မြစ်ဆုံစီမံကိန်း၊ လူထုအမြင်နှင့် အစိုးရတာဝန်

နိုင်ငံတော်အဆင့် ဖွံ့ဖြိုးရေးစီမံကိန်းများနှင့်ပတ်သက်၍ နိုင်ငံသူ၊ နိုင်ငံသား များ၏ သဘောထား အမြင်နှင့် ဗဟုသုတတို့သည် ယင်းစီမံကိန်းအပေါ် သက်ရောက်မှု ရှိမြဲဖြစ်သည်။ သို့သော် ထိုသက်ရောက်မှုအပေါ် တည်ဆဲအစိုးရက မည်ကဲ့သို့ကိုင် တွယ်ဖြေရှင်းသနည်းဟူသည့်အချက်ကသာ ယင်းစီမံကိန်းအပေါ် ပို၍ကြီးမား သော သက်ရောက်မှုကို ဖြစ်စေပါသည်။

စစ်အစိုးရကာလတွင် သဘောတူစာချုပ်ချုပ်ဆိုခဲ့သော မြစ်ဆုံဆည်စီမံကိန်းအကြောင်း လူထုကို လုံလုံ လောက်လောက် အသိမပေးခဲ့ပါ။ ၂၀၁၁ ခုနှစ်တွင် မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရေး ဆန္ဒပြပွဲများ ပေါ်ထွက်လာခဲ့ရာ ယင်းကို တုံ့ပြန်သည့် အနေဖြင့် တည်ဆဲဦးသိန်းစိန်အစိုးရက သူ့လက်ထက်တွင် ရပ်ဆိုင်းထားမည်ဟု စာချုပ်ပါ တရုတ်ကုမ္ပဏီနှင့် ဆွေးနွေးညှိနှိုင်းမှုမပြုလုပ်ဘဲ တစ်ဖက်သတ် ရပ်ဆိုင်းခဲ့ သည်။ သို့ရာတွင် သည်ရပ်ဆိုင်းမှုမှာ နိုင်ငံအတွက် အဖြေမဖြစ်ဘဲ ပြဿနာက ကျန်ရစ်သည်။ တစ်ခုတည်းသော အကျိုးရလဒ်မှာ ယင်းအစိုးရက လူထုထောက်ခံမှု ရသွားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် တစ်ဖက်တရုတ်ကုမ္ပဏီက စာချုပ်မပျက်ပြယ်သေး သဖြင့် မည်သို့ဆက်လက်ဆောင်ရွက်မည်ကို တီးခေါက်ရှာဖွေမှု ပြုလာသည်။ တည်ဆဲအစိုးရက တရုတ်အစိုးရနှင့် ဆက်ဆံရေးကောင်းအောင် ထူထောင်နေသည်ကို လူထုက မြင်သာနေပြီး မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍မူ တိကျ သဲကွဲမှုမရှိသည့် တုံ့ပြန်မှုကိုသာ လူထုက ရရှိသည်။ ထိုအခါ စာချုပ်ချိုးဖောက် သည်ဟုဆိုလျှင် ပေးရမည့် လျော်ကြေးကို လူထုတစ်ဦးချင်းစီ၏အားဖြင့် ရှာဖွေကာ ပြန်ပေးပြီး စီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းစေသင့် သည်ဟု အကြံပြုမှုမျိုး ရှိနေသည်။ ထို့အတူ နိုင်ငံ၏အကြီးမားဆုံးသော လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်စွမ်းအား ကို လိုချင်လျှင် သည်စီမံကိန်းကိုပင် စာချုပ်ပါအချက်များအား နိုင်ငံအချင်းချင်းကြား တရားမျှတ သည့် စီးပွား ဆက်ဆံမှုနှင့် လူထု၏အကျိုးစီးပွားအား သစ္စာစောင့်သိမှုတို့ကို အခြေခံ ကာ မြစ်ဆုံဆည်၏အမြင့်၊ အကျိုးစီးပွား ခွဲဝေမှုပုံစံ စသည်တို့အား ပြုပြင်ချုပ်ဆိုပြီး ဆက်လက်လုပ်ဆောင်သင့်သည်ဟု အကြံပြုမှုမျိုးလည်း ရှိနေသည်။

ထိုအခြေအနေတွင် စာချုပ်ချုပ်ဆိုစဉ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုတိုင် နိုင်ငံ့ဝန်ထမ်းအကြီး အကဲတစ်ဦးအဖြစ်ရှိနေသည့်သူ၊ ဝန်ကြီးဟောင်း စသည့်သူများနှင့် တွေ့ဆုံမေးမြန်းမှုအချို့ မကြာသေးခင်က ထွက်ပေါ်လာခဲ့သည်။ စင်စစ်   မြစ်ဆုံအတွက် ဆန္ဒပြမှုများ ဖြစ်ခဲ့သည့် ၂၀၁၁ ခုနှစ်လောက်ကတည်းက ယခုမျှ လောက်သော နောက်ခံအချက်အလက်များကို သိရှိခွင့်ရခဲ့ပြီး ထိုအချက်အလက်များကို အခြေခံကာ ဆွေးနွေး ငြင်းခုန်ပြီး စာချုပ်ဖျက်သိမ်းရေးဖြစ်စေ၊ လျော်ကြေးပေးရေး ဖြစ်စေ၊ စာချုပ်ပြုပြင်ကာ စီမံကိန်းနေရာရွေ့ပြောင်း ရေးဖြစ်စေစသည့် ဖြစ်နိုင်ချေ အရှိဆုံးအဖြေတို့ကို မဏ္ဍိုင်ကြီးငါးရပ်စလုံး၏ အများသဘောတူညီမှုဖြင့် ရွေးချယ် ဆုံးဖြတ်နိုင်ခဲ့လျှင် ယခုအခါတွင် လူထုအတွက် လျှပ်စစ်မီးပုစ္ဆာသည်ပင် အဖြေရ နေလောက်ပြီဟု သဘောရပါ သည်။ နိုင်ငံ့ပြဿနာတစ်ခုကို အပြီးတိုင် မဖြေရှင်းဘဲ နားပူသက်သာအောင် လူထုထောက်ခံမှုရအောင်ဟူသည့် တစ်ပွဲထိုးနည်းဖြင့် တုံ့ပြန်ခဲ့ခြင်း၏ မဆုံးနိုင်သောနောက်ဆက်တွဲဂယက်အမျိုးမျိုးကိုလည်း မြင်ခဲ့ကြရပါပြီ။ ထို့ကြောင့်  အတိတ်ကို သင်ခန်းစာယူကာ နိုင်ငံတော်အဆင့် ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် ပတ်သက်၍ နိုင်ငံသူ၊ နိုင်ငံ သားများ၏ သဘောထားအမြင်ကို အကောင်းဆုံးတုံ့ပြန်ဖြေရှင်းရန် တာဝန်မှာ တည်ဆဲအစိုးရသာလျှင်ဖြစ် ကြောင်း တင်ပြအပ်ပါသည်။

အယ်ဒီတာ

Please follow and like us:
0