LGBT အရေးအတွက် နှစ်လမ်းသွားပြုပြင်ရေး

လိင်စိတ်တိမ်းညွတ်မှု မတူကွဲပြားခြင်းကို အခြေခံကာ လိင်ဝိသေသခံယူမှုအမျိုးမျိုးဖြစ်နိုင်သည်မှာ သဘာဝ တရားဖြစ်သော်လည်း ယင်းကို လူအများက နားလည်သဘောပေါက်နိုင်ခြင်းနှင့် လက်ခံနိုင်ခြင်းမှာမူ အကန့်အသတ် ရှိနေမြဲဖြစ်ပါသည်။ အထူးသဖြင့် အာဏာကို လက်ဝါးကြီးအုပ်ထားသည့် လူအစုအဖွဲ့ကအရာရာကို အဆုံးအဖြတ် ပေးနိုင်သည့် လူ့အဖွဲ့အစည်းမျိုးတွင် လူထု၏ သိနားလည် မှုနှင့် သိနားလည်ထားသမျှအပေါ် လက်ခံနိုင်စွမ်း၊ သုံးသပ်ဆင်ခြင်နိုင်စွမ်းတို့သည် အကန့်အသတ်ရှိမြဲပင်။ ထို့ကြောင့် မြန်မာ့လူ့ဘောင်တွင် လိင်ဝိသေသခံယူမှုကို အကြောင်းပြုကာ လူအချင်းချင်း ခွဲခြားဆက်ဆံနှိမ်ချမှုများကို လူမှုရေးအရဆောင်ရွက်ကြသည့်အပြင် ဥပဒေ ကြောင်းအရပါ တရားဝင်ဖြစ်အောင် ပြုမူခြင်းများရှိနေပါသည်။

ဥပဒေကြောင်းအရ အကာအကွယ်ပေးခြင်း သို့မဟုတ် အန္တရာယ် ရှိနေသည့် ဥပဒေများအား ပြင်ဆင် ပြောင်းလဲခြင်းသည် လွယ်ကူချောမွေ့လေ့မရှိသော်လည်း အကယ်၍ တရားဝင်အတည်ပြုနိုင်ပြီဆိုလျှင်မူ ဥပဒေ၏ သက်ရောက်မှု၊ စိုးမိုးမှုကိုယ် တိုင်က စိန်ခေါ်မှုအသစ် ဖြစ်လာလေ့ရှိပါသည်။ ယင်းစိန်ခေါ်မှုအသစ်တွင် လူမှုရေး အရ သမားရိုးကျ အရိုးစွဲရှုမြင်နားလည်မှုက ထိပ်တန်းက ပါနေပေသည်။ ယင်းကို ချေဖျက်ပြုပြင်ရန်မှာမူ ပိုမိုနက်ရှိုင်း ခက်ခဲသည့် စိန်ခေါ်မှုသာ ဖြစ်ပါသည်။ မကြာသေး မီက ဖြစ်ပေါ်ခဲ့သော ပုဂ္ဂလိကတက္ကသိုလ်တစ်ခုမှ စာကြည့် တိုက်ဝန်ထမ်းလေးတစ်ဦး၏အဖြစ်တွင် သည်ပြဿနာက ပိုမြင်သာခဲ့ပါသည်။ ဥပဒေတွင် မည်သို့ဆိုစေကာ မူ လူ အများစု၏ သိမှုနှင့်ခံယူချက်တို့က အကန့်အသတ်ဖြစ်နေလျှင် သည်လိုဖြစ်ရပ်မျိုးများ နောက်ထပ်မပေါ်ပေါက်နိုင်ဟု မပြောနိုင်ပါ။

သည်နေရာတွင် လူမှုရေးသြဇာရှိသူများ၏ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစား ကြရမည် ဖြစ်ပါသည်။ အထူး သဖြင့် ဖျော်ဖြေရေးလောကနှင့် ဆိုရှယ်မီဒီယာတို့   မှတစ်ဆင့် လူအများ၏ သိမှုနှင့်ခံယူချက်အပေါ် သက်ရောက် နိုင်စွမ်းကိုလည်း ထည့်သွင်းစဉ်းစားကြရပါမည်။ ထို့ကြောင့် လိင်ဝိသေသခံယူမှု၊ လိင်စိတ်တိမ်းညွတ်မှုတို့နှင့်တကွ အခြေခံအကျဆုံးဖြစ်သော လူသားတိုင်း လူသားဂုဏ်သိက္ခာနှင့်အညီ နေထိုင်ရှင်သန်ခွင့်ရရေးတို့ကို ဥပဒေအရ အာမခံနိုင်ရန် ကြိုးပမ်းအားထုတ်ရမည့် နည်းတူ လူမှုရေးအရလည်း လက်သင့်ခံနိုင်အောင်ကြိုးစားကြရမည် ဖြစ်ပါသည်။ မြန်မာ့သဘင်လောကနှင့်ရုပ်ရှင်လောကတို့တွင် အမျိုးသမီးပညာသည်များကို အမျိုးသားပညာသည် များထက် တစ်ဆင့်နိမ့်သောအနေအထားမျိုးဖြင့် ပြောဆိုဆက်ဆံခြင်း၊ အခြားလိင် စိတ်တိမ်းညွတ်မှု ကွဲပြားသည့် လိင်ဝိသေသများအား ခံယူထားသူများကို လည်း နောက်ပြောင်ရယ်သွမ်းသွေးစရာ၊ နှိမ်ချလှောင်ပြောင်စရာအနေ အထားဖြင့် ပုံဖော်တင်ဆက်ရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့၊ ဆောင်ရွက်ဆဲဖြစ်ပါသည်။ ယင်းသို့ဆောင်ရွက်ခြင်း ကြောင့် အများလူထုကြားတွင် LGBT နှင့်ပတ်သက်သည့်သိမှု၊ ခံယူချက်များမှာ အပြုသဘောမဆောင်တော့ဘဲ အပျက်သဘော၊ အနှုတ်လက္ခဏာ သဘောသာဆောင်လာသည်ဟုဆိုလျှင် မှားမည်မထင်ပါ။

ထို့ကြောင့် လိင်ဝိသေသခံယူမှု၊ လိင်စိတ်တိမ်းညွတ်မှုများနှင့်ပတ်သက်လျှင် လူထု၏သိမှုနှင့်ခံယူချက်များကို နိုင်ငံတကာစံချိန်စံညွှန်းနှင့်ကိုက်ညီသော ဥပဒေများပေါ်ထွန်းရေး၊ ပြုပြင်ရေးတို့နည်းတူ အလေးထားရှုမြင်ကာ ဆောင်ရွက်ရန် အရေးကြီးပါသည်။ ထိုသို့ ဥပဒေ-လူမှုရေးဟု နှစ်လမ်းသွားပြုပြင်နိုင်မှသာလျှင် မြန်မာ့ လူ့ဘောင် တွင် မည်သည့်လူသားတစ်ဦးတစ်ယောက်မျှ မိမိ၏လိင်စိတ်တိမ်းညွတ်မှုနှင့် လိင်ဝိသေသခံယူမှုတို့ကိုအကြောင်း ပြုကာ ခွဲခြားဆက်ဆံအနိုင်ကျင့်ခံရခြင်းမှ ကင်းလွတ်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

Please follow and like us:
0