မဟာရန်ကုန်ဖွံ့ဖြိုးရေးအိပ်မက်

(ရန်) ကုန်တဲ့ (ရန်ကုန်)

(ရန်ကုန်) ကို ၁၁ ရာစုစောစောပိုင်း(ခရစ်နှစ် ၁၀၂၈-၁၀၄၃)တွင် ထိုအချိန်က အောက်ဗမာပြည် တစ်လွှား အနှံ့အပြားနေထိုင်ခဲ့သည့် မွန်လူမျိုးတို့က (ဒဂုန်)အဖြစ် စတင်ထူထောင်ခဲ့ကြောင်း မှတ်တမ်းမှတ်ရာများက ဆိုသည်။ ထိုဒဂုန်သည် အစက တံငါရွာငယ်လေးတစ်ခုမျှသာဖြစ်ပြီး ရွှေတိဂုံစေတီတော်အနီးဝန်းကျင်ကို ဗဟိုပြု ၍ တည်ရှိခဲ့သည်။ ၁၇၅၅ ခုနှစ်တွင် မြန်မာဘုရင်အလောင်းဘုရားက ဒဂုန်ကို အောင်မြင် သိမ်းပိုက်ခဲ့ပြီး ဒဂုန် တစ်ဝိုက် လူနေအိမ်ခြေများ တိုးမြှင့်အခြေချစေကာ ရန်အပေါင်းအား အကုန်အစင်ဖယ်ရှားနိုင်မှု အကောက်အယူ ဖြင့် (ရန်ကုန်)မြို့အဖြစ် အမည်သစ်ပေးခဲ့ကြောင်း သိရသည်။

ကိုလိုနီ (ရန်ကုန်)

အင်္ဂလိပ်-မြန်မာပထမစစ်ပွဲ(၁၈၂၄-၂၆)ကာလအတွင်း အင်္ဂလိပ်တို့က ရန်ကုန်ကို သိမ်းပိုက်ခဲ့သော်လည်း ယင်းစစ်အပြီးတွင် ဗမာဘုရင့်အစိုးရသို့ ပြန်လည်ပေးအပ်ခဲ့သည်ဟု ဆိုသည်။ သို့တစေ ၁၈၅၂ ခုနှစ် အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲအပြီးတွင်မူ ရန်ကုန်အပါအဝင် အောက်ဗမာပြည်တစ်ခုလုံးကို အပြီးအပိုင်သိမ်းယူခဲ့ပြီး နောက်ပိုင်းတွင် ဗြိတိသျှဗမာပြည်၏ ကုန်သွယ်ရေးနှင့်နိုင်ငံရေးအချက်အချာအဖြစ် ရန်ကုန်မြို့ကို အသွင် ပြောင်းပစ်ခဲ့သည်။ တစ်ဆက်တည်းတွင် အင်္ဂလိပ်နယ်ချဲ့တို့က ဗြိတိသျှဗမာပြည်၏မြို့တော်ကို မော်လမြိုင်မှ သည် ရန်ကုန်ဆီသို့ ပြောင်းရွှေ့ခဲ့လေသည်။

ထို့နောက် အင်္ဂလိပ်တို့သည် ဗြိတိသျှစစ်တပ် အင်ဂျင်နီယာ ဗိုလ်အလက်ဇန်းဒါးဖရေဇာ၏ ဒီဇိုင်းပုံစံ ကို အခြေခံကာ အရှေ့ဘက်တွင် ပုဇွန်တောင်ချောင်း၊ တောင်ဘက်နှင့်အနောက်ဘက်တွင် ရန်ကုန်မြစ်ကို အနား သတ်ထားကာ မြို့သစ်တစ်ခုအဖြစ် တိုးချဲ့တည် ဆောက်ခဲ့ပြန်သည်။ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ အပြီး ၁၈၈၅ ခုနှစ်၌ အထက်ဗမာပြည်ကို သိမ်းယူခဲ့သည့်နောက်တွင်မူ ရန်ကုန်သည် ဗြိတိသျှအုပ်ချုပ်သည့် ဗမာနိုင်ငံတစ်ခုလုံး ၏ မြို့တော်ဖြစ်လာခဲ့တော့သည်။ ၁၈၉၀ ပြည့်နှစ်များတွင် တိုးပွားမြင့်တက်လာသော ရန်ကုန်လူဦးရေနှင့် စီးပွားရေးကုန်သွယ်လုပ်ငန်းတို့၏ အကျိုးဆက်အဖြစ် ကန်တော်ကြီးနှင့်အင်းလျားကန်တို့၏ မြောက်ဘက်တွင် လူကုန်ထံလူနေဆင်ခြေဖုံးရပ်ကွက်များ ပေါ်ပေါက်လာခဲ့ပြီး ရန်ကုန်အထွေထွေဆေးရုံကြီးအပါအဝင် ဆေးရုံများ နှင့် ရန်ကုန်တက္ကသိုလ်အပါအဝင် ကောလိပ်ကျောင်း၊ အထက်တန်းကျောင်းများကို တည်ထောင်ခဲ့လေသည်။ ကိုလိုနီရန်ကုန်သည် ကျယ်ပြန့်သော ပန်းခြံများ၊ ရေကန်များ၊ ခေတ်မီအဆောက်အအုံများနှင့် ရိုးရာသစ်သား ဗိသုကာလက်ရာများနှင့်အတူ ‘အရှေ့ တိုင်း၏ ဥယျာဉ်မြို့တော်အဖြစ် ထင်ရှားခဲ့သည်။ ၂၀ ရာစုစောစောပိုင်းတွင် ရန်ကုန်၌ လန်ဒန်နှင့်ပခုံးချင်း ယှဉ်နေသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဌာနများနှင့် အခြေခံအဆောက်အအုံများ ပေါ်ပေါက်တည်ရှိလာလေ သည်။

ဒုတိယကမ္ဘာစစ်မတိုင်မီတွင် ရန်ကုန်လူဦးရေ ၅၀ဝဝ၀ဝ ခန့်၏ ၅၅ ရာခိုင်နှုန်းမှာ အိန္ဒိယနွယ်ဖွား သို့မဟုတ် အရှေ့တောင်အာရှနွယ်ဖွားများဖြစ်ပြီး သုံးပုံ တစ်ပုံခန့်ကသာ ဗမာလူမျိုးများဖြစ်ကာ ကျန်လူဦးရေ မှာ တရုတ်နွယ်ဖွားများ၊ အင်္ဂလိပ်-ဗမာကပြားများနှင့် အခြားလူမျိုးများ ဖြစ်ကြသည်။

ပထမကမ္ဘာစစ်နောက်ပိုင်းတွင် ရန်ကုန်သည် လက်ဝဲအယူရှိသူ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ဦးဆောင်သော ဗမာ့လွတ်လပ်ရေးလှုပ်ရှားမှု၏ ဗဟိုချက် ဖြစ်လာခဲ့သည်။ ၁၉၂၀၊ ၁၉၃၆ နှင့် ၁၉၃၈ ခုနှစ်များ တွင် ဖြစ်ပွားခဲ့သော တစ်နိုင်ငံလုံးပျံ့နှံ့သည့် ဗြိတိသျှ အင်ပါယာဆန့်ကျင်ရေး သပိတ်တိုက်ပွဲကြီးများအားလုံး မှာ ရန်ကုန်၌ စတင်ခဲ့ကြခြင်းဖြစ်သည်။ ရန်ကုန်သည် ဂျပန်သိမ်းပိုက်မှု(၁၉၄၂-၄၅) အောက်သို့ ကျရောက်ခဲ့ ရပြီး ဒုတိယကမ္ဘာစစ်အတွင်း၌လည်း အကြီးအကျယ် ပျက်စီးခဲ့ရသည်။ ၁၉၄၅ ခုနှစ်၊ မေလတွင် မဟာမိတ် တပ်များနှင့် ဗမာ့တော်လှန်ရေးတပ်များက ရန်ကုန်မြို့ကို ပြန်လည်ရယူခဲ့ကြသည်။ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် ဗြိတိသျှအင်ပါယာအောက်မှ လွတ်လပ်ရေးပြန်လည်ရရှိခဲ့ချိန်တွင် ရန်ကုန်မြို့သည် ပြည်ထောင်စု မြန်မာနိုင်ငံ တော်၏ မြို့တော် ဖြစ်လာခဲ့လေသည်။

ခေတ်ပြိုင်ရန်ကုန်

          လွတ်လပ်ရေးရပြီးကတည်းက ရန်ကုန်မြို့သည် အပြင်ဘက်သို့ ဆန့်ထွက်ကျယ်ပြန့်လာခဲ့သည်။ လွတ် လပ်ရေးခေတ် အစိုးရအဆက်ဆက်သည် ရန်ကုန်ကို အရန်မြို့များဖြင့် တိုးချဲ့လာခဲ့ရာ ၁၉၅၀ ပြည့်နှစ်များ နောက်ဆုံးပိုင်းတွင် သာကေတ၊ မြောက်ဥက္ကလာပနှင့် တောင်ဥက္ကလာပကဲ့သို့သော မြို့သစ်များ၊ ၁၉၈၀ ပြည့် နှစ်များ နောက်ဆုံးပိုင်းတွင် လှိုင်သာယာ၊ ရွှေပြည်သာ နှင့်တောင်ဒဂုံ၊ မြောက်ဒဂုံ စသောမြို့သစ်များနှင့် ပြန့်ကားလာခဲ့သည်။ ယနေ့ကာလတွင်မူ မဟာရန်ကုန် ဧရိယာမှာ ၆၀ဝ စတုရန်းကီလိုမီတာနီးပါး(စတုရန်းမိုင် ၂၃၀ ခန့်)ကို လွှမ်းခြုံထားလေပြီ။

စစ်အာဏာရှင် ဦးနေဝင်း၏ တစ်ကိုယ်တော်အုပ်စိုး မှုကာလ(၁၉၆၂-၈၈)အတွင်းတွင် ရန်ကုန်မြို့၏ အခြေခံ အဆောက်အအုံများမှာ ထိန်းသိမ်းမှုညံ့ဖျင်းခြင်းကြောင့် ဆိုးဆိုးရွားရွား ပျက်စီးခဲ့ရပြီး တိုးပွားလာသော လူဦးရေ အချိုးအစားနှင့်အညီ လိုက်မီအောင် မတည်ဆောက်နိုင်ခဲ့ချေ။ ၁၉၉၀ ပြည့်နှစ်များအတွင်း အာဏာ သိမ်းစစ်အစိုးရ၏ ပိုမိုပွင့်လင်းသော ဈေးကွက်ပေါ်လစီများက ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင် ခဲ့ရာ မြို့တော်၏ အခြေခံအဆောက်အအုံလုပ်ငန်းတွင် ခေတ်မီမှုအနည်းအကျဉ်းကို ဆောင်ကျဉ်းပေးခဲ့သည်။ မြို့တွင်း နေထိုင်သူအချို့ကို အရန်မြို့သစ်များ၌ အတင်းအကျပ် ပြန်လည်နေရာချထားပေးခဲ့သည်။ ကိုလိုနီခေတ် ကာလအဆောက်အအုံအများအပြားမှာ အထပ်မြင့်ဟိုတယ်များ၊ ရုံးခန်းအဆောက်အအုံများနှင့် ဈေးဝယ်စင်တာ များအတွက် နေရာပေးရန် ဖျက်ဆီးခြင်းခံခဲ့ရလေသည်။ သို့တစေ ၁၉၉၆ ခုနှစ်၌ ရန်ကုန်မြို့ပြအမွေအနှစ်စာရင်း တွင် ထင်ရှားသော ကိုလိုနီခေတ်အဆောက်အအုံ ၂၀ဝ ခန့်ကို စာရင်းတင်နိုင်ခဲ့သည်။ ဆောက်လုပ်ရေးစီမံကိန်း ကြီးများဖြင့် တံတားသစ် ၆ စင်းနှင့် မြို့တော်ကို စက်မှုလုပ်ငန်းဒေသများသို့ ချိတ်ဆက်ပေးသည့် ဟိုက်ဝေး လမ်း ၅ ခု အကောင်အထည်ဖော် တည်ဆောက်ခဲ့သည်။ မည်သို့ဆိုစေ ရန်ကုန်မြို့၏ အများစုနေရာများ တွင် ၂၄ နာရီ လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ပုံမှန်အမှိုက်သိမ်းခြင်းကဲ့သို့သော အခြေခံမြူနီစီပယ်လုပ်ငန်းများ မရရှိသေးချေ။

၂၀ဝ၅ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်အစိုးရက ရန်ကုန်မြို့၏ မြောက်ဘက် ၃၂၀ ကီလိုမီတာ (၁၉၉ မိုင်) အကွာတွင် အုပ်ချုပ်ရေးမြို့တော်သစ်အဖြစ် နေပြည်တော်ကို စီစဉ်ဖန်တီးခဲ့ပြီး အစိုးရဌာနအများစုအား ထိုအသစ် တည်ဆောက်သည့် မြို့သို့ ရွှေ့ပြောင်းပစ်ခဲ့သည်။ သို့တစေ ရန်ကုန်မှာ အကြီးဆုံးမြို့နှင့် မြန်မာနိုင်ငံ၏ ကုန်သွယ် စီးပွားအချက်အခြာ မြို့အဖြစ် ဆက်လက်တည်ရှိနေလေသည်။

ကောင်းမွန်သော မြို့ပြစီမံကိန်းနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု

ဤသို့ မြန်မာ့ကုန်သွယ်စီးပွားအချက်အချာအဖြစ် ဆက်လက်တည်ရှိနေသော မဟာရန်ကုန်တွင် ၂၀၁၄ ခုနှစ် လူဦးရေစာရင်းအရ လူပေါင်း ၅.၂ သန်း နေထိုင် သည်ဟု ဆိုသည်။ ဤကိန်းဂဏန်းသည် မြန်မာ့ဒုတိယ အကြီးဆုံးမြို့ဖြစ်သည့် မန္တလေးထက် လေးဆပိုများ ကြောင်း ဖော်ပြနေသည်။ တစ်ချိန်တည်းတွင် ရန်ကုန် သည် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်း၊ အိုးအိမ်ခြံမြေဈေးကွက်၊ မီဒီယာ၊ ဖျော်ဖြေရေးနှင့်ခရီးသွားလုပ်ငန်း များအတွက် ပင်မဗဟိုဖြစ်ကာ အမျိုးသားစီးပွားရေး၏ ငါးပုံတစ်ပုံကို ကိုယ်စားပြုထားသည်။ ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်အတွက် တရားဝင်စာရင်းဇယားများအရ ရန်ကုန်တိုင်း၏ စီးပွားရေးပမာဏမှာ ၈.၉၃ ထရီလီယံ ကျပ်ရှိပြီး အမျိုးသားထုတ်ကုန်တန်ဖိုး၏ ၂၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ထိုမျှ အချက်အခြာကျသော ရန်ကုန်မြို့တွင် စစ်အစိုးရစိုးမိုးသည့်နှစ် ကာလများက ကျင့်သုံးခဲ့သော ရေတိုစီမံကိန်းများ၊ ဟာကွက်များသော မြို့ပြစီမံခန့်ခွဲမှုများကို အဆုံးသတ်ပြီး ဦးတည်ချက်သစ်နှင့်မဖြစ်မနေထိန်းကျောင်းကာ စစ်မှန်သော အပြောင်း အလဲတစ်ခုကို စတင်လုပ်ဆောင်ရမည့် လမ်းဆုံလမ်းခွသို့ ရောက်ရှိနေပြီဖြစ်သည်။ ဤအတွက် မူဝါဒများ၊ အနာဂတ်မြို့ပြစီမံကိန်းများ၊ လမ်းညွှန်ချက်များအပြင် အခြားနိုင်ငံများ၌ လက်တွေ့ကျင့်သုံးလျက်ရှိသည့် ယဉ်ကျေးမှုနှင့်ဗိသုကာအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်မှု နမူနာကောင်းများ စတင်လုပ်ဆောင်မှသာလျှင် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုး တိုးတက်မှုနှင့် နေချင့်စဖွယ်မြို့တစ်မြို့အဖြစ် ခုန်ကျော် ပြောင်းလဲနိုင်မည်ဖြစ်သည်။

ကောင်းမွန်သော မြို့ပြစီမံကိန်းဆိုသည်မှာ မြို့၏ ပိုင်ဆိုင်မှုများအားလုံးကို အကျိုးရှိရှိ ထိရောက်စွာ အသုံးပြုခြင်း၊ ကာကွယ်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့်တကွ ကြုံလာရမည့် စိန်ခေါ်မှုများအတွက် အကောင်းဆုံး ဖြေရှင်း ရန် ဒီဇိုင်းရေးဆွဲထားသည့် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်ဖြစ်သည်။ လက်ရှိအတည်ပြုသတ်မှတ်ပြီးသော မူဘောင် စည်းမျဉ်းများနှင့် အခြားနိုင်ငံမြို့ပြများမှ အတုယူဖွယ်လုပ်နည်းကိုင်နည်းများအား ပေါင်းစပ်ပြီး ဤလုပ်ငန်းစဉ် ကို အနာဂတ်အတွက် ပြင်ဆင်ကာ ဖွံ့ဖြိုး တိုးတက်အောင် လုပ်ရမည်ဖြစ်သည်။ ဤစီမံကိန်းသည် ရေရှည်ပင်မ စီမံကိန်း (Master Plan) ဖြစ်ပြီး မဟာဗျူဟာလုပ်ဆောင်ချက်များနှင့် စီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်ချက်များ ပါဝင်သည်။

၁၉၆၀ ပြည့်လွန် အစောပိုင်းနှစ်များမတိုင်မီက ရန်ကုန်သည် ကောင်းမွန်သော မြို့ပြစီမံကိန်းများ၏ လမ်းညွှန်ထိန်းကျောင်းမှုအောက်တွင် လည်ပတ်ခဲ့ရသည်။ ထိုကာလက မြို့ပြစီမံခန့်ခွဲမှုနှင့် အဆုံးအဖြတ် ကောင်းများကြောင့် မြို့ပြအမွေကောင်းများကို ယခုအချိန်အထိ ပိုင်ဆိုင်ထားနိုင်ခြင်းဖြစ်သည်။ ရှေးဟောင်းရောမ နှင့်အရှေ့အလယ်ပိုင်းမှ အစမ်းသပ်ခံသက်သေထူပြီးသား မြို့ပြစီမံကိန်းစည်းမျဉ်းများပေါ်တွင် အခြေခံ တည်ဆောက်ခဲ့သဖြင့် ကိုယ်စိတ်နှစ်ပါး အနားယူအပန်းဖြေနိုင်သည့် ဥယျာဉ်ပန်းခြံများ၊ အသေအချာအကွက် ချထားသည့် လမ်းကွန်ရက်များနှင့်မြို့ပတ်ရထားလမ်းတို့သာမက ရှည်လျားသည့် မြစ်ကမ်းနားဝန်းကျင်ကို လည်း ပိုင်ဆိုင်ထားခဲ့သည်။ အဓိကမြစ်ကြီး ၆ စင်း ပေါင်းဆုံရာတွင် တည်ထားသဖြင့် စုစုပေါင်း မြစ် မျက်နှာစာ မိုင် ၇၀ ခန့်ရှိပြီး အမွေအနှစ်အဆောက်အအုံ များရှိရာ မြို့လယ်တွင် မြစ်မျက်နှာစာအလျား ၁၅ မိုင် ခန့်ရှိသည်။

ကောင်းမွန်သော မြို့ပြစီမံကိန်းတွင် ရှင်းလင်းတိကျသော ရည်ရွယ်မျှော်မှန်းချက်၊ ရေတိုလုပ်ငန်းစီမံ ချက်နှင့် ရေရှည်ပင်မစီမံကိန်းများ ရှိရမည်ဖြစ်သည်။ ရေရှည်ပင်မစီမံကိန်း၏ မဟာဗျူဟာလုပ်ဆောင်ချက်များ နှင့် စီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်ချက်များ ဆောင်ရွက်စဉ် ရေတိုလုပ်ငန်းစီမံချက်များဖြစ်သော လက်ငင်းလိုအပ် ချက်ဖြစ်သည့် ရေပေးဝေရေး၊ အမှိုက်စွန့်ပစ်ရေး၊ ရေနှုတ်မြောင်းတူးဖော်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ယာဉ်ကြော ပိတ်ဆို့မှုဖြေရှင်းရေး၊ မီးသွယ်တန်းရေး၊ မိလ္လာသိမ်းဆည်းရေး စသည်တို့ကို လုပ်ဆောင်ရန်ဖြစ်သည်။ ကောင်းမွန် သော မြို့ပြစီမံကိန်းတွင် မြို့၏ ဗိသုကာနှင့် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များအား ရေရှည်ထိန်းသိမ်းစောင့် ရှောက်ရေး၊ အဆောက်အအုံအမြင့် သတ်မှတ်ချက်ထားရမည့် အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး နယ်မြေများ သတ်မှတ်ရေးအပြင် ခေတ်မီအထပ်မြင့် အဆောက်အအုံများရှိသည့် ဖွံ့ဖြိုးရေးနယ်မြေတိုးချဲ့ရေးတို့ ပါဝင်သည်။

ကောင်းမွန်သော မြို့ပြစီမံကိန်းရှိမှသာ ရန်ကုန်သည် စမတ်ကျသော ဖွံ့ဖြိုးလာနိုင်ပြီး ပြန့်ကျဲမနေသည့် စုစည်းသိပ်သည်းသောမြို့အဖြစ် ပြောင်းလဲတိုးတက်လာပေမည်။ စီမံကိန်းသည် လူထုလူတန်းစားအားလုံး အတွက် အကျုံးဝင်ပြီး လူထုလူတန်းစားအဖွဲ့အစည်း အားလုံးပါဝင်လေ၊ အောင်မြင်လေ ဖြစ်ပေမည်။ ထို စီမံကိန်းအောင်မြင်ရေးအတွက် အစိုးရနှင့်ဗျူရိုကရေစီယန္တရား၏ ထက်သန်သော ကူညီမှုမှာ မရှိမဖြစ် လိုအပ် သည်။ သက်ဆိုင်ရာအစိုးရဌာနအသီးသီးက ရပ်ရွာလူထု အသိုင်းအဝိုင်းများနှင့် ဆွေးနွေးအဖြေရှာမှသာ စိန်ခေါ်မှု များကို ကျော်လွှားနိုင်ပြီး စီမံကိန်းအောင်မြင်မည်ဖြစ်ပေ သည်။

အာရှတွင် နေချင့်စဖွယ်အကောင်းဆုံးမြို့ဖြစ်လာရေး

ရန်ကုန်သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်အဖြစ် လူဦးရေအထူထပ်ဆုံးနှင့် အရေးအကြီးဆုံး၊ အချက်အချာအကျဆုံးမြို့အဖြစ် ဆက်လက်တည်ရှိနေရန်အတွက် အနုပညာနှင့်ယဉ်ကျေးမှု၊ တီထွင်ဆန်းသစ် သော အသိပညာအခြေခံစီးပွားရေးနှင့်စက်မှုကုန်ထုတ် လုပ်ငန်း၊ ခေတ်မီဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးစေရမည် ဖြစ်သည်။ လေဆိပ်နှင့်ပင်လယ်ရေနက်ဆိပ်ကမ်းသစ်များ၊ အဆင့်မြင့်စက်မှုဇုန်များ၊ ပြည်တွင်းနှင့်နိုင်ငံတကာ လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက်စေရမည်ဖြစ်သည်။ ထို့ပြင် များပြားစုံလင်သည့် ယဉ်ကျေးမှုအမွေအနှစ်များကြောင့် ကမ္ဘာက စိတ်ဝင်စားသည့် ခရီးသွားဦးတည်ရာနေရာ လည်းဖြစ်ကာ ဒေသတွင်း ရင်ပေါင်တန်းနိုင်သည့် မြို့ကြီးတစ်မြို့ ဖြစ်လာရပေမည်။ ထိုအချက်များ ပေါင်းစပ် တိုးတက်မှုဖြင့် နှစ်အနည်းငယ်အတွင်း အလုပ်အကိုင်များစွာ ဖန်တီးနိုင်ကာ လူမှုစီးပွားစည်ပင်ဝပြောနိုင်မည် ဖြစ်ပေသည်။

နှစ်ပေါင်း ၁၀ နှစ်မှ ၁၅ နှစ်အတွင်း ရန်ကုန်သည် ယင်း၏ မြို့နေလူထုအတွက် အလုပ်အကိုင်များ၊ တင့် တယ်ကောင်းမွန်၍ ဈေးနှုန်းသင့်တင့်သော အိမ်ရာနှင့် အများသုံးသယ်ယူပို့ဆောင်ရေးစနစ်တို့ကို အထူးအလေး ပေးလုပ်ဆောင်သင့်ပေသည်။ ထိုသို့လုပ်ဆောင်နိုင်ရေးအတွက် သင့်တင့်သော ရင်းနှီးမြှုပ်နှံမှုများအား ဆွဲ ဆောင်ရန်နှင့် စွမ်းအင်လိုအပ်ချက်များ၊ ဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးစည်းမျဉ်းဥပဒေမူဘောင်များ၊ ပညာရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုများ၊ အရည်အသွေးတိုးတက်အောင် ဖြည့်ဆည်းမှုများ လိုအပ်သည်။ ၂၀၃၀ ပြည့်နှစ်မတိုင်မီ မြန်မာနိုင်ငံကို ဝင်ငွေအလယ်အလတ်နိုင်ငံတစ်ခု ဖြစ်လာရန်နှင့် ရန်ကုန်ကို ဒေသ တွင်းနိုင်ငံ မြို့ကြီးများနှင့် ယှဉ်ပြိုင်နိုင်ရန်၊ ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရာတွင်လည်းကောင်း၊ စွမ်းဆောင်ရည်ရှိ သူများအား ထိန်းသိမ်းထားရာတွင်လည်းကောင်း အာရုံစိုက်လုပ်ကိုင်ရမည်ဖြစ်သည်။ အလယ်အလတ် စက်မှု ထုတ်ကုန်လုပ်ငန်းများနှင့် ဝင်ငွေနည်းအလုပ် အကိုင်များမှ တက်လှမ်းကာ တီထွင်ဆန်းသစ်သော၊ အသိပညာကို အခြေခံသော စီးပွားရေးလုပ်ငန်းများသို့ ပြောင်းလဲရမည်ဖြစ်သည်။ ချုပ်၍ဆိုရလျှင် သေချာကျနစွာ စီမံကိန်း ချရေးဆွဲထားသော မြို့ပြစီမံကိန်းတစ်ရပ် သက်ဝင်လှုပ်ရှားမှသာ ထိုမျှော်မှန်းချက်များသို့ တက်လှမ်းရန် အသင့် ဖြစ်ပေလိမ့်မည်။

ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးနှင့်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီများ

၂၀၁၆ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ဂျပန်အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) က ယင်း၏ နောက်ဆုံးအကြိမ် မွမ်းမံပြင်ဆင်ထားသော ရန်ကုန်ဖွံ့ဖြိုးရေး ၂၀၄၀ ပင်မစီမံကိန်းမူကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရထံ လွှဲအပ်ခဲ့သည်။ ဂျိုက်ကာ(JICA)သည် ဤ စီမံကိန်းကို သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်တွင် ပထမဆုံးမူကြမ်း ပြုစုခဲ့ပြီး ၂၀၁၆ ခုနှစ် နှစ်လယ်တွင် အစိုးရသစ်၏ မေတ္တာရပ်ခံချက်အရ စတင်ပြင်ဆင်မွမ်းမံခဲ့သည်။

ရန်ကုန်မြို့တော်မှာ ၂၀၁၂ ခုနှစ်မှစ၍ အကြီး အကျယ် ပြောင်းလဲခဲ့ရာ အဓိကပြဿနာကြီးများ နောက် ဆက်တွဲ ပေါ်ထွက်လာခဲ့သည့်အနက် လမ်းပိတ်ဆို့မှု ပြဿနာမှာ အဆိုးရွားဆုံးဖြစ်သည်ဟု ဂျိုက်ကာက ဆိုသည်။ ထိုပြဿနာဖြေရှင်းရေးအပါအဝင် အခြားမွမ်းမံပြင်ဆင်ချက်များ ပါဝင်သော ၂၀၄၀ စီမံကိန်းမူသစ်ကို ရန်ကုန် တိုင်းသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့(YRTA) နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) တို့က ထောက်ခံခဲ့သည်။

ထိုစီမံကိန်း၏ နောက်ဆုံးအနှစ်ချုပ်အစီရင်ခံစာတွင် ၂၀၂၀ ပြည့်နှစ်၌ အတည်ပြုချမှတ် လုပ်ဆောင် ရမည့် ရေတိုစီမံကိန်း၊ ၂၀၂၅ အတွက် ရေလတ်စီမံကိန်းနှင့် ၂၀၃၅ အတွက် ရေရှည်စီမံကိန်းတို့ ပါဝင်သည်ဟု ဆိုသည်။ ၂၀၄၀ စီမံကိန်း၏ မဟာဗျူဟာမြို့ပြဖွံ့ဖြိုးရေး အပိုင်းတွင် ဦးစားပေးလုပ်ဆောင်ရမည့် စီမံချက်ပေါင်း ၄၁ ခုရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် စတင်လုပ်ဆောင်ရန်နှင့် ငါးနှစ်ပြည့်မြောက်တိုင်း ပြန်လည်သုံးသပ်ပြီး ဦးစား ပေးစီမံချက်များကို မွမ်းမံပြင်ဆင်သွားရန် ဖြစ်သည်။

မြို့ပြသယ်ယူပို့ဆောင်ရေးဖွံ့ဖြိုးရေးအပိုင်းတွင် စီမံ ချက် ၉၆ ခုနှင့် ခရီးသည်တင်ကားခေတ်မီရေး၊ လမ်း ပန်းစီမံခန့်ခွဲရေး၊ လုံခြုံမှုစီမံခန့်ခွဲရေးနှင့် YRTA အား ကောင်းခိုင်မာရေးတို့အပါအဝင် မဟာဗျူဟာလုပ်ဆောင် ချက် ၉ ခု ပါဝင်သည်ဟု ဂျိုက်ကာက ဆိုပါသည်။ ရန်ကုန်တိုင်းအစိုးရက ထိုအထဲမှ စီမံချက်အတော်များ များကို ကိုင်တွယ်လုပ်ဆောင်နေဆဲ ဖြစ်သည်။ ဂျိုက်ကာ၏ အကြံပြုချက်တစ်ခုအပေါ် အခြေပြုသည့် “BRT Lite” ဟုခေါ်သည့် ခေတ်မီဘတ်စ်ကားစနစ်ကို အများ ပိုင်-ပုဂ္ဂလိကပိုင်ဖက်စပ်လုပ်ငန်းများဖြင့် လမ်းကြောင်းသစ်များ တိုးချဲ့ပြေးဆွဲခဲ့သည်။ ထိုဘတ်စ်ကားစနစ်သစ် အကောင်အထည်ဖော်လုပ်ဆောင်သည့် ဖြစ်စဉ်တစ်လျှောက်တွင် အဆင်မပြေမှုများ၊ ဝေဖန်ပြစ်တင်မှုများ အများအပြားရှိခဲ့သော်လည်း ယခုအချိန်တွင် အခြေအနေမှာ အတိုင်း အတာတစ်ခုအထိ တည်ငြိမ်လာခဲ့သည်ကို တွေ့ရသည်။

သို့တစေ ရန်ကုန်တိုင်းအစိုးရအနေဖြင့် မြို့တော် ဖွံ့ဖြိုးရေးအတွက် အခြားနိုင်ငံများမှ ဖွံ့ဖြိုးရေးအေဂျင်စီ များဖြစ်သော ကိုရီးယားမှ KOICA, ပြင်သစ်မှ Agence Francaise de Development နှင့် ယူကေမှ Department for International Development တို့နှင့် ဆွေးနွေးညှိနှိုင်းရရှိသော အဆိုပြုချက်အသီးသီးကို ရန်ကုန် ၂၀၄၀ ပင်မစီမံချက်နှင့် ပေါင်းစပ်လုပ်ဆောင်ရန် ဖြစ်နိုင်ခြေများအား ထည့်သွင်းစဉ်းစားပြီးမှသာ အတည်ပြုမည် ဖြစ်ကြောင်း သိရသည်။

YCDC အပေါ် ရန်ကုန်မြို့နေလူထုအမြင်

အလင်းစေတမန်စာကြည့်တိုက်နှင့် ရီဆို့(စ)စင်တာ ဟု အမည်ရှိသော အရပ်ဘက်ဝန်ဆောင်မှုအဖွဲ့က ၂၀၁၈ ခုနှစ်၊ မတ်လအတွင်း ကောက်ယူခဲ့သော စစ်တမ်းတစ်ခုအရ ရန်ကုန်မြို့နေလူထုအများစုသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC)၏ ဆောင်ရွက်ချက်များအပေါ် အားရကျေနပ်မှုမရှ ိကြောင်း တွေ့ရသည်။ ထိုစစ်တမ်းမှာ ရန်ကုန်မြို့တစ်ခွင်မှ လူပေါင်း ၁၂၀၅ ဦးနှင့် တွေ့ဆုံပြီး အမြင်သဘောထား မှာ ကောက်ယူခဲ့ကြခြင်းဖြစ်သည်။

စစ်တမ်းကောက်ယူရရှိချက်များတွင် မြို့နေလူထု အများစုသည် YCDC ၏ အမှိုက်သိမ်းစနစ်နှင့် ရေနှုတ်မြောင်းစနစ်အပေါ် ဘဝင်မကျကြကြောင်း ဖော်ပြထားသည်။ စစ်တမ်းကောက်ယူရရှိသူ လေးပုံသုံးပုံကျော် က ဤကိစ္စအတွက် အခွန်အခပိုပေးချင်ပေးရပါစေ။ ပြည့်ဝ ကောင်းမွန်စေလိုကြောင်း ပြောကြားခဲ့ကြပြီး ၆၅ ရာခိုင် နှုန်းကလည်း ရန်ကုန်လမ်းများ၏ အခြေအနေနှင့် လမ်းပိတ်ဆို့မှုအပေါ် ဘဝင်မကျကြကြောင်း ဖွင့်ဟခဲ့ကြ သည်။ အထူးသဖြင့် စည်ပင်သာယာဘတ်ဂျက်နှင့် စီမံချက်များအတွက် သုံးစွဲငွေများ စသည့်အရေးကြီး သတင်း အချက်အလက်များ YCDC လူထုထံသို့ ဆက်သွယ်ပေးပို့မှုကို စစ်တမ်းကောက်ယူခံရသူ ၇ ရာခိုင်နှုန်းကသာ လက်ခံရရှိခဲ့ကြောင်း သိရသည်။

၅၇ ရာခိုင်နှုန်းကလည်း YCDC ၏ အဆောက်အဦဆောက်လုပ်မှုခွင့်ပြုမိန့်ထုတ်ပေးခြင်းနှင့် အရည် အသွေးထိန်းသိမ်းခြင်းဆိုင်ရာ တရားဝင်လုပ်ထုံးလုပ်နည်းများကို များများစားစား မသိကြကြောင်း ပြောကြပြီး ၇၀ ရာခိုင်နှုန်းကမူ တိုင်းဒေသကြီးအစိုးရပိုင်မြေများ ငှားရမ်းမှုနှင့် ရောင်းချမှုများတွင် ပွင့်လင်းမြင်သာမှု မရှိကြောင်းဆိုကြသည်။ ထို့အတူ စစ်တမ်းကောက်ယူမှု တွင်ပါဝင်သူအများစုမှာ YCDC  ၏ တာဝန်ဝတ္တရား များနှင့်ဒေသဆိုင်ရာဘတ်ဂျက်ကို မည်သို့မည်ပုံသုံးစွဲသည် ကို မသိကြချေ။ လူအများမှာ YCDC ဘာလုပ်သလဲ ဆိုသည်ကိုပင် မသိကြကြောင်း စစ်တမ်းက ဖော်ပြနေ သည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင် ၃၁ တွင် ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်က အတည်ပြုပြဋ္ဌာန်းပေးလိုက်သော ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေသစ်အရ မြို့ တော်ဝန်နှင့်ဒုတိယမြို့တော်ဝန်အပါအဝင် YCDC  အဖွဲ့ ဝင်များအား မြို့နေလူထုမှ ရွေးချယ်ကြရသော်လည်း မြို့တော်စည်ပင်ရွေးကောက်ပွဲတွင် လာရောက်မဲပေးသူ အရေအတွက်မှာ လွန်စွာနည်းပါးလှရာ YCDC အပေါ် မြို့နေလူထုအမြင်မှာ ကောင်းမွန်လာခြင်းမရှိသေး ကြောင်း တွေ့ရသည်။

ရန်ကုန်တိုင်းအစိုးရနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး

၁၉၈၈ ခုနှစ်တွင် ရန်ကုန်မြို့၏အကျယ်အဝန်းမှာ ၈၀ စတုရန်းမိုင် (၂၀၇ စတုရန်းကီလိုမီတာခန့်ရှိခဲ့ပြီး နောင်ဆယ်စုနှစ်သုံးခုအတွင်း တစ်စတစ်စဖြင့် ချဲ့ထွင်လာခဲ့ရာ ယခုအခါတွင် ၃၀ဝ စတုရန်းမိုင် (၇၇၇ စတုရန်း ကီလိုမီတာ)ကျော်ရှိနေပြီဖြစ်သည်။ ဤအတိုင်းအတာအရဆိုလျှင် ရန်ကုန်သည် အချိန်တိုအတွင်း အရွယ်ပမာဏ သုံးဆကျော်၊ လေးဆနီးပါးကြီးထွားလာခဲ့ခြင်းဖြစ်ပြီး အခြားမည်သည့်မြို့မှ ဤသို့ မြန်ဆန်စွာ ကျယ်ပြောလာ သည်ကို မတွေ့ဖူးကြောင်း မြို့ပြစီမံကိန်း ရေးဆွဲမှုနယ်ပယ်တွင် နှစ် ၅၀ ဝန်းကျင်ကြာ ကျင်လည်ခဲ့သူပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာကျော်လတ်က ဆိုသည်။ မည်သို့ပင်ဆိုစေ ရန်ကုန်တိုင်းအစိုးရအာဏာပိုင်များကမူ (ရန်ကုန်မြို့တော်သစ်စီမံချက်)ဖြင့် ရန်ကုန်မြို့ကြီး ထပ်မံချဲ့ထွင်ရန် စီစဉ်နေကြပြီဖြစ်ရာ ဤစီမံချက်မှာ လျော်ကန် သင့်မြတ်မှုရှိ၊ မရှိနှင့် ပတ်သက်၍ မေးခွန်းအချို့ထွက်ပေါ်လာခဲ့သည်။

*          ရန်ကုန်မြို့သူမြို့သားများအနေဖြင့် မိမိတို့၏ ပစ္စုပ္ပန်နှင့် အနာဂတ်ကာလ လှုပ်ရှားဆောင်ရွက်မှုများ                  အတွက် နောက်ထပ်မြေယာများကို လိုအပ်နေပြီ လား။ (ဥပမာ-စက်မှုလုပ်ငန်းများ၊ ကူးသန်းရောင်း                 ဝယ်ရေးလုပ်ငန်းများစသည့်)

*          ရန်ကုန်မြေဈေး၊ လူနေအဆောက်အအုံအခန်းဈေးများမှာ လက်ရှိရန်ကုန်မြို့တစ်ဝိုက်နယ်ပယ်သစ်များ ချဲ့ထွင်တည်ဆောက်ရန် လိုအပ်လောက်အောင် တိုးတက်မြင့်မားနေပြီလား။

*          လက်ရှိရန်ကုန်မြို့၏ ရေပေးဝေမှု၊ မိလ္လာစနစ်၊ ရေနှုတ်မြောင်းများနှင့် လမ်းပန်းဆက်သွယ်ရေး ကွန်ရက်များစသော အခြေခံအဆောက်အအုံလုပ်ငန်းမှာ အများပြည်သူ ကျေနပ်အားရစရာဖြစ်နေပါပြီ လား၊ လုပ်ငန်းလည်ပတ်မှုများ အဆင်ပြေချောမွေ့ကောင်းမွန်နေပါပြီလား။

အထက်ပါ မေးခွန်းသုံးခုအနက် ပထမနှစ်ခုကို အသာထား၊ တတိယမေးခွန်းကို ဖြေဆိုရန်မှာ လတ် တလောအရေးကြီး လိုအပ်ချက်ပင်ဖြစ်သည်။ မြို့တော် သစ်ကြီးတည်ဆောက်ရန် စီမံနေချိန်တွင် လက်ရှိ ရန်ကုန် မြို့ကြီး ရင်ဆိုင်ကြုံတွေ့နေရသည့် အဓိကပြဿနာများကို မဖြစ်မနေ ပြေလည်အောင် ဖြေရှင်းသင့်သည်မှာ ရှင်းပါသည်။

ဒေါက်တာကျော်လတ်ထောက်ပြထားသော အဓိကပြဿနာများပါ အချက်အလက်အချို့ကို ကိုးကား ဖော်ပြလိုပါသည်။

၁။        ရန်ကုန်စည်ပင်မှ ပေးဝေသည်ဆိုသော နေ့စဉ် ရေဂါလံသန်းပေါင်း ၂၀ဝ မှာ ရန်ကုန်လူဦးရေ ၅.၂ သန်း အတွက် လုံလောက်သည်ထက်ပင် ပိုလျှံနေသည်ဟုဆိုနိုင်သော်လည်း ရန်ကုန်ရှိ အိမ်ထောင်စု ၁.၁ သန်းအနက် ၃၃၀ဝ၀ဝ (၂၈ ရာခိုင်နှုန်း) ကသာ မြို့တော်ရေပေးဝေရေးပိုက်လိုင်းများနှင့် ဆက်သွယ်မှု ရှိပြီး ကျန်အများစုမှာ နောက်ဆက်တွဲဆိုးကျိုးများသော မြေအောက်ရေကိုသာအဆမတန် ထုတ်ယူ သုံးစွဲနေရသည်။

၂။         ရန်ကုန်လူနေအိမ်ခြေ ၆၆၀ဝ၀ဝ(၆၁ ရာခိုင်နှုန်း) သာ ပင်မလျှပ်စစ်ဓာတ်အားလိုင်းနှင့် ချိတ်ဆက်မှု ရှိကာ မီတာဘောက်များလည်းရှိကြောင်း ၂၀၁၄ ခုနှစ် စာရင်းဇယားအချက်အလက်များအရ သိရသည်။

၃။        ရန်ကုန်မြို့ရှိ မြေဧရိယာ၏ ၅၀ ရာခိုင်နှုန်းခန့်မှာ မိုးကြီးလျှင် ရေကြီးရေလျှံဖြစ်လျက်ရှိရာ ဤအခြေအနေ မှာ အဆင်မပြေရုံမက ကျန်းမာရေးအတွက် အန္တရာယ်တစ်ခုလည်း ဖြစ်သည်။ သို့သော် နေရာအများ အပြားတွင် သင့်တော်လျောက်ပတ်သော ရေနှုတ်မြောင်းစနစ်မရှိဘဲ အများစုနေရာများတွင် ရေနှုတ် မြောင်းမြေပုံပင် မရှိသေးပေရာ တစ်မြို့လုံးအတွက် လွှမ်းခြုံသော ရေနှုတ်မြောင်းပင်မစီမံချက်တစ်ခုက အထက်ပါအနေအထားမှ ဖယ်ရှားပေးနိုင်ပါလိမ့်မည်။

၄။        ရန်ကုန်မြို့လယ်စီးပွားရေးနယ်မြေတွင် အကျုံးဝင်သော ၇ မြို့နယ်ရှိ ၇ ရာခိုင်နှုန်းသော အိမ်ထောင်စုများ ကသာ ပင်မမိလ္လာစနစ်နှင့် ချိတ်ဆက်လျက်ရှိပြီး ၆၅ ရာခိုင်နှုန်းမှာ အလုံပိတ်မိလ္လာကန်များ သို့မဟုတ် ယင်လုံအိမ်သာများ အသုံးပြုလျှက်ရှိကာ ၂၉ ရာနှုန်းမှာ ကျန်းမာရေးနှင့် မညီညွတ်သော မိလ္လာစွန့်ပစ် မှုစနစ်များကို အသုံးပြုနေရကြောင်း ၂၀၁၄ ခုနှစ်စာရင်းဇယားအချက်အလက်များက ဆိုပါသည်။

၅။        အမှိုက်စွန့်ပစ်မှုတွင် သိမ်းယူရရှိသော စွန့်ပစ်အမှိုက်များကို အမှိုက်ပုံတွင် စုပြုံစွန့်ပစ်လျက်ရှိပြီး မီးရှို့ ဖျက်ဆီးမှုဖြင့်သော်လည်းကောင်း၊ အခြားပြုပြင်မှုဖြင့်သော်လည်းကောင်း၊ စွန့်ပစ်အမှိုက်မှ စွမ်းအင် ထုတ်လုပ်မှုဖြင့်သော်လည်းကောင်း ဖြေရှင်းနိုင်ခြင်းမရှိချေ။

၆။        YCDC  ၏ ၂၀၁၄ ခုနှစ်စစ်တမ်းကောက်ယူမှုအရ မြို့နေပြည်သူ ၈၅ ရာနှုန်းမှာ ဘတ်(စ)ကားကိုသာ  မှီခိုအားထားအသုံးပြုရပြီး ၈ ရာခိုင်နှုန်းသာ ကိုယ်ပိုင်ကားအသုံးပြုကာ ၅ ရာခိုင်နှုန်းမှာ ရထား             ဖြင့် သွားလာကြကြောင်းသိရသည်။ ၁၉၅၀ ပြည့်နှစ်များ၏ မြို့တော်အာဏာပိုင်များ ကျေးဇူးကြောင့် မြို့ပတ် ရထားလိုင်းရှိနေသေးသော်လည်း အပြည့်အဝအသုံးမချနိုင်ချေ။ ဤတွင် ဂျိုက်ကာ၏ ၂၀၄၀  ပင်မစီမံ ချက်ပါ အကြံပြုချက်အရ ဘတ်(စ)ကားလိုင်းစနစ်နှင့် မြို့ပတ်ရထားစနစ်ပြုပြင်မှုများ ပြုလုပ်ခဲ့သော် လည်း ခရီးသွားချိန်ကို လျှော့မချနိုင်သေးပါ။ နေ့စဉ်ခရီးသွား ၃.၅ သန်းခန့်၏ ၃၀ ရာခိုင်နှုန်းမှာ ခရီး သွားချိန်သုံးနာရီမက ယူနေကြရာ အလုပ်ချိန် ၈ နာရီနှင့်ပေါင်းလျှင် မိသားစုတစ်ဝမ်းတစ်ခါး စားသောက်နေထိုင်ရေးအတွက်  မိသားစုနှင့် ခွဲခွာနေရချိန်မှာ ၁၁ နာရီထက်မကရှိနေသဖြင့် လူမှုရေး မွန်းကျပ်မှုနှင့် မိသားစုဘဝအဆက်အဆံများ ပျက်စီးဆုံးရှုံးနေရသည်။

၇။        အားလုံးသော ကူးသန်းရောင်းဝယ်ရေးနှင့် ယဉ်ကျေးမှုအချက်အခြာနေရာ ၄၆ ရာခိုင်နှုန်းမှာ မြို့ဧရိယာ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းမျှသာရှိသော မြို့လယ်နေရာများတွင်သာ စုပြုံတည်ရှိနေသည်။ ထိုမြေ အသုံးချမှုပုံစံကြောင့်ပင် သိပ်သည်းကျပ်ခဲလွန်းသော ကူးသန်းရောင်းဝယ်ရေးဇုန်မှာ နေ့စဉ်သွားလာ လှုပ်ရှားမှု ၄၃ ရာခိုင်နှုန်း၏ ဦးတည်စုရပ်ဖြစ်နေသဖြင့် လမ်းပိတ်ဆို့မှုနှင့် လမ်းကြောင်းနှေးကွေးမှု၏ အဓိကအကြောင်းဖြစ်နေရသည်။ ထို့ကြောင့် မြို့ပြစီမံကိန်းရေးဆွဲသူများနှင့် လမ်းပန်းဆက်သွယ်မှု ကျွမ်းကျင်ပညာရှင်တို့က တစ်နေရာတည်းစုစည်းသည့် မြေအသုံးချမှုပုံစံကို တဖြည်းဖြည်းခွဲဖြန့်အသုံးချ ရန်နှင့် မြို့ဆင်ခြေဖုံးဒေသများအတွင်း အချက်အခြာနေရာအများအပြားစီမံရန် အချိန်ကြာမြင့်စွာ ကတည်းက ထောက်ပြအကြံပြုခဲ့ကြသည်။

၈။        လမ်းပိတ်ဆို့မှု၏ အခြားအကြောင်းတစ်ရပ်မှာ ရန်ကုန်မြို့၏ လုပ်သားအင်အားစုကို အပိုင်းလိုက် ခွဲခြား ဖြန့်ဖြူးမှု မရှိခြင်းဖြစ်သည်။ မြို့တော်အလုပ်အင်အားစု၏ ၁၁ ရာခိုင်နှုန်းမှာ အစိုးရကဏ္ဍတွင် လုပ်ကိုင် လျှက်ရှိပြီး ၉ ရာခိုင်နှုန်းမှာ စက်မှုလုပ်ငန်းကဏ္ဍတွင်ဖြစ်ကာ တတိယကဏ္ဍဖြစ်သော ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုတွင် ၈၀ ရာခိုင်နှုန်းရှိနေရာ ဤတတိယကဏ္ဍက များပြားလှသော လမ်းဘေးဈေးသည် များနှင့် လမ်းပိတ်ဆို့မှုပြဿနာများကိုဖြစ်ပေါ်စေလျှက်ရှိသည်။

၉။        ရန်ကုန်မြို့တွင် စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးအတွက် မြေကွက် ၂၀çဝ၀ဝ ခန့်ဖော်ထုတ်ပေးခဲ့ရာ ၆၀ ရာခိုင် နှုန်းခန့်ကိုသာ အမှန်တကယ်အသုံးပြုနေပြီး ကျန် ၄၀ ရာခိုင်နှုန်းမှာ အလဟသဖြစ်နေသည်။ ကုမ္ပဏီ များမှာ မြေကွက်များအသုံးပြုခွင့်ရယူထားသော်လည်း ပြန်လည်ရောင်းစားမှုများ ရှိနေသည်။ ကုမ္ပဏီ တစ်ခုဆိုလျှင် မြေကွက်အများအပြားကို တစ်ဦးတည်းမောင်ပိုင်စီးထားပြီး မြေတစ်ကွက်ကို အခြေခံ အဆောက်အအုံလုပ်ငန်းအပါအဝင် ကျန်သန်း ၆၀ဝ ဝန်းကျင်ဖြင့် ပြန်လည်ရောင်းစားသည်ကိုတွေ့ရ သည်။ စက်ရုံလုပ်ငန်းတစ်ခုထူထောင်ရန် မြေတစ်ကွက်ကို ကျပ်သန်း ၈၀ဝ (600,000 USD) မျှ အကုန် အကျခံနေရသည်။ လုပ်သား ၇၀ဝ မှ ၁၀ဝ၀ အထိရှိသော အထည်ချုပ်နှင့် ပရိဘောဂ၊ သို့မဟုတ် အခြားနည်းပညာနိမ့်စက်ရုံများအတွက် ပျမ်းမျှရင်းနှီးမြှုပ်နှံငွေမှာ အမေရိကန်ဒေါ်လာ ၁ သန်းနှင့် ၂ သန်း ကြားရှိသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် မြေကုန်ကျစရိတ်အချိုးမှာ ၂:၁ ရှိနရာ ရန်ကုန်မြို့နှင့် ယေဘုယျအားဖြင့် မြန်မာနိုင်ငံအတွင်းရှိ စက်မှုလုပ်ငန်းကဏ္ဍသို့ အရင်းအနှီးစီးဝင်မှုကို အဟန့် အတားဖြစ်စေသည့် အရေးကြီးအချက်တစ်ခုဖြစ်နေပေသည်။

၁၀။      ထို့ပြင် ရန်ကုန်မြို့တွင် လူဦးရေဖြန့်ကျက်မှု အလွန်အမင်းမညီမမျှဖြစ်နေရာ နှိုင်းယှဉ်ချက်အားဖြင့်  ကောင်းမွန်သည့် အခြေခံအဆောက်အအုံရှိရာ နေရာဟောင်းများတွင် စတုရန်းတစ်မိုင်လျှင် လူဦးရေ ၁၀ဝ၀ဝ မှ ၅၀çဝ၀ဝ အထိ ထူထပ်နေသော် လည်း အသစ်ချထားသည့် ညံ့ဖျင်းပြီးအဆင့်နိမ့်နေရာများ တွင်မူ စတုရန်းတစ်မိုင်လျှင် လူဦးရေ ၇ဝ၀ဝ မှ ၁၅çဝ၀ဝ အထိသာရှိကြောင်း သုတေသနပြုချက်များက ပြဆိုသည်။ ရန်ကုန်မြို့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်မှာ ထိုနုံချာနိမ့်ကျသည့် နေရာများတွင် နေထိုင် ကြရသည်။ ဤလူဦးရေဖြန့်ကျက်မှုမညီမျှခြင်းက လမ်းပန်းနှင့် သယ်ယူပို့ဆောင်ရေးပြဿနာများကို ဖြစ်စေရုံမက လူမှုရေးခွဲခြားမှုကိုလည်းဖြစ်ပေါ်စေသည်။

၁၁။      ၁၉၈၈ ခုနှစ်မှစ၍ မြေဧက ၁၂၀ဝ၀ဝ (၂၀ဝ            စတုရန်းမိုင်)ကို မြို့တော်ဧရိယာသို့ မြို့ကွက်ချဲ့ထွင်ရေး စီမံချက်အရ ပေါင်းထည့်ခဲ့သော်လည်း မြို့အရှေ့မြောက်ပိုင်းရှိမြေ ၁၇çဝ၀ဝ ဧကမှာ လစ်လပ်နေဆဲဖြစ်ပြီး ဧကထောင်ဂဏန်းအနည်းငယ်ရှိ ပုဂ္ဂလိကကုမ္ပဏီများသို့ ချပေးထားသော မြေများမှာလည်း အသုံးမချဘဲ ရှိနေသည်။ ထိုလစ်လပ်နေရာများမှာ မင်္ဂလာဒုံဥယျာဉ်မြို့တော်၊ မြို့ပတ်ရထားလမ်းကြောင်းနှင့် စီမံ ကိန်းဝင် ဟံသာဝတီလေဆိပ်သို့သွားရာ အဓိကလမ်းမကြီးတို့နှင့် နီးကပ်သောနေရာကောင်းများတွင် တည်ရှိနေရာ ထိုနေရာများဖွံ့ဖြိုးအောင်လုပ်ခြင်းဖြင့် နောက်ထပ်စိုက်ပျိုးမြေများ မဆုံးရှုံးနိုင်သည့်ပြင် လမ်းတံတားထပ်မံဆောက်လုပ်ရသည့် အပိုကုန်ကျစရိတ်လည်း မရှိနိုင်ချေ။

အထက်ပါပြဿနာများမှာ ရှိပြီးသား ရန်ကုန်မြို့  တော်နယ်နိမိတ်ကို ထပ်မံတိုးချဲ့မှုမပြုမီ ဦးစားပေးဖြေ ရှင်းလုပ်ဆောင်ရမည့် မြို့တော်ဖွံ့ဖြိုးရေးဆိုင်ရာ ပြဿနာ ရပ်များဖြစ်သည်။ ဤဖြေရှင်းမှုများအား အောင်မြင်စွာ လုပ်ဆောင်နိုင်လျှင်ပင် ရန်ကုန်မြို့ကြီးမှာ သိပ်သည်း  သပ်ရပ်၍ နေချင့်စဖွယ်မြို့တော်တစ်ခုဖြစ်လာမည်မှာ  အသေအချာဖြစ်ပါသည်။

ရန်ကုန်မြို့သစ်စီမံကိန်း

စင်စစ်ရန်ကုန်မြို့သစ်စီမံကိန်းကို သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အစိုးရလက်ထက် ၂၀၁၄ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက ရန်ကုန်တိုင်းလွှတ်တော်သို့ သတင်းစကားပါးခဲ့ပြီး ဧက ၃၀ဝ၀ဝ ရှိမြေပေါ်တွင် ရန်ကုန်မြို့သစ် ဆောက်လုပ်အကောင်အထည်ဖော်ရန် မြန်မာစေတနာမြို့သစ်အများပိုင်ကုမ္ပဏီဆိုသည်ကို ရွေးချယ်အပ်နှံ ခဲ့သည်။

သို့သော် ထိုစီမံကိန်းကို တရုတ်စီးပွားရေးလုပ်ငန်း ရှင်များက ကျောထောက်နောက်ခံပေးခဲ့သည်ဆိုသော အချက်ကို ပြည်သူအများသိလာကြပြီး လွှတ်တော် အမတ်များကလည်း ငွေကြေးခဝါချခြင်း၊ မြေဈေးကစားခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ တင်ဒါခေါ်ယူမှုမရှိဘဲ လက်သင့်ရာကုမ္ပဏီတစ်ခုတည်းကို မီးစိမ်းပြခဲ့ခြင်း၊ ကန့်လန့် ကာနောက်ကွယ်တွင် တရုတ်စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်ပတ်သက်နေခြင်းတို့ကြောင့်  နိုင်ငံ၏အချုပ်အခြာ အာဏာကို ထိပါးစေလိမ့်မည်ဟူသော အခြေခံပေါ်မှ ဝေဖန်ခဲ့ကြသည်။ ထိုအထဲတွင် ယခုနိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်လည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့သည်။  တင်ဒါခေါ်မယူမှုမပြုဘဲ ကုမ္ပဏီတစ်ခုတည်းကို စီမံကိန်းလုပ်ပိုင်ခွင့်ပေးခဲ့ခြင်းက ပွင့်လင်းမြင်သာမှုမရှိခြင်းကို ပြနေပြီး သမ္မတ ဦးသိန်းစိန်အစိုးရ စတင်တာဝန်ယူစက ပေးခဲ့သည့် ကတိစကားနှင့် ဆန့်ကျင်ကွဲလွဲနေကြောင်း (ဒီမိုကရေစီခရီး ကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည်) အမည်ရှိ RFA ရေဒီယိုအစီအစဉ်တွင် ဝေဖန်ပြောဆိုခဲ့ သည်။

စီမံကိန်းနှင့်ပတ်သက်၍ တရုတ်က ဇာတ်ခုံနောက်တွင် ပါဝင်ပတ်သက်နေမှုအပေါ် ဝေဖန်မှုအနှံ့အပြားနှင့်  ရင်ဆိုင်ရသည့်အခါ ထိုစဉ်က တိုင်းဒေသကြီးအစိုးရက ရန်ကုန်အနောက်တောင်ဒေသဖွံ့ဖြိုးရေးအများပိုင်ကုမ္ပဏီ၊ မြို့တော်ဖွံ့ဖြိုးရေး စီးပွားအရင်းအနှီးကုမ္ပဏီနှင့် ရွှေပုပ္ပားအပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီ အမည်ရ ကုမ္ပဏီသုံးခုအား စီမံကိန်းအတွက် ရွေးချယ်ခဲ့ပြန်သည်။ သို့သော် စီမံကိန်းမှာ အစိုးရအကူးအပြောင်း  ကာလ တွင် ယာယီဆိုင်းငံ့ခဲ့ရသည်။

NLD အစိုးရသစ် စတင်တာဝန်ယူခဲ့၍ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလက်ထက် ၂၀၁၈ ခုနှစ် ဧပြီလ ၃၀ ရက်တွင်မူ တိုင်းဒေသကြီး အစိုးရကတည်ထောင်သော ရန်ကုန်မြို့သစ်တည်ဆောက် ရေးကုမ္ပဏီ (New Yangon Development Company-NYDC) နှင့် တရုတ်အစိုးရပိုင် တရုတ်ဆက်သွယ် ရေးနှင့် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက် (China Communications Construction Company-CCCC) တို့အကြား မူဘောင်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ပြီး အထက်ဖော်ပြပါ ကုမ္ပဏီသုံးခုကို ဖယ်ရှားပစ်ခဲ့ သည်။ ထိုမူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးပွဲတွင် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့သစ်သည် အလုပ် အကိုင်အရေအတွက်များစွာကို ဖန်တီးပေးမှာဖြစ်ပြီး တရုတ်နှင့်မြန်မာနှစ်နိုင်ငံကြား မိတ်ဆွေဖြစ်မှုကို ပိုမို နက်ရှိုင်းလာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ရန်ကုန်မြို့တွင် အခြေခံအဆောက်အအုံလုပ်ငန်း ပိုမိုတိုးတက်ရန်နှင့် ဒေသခံပြည်သူများအကျိုးရှိစေရန်အတွက် CCCC  နှင့် NYDC  တို့အတူတကွ ဆက်လက် တွဲဖက်လုပ်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း လည်း ယင်းက ဆိုပါသည်။

နာမည်ဆိုးဖြင့် ဟိုးဟိုးကျော်ခဲ့သည့် CCCC

ဘေဂျင်းအခြေစိုက် CCCC  သည် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီတစ်ခုဖြစ်ပြီး သယ်ယူပို့ဆောင်ရေးအခြေခံ အဆောက်အအုံစီမံကိန်းများအား အဓိကထားလုပ်ဆောင်ကာ တရုတ်လမ်းနှင့်တံတားကော်ပိုရေးရှင်း၊ တရုတ်  ဆိပ်ကမ်းအင်ဂျင်နီယာလုပ်ငန်းနှင့် ဟော်လန်အုပ်စုကဲ့သို့သော လက်အောက်ခံကုမ္ပဏီ ၆၀ ကျော်ဖြင့် မတူကွဲ ပြားသော စီးပွားရေးလုပ်ငန်းအစိတ်အပိုင်းများကို  အထောက်အကူပေးထားသည်။ တရုတ်နေ့စဉ်သတင်း၏ အဆိုအရ ဃဃဃဃ  သည် ဌာနခွဲများ၊ သုတေသနဌာနများနှင့် ဝန်ဆောင်မှုဗဟိုဌာနများ စုစုပေါင်း ၂၄၀ ကျော် ကို နိုင်ငံနှင့်ဒေသပေါင်း ၁၁၈ ခုတွင် တည်ထောင်ထားသည်ဟု သိရသည်။ ယင်းအုပ်စုက ပြီးခဲ့သည့် ငါးနှစ် ကျော်ကာလအတွင်း အမေရိကန်ဒေါ်လာ ဘီလျံ ၁၇၀ တန်ဖိုးရှိ ပင်လယ်ရပ်ခြားကန်ထရိုက်စာချုပ်များကို ချုပ် ဆိုခဲ့သည်ဟု ဆိုသည်။

သို့ဆိုစေကာမူ CCCC  နှင့် ယင်း၏ လက်အောက် ခံကုမ္ပဏီများသည် ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ကနေဒါ၊ သြစတြေးလျ၊ ကင်ညာ စသည့် နိုင်ငံများတွင် အငြင်းပွား ဖွယ်ပြဿနာများ တစ်သီတစ်တန်းကြီး ချန်ရစ်ခဲ့သည်။ CCCC  ကုမ္ပဏီကို ဖိလစ်ပိုင်အမျိုးသားလမ်း တိုးတက် ရေးနှင့် စီမံခန့်ခွဲမှုစီမံ ချက်၏ အဆင့် ၁ တွင် လေလံအတုပြုလုပ်မှုများကြောင့် ၂၀ဝ၉ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၇  ခုနှစ်၊ ဇန်နဝါရီလအထိ ကမ္ဘာ့ဘဏ်က ဒဏ်ခတ်အရေးယူခဲ့သည်။ သီရိလင်္ကာနိုင်ငံတွင်လည်း CCCC ကုမ္ပဏီ၏ အမေရိကန်ဒေါ်လာ ၁ ဘီလျံတန် ကိုလံဘိုဆိပ်ကမ်းမြို့စီမံကိန်းမှာ သဘာဝပတ်ဝန်းကျင်နှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများအပေါ် ပြင်းထန်သော ဆိုးကျိုးသက်ရောက်မှုများဖြစ်ပေါ်မည့် အန္တရာယ်ကြောင့် သီရိ လင်္ကာနိုင်ငံသားအများအပြား၏ တုံပြန်ဆန့်ကျင်မှုများ နှင့် ရင်ဆိုင်ခဲ့ရသည်။ ထို့ပြင် ရင်းနှီးမြှုပ်နှံသူ CCCC က အဘက်ဘက်တွင် အသားစီးယူမှုများကြောင့် သီရိ လင်္ကာအစိုးရနှင့် ပြည်သူတို့မှာ ကြွေးမြီထောင်ချောက်အတွင်း သက်ဆင်းရသည့် အခြေအနေမျိုးနှင့် ကြုံနေ ရသည်။

ထို့ပြင် CCCC  လက်အောက်ခံ ဂျွန်ဟော်လန်ကုမ္ပဏီက ၂၀၁၆ ခုနှစ်တွင် တည်ဆောက်ခဲ့သော ကလေး ဆေးရုံတစ်ရုံ၏ ဆောက်လုပ်ရေးလုပ်ငန်း၌လည်း CCCC ၏ ကြီးကြပ်လုပ်ဆောင်မှုမှာ ပစ်စလက်ခတ်နိုင် လွန်းသဖြင့် ဆုံးရှုံးနစ်နာမှုများ ဖြစ်ရကြောင်း သြစတြေး လျနိုင်ငံက စွပ်စွဲပြစ်တင်ခဲ့သော်လည်း ဃဃဃဃ  က တာဝန်ယူရန် ငြင်းဆိုခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် တန်ဇုန်း နီးယားနိုင်ငံမြို့တော် ပင်မဆိပ်ကမ်းတိုးချဲ့ဆောက်လုပ် ရန် ဃဃဃဃ  ကုမ္ပဏီကို အမေရိကန်ဒေါ်လာ သန်း ၅၀ဝ ကျော်ဖြင့် မတန်တဆ စာချုပ်ချုပ်ဆိုခဲ့ခြင်းအတွက် တန် ဇုန်းနီးယားအစိုးရအရာရှိနှစ်ဦးမှာ လိမ်လည်မှုဖြင့် တရားစွဲခံခဲ့ရသည်။

အလားတူ ကင်ညာနိုင်ငံမှာလည်း တရုတ်၏ BRI  စီမံကိန်းကြောင့် ကြွေးမြီထောင်ချောက်အတွင်း သက် ဆင်းရမည့်အန္တရာယ်နှင့်ရင်ဆိုင်နေရသည်။ ပြီးခဲ့သည့် နှစ်တွင်ကနေဒါအစိုးရက အမျိုးသားလုံခြုံရေးကို ကာ ကွယ်ရန်အလို့ငှာ အဆိုပြုထားခဲ့သော ရင်းနှီးမြှုပ်နှံမှု စီမံချက်တစ်ရပ်အား အကောင်အထည်ဖော်ဆောင်ရွက် မှုမပြုတော့ရန် အမိန့်ထုတ်ပြန်ခဲ့ရသည်။ ထိုနှစ်တွင်ပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက CCCC  လက်အောက်ခံ CHEC ကုမ္ပဏီကို အစိုးရအတွင်းဝန်တစ်ဦးအား လာဘ်ထိုးရန်  ကြိုးစားမှုဖြင့် နာမည်ပျက်စာရင်းသွင်းခဲ့သည်။ မလေး ရှားနိုင်ငံတွင်လည်း ရထားလမ်းစီမံကိန်းအတွက် ကုန်ကျစရိတ်ကို မတန်တဆတောင်းခံသဖြင့် ကြွေးမြီထောင် ချောက်ကို ကြောက်ရွံ့ကာ စီမံကိန်းသဘောတူညီချက်ကို ဝန်ကြီးချုပ်မဟာသီယာ၏ အစိုးရသစ်က ဖျက်သိမ်း ပစ်ခဲ့သည်။

ပြည်သူလူထုစိုးရိမ်ပူပန်မှုနှင့် ဝေဖန်မှုများ

ထိုသို့သော CCCC  နှင့် ပတ်သက်သည့် အငြင်း ပွားဖွယ်ဖြစ်ရပ်များကြောင့် ငရုတ်သီးနှင့်ပေါင်းမိသည့် ကြက်သွန်ပမာ ရန်ကုန်မြို့သစ်စီမံကိန်းဖော်ဆောင်မည့် NYDC  မှာ တိုးပွားလာသော ပြည်သူလူထုစိုးရိမ်ပူပန် မှုနှင့်ဝေဖန်မှုများကို ကြုံတွေ့နေရသည်။ ဝေဖန်ရေးသမားများကလည်း အစိုးရအနေဖြင့် ဆောက်လုပ်ရေးကုမ္ပဏီ ၏ တာဝန်ယူမှုတာဝန်ခံမှု၊ အစစ်အမှန်ကုန်ကျစရိတ်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ အကျိုးအမြတ် ခွဲဝေမှုနှင့် အခြားလူမှုရေးထိခိုက်နစ်နာမှုများအား ထည့်သွင်းစဉ်းစားမှုမပြုလျှင် ရှေ့ကခံခဲ့ရသော အခြားနိုင်ငံများ၏ ကံကြမ္မာဆိုးမျိုးနှင့် ရင်ဆိုင်ရမည့် အန္တရာယ်ရှိနေကြောင်း ထောက်ပြခဲ့ကြသည်။

တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးလုပ်ငန်းများကို ခြေရာခံစိစစ်လေ့လာနေသည့် RWR  ခေါ် အကြံပေးအဖွဲ့၏ စီမံခန့်ခွဲရေးအရာရှိချုပ် အင်ဒရူး ဒါဗင်ပေါ့ (Andrew Davenport) ကလည်း မြန်မာနိုင်ငံ အနေဖြင့် မြို့သစ်တစ်မြို့တည်ဆောက်ရေးလုပ်ငန်းအပေါ်တွင် ဤမျှငွေအများကြီး သုံးစွဲရန်အတွက် ဆင်ခြင်တုံ တရားရှိသည့် စီးပွားရေးဆုံးဖြတ်ချက်ချခြင်း မဟုတ်ပါက သို့မဟုတ် ကမ်းလှမ်းမှုကို တတ်နိုင်၏၊ မတတ်နိုင်၏ မစဉ်းစားမတွေးတောဘဲ လုပ်မည်ဆိုပါက ဤကဲ့သို့ ရက်ရောလွန်းသော၊ ဈေးကွက်သဘောမဆောင်သည့် ဆုံးဖြတ်ချက်များမှာ တစ်ပါးသူအပေါ် မှီခိုရမှုများကို ဖြစ်ပေါ်စေပြီး အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်မှု သို့မဟုတ် သြဇာလွှမ်းမိုးမှုကိုသာ ခံရစရာရှိကြောင်း သတိပေးစကားပြောကြားခဲ့သည်။

ထို့ပြင် CCCC နှင့် NYDC တို့အကြား သဘောတူ ညီမှုရထားပြီဖြစ်သော ဤရန်ကုန်မြို့သစ်စီမံကိန်းကို  လွှတ်တော်တွင် တင်သွင်းဆွေးနွေးမှု မရှိခဲ့ချေ။ ဝန်ကြီး ချုပ်ကမူ ဤစီမံကိန်းကို ယခင်အစိုးရလက်ထက် ယခင် လွှတ်တော်က အတည်ပြုခဲ့ပြီးသားဟုဆိုသည်။ သို့သော် ယင်းစီမံကိန်းအား ဂျိုက်ကာ၏ ၂၀၄၀ ပင်မစီမံကိန်းက   ဦးစားပေးအဖြစ် သတ်မှတ်ပေးခဲ့ခြင်း မဟုတ်ဘဲ ယခင်အစိုးရက ရွေးချယ်ထားသည့် ကုမ္ပဏီသုံးခုကိုလည်း ဖယ်ရှားခဲ့ပြီးဖြစ်နေသည်။ ထို့ပြင် ဤစီမံကိန်းမှာ မြန်မာ့အချုပ်အခြာကို ဝါးမျိုနိုင်ခြေရှိမည်လားဟု မေးခွန်းထုတ် စရာဖြစ်နေရာ လွှတ်တော်သို့ တင်သွင်းဆွေးနွေးရန် လိုအပ်ပြီး လူထုထံပွင့်လင်းမြင်သာစွာချပြရန်နှင့် လူထု အမြင်ကို တောင်းခံရန်လည်း လိုအပ်ကြောင်း ဝေဖန် ထောက်ပြသူများက ဆိုပါသည်။

ရှေ့တိုးမလှမ်းခင် အရင်စဉ်းစား

စင်စစ် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန် ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ပြောင်းလဲလာသည့် ခေတ် ကာလအခြေအနေအချက်အလက်များအရ လုပ်ဆောင်ရန်မဖြစ်မနေ လိုအပ်ပေသည်။ သို့တစေ သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် နယ်ပယ်အသီးသီးမှ ပညာရှင်များ၊ ဝေဖန်ထောက်ပြသူများနှင့် ပြည်သူလူထု၏ သဘော ထားအမြင်များအား အကြားအလပ်မရှိထည့် သွင်းစဉ်းစားဆုံးဖြတ်လုပ်ဆောင်မှသာ အမှန်တကယ် တည်ငြိမ် ဖွံ့ဖြိုးမှုကို ရနိုင်ပါလိမ့်မည်။ နိုင်ငံတစ်ခုလုံး အနေအထားမှာလည်း အရင်းရှင်စီးပွားရေးစနစ် ကမ္ဘာပတ်ချိန်တွင် အခွင့်အလမ်းရော၊ စိန်ခေါ်မှုများကိုပါ ကြုံတွေ့ရင်ဆိုင်နေရသည်။ နိုင်ငံရေးစနစ်အရ စစ်အာဏာရှင်စနစ်မှ လုံးဝလွတ်မြောက်ကာ ပြည်သူလူထုအား စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုသစ်ဆီသို့ အရောက်ပို့ ရန်မှာ နိုင်ငံတာဝန်ယူထားသူများ၏ သွေဖည်၍မရသော သမိုင်းပေးတာဝန်လည်းဖြစ်ပါသည်။ သို့သော် စစ် အာဏာရှင်စနစ်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ယဉ်ကျေးမှုစသော နယ်ပယ် ပေါင်းစုံတွင် ထူထဲစွာ အမြစ်တွယ်လျက်ရှိပါသေးသည်။ အထူးသဖြင့် စစ်အာဏာရှင်စနစ်အောက်တွင် နိုင်ငံ့ စီးပွားလျော့ပါးပျောက်ဆုံးခဲ့ရပြီး ရှိရှိသမျှစီးပွားရေးအရင်းအနှီးများမှာ စစ်အာဏာရှင်များနှင့် လက်ဝေခံများထံ တွင် စုပုံနေပေသည်။ တစ်ဖန်ယင်းတို့နှင့် စီးပွားဖက်ခဲ့ကြသော ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ စီးပွားရေး စားကျက်တစ်ခုလည်း ဖြစ်နေပေရာ နိုင်ငံ့တာဝန်အပ်နှင်းခံထားရသူများအနေဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူလူထု အကျိုးကို ပြည်သူလူထုနှင့်အတူ ကာကွယ် ရန်သာဖြစ်ကြောင်း၊ စစ်အာဏာရှင်များနှင့် လက်ဝေခံတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်မဟုတ်ကြောင်း ထင်ရှားလှပေသည်။

သို့မဟုတ်လျှင် နိုင်ငံအတွက်လည်း အကျိုးမရှိ၊ ပြည်သူအတွက်လည်း အကျိုးမရှိ၊ သမိုင်းနိယာမအရ ပြည်သူကရွေးချယ်ထားသောနိုင်ငံ့ကိုယ်စားလှယ်များ အတွက်လည်း အနာဂတ်ရှိနိုင်မဟုတ်ချေ။

လူသာလင်း

Reference:

  1. The New Yangon City Project: An Urban Planner’s View By Dr.KyawLat,

     16 July 2018, The Irrawaddy.

  1. JICA Updates 2040 Plan for Yangon develop ment By Myat Nyein Aye, 04 Jan 2017,             Myanmar Times.
  2. Yangon residents unhappy with YCDC: Survey by Htet Shwe Yee Ywal Myint, 22 Aug

     2018 Myanmar Times.

  1. Chinese Firm Involved in New Yangon City Has Long List of Controversies Abroad

     By Non Lwin, 4 Mar 2019, The Irrawaddy.

  1. Is New Yangon City Project to be Controlled by the CCCC or a foreign Company with a        threat to sovereinty,really needed? By Phyo      Wai, 11 Mar 2019, Eleven.
  2. Wikipaedia, the free encyclopaedia.
  3. ရန်ကုန်မြို့ပြအမွေအနှစ်မဟာဗျူဟာ၊ Yangon Heritage Trust.
Please follow and like us:
0