ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မြန်မာ့လူ့အခွင့်အရေးပြဿနာ

လူ့အခွင့်အရေး (Human Rights)

လူ့အခွင့်အရေးဆိုသည်မှာ အခြေခံလူ့ကျင့်ဝတ်မူများ သို့မဟုတ် စံသတ်မှတ်ချက်များ ဖြစ်ပြီး တစ်နိုင်ငံချင်းနှင့် နိုင်ငံတကာဥပဒေတို့တွင် ပင်ကိုသဘာဝအရနှင့် ဥပဒေအရ မွေးရာပါ အခွင့်အရေးအဖြစ် ကာကွယ်စောင့်ရှောက်ပေးရမည့် လူသားအခွင့်အရေးဖြစ်သည်။ လူတစ်ဦး တစ်ယောက်အနေဖြင့် ကျားဖြစ်စေ၊ မဖြစ်စေ လူသားတစ်ဦးသာဖြစ်သည့်အလျောက် ယင်း၏ နိုင်ငံ၊ လူမျိုး၊ နေရာဒေသ၊ ဘာသာစကား၊ ကိုးကွယ်မှု၊ ဇာတိပုညနှင့် အခြားအဆင့်အတန်း များကို အပထား၍ လူသားဟူသော ဖြစ်တည်မှုအရ ပင်ကိုသဘာဝအားဖြင့် ဤအခွင့်အရေးကို ပိုင်ဆိုင်သည်။ ယင်းသည် အချိန်တိုင်း၊ နေရာတိုင်းနှင့်သက်ဆိုင်ပြီး လူတိုင်းအတွက် အညီအမျှ အကျုံးဝင်သည်။ ယင်းကို ဥပဒေဖြင့် အကာအကွယ်ပေးရန် လိုအပ်ပြီး လူသားတစ်ဦးချင်းစီ တွင်လည်း အခြားလူသားများ၏ အခြေခံအခွင့်အရေးကို လေးစားရန် ဝတ္တရားရှိပေသည်။

ဤလူ့အခွင့်အရေးအယူအဆသည် နိုင်ငံတကာ ဥပဒေအတွင်းတွင်လည်းကောင်း၊ ကမ္ဘာ လုံးဆိုင်ရာနှင့်ဒေသဆိုင်ရာအဖွဲ့အစည်းအဆောက်အအုံများအတွင်းတွင်ပါကြီးကြီးမားမား သြဇာ သက်ရောက်သည်။ နိုင်ငံများနှင့်အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက် များက ပြည်သူ့ပေါ်လစီ၏ အခြေခံအုတ်မြစ်ကို စုစည်းပုံဖော်ပေးခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာ အငြင်းအခုံများ

လူ့အခွင့်အရေးအယူအဆမှ ထွက်ပေါ်လာသော အခိုင်အမာတောင်းဆိုချက်များမှာ ကျယ်ပြန့်လှပေရာ ယင်း၏ အကြောင်းအရာ၊ သဘာဝ၊ ကျိုးကြောင်းဆက်စပ်မှုတို့နှင့် ပတ် သက်၍ ယနေ့ကာလအထိ ငြင်းခုံဆွေးနွေးမှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။ အထူးသဖြင့် အခွင့်အရေးဆိုသော အသုံးအနှုန်း၏ အဓိပ္ပာယ်အတိအကျမှာ အငြင်းပွားစရာဖြစ်နေပြီး အဘိဓမ္မာရေးအရ ငြင်းခုံဆွေးနွေးစရာ အကြောင်းအရာဖြစ်နေသေးသည်။ တစ်ဖက်တွင် လူ့အခွင့်အရေးသည် မျှတသော တရားခွင်တစ်ရပ် ရပိုင်ခွင့်၊ ကျွန်ပြုမှုမှ အကာအကွယ်ရပိုင်ခွင့်၊ မျိုးတုံးသတ်ဖြတ်မှုအား တားမြစ်ပိတ်ပင်နိုင်ခွင့်၊ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်၊ ပြည့်စုံသည့် လိင်မှုပညာပေးခွင့်အပါအဝင် ပညာသင်ကြားခွင့် စသဖြင့်သော ကျယ်ပြန့်သည့် အခွင့်အရေးအမျိုးမျိုး လွှမ်းခြုံပါဝင်သည်ကို ခြွင်းချက်မရှိ သဘောတူညီကြသော်လည်း အခြား တစ်ဖက်တွင်မူ မည်သည့်သီးခြား အခွင့်အရေးများကို လူ့အခွင့်အရေး၏ အခြေခံမူဘောင်ထဲ တွင် ထည့်သွင်းသင့်သည်ဆိုသော အချက်နှင့်ပတ်သက်၍ကား သဘောထားကွဲပြားမှုရှိနေပြန် သည်။ အချို့သော အတွေးအခေါ်ရှင်များက အဆိုးရွားဆုံးချိုးဖောက်မှုများအား ရှောင်ရှားရန် အခြေခံလူ့အခွင့်အရေးတွင် အနိမ့်ဆုံးလိုအပ်ချက်များသာ ထားသင့်ကြောင်း အကြံပြုဆွေးနွေး ကြသော်လည်း အချို့ကမူ မြင့်မားသော စံများ ထားသင့်ကြောင်း ရှုမြင်ရပ်ခံကြသည်။

လူ့အခွင့်အရေးလှုပ်ရှားမှုအစ

စင်စစ် လူ့အခွင့်အရေးလှုပ်ရှားမှုကို သက်ဝင်လှုပ်ရှားစေခဲ့သည့် အခြေခံအယူအဆအများ အပြားမှာ ဒုတိယကမ္ဘာစစ်ကြီးအပြီးနှင့် ဒုတိယကမ္ဘာစစ်တွင်း နာဇီတို့က ဂျူးများအား အစုလိုက်အပြုံလိုက် မီးလောင်တိုက်သွင်း သတ်ဖြတ်မှုဖြစ်ရပ်များ နောက်ပိုင်းမှသာ ဖြစ်ပေါ်တိုး တက်လာခဲ့ခြင်းဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံကြီးက ပဲရစ်မြို့တွင် ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကို အတည်ပြုချမှတ်ခဲ့ပြီး ကမ္ဘာ စစ်၏ လူ့အခွင့်အရေးချိုးဖောက်မှုကြီးများကို နိဂုံးကမ္ပတ် အဆုံးသတ်ခဲ့လေသည်။

ရှေးလူတို့တွင်မူ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးဟူသော ခေတ်သစ်အယူအဆမျိုး မရှိခဲ့ ကြချေ။ ရှေးအကျဆုံး လူ့အခွင့်အရေးဟောပြောမှုတစ်ခုမှာ ပင်ကိုသဘာဝအခွင့်အရေး အယူ အဆဖြစ်သည်။ ယင်းအယူအဆမှာ အလယ်ခေတ်သဘာဝဥပဒေသအစဉ်အလာ၏ အစိတ် အပိုင်းတစ်ရပ်အနေနှင့် ဥရောပÓဏ်သစ်လောင်း ကာလအတွင်း ထင်ရှားပေါ်ထွက်လာခဲ့ခြင်း ဖြစ်ကာ ဂျွန်လော့(ခ)၊ ဖရန့်စစ်ဟတ်ချီဆန်နှင့် ယန်းယက်(က) ဘာလမာကီကဲ့သို့သော တွေးခေါ်ရှင်တို့က ရေးသားဟောပြောခဲ့ကြသည်။ ထိုအယူအဆသည် အမေရိကန်တော်လှန်ရေး နှင့် ပြင်သစ်တော်လှန်ရေးတို့၏ နိုင်ငံရေး ရေးသားဟောပြောမှုတွင် အထင်အရှားဖြစ်ခဲ့လေ သည်။ ဤအခြေခံမှပင် ခေတ်သစ်လူ့အခွင့်အရေးအဆိုများမှာ ၂၀ ရာစု ဒုတိယနှစ်ဝက်ကာလ အတွင်းတွင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ကျွန်ပြုမှု၊ နှိပ်စပ်ညှဉ်းပန်းမှု၊ မျိုးတုံးသတ်ဖြတ် မှုနှင့် စစ်ရာဇဝတ်မှုများအား တုံ့ပြန်ချက်တစ်ခုအဖြစ်လည်းကောင်း၊ လူသား၏ မွေးရာပါ ခံနိုင် ရည်မရှိခြင်းအား နားလည်သဘောပေါက်မှုတစ်ခုအဖြစ်လည်းကောင်း၊ တရားမျှတသော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်နိုင်ခြေအတွက် ကြိုတင်ခင်းကျင်းမှုတစ်ခုအဖြစ်လည်းကောင်း ပေါ်ပေါက်လာခဲ့ခြင်းလည်း ဖြစ် နိုင်ပေသည်။

ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်အကြားလူ့အခွင့်အရေးလှုပ်ရှားမှုများ

ပထမကမ္ဘာစစ်အပြီး ဗာဆိုင်းစာချုပ်အပေါ် ညှိနှိုင်းဆွေးနွေးမှုများအရ နိုင်ငံပေါင်းချုပ် အသင်းကြီး (League of  Nations) ကို ၁၉၁၉ ခုနှစ်တွင် တည်ထောင်ဖွဲ့စည်းခဲ့သည်။ ထိုအသင်း ကြီး၏ ရည်မှန်းချက်ပန်းတိုင်များတွင် လက်နက်ဖျက်သိမ်းရေး၊ စုပေါင်းလုံခြုံရေးဖြင့် စစ်ကို တားဆီးရေး၊ ညှိနှိုင်းဆွေးနွေးမှုနှင့် သံခင်းတမန်ခင်းဖြင့် နိုင်ငံများအကြားမှ အငြင်းပွားမှုများ ကို ဖြေရှင်းရေး၊ ကမ္ဘာလုံးဆိုင်ရာ လူမှုဘဝဖူလုံမှုတိုးတက်ကောင်းမွန်ရေးတို့ ပါဝင်သည်။ ထို ဗာဆိုင်းစာချုပ်ထဲတွင် အမွန်အမြတ်ထည့်သွင်းထားသည်မှာ ရပိုင်ခွင့်များစွာ တိုးမြှင့်ရေး အတွက် လုပ်ပိုင်ခွင့်တစ်ရပ်ဖြစ်သော နောင်ပေါ်ပေါက်လာသည့်ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း(UDHR) ၏ သန္ဓေသားပင် ဖြစ်ပေသည်။

နိုင်ငံပေါင်းချုပ်အသင်းကြီးတွင် အနောက်တိုင်း ဥရောပကိုလိုနီပိုင်အင်အားကြီးနိုင်ငံ များ၏ ကိုလိုနီ ဟောင်းနိုင်ငံများစွာကို ယင်းတို့၏ ကိုလိုနီဘဝမှ လွတ်လပ်သော နိုင်ငံအဖြစ်သို့ အကူးအပြောင်းကာလအတွင်း ထောက်ပံ့ကူညီစေရန် အခွင့်အာဏာများ ရှိပါသည်။ ထိုအသင်း ကြီး၏ ဌာနခွဲတစ်ရပ်အဖြစ် ဖွဲ့စည်းတည်ထောင်ပေးခဲ့ပြီး ယခုအခါ ကုလသမဂ္ဂ၏ အစိတ် အပိုင်းတစ်ခု ဖြစ်နေသော အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ကြီး(ILO) တွင်လည်း နောင် UDHR တွင် ပါဝင်သော အခွင့်အရေးများအား တိုးမြှင့်ရန်နှင့် အကာ အကွယ်ပေးရန် အခွင့် အာဏာတစ်ခု အပ်နှင်းထားသည်။ ယနေ့ ILO ၏ အခြေခံရည်မှန်းချက်ပန်းတိုင်မှာ မိန်းမ၊ ယောကျာ်းအားလုံးအတွက် ကောင်းမွန်၍ အကျိုးရှိသော အလုပ်အကိုင်များ ရနိုင်သည့်အခွင့် အရေးကို လွတ်လပ်မှု၊ ညီမျှမှု၊ လုံခြုံမှုနှင့် လူ့ဂုဏ်သိက္ခာနှင့်အညီ တိုးမြှင့်ပေးရန် ဖြစ်လေသည်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း လူ့အခွင့်အရေးလှုပ်ရှားမှုများ

ဒုတိယကမ္ဘာစစ်နောက်ပိုင်း လူ့အခွင့်အရေးလှုပ်ရှားမှုများတွင် အဓိကအကျဆုံးလှုပ်ရှား မှုမှာ ကုလသမဂ္ဂ (United Nations-UN) အထွေထွေညီလာခံမှ ၁၉၄၈ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း(UDHR) ကို အတည်ပြုချမှတ်နိုင်ခဲ့ခြင်းဖြစ်မည်ဟု ဆိုနိုင် ကောင်းပေသည်။

ဤကြေညာစာတမ်းသည် တစ်စိတ်တစ်ပိုင်းအားဖြင့် ဒုတိယကမ္ဘာစစ်၏ ရက်စက်ကြမ်း ကြုတ်မှုကို တုံ့ပြန်ခြင်းဖြစ်သည်။ ယင်းက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား လူသားတို့၏ အရပ်ဘက်ဆိုင်ရာ၊ စီးပွားရေးဆိုင်ရာနှင့် လူမှုရေးဆိုင်ရာအခွင့်အရေးအများအပြားကို တိုးမြှင့် ဖြည့်ဆည်းရန် တိုက်တွန်းဆော်သြသည်။ ထိုအခွင့်အရေးများမှာ ကမ္ဘာပေါ်တွင် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းမှုတို့၏ အခြေခံအုတ်မြစ်ပင်ဖြစ်သည်။ စင်စစ် UDHR သည် နိုင်ငံ များ၏ ပြုမူဆောင်ရွက်ချက်ကို ထိန်းကွပ်ရန်နှင့် ယင်းတို့အပေါ် ယင်းတို့ နိုင်ငံသားများအတွက် အခွင့်အရေးနှင့်တာဝန်နှစ်ရပ်စလုံးအား ကျင့်သုံးစေရေး ဖိအားပေးရန် အားထုတ်သည့် ပထမ ဆုံးသော နိုင်ငံတကာဥပဒေရေးရာ ကြိုးပမ်းမှုပင် ဖြစ်ပေသည်။ တစ်နည်းဆိုလျှင် လူသား မိသားစုဝင်အားလုံး၏ မွေးရာပါဂုဏ်သိက္ခာနှင့် တူညီမျှတပြီး ပြောင်းလဲ၍ မရနိုင်သော အခွင့် အရေးများအား အသိအမှတ်ပြုခြင်းမှာ ကမ္ဘာကြီးအတွင်း လွတ်လပ်မှု၊ တရားမျှတမှုနှင့် ငြိမ်း ချမ်းမှုတို့၏ အခြေခံအုတ်မြစ်ပင် ဖြစ်ပေသည်။

UDHR ကို လူ့အခွင့်အရေးကော်မရှင်(HRC) အဖွဲ့ဝင်များက ရေးဆွဲချမှတ်ခဲ့ခြင်းဖြစ် သည်။ ထိုအဖွဲ့ကို အမေရိကန်သမ္မတ ရုစဗဲ့၏ဇနီး အယ်လီနာရုစဗဲ့က ဥက္ကဋ္ဌအဖြစ် ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာအခွင့်အရေးဥပဒေမူကြမ်းအဖြစ် ၁၉၄၇ ခုတွင် စတင်ဆွေးနွေးခဲ့သည်။ သူ၏ ဥပဒေကြမ်းကို ကော်မရှင်အဖွဲ့ဝင်များက ချက်ချင်းလက်ခံခဲ့ကြသည် မဟုတ်ပါ။ ဥပဒေကြမ်း၏ ပုံသဏ္ဌာန်နှင့် ယင်းကို အသက်ဝင်အောင် လုပ်သင့်၊ မလုပ်သင့် သို့မဟုတ် မည်သို့အသက်ဝင် အောင် လုပ်သင့်သည် စသောအချက်များအပေါ် တော်တော်နှင့် သဘောမတူနိုင်ခဲ့ကြချေ။ သို့တစေ များမကြာမီပင် UDHR မှာ ဦးစားပေးရွေးချယ်ရာ ဖြစ်လာခဲ့လေသည်။ နောက်ဆုံး တွင် ဆိုဗီယက်အုပ်စု၊ တောင်အာဖရိကနှင့် ဆော်ဒီအာရေးဗျတို့မှလွဲ၍ တစ်ခဲနက် ထောက်ခံ အတည်ပြုမှုကို ရရှိခဲ့သည်။

UDHR မှာ မလိုက်နာမနေရမဟုတ်သည့် ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်သော်လည်း ယခု အခါတွင်မူ နိုင်ငံတကာဓလေ့ထုံးတမ်းဥပဒေ၏ အချက်အချာကျသော အစိတ်အပိုင်းအဖြစ် လက်ခံစဉ်းစားမှုရရှိခဲ့ပြီဖြစ်သည်။ ၁၉၆၆ ခုနှစ်တွင် အရပ်ဘက်နှင့်နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာပဋိညာဉ်စာတမ်း(ICCPR) နှင့် စီးပွားရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ နိုင်ငံ တကာသဘောတူညီချက် (ICESCR) တို့ကို ကုလသမဂ္ဂမှ ချမှတ်အတည်ပြုခဲ့သည်။ သို့သော် ယင်းတို့ကို ၁၉၇၆ ခုနှစ်ကျမှသာ ဥပဒေအဖြစ် အသက်ဝင်စေနိုင်ခဲ့သည်။ ထိုအချိန်မှစ၍ အခြား သဘောတူစာချုပ်များစွာကိုလည်း ဥပဒေအစိတ်အပိုင်းများအဖြစ် နိုင်ငံတကာအဆင့်တွင် အသိ အမှတ်ပြုနိုင်ခဲ့သဖြင့် လူ့အခွင့်အရေးကိရိယာများအဖြစ် လူသိများ ထင်ရှားခဲ့ပေသည်။ ယင်းတို့ မှာ ၁၉၄၈ တွင် အတည်ပြု၍ ၁၉၅၁ တွင် အသက်ဝင်ခဲ့သော မျိုးတုံးသတ်ဖြတ်မှု ကြိုတင် ကာကွယ်ရေးနှင့် အရေးယူအပြစ်ပေးရေးဆိုင်ရာ သဘောတူညီချက်၊ ၁၉၆၆ တွင် အတည်ပြု ခဲ့ပြီး ၁၉၆၉ တွင် စတင်အသက်ဝင်ခဲ့သော လူမျိုးရေးခွဲခြားမှုပုံသဏ္ဌာန်အားလုံး ဖယ်ရှားရေး ဆိုင်ရာ သဘောတူညီချက်(CERD), ၁၉၈၁ တွင် စတင်အသက်ဝင်ခဲ့သော အမျိုးသမီးများ အပေါ် ခွဲခြားဆက်ဆံမှု ပုံသဏ္ဌာန်အားလုံး ဖယ်ရှားရေးဆိုင်ရာ သဘောတူညီချက် (CEDAW), ၁၉၈၄ တွင် အတည်ပြုခဲ့ပြီး ၁၉၈၄ တွင်ပင် စတင်အသက်ဝင်ခဲ့သော ကုလသမဂ္ဂ ညှဉ်းပန်း နှိပ်စက်မှု ဆန့်ကျင်ရေးသဘောတူညီချက်(CAT), လူငယ်အခွင့်အရေးဆိုင်ရာသဘောတူညီချက် (CRC), ၁၉၉၀ တွင် အတည်ပြုခဲ့သော ရွှေ့ပြောင်းအလုပ်သမားများနှင့် မိသားစုဝင်အားလုံး အပေါ် အကာအကွယ်ပေးရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်(ICRMW) နှင့် ၂၀ဝ၂ တွင် စတင်အသက်ဝင်ခဲ့သော နိုင်ငံတကာရာဇဝတ်မှု တရားရုံး(ICC) ၏ ရောမမူဝါဒတို့ ဖြစ်ပေသည်။ UDHR တွင် အပိုဒ်ပေါင်း ၃၀ ပါဝင်သည်။

လူ့အခွင့်အရေးအမျိုးအစားခွဲခြားသတ်မှတ်ခြင်း

လူ့အခွင့်အရေးကို အမျိုးအစားခွဲခြားသတ်မှတ်ရာတွင် မတူခြားနားမှုများ ရှိကြသော် လည်း ဘုံသဘောအဆောင်ဆုံး ခွဲခြားသတ်မှတ်မှုမှာ လူ့အခွင့်အရေးကို အများပြည်သူဆိုင်ရာ အခွင့်အရေး၊ နိုင်ငံရေးအခွင့်အရေး၊ စီးပွားရေးအခွင့်အရေး၊ လူမှုရေးအခွင့်အရေးနှင့်ယဉ်ကျေး မှုအခွင့်အရေးတို့ဖြင့် ခွဲခြားသတ်မှတ်ခြင်းဖြစ်သည်။ ဤအမျိုးအစားခွဲခြားသတ်မှတ်ချက်ကို ကုလသမဂ္ဂက လက်ခံအသုံးပြုထားသည်။ ဥပမာအားဖြင့် ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) အပိုဒ် ၃ မှ ၂၁ အထိနှင့် ICCPR တို့တွင် အများ ပြည်သူနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများကို အလေးထားထည့်သွင်းထားသည်။ အလားတူ UDHR အပိုဒ် ၂၂ မှ ၂၈ အထိနှင့် ICESCR တို့တွင် စီးပွားရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများကို အလေးထားထည့်သွင်းထားသည်။ ဤသို့ UDHR တွင် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးများနှင့် အများပြည်သူနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေး နှစ်မျိုးစလုံးကို ထည့်သွင်းထားခြင်းအကြောင်းမှာ ဤမတူကွဲပြားသော အခွင့်အရေးတို့အနေ ဖြင့် စုပေါင်းရပ်တည်မှသာ အောင်မြင်စွာဖြစ်တည်နေနိုင်မှာ ဖြစ်သည်ဟူသော ဥပဒေအပေါ် တွင် အခြေပြုထားသော ကြောင့် ဖြစ်ပေသည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးက UDHR ကို လက်ခံလက်မှတ်ထိုးထားကြသော် လည်း ယင်းတို့အနက် အများစုသည် မတူခြားနားသော လူ့အခွင့်အရေးအမျိုးအစားများအပေါ် ဆတူအလေးထားကြသည်တော့ မဟုတ်ချေ။ အနောက်တိုင်းယဉ်ကျေးမှု လူ့အဖွဲ့အစည်းဝင် နိုင်ငံများအနေဖြင့် တစ်ခါတစ်ရံတွင် အလုပ်လုပ်ခွင့်၊ ပညာသင်ခွင့်၊ ကျန်းမာရေးနှင့်နေထိုင်စရာ များ ရပိုင်ခွင့် ကဲ့သို့သော စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ အခွင့်အရေးများကို အထိခိုက်ခံလျက် အများပြည်သူဆိုင်ရာနှင့်နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများကို ဦးစားပေးခဲ့ကြသည်။ ဥပမာအား ဖြင့် အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံသားအားလုံး၏ ကျန်းမာရေးစောင့်ရှောက်မှုကို အခမဲ့ အသုံးပြုပိုင်ခွင့်မရှိချေ။ ဤသို့ ဆိုခြင်းအားဖြင့် အနောက်တိုင်း ယဉ်ကျေးမှုနိုင်ငံများအားလုံး သည် အဆိုပါရပိုင်ခွင့်များကို လုံးလုံးလျားလျား လျစ်လျူရှုထားသည်ဟု မဆိုလိုပ။ (ဤသည် ကို အနောက်ဥရောပရှိ လူမှုဖူလုံရေးနိုင်ငံများက သက်သေခံလျက်ရှိသည်)အလားတူပင် ဆိုဗီယက်အုပ်စုဝင်ဟောင်း နိုင်ငံများနှင့် အာရှနိုင်ငံများအနေဖြင့် စီးပွားရေး၊ လူမှုရေးနှင့်ယဉ် ကျေးမှုဆိုင်ရာ အခွင့်အရေးများအား ဦးစားပေးထားရန် လိုလားကြသော်လည်း မကြာခဏ ဆိုသလိုပင် အများပြည်သူဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေးများ ပံ့ပိုးပေးရန်ကိုမူ ပျက်ကွက်ခဲ့ကြသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများ

နိုင်ငံ သို့မဟုတ် နိုင်ငံမဟုတ်သည့် ပုဂ္ဂိုလ်အဖွဲ့အစည်းများက UDHR သို့မဟုတ် အခြား နိုင်ငံတကာလူ့အခွင့်အရေးများ သို့မဟုတ် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်သည့်အခါများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်လေ့ရှိတတ်ပါသည်။ ကုလသမဂ္ဂဥပဒေများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်သော ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်အပိုဒ် ၃၉ အရ ကုလသမဂ္ဂလုံခြုံရေးကောင်စီ (သို့မဟုတ် ခန့်အပ်တာဝန် ပေးထားသော အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်)ကို ကုလသမဂ္ဂ၏ လူ့အခွင့်အရေးချိုးဖောက်မှု များအား စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် တစ်ခုတည်းသော ခုံရုံးအဖြစ် သတ်မှတ်တာဝန်ပေးထား သည်။

လူ့အခွင့်အရေးဖောက်ဖျက်မှုများအား ကုလသမဂ္ဂ၏ ကော်မတီများ၊ နိုင်ငံဆိုင်ရာအဖွဲ့ အစည်းများ၊ အစိုးရအဖွဲ့များအပြင် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၊ ကမ္ဘာ့ညှဉ်းပန်းနှိပ်စက်မှုဆန့်ကျင်ရေးအဖွဲ့၊ ဖရီးဒမ်းဟောက်(စ)၊ နိုင်ငံ တကာ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ဖလှယ်ရေးအဖွဲ့နှင့် နိုင်ငံတကာကျွန်ပြုမှု ဆန့်ကျင်ရေးအဖွဲ့ကဲ့သို့ လွတ်လပ်သော အစိုးရမဟုတ်သည့် အဖွဲ့အစည်းအများအပြားကလည်း စောင့်ကြည့်ကြသည်။ ဤအဖွဲ့အစည်းများက လူ့အခွင့်အရေးဖောက်ဖျက်မှု သက်သေခံ အထောက်အထားနှင့် မှတ်တမ်းမှတ်ရာများကို စုဆောင်းကာ လူ့အခွင့်အရေးတိုးမြှင့်ရေး အတွက် ဖိအားပေးရန် အသုံးချကြသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ကျူးကျော်စစ်များ၊ စစ်ရာဇဝတ်မှုများနှင့်လူမျိုးတုံး သတ်ဖြတ်မှုအပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်ပြစ်မှုများမှာ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေအား ချိုးဖောက်မှုများ ဖြစ်ကြသည်။

နိုင်ငံနှင့် နိုင်ငံမဟုတ်သည့် ပုဂ္ဂိုလ်အဖွဲ့အစည်းများ

ကုမ္ပဏီများ၊ အန်ဂျီအိုများ (NGOs), နိုင်ငံရေးပါတီ များနှင့် တစ်ဦးချင်းလူပုဂ္ဂိုလ်များမှာ နိုင်ငံမဟုတ်သည့် ပုဂ္ဂိုလ်အဖွဲ့အစည်းများ ဖြစ်ကြသည်။ နိုင်ငံမဟုတ်သည့် ထိုပုဂ္ဂိုလ်အဖွဲ့ အစည်းများမှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နိုင်ကြပါသည်။ သို့သော် ယင်းတို့ကို တစ်ဦးချင်း လူပုဂ္ဂိုလ်များအား စီရင်သည့် နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေမှ တစ်ပါး လူ့အခွင့်အရေးဥပဒေဖြင့် အရေးမယူနိုင်ချေ။

နိုင်ငံစုံကုမ္ပဏီများသည် ကမ္ဘာပေါ်တွင် ကြီးမားသောအခန်းကဏ္ဍသို့ ပို၍ ပို၍ရောက် လာနေပြီး များစွာသော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိကြသည်။ အစိုးရ များ၏ လုပ်ဆောင်ချက်များအတွက် ဥပဒေဆိုင်ရာနှင့်ကျင့်ဝတ်ဆိုင်ရာအခြေအနေမှာ ကျိုးကြောင်းခိုင်လုံစွာ ဖြစ်ပေါ်တိုးတက်မှုရှိခဲ့သော်လည်း နိုင်ငံစုံကုမ္ပဏီများအတွက် ဥပဒေ ဆိုင်ရာနှင့် ကျင့်ဝတ်ဆိုင်ရာအခြေအနေမှာ အငြင်းပွားစရာဖြစ်သကဲ့သို့ အဓိပ္ပာယ်ကောက်ယူ မှုတွင်လည်း အားနည်းနေပေသည်။ စင်စစ်နိုင်ငံစုံကုမ္ပဏီကြီးများ၏ အခြေခံတာဝန်ရှိမှုမှာ ယင်းတို့၏ ရှယ်ယာပိုင်ဆိုင်သူများအတွက်သာဖြစ်ပြီး ယင်းသို့သော ကုမ္ပဏီကြီးများမှာ မကြာ မကြာဆိုသလို ယင်းတို့ လုပ်ငန်းလည်ပတ်ရာ နိုင်ငံများ၏ စီးပွားရေးအဆောက်အအုံများထက် ကြီးမားနေလေ့ရှိပြီး ထူးကဲသော စီးပွားရေးနှင့်နိုင်ငံရေးအာဏာများကို ကိုင်ဆောင်ထားနိုင် သည်။ ခက်သည်မှာ ထိုကုမ္ပဏီကြီးများ၏ လူ့အခွင့်အရေးဆိုင်ရာ ပြုမူဆောင်ရွက်ချက်ကို သီးခြားထိန်းချုပ်နိုင်သည့် မည်သည့်နိုင်ငံတကာသဘောတူ စာချုပ်စာတမ်းမျှ မရှိခြင်းဖြစ် သည်။ နိုင်ငံဆိုင်ရာဥပဒေများမှာလည်း အလွန်တရာ ထွေပြားလှသည်ဟု ကုလသမဂ္ဂလူ့အခွင့် အရေးကော်မရှင်၏ စားနပ်ရိက္ခာဆိုင်ရာ အထူးစီရင်ခံစာတင်သွင်းသူ ယန်းဇီဂလာက ယင်း၏ ၂၀ဝ၃ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း၊ စည်းမျဉ်းစည်းကမ်းထိန်းချုပ်မှုများ လျှော့ချခြင်း၊ နိုင်ငံပိုင် အခန်းကဏ္ဍကို ရုပ်သိမ်းခြင်းတို့မှတစ်ဆင့် နိုင်ငံစုံကျော်ကော်ပိုရေးရှင်း ကြီးများ၏ အင်အား ကြီးထွားမှုနှင့် အာဏာချဲ့ထွင်မှုတို့က ယခုအခါတွင် ယင်းကော်ပိုရေးရှင်းကြီးများအပေါ် လူ့အခွင့်အရေးစံချိန်စံညွှန်းများ သတ်မှတ်ထိန်းချုပ်မည့် ဥပဒေရေးရာ သတ်မှတ်ချုပ်ကိုင်မှုများ တိုးတက်ပြုလုပ်ရန် အချိန်တန်ပြီဖြစ်ကြောင်း ပြဆိုနေပါသည်။

၂၀ဝ၃ ခုနှစ်၊ သြဂုတ်လတွင် လူ့အခွင့်အရေးကော်မရှင်၏ လူ့အခွင့်အရေးတိုးမြှင့်ရေးနှင့် အကာအကွယ်ပေး ရေးဆပ်ကော်မရှင်က နိုင်ငံစုံကျော်ကော်ပိုရေးရှင်းကြီးများနှင့်အခြားသော စီးပွားရေးလုပ်ငန်းကြီးများ၏လူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိမှုနှင့်ပတ်သက်သော သတ် မှတ် ချက်များဆိုင်ရာမူကြမ်းကို ရေးဆွဲတင်ပြခဲ့ရာ ၂၀ဝ၄ ခုနှစ်တွင် လူ့အခွင့်အရေးကော်မရှင်က စဉ်းစားဆွေးနွေးမှုပြုခဲ့သော်လည်း ယင်းကော်ပိုရေးရှင်းကြီးများအပေါ် မလုပ်မနေရ စည်းကမ်း ထိန်းချုပ်မှု တစ်ခုတလေမျှပင် မရရှိခဲ့ဘဲ စောင့်ကြည့်ထိန်းသိမ်းမှုလည်း မပြုလုပ်နိုင်ခဲ့ချေ။

လူ့အခွင့်အရေးနှင့် အမျိုးသားလုံခြုံရေး

အရှိတရားဝါဒနှင့် အမျိုးသားသစ္စာစောင့်သိမှုများ သည် လူ့အခွင့်အရေးလှုပ်ရှားမှုအပေါ် အဖျက်သဘော သြဇာလွှမ်းမိုးမှုရှိကြောင်း၊ အကြောင်းမှာ ယင်းတို့က  လူတို့၏ မွေးရာပါ တူညီ သော လူသားအရည်အသွေးများအား ငြင်းပယ်သောကြောင့်ဖြစ်ကြောင်း ဝေဖန်စွပ်စွဲ ပြောဆို ခြင်း ခံကြရသည်။

အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များက သတ်မှတ်ပေးထားသော ဘဝရှင်သန်ခွင့်၊ ကျွန်ပြုခံရမှုမှ ကင်းလွတ်ခွင့်၊ ညှဉ်းပမ်းနှိပ်စက်ခံရမှုမှ ကင်းလွတ်ခွင့်နှင့် နောက်ကြောင်းပြန် ပြစ်မှုဆိုင်ရာဥပဒေများ၏ အသုံးချခံရမှုမှ ကင်းလွတ်ခွင့်စသည့် လူ့အခွင့်အရေးများမှလွဲ၍ ကျန် လူ့အခွင့်အရေးများကို နိုင်ငံတစ်ခု၏ အမျိုးသားအရေးပေါ် အခြေအနေကာလများအတော အတွင်း ကန့်သတ်သင့်သည် သို့မဟုတ် ဘေးဖယ်၍ပင် ထားသင့်သည်ဟု ကုလသမဂ္ဂက အသိ အမှတ်ပြုထားသည်။ သို့သော် အရေးပေါ်အခြေအနေမှာ တကယ့်အစစ်အမှန်ဖြစ်ပြီး နိုင်ငံလူဦး ရေတစ်ရပ်လုံးအပေါ် သက်ရောက်မှုရှိကာ အန္တရာယ်အနေအထားမှာလည်း နိုင်ငံဖြစ်တည်မှု အရှိ တရားအပေါ် ခြိမ်းခြောက်မှုရှိရမည်ဖြစ်ကြောင်း ယင်းကဆိုထားသည်။ ထို့ပြင် အရေးပေါ်အခြေ အနေ ထုတ်ပြန်ကြေညာမှုမှာလည်း နောက်ဆုံးအားထားရွေး ချယ်စရာနှင့် ယာယီအတိုင်းအတာ သာဖြစ်ရမည်ဟု ယင်းက ဆိုသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UDHRC)

ယခင်ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်အား အစားထိုးရန် ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီ (UDHRC) ကို အထွေထွေညီလာခံက ၂၀ဝ၆ ခုနှစ်၊ မတ်လတွင် ဖွဲ့စည်းတည် ထောင်ပေးခဲ့သည်။ UDHRC သည် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အထောက်အကူအဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး ယင်း၏ လုပ်ဆောင်ချက်များကို အထွေထွေညီလာခံသို့ တိုက်ရိုက်အစီရင်ခံ တင်ပြရ သည်။ UDHRC တွင် ကမ္ဘာတစ်ဝန်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများအားလုံး စုံစမ်း စစ်ဆေးဖော်ထုတ်ရန် အခွင့်အာဏာရှိသည်။

UDHRC ကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် အခြေစိုက်ထားပြီး တစ်နှစ်လျှင် ပုံမှန် အားဖြင့် အစည်းအဝေးသုံးကြိမ်လုပ်လေ့ရှိကာ အရေးပေါ်အခြေအနေများတွင် ထပ်တိုးအစည်း အဝေးများကို ကျင်းပပြုလုပ်လေ့ရှိသည်။ လူ့အခွင့်အရေးချိုးဖောက်သည်ဟု စွပ်စွဲချက်များအား စုံစမ်းစစ်ဆေး၍ ကောင်စီသို့ အစီရင်ခံစာတင်ပြရန်အတွက် လွတ်လပ်သော ကျွမ်းကျင်ပညာရှင် များ(အထူးအစီရင်ခံစာတင်သွင်းသူများ)ကို ကောင်စီက ခန့်အပ်ထားရှိသည်။ လူ့အခွင့်အရေး ကောင်စီအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC)  သို့ လွှဲပြောင်းပေးအပ်ရန် လုံခြုံရေးကောင်စီသို့  တင်ပြတောင်းဆိုနိုင်သည်။

UDHRC တွင် အဖွဲ့ဝင် ၄၇ ဦးရှိပြီး သုံးနှစ်တာ သက်တမ်းအတွက် အထွေထွေညီလာခံက နှစ်စဉ်ရွေး ချယ်ပေးသည်။ အဖွဲ့ဝင်များအား ရွေးချယ်ရာတွင် ကုလသမဂ္ဂဒေသဆိုင်ရာ စုဖွဲ့မှု စနစ်ကို အသုံးပြုကာ ပထဝီအနေအထားအရ အလှည့်ကျအညီအမျှ ရွေးချယ်မှု အခြေခံပေါ်တွင် ရွေးကောက်တင်မြှောက်ခံစေသည်။ အဖွဲ့ဝင်များသည် သက်တမ်းတစ်ကြိမ် ထမ်းဆောင်ပြီး ပါက နောက်ထပ်တစ်ကြိမ် ရွေးကောက်ခံနိုင်ခွင့်ရှိသည်။  ဒေသဆိုင်ရာစုဖွဲ့မှုစနစ်အရ ကောင်စီ ဝင်များအား ရွေးချယ်ရာတွင် အာဖရိကအုပ်စုမှ ၁၃ ဦး၊ အာရှ-ပစိဖိတ် အုပ်စုမှ ၁၃ ဦး၊ အရှေ့ ဥရောပအုပ်စုမှ ၆ ဦး၊ လက်တင် အမေရိကနှင့် ကာရစ်ဘီယံအုပ်စုမှ ၈ ဦး၊ အနောက် ဥရောပနှင့် အခြားအုပ်စုများမှ ၇ ဦး ခွဲဝေရွေးချယ်စေသည်။

UDHRC မှ ဖြေရှင်းပေးခဲ့ရသော အရေးပါသည့်  လူ့အခွင့်အရေးပြဿနာများတွင် လွတ် လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ လွတ်လပ်စွာစုရုံးစည်းဝေးခွင့်၊ လွတ်လပ်စွာရေးသားထုတ်ဖော် ပြောဆိုခွင့်၊ လွတ်လပ်စွာယုံကြည် ကိုးကွယ်ခွင့်၊ အမျိုးသမီးအခွင့်အရေး၊ LGBT အခွင့်အရေး၊ လူမျိုးနှင့်လူနည်းစုတိုင်းရင်းသားအခွင့်အရေး စသည်တို့ပါဝင်သည်။ UNHRC သည် ကုလ သမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) နှင့် အနီးကပ်လုပ်ငန်းများ လုပ်ဆောင်လျှက်ရှိပြီး ကုလသမဂ္ဂ၏ အထူးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေပေသည်။

ဒေသဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့အစည်းများ

အမေရိကနိုင်ငံများအစည်းအရုံး (OAS)  သည် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ တွင် ရုံးစိုက်သော အမေရိကနိုင်ငံစုံအဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံပေါင်း ၃၅ နိုင်ငံ ရှိ၍ အားလုံးသည် သီးခြားလွတ်လပ်သော အမေရိကနိုင်ငံများဖြစ်ကြသည်။

၁၉၉၀ ပြည့်နှစ်များတစ်လျှောက် စစ်အေးခေတ် ပြီးဆုံးခြင်းနှင့်အတူ လက်တင် အမေရိကနိုင်ငံများတွင် ဒီမိုကရေစီပြန်လည်ခေတ်စားလာပြီး ဂလိုဘယ်လိုက်ဇေး ရှင်းဖြစ်စဉ်ထဲ သို့ စုစည်းတိုးဝင်လာခဲ့ကြရာ OAS အနေဖြင့် အခြေအနေသစ်နှင့် အံဝင်အောင် သူ့ကိုယ်သူ ပြန် လည်တီထွင်ဆန်းသစ်ရန် အားထုတ်ကြိုးပမ်းမှုကြီးများကို လုပ်ဆောင်ခဲ့သည်။ ယခုအခါတွင် OAS  သည် ဒီမိုကရေစီအားကောင်းခိုင်မာရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေး၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး၊ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး၊ ဌာနေတိုင်းရင်းသား ပြည်သူ များ၏ အခွင့်အရေးတိုးတက်ကောင်းမွန်ရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင် ရေးတို့ကို ဦးစားပေးအဖြစ် လုပ်ဆောင်နေကြပြီဖြစ်သည်။

အမေရိကနိုင်ငံများဆိုင်ရာ လူ့အခွင့်အရေးကော် မရှင် (IACHR)  သည် OAS ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဝါရှင်တန်ဒီစီတွင်ပင် အခြေစိုက်ကာ ကော့စတာရီကာနိုင်ငံ၊ ဆန်ဟိုဆေးမြို့တွင် အခြေစိုက်သော အမေရိကနိုင်ငံများဆိုင်ရာ လူ့အခွင့် အရေးတရားရုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ IACHR  သည် ဒေသတွင်း လူ့အခွင့် အရေးချိုးဖောက်မှုစွပ်စွဲချက်များအား စစ်ဆေးရန်အတွက်တစ်နှစ်လျှင် ပုံမှန်နှင့်အထူးအစည်း အဝေး အကြိမ်ပေါင်းများစွာ ပြုလုပ်နေ  သည့် အမြဲတမ်းအဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ယင်း၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်များမှာ OAS ပဋိညာဉ်စာတမ်း၊ အမေရိကန်လူ့အခွင့်အရေးနှင့် ပေးရန် တာဝန်များဆိုင်ရာ ကြေညာစာတမ်းနှင့် အမေရိကန်လူ့အခွင့် အရေးသဘောတူညီချက် တို့ကို အခြေခံသတ်မှတ်ခြင်း ဖြစ်သည်။

ဥရောပကောင်စီ (Council of Europe)

ဥရောပကောင်စီ (Council of Europe)  ကို ၁၉၄၉ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဥရောပတိုက် ပေါင်းစည်းရေးအတွက် လုပ်ဆောင်နေသော သက်တမ်းအရှည်ဆုံးအဖွဲ့အစည်း တစ်ခုဖြစ်သည်။ ယင်းသည် နိုင်ငံတကာပြည်သူ့ဥပဒေအောက်တွင် အသိအမှတ်ပြုထားသော ဥပဒေရေးရာ ဂုဏ်သိက္ခာပြည့်ဝသည့် နိုင်ငံတကာအဖွဲ့အစည်းဖြစ်ပြီး ကုလသမဂ္ဂတွင် လေ့လာ သူအဆင့်ရထားသည်။ ရုံးကို ပြင်သစ်နိုင်ငံ၊ စထရက်ဘာ့(ဂ်)မြို့တွင် အခြေစိုက်ထားပြီး ဥရောပ လူ့အခွင့်အရေးသဘောတူညီချက်နှင့် ဥရောပလူ့အခွင့်အရေးတရားရုံးတို့ကို တာဝန်ယူထား သည်။ ယင်းသည် ဒေသဆိုင်ရာ သို့မဟုတ် လူနည်းစုဘာသာစကားဆိုင်ရာ ဥရောပ ပဋိညာဉ် စာချုပ်နှင့် ဥရောပလူမှုပဋိညာဉ်စာချုပ်တို့ကိုလည်း တိုးတက်အောင်ဆောင်ရွက်သည်။ ဥရောပ ပေါင်းစည်းရေးကိုလိုလားသော ဥရောပနိုင်ငံများအားလုံးကို အဖွဲ့ဝင်အဖြစ် ကြိုဆိုပြီး တရား ဥပဒေစိုးမိုးရေးကို အခြေခံမူအဖြစ်ထားကာ ဒီမိုကရေစီ၊ အခြေခံလူ့အခွင့်အရေးနှင့် လွတ်လပ်မှု တို့ကို ရည်ရွယ်လုပ်ဆောင်သည်။  ဥရောပကောင်စီသည် ဥရောပသမဂ္ဂ (EU) နှင့် တစ်သီး တခြားဖြစ်ပြီး EU  တွင် ဥရောပသမဂ္ဂ အခြေခံ လူ့အခွင့်အရေးပဋိÓဉ်စာချုပ်ဟူသည့် သီးခြားလူ့ အခွင့်အရေးမှတ်တမ်းတစ်ခုရှိသည်။ ဥရောပလူ့အခွင့်အရေး သဘောတူညီချက်သည် ဥရောပ တိုက်တွင် လူ့အခွင့်အရေးနှင့် အခြေခံအခွင့်အရေးများကို ၁၉၅၀ ပြည့်နှစ်ကတည်းက အဓိပ္ပာယ် ဖွင့်ဆို၍ အာမခံချက်ပေးခဲ့သည်။  ဤသဘောတူညီချက်ကို ဥရောပကောင်စီဝင်နိုင်ငံ ၄၇ နိုင်ငံ က လက်မှတ်ထိုးခဲ့ပြီး ဥရောပလူ့အခွင့်အရေးတရား ရုံး၏စီရင်ပိုင်ခွင့်တွင် အကျုံးဝင်သည်။ သဘောတူညီချက် အပိုဒ် ၃ ပါ နှိပ်စက်ညှဉ်းပမ်းမှုနှင့် လူမဆန်သော သို့မဟုတ် လူ့ဂုဏ် သိက္ခာကို နှိမ့်ချသော ပြုမူမှုများကို တားဆီးရန် ဥရောပနှိပ်စက်ညှဉ်းပမ်းတားဆီး ကာကွယ်ရေး ကော်မတီကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။

အာရှတိုက်

အာရှတိုက်တွင် လူ့အခွင့်အရေးတိုးမြှင့်ရေးနှင့် ကာကွယ်ရေးအတွက် တိုက်လုံးဆိုင်ရာ အဖွဲ့အစည်းများ ဖွဲ့စည်းထားခြင်းမရှိချေ။ အာရှနိုင်ငံများအနေဖြင့် ယင်းတို့၏ လူ့အခွင့်အရေး အပေါ် ချဉ်းကပ်မှုနည်းနာနှင့် လူ့အခွင့်အရေးကာကွယ်မှု မှတ်တမ်းများတွင် အမျိုးမျိုးအဖုံဖုံ ကွာဟမှု ကြီးမားကြသည်။

၁၉၆၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ၁၀ နိုင်ငံပါ ပထဝီနိုင်ငံရေးနှင့် စီးပွား ရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ကမူ ၂၀ဝ၉ ခုနှစ်၊ အောက်တိုဘာလတွင် အာဆီယံလူ့အခွင့်အရေးဆိုင်ရာ အစိုးရများကော်မရှင် (AICHR) ကို တည်ထောင်ဖွဲ့စည်းခဲ့ပြီး အာဆီယံလူ့အခွင့်အရေး ကြေညာစာတမ်းကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်တွင် အာဆီယံအဖွဲ့ဝင်များ၏ တစ်ခဲနက်ထောက်ခံမှု ဖြင့် အတည်ပြုခဲ့သည်။

အာရပ်လူ့အခွင့်အရေးပဋိညာဉ်စာတမ်း ACHR

အာရပ်လူ့အခွင့်အရေးပဋိညာဉ်စာတမ်း ACHR ကို ၂၀ဝ၄ ခုနှစ်၊ မေလ ၂၂ ရက်တွင် အာရပ်နိုင်ငံများအဖွဲ့ချုပ်ကောင်စီမှ အတည်ပြုချမှတ်ခဲ့သည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC)  

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ကို ၂၀၁၁ ခုနှစ်၊ စက်တင် ဘာလ ၅ ရက်တွင် သမ္မတဦးသိန်းစိန်အစိုးရက အမိန့်ကြော်ငြာစာ အမှတ် ၃၄/၂၀၁၁ အရ အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းပေးခဲ့သည်။ သို့သော် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးဥပဒေအရ အမိန့်ကြော်ငြာစာအမှတ် ၂၃/၂၀၁၄ ဖြင့် အဖွဲ့ ဝင် ၁၁ ဦးပါ ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပေးခဲ့ပြန်သည်။  ကော်မရှင်၏ ဖွဲ့စည်းမှုမှာ ၂၀ဝ၈ အခြေခံဥပဒေက အခွင့်အာဏာပေးထားခြင်းမရှိသည့်အပြင် ပြည်ထောင် စုအဆင့်အဖွဲ့အစည်း လည်း မဟုတ်ပြန်ရာ စကတည်းကပင် အငြင်းပွားစရာတစ်ခုဖြစ်ခဲ့ရသည်။ အထူးသဖြင့်  ကော်မရှင်၏ ၂၀၁၂-၂၀၁၃ အသုံးစရိတ်အတွက် ပြည်ထောင်စုဘတ်ဂျက်မှ ကျပ်ငွေ ၅၄၇၂၀၈ဝ၀ဝ ကို တောင်းခံရာတွင် အဆင်မပြေဖြစ်ခဲ့ရသည်။

၂၀၁၆ စက်တင်ဘာလတွင် ကော်မရှင်အနေဖြင့်  မပြီးနိုင်မပြတ်နိုင်သော ဝေဖန်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ရန်ကုန်မြို့တွင် အိမ်ဖော်အဖြစ်နှင့် ၅ နှစ်ကြာ နှိပ်စက်ညှဉ်းပမ်း ခံခဲ့ရသည့် မိန်းကလေးနှစ်ဦး၏  အမှုတွင် တရားစွဲမှုပြုလုပ်ရမည့်အစား အမေရိကန်ဒေါ်လာ ၄ဝ၀ဝ မျှသာ တန်ဖိုးရှိသော ကျပ်ငွေ ၅ သန်းကို လက်ခံရန် နစ်နာကြေးအစီအစဉ်ကို ကြားဝင် ဆောင်ရွက်ပေးခဲ့သဖြင့် ကော်မရှင်၏ ကျင့်ဝတ်နှင့်ပတ်သက်၍ မေးခွန်းထုတ်ခံခဲ့ရသည်။ ထိုနှစ် စက်တင်ဘာ ၂၂ ရက်တွင်မူ ဒေါပုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချိုက ကော်မရှင် အပေါ် အရေးယူရန် အရေးပေါ်အဆိုတစ်ရပ်ကို တင်သွင်းခဲ့ရာ ပြည်သူ့လွှတ်တော်က ဆက်လက် ဆွေးနွေးရန် လက်ခံခဲ့သည်။  အောက်တိုဘာ ၆ ရက်တွင် သမ္မတရုံးက စာအမှတ် ၅၆/၂၀၁၆ ဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်၍ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း၊ ဒေါက်တာÓဏ်ဇော်၊ ဒေါက်တာ သန်းနွယ်နှင့် ဒေါ်မြမြတို့အား ရာထူးမှ နှုတ်ထွက်ခွင့်ပြုခဲ့သည်။

၂၀၁၁ ခုနှစ်ကတည်းက လုပ်ငန်းစတင်လည်ပတ် လာခဲ့သော MNHRC အနေဖြင့် ယင်း၏ လူ့အခွင့်အရေး ချိုးဖောက်မှု စုံစမ်းစစ်ဆေးရေးလုပ်ငန်းများတွင် မြန်မာ့တပ်မတော်၏ သြဇာလွှမ်းမိုးမှုကို မလွန်ဆန်နိုင်ခဲ့သော ဖြစ်ရပ်များစွာရှိလေရာ ယင်း၏အမှီခိုကင်းစွာ ရပ်တည်လုပ်ဆောင်နိုင်မှုအား များစွာမေးခွန်းထုတ်ခံခဲ့ရသည်။ စင်စစ် MNHRC ၏ ဇာတိ ပုညမှာလည်း စစ်အုပ်စုဝင်အဟောင်း၊ အသစ်များ၏ စစ်တစ်ပိုင်းအစိုးရဝမ်းကြာ တိုက်မှ ဖြစ်လေရာ အမှီခိုကင်းမှုပြဿနာမှာ မေးခွန်းထုတ်စရာမလိုလောက်အောင် ရှင်းလင်းပေါ်လွင်လှ ပါသည်။

ဥပမာအားဖြင့်ပြရလျှင် ဦးဘရန်ရှောင်နှင့်ကိုပါ ကြီးတို့၏ အမှုကိစ္စများပင်။ မိမိသမီး ငယ်လေး မြန်မာ့တပ်မတော်လက်ချက်ဖြင့် အသက်ဆုံးပါးခဲ့ရခြင်းနှင့် ပတ်သက်၍ MNHRC  သို့ အားကိုးတကြီး တိုင်ကြားမိခဲ့သော ဦးဘရန်ရှောင်တစ်ယောက် တပ်မတော်ကို  အကြည်ညို ပျက်စေမှုဖြင့် ရုံးတင်တရားစွဲခံခဲ့ရခြင်းကပင် MNHRC  အနေဖြင့် လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူများအပေါ် ခြိမ်းခြောက်မှုအန္တရာယ်ကို ကာကွယ်တားဆီးမှု မပြုနိုင်ရုံသာမက စစ်တပ်ကို တာဝန်ယူ၊ တာဝန်ခံမှုရှိလာအောင် ကိုင်တွယ်နိုင်စွမ်း မရှိခြင်း ကိုပါ ပြဆိုနေပါသည်။

အလားတူ သတင်းသမားကိုပါကြီးအား စစ်တပ်မှ  ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း သတ်ဖြတ်ခဲ့သည့် စစ်သားနှစ်ဦးကို စစ်ခုံရုံးမှ သူ့သဘောနှင့်သူ လွှတ်ပစ်ခဲ့ခြင်းဖြင့် စစ်တပ်၏ ကျူးလွန်သော ပြစ်ဒဏ်မှ လွတ် ငြိမ်းခွင့်ရနေခြင်းမှာလည်း ယင်းအမှုကို အများပြည်သူ့ တရားရုံးတစ်ခုသို့ လွှဲပြောင်းပေးရန် MNHRC  ၏ အကြံပြုချက်ကို လှောင်ပြောင်သရော်သလို ဖြစ်ခဲ့ရပါ သည်။ စင်စစ် MNHRC ၏ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကိုယ်၌ပင် မခိုင်မာမှုများဖြင့် ပြည့်နှက်နေခဲ့ပြီး အသတ်ခံရသူ၏ ခန္ဓာကိုယ်ပေါ်မှ ညှဉ်းပမ်းနှိပ်စက်မှု လက္ခဏာများကိုလည်း ကိုင်တွယ်ခဲ့ခြင်း အလျှဉ်းမရှိခဲ့ ချေ။

မိမိတာဝန်ဖြစ်သော လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခြင်းမှာလည်း MNHRC  ၏ တရားဝင်အမှုအပေါ် စွန်းထင်းနေသော အခြားအမဲ စက်တစ်စက် ဖြစ်ပါသည်။ လောလောဆယ် တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများမှာ အစိုးရ၏ လုပ်ရပ်များအား ဝေဖန်ရုံမျှဖြင့် ရက်စက်ကြမ်းကြုတ်သော တပ်ဖွဲ့များနှင့် ရင်ဆိုင်ကြရပြီး တစ်ဖက်သတ် ထင်သလို ဖမ်းဆီးအရေးယူခံနေကြရဆဲပင်ဖြစ်သည်။ မြန်မာ့တပ်မတော်အနေ ဖြင့်လည်း ပဋိပက္ခနယ်မြေနှင့် ပဋိပက္ခမဖြစ်သော နယ်မြေများတွင် ဥပဒေမဲ့သတ်ဖြတ်မှု၊ လိင် အကြမ်းဖက်မှု၊ ညှဉ်းပမ်းနှိပ်စက်မှု၊ အဓမ္မအလုပ်ခိုင်းစေမှုကဲ့သို့သော အစီအစဉ်တကျနှင့် အနှံ့ အပြားသဘောဆောင်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအား ဆက်လက်ကျူးလွန်နေဆဲ ပင်ရှိသည်။ မြန်မာနိုင်ငံ၏ အခြားအစိတ်အပိုင်းများတွင်လည်း တိုင်းရင်းသားလူနည်းစုများမှာ ဒုက္ခသည်စခန်းများတွင် ပိတ် လှောင်ခံနေရပြီး အစိုးရအမြင့်ဆုံးအဆင့်များ၏ အစီ အစဉ်တကျ ခွဲခြားဆက်ဆံမှုကို ခံနေရဆဲဖြစ်သည်။ ဤအခြေအနေတစ်ရပ်လုံးတွင် MNHRC မှာ အလွန့် အလွန်ပင် ငြိမ်ချက်သားကောင်းနေပြီး နိုင်ငံရေးအရ အန္တရာယ်မရှိသော ကာလဒေသများတွင် သာ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးမှုကလေးများကို လုပ်ဆောင်နေရရှာ လေသည်။

ဤသို့မဟုတ်ဘဲ MNHRC  ကို ထိရောက်အကျိုးရှိစေရန်ဆိုပါက ပဲရစ်မူဝါဒ(ပါရီအခြေခံ မှု) များက သတ်မှတ်ထားသော နိုင်ငံတကာစံချိန်စံညွှန်းများအား စွဲမြဲလိုက်နာကြောင်း ပြသ ရပေမည်။ ယင်းတို့တွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အဓိပ္ပာယ်ပြည့်ဝသော ဆွေးနွေး တိုင်ပင်မှုတစ်ခုကို တည်ဆောက်ခြင်း၊ အစိုးရနှင့်စစ်ဖက်၏ သြဇာလွှမ်းမိုးမှုကို ဖျက်သိမ်းပစ် ခြင်း၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအား အကာအကွယ်ပေးရေး ဆော်သြလုပ် ဆောင်ခြင်းတို့ ပါဝင်ပေသည်။ တစ်ချိန်တည်းတွင် နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့်လည်း လူ့အခွင့်အရေးတိုးမြှင့်ရေးနှင့် ကာကွယ် စောင့်ရှောက်ရေးကို ရည်စူးလုပ်ဆောင်ကြောင်း အစမ်း  သပ်ခံပြီးဖြစ်သည့် ပဲရစ်မူဝါဒများနှင့်ညီသော MNHRC  ဖြစ်မြောက်ရေးအတွက် အစိုးရကို တွန်းအားပေးရန် ကြိုးပမ်းအားထုတ်ရပေလိမ့်မည် ဖြစ်ပါသည်။

မြန်မာ့ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မြန်မာ့လူ့အခွင့်အရေး

မြန်မာနိုင်ငံ၏ ၂၀ဝ၈ အခြေခံဥပဒေက အခြေခံလူ့အခွင့်အရေးကို အသိအမှတ်ပြုထည့် သွင်းထားသော်လည်း နိုင်ငံသားများအတွက်သာ ဖြစ်သည်။ အပြန်အလှန်အားဖြင့် နိုင်ငံတော် ထံ ပေးဆောင်ရမည့် နိုင်ငံသားတို့၏ တာဝန်များကိုလည်း သတ်မှတ်ပေးထားသည်။  အခြေခံ ဥပဒေက ကျန်းမာရေး၊ ပညာရေးအခွင့်အရေးနှင့် ရာဇဝတ်မှု ၃၀ ကို နောက်ကြောင်းပြန် အသုံးမချ ရေးကဲ့သို့သော မျှတသည့် တရားခွင်အခွင့်အရေးတစ်ခုကိုလည်း အသိအမှတ်ပြု ထားသည်။ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်၊  လွတ်လပ်စွာ စုရုံးစည်းဝေးခွင့်နှင့် လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့်တို့ကဲ့သို့သော အရပ်ဖက်နိုင်ငံ ရေး အခွင့်အရေးများအား အသိအမှတ်ပြုထားသော်လည်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာငြိမ်းချမ်းရေး၊ ငြိမ်ဝပ်ပိပြားရေးနှင့် ကျင့်ဝတ်ဆိုင်ရာအခြေအနေများ အပေါ်မူတည်၍ ကန့်သတ်မှုများ သတ်မှတ်ထားရှိသည်။ တဖန်လွတ်လပ်သော တရားရေးဌာနနှင့် တရားဥပဒေ စိုးမိုးရေးကို တရားစီရင်ရေးမူဝါဒများ၏ ပင်မအချက်အခြာအဖြစ် အခြေခံဥပဒေက အသိ အမှတ်ပြုထားသော်လည်း တရားစီရင်ရေးလွတ်လပ်အမှီခိုကင်းမှုမရှိခြင်းက  ပြဿနာတစ်ရပ် ဖြစ်နေသေးသည်။

UNHRC  ၏ အကြံပေးချက်များ

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC) ၏ ၂၀၁၁ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ပုံမှန်သုံးသပ်ချက် (UPR) တွင် မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေ၊ လူနည်းစုအုပ်စုများ၏ အခွင့်အရေးကာကွယ်ရေး၊ ကလေးနှင့် အဓမ္မအလုပ်ခိုင်းစေမှု၊ ကလေး စစ်သားများ၊ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် စုရုံးစည်းဝေးခွင့်အပေါ် ချုပ်ချယ် ကန့်သတ်မှုများ၊ တရားစီရင်ရေး  ကဏ္ဍဘက်မလိုက်ရေး၊ စစ်ဖက်နှင့် အစိုးရအရာရှိများက ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်တို့နှင့်ပတ်သက်သည့် စိုးရိမ်ပူပန် မှုများကို သုံးသပ်ဖော်ပြ၍ အကြံပြုချက်အချို့ ပြုလုပ်ခဲ့သော်လည်း မြန်မာနိုင်ငံက လက်မခံခဲ့ ချေ။ ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။

–        အဓိကကျသော နိုင်ငံတကာလူ့အခွင့်အရေးသဘောတူစာချုပ်များနှင့် နိုင်ငံတကာ   ရာဇဝတ်မှု တရားရုံး(ICC) ၏ ရောမမူဝါဒများကို အတည်ပြုလက်မှတ် ထိုးရန်။

–        ပဋိပက္ခဒေသများအတွင်းရှိ အရပ်သားများအား အကာအကွယ်ပေးရန်၊ လူမှုအဖွဲ့အစည်း ဝင်အားလုံးအတွက် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များအား အပြည့်အဝ လေးစားလိုက်နာမှုနှင့်အတူ ဒီမိုကရေစီနည်းကျ ဝန်းကျင်အခြေအနေတစ်ရပ် ဖန်တီးပေး ခြင်းဖြင့် အနာဂတ်တွင် ယင်းကဲ့သို့သော ပဋိပက္ခများအား တားဆီးရန်။

–        နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းများ၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများ  နှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံဥပဒေများကို ဖော် ဆောင်ရန်။

–        အစိုးရနှင့် စစ်ဖက်ပုဂ္ဂိုလ်များကို ရာဇဝတ်ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပြုထားသည့် အခြေခံ ဥပဒေ ပုဒ်မ ၄၄၅ အား ဖျက်သိမ်းပစ်ရန်။

–        ရိုဟင်ဂျာများအား မြန်မာနိုင်ငံသားပြုခွင့်ပေးရေးအတွက် ၁၉၈၂ ခုနှစ် နိုင်ငံသားပြုမှု ဥပဒေကို ပြင်ဆင်ရန်။

–        နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်နှင့် ICRC ကို အကျဉ်း ထောင်နှင့်ထိန်းသိမ်းစခန်းများသို့ အဟန့်အတားမရှိ သွားရောက်ခွင့်ပေးရန်။

–        လွတ်လပ်စွာထင်မြင်ယူဆခွင့်၊ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ် စွာ သတင်းအချက်အလက်ရယူပိုင်ခွင့်တို့အပေါ် ချမှတ်ထားသော ကန့်သတ်ချုပ်ချယ်မှု များအား ရုပ်သိမ်းရန်။

–        အမျိုးသားလူ့အခွင့်အရေးကော်မရှင်အား ပဲရစ်မူဝါဒများနှင့်အညီ အစိုးရထံမှ လွတ်လပ် အမှီခိုကင်းစေရန်။

နိုင်ငံတကာစွပ်စွဲချက်များအပေါ် MNHRC ၏ တုံ့ပြန်ချက်

ပဋိပက္ခဖြစ်ပွားရာနေရာများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသည်ဟူသော နိုင်ငံတကာစွပ်စွဲချက်များရှိနေသော်လည်း မဟုတ်မှန်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့် အရေးကာကွယ်စောင့်ရှောက်မှုကို ပြုစုပျိုးထောင်ရန်ကြိုးပမ်းအားထုတ်နေကြောင်း MNHRC  ဥက္ကဋ္ဌဦးဝင်းမြက သီးသန့်တွေ့ဆုံမှုတစ်ခု တွင် တုံ့ပြန်ပြောကြားသည်။

ကော်မရှင်သည် ပြီးခဲ့သည့်နှစ်များအတွင်း တရား ဝင်တိုင်တန်းချက်များ၏ ထက်ဝက်ကို ကိုင်တွယ်ဖြေရှင်း ပေးခဲ့ကြောင်း၊ လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်တွင် မြန်မာ နိုင်ငံတစ်ဝန်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ် သက်သည့် တိုင်တန်းချက် ၃၂၈၁ ခုအား MNHRC မှ စိစစ်သုံးသပ်ခဲ့ကြောင်း၊ တိုင်တန်းချက်စာရင်းတွင် အစိုးရ သို့မဟုတ် တပ်မတော်တို့၏ လယ်ယာမြေသိမ်းယူမှုမှာ အများဆုံးဖြစ်ပြီး အချို့ကို ပြန်လည်ပေးအပ်ခဲ့ကြောင်း၊ သမ္မတရုံးက သစ်တောအရံမြေ ၄၁၆၀ ဧကကျော်ကို လယ်သမားများသို့ ပြန်လည်ပေးအပ်ရန် ညွှန်ကြား ခဲ့ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကော်မရှင်၏ အကြံပြုချက်အရ သမ္မတက လယ်မြေ ၈၈.၃ ဧကကို မူလပိုင်ရှင်လယ်သမားများထံ ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေး အပ်ရန် ညွှန်ကြားခဲ့ကြောင်း၊ ကော်မရှင်၏ တိုက်တွန်းချက်အရ ကာကွယ်ရေးဝန်ကြီးဌာနက ကန့်ဘလူ၊ မုံရွာ၊ ကသာနှင့် ရွှေဘိုခရိုင်များရှိ အသုံးမပြုသော လယ်မြေများအား နိုင်ငံ တော်သို့ ပေးအပ်မည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် စက်တင်ဘာလတွင် နိုင်ငံပိုင် မြန်မာ့ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းက သံတောင်ကြီးမြို့နယ်နှင့် ကရင်ပြည်နယ်ရှိ လယ်မြေ ၃၃၂ ဧကကို ဒေသခံလယ် သမားများထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း၊ ဤသည်တို့မှာ ဥပမာကောင်းများဖြစ်ပြီး ရှေ့ဆက်၍ လည်း ဤလမ်းကြောင်းအတိုင်း ဆက်လက်သွားမည်ဟု မျှော်လင့်ကြောင်း ဦးဝင်းမြက ဆိုပါ သည်။

ထို့ပြင် ကော်မရှင်အနေဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံက ချမှတ်ခဲ့သည့် နိုင်ငံစုံ စာချုပ်တစ်ခုဖြစ်သော အများပြည်သူနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာပဋိညာဉ် စာချုပ်အား လက်မှတ်ရေးထိုးရန် အစိုးရကို တိုက်တွန်းခဲ့ကြောင်း၊ လူ့အခွင့်အရေးသိမြင်မှု တိုးတက်စေရန် Democracy Reporting International အဖွဲ့နှင့် ပဲရစ်တက္ကသိုလ်၊ ဥပဒေဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ယင်းက ပြောကြားသည်။

ကော်မရှင်သည် ကချင်နှင့် ရခိုင်ပြည်နယ်များအပါအဝင် ပဋိပက္ခဒေသများသို့ ကွင်း ဆင်းပြီး တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများအတွင်း နိုင်ငံသားအခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ ကုလသမဂ္ဂ အဖွဲ့ အစည်းများ၊ အခြားနိုင်ငံတကာလုပ်ဖော်ကိုင်ဖက်များနှင့်လည်း ရခိုင်ဒေသငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပြန်လည်ရရှိရန် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ကချင်ပြည်နယ်ရှိ IDP စခန်း များ၊ ရခိုင်ပြည်နယ်ရှိ ကြိုဆိုလက်ခံရေးဌာနများနှင့် ယာယီခိုလှုံရေးစခန်းများသို့ သွားရောက် ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသော ဘင်္ဂလီများ ပြန်လည်ခေါ်ယူရေးအတွက် စီစဉ် ဆောင်ရွက်မှုများအား သွားရောက်လေ့လာခဲ့ကြောင်း ၂၀၁၅  မှ ၂၀၁၈ ခုနှစ်အတွင်း အကျဉ်း ထောင်ပေါင်း ၄၄ ခုနှင့် ထိန်းသိမ်းရေးစခန်း ၅၀ ခုတို့ရှိ အကျဉ်းသားများ ထံသွားရောက် တွေ့ဆုံမှုကို နိုင်ငံရေးအကျင်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)နှင့် ပူးပေါင်း ပြုလုပ်ခဲ့ကြောင်း၊ MNHRC မှာ လွတ်လပ်သောအဖွဲ့ အစည်းတစ်ခုဖြစ်သော်လည်း အကျဉ်းသား များအား ပြန်လွှတ်ပေးရန်အခွင့်မရှိကြောင်း၊ သို့သော် ယင်းတို့၏အခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရန် အမြဲလုပ်ဆောင်နေကြောင်း၊ အခြေခံလူ့အခွင့်အရေးသိမြင်မှု တိုးပွားရန် UDHR ကို မြန်မာနှင့် တိုင်းရင်းသားဘာသာ ၁၆ ခုသို့ ပြန်ဆို၍ နိုင်ငံတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးခဲ့ကြောင်းလည်း ဦးဝင်းမြက ဆိုပါသည်။

ထို့ပြင် ကော်မရှင်သည် မကြာသေးမီက ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၊ အာရှပစိဖိတ်ဖိုရမ်တို့နှင့် ပူးပေါင်းဆောင်ရွက်ကာ မိမိ၏ စွမ်းရည်အကဲဖြတ်မှု ပြုလုပ်ခဲ့ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းအားလုံးက လည်း MNHRC အနေဖြင့် ပြီးခဲ့သည့်နှစ်များအတွင်း လုပ်ဆောင်ချက်ကောင်းမွန်သည်ကို လက်ခံအသိ အမှတ် ပြုကြကြောင်း ယင်းကပြောကြားပါသည်။

မြန်မာ့လူ့အခွင့်အရေးအလားအလာနှင့် MNHRC

မြန်မာနိုင်ငံသည် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်နှင့် ယင်းကို အစီအစဉ်ရှိရှိ ပုံဖော်ရေးဆွဲခဲ့သော  စစ်အာဏာရှင်အစိုးရ၊ စစ်တစ်ပိုင်းအစိုးရနှင့် အရပ်သား တစ်ပိုင်းအစိုးရ အဆက်ဆက်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများစွာကို ကြုံတွေ့ခံစားခဲ့ရ၊ ခံစားရဆဲနှင့် မဝေး သော အနာဂတ်ကာလတွင်လည်း ခံစားရဦးမည် ဖြစ်သည်။ ထိုအခြေအနေတွင် စစ်အာဏာရှင် တို့က မွေး ထုတ်ပေးခဲ့သော MNHRC မှာ လွတ်လပ်ပါသည်ဆို သော်လည်း အမှီခိုမကင်းနိုင် သေးသည်မှာ ငြင်းမရသော  အရှိပကတိပင်ဖြစ်သည်။ သို့တစေ ပြည်သူလူထု၏ လူ့အခွင့်အရေး သိမြင်မှုများ တိုးပွားလာမှု၊ နိုင်ငံတကာ အသိုင်းအဝိုင်း၏ မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားမှုများ အပေါ် စာနာထောက်ခံမှုနှင့် MNHRC  ၏ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့်ပိုမိုပူးပေါင်းဆောင်ရွက်လာနိုင်မှုတို့မှာ မြန်မာ့လူ့အခွင့်အရေးအလားအလာ အတွက် တစ်စုံတစ်ရာ အတိုင်းအတာအထိ ခုသာခံသာရှိမည်ဟု မျှော်လင့်ရပါသည်။

လူသာလင်း

Reference:

  1. Human Rights Protection ‘ in progress’ MNHRC By Khine Kyaw, Eleven, 10 July 2019.
  2. Myanmar National Human Rights Commission By Progressive Voice Myanmar.
  3. Myanmar, Human Rights in Asia
  4. Wikipedia, the Free encyclopedia.

(လူ့အခွင့်အရေးဆိုသော အသုံးအနှုန်းများကို စာရေးသူ၏ အာဘော်အတိုင်း သုံးနှုန်းဖော်ပြ ထားခြင်း ဖြစ်သည်။ အယ်ဒီတာ)

Please follow and like us:
0