နဂါးခံတွင်းဝက မြန်မာနိုင်င

စစ်အေးအလွန်ကာလတွင် ကုန်သွယ်စီးပွားအားပြိုင်မှုက ပိုပြင်းထန်လာခဲ့သည်။ ထုံးစံ အတိုင်း အင်အားကြီးနိုင်ငံများ၏အားပြိုင်မှုတွင် အင်အားနည်းအိမ်နီးချင်းနိုင်ငံများက တရွတ်တိုက် လိုက်ပါခံစားကြရမြဲလည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံအဖို့ မဆက်ဆံချင်၍ပင်မရ သည့် အင်အားကြီးနိုင်ငံကြီးနှစ်ခုကြားမှာ ရောက်နေသဖြင့် ကိုယ်ကျိုးစီးပွားအတွက် ယင်းနိုင်ငံ များထံမှ အမြတ်ထုတ်ဖို့ နေနေသာသာ နိုင့်ထက်စီးနင်းအကျင့်မခံရအောင်ပင် မနည်းတောင့်ခံရ မည့်အနေအထားတွင် ရှိနေသည်။ ယခင်က ကိုယ့်တံခါးကိုယ်ပိတ်သည့် မူဝါဒကြောင့် အခြား သော မည်သည့်အင်အားကြီး ကမ္ဘာ့နိုင်ငံများနှင့်မျှ နိုင်ငံရေးအရသာမက ကုန်သွယ်စီးပွားအရပါ ကူးလူးဆက်ဆံမှု လုံလုံလောက်လောက်မရှိခဲ့။ နောက်ပိုင်းနိုင်ငံတကာ၏ စီးပွားရေးဒဏ်ခတ် အရေးယူမှု ခံလိုက်ရသည့်အခါ ကျူရိုးတစ်ချောင်းလို အကူအညီအပေးကောင်းသည့် အိမ်နီးချင်း တရုတ်၏ လွှမ်းမိုးမှုက နက်ရှိုင်းကျယ်ပြန့်သက်ဝင်လာခဲ့တော့သည်။

သည်နှယ် ရေခံမြေခံဖြစ်နေသည့်အခြေအနေတွင် တရုတ်၏ရပ်ဝန်းတစ်ခု၊ လမ်းကြောင်း တစ်ခုဗျူဟာအရ တရုတ်-မြန်မာစီးပွားရေးစင်္ကြကြီးက ပြည်တွင်းကို ပိုပြီးထိုးဖောက်ဝင်ရောက် လာခဲ့သည်။ မြစ်ဆုံစီမံကိန်း တုံ့ဆိုင်းသွားခဲ့ရသော်လည်း ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်း က အထမြောက်သွားသည်။ သို့သော် ရခိုင်အရေးကြောင့် အခြေအနေက ထင်သလောက် မရွေ့ ဘဲဖြစ်ချိန်တွင် ရေနက်စီမံကိန်းများအနက် ရန်ကုန်က ဂျပန့်ရင်းနှီးမြှုပ်နှံမှုများသော သီလဝါ စီမံကိန်းက သိသိသာသာ ရွေ့လာသည်။ သို့နှင့် ရန်ကုန်မြို့သစ်စီမံကိန်းတွင် တစ်ဦးတည်းသော ရင်းနှီးမြှုပ်နှံသူအဖြစ် တရုတ်ကုမ္ပဏီက တက်ကြွခြေလှမ်းပြင်လာခဲ့ပြီ။

စင်စစ် တရုတ်သည် ၁၉၈၀-၉၀-၂၀ဝ၀ ဆယ်စုနှစ်များတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လျင်မြန်လာခဲ့ရာမှ ၂၀ဝ၂ ခုနှစ်တွင် ကမ္ဘာပေါ်၌ နိုင်ငံရပ်ခြားမှ တိုက်ရိုက်ရင်းနှီးမြှပ်နှံမှုကို လက်ခံရရှိမှု အကြီးမားဆုံးသောနိုင်ငံ ဖြစ်လာခဲ့သည်။ ၂၀ဝ၉ ခုနှစ်တွင်မူ ကမ္ဘာ့အကြီးဆုံးပြည်ပ ပို့ကုန်လုပ်ငန်းရှင် ဖြစ်လာပြန်သည်။ တရုတ်၏ ပြည်ပပို့ကုန်အခြေပြုကုန်သွယ်စီးပွားဗျူဟာ သည် တစစနှင့် ပြည်တွင်းလုပ်သားထု၏ ကိုယ်ကျိုးစီးပွားကိုပါ လျစ်လျူရှုသလို ဖြစ်လာရာမှ ၂၀၁၅ ခုနှစ်တွင် ရပ်ဝန်းတစ်ခု၊ လမ်းမတစ်ခု စီမံကိန်းကို စလိုက်ရသည်။ ပြည်တွင်းတွင် လက်ခံနိုင်စွမ်းထက် ပိုအားထုတ်ခဲ့သဖြင့် မထွေးနိုင်မအံနိုင်ဖြစ်နေရသည့် ဆောက်လုပ်ရေး အတတ်ပညာ၊ လုပ်သားအင်အားစုနှင့် ဆက်စပ်လုပ်ငန်းများကို ပြည်ပနိုင်ငံပေါင်း ၇၀ သို့ ပြောင်းရွေ့နေရာချရန်ဖြစ်သည်။ ပြည်တွင်းရှိ အပူလွန်စီးပွားရေးတန့်ရပ်နေမှုကို လျော့ချနိုင်ရန် ရည်ရွယ်သကဲ့သို့ အခက်ကြုံနေသည့် ပြည်ပပို့ကုန်ဗျူဟာကိုလည်း ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် အစားထိုးနိုင်ရန် ရည်ရွယ်သည့် စီမံကိန်းဖြစ်သည်။ ယင်းစီမံကိန်း၏ သက်ရောက်ခံနိုင်ငံများ တွင် မြန်မာသည် ဗျူဟာမြောက်ဒေသ ဖြစ်လာသည်။ သီရိလင်္ကာနှင့်ပါကစ္စတန်နိုင်ငံတို့တွင် ဖြစ်ခဲ့သော ရင်းနှီးမြှုပ်နှံမှုကြွေးမြီဆိုင်ရာ အကျပ်အတည်းက မြန်မာအတွက် တရုတ်၏ရင်းနှီး မြှုပ်နှံမှုလမ်းမစင်္ကြံနှင့် ပတ်သက်ပြီး ခေါင်းလောင်းထိုးသတိပေးနေပြန်သည်။

မည်သို့ပင်ဖြစ်စေ မခေါ်ချင်လည်း မရ၊ မဆက်ဆံချင်လည်း မရသည့် အိမ်နီး ချင်းနဂါး ကြီး၏ ခံတွင်းဝမှာ မြန်မာက ရောက်နေပြီး လွန်ခဲ့သည့် ဆယ်စုနှစ်က အဆုံးအဖြတ်များ၏ ဂယက်ဆိုးအကြောင်း  မြစ်ဆုံအတွေ့အကြုံအရ သိကြရပြီဖြစ်သဖြင့် လတ်တလောအဆုံး အဖြတ်များကို အနာဂတ်ဂယက်ဆိုး မကျန်အောင် ဆုံးဖြတ်နိုင်ပါမှ တော်ကာကျမည်ဖြစ် ကြောင်း တင်ပြအပ်ပါသည်။

အယ်ဒီတာ

Please follow and like us:
0