နိုးလော့ ထလော့ ဧရာဝတီ

မြောက်ဘက်များမှ သန္ဓေတည်မွေးဖွား

သွေးသားညီရင်း ချင်းတွင်းဝန်းရံ

သံလွင်စစ်တောင်း ညာလက်မောင်းဟေ့

စစ်မောင်းသံချီ ဒုဋ္ဌဝတီ

မှိုင်းရီဖြိုးဖျ ရိုးမတွေဆီ

နောင်တော်မြတ်မို့ လက်အုပ်ချီ

ပြည်သူ့ရဲ့သွေး ပြည်သူ့ရဲ့သွေး

ပြည်သူ့ရဲ့သွေး ဧရာဝတီ။ ။

(၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုမှ

ကဗျာ ဖူးသစ်(ခေါ်) BED ကိုဝင်းမောင်နှင့်

သံစဉ်- BED ကိုဝင်းနိုင်တို့၏

“နိုးလော့ ထလော့ ဧရာဝတီ” သီချင်းမှ)

မြန်မာ့အသက်သွေးကြောဧရာဝတီ

လူသားတို့ ရှင်သန်နေထိုင်ရာ ကမ္ဘာမြေပေါ်ရှိ အရှည်လျားဆုံးမြစ်ကြီးများအနက် ယနေ့အထိ အရှိန် မပျက် ဆက်လက်စီးဆင်းနေနိုင်သေးသည်မှာ အားလုံး၏ သုံးပုံတစ်ပုံသာ ရှိတော့သည်ဟု သိရသည်။ အရှေ့ တောင်အာရှအတိုင်းအတာအရဆိုလျှင်လည်း ဤမြစ် နှစ်စင်းသာ ကျန်တော့သည်ဟု ဆိုပါသည်။ ဤသည်မှာ မြန်မာအတွက် အလွန်ရခဲလှသော မဟာဒုလ္လဘတစ်ပါးပင်။

ဧရာဝတီနှင့်သံလွင် ယှဉ်ကြည့်လျှင်ပင် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့်သမိုင်းရေးအရ ဧရာဝတီက မြန်မာ့ပဒေသာစုံလူမှုအဖွဲ့အစည်းကြီးအတွက် ပို၍အရေးပါနေသည်။

ဧရာဝတီသည် မြန်မာပြည်၏ အဓိကရေသောက် မြစ်ကြီးဖြစ်သည်။ ဧရာဝတီသည် လူမျိုးစုံမြန်မာ ပြည်သူပြည်သားတို့၏ ရိက္ခာအိုးကြီးဖြစ်သည်။ ဧရာဝတီသည် မြန်မာပြည်၏ ပဒေသာစုံယဉ်ကျေးမှုများ ပေါက်ဖွားရာ ဝမ်းကြာတိုက်ကြီးဖြစ်သည်။ ဧရာဝတီသည် မြန်မာ ပြည်တစ်နံတစ်လျား လူမျိုးစုံပြည်သူများ၏ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တိုက်ဖျက်ရေး၊ လွတ်လပ်ရေး၊ စစ်အာဏာရှင်စနစ်တွန်းလှန်ရေးလှုပ်ရှားမှု သမိုင်းစဉ်ကြီး၏ အခြေတည်ရာ ဘူမိနက်သန်ဖြစ်သည်။ ဧရာဝတီကို အမှီပြု၍ ကမ္ဘာ့အလှဆုံးပန်းချီကားများ ဖြစ်တည်ခဲ့ရသည်။ ရသကိုးပါးကို အပီအပြင်ဖော်ကျူးသော ကဗျာများ၊ ဝတ္ထုကြီးငယ်များ၊ တေးသီချင်းများ ပေါ်ထွက်ခဲ့ရသည်။ လူမျိုးပေါင်းစုံကူးလူးဆက်ဆံမှုများထက် အောက်စုန်ဆန် လှုပ်ရှားသက်ဝင်ခဲ့ရသည်။ ကမ္ဘာ တွင် မြန်မာဟူသော ဝိသေသလက္ခဏာဖြင့် အမှီခိုကင်းသည့် လွတ်လပ်သော နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင် ခဲ့သည်။

ချုပ်၍ဆိုရလျှင် ဧရာဝတီနှင့်လူမျိုးစုံမြန်မာ၊ မြန်မာ နှင့်ဧရာဝတီမှာ ခွဲခြား၍မရ၊ တစ်သားတည်းဖြစ် သည်။ တစ်နည်းဆိုရလျှင် ဧရာဝတီမြစ်ရေ လွတ်လပ်စွာစီးဆင်း နေနိုင်သရွေ့ မြန်မာပြည်အဓွန့်ရှည်ကြာတည်တံ့ နေနိုင်မည်ဖြစ်သည်။ ဧရာဝတီတသွင်သွင်စီးဆင်းနေသမျှ လူမျိုးစုံမြန်မာပြည်သူတို့၏ဘဝနှင့်ဝိညာဉ်ရှင်သန်နေ မည် ဖြစ်သည်။

သို့ဆိုလျှင် ဧရာဝတီသေဆုံးပြီဆိုသည့်တစ်နေ့၊ မြန်မာပြည်လည်း ရှိနိုင်တော့မည်မဟုတ်ဟုဆိုသော် သဘာဝဓမ္မက သဘောတူမျှမည်မှာ သေချာပေသည်။

မြန်မာ့အသဲနှလုံးမြစ်ဆုံ

ထိုဧရာဝတီသည် မေခ(အင်မိုင်ခ)နှင့်မလိခမြစ်နှစ်သွယ် တွေ့ဆုံပေါင်းစည်းရာမှ သန္ဓေတည် မွေးဖွား ခဲ့ခြင်းဖြစ်သည်ကို မြန်မာ့သမိုင်းနှင့်မြန်မာ့ပထဝီဝင် သင်ယူစကလေးဘဝမှစ၍ မြန်မာပြည်သားတို့ အသဲနှလုံး တွင် ကမ္ပည်းတင်ခဲ့ပြီးဖြစ်သည်။

မြောက်ဘက်ဟိမဝန္တာတောင်တန်းမှ ဖြူလွလွရေခဲ ပြင်များ အရည်ပျော်ကျ၍ မြန်မာ့မြောက်ဖျား ကချင် တိုင်းရင်းသားတို့ အခြေတည်မွေးဖွားရာဒေသအတွင်း ဘယ်ညာတောင်ပံဖြင့် စီးဆင်းလာသော မေခနှင့်မလိခ မြစ်နှစ်သွယ်တို့ ပေါင်းစည်းတွေ့ဆုံရာနေရာကို (မြစ်ဆုံ)ဟု မြန်မာပြည်သားတို့ ဦးနှောက်ထဲတွင် သံမှိုစွဲထား သကဲ့သို့ ဧရာဝတီမူလဘူတအဖြစ် မြန်မာပြည်သားတို့ အမြတ်တနိုး တန်ဖိုးထားကြသည်။ ထိုဧရာဝတီသည် သွေးသားညီရင်း ချင်းတွင်းနှင့်ပေါင်းစည်း၍ တောင်ဘက်သို့ မြန်မာပြည်အလယ်ဗဟိုမှ ဖြောင့်ဖြောင့် တန်းတန်း ဖြတ်သန်းစီးဆင်းကာ မြစ်ဝကျွန်းပေါ်ဒေသတောင်ဘက်များမှသည် နောက်ဆုံး၌ အိန္ဒိယသမုဒ္ဒရာထဲသို့ စီးဝင် ပေါင်းဆုံသွားလေရာ မြန်မာပြည် မြောက်ဖျားမှ တောင်ဖျားအထိ ကီလိုမီတာပေါင်း ၂၁၇၀ ရှည်လျားသော အရှေ့တောင်အာရှ၏ အရှည်ဆုံးမြစ်တစ်စင်း ဖြစ်လာရလေတော့သည်။

ဧရာဝတီမြစ်ဝှမ်းဒေသ

ဧရာဝတီမြစ်ဝှမ်းဧရိယာမှာ ၄၁၃ç၇၁၀ စတုရန်းမီတာ ကျယ်ပြန့်ပြီး မြန်မာ့ကုန်းမြေဧရိယာတစ်ခုလုံး၏ ၅၅.၅ ရာခိုင်နှုန်းဖြစ်သည်။ ဤမြစ်ဝှမ်းအတွင်း မှီတင်းနေထိုင်သူပေါင်းမှာ ၃၄.၃ သန်းရှိရာ မြန်မာနိုင်ငံတစ်ခု လုံး လူဦးရေစုစုပေါင်း၏ ၆၆ ရာခိုင်နှုန်းဖြစ်သည်။

ဧရာဝတီမြစ်ဝှမ်းထုတ်ကုန်များမှ နိုင်ငံရပ်ခြားသို့ ဓာတ်သတ္တု ၂၈ ရာခိုင်နှုန်း၊ ဟင်းသီးဟင်းရွက် ၂၃ ရာခိုင်နှုန်း၊ အခြားအစားအစာ ၁၀ ရာခိုင်နှုန်းနှင့်သစ် ၂ ရာခိုင်နှုန်း တင်ပို့ရသည်။ ဧရာဝတီမြစ်ဝှမ်းဒေသအတွင်း ဆန်စပါးထုတ်လုပ်မှုမှာ မြန်မာတစ်နိုင်ငံလုံး၏ ၈၀ ရာခိုင်နှုန်းရှိပြီး ဆီထွက်သီးနှံထုတ်လုပ်မှုမှာ တစ်နိုင်ငံလုံး၏ ၉၆ ရာခိုင်နှုန်းရှိသည်။ သဲ၊ သတ္တု တူးဖော်ထုတ်လုပ်မှုမှာ တစ်နိုင်ငံလုံး၏ ၈၇ ရာခိုင်နှုန်းရှိကာ ဧရာဝတီမြစ်ဝှမ်း ဒေသ၏ ရေလုပ်ငန်းမှ အသားဓာတ်ထောက်ပံ့ပေးနိုင်မှုမှာ တစ်နိုင်ငံလုံးကဏ္ဍအားလုံးမှ အသားဓာတ်ထောက်ပံ့ ပေးနိုင်သော ၆၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ထို့အတူ ဧရာဝတီမြစ်လက်တက် များတွင် ဆည်ပေါင်း ၁၄ ခုရှိ၍ ယင်းတို့မှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားမှာ တစ်နိုင်ငံလုံးလျှပ်စစ် စွမ်းအားထုတ်လုပ်မှုပမာဏ၏ ၆၅ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရေကြောင်းအသုံးပြုနိုင်မှုမှာ နွေရာသီတွင် ၁၃၃၂ ကီလိုမီတာရှိ၍ မိုးရာသီတွင် ၁၅၂၆ ကီလိုမီတာရှိသည်ဟုလည်း သိမှတ်ရသည်။

ထို့ကြောင့်ပင် မြန်မာပြည်သူပြည်သားတို့က ဧရာဝတီသည် သူတို့၏အနာဂတ်၊ ဧရာဝတီသည် သူတို့၏ စားနပ်ရိက္ခာ၊ ဧရာဝတီသည် သူတို့၏ ဇီဝဗေဒသာ၊ ဧရာဝတီသည် သူတို့၏ အသက်မွေးဝမ်းကြောင်းမှု၊ ဧရာဝတီ သည် သူတို့၏ ယဉ်ကျေးမှု၊ ဧရာဝတီသည် သူတို့၏ ငြိမ်းချမ်းရေး၊ ဧရာဝတီသည် သူတို့၏ ဂေဟ စနစ်အချက် အခြာ၊ ဧရာဝတီသည် သူတို့၏အချုပ်အခြာ အာဏာ စသဖြင့် သူတို့၏ အရာရာအဖြစ် မှတ်ယူတန်ဖိုး ထားနေကြ ခြင်းဖြစ်သည်။

ထိုသို့ မြန်မာပြည်သူပြည်သားတို့အတွက် အရာရာဖြစ်နေသော မြန်မာ့အသက်သွေးကြော ဧရာဝတီ တွင်းသို့ အလျင်မပြတ် စီးဝင်အောင် သန္ဓေတည်လုပ်ဆောင်ပေးနေသည့်အရာမှာ မေခ၊ မလိခတို့ ပေါင်းဆုံရာ မြန်မာ့အသဲနှလုံးမြစ်ဆုံသာဖြစ်သည်။ မြန်မာ့အသဲနှလုံးမြစ်ဆုံ အခုန်မမှန်တော့သည်နှင့် မြန်မာ့အသက် သွေးကြော ဧရာဝတီမှာ နာမကျန်းဖြစ်လာပေမည်။ အကယ်၍သာ အသဲနှလုံးမြစ်ဆုံအခုန်ရပ်သွားပြီဆိုလျှင်ကား အသက်သွေးကြောဧရာဝတီ၏ မရဏတရားမှာလည်း ရှောင်ရှား ၍ ရတော့မည်မဟုတ်ချေ။ သို့ဖြစ်လျှင် မြန်မာ ပြည်နှင့် မြန်မာပြည်သူပြည်သားအားလုံး၏ လားရာမှာလည်း တွေးဝံ့စရာရှိပါဦးမည်လော။

အသဲနှလုံးထဲက ဆူး (သို့မဟုတ်) မြစ်ဆုံရေကာတာစီမံကိန်း

ဤဆူးသည် အသဲနှလုံးကို ကြေပြုန်းစေမည့်ဆူး ဖြစ်သည်။ အသက်သွေးကြောကို ဖြတ်တောက်စေမည့် ဆူးဖြစ်သည်။ မြန်မာပြည်သူပြည်သားတို့၏ အရာရာကို ကြေမွပျက်သုဉ်းစေမည့်ဆူးဖြစ်သည်။ မြန်မာပြည်၏ အနာဂတ်ကို ပျောက်ဆုံးစေမည့်ဆူးလည်း ဖြစ်ပေသည်။

အားလုံးသိကြသည့်အတိုင်း စစ်အုပ်စုစစ်အာဏာရှင်အဆက်ဆက်၏ စစ်အာဏာရှင်စနစ်အောက်တွင် မြန်မာပြည်သူပြည်သားတို့ ကုန်းကောက်စရာမရှိလောက်အောင် ချွတ်ခြုံကျခဲ့ရပြီး မြန်မာပြည်မှာလည်း ကမ္ဘာ တွင်သာမက အရှေ့တောင်အာရှအဆင့်မှာပင် အဆင်းရဲဆုံးနိုင်ငံတစ်ခု ဖြစ်ခဲ့ရသည်။ စစ်အုပ်စုစစ်အာဏာရှင် တို့၏ ဓားမိုးအုပ်ချုပ် လုပ်ချင်ရာလုပ်ခဲ့သမျှတွင် ဤမြစ်ဆုံရေကာတာစီမံကိန်းမှာ တိုင်းပြည်မျက်နှာနှင့် ပြည်သူ့ မျက်နှာကို တစ်စက်ကလေးမျှ မထောက်သော သေလောက်သည့် ဓားချက်ပင်ဖြစ်သည်။ ဤသည်ကို ပြည်ချစ် စိတ်ရှိသော သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ပညာရှင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ လူထု လူတန်းစား တက်ကြွလှုပ်ရှားသူများ၏ ဆော်သြဖွင့်ချမှု၊ ပြည်သူလူထု၏ ဘဝပေးအသိတရားတို့ဖြင့် ထင်ရှား ပေါ်လွင်စေခဲ့ သည်။

မြစ်ဆုံနောက်ကြောင်းပြန်

မြစ်ဆုံရေကာတာအပါအဝင် မေခ-မလိခမြစ်ဝှမ်းစီမံကိန်းများကို ယခင်စစ်အစိုးရတာဝန်ရှိသူများက မည်သို့ဆုံးဖြတ်လုပ်ကိုင်ခဲ့ကြပါသနည်း။

မြန်မာနိုင်ငံလျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ၂၀ဝ၅ ခုနှစ်ကုန်ပိုင်းတွင် ဧရာဝတီ၏ထိပ်ဖျား မေခ- မလိခမြစ်ဝှမ်းအတွင်း ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် စီမံချက် (Master Plan) ရေးဆွဲရန် တရုတ် နိုင်ငံ၊ ယူနန်ပြည်နယ်မှ YMEC Co. နှင့် ကူမင်းရေအားလျှပ်စစ် စူးစမ်းလေ့လာရေး၊ ဒီဇိုင်းထုတ်လုပ်ရေး အင်စတီကျု (Kunming Hydro:electric Investigation and Design Institute) တို့ ပူးပေါင်းဖွဲ့စည်းထား သည့် တရုတ်ယူနန် ကုမ္ပဏီနှင့် MoU လက်မှတ်ရေးထိုးခဲ့သည်။

၂၀ဝ၆ ခုနှစ်၊ ဒီဇင်ဘာလတွင်မူ ယူနန်ကုမ္ပဏီနှင့် ဆောင်ရွက်နေသော မေခ-မလိခစီမံချက်ကို ရပ်ဆိုင်းပြီး ပီကင်းအခြေစိုက် တရုတ်နိုင်ငံစွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (China Power Investment Corporation- CPI) နှင့် ဧရာဝတီမြစ်အထက်ပိုင်း မေခ-မလိခမြစ်ဝှမ်းများအတွက် ရေသယံဇာတဖွံ့ဖြိုးမှုနှင့် အသုံးချမှုလေ့လာရေးအဖြစ် မြစ်ဆုံရေအားလျှပ်စစ်စက်ရုံတည်ဆောက်ရေးအတွက် လေ့လာရေးလုပ်ငန်းများ ဆောင်ရွက်ရန် MoU တစ်ခုကို ထပ်မံရေးထိုးခဲ့သည်။

ထို MoU အရ CPI ကုမ္ပဏီ၏ ပဏာမလေ့လာမှု အစီရင်ခံစာသည် ၂၀ဝ၇ ခုနှစ်၊ အောက်တိုဘာလတွင် ထွက်ရှိလာရာ မေခနှင့်မလိခမြစ်နှစ်ခုဆုံသည့် မြစ်ဆုံ ၏ အောက်ပိုင်းတွင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ၁ ခု၊ မေခမြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်း ၅ ခု၊ မလိခမြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်း ၁ ခု အပြင် ထိုစီမံကိန်း ၇ ခု တည်ဆောက်ရေးကာလတွင် အသုံးပြုရန် လိုအပ်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ် ပေးရန် ချီဗွေချောင်းပေါ်တွင် အလတ်စားရေအား လျှပ်စစ်စက်ရုံ ၁ ခု၊ စုစုပေါင်းစီမံကိန်း ၈ ခုဖြစ်လာ သည်။

၂၀ဝ၇ ခုနှစ် နှစ်ကုန်းပိုင်းမှ ၂၀ဝ၉ ခုနှစ်၊ မတ်လအတွင်းတွင် တရုတ်နိုင်ငံ၏ အမျိုးသားစွမ်းအင် အုပ်ချုပ်ရေးဌာနနှင့် မြန်မာနိုင်ငံ၏ အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့အကြား မူဘောင်သဘောတူ စာချုပ်အား လက်မှတ်ရေးထိုးခဲ့သည်။ ၂၀ဝ၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်တွင် မြန်မာနိုင်ငံရေအားလျှပ်စစ် စီမံရေးဌာနနှင့် CPI ကော်ပိုရေးရှင်းတို့အကြား မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရင်းနှီးမြှုပ်နှံတည်ဆောက်ရေး ဖက်စပ်သဘောတူစာချုပ်ကို တရုတ်နိုင်ငံ၏ နောင်သမ္မတဖြစ်လာမည့် ဒုတိယသမ္မတရှီကျင့်ဖျင်၏ မြန်မာ ခရီးစဉ်အတွင်း မစ္စတာရှီကျင့်ဖျင်နှင့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးတို့ရှေ့မှောက် နေပြည်တော် တွင် လက်မှတ်ရေးထိုးခဲ့သည်။

ထူးထူးခြားခြားရှားရှားပါးပါး

ထိုစာချုပ်မှာ မြန်မာတွင်သာမက ကမ္ဘာတစ်ဝန်း ရေသယံဇာတသမိုင်းတွင် ကြီးမားသောရင်းနှီးမြှုပ်နှံမှု တစ်ခုကို ၂ နှစ်တာမျှကာလနှင့် အပြီးသတ်လေ့လာ၍ သဘောတူညီချက်ရရှိခဲ့သော အလွန်ထူးခြားရှားပါးသည့် စာချုပ်ဖြစ်သည်။ ၂၀ဝ၇ ခုနှစ် ပဏာမလေ့လာမှုတွင် မြစ်ဆုံစီမံကိန်း၏ တမံအမြင့်မှာ ၁၃၀ မီတာနှင့် တပ်ဆင် စက်အားမှာ ၄၁၀ဝ မဂ္ဂါဝပ်ဖြစ်သော်လည်း ၂၀ဝ၉ ခုနှစ်တွင် ချုပ်ဆိုသည့် အကောင်အထည်ဖော်ရေးစာချုပ်တွင်မူ တမံအမြင့် ၁၃၉.၆ မီတာနှင့်တပ်ဆင် စက်အား ၆၀ဝ၀ မဂ္ဂါဝပ်ဖြစ်လာသည်။ တပ်ဆင်စက်အလုံးရေ ၈ လုံးမှ စက် ၁ လုံးစီ၏ အင်အားမှာ ၇၅၀ မဂ္ဂါဝပ်ရှိရာ ကမ္ဘာ့အကြီးဆုံးရေအားလျှပ်စစ် စက်ရုံဖြစ်သည့် တရုတ်နိုင်ငံ၏ မြစ်ကျဉ်းသုံးသွယ်ရေအားလျှပ်စစ်စက်ရုံ၏ တပ်ဆင်စက်အား ၇၀ဝ မဂ္ဂါဝပ်ထက်ပင် ကြီးမားနေပေသည်။ တပ်ဆင်စက် အင်အားပေါင်းမှာ ၆၀ဝ၀ ရှိမည်ဖြစ်ရာ ကမ္ဘာ့ ၁၀ ခု မြောက် အကြီးမားဆုံးစာရင်း ဝင်ဖြစ်လာပေမည်။

ဤမျှ ကြီးမားသောကမ္ဘာ့စာရင်းဝင်ဖြစ်မည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကြီးကို ၂ နှစ်တာကာလ အတွင်း တက်သုတ်ရိုက်ရေးဆွဲခဲ့သည့် ဒီဇိုင်းပုံစံများ၊ ကုန်ကျစရိတ်များ၊ ဘူမိဗေဒ၊ ဇလဗေဒတွက်ချက်မှုများဖြင့် တည်ဆောက်ရန်ကို မြန်မာနိုင်ငံရှိ မည်သို့သော ဂုရုများက အတည်ပြုပေးခဲ့ပါသနည်း။ အလားတူ သံလွင်မြစ် ပေါ်မှ တာဆန်းစီမံကိန်းတွင်လည်း တပ်ဆင်စက်အင်အား ၇၁၁၀ မဂ္ဂါဝပ်၊ စက်တစ်လုံးစီ၏ တပ်ဆင် စက် အင်အား ၇၁၁ မဂ္ဂါဝပ်နှင့်တမံအမြင့် ၂၂၈ မီတာရှိ စီမံကိန်းဒီဇိုင်းပုံစံနှင့်ကုန်ကျစရိတ်များကို ရေအားလျှပ်စစ်နှင့် တမံဆိုင်ရာ အင်ဂျင်နီယာဟူ၍ လုံးဝမရှိသည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက ၂၀ဝ၁ ခုနှစ်တွင် အတည်ပြု ပေးခဲ့သေးသည်။ တရုတ်နိုင်ငံမှ မြစ်ကျွန်းသုံးသွယ်တမံနှင့်ရေအားလျှပ်စစ်စက်ရုံ ဒီဇိုင်းပုံစံများအား ရေးဆွဲခဲ့ သည့် နာမည်ကျော်ချန်ဂျန်းတိုင်းတာရေး၊ စီမံကိန်းရေးဆွဲရေး၊ ဒီဇိုင်းထုတ်လုပ်ရေးနှင့်သုတေသန အင်စတီကျု (CISPDR) ခေါ် ကမ္ဘာ့ထိပ်တန်းအတိုင်ပင်ခံ အင်ဂျင်နီယာအဖွဲ့သည်ပင် အဆိုပါမြစ်ကျွန်းသုံးသွယ် စီမံကိန်း ဒီဇိုင်းပုံစံနှင့်ပတ်သက်၍ နှစ်ပေါင်း ၅၀ ကျော် ကြာ စူးစမ်းလေ့လာမှုများ၊ သုတေသနပြုမှုများကို ကမ္ဘာအရပ်ရပ်မှ ကျွမ်းကျင်သူပါရဂူများ ငှားရမ်းဆောင် ရွက်ခဲ့ပြီးမှ စီမံကိန်းအား စတင်တည်ဆောက်ခြင်းဖြစ် သည်။

မေးခွန်းထုတ်စရာ

သို့ဖြစ်၍ မြစ်ဆုံစီမံကိန်းဒီဇိုင်းပုံစံထုတ်လုပ်မှုနှင့် ပတ်သက်သော ထိုကမ္ဘာ့ထိပ်တန်းအတိုင်းပင်ခံအင်ဂျင် နီယာအဖွဲ့၏ အတတ်ပညာဆိုင်ရာကျင့်ဝတ်မှာ များစွာ မေးခွန်းထုတ်စရာ ဖြစ်နေပေသည်။ မြစ်ဆုံစီမံကိန်းကဲ့သို့ ထွက်ရှိလာမည့် ဓာတ်အားအများစုကို ပြည်ပသို့ ရောင်းချမည့် စီမံကိန်းကြီးများအနေဖြင့် စီမံကိန်း၏ အကျိုး စီးပွားကို ဝယ်ယူသူပြည်ပနိုင်ငံများက အသား တင်ခံစားကြရသော်လည်း ထိုစီမံကိန်းနှင့်ဆက်နွှယ်သော သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု၊ လူမှုရေးထိခိုက်မှု၊ သဘာဝဘေးအန္တရာယ်အတွက် စိုးရိမ်ကြောင့်ကြမှု စသည့် အန္တရာယ် အမျိုးမျိုး၊ ထိခိုက်မှုဆိုးကျိုးအမျိုးမျိုးကို အိမ်ရှင်နိုင်ငံက တစ်သက်တာ ခံစားကြရမည့်အရေး ကို အလေးပေး စဉ်းစားကာ အချိန်ယူဆုံးဖြတ်ကြရပေမည်။ ထိုစဉ်က စစ်အာဏာရှင်များနှင့်ဌာနဆိုင်ရာများသည် ဤစီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံတကာမှ ကျွမ်းကျင်သူများအား ငှားရမ်းကာ ဒီဇိုင်းအတည်ပြုမှုများ၊ အပြန်အလှန်စစ်ဆေး မှုများ ဆောင်ရွက်စေရန် မစီမံခဲ့ခြင်းမှာ နိုင်ငံနှင့်ပြည်သူလူထုမျက်နှာကို တစ်စက် ကလေးမျှပင် မထောက်ထား မငဲ့ကွက်ရာကျပေသည်။

ထို့ပြင် ဝယ်ယူသူတရုတ်နိုင်ငံ၏ နေ့စဉ်လျှပ်စစ် ဓာတ်အားလိုအပ်ချက်အရ ထုတ်လုပ်မှုကို အတိုး အလျှော့ လုပ်ရမည်ဖြစ်ရာ စက်ရုံအောက်ပိုင်းမြစ်ရိုးတစ်လျှောက် နေ့စဉ်ရေမျက်နှာပြင်အတက်အကျများမှုကြောင့် မြစ်ကြောင်းတစ်လျှောက် ရေလွှမ်းမိုးမှု၊ မြစ်အောက်ပိုင်း ကမ်းပါးများ ရေတိုက်စား၍ ပြိုကျမည့်အန္တရာယ်၊ အများပြည်သူကူးသန်းသွားလာမှုအခက်အခဲတို့အပြင် မြစ်ရေမျက်နှာပြင်နိမ့်ကျချိန်တွင်လည်း ကမ်းပါးတစ် လျှောက် မြေအောက်ရေနိမ့်ဆင်းပြတ်တောက်မှုများ ကြီးကြီးမားမား ဖြစ်ပေါ်လာနိုင်သည်။

တစ်ဖက်စောင်းနင်း

နိုင်ငံတကာတွင် ရေအားလျှပ်စစ်စီမံကိန်းများအား ပုဂ္ဂလိကရင်းနှီးမြှုပ်နှံခွင့်ပြုသည့် (လုပ်ပိုင်ခွင့်ကာလ) မှာ ကျွမ်းကျင်မှုပြဿနာကြီးမား၍ ခက်ခဲပြီး ကုန်ကျစရိတ်အလွန်များပြားသော စီမံကိန်းအချို့မှအပ အများ ဆုံးနှစ် ၃၀ မျှသာ တွေ့ရလေရှိသော်လည်း ဤမျှအင်အားကြီးမားသည့် ရေအားလျှပ်စစ်စက်ရုံဖြစ်သော အမေ ရိကန်ဒေါ်လာ ၃.၆ ဘီလျံတန် မြစ်ဆုံစီမံကိန်းကို နှစ် ၅၀ လုပ်ပိုင်ခွင့်ကာလသတ်မှတ်ခြင်းသည် လွန်စွာ မျှတမှု မရှိသော တစ်ဖက်စောင်းနင်းအသာစီးရယူမှုဖြစ် သည်။

CPI ကုမ္ပဏီသည် အဆိုပါစီမံကိန်းကြီးကို အကောင်အထည်ဖော်ရန် (ဧရာဝတီမြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ်ကုမ္ပဏီလီမိတက် (ACHC Co.Ltd) ဟူသော ကုမ္ပဏီတစ်ခုကို ဖွဲ့စည်းခဲ့ရာ CPI ကုမ္ပဏီက အစုရှယ်ယာ ၈၀ ရာခိုင်နှုန်း၊ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ၁၅ ရာခိုင်နှုန်း(အခမဲ့ရှယ်ရာ) နှင့် အေရှားဝေါလ်ကုမ္ပဏီက ၅ ရာခိုင်နှုန်း ရှယ်ယာထည့်ဝင်ခဲ့ကြသည်။ ဤစီမံကိန်းကြီးမှ ထွက်ရှိလာမည့် လျှပ်စစ် ဓာတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့၍ ကျန် ၁၀ ရာခိုင်နှုန်းမှ ရင်းနှီးမြှုပ်နှံသူ မြန်မာ ခရိုနီ ကုမ္ပဏီက ၅ ရာခိုင်နှုန်းရမည်ဖြစ်ရာ ပြည်သူလူထု အတွက် ၅ ရာခိုင်နှုန်းသာ ကျန်ပါတော့သဖြင့် မြန်မာ့ အသက် သွေးကြောနှင့်မြန်မာ့အသဲနှလုံးကို ရင်းနှီး ပေးဆပ်ရသည်မှာ တန်ပါမည်လော။ နှစ်နိုင်ငံအကျိုး စီးပွားဟူသော ဆိုင်းဘုတ်အောက်တွင် ချိန်ခွင်လျှာ ဇောက်ထိုးနှင့်ဈေးပေါင်ကျိုးအရောင်းအဝယ်သာ ဖြစ်ပေလိမ့်မည်။ မတန် တဆဖြင့် ရလာမည့်အကျိုးအမြတ်မှာလည်း နိုင်ငံနှင့်ပြည်သူထံ မရောက်ဘဲ စစ်ဗျူရိုကရက် အရင်းရှင်ကြီး များနှင့်လက်တစ်ဆုပ်စာ ခရိုနီအရင်းရှင်များလက်တွင် ပျောက်ဆုံးရမည့်ကိန်းပင် ဖြစ်တော့ သည်။

သဘာဝဘေးနှင့် လူလုပ်ဆေး

ဘူမိဗေဒဆိုင်ရာအချက်အလက်များအရ မြစ်ဆုံရေကာတာ တည်ဆောက်မည့်နေရာနှင့် မလှမ်းမကမ်း မိုင် ၅၀ ဝန်းကျင်တွင် မြန်မာနိုင်ငံကို မြောက်မှတောင်အထိ ဖြတ်သွားသော ကမ္ဘာမြေအက်ကြောင်းကြီးတစ်ခု ရှိနေပြီး ယခုအထိ အသက်ရှင်လှုပ်ရှားနေဆဲဖြစ်ကြောင်း   ဘူမိဗေဒပညာရှင်များက ဆိုပါသည်။

တစ်ဖန်မြစ်ဆုံရေကာ တည်ဆောက်ပြီးစီးပါက ရေ လှောင်ဧရိယာမှာ စင်ကာပူနိုင်ငံထက် ပိုမိုကျယ်ဝန်း မည်ဖြစ်သည်။ တည်ငြိမ်ရေဖိအားသဘောအရ ရေသေ ၁ ကုဗမီတာ၏ အလေးချိန်သက်ရောက်မှုမှာ ၁ တန် ရှိပြီး မြစ်ဆုံရေလှောင်ဧရိယာတွင်းမှ ရေထုမှာ သန်း ပေါင်းတစ်သိန်းကျော်ရှိသဖြင့် ထိုနေရာရှိ မြေပြင်ပေါ်သို့ သက် ရောက်ရေအလေးချိန်မှာလည်း သန်းပေါင်း တစ်သိန်းကျော်ရှိရာ နဂိုကမှ အသက်ဝင်လှုပ်ရှားနေ သော ကမ္ဘာမြေ အက်ကြောင်းပေါ်တွင် ထိုဖိအားကြောင့် ပိုမိုရွေ့လျားကာ ပြင်းအားမြင့်ငလျင်ကြီးများ ဖြစ်နိုင်ခြေ အလွန်များ သည်ဟု သိရသည်။

ထိုငလျင်ကြောင့် ရေကာတာကျိုးပြီဆိုပါက မိုင်အနည်းငယ်သာကွာသည့် မြစ်ကြီးနားမြို့မှာ မိနစ်ပိုင်း အတွင်း ရေမြုပ်ပျောက်ကွယ်သွားမည့်အပြင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြို့ရွာများမှာလည်း ရေကြီး ရေလျှံဖြစ်ကာ ကုန်းတွင်းဆူနာမီဘေးနှင့် ရင်ဆိုင်ရပေလိမ့်မည်။ သို့ဖြစ်လျှင် ဤသဘာဝဘေးနှင့် လူလုပ် ဘေး နှစ်ခုပေါင်း၏ ကြီးမားသောဆိုးကျိုးဒဏ်ကို ခံစားရမည့်သူများမှာ ဧရာဝတီမြစ်ဝှမ်းတစ်ခုလုံးနေ လူမျိုးစုံ ပြည်သူ များသာဖြစ်သည်။

များမကြာသေးမီက လာအိုနိုင်ငံ Attapeu  ပြည်နယ် တွင် ဖြစ်ပွားခဲ့သော ရေအားလျှပ်စစ်အတွက် တည် ဆောက်ခဲ့သည့် Xepian-Xe Nam Noy ဆည်ကြီးသည် တည်ဆောက်ဆဲမှာပင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က ပြိုကျခဲ့ရာ ရွာပေါင်း ၈ ရွာ ရေလွှမ်းမိုးနစ်မြုပ်ခဲ့ပြီး အနည်းဆုံး လူပေါင်း ၂၉ ဦးသေဆုံးကာ ၁၁၀ဝ ကျော် ပျောက်ဆုံးခဲ့ကြောင်း ကြားသိရသည်။ ဤဘေးမျိုးမြစ်ဆုံတွင် တွေ့ကြုံခဲ့ပါက ထိခိုက်ပျက်စီးမှု မည်မျှ ရှိမည်နည်းဆိုသည်ကို တွေးဝံ့စရာပင် မရှိနိုင်ပါ။

မြစ်ဆုံစီမံကိန်းအပြီးတိုင်ရပ်ဆိုင်းရေး

မြစ်ဆုံစီမံကိန်းသည် နိုင်ငံနှင့်ပြည်သူအတွက် အကျိုးအမြတ်လုံးဝမရှိနိုင်ကြောင်းကို သက်ဆိုင်ရာ ပညာရှင်တို့၏ ဖော်ပြချက်များမှတစ်ဆင့် ပြည်သူလူထု တစ်ရပ်လုံး သိမြင်လာခဲ့ကြပြီး အရပ်ဘက်အဖွဲ့အစည်း များ တက်ကြွလှုပ်ရှားသူများ၏ ဆော်သြမှုဖြင့် ဆန့်ကျင် ကန့်ကွက်မှုများ နိုင်ငံတစ်နံတစ်လျားပေါ်ပေါက်ခဲ့ရာ   ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန်၏ စစ်တစ်ပိုင်းအစိုးရက ယင်း၏သက်တမ်းကာလအတွင်း ရပ်ဆိုင်းထား မည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ စင်စစ်ဤကြေညာချက်ကို ဤစီမံကိန်း၏လက်သည် စစ်အစိုးရ အဖွဲ့ဝင် ဟောင်းများက အသေအချာတွက်ချက် ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။ ယင်းတို့၏ အဓိကရည်ရွယ်ချက်မှာ စစ်အစိုးရ လက်ထက်က အနောက်အုပ်စု၏ ပိတ်ဆို့မှုများ ပွင့်လာစေရန်နှင့် စစ်တစ်ပိုင်းအစိုးရ၏ ပုံရိပ်အမှန်ကို ဖုံးကွယ်ပြီး လူထုထောက်ခံမှုကို တစ်ဖက်လှည့်ဖြင့် ရယူရန်ပင်ဖြစ်သည်။

ယင်းတို့တွက်ချက်ခဲ့သလိုပင် အနောက်အုပ်စုဝင်နိုင်ငံများ၏ အထွေထွေပိတ်ဆို့မှုများစွာကို ဖယ်ရှားပစ် နိုင်ခဲ့ပြီး ပြည်သူလူထု၏ ယင်းတို့အပေါ် ဆန့်ကျင်မှုကိုလည်း ခဏတာလမ်းလွှဲပေးနိုင်ခဲ့သည်ဟု ဆိုနိုင်ပေ သည်။ အခြားတစ်ဖက်တွင်မူ ယင်းတို့၏ ကျေးဇူးရှင်တရုတ်အစိုးရကိုလည်း မြစ်ဆုံစီမံကိန်းလုပ်ငန်းခွင်မှ သဘာဝ သယံဇာတများအား သူခိုးဈေးဖြင့် ထိုးကျွေးခဲ့ပြီး မြစ်ဆုံမှအပ မေခ၊ မလိခ မြစ်ဝှမ်းပေါ်မှ ဆည် ၇ ခု အရှိန်မပျက် ဆက်လက်တည်ဆောက်နိုင်ရန် ပြည်သူလူထုမျက်စိကို ပိတ်ဆို့ကာဆီးပေးခဲ့ရာ ပြဿနာ ကြီးကြီးမားမားမပေါ် ပေါက်အောင် ကြံစည်လုပ်ဆောင်နိုင်ခဲ့သည်။ တစ်နည်းအားဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အရပ်သားတစ်ပိုင်း အစိုးရပေါ်လာနိုင်ခြေရှိခဲ့လျှင်လည်း ယင်းတို့ဖန်တီးခဲ့သော ဗြဟ္မာ့ဦးခေါင်းအား နောက်အစိုးရထံ လက်လွှဲပေး ကာ လူထုနှင့်ထိပ်တိုက် တွေ့စေရန် ကြံရွယ်ချက်ရှိခဲ့သည်မှာ ယနေ့အချိန်အခ၌ အလွန်တရာသေချာလာခဲ့ပြီ ဖြစ်ပေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီအသနားခံစာ

ဒေါ်အောင်ဆန်းစုကြည်သည် သူ၏အင်္ဂလိပ်ဘာသာလက်ရေးမူဖြင့် (ဧရာဝတီအသနားခံစာ)ဟူသော စာတမ်းတစ်စောင်ကို ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့တွင် နိုင်ငံတကာမြစ်ချောင်းများ လေ့လာရေး သုတေသနအဖွဲ့ထံ ရေးသားပေးပို့ခဲ့သည်။

ထိုစာတမ်းတွင် (ဧရာဝတီသည် မြန်မာပြည်၏ အဓိကရေသောက်မြစ်ဖြစ်ကြောင်း၊ သတ္တဗေဒနှင့် သဘာဝဗေဒတို့၏ ပင်မအဓိကမြစ်ကြီးလည်းဖြစ်ကြောင်း၊ ထိုမြစ်ကြီးမှာ မြန်မာပြည်သားများ လက်ရှိ နေထိုင် သည့်တိုင်းပြည်၏ သဘာဝဂေဟစနစ်အသွင်ကို ထုတ်ဖော်ပြသသော အံ့မခန်းမြစ်ကြီးဖြစ်ကြောင်း၊  ထိုမြစ်ကြီးကို အကြောင်းပြုကာ တိုင်းပြည်၏ သမိုင်း၊ ယဉ်ကျေးမှုနှင့် လူနေမှုဘဝအဖုံဖုံအသွယ်သွယ်အား ပေါင်းစပ်ထောက်ပံ့ ပေးသည့်ပြင် ထိုမြစ်ကြီးကိုအခြေခံကာ ရွှင်မြူးဖွယ်၊ ခံစားဖွယ်၊ လွမ်းမောဖွယ်၊ ဂုဏ်ယူဖွယ်နှင့် မရေတွက် နိုင်သော ရသစာပေများကို ခံစား စံစားရကြောင်း) အစချီကာ ထိုမြစ်ဆုံဆည်ကြီးတည် ဆောက်ပြီးစီးသွားပါက ဧရာဝတီမြစ်တစ်လျှောက်နှင့်  ယင်း၏နီးစပ်ရာဒေသများတွင် နေထိုင်သောသူများအဖို့ မည်သို့သောပြဿနာ များအား ရင်ဆိုင်ရနိုင်ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ရေးသားဖော်ပြခဲ့သည်။ (မကြာခဏငလျင် လှုပ်လေ့ရှိသော မြန်မာ့သဘာဝဘူမိအနေအထား၊ သဘာဝဂေဟပျက်ယွင်းမှုနှင့် မျိုးသုဉ်းပျောက်ကွယ်သွား နိုင်သော သတ္တဗေဒအခြေအနေများအပြင် ဧရာဝတီမြစ်ရေအား အကန့်အသတ်ဖြင့်သာ လွှတ်ထုတ်စီးဆင်းအောင် ဆောင်ရွက်ထားမှုများက ဧရာဝတီမြစ်ကြောင်းအဆုံးဒေသဖြစ်သည့် လူဦးရေ ၈.၆ သန်းကျော်နေထိုင်သော ဧရာဝတီတိုင်း၊ လူဦးရေ ၁၄.၉ သန်းကျော်နေထိုင်သော ရန်ကုန်တိုင်းစသည့် ကြီးမားသော ဒေသလွင်ပြင် များအတွက် မလွဲမသွေ ရင်ဆိုင်ရနိုင်သောအန္တရာယ်မှာ အိန္ဒိယသမုဒ္ဒရာမှ နိစ္စဓူဝစီးဆင်းလာနေသော ဆားငန်ရေ များအား လက်ရှိဧရာဝတီမြစ်ရေ၏ စီးတွန်းကျားကန်ထားမှု အရှိန်များ ကင်းမဲ့သွားပြီး အထက်ဖော်ပြပါဒေသ ကြီး၊ တိုင်းကြီးများတွင် ဆားငန်ရေများ တစ်နေ့တခြား လွှမ်းမိုးလာကာ လူဦးရေ ၁၈ သန်း၏ လူမှုဘဝများနှင့် စိုက်ပျိုးရေး၊ ကျန်းမာရေးစသော အရေးအရာများအပေါ် တိုက်ရိုက်ထိခိုက်သည့် ဒုက္ခဘေးဆိုးကြီးအား ရင်ဆိုင် ရနိုင်ကြောင်း) ဒေါ်အောင်ဆန်းစုကြည်က တိကျစွာရေးသား ဖော်ပြခဲ့သည်။

ပြောင်းလဲသွားသော သဘောထားရပ်တည်ချက်

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထု၏ သောင်ပြိုကမ်းပြို ထောက်ခံမဲဖြင့် NLD ၏ အရပ်သားတစ်ပိုင်းအစိုးရ အာဏာရလာခဲ့သည့် နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ မြစ်ဆုံစီမံကိန်း ဆိုင်ရာ သဘောထားရပ်တည်ချက်မှာ ပြောင်းသွားလေတော့သည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ဟုန်လျံက ကချင်တိုင်းရင်းသား ခေါင်းဆောင်အချို့နှင့် တွေ့ဆုံကာ မြစ်ဆုံစီမံကိန်းပြန်လည် စတင်ရန်လိုအပ်ကြောင်း အကြိမ်ကြိမ်ဖိအားပေး ပြောဆိုခဲ့သည်။ အလားတူမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း မြစ်ဆုံစီမံကိန်းအား ကချင်ပြည်သူများက မဆန့် ကျင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြန်ရာ ဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရလက်ထက်က ယာယီရပ်ဆိုင်းထား ခဲ့၍ ငြိမ်သက်နေသော အသံများမှာ တစ်ဖန်ပြန်လည် ဆူညံလာခဲ့သည်။ တစ်ဆက်တည်းတွင် ဒေါ်အောင်ဆန်း စုကြည်နှင့် NLD အရပ်သားတစ်ပိုင်းအစိုးရ၏ မြစ်ဆုံကိစ္စနှုတ်ဆိတ်နေမှုကိုလည်း ပြည်သူလူထုအကြားအား မလိုအားမရဖြစ်လာကြသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်က စစ်ကိုင်း တိုင်း၊ ကလေးမြို့နယ်တွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ် အောင်ဆန်းစုကြည်နှင့် ဒေသခံများတွေ့ဆုံပွဲ၌ ကျောင်း သားတစ်ဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ တွင် (ယခင်အစိုးရလက်ထက်က ပြုလုပ်ခဲ့သည့် စီမံ ကိန်းများအား မိမိတို့မူဝါဒနှင့် မကိုက်ညီဟုဆိုကာ ဖျက် သိမ်းပစ်မည်ဆိုပါက မိမိတို့နိုင်ငံကို မည်သူကမျှ အယုံ အကြည်ရှိတော့မည်မဟုတ်ကြောင်း၊ ပြည်သူများအနေဖြင့် အမြင်ကျယ်ကျယ်ဖြင့် ဘက်ပေါင်းစုံမှ စဉ်းစားကြ ရန်လိုအပ်ကြောင်း) ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ သည်။ ဤတွင် အချိန်အတိုင်းအတာတစ်ခုအထိ  ငုတ်လျှိုးနေသော ပြည်သူလူထု၏ စိုးရိမ်သောကမှာလည်း တစ်ဖန်ပြန်လည်ထွက်ပေါ်လာခဲ့ရပေသည်။

အတိုက်အခံခေါင်းဆောင်ခဲ့ချိန်နှင့် အစိုးရခေါင်း ဆောင်ဖြစ်လာချိန်ကြား မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားရပ်တည်ချက်မှာ ပြောင်းလဲခဲ့ပြီလား။ (မြစ်ဆုံကိစ္စကို လူထု ဆန္ဒနှင့်အညီ ကိုင်တွယ်ဖြေရှင်းသွားမည်၊ မိမိတို့ အာဏာရရချင်း မြစ်ဆုံစီမံကိန်းစာချုပ်ကို ပြည်သူလူထု အားချပြမည်)ဟူသော ၂၀၁၅ ရွေးကောက်ပွဲမဲဆွယ် ကတိစကားများမှာ နေလာနှင်းပျောက်ခဲ့ချေပြီ။ အလားတူ NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကလည်း မြစ်ဆုံစီမံကိန်းစာချုပ်ပါ အချက်အလက်များအား  လက်ရှိ အချိန်တွင် ပြည်သူလူထုထံချပြမည်ဆိုပါက တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးမရှိနိုင်ကြောင်း ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့က News Watch ဂျာနယ်သို့ ပြောဆိုခဲ့ပြန်ရာ အတိုက်အခံအစက  ပြည်သူလူထုဘက်မှ ရပ်ခံခဲ့သော NLD  ၏ အသံများ ပျောက်ဆုံးခဲ့ပြီဟု ယူဆစရာသာရှိတော့သည်။

အသံတိတ်ကော်မရှင်

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်တွင် ဧရာဝတီ- မြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်ကို အဖွဲ့ဝင် ၂၀ ဦးဖြင့် NLD အစိုးရက ဖွဲ့စည်းပေးခဲ့ရာ နောက် ၃ လ အကြာတွင် လေ့လာစိစစ်သုံးသပ်မှု ပထမအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ တင်ပြခဲ့ကြောင်းသိရသည်။  သို့တစေ ထိုအစီရင်ခံစာနှင့်ပတ်သက်၍ ယနေ့အချိန်အထိ ကော်မရှင်၏အသံကို တစ်စုံတစ်ရာမကြားရဘဲ  ကော်မရှင်၏ လှုပ်ရှားမှုများမှာလည်း ရပ်တန့်ပျောက် ကွယ်သွားခဲ့လေသည်။

ကော်မရှင်အစီရင်ခံစာကို အစိုးရအဖွဲ့ကလွှတ်တော်သို့တင်ပြပြီး လွှတ်တော်၏ သဘောထားအဆုံး အဖြတ်ရယူကာ မြစ်ဆုံစီမံကိန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက DVB  သတင်းဌာနသို့ ပြောကြားခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင်မူ NLD  ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး တာဝန်ရှိအစိုးရအနေဖြင့် ဆုံးဖြတ်ချက်ချပြီးပါက ပြည်သူလူထုအား အသိပေးမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြစ်ဆုံစီမံကိန်းနှင့် NLD  အကျပ်အတည်း

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်က နေပြည်တော် ၌ ကျင်းပပြုလုပ်ခဲ့သော Invest Myanmar Summit 2019 အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက မြစ်ဆုံစီမံကိန်းအား အရွယ်အစား သို့မဟုတ် နေရာပြောင်းလဲရေးကို ညှိနှိုင်းလုပ်ဆောင် နေကြောင်း၊ နိုင်ငံအတွက်လည်း အကျိုးရှိ၊ လျှပ်စစ် ဓာတ်အားလည်းထွက်ရှိ၊ ပတ်ဝန်းကျင်ကိုလည်း မထိ ခိုက်၊ ပြည်သူလူထုလည်း အကျိုးမယုတ်နှစ်နိုင်ငံဆက် ဆံရေးလည်း ပြေလည်၊ နှစ်ဦးနှစ်ဖက်လည်း အကျိုးရှိအောင် နှစ်ဖက်ညှိနှိုင်းမှုများ ပြုလုပ်နိုင်ရေးအတွက် အစိုးရအထက်ပိုင်း အရာရှိကြီးများပါဝင်သည့် အထူး ကော်မရှင် တစ်ရပ်ဖွဲ့စည်းဆောင်ရွက်နေကြောင်း ပြော ကြားခဲ့သည်။

အာဏာရ NLD အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်၌တို့၏ အတိအလင်းမဟုတ်သော်လည်း မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်သည့် ရပ်ခံပြောဆိုချက်များကို ကြည့်ပါက ပြည်သူလူထုစိုးရိမ်ကြီးမားသော  ဤ ရေအားလျှပ်စစ်စီမံကိန်းမှာ ပြန်လည်အသက်ဝင် လှုပ်ရှားလာတော့မည်မှာ သေချာသလောက်ရှိသည်ဟု  တွေးထင်စရာပင်။ သို့ဆိုလျှင် ၂၀၂၀ ရွေးကောက်ပွဲကျင်းပချိန်နီးလာသည့် ယခုအချိန်၌ ပြည်သူလူထုအသဲ ကြားမှ မဲပြားများကို အဆုံးရှုံးခံကာ ပြည်ချစ်ပညာရှင်များအပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ လူထု   လူတန်းစား တကြွ်ကလှုပ်ရှားသူများ၏ အကျိုးသင့်အကြောင်းသင့် သတိပေးတားမြစ်မှုများအား မျက်ကွယ် ပြုလျှက် ဤမြစ်ဆုံစီမံကိန်းကြီးအား ဆက်လက်လုပ်ကိုင်မည့် လက်ရှိအာဏာရ အရပ်သားတစ်ပိုင်းအစိုးရ၏  နောက်မှတွန်းအား၊ ရှေ့မှဆွဲအားများမှာ အသို့နည်း။

BRI  နှင့် CMEC

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလနှောင်းပိုင်းက တရုတ် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဒုတိယအကြီးအကဲ (နင့်ကျီကျဲ) နှင့် နိုင်ငံ တော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ ပြီးနောက်တွင် တရုတ်မြန်မာစီးပွားရေးစင်္ကြံ (CMEC) တည်ဆောက်ရေးကို မြန်မာနိုင်ငံက သဘောတူဆုံးဖြတ် ခဲ့သည်။ ထိုစင်္ကြံတွင် ရပ်ဝန်းနှင့်လမ်းကြောင်းစီမံချက်  (BRI) အစိတ်အပိုင်းအဖြစ် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း၊ အထူးစီးပွားရေးဇုန်နှင့် မြန်နှုန်းမြင့်ရထား လမ်းများပါဝင်သည်။

ထိုလုပ်ငန်းများတိုးတက်မှုကို အထောက်အကူပြု ရေးအတွက် တရုတ်အစိုးရအနေဖြင့် မြန်မာအစိုးရ၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA)  လက်မှတ်ရေးထိုးမှု မပြုသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် အစိုးရစစ်တပ်တို့ အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေးကို တွန်းအားပေးလုပ်ဆောင်ခဲ့သည်။

ဤသည်မှာ အစိုးရ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွန်းတင်ရေး၊ ထိုမှတစ်ဆင့် အခြေခံဥပဒေပြင်ဆင်ရေး အတွက် BRI  ကို စီးပွားရေးအခွင့်အလမ်းအဖြစ်သာမက  နိုင်ငံရေးအခွင့်အလမ်းအဖြစ်ပါ အသုံးပြုရန် ရည်ရွယ်  သည်ဆိုပါက ထွက်ပေါ်လာမည့် ရလဒ်များကား အကောင်းထက် အဆိုးများစရာသာ မြင်မိသည်။

စင်စစ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေးမှာ ပြင်ပတွန်းအားကို အဓိကထား၍ မရနိုင်ချေ။ ပြည်တွင်းမှ ပါဝင်ပတ်သက်သူအားလုံးကြား အခြေခံကျကျ ပြေလည်မှုရအောင် လုပ်နိုင်မှသာ ဖြစ်ပေမည်။ ပြည်တွင်း ပါဝင်ပတ်သက်သူများကြားတွင်လည်း စစ်ရေးအင်အားဖြင့် လက်နက်ချအညံ့ခံပါဝင်ရေး ဖိအားပေး မှုဖြင့် ပြေလည်စရာမရှိချေ။ ကမ္ဘာ့အင်အားကြီးနိုင်ငံများကြားမှ  အင်အားအနည်းဆုံး နိုင်ငံတစ်ခုအနေဖြင့် အားလုံးကြား ပါးနပ်လိမ္မာစွာ မရပ်တည်ဘဲ တစ်ဖက်ဖက်ကို တစ်ဖက် သတ်မှီခိုအားထားပါက မြေစာပင်ဘဝက တက်နိုင်မည်မဟုတ်။ သည်ကြားထဲတွင် ပြည်သူ့အသက်သွေးကြောကို ပြတ်တောက်စေမည့် ပြည်သူ့အသဲနှလုံးကို ကြေပြုန်း စေမည့် မြစ်ဆုံစီမံကိန်းအား ပြည်သူ့အားကိုယူကာ အပြီးတိုင်ဖျက်သိမ်းရေး ရှေးမရှုဘဲ ပြည်သူ့ဆန္ဒကို လွန်ဆန်ဖောက်ဖျက်ဦးမည်ဆိုလျှင် အာဏာရပါတီအတွက်  နိုင်ငံရေးသတ်ကွင်းဖြစ်ရုံမက နိုင်ငံနှင့် ပြည်သူ တစ်ရပ်လုံးအတွက် အလုံးစုံပျက်သုဉ်းရေးကိုသာ ဦးတည် ရောက်ရှိစေမည်ဖြစ်ပါသည်။

နိုးလော့ ထလော့ ဧရာဝတီ

မြစ်ဆုံစီမံကိန်းအား စတင်ခဲ့သူမှာ စစ်အုပ်စု စစ်အာဏာရှင်များသာဖြစ်သည်။ ထိုစစ်အာဏာရှင်များ၏ ဓားမိုးအုပ်ချုပ်မှုအောက်တွင် မြစ်ဆုံအပါအဝင် နိုင်ငံနှင့်ပြည်သူလူထုအတွက် အကျိုးယုတ်စေကာ ယင်းတို့ အတွက်သာ ကိုယ်ကျိုးစီးပွားဖြစ်စေသော စီမံကိန်းများ စွာရှိခဲ့ပါသည်။ ထိုအထဲမှ နိုင်ငံနှင့် ပြည်သူအတွက် ဆိုးကျိုးကြီးမားသော စီမံကိန်းများကို ဆိုးမွေခံစရာမလိုဘဲ ပြည်သူ့အားဖြင့် ရဲရဲဖျက်သိမ်းပစ်ရမည်ဖြစ်သည်။

ထိုအတွက် ယင်းတို့၏ အကျိုးစီးပွားကို ဆက်လက်အကာအကွယ်ပေးထားသော ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း တစ်ပါတည်းဖျက်သိမ်းပစ်ရမည်ဖြစ်ပါသည်။ သို့မှသာ လူမျိုးစုံပြည်သူတို့ ရည်မှန်းသော စစ်မှန်သည့် ဒီမိုကရေစီပြည်ထောင်စုသစ်ကို ရောက်ပါလိမ့် မည်။

ယခုအချိန်တွင် နိုင်ငံတစ်နံတစ်လျား၌ (၂၀ဝ၈  အခြေခံဥပဒေပြင်ဆင်/ဖျက်သိမ်းရေး) (မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေး) ကြွေးကြော်သံများဖြင့် ပွက်ပွက်ညံနေသည်။ ဒေသခံပြည်သူများ၊ သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှ ပညာရှင်များ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများနှင့် ပြည်ချစ်လူထုလူတန်းစား တက်ကြွလှုပ်ရှားသူ များအားလုံး ဤအရေးအတွက် တစ်ဦးတစ်ဖွဲ့ချင်းသော်လည်းကောင်း၊ စုဖွဲ့ပူးပေါင်းမှုဖြင့်သော်လည်းကောင်း လှုပ်ရှားနေကြပါသည်။ သူတို့အားလုံးသည် မိခင်ဧရာဝတီ၏ သားသမီးများဖြစ်ကြသည်။ မိခင်ဧရာဝတီကို အဆုံးတိုင် ကာကွယ်သွားကြပါလိမ့်မည်။ သူတို့၏ သံပြိုင်တေးကို ဖိနှိပ်သွေးစုတ်ခံ ကမ္ဘာ့ ပြည်သူအပေါင်းက နားစွင့်နေကြပါလိမ့်မည်။ အခြားတစ်ဖက်၌မူ ဖိနှိပ်သွေးစုတ်သူအပေါင်းမှာ ကြောက် ဒူးတုန်ကြပါလိမ့်မည်။

ပြည်သူ့ရဲ့ ဧရာဝတီ ပြည်သူ နိုးထအား မာန်ကြွချီ

နိုးလော့ ထလော့ ဧရာဝတီ

နိုးလော့ ထလော့ ဧရာဝတီ

နိုးလော့ ထလော့ ဧရာဝတီ။         ။

လူသာလင်း

ကိုးကား-

၁။      မြစ်ဆုံနောက်ကြောင်းပြန်-မောင်မြင့်ဇော်၊  7 Day Daily.

၂။      ဆည်တည်ဆောက်မှုရဲ့ ဆိုးကျိုးတွေကို အများဆုံးခံရတာ ဘယ်သူတွေလဲ-စုစုလွင်။

၃။      Eleven News, News Watch, The Irrawaddy, Myanmar Now, DVB, BBC.

၄။      နိုးလော့ထလော့ဧရာဝတီ-ကဗျာ ဖူးသစ်(ခေါ်) BED ကိုဝင်းမောင်(ပုသိမ်)၊ သံစဉ်-BED ကိုဝင်းနိုင်။

၅။      ဧရာဝတီအတွက်ပန်ကြားချက်- ဒေါ်အောင်ဆန်းစုကြည်၊ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်။

Please follow and like us:
0