၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ခရီးနီးမလား၊ ဝေးမလား

ဖွဲ့စည်းပုံအခြေခံဥပဒေ

ဖွဲ့စည်းပုံအခြေခံဥပဒေဟူသည် အစိုးရတစ်ရပ်၏ လုပ်ပိုင်ခွင့်အာဏာနှင့် တာဝန်ဝတ္တရားများကို ပိုင်းခြား သတ်မှတ်ပေးပြီး ပြည်သူလူထု၏ အခိုင်အမာရပိုင်ခွင့်များကို အာမခံသည့် လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမှုအစုအဖွဲ့တစ်ဖွဲ့၏ အခြေခံမူဝါဒများနှင့်ဥပဒေများ ဖြစ်သည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံ တော်နှင့် ယင်း၏ပြည်သူများကြားမှ လူမှုပဋိညာဉ် တစ်ရပ်၏ အခြေခံအုတ်မြစ်ကို စီစဉ်တင်ပြကာ အရာ အားလုံးလွှမ်းခြုံဆက်နွယ်နေသော ဥပဒေရေးရာ မူဘောင်တစ်ခုကို သတ်မှတ်ပေးအပ်သည်။ ထိုဖွဲ့စည်းပုံ အခြေခံ ဥပဒေက အစိုးရတစ်ရပ်၏ အဆောက်အအုံအဖွဲ့အစည်းများနှင့် ယင်းတို့၏လုပ်ပိုင်ခွင့်အာဏာများအား ထူထောင်ပေးထားပြီး ယင်းတို့ကြားနှင့် ပြည်သူလူထုကြား ဆက်နွယ်မှုကို သတ်မှတ်ပေးထားသည်။

ရှေးဦးဖွဲ့စည်းပုံအခြေခံဥပဒေများ

၁၈၇၇ ခုနှစ်က Ernest de Sarzec ၏ အီရတ်နိုင်ငံ တွင်းတူးဖော်တွေ့ရှိချက်များအရ ဘီစီ ၂၃၀ဝ ပြည့်နှစ်တွင် ဆူမားရီးယန်းဘုရင် Urukagina of Lagash ထုတ်ပြန်ခဲ့သည့် တရားရေးကျင့်ထုံးမှာ အစိုးရ ဥပဒေတစ်ရပ် အတွက် အစောဆုံးမူရင်းပုံစံ ဖြစ်ဖွယ်ရှိကြောင်း သိရသည်။ ထိုအထဲတွင် နိုင်ငံသားများအတွက် အခွင့်အရေးအချို့ကို ပေးထားသည်ဟု ဆိုသည်။ ဥပမာအားဖြင့် မုဆိုးမများနှင့်မိဘမဲ့ကလေးများအတွက် အခွန်ကင်းလွတ်ခွင့်ပေးထားပြီး လူချမ်းသာများ၏ ငွေတိုးချေးစားမှုမှ လူဆင်းရဲများကို အကာအကွယ်ပေးထား သည်ဟု သိရသည်။

အရစ္စတိုတယ်(ဘီစီ ၃၅၀)မှာ ရိုးရိုးသာမန်ဥပဒေ နှင့်ဖွဲ့စည်းပုံဆိုင်ရာဥပဒေကြား ပထမဆုံးတရားဝင် ကွဲပြားခြားနားချက်တစ်ခုကို ပြုလုပ်ခဲ့သူဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအယူအဆနှင့်ဖွဲ့စည်းပုံသဘောတရား ကို ထူထောင်ခဲ့ပြီး မတူခြားနားသော ဖွဲ့စည်းပုံဆိုင်ရာ အစိုးရပုံသဏ္ဌာန်များကို ခွဲခြားသတ်မှတ်ရန် ကြိုးပမ်း အားထုတ်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ယေဘုယျအားဖြင့် အခြေခံအကျဆုံးအဖြစ် သူသုံးလေ့ သုံးထရှိသော စကားလုံးမှာ “နိုင်ငံတစ်နိုင်ငံအတွင်း အုပ်ချုပ်ရေးရုံးများ စီစဉ်ချထားမှု” ဖြစ်သည်။ သူ၏ “Constitution of Athems”, “Politics” နှင့် “Nicom-achean Ethics” ကျမ်းများတွင် အေသင်၊ စပါတာနှင့် ကာ့သေ့(ချ) တို့ အပါအဝင် သူ့ခေတ်က မတူခြားနားသော ဖွဲ့စည်းအုပ်ချုပ်ပုံများကို ရှာဖွေလေ့လာရေးသားဖော်ပြခဲ့သည်။ ထိုအထဲ မှ ဖွဲ့စည်းပုံကောင်းနှင့်ဖွဲ့စည်းပုံဆိုးဟု သူ မှတ်ယူသောအရာများကို ခွဲခြားပြပြီး အကောင်းဆုံးဖွဲ့စည်းပုံမှာ ဘုရင်၊ မှူးမတ်နှင့် ဒီမိုကရေစီအစိတ်အပိုင်းများအပါအဝင် ရောနှောပေါင်းစပ်ထားသော စနစ်တစ်ခုဖြစ်ကြောင်း ကောက်ချက်ချပြုခဲ့သည်။ ထို့ပြင် နိုင်ငံတော်ယန္တရားတွင် ပါဝင်ခွင့်ရှိသော နိုင်ငံသားများ၊ ပါဝင်ခွင့်မရှိသူများနှင့် ကျေးကျွန်များကိုလည်း ခွဲခြားပြသခဲ့သည်။

အလယ်ခေတ်ဖွဲ့စည်းပုံများ

အလယ်ခေတ်အစောပိုင်းကာလတွင် အနောက်တိုင်းရောမအင်ပါယာက ချန်ရစ်ခဲ့သည့်အာဏာဟာကွက် ကို ဂျာမန်လူမျိုးအများအပြားက ဖြည့်ဆည်းခဲ့ကြရာ ပထမဆုံးအခြေခံဥပဒေများထဲမှ တစ်ခုမှာ သက္ကရာဇ် ၄၇၁ ခုနှစ်တွင် ရေးသားခဲ့သော “Visigothic Code of Euric” ဖြစ်သည်။ ၅၀၁ ခုနှစ်နောက်ပိုင်းတွင် ဂျာမန် များနှင့်ရောမသားများအတွက် သီးခြားဥပဒေများ ပေါ်ထွက်လာခဲ့ရာ သက္ကရာဇ် ၇၈၅ ခုနှစ်တွင် ရေးသား သော “Lex Frisionum” အထိ အခြေခံဥပဒေအားလုံးကို လက်တင်ဘာသာဖြင့်သာ ရေးသားခဲ့ခြင်းဖြစ်သည်။ သက္ကရာဇ် ၈၉၃ ခုနှစ်တွင် အင်္ဂလန်ဘုရင် Alfred the Great က ၆၀၂ ခုနှစ်တွင် ရေးသားခဲ့သော Aethelberht of Kent ၏ ဥပဒေနှင့် စောစောပိုင်း ဆက်ဆွန်ဥပဒေနှစ်ရပ်ကို ပေါင်းစပ်ပြီး မောရှေနှင့် ခရစ်ယာန်သီလ အမျိုးမျိုးနှင့် ရောနှောကာ အင်္ဂလန်နိုင်ငံအတွက် Doom book ဥပဒေများကို ထုတ်လုပ်ခဲ့သည်။

သက္ကရာဇ် ၆၀၄ ခုနှစ်တွင် Prince Shotoku ရေးသားသည်ဆိုသော ဂျပန်နိုင်ငံ၏ အပိုဒ် ၁၇ ပိုဒ်ပါ အခြေခံဥပဒေမှာ အာရှနိုင်ငံရေးသမိုင်းတွင် အစောပိုင်းဖွဲ့စည်းအုပ်ချုပ်ပုံနမူနာတစ်ခုဖြစ်သည်။ ဗုဒ္ဓအဆုံးအမများ ၏ သြဇာသက်ရောက်သော ထိုဥပဒေသည် ပင်ကိုအားဖြင့် အစိုးရအဖွဲ့အစည်းအဆောက်အအုံများပေါ်ထက် လူမှုအကျင့်သိက္ခာအပေါ် ဗဟိုပြုထားကာ အစိုးရဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ဖြစ်ပေါ်ရေးအတွက် အစောပိုင်း ကြိုးပမ်းချက်တစ်ခုအဖြစ် မှတ်မှတ်ရရ ရှိနေဆဲပင်။

အစ္စလာမ်တမန်တော် မိုဟာမက် ရေးသားခဲ့သည် ဆိုသော မဒီနာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာမူ မွတ်ဆလင်  များ၊ ဂျူးများနှင့်ရုပ်တုကိုးကွယ်သူများအပါအဝင် ယာသရစ်(မဒီနာဟု နောင်ခါတွင် ခေါ်တွင်သည်)လူမျိုး နွယ်စုအားလုံး၊ မိသားစုအားလုံးနှင့် မိုဟာမက်တို့အကြား တရားဝင်ပုံစံကျ သဘောတူညီချက်တစ်ရပ်ကို ဖော် ဆောင်ဖွဲ့စည်းထားခြင်းဖြစ်သည်။ မဒီနာဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပေါ်ပေါက်ချိန်အတိအကျကိုမူ ငြင်းခုံနေရ ဆဲဖြစ်သော်လည်း ယေဘုယျအားဖြင့် သက္ကရာဇ် ၆၂၂ ခုနှစ် ကုန်လွန်စအချိန်တွင် ရေးသားခဲ့ခြင်းဖြစ်ကြောင်း ပညာရှင်များက သဘောကိုက်ညီကြသည်။

သက္ကရာဇ် ၁၀ဝ၀ နောက်ပိုင်းအလယ်ခေတ်ကာလဖွဲ့စည်းပုံဥပဒေများ

သက္ကရာဇ် ၁၁၀ဝ ပြည့်နှစ်တွင် ဘုရင်ဟင်နရီ ၁ ထုတ်ပြန်ခဲ့သော အင်္ဂလန်နိုင်ငံ၏ “Charter of Liberties” ဥပဒေတွင် ဘုရင်နှင့်ခရစ်ယန်ဘုန်းတော်ကြီးများ၊ မှူးမျိုးမတ်နွယ်များအကြား ပြုမူဆက်ဆံမှုကို ပထမဆုံးအကြိမ် ဆက်စပ်ဖော်ပြခဲ့သည်။ ယင်းကို အင်္ဂလိပ် မှူးမတ်အသိုင်းအဝိုင်းက ဆက်လက်ချဲ့ထွင်သစ်လွင် စေကာ သက္ကရာဇ် ၁၂၁၅ ခုနှစ်တွင် မဂ္ဂနာကာတာ (Magna Carta) အဖြစ် အတည်ပြုလက်မှတ်ထိုးရန် ဘုရင် ဂျွန်ကို ဖိအားပေးခဲ့သည်။ ထိုမဂ္ဂနာကာတာ၏ အရေးအပါဆုံးအပိုဒ်တစ်ပိုဒ်မှာ လူတစ်ဦးတစ်ယောက် အပေါ် ဘုရင်က စိတ်ကူးထင်ရာ အကျဉ်းချ၊ ဝရမ်းပြေးကြေညာ၊ ပြည်နှင်ဒဏ်ပေး၊ သတ်ဖြတ်ခွင့်ပေးမထားဘဲ ဥပဒေ လုပ်ထုံးလုပ်နည်းကို ပထမထားရမည်ဟု သတ်မှတ်သည်။ ထိုအချက်မှာ အင်္ဂလိပ်လွတ်လပ်ခွင့်၏ အခြေခံ အုတ်မြစ်ဖြစ်လာကာ အစတွင် ဘုရင်နှင့်မှူးမျိုး မတ်နွယ်များကြား လူမှုပဋိညာဉ်အဖြစ်မှသည် ပြည်သူအားလုံး အထိ ချဲ့ထွင်ပြီး စည်းမျဉ်းခံဘုရင်စနစ်သို့ ဦးတည်ပြောင်းလဲလာခဲ့သည်။

ဤနည်းနှင်နှင် ကမ္ဘာ့တစ်နံတစ်လျား ဖွဲ့စည်းပုံအခြေခံဥပဒေများသည်လည်း အလယ်ခေတ်ကာလ တစ်လျှောက် ဖြစ်ပေါ်တိုးတက်လာခဲ့ရာ ခေတ်သစ် အခြေခံဥပဒေများအဖြစ် တဖြည်းဖြည်းပုံပေါ်လာခဲ့လေသည်။

ခေတ်သစ်ဖွဲ့စည်းပုံအခြေခံဥပဒေများ

ခရစ်နှစ် ၁၆၃၉ ခုနှစ်တွင် ကွန်နက်တိကပ်ကိုလိုနီနယ်၌ မြောက်အမေရိကဖွဲ့စည်းပုံ၏ မူလပထမအစဖြစ် သည့် “Fundamental Orders” ကို အတည်ပြုချမှတ်ခဲ့သည်။

အင်္ဂလန်ပြည်တွင်းစစ်နောက်ပိုင်း အိုလီဗာ ကရွမ်းဝဲ(လ) တည်ထောင်ခဲ့သည့် အင်္ဂလိပ်ကာကွယ်စောင့် ရှောက်ခံနယ်များတွင် ခေတ်သစ်နိုင်ငံတစ်ခုက အတည်ပြုချမှတ်ခဲ့သော ပထမဆုံးအသေးစိတ်ရေးသားထားသည့် အခြေခံဥပဒေတစ်ရပ်ကို သတ်မှတ်ပြဋ္ဌာန်းနိုင်ခဲ့သည်။ လွှတ်တော်နှစ်ရပ်စနစ်၊ အာဏာခွဲဝေကျင့်သုံးမှု၊ စာဖြင့် အခိုင်အမာရေးသားထားသော အခြေခံဥပဒေနှင့် တရားရေးဆိုင်ရာ ပြန်လှန်သုံးသပ်မှုများ ပါဝင်သည့် ခေတ်သစ် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်အဖြစ် ခင်းကျင်းထားသော အယူအဆများနှင့်အတွေးအမြင်အများစုကို ထိုစမ်းသပ်ကာလတစ်လျှောက်တွင် ခြေရာခံ ကြည့်မြင်နိုင်ပါသည်။

၁၇၇၆ ခုနှစ်နှင့် ၁၇၇၇ ခုနှစ်များတွင် မြောက် အမေရိက၊ ဗြိတိသျှကိုလိုနီအားလုံးမှာ မူရင်းအမေရိကန် ပြည်ထောင်စု ၁၃ ပြည်နယ်ဖြစ်လာခဲ့ပြီး ယင်းတို့ ကိုယ်ပိုင်အခြေခံဥပဒေများကို အတည်ပြုချမှတ်ခဲ့ကြသည်။ ထိုအမေရိကန်တော်လှန်ရေးကာလအတွင်း မက်ဆာချူးဆက်၊ ကွန်နက်တိကပ်နှင့်ရို့ဒ်အိုင်လင်တို့မှလွဲ၍ ကွန်ဖက် ဒရေးရှင်းနှင့်အမေရိကန်ပြည်ထောင်စုအခြေခံဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ကြသည်။ ဗြိတိသျှဓနသဟာယနယ်ဖြစ် သော မက်ဆာချူးဆက်မှာ ယင်း၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၇၈၀ ပြည့်နှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။

ဒီမိုကရက်တစ်အခြေခံဥပဒေများ

“အမြင်သစ်ဖွဲ့စည်းပုံအခြေခံဥပဒေ” ပုံစံဟု ရံဖန်ရံခါ ခေါ်ဆိုကြသည့်အရာကို သောမတ်(စ)ဟော့ ဘီး(စ)၊ ယ္စမ်ဂျက်ရူးဆိုးနှင့်ဂျွန်လော့(ခ)တို့ကဲ့သို့သော အလင်းခေတ်တွေးခေါ်ပညာရှင်များက ဖွံ့ဖြိုးတိုးတက်စေခဲ့သည်။ ယင်းပုံစံက ဖွဲ့စည်းပုံအရ ဖြစ်ပေါ်သော အစိုးရများအနေဖြင့် တည်ငြိမ်၍ အလိုက်သင့်ပြောင်းလဲနိုင်သော ပွင့်လင်းမြင်သာသည့်အစိုးရများဖြစ်သင့်ပြီး ပြည်သူလူထုကို ကိုယ်စားပြုသင့်ကြောင်း အဆိုပြုတင်ပြသည်။

၁၇၈၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် အတည်ပြု ချမှတ်ခဲ့သော အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပေါ်လီအီးယပ်(စ)၊ လော့(ခ)၊ မွန်တက်စကျူ နှင့် အခြားပညာရှင်များ၏ ရေးသားချက်များက သြဇာ သက်ရောက်ခဲ့သည်။ ထိုဥပဒေသည် ရီပတ်ဘလီကန် ဝါဒအတွက် စံတစ်ခုလည်း ဖြစ်လာခဲ့လေသည်။

အခြားသော အထင်ကရသမိုင်းမှတ်တိုင်တစ်ခုမှာ ၁၇၉၁ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့တွင် အတည် ပြုခဲ့သော ပြင်သစ်ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည်။ အရွယ်အစားပမာဏအရဆိုပါက ကမ္ဘာပေါ်ရှိ နိုင်ငံများမှ ရေးဆွဲခဲ့သမျှ ဖွဲ့စည်းပုံများအနက် အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံမှာ အရှည်လျားဆုံးဖြစ်ကာ အချက် ၄၄၄ ချက်၊ အပိုင်း ၂၂ ပိုင်း၊ အစီအစဉ် ၁၂ ခု၊ ပြင်ဆင်ချက် ၁၁၈ ချက်နှင့် အင်္ဂလိပ်ဘာသာဖြင့် စကားလုံး ပေါင်း ၁၄၆,၃၈၅ လုံး ပါဝင်သည်။ မိုနာကိုဖွဲ့စည်းပုံမှာ အတိုဆုံးဖြစ်ပြီး အခန်း ၁၀ ခန်း၊ အချက် ၉၇ ချက်နှင့် စကားလုံးပေါင်း ၃၈၁၄ လုံးသာ ရှိလေသည်။

ချုပ်၍ဆိုရလျှင် သမိုင်းတစ်လျှောက် ခေတ်အဆက်ဆက် ဖွဲ့စည်းပုံအခြေခံဥပဒေရေစီးကြောင်းမှာ မြင့်ရာ မှ နိမ့်ရာသို့၊ နည်းရာမှ များရာသို့၊ ကျဉ်းရာမှ ကျယ်ရာသို့ အလျင်မပြတ် စီးဆင်းခဲ့ကြောင်း တွေ့ရှိရပေသည်။ နိုင်ငံတော်နှင့်ပြည်သူလူထုကြား ပဋိညာဉ်သဘောသဘာဝတွင် အုပ်စိုးသူလူနည်းစုဘက်မှ တစ်ဖက်သတ် အသုံးချ ခံ အခြေအနေမှာ အုပ်စိုးခံလူများစုဘက်သို့ တော်လှန် ပြောင်းလဲခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအကျပ်အတည်း

နိုင်ငံရေးသိပ္ပဘာသာရပ်တွင် ဖွဲ့စည်းပုံအကျပ်အတည်းဆိုသည်မှာ အစိုးရတစ်ရပ်၏ လုပ်ငန်းတာဝန် အတွင်း ဖြစ်ပေါ်လာသော ပြဿနာတစ်ရပ် သို့မဟုတ် ပဋိပက္ခတစ်ခုဖြစ်ပြီး ထိုပြဿနာ သို့မဟုတ် ပဋိပက္ခကို လက်ရှိတည်ဆဲနိုင်ငံရေးဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် အခြားအခြေခံအုပ်ချုပ်မှုဥပဒေများက ဖြေရှင်းနိုင် စွမ်းမရှိဟု ယူဆခံရသည့်အခြေအနေလည်းဖြစ်သည်။ ထိုအကျပ်အတည်းသည် ဖွဲ့စည်းပုံတစ်ရပ်အနေဖြင့် ယင်း၏ပင်မအချက်အခြာလုပ်ငန်းတာဝန်များအား ဆောင်ရွက်ရန် ပျက်ကွက်မှု သို့မဟုတ် အနည်းဆုံး ကျဆုံး ပျက်ကွက်မည့် အန္တရာယ်ကြီးတစ်ခုမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုအကျပ်အတည်းသည် ဖြစ်နိုင်စရာ အကြောင်းပေါင်းမျိုးစုံမှ ထွက်ပေါ်လာနိုင်သည်။ ဥပမာအားဖြင့် အစိုးရတစ်ရပ်အနေဖြင့် ယင်း၏ဖွဲ့စည်းပုံနှင့် ဆန့်ကျင်နေသောဥပဒေတစ်ခုကို အတည်ပြုပြဋ္ဌာန်းလိုသည့်အခါ၊ သီးခြားအနေအထားတစ်ရပ်အတွက် ဖွဲ့စည်းပုံ က ရှင်းလင်းပြတ်သားသောအဖြေတစ်ခုကို မပေးနိုင်သည့်အခါ၊ ဖွဲ့စည်းပုံက ရှင်းလင်းပြတ်သားသော်လည်း ယင်းကို လိုက်ပါဆောင်ရွက်ရန် နိုင်ငံရေးအရ မဖြစ်နိုင်သည့်အခါ၊ အစိုးရအဖွဲ့အစည်းများကိုယ်တိုင်က သူ ဆောင်ရွက်ရန် ဖော်ပြထားသည့်ဥပဒေနှင့်အညီ လျော်ညီလိုက်ဖက်အောင်နေရန် ပျက်ကွက်ယိမ်းယိုင်နေသည့် အခါ သို့တည်းမဟုတ် အစိုးရအဖွဲ့အရာရှိများအနေဖြင့် ဥပဒေက ရှင်းလင်းလွယ်ကူစွာ အဓိပ္ပာယ်ပြန်ဆိုရန် ခက်ခဲသည့်အပေါ် အခြေခံဖြစ်ပေါ်သော ပြင်းထန်ဆိုးရွားသည့် ပြဿနာတစ်ရပ်ကို ကိုင်တွယ် ဖြေရှင်းမှုမပြုသည် မှာ မှန်ကန်မျှတကြောင်း ပြောဆိုနေသည့်အခါများတွင် အကျပ်အတည်းဖြစ်လာနိုင်သည်။ သီးခြားနမူနာများ အဖြစ် ၁၉၅၀ ပြည့်နှစ်များအတွင်း ဖြစ်ပွားခဲ့သော တောင်အာဖရိကအသားအရောင်ခွဲခြား မဲပေးရေး ဖွဲ့စည်းပုံ အကျပ်အတည်း၊ ၁၈၆၀ ပြည့်နှစ် နှင့် ၁၈၆၁ ခုနှစ်များအတွင်း ပေါ်ပေါက်ခဲ့သော အမေရိကန်တောင်ပိုင်း ပြည်နယ်များ ခွဲထွက်မှုနှင့် ၂၀ဝ၇ ခုနှစ် ယူကရိန်းအကျပ်အတည်းများကို တွေ့မြင်နိုင် သည်။

ဖွဲ့စည်းပုံအကျပ်အတည်းသည် မတူကွဲပြားသော အစိုးရဌာနများကြား ပဋိပက္ခများမှလည်းကောင်း၊ ဗဟို နှင့်ဒေသအစိုးရများကြား ပဋိပက္ခများမှလည်းကောင်း၊ လူမှုအဖွဲ့အစည်းအတွင်း ဂိုဏ်းအုပ်စုအသီးသီးကြား ပဋိပက္ခများမှလည်းကောင်း ပေါ်ပေါက်လာနိုင်ပေသည်။ အစိုးရသက်တမ်းအတွင်း နိုင်ငံရေးအငြင်းပွားမှုတစ်ခုခု အတွက် ပါတီတစ်ရပ် သို့မဟုတ် ပါတီများက ဖွဲ့စည်းပုံပါဥပဒေတစ်ခုကို ဖောက်ဖျက်ရန် စိတ်လိုလက်ရ ရွေးချယ် လိုက်သည့်အခါ သို့မဟုတ် ထည့်သွင်းရေးမထားသော ဖွဲ့စည်းပုံဆိုင်ရာ သဘောတူညီချက်တစ်ခုကို မထီမဲ့မြင် ပြုလာသည့်အခါ သို့မဟုတ် ဖောက်ဖျက်ခံရသော ဖွဲ့စည်းပုံဆိုင်ရာဥပဒေ၊ မထီမဲ့မြင်ပြုသည့်နိုင်ငံရေးအစဉ်အလာ နှင့်ပတ်သက်၍ မှန်ကန်သော ဥပဒေရေးရာ အဓိပ္ပာယ်ပြန်ဆိုမှုအပေါ် အငြင်းပွားကြသည့်အခါများတွင် ထိုအကျပ် အတည်းဖြစ်ပေါ်လာတတ်သည်။

ထို့ပြင် အကယ်၍သာ ထိုအကျပ်အတည်းမှာ ဖွဲ့စည်းပုံကိုယ်၌က ဥပဒေအရ ဒွိဟဖြစ်မှုကြောင့် ထွက်ပေါ် လာရသည်ဆိုပါက အန္တိမနိုင်ငံရေး-ဥပဒေရေးဆုံးဖြတ်ချက်တွင် ဖွဲ့စည်းပုံဆိုင်ရာအုပ်ချုပ်ရေး၏ အနာဂတ်အကျပ် အတည်းများကို ဖြေရှင်းရန် ဥပဒေထုံးတမ်းစဉ်လာကို အမြဲတမ်းထူထောင်ဖွဲ့စည်းထားတတ်ကြသည်။ အမေ ရိကန်အစိုးရစနစ်တွင် ပြည်နယ်တစ်ခုခုက ဥပဒေအရ ပြည်ထောင်စုမှ ခွဲထွက်နိုင်သည်၊ မနိုင်သည်ဆိုသည့် ကိစ္စကို ရှင်းလင်းစွာ ဖော်ပြမထားချေ။ သို့တစေ အမေရိကန်ပြည်တွင်းစစ်(၁၈၆၁-၁၈၆၅) အပြီးတွင် တောင်ပိုင်း အမေရိကပြည်နယ်များ၏ ခွဲထွက်မှုကို ဖျက်လိုဖျက်ဆီးပြုလုပ်ခဲ့ပြီး ပြည်နယ်တစ်ခုအနေဖြင့် ဥပဒေအရ ပြည်ထောင်စုမှ ခွဲမထွက်နိုင်ဟူသည့် ဖွဲ့စည်းပုံဆိုင်ရာဥပဒေမူဝါဒကို လက်ခံခဲ့ကြသည်။

နိုင်ငံရေးအရဆိုလျှင် ဖွဲ့စည်းပုံအကျပ်အတည်းတစ်ရပ်သည် အစိုးရကို သွက်ချာပါဒလိုက်စေနိုင်ပြီး နောက်ဆုံးတွင် အစိုးရဘုံးဘုံးလဲပြိုကျခြင်း၊ နိုင်ငံရေးတရားဝင်မှုဆုံးရှုံးခြင်း သို့မဟုတ် ပြည်တွင်းစစ်ဖြစ်ပွား ခြင်းများ ဖြစ်ပေါ်လာစေနိုင်ပေသည်။ သို့သော် ဖွဲ့စည်းပုံအကျပ်အတည်းမှာ အစိုးရပြင်ပနိုင်ငံရေးဂိုဏ်းအုပ်စုများ က အစိုးရ၏အချုပ်အခြာအာဏာကို စိန်ခေါ်အံတုသည့်အခါတွင်၊ စစ်ဘက် သို့မဟုတ် အရပ်ဘက်ဦးဆောင် ပြုလုပ်သည့် အာဏာသိမ်းမှု သို့မဟုတ် တော်လှန်အုံကြွမှုတစ်ခုဖြစ်သည့်အခါတွင် ပေါ်ပေါက်လေ့ရှိသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲမှုမှာ စနစ်တကျဖွဲ့စည်းတည်ထောင်ထားသော နိုင်ငံတစ်နိုင်ငံ ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲခြင်း ဖြစ်သည်။ ထိုသို့ ပြင်ဆင်ပြောင်းလဲရာတွင် တည်ဆဲ ဖွဲ့စည်းပုံတစ်ရပ်၏ သက်ဆိုင်ရာအစိတ်အပိုင်းများအား ပြင်ဆင်ခြင်းနှင့် ဖွဲ့စည်းပုံအပိုဒ်၊ စာသားများအား တိုက် ရိုက်ပြောင်းလဲပစ်ခြင်းတို့ ပါဝင်ပေါင်းယှက်နေသည်။ အပြန်အလှန်အားဖြင့် ယင်းတို့ကို ဖြည့်စွက်ပေါင်းစပ် ချက်များအဖြစ် ဖွဲ့စည်းပုံတွင် ပူးတွဲရေးသွင်းနိုင်သည်။ ထိုနည်းအားဖြင့် တည်ဆဲဖွဲ့စည်းပုံစာသားများအား ပြောင်းလဲမှုမပြုဘဲ အစိုးရ၏ဖွဲ့တည်မှုကို အပြောင်းအလဲ ဖြစ်စေနိုင်ပေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအများစုမှာ သာမန်ဥပဒေပြုပြင်မှုထက် ပိုမိုတင်းကျပ်သော အထူးလုပ်ငန်းစဉ် တစ်ရပ်ရပ်ကို အောင်မြင်ကျော်ဖြတ်မှုမရှိပါက ပြင်ဆင်ချက်များကို ဥပဒေအဖြစ် မပြဋ္ဌာန်းနိုင်ချေ။ ထိုအထူး လုပ်ငန်းစဉ်များထဲတွင်လွှတ်တော်အတွင်း အများတကာ့ အများစုမဲ သို့မဟုတ် ဆန္ဒခံယူပွဲတစ်ရပ်တွင် မဲဆန္ဒရှင် များ၏ တိုက်ရိုက်ထောက်ခံမဲပေးမှု သို့မဟုတ် လုပ်ငန်းစဉ်နှစ်ခုပေါင်း သို့မဟုတ် ထို့ထက်ပိုသော မတူခြားနား သည့် လုပ်ငန်းစဉ်များပါဝင်သည်။ ဖွဲ့စည်းပုံပြင်ဆင်ရန်အတွက် ဆန္ဒခံယူပွဲတစ်ရပ်ကျင်းပရေးမှာ အချို့သော စီရင်ပိုင်ခွင့်များထဲတွင် လူထုတောင်းဆိုမှုကြောင့် ဖြစ်ပေါ်လာနိုင်ပေသည်။

အချို့သောဖွဲ့စည်းပုံများ၏ ပြင်ဆင်ရေးအတွက် အထူးလုပ်ငန်းစဉ်များမှာ အမှားမခံကြချေ။ အဆိုပြု တင်ပြထားသော ပြင်ဆင်ချက်များထဲမှ အနည်းငယ်မျှ (သြစတြေးလျတွင် ၄၄၃ အနက် ၈၃)သာ ဆယ်စုနှစ် ပေါင်းများစွာကြာမှ အတည်ပြုချက်ရပြီး အချို့နိုင်ငံ(ဂျပန်)၌မူ အတည်ပြုချက်လုံးဝမရကြချေ။ နှိုင်းယှဉ်ကြည့် ပါက အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံတွင် အလာဘားမားပြည်နယ်သည် ၁၉၀၁ ခုနှစ်မှစ၍ အကြိမ်ပေါင်း ၈၀ဝ ကျော် ပြင်ဆင်ခဲ့သည်။

အချို့ဖွဲ့စည်းပုံများမှာ အထိမခံနိုင်သော ကိစ္စရပ်များအတွက် ပြင်ဆင်မှုကို ကန့်သတ်ရန် အခိုင်အမာ စွဲယူ ထားသောအပိုဒ်များကို အသုံးပြုကြသည်။ နိုင်ငံအနေဖြင့် အလေးအမြတ်သဘောထားသည့် ထူးခြားလက္ခဏာ များအား အကာအကွယ်ပေးရန်ဖြစ်သည်။ ဥပမာ-ဒီမိုကရက်တစ်အစိုးရပုံသဏ္ဌာန်(သို့မဟုတ်) လူ့အခွင့်အရေး ကာကွယ်ရေးတို့ပင်။ ပြင်ဆင်မှုများကို နိုင်ငံ၏အရေးပေါ်အခြေအနေ သို့မဟုတ် စစ်အုပ်ချုပ်ရေးကာလအတွင်း လုံးဝပြင်ဆင်ခွင့်မပေးကြချေ။

သို့တစေ ပုံမှန်အားဖြင့်မူ နိုင်ငံအများစု၏ ဖွဲ့စည်းပုံအခြေခံဥပဒေများမှာ ခိုင်မာအောင် စီစဉ်ပြုလုပ်ထား ကြသလို လိုအပ်သည့်အခါတွင်လည်း ပြင်ဆင်နိုင်ရန်  ပြင်ဆင်ရေးစည်းမျဉ်းများအား မလျော့မတင်းသတ်မှတ် ပေးထားလေ့ရှိကြသည်။ အထူးသဖြင့် ဖွဲ့စည်းပုံအကျပ်အတည်းများ မဖြစ်ပေါ်စေရန် အချိန်နှင့်အမျှ ခေတ်မီ ခိုင်ခန့်အောင် မွမ်းမံပြင်ဆင်မှုများ အဆက်မပြတ် ပြုလုပ်ထားရသည်။ ဖွဲ့စည်းပုံအကျပ်အတည်းများနှင့် ရင်ဆိုင် ရပြီး ပြေလည်အောင် မဖြေရှင်းနိုင်ပါက ဝရုန်းသုန်းကားအခြေအနေတစ်ရပ်သို့ ထိုးစိုက်ကျဆင်းသွားတတ်ပေ သည်။ သို့မဟုတ် တော်လှန်အုံကြွမှုများဖြင့် တည်ဆဲဖွဲ့စည်းပုံကို အကုန်အစင်ဖျက်သိမ်းကာ လူထုတောင်းဆို သည့် ဖွဲ့စည်းပုံအသစ်တစ်ရပ်ကို မဖြစ်မနေ ပြောင်းလဲရလေတော့သည်။

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ မြန်မာနိုင်ငံ၏ အမြင့်ဆုံးအချုပ် အခြာဥပဒေဖြစ်သည်။ မြန်မာ့အထင်ကရ ဖွဲ့စည်းပုံအခြေခံဥပဒေများမှာ ၁၉၄၇၊ ၁၉၇၄ နှင့် လက်ရှိ ၂၀ဝ၈ ဖွဲ့ စည်းပုံများဖြစ်ကြသည်။

၁၉၃၅ နှင့် ၁၉၄၃ အတုအယောင်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများ

သမိုင်းစဉ်အရပြောရလျှင် လွတ်လပ်ရေးမရမီကာလက မြန်မာနိုင်ငံတွင် အတုအယောင်ဖွဲ့စည်းပုံ နှစ်ခု ရှိခဲ့သေးသည်။ ပထမတစ်ခုမှာ အင်္ဂလိပ်နယ်ချဲ့လက်အောက်ခံ ကိုလိုနီဖွဲ့စည်းပုံဖြစ်သည့် ၁၉၃၅ ခုနှစ်  ဗမာ အစိုးရအက်ဥပဒေဖြစ်သည်။ ဒုတိယတစ်ခုမှာ ဂျပန်သိမ်းပိုက်ခံဘဝ ရွှေရည်စိမ်လွတ်လပ်ရေးနှင့်အတူ ဂျပန်က ပေးသည့် ၁၉၄၃ ခုနှစ် ဗမာ့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်သည်။ အများသိကြသည့်အတိုင်း ထိုဖွဲ့စည်းပုံ အတုနှစ်ခုအနက် အင်္ဂလိပ်နယ်ချဲ့ကပေးသည့် ၁၉၃၅ ဖွဲ့စည်းပုံမှာ ဒုတိယကမ္ဘာစစ်တွင်း အင်္ဂလိပ်နယ်ချဲ့သမား များ ဆုတ်ခွာပြေးမှုနှင့်အတူ ပျက်သုဉ်းခဲ့ရသည်။ ဂျပန်သိမ်းပိုက်မှုအောက် ဂျပန်ဖက်ဆစ်က ပေးသည့် ၁၉၄၃ အခြေခံဥပဒေမှာလည်း ၁၉၄၅ ခုနှစ်တွင် ဂျပန်စစ်ရှုံး၍ အပြေး၊ အင်္ဂလိပ်နယ်ချဲ့ကိုလိုနီသမားများ ပြန်အဝင်တွင် ပျက်ပြယ်ခဲ့ရပြန်သည်။

၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ

၁၉၄၇ ဖွဲ့စည်းပုံကို ဒေါက်တာချန်ထွန်းက ရေးဆွဲပြုစုပေးခဲ့ပြီး ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရသည်မှာ ဗိုလ်ချုပ်နေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီအာဏာသိမ်းသည့် ၁၉၆၂ ခုနှစ်ထိ ၁၄ နှစ်ကြာ အသုံးပြုခဲ့ သည်။ အာဏာသိမ်းစစ်အစိုးရက ၁၉၇၄ ခုနှစ် မဆလတစ်ပါတီအာဏာရှင်စနစ် ဖွဲ့စည်းပုံရေးဆွဲ အတည်ပြု ချိန်အထိ ၁၂ နှစ်ကြာတိုင် နိုင်ငံကို ဖွဲ့စည်းပုံမဲ့ ဓားမိုးအုပ်ချုပ်ခဲ့သည်။

၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ

၁၉၇၄ ဖွဲ့စည်းပုံကို ၁၉၇၄ ခုနှစ်မှသည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး အုံကြွပေါ်ပေါက် သည်အထိ ၁၄ နှစ်ကြာ အသုံးပြုခဲ့ခြင်းဖြစ်ပြီး အတုအယောင်ဆိုရှယ်လစ်အမည်ခံ မဆလတစ်ပါတီ အာဏာရှင် စနစ်ကို ယူနီဖောင်းချွတ်စစ်ဗိုလ်ချုပ်ကြီးက အရပ်ဝတ်ဖြင့် ဖိနှိပ်အုပ်ချုပ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် လူထုအုံကြွ လှုပ်ရှားမှုအရေးတော်ပုံကြီးကြောင့် ယင်း ၇၄ ဖွဲ့စည်းပုံမှာ ၁၄ နှစ်အကြာတွင် နိဋ္ဌိတံခဲ့ရသည်။

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

၁၉၈၈ ခုနှစ်တွင် နဝတအမည်ခံ စစ်အစိုးရက ပြန်လည်အာဏာသိမ်းပြီး ထိုအချိန်မှစ၍ ၂၀ဝ၈ ခုနှစ် အထိ ဖွဲ့စည်းပုံမဲ့ ဓားမိုးအုပ်ချုပ်ခဲ့ပြန်သည်။ ၁၉၉၀ ပြည့်နှစ်တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပပေး ခဲ့သော်လည်း စစ်အုပ်စုနိုင်ငံရေးပါတီဖြစ်သည့် မဆလတစ်ဖြစ်လဲ တစညပါတီက ယင်းတို့အတွက် အကွက်ရိုက် စီစဉ်ထားလို့ အဖြေမပေါ်ခဲ့ပေ။ ထိုအခါ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD)ပါတီကို အာဏာလွှဲပြောင်းမပေးခဲ့ဘဲ အတုအယောင်အမျိုးသားညီလာခံ ခေါ်ယူကာ အခြေခံဥပဒေသစ်ဖြစ်ပေါ်ရေးအတွက် နှစ် ၂၀ ကြာ အချိန်ဆွဲနည်းဖြင့် အနိုင်ရပါတီကို စည်းဝိုင်းအပြင်ဘက် ထုတ်ပြီး ၂၀ဝ၈ အခြေခံဥပဒေကို ရေးဆွဲခဲ့သည်။ ၂၀ဝ၈ ခုနှစ် မေလတွင် နာဂစ်ဆိုက်ကလုန် မုန်တိုင်းကြောင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာပျက်စီးမှုများ ဖြစ်ပေါ်နေသည့်ကြားမှ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို မဖြစ်မနေကျင်းပ ကာ ၂၀ဝ၈ ဖွဲ့စည်းပုံကို အတင်းအဓမ္မ အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ မြန်မာ့နိုင်ငံရေးအစ

၂၀ဝ၈ ဖွဲ့စည်းပုံအရ ပါတီစုံအထွေထွေရွေးကောက်ပွဲဆိုသည်ကို ၂၀၁၀ ပြည့်နှစ်တွင် စစ်အာဏာရှင်တို့က ကျင်းပပေးခဲ့သော်လည်း ၂၀ဝ၈ ဖွဲ့စည်းပုံကို လက်မခံသည့် NLD ပါတီကို ချန်လှပ်ခဲ့သည်။ ထိုပါတီမစုံ ရွေးကောက်ပွဲရလဒ်အရ ယူနီဖောင်းချွတ် ဦးသိန်းစိန်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP) က စစ်တစ်ပိုင်းအစိုးရဖွဲ့ကာ နိုင်ငံတကာ ပြည်သူများအား လှည့်စားခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး များမကြာမီအချိန်တွင် အတိုက်အခံပါတီ NLD ခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည်ကို စစ်အာဏာရှင်များက နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်  ပေးလိုက်သည့်အတွက် နိုင်ငံတကာ၏ စစ်အုပ်စုအာဏာရှင်များအပေါ် ဖိအားမှာ သိသိသာသာ လျော့ကျလာခဲ့ ကာ ယူနီဖောင်းချွတ် စစ်ဗိုလ်ချုပ်ကြီးများ၏ စစ်တစ်ပိုင်းအစိုးရမှာ အရပ်သားအစိုးရအဖြစ် နိုင်ငံတကာ၏ အသိ အမှတ်ပြုမှုကို ရယူနိုင်ခဲ့သည်။ ဟန်ပြပြုပြင်ပြောင်းလဲမှုအချို့ကို ပြုလုပ်ခဲ့ပြီး စာပေစိစစ်ရေးအဖွဲ့ ဖျက်သိမ်းမှု ကဲ့သို့သော ဖြေလျှော့မှုများဖြင့် သတင်းလွတ်လပ်ခွင့်ရှိသယောင် အခင်းအကျင်းကိုပြကာ နိုင်ငံတကာကို မျက်လှည့်ပြနိုင်ခဲ့သည်။

ထိုအချိန်မှစ၍ အတိုက်အခံ NLD ပါတီအတွင်း လမ်းစဉ်နှစ်ရပ်တိုက်ပွဲစခဲ့သည်။ ရွှေဂုံတိုင်ကြေညာချက် အရ ၂၀ဝ၈ ဖွဲ့စည်းပုံကို လက်မခံဘဲ ဆက်လက်တိုက်ပွဲဝင်သွားရေးလမ်းစဉ်နှင့် ၂၀ဝ၈ ဖွဲ့စည်းပုံအောက် ခေါင်းလျှိုဝင်ရောက်ရေး အယူအဆလမ်းစဉ်နှစ်ရပ် ဘယ်လမ်းလိုက်မည်နည်းဟူသည့် ပါတီတွင်းပဋိပက္ခတစ်ရပ် ပေါ်ထွက်လာခဲ့သည်။ ၂၀ဝ၈ ဖွဲ့စည်းပုံအောက်တွင် ပါတီမှတ်ပုံတင်အသစ်မတင်ရေး၊ ရွေးကောက်ပွဲမဝင်ရေး လမ်းကြောင်းနှင့် ပါတီမှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေးလမ်းကြောင်းနှစ်ခု ထိပ်တိုက်အတွေ့တွင် ဒေါ်အောင် ဆန်းစုကြည် မလွတ်မီက ပထမလမ်းကြောင်းအသာစီးရခဲ့သော်လည်း လွတ်ပြီးကာလတွင် ဒုတိယလမ်းကြောင်း က ပြန်လည်အသာစီးရလာခဲ့သည်။  ပထမလမ်းစဉ်သမားအတော်များများမှာ ပါတီမှလွင့်စင် ကုန်ကြကာ ဖိနှိပ်ခံ ဘဝက ရပ်ခံမှုမထင်ရှားသူများ ပါတီနေရာအဆင့်ဆင့်တွင် ထင်ပေါ်လာကြသည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကြိုကာလတွင်မူ ၂၀ဝ၈ ဖွဲ့စည်းပုံအောက် မှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲ ဝင်ရေး(တင်/ဝင်)သမားများက ရွေးကောက်ပွဲဝင်၊ ဖွဲ့စည်းပုံပြင်ရေး အယူအဆဆုပ်ကိုင်သူဒေါ်အောင်ဆန်း စုကြည်၏ ဝင်/ပြင် လမ်းကြောင်းကို ရွေးချယ်ခဲ့ကြသည်။ သို့နှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်/ ပြင် သမားတို့ ရွေးကောက်ပွဲဝင်ခဲ့ကြရာ လစ်လပ်နေရာ ၄၅ နေရာအနက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၄၃ နေရာအနိုင်ရရှိခဲ့သည်။

၂၀ဝ၈ ဖွဲ့စည်းပုံအောက်မှာ စစ်တစ်ပိုင်းလွှတ်တော်အတွင်း ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ NLD ကိုယ်စားလှယ်များ စတင်ဝင်ရောက်ရာတွင် ၂၀ဝ၈ ဖွဲ့စည်းပုံကို လိုက်နာပါမည်ဟူသည့် ကျမ်းသစ္စာကျိန်ဆိုရမှု အတွက် အနည်းငယ် အဖုအထစ်ဖြစ်ခဲ့သော်လည်း မလွှဲမရှောင် သာလက်ခံ၍ခေါင်းလျှိုဝင်ရောက်ခဲ့ကြသဖြင့် NLD ကိုယ်စားလှယ်အားလုံး စစ်တစ်ပိုင်းလွှတ်တော်တွင်းသို့ ချောချောမောမော ရှောရှောရှူရှူ ရောက်သွားကြ လေတော့သည်။ ၂၀ဝ၈ ဖွဲ့စည်းပုံအောက် ပထမအကြိမ်လွှတ်တော်တွင် USDP နှင့် တပ်ကိုယ်စားလှယ် ၂၅ ရာနှုန်းက ကြီးစိုးထားရာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဝင်/ပြင် သမားများအတွက် လှုပ်ရှားမှုခွင်မှာ မလူးသာမလွန့်သာ ဖြစ်ခဲ့ရသည်။

၂၀၁၄ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ခေါင်း ဆောင်သည့် NLD ပါတီနှင့် ၈၈ မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲ၍ ၂၀ဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဝင်ပေါက်တံခါးသော့ ဖြစ်သည့် အပိုဒ် ၄၃၆ ပြင်ဆင်ရေးလက်မှတ်ထိုးလှုပ်ရှားမှုတစ်ရပ်ကို လုပ်ဆောင်ခဲ့ကြရာ ဖွဲ့စည်းပုံအပြောင်းအလဲလိုလား သည့် ပြည်သူ ၅ သန်းနီးပါး၏ ထောက်ခံချက်လက်မှတ်များကို ရယူနိုင်ခဲ့သည်။ သို့တစေ ထို လက်မှတ်များကို ထိုစဉ်က ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအဝင် လွှတ်တော် တွင်းရှိ အများစု USDP ကိုယ်စားလှယ်များနှင့် တပ်မတော်သားကိုယ်စားလှယ်တို့က လက်မခံဘဲ မှတ်တမ်းပင် မတင်နိုင်ခဲ့ချေ။

၂၀၁၃ ခုနှစ်ကလည်း ထိုစဉ်က သမ္မတဦးသိန်းစိန်၏ အာဏာရ USDP ပါတီကိုယ်စားလှယ်များက ၄၃၆  ပြင်ဆင်ရေးအပါအဝင် အချို့သော ပြုပြင်ပြောင်းလဲမှုများကို အဆိုပြုမည့် ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းတင်သွင်းခဲ့သည်ကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက အချက်တိုင်းလိုလိုအား ပယ်ချခဲ့ သဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကြိုးပမ်းမှုများ အရေးနိမ့်ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ခေါင်းဆောင်ပိုင်းအနေဖြင့် တပ်မတော်ကိုယ်စားလှယ်များက  ဖွဲ့စည်းပုံပြင်ဆင်ရေးအဆိုမှန်သမျှ ပယ်ချမည့်အလားအလာမြင်ရသောကြောင့် ယင်းတို့၏ ကြိုးပမ်းမှုများကို ရပ် ဆိုင်းပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ အများတကာ့အများစုအနိုင်ရရေးကိုသာ ဇောင်းပေးလုပ်ဆောင်ခဲ့ကြသည်။ သို့မဟုတ်ပါက ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ငြိမ်းချမ်းရေးကိစ္စများကို ထိထိရောက် ရောက် လုပ်နိုင်မည် မဟုတ်ဟု ကောက်ချက်ချခဲ့ဟန်တူပါသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကျင်းပသည့်အခါ  မျှော်မှန်းထားသည့်အတိုင်း ၂၀ဝ၈ ဖွဲ့စည်းပုံနှင့် ဖန်တီးရှင်စစ်အာဏာရှင်များကို မလိုလားသည့် မြန်မာပြည်သူလူထုသည် NLD  ကို သောင်ပြိုကမ်းပြိုအနိုင် ရအောင်  မိမိတို့ လက်သန်းကလေးများအား မင်စွန်းခံကာ စုပုံ မဲပေးခဲ့ကြသည်။ ၂၀၁၆ ခုနှစ် မတ်လမှစ၍ အနိုင်ရ NLD ကိုယ်စားလှယ်များက အရပ်သားတစ်ပိုင်းအစိုးရ ဖွဲ့စည်းတာဝန်ယူခဲ့ကြသည်။ မိမိတို့၏ ရွေး ကောက်ပွဲကတိအရ ၂၀ဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအကောင်အထည်ဖော်ရေး အတွက် နည်းလမ်းရှာခဲ့ကြသည်။ NLD  ဥပဒေအကြံပေးဖြစ်သူ ရှေ့နေကြီး ဦးကိုနီက ၂၀ဝ၈ ဖွဲ့စည်းပုံပြင်ဆင် ရေးနည်းလမ်းများကို ဖော်ထုတ်ပြသခဲ့သည်။ ၅၉(စ)ကြောင့် သမ္မတဖြစ်နိုင်သော ဒေါ်အောင်ဆန်းစုကြည်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟူသော နေရာတစ်ခုကို ထုတ်ဖော်ပေးခဲ့သည်ဟု အများက ယုံကြည်ကြသည်။ နောက်ဆက်တွဲအဖြစ် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရန်ကုန်လေဆိပ်အတွင်း နေ့ခင်းကြောင်တောင် လူလယ်ခေါင်တွင် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။

ထိုအဖြစ်အပျက်နောက်ပိုင်းတွင်မူ ဒေါ်အောင်ဆန်း စုကြည်အနေနှင့်ရော အခြား NLD ခေါင်းဆောင်များ အနေနှင့်ပါ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကို ရှေ့တန်းမတင်တော့ဘဲ ငြိမ်းချမ်းရေးရမှသာ ဖွဲ့စည်းပုံပြင်ဆင်နိုင်မည် ဖြစ်ကြောင်း လေသံပြောင်းလာခဲ့ကြသည်။

တစ်ဖက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ  ၂၁ ရာစုပင်လုံကို အားထည့်လုပ်ကိုင်ခဲ့သည်။ ငြိမ်း ချမ်းရေးညီလာခံတွင် လူမျိုးစုလက်နက်ကိုင်အင်အားစုများ အားလုံးပါဝင်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူချက်(NCA)တွင် လက်မှတ်ထိုးကြရန် ဆွဲဆောင်ခဲ့သည်။ သို့သော် တပ်မတော်၏ ငြိမ်းချမ်း ရေးမူ(၆)ချက်ကို အသေစွဲကိုင်ထားမှု၊ တိုင်းရင်းသား လက်နက်ကိုင်ဒေသများသို့ အဆက်မပြတ်ထိုးနှက် တိုက် ခိုက်မှုနှင့် ငြိမ်းချမ်းရေးညီလာခံတွင် အားလုံးပါဝင်မှုကို ဆန့်ကျင်သည့်လုပ်ရပ်များကြောင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ တုံ့ဆိုင်းမှုနှင့် ကြုံခဲ့ရသည်။ ထို့ပြင် NCA လက်မှတ်ထိုးရေးကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ခေါင်းဆောင်ပိုင်းက အဆက်မပြတ်  တွန်းအားပေးခြင်းမှာ တစ်ဖက်သတ် လက်နက်ချအညံ့ခံရေးဖိအားပေး သလို ခံစားရသော တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တို့၏အမြင်တွင် ငြိမ်းချမ်းရေးညီလာခံ၏ အလား အလာအပေါ် အယုံအကြည်ကင်းမဲ့ လာစေဟန်တူသည်။

NCA  လက်မှတ်ထိုးပြီး ငြိမ်းချမ်းရေးညီလာခံတွင်  အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေး ဆွေးနွေးရရှိချက်များအား လွှတ်တော်တွင် တရားဝင်အတည်ပြုကာ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လုပ်ဆောင်နိုင် မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ယူဆပုံရသည်။ သို့သော် ငြိမ်းချမ်းရေးညီလာခံတွင် အပေါ်ယံအချက် အလက်များသာ သဘောတူဆုံးဖြတ်နိုင်ခဲ့ပြီး တကယ့်အနှစ်သာရကျသော ခွဲထွက်ရေးကို စွန့်လွှတ်ပြီး ဖက်ဒရယ် ဒီမိုကရက်တစ်နိုင်ငံဖြစ်ပေါ်ရေးကို ကတိပြုမှသာ ရှေ့ဆက်ဆွေးနွေးလိုသည့် တပ်မတော်၏ ရပ်ခံချက်အပေါ်တွင် တိုင်းရင်းသားများဘက်က အယုံအကြည်လျော့ပါးလာကြသည်။ သို့နှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အစ ကတည်းက တက်ကြွစွာပါဝင်လာခဲ့သော ကရင်အမျိုးသားအစည်းအရုံး(KNU) သည်ပင် ညီလာခံတက်ရောက်မှု ရပ်ဆိုင်းခဲ့သည်။

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး

အထက်ပါပကတိအခြေအနေများ၊ တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအား အကာအကွယ် ပေးရာမှာ နိုင်ငံတကာ၏ ဖိအားပေးမှုများ တိုးပွားလာမှု နှင့် ၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာသည့် အနေအထား များအောက်တွင် ၂၀ဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းရေး အရေးကြီးအဆိုကို NLD လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ် တော်သို့ တင်သွင်းခဲ့ရာ USDP နှင့် တပ်မတော်သားကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သော်လည်း ပြည် ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး ထိုအဆိုအနိုင်ရခဲ့သည်။

ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် ၂၀ဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီကို အဖွဲ့ဝင် ၄၅ ဦးဖြင့် ဖွဲ့စည်းရန် လျာထားခဲ့ရာ အချိုးကျ ကိုယ်စားလှယ်ပါဝင်မှုအရ မိမိတို့ဘက်က အရေအတွက် နည်းပါးမှုကို အကြောင်းပြု၍ USDP ကိုယ်စားလှယ် ဦးသောင်းအေးက ကန့်ကွက်ခဲ့ပြန်သည်။ တဖန်တပ်မ တော်သားကိုယ်စားလှယ်အစုအဖွဲ့ကလည်း ကော်မတီတွင် ပါဝင်ရန် လူစာရင်းမပေးဘဲ NLD လုပ်ရပ်များ လမ်းကြောင်းမမှန်ကြောင်းကိုသာ ထပ်တလဲလဲဝေဖန်ပြောဆိုကန့်ကွက်ခဲ့ကြသည်။ ကာချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ဖွဲ့စည်းပုံပြင်ဆင်ရေးကို သဘောတူပြီးသားဖြစ်ကြောင်း၊ စနစ်တကျပြင်ဆင်ရန်သာ လိုအပ် ကြောင်း မယုတ်မလွန်ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် တပ်မတော်သားအစုအဖွဲ့က ယင်းတို့မှာ ဖွဲ့စည်းပုံအရ လွှတ်တော်တွင်း ၂၅ ရာနှုန်းပါဝင်ခွင့်ရှိသကဲ့သို့ ပူးပေါင်းကော်မတီတွင်လည်း ၂၅ ရာနှုန်း ပါဝင်ခွင့်ပြုရန် တောင်းဆိုလာကြသည်။ လက်ရှိပူးပေါင်းကော်မတီတွင် တပ်မတော်သားကိုယ်စားလှယ် ၁၇ ရာနှုန်းပါဝင်ခွင့်ပေး ထားပြီးဖြစ်သည်။ သည်ကြားထဲတွင် ယခင်သမ္မတဟောင်းဦးသိန်းစိန်ကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးကို အလျင် စလိုမလုပ်သင့်ကြောင်း၊ ပြင်ဆင်လိုပါက ထို ၂၀ဝ၈ ဖွဲ့စည်းပုံကို ပါဝင်ရေးဆွဲခဲ့သည့် ညောင်နှစ်ပင်ညီလာခံတက် ရောက်သူ ၈ ဖွဲ့ကို  ပြန်ခေါ်သင့်ကြောင်း အသံပေးလာခဲ့ပြန်သည်။ တစ်ဖန် USDP ကိုယ်စားလှယ် ဦးသောင်း အေးက ယင်းတို့ပါတီမှ ရေးဆွဲထားသော ဖွဲ့စည်းပုံပြင်ဆင်ရေးမူကြမ်းအား ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း သွားမည်ဟု ဆိုနေသည်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ တွင် ကျင်းပသော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီကို လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးဖြင့် ဖွဲ့စည်းသည်။ ဥက္ကဋ္ဌမှာ ဦးထွန်း ထွန်းဟိန်ဖြစ်သည်။

ချီကတည်းက ယဉ်သကို

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တပ်မတော်နှင့် သူ့ဘက်တော်သား စစ်ခေါင်းဆောင်ဟောင်းများက သူတို့အလိုကျ ရေးဆွဲအတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်ကို အများသိကြသည်။ ထို့အတွက် သူတို့၏ အရင်းခံ ကျသော မူပိုင်းဆိုင်ရာအချက်အလက်များအား ပြင်ဆင်ခွင့်ပေးလိုလိမ့်မည်မဟုတ်သည်မှာလည်း သေချာပါ၏။ တစ်ဖက်တွင် ပြင်ဆင်လိုသူများကလည်း အစိုးရအဖွဲ့အတွင်းနှင့် လွှတ်တော်အတွင်း တပ်မတော်၏ အခန်းကဏ္ဍ ကို လျှော့ချပယ်ဖျက်လိုသည်မှာ ငြင်းဖွယ်စရာမဟုတ်ချေ။ ဤတွင် ထိုအခန်းကဏ္ဍအား ထိပါးမခံလိုသူနှင့် ထိပါးလိုသူတို့အကြား အကျိုးစီးပွားများ ဆန့်ကျင်နေကြသည်။ သည်ကြားထဲ ပြင်ဆင်လိုသည့်  ဖွဲ့စည်းပုံက ပြင်ဆင်ရအခက်ခဲဆုံးဖြစ်အောင် ဖန်တီးထားမှန်း မြန်မာပြည်သူပြည်သားများအပါအဝင် တစ်ကမ္ဘာလုံးက သိနေ သည်။ စတင်ဖန်တီးချိန်မှစ၍ အသက်ဝင်လှုပ်ရှားလာသည့် ၂၀၁၀ ခုနှစ်အလယ် အကျိုးစီးပွားများ ဆန့်ကျင် ဘက်သဘောဆောင်ကာ ထိပ်တိုက်တွေ့နေကြသည့် ယခုအချိန်အထိ တောက်လျှောက်တွင် ဤဖွဲ့စည်းပုံမှာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

ပြင်ရေးလား၊ သစ်ရေးလား

ထိုမွေးရာပါ အကျပ်အတည်းကြောင့် ဤဖွဲ့စည်းပုံကို ပြင်ဆင်ပြောင်းလဲ၍မရ၊ အသစ်ရေးဆွဲပြဋ္ဌာန်း ရမည်ဟု အခိုင်အမာယုံကြည်ယူဆသူများလည်း မြန်မာနိုင်ငံတစ်နံတစ်လျား အများအပြားရှိပေသည်။ ပြင်ရေးမှာ အပေါ်ယံသာရနိုင်ပြီး အတွင်းသားလုံးဝမပါနိုင်ဟု ထိုသူများက ထောက်ပြသည်။ အဟောင်းကို ရဲရဲဖျက်သိမ်းပြီး အသစ်ကိုရဲရဲရေးဆွဲအတည်ပြုနိုင်မှသာ မြန်မာနိုင်ငံအနာဂတ်မှာ အလားအလာကောင်းမည်ဟု သူတို့က ရပ်ခံ သည်။ အမျိုးသားစည်းလုံးညီညွတ်ရေးကို တစ်ဖက်သတ်ရင်ကြားစေ့ရုံဖြင့်မရ၊ အနာခံတိုက်ချွတ်ဆေးကြော ပစ်မှ ရမည်ဟုလည်း သူတို့က ဟောကိန်းထုတ်ကြသည်။ ဤအတွက် ပြည်သူ့အားကို မှီခိုစုစည်းရယူရမည်ဟု သူတို့က လမ်းပြသည်။ ပြည်သူလူထု၏ဆန္ဒနှင့် ရည်မှန်းချက်မှာ နိုင်ငံလွတ်လပ်စကပင် ဆိုးကျိုးများကိုသာ ဆောင်ကျဉ်း လာခဲ့သည့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရေးဖြစ်သည်ဟု ဆိုသည်။ ခံရပေါင်းများလှ၍ နောက်ထပ်ကာလ ရှည်ခံစားရဦးမည့်လမ်းကို  မရွေးလိုတော့ဟု အဆုံးစကားပြောကြားသည်။

တစ်ဖက်တွင် ပြင်ရေးအယူအဆသမားများက ထိခိုက်နာကျင်မှု အနည်းဆုံးလမ်းကိုသာ ရွေးချယ်မည်ဟု ဆိုထားသည်။ လက်တွေ့တွင်မူ ပြည်သူလူထုမှာ အချိန်နှင့်အမျှ နာကျင်နေကြရသည်မှာ အရှိပကတိပင်။  သတိ ချပ်သင့်သည်မှာ အပူဒီဂရီများ တဖြည်းဖြည်း စုစည်းများပြားလာရာမှ ရေဆူမှတ်သို့ ရောက်ပြီဆိုလျှင် မပွက်ပါ နှင့်ဟု တားမရ။ အစွမ်းကုန်ဆူပွက်ပါလိမ့်မည်။ အရေအတွက်များစုစည်းရာမှ အရည်အချင်းတစ်ရပ်သို့   ခုန်ပျံ ပြောင်းလဲသွားခြင်းသည် တော်လှန်ရေးပင်ဖြစ်ပါ သည်။

မြန်မာပြည်သူလူထုသည် ရှင်ကြီးဝမ်းလည်းဝင်ဖူး သည်၊ ရှင်ငယ်ဝမ်းလည်း ဝင်ဖူးပြီ။ လက်ရုံးလည်း ဆန့်တန်းဖူးသည်၊ လက်သန်းလည်း မင်စွန်းခံဖူးပြီ။ မီးဟပ်ခံရဖန်များသဖြင့် ရေကြည်ရေအေးတစ်ပေါက်ကိုသာ သောက်လိုကြသည်။ တရားမျှတမှုကို ဘဝနှင့်ယှဉ်၍ တောင့်တသည်။ ငြိမ်းချမ်းမှုကို အသက်တမျှ မက်မောသည်။ ထိုအတွက် ပေးဆက်ခဲ့ပေါင်းလည်း များပြီ။ နောင်လည်းပေးဆက်ရန် အသင့်ဖြစ်သည်။

အရေးကြီးသည်မှာ ပါဝင်ပတ်သက်သူများအားလုံး၏ ရိုးဖြောင့်ပွင့်လင်းမှု၊ သမာသမတ်ရှိမှု အနာဂတ်ကို တည်ငြိမ်ရဲဝံ့စွာ ရင်ဆိုင်ရန် ပိုင်းဖြတ်မှုသာဖြစ်သည်။ သို့မဟုတ်လျှင် ထိုမဟုတ်သူကို ပြည်သူလူထုက ဒဏ်ခတ် ပါလိမ့်မည်။ ပြည်သူသည်သာ သမိုင်းကို ဖန်တီးသူ၊ အနာဂတ်ကို ပိုင်စိုးသူဖြစ်ပါသည်။

လူသာလင်း

References:

  1. Constitutional Reform in Myanmar: A move    towards peace? by Skylar Lindsay, ASEAN      TODAY, February 7,2019.
  2. The 4 Types of Constitutional Crises by Julia Azari and Seth Masket, Five Thirty Eight,

     February 9, 2017.

  1. Irrawaddy. Eleven.
  2. Wikipedia, Free Encyclopedia.

 

Please follow and like us:
0