစ်ပွား အောင် ဟန့်တားနိုင်ခဲ့သော်လည်း သိပ္ပံပညာကို တစ်လွဲအသုံးချကာ စုဆောင်းပိုင်ဆိုင်ထားသော အင်အားကြီး နိုင်ငံများ၏ ကမ္ဘာဖျက်အနုမြူလက်နက်ခြိမ်း ခြောက်မှုအောက်တွင် ကမ္ဘာ့ပြည်သူများမှာ အသဲတထိတ်ထိတ် ရင်တမမနှင့် မငြိမ်းချမ်းကြသေး။

ငြိမ်းချမ်းရေးသာအရာရာ

ဤသို့သော ကမ္ဘာ့အခင်းအကျင်းတွင် ကမ္ဘာ့ပြည်သူတို့မှာ အသက်အိုးအိမ်စည်းစိမ်နှင့် ဖွံ့ဖြိုးတိုးတက်ရေး ကို အာမခံချက်ပေးနိုင်မည့် ငြိမ်းချမ်းရေးကို သဲလှိုက် အူလှိုက်တောင့်တကြသည်မှာ သဘာဝကျလှသည်။ ထို့ အတူ ဒေသငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကိုပင် ဂယက်ရိုက်စေနိုင်သည့် နိုင်ငံအတော်များများတွင် ဖြစ်ပွားနေဆဲ ပြည်တွင်းစစ်များကြောင့် သက်ဆိုင်ရာ နိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျလျှက်ရှိရာ ထို နိုင်ငံများရှိ ပြည်သူလူထုများအဖို့မှာလည်း ငြိမ်းချမ်းရေး သာ အခရာ၊ ငြိမ်းချမ်းရေးသာ အရာရာဖြစ်နေပေသည်။

ကမ္ဘာစစ်လွန် ကမ္ဘာ့အခင်းအကျင်းများ

ပထမကမ္ဘာစစ်ကြီးနှင့် ဒုတိယကမ္ဘာစစ်ကြီးနှစ်ခုစလုံး၏ စတင်ပုံမှာ တူညီ၍ အဆုံးသတ်ပုံချင်းမှာမူ ခြားနားသည်။ ကမ္ဘာ့အင်အားကြီး အရင်းရှင်နိုင်ငံများ၏ ဈေးကွက်အကျိုးစီးပွားအတွက် စားကျက်နယ်မြေ လုရာမှ ကမ္ဘာစစ်များစတင်ခဲ့ကြပြီး ငွေနှင့်လက်နက်အင်အား အသာစီးရသူက ပထမကမ္ဘာစစ်ကိုအနိုင်ယူ အဆုံး သတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် စစ်ဘေးဒဏ်ခံ ကမ္ဘာ့ပြည်သူများအတွက် အခြေခံကျသည့် ငြိမ်းချမ်းရေးကိုမူ မတည်ဆောက်နိုင်ခဲ့ချေ။ စစ်ပွဲဖန်တီးသူ အရင်းရှင်နိုင်ငံကြီးများ၏ အင်အားအချိုးအစားအပြောင်းအလဲ အရသာ ယာယီငြိမ်းချမ်းရေးရခဲ့ခြင်းဖြစ်ပြီး အရင်းခံ ပဋိပက္ခမှာ ဖြေရှင်းသွားခြင်းမရှိခဲ့သဖြင့် ပထမကမ္ဘာစစ်ပြီး၍ ဆယ်စုနှစ် သုံးစုမျှအကြာတွင် ဤပဋိပက္ခမှာ နောက်တစ်ကြိမ်တောက်လောင်ခဲ့ပြီး ဒုတိယကမ္ဘာစစ် ထပ်မံ ဖြစ်ပွားခဲ့ရသည်။ ပထမကမ္ဘာစစ်အဆုံးသတ်စည်းမျဉ်းများအား အနိုင်ရသူအရင်းရှင်နိုင်ငံကြီးများက နိုင်ငံ ပေါင်းချုပ်အသင်းကြီးမှတစ်ဆင့် ရေးဆွဲချမှတ်ခဲ့သော်လည်း ထိုစည်းမျဉ်းများကို နာဇီဂျာမဏီက သူ့အကျိုး စီးပွားနှင့် မကိုက်ညီဆိုကာ ဆုတ်ဖြဲချေမွ၍ ဗြောင်ချိုး ဖောက်လိုက်သောအခါ ဒုတိယအကြိမ်ထပ်မံဖြစ်ပွားခဲ့ရ ခြင်းဖြစ်ပေသည်။

သို့သော် ဒုတိယကမ္ဘာစစ်တွင် အကျူးကျော်အဖိ နှိပ်ခံနိုင်ငံများက မဟာမိတ်အင်အားစုတွင် စွမ်းစွမ်းတမံ ပါဝင်ခဲ့ခြင်းကြောင့် အဆုံးသတ်စည်းမျဉ်းတွင် အင်အားကြီးအရင်းရှင်နိုင်ငံကြီးများချင်းသာမက ကမ္ဘာ့အကျူး ကျော်အဖိနှိပ်ခံနိုင်ငံများကပါ ပါဝင်ရေးဆွဲဆုံးဖြတ်နိုင် ခဲ့သည်။ ထိုအဆုံးသတ်စည်းမျဉ်းမှာ စစ်အပြီးဖွဲ့စည်း ပေါ်ပေါက်လာသည့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ အခြေခံဖွဲ့စည်းပုံစည်းမျဉ်းဖြစ်လာကာ စစ်ပြီးကာလ ကမ္ဘာ့ အခင်းအကျင်းသစ်ကို ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုကမ္ဘာ့အခင်းအကျင်းသစ်တွင် နယ်ချဲ့အရင်းရှင် နိုင်ငံကြီးများအနေဖြင့် နယ်ချဲ့စစ်ကို အနှစ်သာရ မပြောင်းဘဲ အသွင်သဏ္ဌာန်ပြောင်းကာ ကိုလိုနီသစ်အရင်းရှင်စနစ် သို့မဟုတ် ခေတ်သစ်ကိုလိုနီအရင်းရှင် စနစ်ကျင့် သုံးလာကြပြန်ရာ ဒုတိယကမ္ဘာစစ်နှင့်အတူ ကိုလိုနီဘဝမှ လွတ်မြောက်လာကြသော အမျိုးသားနိုင်ငံ  အများစုမှာ ခေတ်သစ်ကိုလိုနီစနစ်၏ အခြယ်လှယ်ခံ ဘဝသို့ကျရောက်ခဲ့ရသည်။ ထိုကမ္ဘာ့အခင်းအကျင်းနှင့် အတူ စစ်ပူမဟုတ်သည့် စစ်အေးခေတ်ကြီးတစ်ခေတ် ပေါ်ပေါက်လာခဲ့ပြန်ရာ တတိယကမ္ဘာစစ်ကို ဟန့်တား နိုင်ခဲ့သော်လည်း နှစ်ဘက်ကိုယ်စားစစ်ပွဲငယ်များ၊ ဒေသဆိုင်ရာစစ်ပွဲလတ်များနှင့် ပြည်တွင်းစစ်များကို ပေါက် ပွားစေခဲ့သည်။ သို့သော် ကုလသမဂ္ဂပဋိညာဉ်များအောက်တွင် ထိုစစ်ပွဲများကို အဆုံးမသတ်နိုင်သည့်တိုင် ကမ္ဘာ စစ်အဖြစ် မကြီးထွားအောင် ထိန်းချုပ်ထားနိုင်ခဲ့ သည်။

၁၉၉၀ ပြည့်နှစ်များတွင်မူ စစ်အေးခေတ်ကြီး ယေဘုယျပြီးဆုံးသွားခြင်းနှင့်အတူ ကမ္ဘာ့အခင်းအကျင်း သစ်တစ်ခုကို အသားတကျပုံဖော်ရန်ကြိုးပမ်းခဲ့ကြသော်လည်း ယနေ့ကာလအထိ ကမ္ဘာ့အဖိနှိပ်ခံပြည်သူများ အလိုကျ တည်ငြိမ်ငြိမ်းချမ်းသော ကမ္ဘာ့အခင်းအကျင်းသစ်ကို မရရှိနိုင်သေးချေ။ ထို့ပြင် ဒုတိယစစ်အေး၏ အခိုး အငွေ့များကလည်း အုပ်ဆိုင်းနေဆဲဖြစ်လေသည်။

ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်

မည်သို့ပင်ဖြစ်စေ၊ စစ်အေးလွန်ခေတ်ကာလ ၁၉၉၀ ပြည့်နှစ်များအတွင်း ကမ္ဘာ့နိုင်ငံကြီး၊ နိုင်ငံငယ်များ အကြား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်နိုင်ရန် အားထုတ်မှုများ ထင်ရှားလာခဲ့သည်။ အမျိုးသားနိုင်ငံများ အတွင်းအကြောင်းအမျိုးမျိုးကို အခြေပြု၍ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကိုလည်း ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းအဆုံးသတ်နိုင်ရန် ကြိုးပမ်းမှုများအများ အပြားပေါ်ပေါက်လာခဲ့သည်။ အောင်မြင်သည်များ၊ အောင်မြင် ပြီးမှ တဖန်ပြန်လည်ဖြစ်ပွားမှုများ၊ အောင် မြင်ရန် အကြိမ်ကြိမ်အလီလီ ရုန်းကန်လှုပ်ရှားမှုများ ရှိ လာခဲ့သည်။ အဘယ့်ကြောင့်နည်း။

နည်းပညာများပေါက်ကွဲတိုးတက်ပြီး မမျှော်မှန်းနိုင်သည့် အချင်းအရာသစ်များပေါ်ပေါက်လာသည့် ယနေ့ စက်မှုလွန်ခေတ်ကာလတွင် ငြိမ်းချမ်းသော ပတ်ဝန်းကျင်တစ်ရပ်မရှိဘဲနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ရယူနိုင်မည် မဟုတ်သဖြင့်ဖြစ်သည်။ ထိုသို့ငြိမ်းချမ်းသော ပတ်ဝန်းကျင်ကို မတည်ဆောက်နိုင်လျှင် ဖွံ့ဖြိုးတိုးတက်မှုကို အများနည်းတူ မရယူနိုင်သည့်ပြင် ကျရှုံးနိုင်ငံများအဖြစ်သို့ပင် အရှိန်အဟုန်နှင့် ထိုးကျစိုက်ဆင်းသွားနိုင် သော ကြောင့် ဖြစ်သည်။

ဤတွင် ကုလသမဂ္ဂအပါအဝင် ငြိမ်းချမ်းရေး လိုလားသော ကမ္ဘာ့နိုင်ငံများ၊ ကမ္ဘာ့ပြည်သူများ၊ နိုင်ငံ တကာအစိုးရများ၊ သက်ဆိုင်ရာနိုင်ငံအစိုးရများ၊ အစိုးရ မဟုတ်သည့် ပြည်တွင်းအဖွဲ့အစည်းများ (NGOs), အစိုးရမဟုတ်သည့် နိုင်ငံတကာအဖွဲ့အစည်းများ (INGOs), အရပ်ဘက်လူမှုအဖွဲ့အစည်းများ (CSOs), တက်ကြွလှုပ်ရှားသူများအပါအဝင် ပဋိပက္ခဖြစ်ပွားနေသောဘက်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များ (EAOs) နှင့် သက်ဆိုင်ရာနိုင်ငံတပ်မတော်များကြား ထိတွေ့ဆက်ဆံမှုများ များပြားလာခဲ့သည်။ ငြိမ်းချမ်း ရေးတည်ဆောက်မှုဖြစ်စဉ်အတွက် မဖြစ်မနေ ပူးပေါင်းလုပ်ဆောင်အကောင်အထည်ဖော်ရမည့် DDR နှင့် SSR လုပ်ငန်းစဉ်များလည်း အခိုင်အမာပေါ်ထွက် လာခဲ့သည်။

ဒီဒီအာ (DDR)

DDR ဆိုသည်မှာ လက်နက်ဖြုတ်သိမ်းရေး (Disarmament), တပ်ဖျက်သိမ်းရေး (Demobilization), နှင့် ပြန်လည်ပေါင်းစည်းရေး (Reintegration) တို့၏ အတို ကောက်စာလုံးဖြစ်သည်။

ပဋိပက္ခလွန်နိုင်ငံများအတွင်း ပဋိပက္ခဘက် အသီး သီးတွင် ပါဝင်သူများကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီး ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်ကို  စတင်ကြသောအခါ လက်နက်ကိုင်တပ်သားများ၏ လက်နက်များအား မည်သို့ဖြုတ်သိမ်းမည်၊ လက်နက် ကိုင်တပ်သားများအား တပ်မှနှုတ်ထွက်စေပြီး မည်သို့ ပြန်လည်နေရာချထားပေးမည်၊ ယင်းတို့အတွက် အလုပ် အကိုင်၊ အနေအထိုင် အဆင်ပြေကောင်းမွန်စေရန် မည် သို့အကူအညီပေးမည်၊ လက်နက်ကိုင် တိုက်ခိုက်ရေး သမားများအား အရပ်သားအဖြစ်ပြောင်းလဲနေရာချထား ရာတွင် လူ့အဖွဲ့အစည်းနှင့်အဆင်ပြေညီညွတ်စွာ မည်သို့ ပေါင်းစည်းပေးမည်ဆိုသည်မှာ DDR လုပ်ငန်းစဉ်ပင် ဖြစ်သည်။

အက်(စ)အက်(စ)အာ(SSR)

SSR မှာ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး (Security Sector Reform) ၏ အတိုကောက် စားလုံးဖြစ်သည်။ အပစ်အခတ်ရပ်စဲပြီးသည့်အခါ နိုင်ငံ၏ လုံခြုံရေးကဏ္ဍအား မည်သို့မည်ပုံ ပြုပြင်ပြောင်းလဲ မည်ဆို သည်မှာ SSR  ၏ လုပ်ငန်းစဉ်ဖြစ်သည်။

လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးတွင် အရေးပါဆုံးပြုပြင်ပြောင်းလဲရေးမှာ နိုင်ငံ၏အမြဲတမ်း တပ်မတော်ပြုပြင်ပြောင်းလဲရေး ဖြစ်သည်။ သို့သော် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးသည် တပ်မတော်တစ်ခု တည်းနှင့်သာ ဆိုင်သည်မဟုတ်။ တရားဥပဒေစနစ်၊ ထောက်လှမ်းရေးတပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့် တပ်ဖွဲ့များ ပြုပြင်ပြောင်းလဲရေးတို့မှာလည်း SSR တွင် အကျုံးဝင်ကြောင်း ကုလသမဂ္ဂ၏ DDR ဌာနမှ ထုတ်ဝေသော DDR, SSR စာတမ်းတွင် ဖော်ပြပါရှိသည်။ ထို့ပြင် အလွတ်စုံထောက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများပင် အကျုံးဝင်နိုင်ပေသည်။ ပြည်သူ့စစ်အဖွဲ့များလည်း အလားတူအကျုံးဝင်မည်ဖြစ် သည့်အပြင် လုံခြုံရေးနှင့်သက်ဆိုင်သော လွှတ်တော်ကော်မတီအဖွဲ့ များပင် သက်ဆိုင်ပါဝင်နိုင်သည်။

DDR-SSR ၏ အရေးပါမှု

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသော နိုင်ငံတစ်ခုအတွက် စစ်ပွဲလွန်ကာလတွင် ငြိမ်းချမ်းရေးတည် ဆောက်ရေး၊ ငြိမ်းချမ်းရေးရေရှည်ထိန်းသိမ်းထားနိုင်ရေး၊ စစ်ပွဲ ပြန်လည်မဖြစ်ပွားရေး၊ တရားဥပဒေစိုးမိုးရေး၊ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့အတွက် DDR နှင့် SSR  လုပ်ငန်းစဉ်များမှာ အလွန်အရေးပါသော အခန်း ကဏ္ဍ တွင်ရှိသည်။

လက်နက်များကို စနစ်တကျ မဖြုတ်သိမ်းနိုင်ခဲ့လျှင် ထိုလက်နက်များပြန့်ကျဲပျံ့နှံ့သွားပြီး တည်ငြိမ် အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေနိုင် သည်။ လက်နက်ကိုင်တပ်များကို စနစ်တကျဖျက်သိမ်း ပြီး ယင်းတို့၏ လက်နက်ကိုင်တပ်သားများအား လူ့အသိုင်းအဝိုင်းနှင့် ဆီလျော်ပြေပြစ်စွာ ပေါင်းစည်းမပေး နိုင်ခဲ့ပါကလည်း နောက်ထပ်လက်နက်ကိုင်အဖွဲ့အစည်း အသစ်များ ထပ်မံပေါ်ပေါက်ပြီး စစ်ပွဲအသစ်များ ဖြစ်ပွား လာနိုင်ပေသည်။

SSR လုပ်ငန်းစဉ်ကို အောင်အောင်မြင်မြင်အကောင် အထည်ဖော်နိုင်မှသာ နိုင်ငံ၏ လက်နက်ကိုင် တပ်မတော်အား တစ်စုတစ်ဖွဲ့က သို့မဟုတ် တစ်ဦးတစ်ယောက်က  လက်ဝါးကြီးအုပ် ချုပ်ကိုင်မှုမျိုးကင်းဝေးပြီး ရေရှည် ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဖြစ်သည်။ SSR လုပ်ငန်းစဉ်  အောင်မြင်မှသာ ကောင်းမွန်သော တရား စီရင်ရေးစနစ်၊ အားကောင်းသော ရဲတပ်ဖွဲ့၊ နိုင်ငံအကျိုးနှင့် လူမျိုး ပေါင်းစုံပြည်သူလူထု၏ အကျိုးစီးပွားကို ကိုယ်စားပြုနိုင်သော ထောက်လှန်းရေးတပ်ဖွဲ့အပါအဝင် လုံခြုံရေး အဖွဲ့အစည်းများကို ပီပီပြင်ပြင်အကောင် အထည်ဖော်နိုင်မည်ဖြစ်သည်။ SSR လုပ်ငန်းစဉ်အောင်မြင်မှသာ တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ စည်းလုံး ညီညွတ်မှုကို ရနိုင်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အာမခံနိုင်မည်ဖြစ်ပေသည်။

သို့တစေ DDR-SSR လုပ်ငန်းစဉ်သည် စစ်ပွဲများတွင် ပါဝင်ပတ်သက်နေကြသော အဖွဲ့အစည်းအားလုံး၊ ဘက်အားလုံးက ထိုလုပ်ငန်းစဉ်တို့တွင် ထက်သန် တက်ကြွစွာပါဝင်ဆောင်ရွက်ရန် အရိုးခံနိုင်ငံရေးစိတ်ဆန္ဒရှိရန် လိုအပ်သကဲ့သို့ အားလုံးပါဝင်သည့် နိုင်ငံရေးဆိုင်ရာ စုပေါင်းအာဏာထူထောင်လိုသော ဆန္ဒသဘောထား လည်းရှိမှသာ အောင်မြင်နိုင်မည်ဟု ကုလသမဂ္ဂ DDR ဌာနက ဆိုပါသည်။ ထိုသို့နိုင်ငံရေးစိတ်ဆန္ဒထက်သန် တကြွ်ကရန်မှာ ပါဝင်ပတ်သက်သူအားလုံး၏ တစ်ဦး အပေါ်တစ်ဦး၊ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေးအား ရိုးသားမှုအခြေခံပေါ် တွင် အပေးအယူရှိရှိလုပ်ဆောင်မှသာဖြစ်နိုင်ပေမည်။

ချုပ်၍ဆိုရလျှင် DDR လုပ်ငန်းစဉ်မှာ ပဋိပက္ခလွန် ကာလလတ်တလော လုံခြုံရေးအလေးပေးစရာ များအား ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းမှုများဖြစ်ပြီး SSR လုပ်ငန်းစဉ်မှာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေး မူဘောင်တစ်ခုအတွင်း ပြည့်စုံလုံလောက်၍ ထိရောက်သော လုံခြုံရေးကဏ္ဍတစ်ခုကို တည်ထောင်ရန် ရေရှည် ကြိုးပမ်းမှုများပင်ဖြစ်ပေသည်။

နိုင်ငံတကာငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်များ

ကမ္ဘာစစ်နှစ်ခုအပြီး ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်များအား စစ်နိုင်သူများရေးဆွဲသော စည်းမျဉ်း စည်းကမ်းများဖြင့်သာ အဓိကလုပ်ဆောင်အကောင်အထည်ဖော်ခဲ့ကြခြင်းဖြစ်ရာ စစ်ရှုံးသူများအနေဖြင့် မလွှဲ မရှောင်သာလိုက်နာရုံမှတစ်ပါး အခြားမရှိခဲ့ချေ။ သို့တစေ စစ်အေးလွန်ခေတ်ကာလ ပဋိပက္ခဖြေရှင်းရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်များတွင်မူ ပြိုင်ဘက်များအကြား တစ်ဖက်ပေါ်တစ်ဖက် အဆုံး သတ်ချေမှုန်း အနိုင်ယူနိုင်သည့် ပကတိဘာဝအခြေအနေများ နည်းပါးလာသကဲ့သို့ ကာယကံရှင်များအပြင် ပဋိပက္ခနယ်ပယ် အတွင်း ပါဝင်ပတ်သက်သူများ၏ အခန်းကဏ္ဍမှာ ပိုမိုအရေးပါလာခဲ့သဖြင့် ပိုမိုထဲဝင်သော နည်းနာများကို သဘာဝကျစွာ ကျင့်သုံးလိုက်နာလာကြရသည်။ နိုင်ငံနယ်နိမိတ်တစ်ခုအတွင်း ပြိုင်ဘက် အချင်းချင်းအဆုံးသတ် မဖြေရှင်းနိုင်သော ပဋိပက္ခများတွင် နိုင်ငံတွင်းမှ ပဋိပက္ခဒဏ်ခံပြည်သူများအပါအဝင် ငြိမ်းချမ်းရေးကိုလိုလား သော၊ ဖွံ့ဖြိုးတိုးတက်မှုကို လိုလားသော၊ စစ်မက်ပဋိပက္ခကို မလိုလားသော တက်ကြွလှုပ်ရှားသူများ၊ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ၊ အရက်ဖက်လူမှုအဖွဲ့အစည်းများအပြင် ဒေသတွင်းနှင့် နိုင်ငံတကာပြည်သူများ၊ တကြွ်ကလှုပ်ရှားသူများ၊ အစိုးရမဟုတ်သည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း များ၏ စိတ်ဆန္ဒနှင့်သဘောထားအမြင်များကပါ ဆက်နွယ်ပါဝင်လာကြလေသည်။ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း မဟုတ်ဘဲ  နိုင်ငံအသီးသီးမှပဋိပက္ခဖြေရှင်းနည်းများ၏ တူညီသော ဘုံသဘောသဘာဝနှင့် တစ်နိုင်ငံချင်း၏ ထူးခြားချက်များကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာငြိမ်းချမ်းရေး အင်အားစုများက စိတ်ရှည်လက်ရှည် သုတေသနပြု စုစည်းချက်များရယူခဲ့သည်။ ဤသည်တို့မှာ လက်ရှိ ကျင့်သုံးနေကြသော DDR နှင့် SSR လုပ်ငန်းစဉ်များ ပင်ဖြစ်ပေသည်။ ထိုလုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်ရေးအတွက် ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂအပါအဝင် အခြားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကိုလိုလားသော ကမ္ဘာ့ဓနအင်အားနိုင်ငံ များက ငွေ ကြေးထောက်ပံ့မှုပြုခဲ့ကြသည်။

ထိုသို့ပဋိပက္ခဖြစ်ပွားရာနိုင်ငံ၊ ဒေသများနှင့် ပဋိ ပက္ခလွန်နိုင်ငံ ဒေသများတွင် ငြိမ်းချမ်းရေးတည်ဆောက် မှုဖြစ်စဉ်အတွင်း DDR နှင့် SSR  လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ခဲ့ကြရာ လုံးဝအောင်မြင်သည်များ ရှိသကဲ့သို့ မအောင်မြင်သေးသည်များနှင့် အောင်မြင်ပြီးမှ တစ်ဖန်ပြန်လည်ပျက်ပြားမှုများလည်း ကြုံခဲ့ကြရ သည်။ အောင်မြင်ခဲ့ကြသည့် နိုင်ငံများတွင် အာဖရိကဒေသမှ တောင်အာဖရိကနိုင်ငံမှာ အထင်ရှားဆုံးဖြစ်ပြီး ထိုအောင်မြင်မှုအား ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းရာတွင် စိန်ခေါ်မှုနှင့် အခက်အခဲများကြုံခဲ့ရသော် လည်း ယခုအထိ တည်ငြိမ်ငြိမ်ချမ်းမှု ရရှိနေဆဲဖြစ်သည်။ အာရှဒေသတွင် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် နီပေါစသည့် နိုင်ငံများမှာ အောင်မြင်မှုသာဓကများအဖြစ် တွေ့မြင်နိုင်သည်။ လက်တင်အမေရိကဒေသတွင်မှု ကိုလံဘီယာနိုင်ငံမှာ ပြန်လည်လျှောကျမှုများ၊ တစ်ဖန် ရှေ့တိုးကြိုးပမ်းမှုများကြားမှ အောင်မြင်မှုကို ယေဘုယျ အားဖြင့် ထိန်းသိမ်းထားနိုင်သည်ကို တွေ့ရသည်။

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံရေးနောက်ခံအခင်းအကျင်း

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်စတင်အမြစ် တွယ်လာချိန်မှစ၍ အဓိကနိုင်ငံရေးပဋိပက္ခမှာ စစ် အုပ်စု၊ စစ်အာဏာရှင်များနှင့် လူမျိုးပေါင်းစုံ အဖိနှပ်ခံပြည်သူများကြား ရှည်လျားကြာမြင့်စွာ တည်ရှိခဲ့သော ပဋိပက္ခပင်ဖြစ်သည်။ စစ်အာဏာရှင်များက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အမှန်တကယ် ဖြေရှင်းမှု မပြုဘဲ  စစ်ရေးဖြင့်သာ ဖြေရှင်းလာခဲ့ရာ အဖိနှိပ်ခံပြည်သူများ နှင့် လူမျိုးစုတိုင်းရင်းသားများက လက်နက်စွဲကိုင် ခုခံ တော်လှန်ခဲ့ကြသဖြင့် ပြည်တွင်းစစ်သက်တမ်းမှာ နှစ် ၇၀ ကျော်ပင် ကြာမြင့်ခဲ့ရပြီဖြစ်သည်။

စစ်အေးခေတ်မကုန်ဆုံးမီအထိ စစ်အာဏာရှင်များ၏ ပြည်တွင်းစစ်ပြဿနာဖြေရှင်းနည်းမှာ သောင်း ကျန်းသူ အမြစ်ပြတ်ချေမှုန်းရေးသာဖြစ်ခဲ့သည်။ စစ်ဒဏ်ခံ လူမျိုးစုံပြည်သူများနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်းစေလိုသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ ပြင်းပြသော ငြိမ်းချမ်းရေးဆန္ဒကြောင့်လည်း ကောင်း၊ စေ့စပ်ဆွေးနွေးရေးစားပွဲကို အသုံးချ၍ တစ်ဖက်တော်လှန်ရေးအင်အားစုများကြား ဖြိုခွဲလိုသော စစ်အာဏာရှင်များ၏ အကြံအစည်များကြောင့် ၄င်း ဟန်ပြ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရံဖန်ရံခါ ဆိုသလိုပေါ်ပေါက်ခဲ့သော်လည်း နိုင်ငံရေးပြဿနာကြောင့် ဖြစ်ပွားလာခဲ့သော စစ်ရေးပဋိပက္ခကို နိုင်ငံရေး နည်းဖြင့် တန်းတူရည်တူဖြေရှင်းရန် မကြိုးစားဘဲ စစ်ရေးနည်းအရ တစ်ဖက်သတ်အပေါ်စီးယူ ပြုလုပ်ခဲ့သဖြင့် ထိုဆွေးနွေးပွဲများမှာ အချိန်တိုအတွင်း ပျက်ပြားကာ ပိုမိုကြီးမားသော စစ်မီးတောက်များသာ ဖြစ်ပေါ် ခဲ့ရသည်။ ငြိမ်းချမ်းရေးလိုလားသည့် နိုင်ငံရေးပါတီများ၊ လူထုလူတန်းစားအဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူ လူပုဂ္ဂိုလ် များမှာလည်း စစ်အာဏာရှင်တို့၏ မဆလ တစ်ပါတီအာဏာရှင်စနစ်အောက်တွင် နာလန်မထူနိုင်အောင်ပင် ဖိနှိပ်ခံခဲ့ရသည်။ အဖိနှိပ်ခံလူမျိုးစုံပြည်သူတို့၏ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများအနေနှင့်လည်း တစ်စထက်တစ်စ အမွေးပိုရှည်၊ အကောင် ပိုကြီးလာသော စစ်ဘီလူးကို အလဲမထိုးနိုင်ခဲ့။ စစ်ဘီလူးကလည်း ပြည်တွင်းစစ်ဖြင့် အကျိုးစီးပွားဖြစ်တည်လာမှုအခြေအနေတွင် နိုင်ငံအရွယ်အစားနှင့်မမျှအောင် များပြားလှသော လူမျိုးစုံလက်နက်ကိုင်တော်လှန်ရေးအင်အားစုများအား အမြစ်ပြတ်မချေမှုန်းနိုင်ခဲ့။ ပြည်တွင်းစစ်အခြေခံပေါ်တွင် ငြိမ်းချမ်းသော အခြေအနေတစ်ရပ် ဖြစ်တည်မလာနိုင်သည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုလည်း မတည် ဆောက်နိုင်ခဲ့။ နိုင်ငံစီးပွားမှာလည်း စစ်အုပ်စု၊ စစ်အာဏာရှင်များ၏ လက်ကုန်နှိုက်မှုကြောင့် ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ် ဒေဝါလီခံခဲ့ရ။ အလျှံပယ် ပေါ်ကြွယ်ဝခဲ့သော နိုင်ငံ့သယံဇာတများမှာလည်း စစ်အာဏာ ရှင်တို့၏ ထင်သလိုထုတ်ယူရောင်းစားခဲ့မှုကြောင့် သဘာဝဘေးအမျိုးမျိုးကြုံတွေ့ခံစားရသည်အထိ ကုန်ခမ်း ဆုံးပါးခဲ့။

သို့တစေ စစ်အေးခေတ်မကုန်ဆုံးမီလေးတွင် ၁၉၈၈ ခုနှစ်၌ ဖြစ်ပွားခဲ့သော ရှစ်လေးလုံးလူထု ဒီမို ကရေစီအရေးတော်ပုံကြီးကြောင့် စစ်အာဏာရှင်စနစ်မှာ အတုအယောင်ဆိုရှယ်လစ်မျက်နှာဖုံးကို ခွာချကာ ဒီမိုကရေစီမျက်နှာဖုံးကို ကောက်စွပ်ခဲ့ရသည်။ ၁၉၉၀ ပြည့်နှစ်များအစပိုင်းတွင် စစ်အေးခေတ်ကုန်လွန်ခဲ့မှုက လည်း စစ်အာဏာရှင်စနစ်အပေါ်ယံအသွင်ပြောင်းလဲမှု ကို တွန်းအားပေးခဲ့ရာ နိုင်ငံရေးမျက်နှာစာတွင် ပါတီစုံ ဒီမိုကရေစီစနစ်၊ စီးပွားရေးတွင် ဈေးကွက်ဦးတည် စီးပွားရေးစနစ်နှင့် စစ်ရေးတွင် အပစ်အခတ်ရပ်စဲရေး၊ ဟန်ပြငြိမ်းချမ်းရေးတို့ကို စစ်အုပ်စုအစီအမံအောက်၌ ပြုလုပ်လာခဲ့သည်။

နိုင်ငံရေးတွင် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အမည်ခံရွေးကောက်ပွဲဖြင့် နိုင်ငံရေးပါတီများအား ပြိုင် ဆိုင်ခွင့်ပေးခဲ့သော်လည်း တကယ့်တကယ်အတိုက်အခံ ဘက်မှ အနိုင်ရသွားသောအခါ ထိုရွေးကောက်ပွဲရလဒ် ကို ပြောင်ပြောင်တင်းတင်းပင် ပယ်ဖျက်ပစ်ခဲ့သည်။  စီးပွားရေးတွင်လည်း ခေတ်သစ်ကိုလိုနီနိုင်ငံကြီးများ အပါ အဝင် နိုင်ငံပေါင်းစုံကို မှီခို၍ ရှိသမျှ မြေပေါ် မြေအောက်သယံဇာတများကို အရင်းပြု၍ကောင်းစားလာသော စစ်အုပ်စုတစ်ဖြစ်လဲ စစ်ဓနရှင်လူတန်းစား စိတ်ကြိုက်ဈေးကွက်စီးပွားရေးကို ဖန်တီးခဲ့ရာအမျိုးသား ဓနရှင် တို့၏ အမျိုးသားစီးပွားရေးကို မြှင့်တင်မပေးနိုင်ရုံမက ယခင်မဆလတစ်ပါတီ စစ်အာဏာရှင်ခေတ် ထက်ပင် လျင်မြန်သောအရှိန်အဟုန်ဖြင့် ဆယ်စုနှစ်နှစ်စုအတွင်းတွင် နိုင်ငံ့အရင်းအနှီးနှင့် သယံဇာတများ တက်တက်စင် ကုန်ခမ်းခဲ့ရသည်။ စစ်ရေးတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့မှ ခေါင်းဆောင်ပိုင်းကို သယံဇာတ များစည်းမဲ့ကမ်းမဲ့ ထုတ်ယူလုပ်ပိုင်ခွင့်ပေးပြီး အပစ်အခတ်ရပ်စဲရေးများ ပြုလုပ်ခဲ့ရာ အရင်းခံဖြစ်သည့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းခဲ့သဖြင့် သက်ဆိုင်ရာဒေသခံပြည်သူများမှာ ငြိမ်းချမ်းရေးလည်း မရ၊ ဖွံ့ဖြိုးတိုးတက်မှုလည်းမရှိဖြစ် ခဲ့ရသည်။

အထက်ပါ မှားယွင်းဖောက်ပြန်သည့် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးပေါ်လစီများနှင့် ဆယ်စုနှစ်စုတာ ဖြတ်သန်းစဉ်အတွင်း ပြည်သူလူထုနှင့် နိုင်ငံအကျိုးဖော်ဆောင်လိုသော နိုင်ငံရေးအင်အားစုများ၏ အလို ဆန္ဒနှင့် ဆန့်ကျင်သည့် အတုအယောင်အမျိုးသားညီလာခံကို ၁၄ နှစ်ကြာ အချိန်ဆွဲကျင်းပပြီး အများ ပြည်သူလက်မခံ သော ၂၀ဝ၈ နာဂစ်အခြေခံဥပဒေကို အဓမ္မရေးဆွဲအတည်ပြုပြဋ္ဌာန်းခဲ့သည်။ စစ်အာဏာရှင် စနစ်နှင့် စစ်အုပ်စု အကျိုးစီးပွားကို နောက်ထပ်ဆယ်စု နှစ်များစွာ တည်တံ့ရန်ကြံရွယ်ဖန်တီးခဲ့သော ဤ ၂၀ဝ၈ အခြေခံဥပဒေအရ ဟန်ပြပါတီစုံအထွေထွေရွေးကောက် ပွဲကျင်းပပြီး ၂၀၁၁ နှစ်တွင် စစ်အုပ်စုတစ်ဖြစ်လဲ အရပ်သားအစိုးရအမည်ခံ စစ်တစ်ပိုင်းအစိုးရလက်သို့ အာဏာလွှဲပြောင်းပေးခဲ့ပြီး အဓိကအတိုက်အခံနိုင်ငံရေး ပါတီကြီးတစ်ခုကိုလည်း ၂၀ဝ၈ အောက် ဝင်ရောက်ခွင့်ပေးခဲ့သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဤဒီမိုကရေစီနည်းမကျသည့် ဖွဲ့စည်းပုံအား လွှတ်တော်တွင်း ဝင်ကာပြင်ဆင်မည်၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဖော်ဆောင်မည်ဟူသော ကတိစကားကို ယုံကြည် သောအားဖြင့် ပြည်သူလူထုက အဓိကအတိုက်အခံ နိုင်ငံရေးပါတီ NLD အား တခဲနက်မဲပေးရွေးချယ်ခဲ့ သဖြင့် အရပ်သားတစ်ပိုင်း အစိုးရဖွဲ့နိုင်ခဲ့သော်လည်း ၂၀ဝ၈ ဖွဲ့စည်းပုံအရ စစ်ဖက်ချုပ်ကိုင်ဟန့်တားမှုများ အောက်၌ ရွေးကောက်ပွဲကတိများ ခရီးမရောက်ခဲ့ချေ။

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် DDR, SSR

၂၀၁၁-၁၅ သမ္မတဦးသိန်းစိန်၏ စစ်တစ်ပိုင်း အစိုးရလက်ထက်တွင် မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) ကို ဖွဲ့စည်းပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အစဟူသော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘော တူညီချက် (NCA) ကို လက်မှတ်ရေးထိုးရန် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း (EAO) များထံ ကမ်းလှမ်းခဲ့ရာ စစ်ဖက်၊ စစ်ဖက်လူထွက်များနှင့် စစ်ဖက်က  ရွေးချယ်ခန့်ထားသော အရပ်ဖက်အကြံပေးများပါဝင်သည့် MPC နှင့်တစ်ဖွဲ့တစ်စည်းချင်းသော်လည်းကောင်း၊  အမျိုးမျိုးသော စုဖွဲ့မှုများဖြင့်သော်လည်းကောင်း၊ ရည် ရွယ်ချက်၊ အတိုင်းအတာပမာဏအသီးသီးဖြင့် ပါဝင်လာသော EAO များအကြား စားပွဲဝိုင်းဆွေးနွေးပွဲများ၊ လွန်းပြန် ခရီးစဉ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ သို့သော် သမ္မတဦးသိန်းစိန်သက်တမ်း ကုန်ဆုံးချိန်နီး သည်ထိ ပါဝင်ဆွေးနွေးသူ EAO  ၂၀ အနက်မှ ၈ ဖွဲ့ နှင့်သာ NCA  လက်မှတ်ရေးထိုးရန် သဘောတူညီမှုရ ခဲ့သည်။ ထိုအထဲတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) မှလွဲ၍ အခြားအင်အားကြီး EAO  များ မပါဝင် ခဲ့ချေ။ အဘယ့်ကြောင့်နည်း။

NCA  အရ အပစ်အခတ်ရပ်စဲရေးလုပ်ပြီးလျှင် DDR ကို အစိုးရစစ်တပ်က အရင်အကောင်အထည် ဖော်ချင်သည်။ နိုင်ငံတစ်နိုင်ငံတွင် တပ်မတော်တစ်ခုတည်းသာ ရှိရမည်၊ ထိုတပ်မတော်မှာ လက်ရှိမြန်မာ့ တပ်မတော်ပင်ဖြစ်သည်။ မြန်မာ့တပ်မတော်မှာ ပြည်ထောင်စုသားများပါဝင်ဖွဲ့စည်းထားခဲ့သည့် ပြည်ထောင် စုတပ်မတော်ပင်ဖြစ်သည်ဟု စစ်ဖက်ခေါင်းဆောင်များက တစ်လျှောက်လုံးရပ်ခံခဲ့သည်။

EAO များဘက်မှမူ DDR နှင့် SSR  ကို တစ်ပြိုင် နက်တည်း ယှဉ်တွဲဆောင်ရွက်စေလိုသည်။ နိုင်ငံရေး ဆွေးနွေးမှုများမှ သဘောတူညီချက်များ အခိုင်အမာ မရသေးဘဲ လက်နက်ဖြုတ်၊ တပ်ဖျက်ပြီး အရပ်သား အသွင်ပြောင်းရမည်ကို မလိုလားကြ။ မြန်မာ့သမိုင်း အစဉ်အဆက်တွင်လည်း DDR-SSR နှင့်အလားတူ လုပ်ငန်းစဉ်မျိုး အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့ သည်မျိုးရှိခဲ့သည်။ ၁၉၅၀ ပြည့်နှစ်များက လက်နက် နှင့် ဒီမိုကရေစီလဲလှယ်ရေးဆိုသည်ကို လုပ်ခဲ့ဖူးသည်။ သို့သော် မအောင်မြင်ခဲ့။ သည်လိုနှင့်ဒေါ်အောင်ဆန်းစု ကြည်ဦးစီးသော NLD ၏ အရပ်သားတစ်ပိုင်းအစိုးရ လက်ထက်ရောက်လာသည်။ လူမျိုးစုံတိုင်းရင်းသား ပြည်သူများနှင့် EAO များက ယင်းတို့ဘက်တွင် မား မားမတ်မတ်ရပ်ခံပေးမည်လား၊ ယုတ်စွအဆုံးစစ်ဖက် နှင့် နဗဥ များကြားတွင် ညှိနှိုင်းဖျန်ဖြေသူအဖြစ် ရပ် တည်မည်လား မျှော်လင့်အားထားကြသည်။ သို့သော် သူတို့ မျှော်လင့်သလို ဖြစ်မလာခဲ့။ ဦးသိန်းစိန်အစိုးရ ဆင်းခါနီးတွင် EAO ၈ ဖွဲ့မျှဖြင့် ကသုတ်ကယက် အတည်ပြုလက်မှတ်ထိုးခဲ့သော၊ ကျန် EAO များ၏ တူညီသဘောထားနှင့် ပြင်ဆင်ဖြည့်စွက်ချက်များမပါ သော NCA စာချုပ်အတိုင်း MPC  ကို တစ်စုံတစ်ရာ ပြောင်းလဲမွမ်းမံထားသော အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးစင်တာ (NRPC) ကိုဖွဲ့စည်းကာ ယင်း၏ ကမကထပြုမှုဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံကို ကျင်းပခဲ့သည်။ NCA ကို ဈေးမဆစ်ဘဲ လက်မှတ်ထိုး၍ ၂၁ ရာစုပင်လုံသို့ တက် ရောက်ကာ နိုင်ငံရေးဆွေးနွေးကြရန် EAO  များအား ဖိတ်ခေါ်ခဲ့သည်။ ထိုညီလာခံမှ အားလုံးသဘောတူ ဆွေးနွေးရရှိ ချက် များကို လွှတ်တော်တင်၍ ဖွဲ့စည်းပုံ ပြင်မည်ဟုဆိုသည်။

ထိုပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဆိုသော ၂၁ ပင်လုံတွင်လည်း EAO များလိုလားသော ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးပြဿနာတွင် စစ်ဖက်နှင့်  အထစ်အငေါ့များရှိခဲ့ရာ ရှေ့မတိုးနိုင်ဖြစ်ခဲ့ရသည်။ ထို့ ပြင် ပြည်ထောင်စုမှ ခွဲမထွက်ပါဟု ကတိပြုမှသာလျှင်  ဖက်ဒရယ်အရေးဆွေးနွေးမည်ဟု စစ်ဖက်ကဆိုသဖြင့် NCA လုပ်ငန်းစဉ်တွင် တက် တက်ကြွကြွ ပါဝင်လာသည့် KNU လို၊ RCSS-SSA  လို EAO  များကပင် ပင်လုံမှ ခွာကုန်ကြသည်။ KNU ၏ လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သော KNLA က ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် ကျင်းပသောအရေးပေါ်အစည်းအဝေးတွင် “EAO များ လက်နက်ကိုင်လမ်းစဉ်အရင်စွန့်၊ တပ်သားများအရပ်သားအသွင်ပြောင်း၊ နိုင်ငံရေးပါတီထောင်၊ ရွေးကောက်ပွဲဝင်ကြ” ဟူသော မြန်မာ့တပ်မတော် ၏ သဘောထားအား လက်မခံနိုင်ကြောင်း အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ KNU အနေဖြင့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန်သာ မျှော်လင့်ထားကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင် ရန်လိုလားကြောင်း၊ မြန်မာစစ်ဖက်သည် ဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ရေးကို လိုလားပုံမရသလို၊ နိုင်ငံရေးဆွေးနွေးပွဲများ မပြီးပြတ်သေးမီ လက်နက်ချ ခိုင်းနေခြင်းဖြစ်သည့်အတွက် NCA  လမ်းကြောင်းမှာ မထိရောက်တော့ဟု ယူဆကြောင်း KNLA  ၏ တွဲဘက် စစ်ရေးချုပ် ရှာထုဝေါ်က BBC သတင်းဌာနကို ပြောခဲ့ သည်ဟု သိရသည်။ ဤသည်မှာ DDR-SSR  ပြဿနာပင် ဖြစ်လေသည်။

SSR နှင့် နိုင်ငံရေးပြဿနာ

EAO များဘက်မှ နိုင်ငံရေးပြဿနာကို ဦးစွာ ကြေညက်ပြေလည်အောင် ဖြေရှင်းလိုကြသည်။ ထိုအခါ မှ DDR နှင့် SSR ကို တစ်ပြိုင်တည်းယှဉ်တွဲ ဆောင်ရွက်လိုကြသည်။ SSR ကို ဆောင်ရွက်ရာတွင်လည်း ပြည်ထောင်စုတပ်မတော်စစ်စစ် ဖွဲ့စည်းတည်ထောင်ရေး ကို ရှေးရှုထားရှိသည်။ ထိုပြည်ထောင်စုတပ်မတော် အား အရပ်သားအစိုးရအောက်တွင် အပြည့်အဝထားရှိ စေလိုသည်။ ထို့ပြင် ၂၀ဝ၈ အခြေခံဥပဒေမှာ တပ်မတော်ကို အတိုင်းအတာတစ်ခုအထိ သီးခြားလွတ် လပ်ခွင့်ပေးထားရာ ထိုအခြေခံဥပဒေသည် ငြိမ်းချမ်း ရေးအတွက် အဓိကအဟန့်အတားဖြစ်ကြောင်းလည်း EAO  ခေါင်းဆောင်အချို့က ဆိုပါသည်။

မြန်မာ့တပ်မတော်ဘက်မှမူ ယင်းအား အထူးအခွင့်အရေးများပေးထားသည့် ၂၀ဝ၈ အခြေခံဥပဒေကို လည်း  မပြင်လို၊ လက်ရှိတပ်မတော်ကိုလည်း ပြည်ထောင်စု တပ်မတော်ဖြစ်သဖြင့် အသစ်ထပ်မံပြင်ဆင်စရာမလို၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးကိုလည်း မလိုလားဟူသော သဘောထားကို အခွင့်သင့်တိုင်း ထုတ် ဖော်ပြသခဲ့သည်။ စစ်ဖက်၏ သဘောထားကို ကျော်၍ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရှေ့သို့တွန်းတင်ရန်လည်း လက်ရှိအရပ်သားတစ်ပိုင်းအစိုးရအနေဖြင့် မစွမ်းနိုင်အောင်ဖြစ်နေရာ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး အလားအလာမှာ ရင်လေးစရာဖြစ်တော့သည်။

ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့်ဖွဲ့စည်းပုံပြင်ဆင်ရေး

ဒီမိုကရေစီနည်းမကျသော ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ဖက်ဒရယ်မူဝါဒများပါဝင်သော ဖွဲ့စည်းပုံသစ်ဖြစ်ပေါ်ရေးမှာ တန်းတူညီမျှ အရေးကြီးကြသဖြင့် တစ်ခုပြီးမှတစ်ခု လုပ်၍မရဘဲ တစ်ပြိုင် တည်း တစ်ချိန်တည်း လုပ်ရမည်ဖြစ်သည်။ ထိုသို့ အရေးကြီးသော မူဝါဒလမ်းညွှန်များပါဝင်သည့် ဖွဲ့စည်းပုံတစ်ရပ် မရှိဘဲနှင့်လည်း DDR,SSR  လုပ်ငန်းစဉ်များ ဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရန် မဖြစ်နိုင်ချေ။

အကြောင်းတိုက်ဆိုင်၍လော မပြောတတ်။ ရခိုင် လက်နက်ကိုင်ပဋိပက္ခပေါက်ကွဲမှုအပြီး ကာလုံသဘော ဆောင်သည့် နိုင်ငံ့ထိပ်ပိုင်းခေါင်းဆောင်များ အစည်းအဝေးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ရခိုင်တိုင်းရင်းသားလက်နက်ကိုင် အင်အားစုဖြစ်သည့် ရခိုင့်တပ်မတော် (AA) ကို အမြစ် ပြတ်ချေမှုန်းရန် ညွှန်ကြားခဲ့ကြောင်း တပ်မတော်က တာဝန်ရှိပုဂ္ဂိုလ်များက ထုတ်ဖော်ပြာကြားချက်နောက် ပိုင်းတွင် NLD က ဖွဲ့စည်းပုံပြင်ဆင်ရေးအဆိုကို လွှတ်တော်၌တင်ခဲ့သည်။ ဤအဆိုကို စစ်ဖက်ကိုယ်စား လှယ်များနှင့် USDP တို့က ကန့်ကွက်ခဲ့သော်လည်း NLD အများစုမဲဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်း ကော်မတီဖွဲ့သောအခါတွင်မူ ယင်းကန့်ကွက်သူများက မတက်မကြွဖြင့် ပါဝင်ခဲ့သည်။ တစ်ဆက်တည်းတွင် ယင်းတို့အလိုကျ တန်ပြန်ပြင်ဆင်ရေး အဆိုများကို တင်ခဲ့သဖြင့် ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်များအား  ဟန့်တားနှောင့်ယှက်ရန် ရည်ရွယ်လုပ်ဆောင်သည့် သဘောဖြစ်သလောဟု အများက စောကြောစရာဖြစ် နေသည်။ သည်ကြားထဲတွင် ပြင်ဆင်ချက်အများတင်ခဲ့သော ရခိုင်လွှတ်တော်ကိုယ်စားလှယ်နှင့် အခြား ကိုယ်စားလှယ်တစ်ဦးတို့ကပါ ပူးပေါင်းကော်မတီမှ နှုတ်ထွက်ခဲ့ပြန်ရာ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စမှာလည်း အလားလာကောင်းမည့်ပုံမပေါ်။

ယခုလများအတွင်း NRPC နှင့် EAO  အချို့ အကြား အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများရှိခဲ့ သော်လည်း ၂၁ ပင်လုံပြန်စရေးမှာ အလှမ်းဝေးနေဆဲ ဖြစ်သည်။ များမကြာမီ ရောက်ရှိတော့မည်ဖြစ်သော ၂၀၂၀ ရွေးကောက်ပွဲမှာလည်း လက်နက်ကိုင်ပဋိပက္ခ များဖြစ်ပွားရာဒေသများအတွက် အာမခံချက်မရှိ ဖြစ်နေ ပြန်ရာ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သို့လော၊ သို့လော သံသယ၊ ဒွိဟများဖြင့် နောက်အစိုးရသက်တမ်းအတွင်း  သို့ ချဉ်းနင်းဝင်ရောက်တော့မည်လောဟု တွေးတော ပူပန်စရာဖြစ်နေပေတော့သည်။

လူသာလင်း

Ref:  

  1. Only a ‘Peace Approach’ Can End the Cycle of Conflict in Myanmar.

     By Mon Mon Myat, The Irrawaddy, 31 October 2018.

  1. Building Just Societies: Reconciliation in Transitional Settings,United Nations
  2. The Link Between DDR and SSR in Conflict-Affected Countries, https//issat.dcaf.ch.

၄.         ငြိမ်းချမ်းရေးနှင့် ကျော်ဖြတ်ဖို့ခက်နေတဲ့ DDR- SSR, ကိုသိမ်းမြတ်၊ ဘီဘီစီမြန်မာပိုင်း၊  ၁၀ ဇူလိုင်

၂၀၁၈။

Please follow and like us:
0