ရွေးကောက်ပွဲနဲ့ ဖေ့စ်ဘွတ်ခ

ဒီနှစ်ထဲမှာ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတွေမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေပါတယ်။ ဒီနိုင်ငံတွေကို ကြည့်တဲ့အခါ ကမ္ဘာပေါ်မှာရှိတဲ့ ဖေ့စ်ဘွတ်ခ် အသုံးဆုံး ၁၀ နိုင်ငံထဲမှာ ပါတဲ့နိုင်ငံတွေချည်း ဖြစ်နေတယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလကနေ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကောက်ယူထားတဲ့ စာရင်းဇယားအရ ကမ္ဘာ့နိုင်ငံတွေထဲမှာ ဖေ့စ်ဘွတ်ခ်သုံးစွဲသူ အများဆုံးပွားများတိုး တက်မှုရှိတဲ့နိုင်ငံဟာ အိန္ဒိယဖြစ်ပါတယ်။ နောက် တော့ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ထိုင်း၊ ပြီးမှ မက္ကဆီကို၊ အမေရိက၊ ဘရာဇီး၊ တူရကီနဲ့ယူကေနိုင်ငံတွေ ဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာမှာ ဆိုရှယ်မီဒီယာကနေတစ်ဆင့် သတင်း အချက်အလက်အမှားတွေနဲ့ နိုင်ငံရေးကြော်ငြာထိုးတဲ့ ပြဿနာဟာ ကြီးထွားနေဦးမယ့် သဘော မှာ ရှိတယ်ဆိုပါတော့။ ရွေးကောက်ပွဲတွေ နီးလာတာနဲ့အမျှ အဲဒီနိုင်ငံတွေမှာ ဖေ့စ်ဘွတ်ခ် အကောင့်အသစ်အသစ်တွေ ဘယ်လောက်များများ ကြီးထွားလာ ဦးမယ်ဆိုတာတော့ မပြောနိုင် ပေဘူး။ ဒါတောင် အကောင့်တုတွေ၊ နိုင်ငံရေးကြော်ငြာလုပ်တဲ့ သတင်းမှားတွေဖြန့်တဲ့ အကောင့် တွေဆိုပြီး ပယ်ဖျက်ရုတ်သိမ်းခဲ့တဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ပေါင်းဟာ ၂၀၁၇ ခုနှစ်၊ အောက် တိုဘာလကနေ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအတွင်း မှာကို ၂.၈၃ သန်း ရှိတယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်မှာ ၂၀၁၅ ခုနှစ်အတွင်း တွင်မာခ်မီဒီယာ လုပ်ငန်းစုတစ်ခုဟာ စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ သူ့လုပ်ငန်းကတော့ ဖေ့စ်ဘွတ်ခ်ကနေတစ်ဆင့် တိုက်ရိုက်သက်ဆိုင်မှု မရှိပေမဲ့ လူထုကြားမှာ အထိတ်တလန့်နဲ့ ပြန့်သွားစေမယ့် သတင်းအချက် အလက်တုတွေကို ဖြန့်ချိခြင်းပါပဲ။ သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကို လိုက်ကြည့်ဖတ်ရှုနေတဲ့ ပရိသတ်အင်အားဟာ ၄၃ သန်း ရှိပါတယ်။ သူက လက်ရှိသမ္မတဒူတာဒေးရဲ့ ပြိုင်ဘက်ကို အထိ နာစေမယ့် သတင်းအချက်အလက်အမှားတွေ၊ ဓာတ်ပုံအတုတွေ တင်ပေးသလို သမ္မတဒူတာ ဒေးကို အားပေးထောက်ခံတဲ့ သတင်းအချက်အလက်မှားတွေကိုလည်း တင်ပေးကာ အဲဒီ မားကက်တင်း(ဈေးကွက်)အတွက် အခကြေးငွေယူပြီး လုပ်ဆောင်တဲ့ စီးပွားရေးလုပ်ငန်းပဲ ဖြစ်ပါတယ်။ ဒါကို ရှာဖွေထုတ်ဖော်ပြတာကတော့ ရက်ပလာလို့ ခေါ်တဲ့ မနီလာမြို့တော် အခြေစိုက် အွန်လိုင်းသတင်းမီဒီယာပဲ ဖြစ်ပါတယ်။ သူက ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ မှာကတည်းက ဖော်ထုတ်ပြခဲ့တာပါ။ ဒါပေမဲ့ ၂၀၁၉ ဇန်နဝါရီကျမှ ဖေ့စ်ဘွတ်ခ်က တွင်မာခ်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ၂၂၀ ခုရယ် အင်စတာဂရမ်အကောင့် ၂၉ ခုရယ်ကို ဖြုတ်ထုတ်ခဲ့ပါတယ်။ ဒီလို ဖေ့စ်ဘွတ်ခ်က တုံ့ပြန်ပေမဲ့ ဒီနှစ် ဖေဖော်ဝါရီ ၁၃ မှာတော့ ရက်ပလာရဲ့ အယ်ဒီတာ အမျိုးသမီး မာရီယာရက်ဆာကိုဆိုင်ဘာ အသရေဖျက်မှု ကျူးလွန်တယ်ဆိုပြီး ဖိလစ်ပိုင်ထောက် လှမ်းရေးတွေက ဖမ်းဆီးခဲ့ပြီး အဆမတန် အာမခံကြေး ပေးဆောင်ခဲ့ရာက လွတ်မြောက်ခဲ့ရ ပါတယ်။ တကယ်တော့ သူ့ကို ဖမ်းတာဟာ ၂၀၁၂ ခုနှစ်က ပုံနှိပ်ဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ် ကြောင့်ဖြစ်တာမို့ အကြောင်းရင်းဟာ အဲဒီသတင်းထက် နိုင်ငံရေးအရ လက်ရှိသမ္မတ ဒူတာဒေး ကို ဝေဖန်နေမှုအတွက် ဖြစ်နိုင်တယ်လို့ အများစုက ယူဆကြပါတယ်။ တကယ်တော့ ခုလာမယ့် မေလဆိုရင် ဖိလစ်ပိုင်မှာ သက်တမ်းဝက် ရွေးကောက်ပွဲတွေ လုပ်တော့မှာပါ။ ဒါကြောင့် ရွေး ကောက်ပွဲတွေရှိနေတဲ့ နိုင်ငံတွေမှာ ဖေ့စ်ဘွတ်ခ်ရဲ့ဆောင်ရွက်တုံ့ပြန်မှုတွေ ခုလိုဆက်လက် နှေးကွေးနေမှာကို အများစုက စိုးရိမ်နေကြပါတယ်။

ဒီလိုနဲ့ ဇန်နဝါရီ ၂၈ ရက်က ဖေ့စ်ဘွတ်ခ်ကုမ္ပဏီအနေနဲ့ ဒေသဆိုင်ရာ ဌာနခွဲအသစ်နှစ်ခု ကို ရွေးကောက်ပွဲအရေးတွေ တုံ့ပြန်ဆောင်ရွက်ဖို့ဆိုပြီး ဖွင့်လှစ်ခဲ့ပါတယ်။ တစ်ခုက အိုင်ယာလန်နိုင်ငံ ဒဗ်ဗလင်မြို့နဲ့ စင်ကာပူမြို့တို့ ဖြစ်ကြပါတယ်။ အဲဒီဌာနခွဲတွေက သတင်း အတုတွေ၊ အမုန်းစကားတွေနဲ့ မဲဆန္ဒရှင်အပေါ် ဖိနှိပ်မှုတွေကို အကာအကွယ်ပေးမယ့် အလွှာ တစ်ခု ဖြည့်ထားဖို့ရယ်၊ ခြိမ်းခြောက်မှုတွေကို ရိပ်မိသိရှိနိုင်မှု၊ အချက်အလက်စိစစ်မှု၊ သုတေသန၊ လူထုစစ်ဆင်ရေး၊ ဥပဒေရေးရာအဖွဲ့ဆိုတာမျိုး အင်အားဖြည့်ထားဖို့ရယ်ကို အာရုံစိုက်ဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။ သုံးစွဲသူများရဲ့ လုံခြုံရေးနဲ့ ကာကွယ် ရေးအတွက် လူအင်အားကိုလည်း တစ်သောင်းကနေ သုံးသောင်းအထိ ဖြည့်တင်းထားတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အာရှ အတွက် စောင့်ကြည့်မယ့်ဝန်ထမ်းအင်အား တိုးထားပါ သတဲ့။ ဒါပေမဲ့ စက်နဲ့စောင့်ကြည့်တာမဟုတ်ဘဲ လူနဲ့စောင့်ကြည့်ရင်တောင်မှ သတင်းအချက်အလက် လိုမျိုး အယောင်ဆောင်ထားတဲ့ ဝါဒဖြန့်ချိရေးပို့စ်တွေကို ရိပ်မိ သိရှိနားလည်ဖို့ဆိုတာ မလွယ်ကူ တဲ့ကိစ္စတွေပါ။ ဖေ့စ်ဘွတ်ခ်ဘက်က ကြည့်တော့လည်း သူ့ဘာသာ ဆက် သွယ်မှုပလက်ဖောင်း အဖြစ် ရည်ရွယ်ပြီး လုပ်ရင်းကိုင်ရင်းက စီးပွားဖြစ်လာသလောက် နိုင်ငံရေးရည်ရွယ် ချက်တွေ ကို အရင်းခံပြီး ဝင်ရှုပ်သူတွေ များလာတဲ့အခါ စိတ်ပျက်မယ်ဆို ပျက်စရာပေါ့။ ဒါကြောင့်လည်း ရွေး ကောက်ပွဲဆိုင်ရာအကြောင်းအရာတွေကို စောင့်ကြည့်စိစစ်ရမယ်ဆိုတာမျိုးကို ဖေ့စ်ဘွတ်ခ် က တယ်မလုပ်ချင်ပါဘူးတဲ့။ ဒါပေမဲ့လည်း မလုပ်လို့ မရနိုင်တာက တော့ လက်ရှိအခြေအနေပဲ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာဆို ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်လောက်က မဲပေးကြရမှာ ဖြစ်နေတာကိုး။

ဖေ့စ်ဘွတ်ခ်အပြင် သူ့ကုမ္ပဏီက ဖန်တီးထားတဲ့ ဝှပ်စ်အပ်အပလီကေးရှင်းဆိုလည်း ပို့သူနဲ့လက်ခံသူတွေကြားမှာ ဝင်ဖတ်ကြည့်လို့ မရအောင် လုံခြုံရေးကောင်း ပြန်တော့ အကြမ်း ဖက်သမားတွေ၊ အစွန်းရောက်တွေက အကြိုက်တွေ့ဆိုပဲ။ အင်ဒိုနီးရှားနဲ့ အိန္ဒိယက အစွန်း ရောက်သမားတွေက သူတို့ရဲ့အစီအစဉ်တွေကို ဝှပ်စ်အပ် သုံးပြီး ပြင်ဆင်ကြသတဲ့။ ဒီနေရာမှာ နောက်ထပ်ပြဿနာကတော့ အမုန်းစကားတွေနဲ့ အချက်အလက်အမှားတွေကို ဖေ့စ်ဘွတ်ခ် အနေနဲ့ ကိုယ်တိုင်စိစစ်ရှာဖွေ ဖော်ထုတ်တာမျိုး မလုပ်ဘဲ တတိယအဖွဲ့အစည်းလိုမျိုး ကြားလူက ရီပို့ထုပြီး လှမ်းအသိပေးကာမှ သွားကြည့် စိစစ်တာမျိုးကိုသာ လုပ်နေတာပဲ ဖြစ်ပါတယ်။ ဒီတော့ အချိန်တွေ နှောင်းသလို အကောက်အယူလည်း လွဲမှားတတ်တယ်လို့ ဆိုရမှာပါ။ အိန္ဒိယ မှာ ဆိုရှယ်မီဒီယာပေါ် တက်လာတဲ့ သတင်းမှားကောလာဟလပြန့်မှုကြောင့် ခိုက်ရန်ဖြစ်ကြ ရာက သေဆုံးသူ ၃၃ ဦးထိ ရှိနေပါသတဲ့။ ဖိလစ်ပိုင်က သတင်းအယ်ဒီတာ မာရီယာရက်စ် ဆာက မြင်တာကတော့ ဖေ့စ်ဘွခ်အနေနဲ့ ဘာကိုမှ မရွေးချယ်တော့ခြင်းကိုသာ ရွေးချယ်ထား တယ်လို့ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အလိမ်အညာတွေကို အမှန်တရားနဲ့ တန်းတူနေရာ ပေးဆက်ဆံပြနေတယ်လို့ ပြောရ ပါမယ်လို့ ဆိုထားပါတယ်။

အင်ဒိုနီးရှားမှာ မကြာသေးခင်က ဖြစ်ခဲ့တာကတော့ နည်းနည်းဆန်းပါတယ်။ လူ တစ်ယောက်ရဲ့ အသံဖိုင်ဖေ့စ်ဘွတ်ခ်နဲ့ ဝှပ်စ်အပ်မှာ ပြန့်ခဲ့တာပါ။ သူက ဂျကာတာမြို့ သင်္ဘော ဆိပ်တစ်ခုမှာ ကွန်တိန်နာခုနစ်လုံး ကို မဲစာရွက်တွေအပြည့်နဲ့ တွေ့ခဲ့တာလို့ ဆိုပါတယ်။ အဲဒီကွန်တိန်နာတစ်လုံးစီမှာ လာမယ့်ဧပြီလ ရွေးကောက်ပွဲမှာသုံးမယ့် မဲစာရွက်အရွက်ရေ တစ်သန်းစီလည်း ပါပါသတဲ့။ ဒါ့အပြင် အဲဒီစာရွက်တွေအားလုံးမှာ ပထမ ဆုံးကိုယ်စားလှယ် လောင်း (လက်ရှိသမ္မတဂျိုကိုဒိုဒို ဝီဘက်ကလူ)နေရာကို အပေါက်ဖောက်ထားတာတွေ တွေ့ရပြီး ဒါတရုတ်က လုပ်တာဖြစ်နိုင်တယ်လို့ အဲဒီအသံဖိုင်ထဲမှာ ပြောထားပါသေးသတဲ့။ ဒီလိုဖြစ်ရပ်မျိုး မဖြစ်ခဲ့ဘူးလို့ အင်ဒိုနီးရှား အထွေထွေရွေးကောက်ပွဲ ကော်မရှင်ကတော့ ငြင်းဆိုလိုက်ပါတယ်။ ရဲကတော့ အဲဒီအသံဖိုင်မှာ စကားပြောသူနဲ့ အသံဖိုင်ကို ဖြန့်ချိသူ သုံးဦးကို ဖမ်းဆီးအရေး ယူထားတယ်လို့ သိရပါတယ်။ အဲဒီအသံဖိုင်စကားပြောသူဟာ အတိုက်အခံအုပ်စုထဲက ဖြစ်တယ် လို့ ပြောပေမဲ့ အတိုက်အခံအုပ်စုကတော့ အဲဒီလူကို မသိဘူးလို့ ငြင်းပါတယ်။ ဒါတွေကို ကြည့် ရင် ရွေးကောက်ပွဲတွေ နီးလာတာနဲ့အမျှ ဆိုရှယ်မီဒီယာကနေတစ်ဆင့် နိုင်ငံရေးကြော်ငြာ ထိုးတာတွေ လှိုင်ဘော လယ် လာမယ့်သဘောရှိတာကို တွေ့ရပါမယ်။

အင်ဒိုနီးရှားမှာ လူဦးရေ ၂၆၂ သန်းရှိရာ ၆၀ ရာခိုင်နှုန်းဟာ အသက် ၄၀ အောက် လူငယ်တွေ ဖြစ်ပါတယ်။ သူတို့က စမတ်ဖုန်းတွေပဲ ကိုင်ကြတော့ ဆိုရှယ်မီဒီယာကနေ သတင်းမှားတွေ ဖြန့်ဖို့ သိပ်လွယ်ကူတဲ့ အနေအထားမှာ ရှိသပေါ့။ ဒီနေရာမှာ နောက်ထပ် စိတ်ဝင်စားဖို့ ကောင်းတာကတော့ အာရှဒေသတွင်း နိုင်ငံတွေမှာ စမတ်ဖုန်းအသုံးပြုမှု အနည်း-အများအခြေအနေပါ။ ဂျီဒီပီမြင့်တဲ့ မလေးရှားလိုနိုင်ငံရဲ့ စမတ်ဖုန်းသုံးစွဲမှုနှုန်းဟာ အမြင့်မားဆုံး ဖြစ်နေတာ မဆန်းပေမယ့် ဂျီဒီပီသိပ်နိမ့်တဲ့ မြန်မာနိုင်ငံရဲ့ စမတ်ဖုန်း သုံးစွဲမှုနှုန်းကတော့ ဂျီဒီပီအမြင့်စားတရုတ်တို့ ထိုင်းတို့ရဲ့နှုန်းထက်တောင် နည်းနည်းလေးပိုမြင့်နေတာပါ။ အိန္ဒိယ ကတော့ ထူးခြားပါတယ်။ စမတ်ဖုန်းသုံးစွဲသူက အခုပြောခဲ့တဲ့ နိုင်ငံတွေမှာလောက် သိပ် မများလှပေမယ့် ဖေစ်ဘွတ်ခ်နဲ့ဝှပ်စ်အပ်ကို သုံးစွဲသူကတော့ သန်း ၂၀ဝ လောက် ဖြစ်နေပါတယ်။ ဒီကိန်းဂဏန်းက နောက်နှစ် နည်းနည်းကြာရင် နှစ်ဆလောက် ဖြစ်လာမယ့်အနေ အထားမှာ ရှိပါတယ်။ ဝန်ကြီးချုပ်မိုဒီရဲ့ဖေ့စ်ဘွတ်ခ်အကောင့်ကို ဖော်လိုလုပ်နေသူအရေအတွက်ကိုက  ၄၁.ရ သန်း ရှိနေတာပါ။ ဒါ့အပြင် သူတို့ဆီမှာက ဘာသာစကား ၂၂ ခုကို ပြောနေကြ၊ သုံးစွဲနေကြပြီး ဖေ့စ်ဘွတ်ခ်က စောင့်ကြည့်နိုင်တာ ဘာသာစကား ၁၆ ခုထဲလို့ ဆိုပါတယ်။

မြန်မာမှာတော့ တွင်တွင်ကျယ်ကျယ်သုံးပြီး လူအများကို ဝါဒဖြန့်နိုင်မယ့် ဘာသာစကား က ဗမာ စကားဖြစ်ပေမဲ့ ခုတလော ရခိုင်ဘက်မှာ စစ်ပွဲတွေ ဖြစ်လာခိုက် ရခိုင်ဘာသာစကားနဲ့ ထုတ်လွှင့်ထားတဲ့ ခါတော်မီသတင်းမီဒီယာတချို့လည်း ရှိနေတယ်လို့ သိရပါတယ်။ တရားဝင် မှတ်ပုံတင်ပြီး ရပ်တည်နေတဲ့ ပင်မသတင်းမီဒီယာကြီးတွေ မဟုတ်ဘဲ အခြေအနေတစ်ခုခု မဖြစ်ခင်လေး ဒါမှမဟုတ် ဖြစ်ခါနီးလေးကျမှ ဖက်ရှင်လိုလို ကျန်းမာရေးလိုလို သတင်းမျိုးတွေ တင်ကာ သတင်းမီဒီယာစာမျက်နှာတစ်ခုအဖြစ် ပေါ်လာပြီး အခြေအနေတစ်ခုကိုလည်း ရောက်ရော နိုင်ငံရေး သတင်းတွေကို ဘက်လိုက်မှုတွေနဲ့ တင်တာမျိုးက လည်း မြန်မာ့နိုင်ငံမှာ ရှိနေပါတယ်။ ရိုးနေပြီလို့တောင် ဆိုရလောက်အောင် လုပ်နေကျနည်းလမ်းဖြစ်ပေမဲ့ သတင်းဖတ် သူတွေကတော့ ပညာတတ်ပါတယ်၊ စာဖတ်ပါတယ်လို့ ဆိုတဲ့သူတွေကိုယ်တိုင်တောင် ဒီလို ခါတော်မီခြုံခိုတိုက်တဲ့သတင်းမီဒီယာအတုတွေကို အစစ်ထင်တတ်ကြတုန်း၊ ကူရှယ်ပေးကြ တုန်း၊ မှတ်ချက်တွေပေးပြီး ကူဖွပေးကြတုန်းပဲ ဖြစ်ပါတယ်။ တစ်နည်း အားဖြင့်တော့ သတင်း တု၊ အချက်အလက်မှားဆိုတာ တွေဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွက် မရိုးသေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒီလိုပုံ ဒီလိုနည်းနဲ့ ၂၀၂၀ ရွေးကောက်ပွဲဆီကို ရွေ့ကြဦးမှာဆိုတော့ ဒီနှစ်ထဲ အာရှ တစ်လွှားက ရွေးကောက်ပွဲတွေနဲ့ ဖေ့စ်ဘွတ်ခ်ရဲ့ အခန်းကဏ္ဍကို စောင့်ကြည့်ပြီး သင်ခန်းစာ ယူနိုင်ကြဖို့ အရေးကြီးတယ်လို့ ဆိုရပါမယ်။ အရင်ဆုံးကတော့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ ကိုယ်တိုင်က ဒီနှစ်ရွေးကောက်ပွဲတွေအပြီးမှာ သူ့မူဝါဒ တွေ၊ လုပ်ထုံးလုပ်နည်းတွေကို ပြန်သုံးသပ် ပြင်ဆင် လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ ဒီနေရာမှာ ဖေ့စ်ဘွတ်ခ်ဟာ လွတ်လပ်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခု သဘောဖြစ်ပြီး သူ့ပလက်ဖောင်းကို သုံးသူတွေအပေါ် သူ့ကိုယ်ပိုင် စည်းမျဉ်း တွေနဲ့ ဆက်ဆံတုံ့ပြန်နိုင်တယ် ဆိုတာကို သုံးစွဲသူတွေက သဘောပေါက်ဖို့ လိုပါတယ်။ သူ့စည်းမျဉ်းကို မကြိုက်ရင် သူ့ပလက်ဖောင်းကို မသုံးနဲ့လို့ပဲ ဆိုရပါမယ်။ သူ့ပလက်ဖောင်း ကပေးတဲ့ ဝန်ဆောင်မှုဟာ ကိုယ့်ရည်ရွယ်ရာလုပ်ငန်းအတွက် အသုံးတည့်နေတယ်ဆိုရင်တော့ သူ့စည်းမျဉ်းကို လက် မခံချင်ချင် လက်ခံချင်ချင် လက်ခံနေရမှာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ ခေတ်မှာ ကိုယ့်ဘာသာစီးပွားရေးလုပ် တာဘဲဆိုပြီး ငွေရပြီးရော အုတ်အရောရော ကျောက် အရောရောတွေကို ကိုယ့်ပလက်ဖောင်းပေါ်မှာ နေရာပေးချင်လို့တောင် ပေးလို့မရတော့မယ့်အနေ အထားကို ရောက်နေတာတော့ သေချာပါတယ်။ ဒါကြောင့် တစ်ကမ္ဘာလုံးက ဝိုင်းသုံးတဲ့ ပလက်ဖောင်းမျိုးကို ကိုယ်ပိုင် မထူထောင်နိုင်သေးသရွေ့ သူများရဲ့ အောင်မြင်ပျံ့နှံ့ပြီး သား ပလက်ဖောင်းကို ကိုယ်က ဝင်သုံးနေရသရွေ့ ထင်ရာစိုင်းလို့ မရနိုင်တာကိုတော့ သတိပြုကြ ရပါမယ်။

ဒီနေရာမှာ ဖေ့စ်ဘွတ်ခ်ကို စောင့်ကြည့်ဖို့အတွက် ဒေါ်လာသန်းချီသုံးစွဲဖို့ ဆုံးဖြတ်ထားတဲ့ မြန်မာအစိုးရ အနေနဲ့ ဘာတွေကို ဘယ်သူတွေနဲ့ စောင့်ကြည့်ပြီး ဘယ်လိုတွေ့ရှိချက်တွေ တွေ့ပါတယ်၊ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး ဘာတွေကို ဘယ်လိုဆောင်ရွက် နေပါတယ်ဆိုတဲ့ အချက်အလက်တွေ ဘာဆိုဘာမှ မတွေ့မသိကြရတာကလည်း စဉ်းစားစရာ ဖြစ်နေပါတယ်။ မကြာမီ ပိုမိုပြင်းထန်လာနိုင်တဲ့ နိုင်ငံရေးပါတီ အချင်းချင်းကြား တိုက်ခိုက်မှု တွေကိုလည်း ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ မြင်ကြရမှာ သေချာပါတယ်။ ဒါ့အပြင် လက်ရှိမီဒီယာ လောကကလည်း စာဖတ်သူတွေကို ပြတ်ပြတ်သားသား ဦးဆောင်နေနိုင်တဲ့အနေအထားမှာ မရှိဘဲ ဆိုရှယ်မီဒီယာထဲက ခါတော်မီသတင်းတွေ နောက်မှာ လမ်းပျောက်နေသလိုလိုတောင် ဖြစ်နေလေတော့ လာမယ့်ရွေးကောက်ပွဲကာလမတိုင်ခင် အတော် စောစောကတည်းက လူထုဟာ မီဒီယာကိုယ်ခံအားကောင်းအောင် ကိုယ့်ဘာသာပဲ ဖြည့်ဆည်းထားကြမှ တော်ကာကျမယ်လို့ သာ ပြောချင်ပါတယ်။

(ကိုးကား-CAN FACEBOOK DEFEND DEMOCRACY?

by Gwen Robinson and Cliff Venzon)

မသီတာ(စမ်းချောင်း)

Please follow and like us:
0