ရန်ကုန်အရေးနှင့် ရန်ကုန်လူထု

၂၀ဝ၅ ခုနှစ်တွင် မြို့တော်ရန်ကုန်သည် ရာထူးချခံလိုက်ရသည်။ အကြောင်း မှာ နေပြည်တော်ပေါ်လာပြီး မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ်ခံလိုက်ရသောကြောင့်ပင်။ သို့ရာတွင် အစိုးရမင်းရုံးစိုက်ရာ၊ ဝန်ထမ်းများ အလုပ်လုပ်ရာနေရာ ဒေသအဖြစ်ထက် ဘာမျှမပိုသော၊ မြို့ပြအသက်ဝိညာဉ်ကင်းမဲ့နေသော နေပြည်တော်ထက် စီးပွားရေး၊ လူမှုရေးနှင့်အနုပညာ-ယဉ်ကျေးမှုတို့ များပြားစုံလင်အသွင်ကွဲပြားလှသည့် ရန်ကုန်ကသာလျှင် မြန်မာ့လူထု၏ အာရုံအကျဆုံးမြို့တော်အဖြစ် ဆက် လက်အမည်တွင်ဆဲပင်။

အာရှမြို့ကြီးများအနက် မတူကွဲပြားမှု၊ ယဉ်ကျေးမှုစုံလင်ထူးခြားမှုတို့ကို မြင်သာလှသည့် ရန်ကုန်သည် တစ်ခေတ်တစ်ခါက ထင်ရှားကျော်ကြားခဲ့ပေသည်။  သို့သော် မန္တလေးမှာ သူ၏ အခြေခံအဆောက်အအုံ တိုးတက်ပြောင်းလဲလာမှု၊ သန့်ရှင်းစည်ပင် လာမှုနှင့်မြို့နေလူထုကိုယ်တိုင်၏ တက်ကြွသော မြို့တော်သူ/သား များအဖြစ် ပူးပေါင်းဆောင်ရွက်မှုများကြောင့် ပြည်တွင်းပြည်ပက ချီးကျူးအားကျမှုကို ယခုအခါ ခံယူနေရသည့် တိုင် ရန်ကုန်မှာ စမတ်စီးတီးနှစ်ရှည်စီမံကိန်းပန်းတိုင်ဆီသို့ ယက်ကန်ယက်ကန်ဖြင့် ချီတက်နေရဆဲ ဖြစ်ပေသည်။

စင်စစ်ဒေသဆိုင်ရာ အစိုးရနှင့်စည်ပင်သာယာရေးတို့၏ အခန်းကဏ္ဍသည် မြို့ပြတစ်ခု ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသကဲ့သို့ မြို့နေလူထု၏ ပူးပေါင်းဆောင်ရွက်မှုမရလျှင် ထိုမြို့၏ အသက်ဝိညာဉ်ကို မြင်သာမည်မဟုတ်ပါချေ။မန္တလေးနမူနာတွင် မြို့တော်စည်ပင်၏ တက်ကြွသောခြေလှမ်းများ၊ တိုင်းဒေသကြီး အစိုးရ၏လက်တွေ့ပါသော ထောက်ခံအားပေးမှုတို့သာမက ဒေသခံအရပ်ဘက်အဖွဲ့အစည်းများနှင့် တစ်ဦးချင်း အလှူရှင်များ၏ မြို့တော်သူ/သားစိတ်ဓာတ်ဖြင့် ကျရာ၊ နိုင်ရာမှ ပူးပေါင်းဆောင်ရွက်သော အပြုအမူများက မန္တလေး၏ဝိညာဉ်ကို ရှင်သန်စေသည်မှာ အထင်အရှားဖြစ်ပါသည်။ သို့သော် လူဦးရေသိပ်သည်းထူထပ်ပြီး မြေပြင် ဧရိယာအားဖြင့်လည်း အပြန့်ကျယ်သော ရန်ကုန်အတွက် စိန်ခေါ်မှုများက အမျိုးလည်း စုံသလို အမြင် လည်း စုံကြသဖြင့် လူတိုင်းစေ့ ကျေနပ်ပျော်ရွှင်နိုင်မည့် ဖြေရှင်းနည်းကိုရရန် ခဲယဉ်းမည်မှာ သေချာပါသည်။

မည်သို့ပင်ဖြစ်စေ သမိုင်းကြောင်းရှိရုံသာမက အလားအလာ အလွန်များသည့် ရန်ကုန်၏ပစ္စုပ္ပန်နှင့် အနာဂတ်အတွက် အဖြေမဲ့နေသည်မဟုတ်ပါ။ မစားရ ဝခမန်း အိပ်မက်များဖြင့် ရန်ကုန်၏ အသက်ဝိညာဉ်ရှင်သန် နိုင်မည် မဟုတ်သကဲ့သို့  စည်ပင် ရွေးကောက်ပွဲအလွန်ကျမှ အင်အားတိုးလာသလောက် စွမ်းအားမတိုးလာသေး သည့် စည်ပင်ကြောင့်လည်း ရန်ကုန်သည် စမတ်မဖြစ်နိုင်သေးပါ။ ရန်ကုန်လူထုဟုဆိုလျှင် ရန်ကုန်ဖွားများ သာမက အနေကြာအခြေချနှင့် အခြေအနေအကြောင်းကြောင့်သာ ပြောင်းရွေ့လာခဲ့ရသော်လည်း (အိမ်)ဟုဆိုလျှင် ရန်ကုန်က ကွန်းခိုရာကို ထည့်မတွက်နိုင်ကြသေးသည့် နိုင်ငံအဝန်းက လူထုကိုလည်း ထည့်သွင်းတွက်ချက်ကြ ရပါလိမ့်မည်။ ထိုအခါ ရန်ကုန်လူထု၏ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းသည် ရန်ကုန်အရေးအတွက် မည်မျှ သက်ရောက်နိုင်မည်ကို မှန်းဆချင့်တွက်နိုင်ကြပါလိမ့်မည်။ ယင်းတို့ ကိုယ်တိုင်တာဝန်ရှိစွာ ပူးပေါင်းဆောင်ရွက် သင့်သည်ဟူသော အတွေးအမြင်မျိုး ပေါ်ပေါက်စေ လိုလျှင် ရန်ကုန်၏အရေးအရာများအားလုံးကို ယင်းတို့အား အသိပေးရမည်ဖြစ်သကဲ့သို့ ယင်းတို့၏ ထင်မြင်ယူဆချက်များနှင့် ဝေဖန်အကြံပြုချက်များအားလုံးကိုလည်း နားစွင့်၊ နားထောင်ရမည်ဖြစ်ကြောင်း တိုင်းအစိုးရနှင့် မြို့တော်စည်ပင်တို့က သဘောပေါက်နားလည်ရန် အရေးကြီးကြောင်း တင်ပြအပ်ပါသည်။

အယ်ဒီတာ

Please follow and like us:
0