လုံခြုံရေးကဏ္ဍကို အမြော်အမြင်ဖြင့်သာ ပြုပြင်ပြောင်းလဲရေး

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ငြိမ်းချမ်းရေးရရှိရေးအတွက် မဖြစ်မနေ ဖြတ်သန်းရမည့် လုပ်ငန်းစဉ်ဖြစ်သည်ဟုဆိုရာတွင် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အနားသတ်လုပ်ငန်းများထဲမှ အရေးကြီးသောလုပ်ငန်းတစ် ခု ဖြစ်ပါသည်။ ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးဖြစ်စေရေးအတွက် လက်နက်ကိုင် တပ်ဖွဲ့များ ပါဝင်သော လုံခြုံရေးကဏ္ဍကို မည်သို့မည်ပုံ ပြုပြင်ပြောင်းလဲမည်နည်း။ တစ်နည်းအားဖြင့် လက်နက်ကိုင်များအား သာမန် လူ့အဖွဲ့အစည်းအတွင်း မည်ကဲ့သို့  ပြန်လည်ရှင်သန်ပေါင်းစည်းစေမည်နည်းဆိုသည့်အရေးသည် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေဆဲအချိန်မှာပင် လွန်စွာအလေးထားတွေးတောကာ ဆုံးဖြတ်ရမည့်ကဏ္ဍ ဖြစ်ပေသည်။

စင်စစ် ပြည်တွင်းစစ်နှစ်ခုနစ်ဆယ် ကြာမြင့်ခဲ့သော မြန်မာနိုင်ငံတွင် လက်နက်ကိုင်တပ်ဖွဲ့ အရေအတွက်နှင့် တပ်ဖွဲ့ဝင်အရေအတွက်မှာ လွန်စွာများပြားပြီး မျိုးဆက်အဆက်ဆက်တွင် ရှိနေသည်ဖြစ်သဖြင့် ငြိမ်းချမ်းရေးအလွန်ကာလများတွင် ယင်းတို့၏အခန်းကဏ္ဍနှင့် အမှတ်လက္ခဏာအတွက် တင်ကြို စိတ်ကူးဆုံးဖြတ်ထားရေး မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ စိန်ခေါ်မှုပင် ဖြစ်ပါသည်။ သို့သော် သည်အရေးကို ဆွေးနွေးငြင်းခုန်ခြင်း အလျဉ်းမပြုဘဲ တစ်ဘက်ဘက်က လက်နက်ကိုင်တစ်စုစု၏ သဘောအရသာ အတည်ပြုမည်ဆိုလျှင် ငြိမ်းချမ်းရေးအစစ်ရရှိရန် အဆင်မပြေဖြစ် နိုင်နေပေသည်။ ထို့ကြောင့် မည်သို့ပင် ဆုတ်ဆိုင်းသည်ထားဦး သည်အရေးကို မဖြစ်မနေ ဆွေးနွေးအဖြေရှာကြရမည် ဖြစ်ပါသည်။

ထိုသို့ အဖြေရှာကြရာတွင် နှစ်ဘက် သို့မဟုတ် အကျိုးစီးပွားကို အခြေခံ ပြီး တိုက်ခိုက်နေကြသော အဖက်ဖက်မှ လက်နက်ကိုင်တို့အသီးသီးသာမက စစ်ပွဲ များ၊ တိုက်ပွဲများနှင့် ပဋိပက္ခများ၏ ဆိုးကျိုးကို ခံစားရသော လက်နက်မဲ့ အရပ်ဖက် လူထု၏ အကျိုးစီးပွါးကိုလည်း ထည့်သွင်းတွက်ချက်ရစမြဲ ဖြစ်ပါသည်။ တနည်း အားဖြင့် ရေရှည်တွင် မည်ကဲ့သို့သော နိုင်ငံမျိုးကို တည်ထောင်သွားမည်ဟူသည့် အသေးစိတ် စိတ်ကူးပုံဖော်ဆုံးဖြတ်ချက်များကို အခြေခံပြီးမှသာ လုံခြုံရေးကဏ္ဍပြု ပြင်ပြောင်းလဲမှုကို ပြုသင့်ပါသည်။ အများလူထု၏အကျိုးစီးပွါးကို အတတ်နိုင်ဆုံး အများဆုံးဖြစ်အောင် ရည်ရွယ်ကာ ယင်းကို အာမခံပေးနိုင်မည့် နိုင်ငံရေးစနစ်ကိုသာ ဦးစွာ ဆုံးဖြတ်ကြရမြဲ ဖြစ်ပါသည်။ ယင်းကို ဆုံးဖြတ်ပြီးမှသာ ယင်းနှင့်ကိုက်ညီပြီး လိုက်လျောညီထွေဖြစ်မည့် လုံခြုံရေးကဏ္ဍဆိုင်ရာ အစီအမံ၊ အဆုံးအဖြတ်များကို ရွေးချယ်ကာ ပြုပြင်ပြောင်းလဲရေးမူဝါဒကို ချမှတ်ကြရမည် ဖြစ်ပါသည်။

ထိုသို့မဟုတ်ဘဲ လက်ရှိလုံခြုံရေးကဏ္ဍကို လွှမ်းမိုးသြဇာသက်နေသည့်အစု အဖွဲ့၏အဆုံးအဖြတ်ကိုသာ အတည်ပြုပြီး နိုင်ငံ၏အနာဂတ်နိုင်ငံရေးအခြေခံအဆောက် အအုံကိုဖြစ်စေ၊ လုံခြုံရေးကဏ္ဍဖွဲ့စည်း တည်ဆောက်ပုံကိုဖြစ်စေ ပြောင်းလဲရန် သို့မ ဟုတ် ချဲ့ထွင်ရန် ကြိုးစားမည်ဆိုပက အခြေခံအနှစ်သာရကိုယ်တိုင် လွဲမှားသွားမည် ဖြစ်သကဲ့သို့ ရေရှည်တည်တံ့မည့်ငြိမ်းချမ်းရေးသည်လည်း အလှမ်းဝေးသွားမည် ဖြစ်ပါသည်။

ထို့ကြောင့် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဟူသည် လုံခြုံရေးကဏ္ဍရှိ လူများ၏ သဘောဆန္ဒထက် ယင်းတို့၏ သက်ရောက်မှုကို ခံစားရသော အများလူထု ၏ အကျိုးစီးပွားကို အခြေခံသည့် အမြော်အမြင် ပေါ်တွင်သာ မူတည်ပြီး ပြုပြင်ပြောင်း လဲမှသာ ရေရှည်တည်တံ့မည့်ငြိမ်းချမ်းရေးအတွက် အဓိကလုပ်ငန်းစဉ် ဖြစ်လာမည် ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

အယ်ဒီတာ

Please follow and like us:
0