အကျဉ်းထောင် ပြုပြင်ရေးဟုဆိုရာတွင

လူ့အဖွဲ့အစည်းတစ်ခုတွင် အကျဉ်းထောင်စနစ်တည်ရှိနေရခြင်းမှာ ယင်းလူ့အဖွဲ့အစည်းအတွင်းရှိ အမှား ကျူးလွန်သူများ၊ တည်ဆဲဥပဒေချိုးဖောက်သူများကို အရေးယူ အပြစ်ပေးလိုခြင်းထက် ကျော်လွန်သော အနက် အဓိပ္ပာယ်ကို ဆောင်ပေသည်။ တစ်နည်းအားဖြင့် ထိုလူ့အဖွဲ့အစည်းတွင် နေထိုင်ကြသော အပြစ်မဲ့လူထုကို အေးချမ်းသက်သာစွာ နေထိုင်ခွင့်ရစေရန် စိတ်ချလုံခြုံမှုရှိသော ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေး လိုခြင်းလည်း ဖြစ်ပါသည်။ ထို့ကြောင့် အကျဉ်းထောင်စနစ်များကို ပြုပြင် ပြောင်းလဲခြင်းဟုဆိုလျှင် အကျဉ်း ထောင်များ၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေနှင့် ဆက်စပ်နေသော ဥပဒေများနှင့်စနစ်များကို ပြုပြင်ပြောင်းလဲခြင်း ထက် ကျော်လွန်ကာ စဉ်းစားဆင်ခြင်သင့်လှပါသည်။

အပြစ်ကင်းသည့် မည်သူမဆို အေးချမ်းသက်သာစွာ နေထိုင်ခွင့်ရှိသည့် စိတ်ချလုံခြုံမှုရနိုင်သော ပတ်ဝန်း ကျင်ကောင်းကို ရစေရန်အတွက် အပြစ်ကျူးလွန်သူများနှင့် ဥပဒေချိုးဖောက်သူများအားလုံးကို အကျဉ်းထောင် ထဲတွင် ထိန်းသိမ်းထားရန် လို-မလိုဟူသည်မှာ အလေးအနက်စဉ်းစားကြရမည့် အခြေခံအချက်ပင် ဖြစ်ပါသည်။  တစ်နည်းအားဖြင့် အကျဉ်းထောင်ကိုယ်တိုင်သည် သူခိုးကလေးကို သူခိုးကြီးဖြစ်အောင်၊ လူဆိုးလေးကို လူဆိုးကြီးဖြစ်အောင် ပြောင်းလဲပျိုးထောင်ပေးနိုင်သည့် နေရာတစ်ခုဖြစ်နေခဲ့ပါလျှင် သာမန်သေးဖွဲသည့်ပြစ်မှု ကလေးများကို ကျူးလွန်သူတစ်ယောက်အား ထောင်သွင်းအကျဉ်းချလိုက်ခြင်းက ယင်းအား ပြစ်မှုကြီးများကို ကျူးလွန်ထားသူများနှင့်တကွ ယင်းတို့၏နည်းနာနိဿယများကိုပါ ထိတွေ့သင်ယူခွင့်ပေးလိုက်သလို ဖြစ်သွား နိုင်နေပါသည်။ တနည်းအားဖြင့် အချို့သော ပြစ်မှုကလေး များမှာ အခြားတစ်ပါးသူအား ထိခိုက်နစ်နာစေလိုသည့် စိတ်စေတနာမျိုးနှင့် တည်ဆဲဥပဒေများကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ကျူးလွန်လိုသည့် အကြံအစည်မျိုးတို့ ကြောင့် ဖြစ်ပေါ်လာခြင်းမျိုး မဟုတ်ကြပါ။ ပတ်ဝန်းကျင်အခြေအနေ၊ တဒင်္ဂစိတ်၊ ဥပဒေပါ အချက်များအား မသိနားမလည်မှုဟူသည့် အကြောင်းကြောင်းတို့ကြောင့်သာ ဖြစ်ပေါ်တတ်ကြပါသည်။ ထို့ကြောင့် ပြစ်မှုကြွေးကို လူမှုဝန်းကျင်အတွက် ကောင်းရာကောင်းကျိုးတစ်ခုအား ချွေးဖြင့် ထမ်းရွက်ကျေပွန်စွာ ပေးဆပ်ခြင်းကို နိုင်ငံကြီးအချို့တွင် ကျင့်သုံးကြပါသည်။ တစ်နည်းအားဖြင့် မိမိ၏အပြစ်မကင်းသော ဥပဒေ ချိုးဖောက်ခဲ့မှု အတွက် လူမှုပတ်ဝန်းကျင်တွင် ထိခိုက်နစ်နာခဲ့ရခြင်းအပေါ် ထောင်တွင်းမှာ နေထိုင်ပြီး ပြစ်မှုကြွေး ဆပ်ခြင်း ထက် ကျော်လွန်သော မိမိ၏အပြုအမူအတွက် တာဝန်ယူရင်း လူမှုဝန်းကျင်အတွက် အကျိုးရလဒ်တစ်ခုခု ပြန်လည်ရရှိအောင် မိမိခွန်အား၊ ဉာဏအားဖြင့် ဝီရိယစိုက်ထုတ်ခြင်းကသာ ပိုမိုလက်တွေ့ကျသောအဖြေဟု ရှုမြင်ကြခြင်းဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်စေခြင်းသည် အကျဉ်းထောင်တွင် လူများ ပြည့်ကြပ်ရှုပ်ထွေးကာ လူ့ရပိုင်ခွင့်များကို ချိုးဖောက်ခံရစေမည့်အလားအလာကိုလည်း လျှော့ချပေးရာ ရောက်ပေသည်။

သို့ဖြစ်ပါ၍ အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးကို ဆောင်ကြဉ်းရာတွင် ပြစ်မှုများအား မည်ကဲ့သို့ အရေးယူအပြစ်ပေးမည်နည်းဟူသည့် ရှုထောင့်မှပါ ကြည့်မြင်ပြီး လိုအပ်မည့်မူဝါဒများ၊ စနစ်များ၊ ဥပဒေ အသစ်များ၊ လုပ်ထုံးလုပ်နည်းများကို ချမှတ်ခြင်း၊ အဆိုပါမူဝါဒများနှင့် မကိုက်ညီသည့် တည်ဆဲဥပဒေများကို ပြင်ဆင် ခြင်း၊  လုပ်ထုံးလုပ်နည်းများကို ပြုပြင်ခြင်းစသည်တို့ကို ဆောင်ရွက်သင့်ပါကြောင်း  တင်ပြအပ်ပါသည်။

အယ်ဒီတာ

Please follow and like us:
0