နိုင်ငံသူနိုင်ငံသားအားလုံး၏ အခြေခံရပိုင်ခွင့်ကို အကာအကွယ်ပေးရမည်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးဟူသည် မြန်မာ့နိုင်ငံရေးခေတ်သစ် ကာလအတွက် မရိုးနိုင်သေးသော ဦးတည်ချက်ဖြစ်နေပေသေးသည်။ စင်စစ် သည်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့သည့်ကာလကပင် ၁၄ နှစ်တိုင် ကြာမြင့်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကစလျှင် ယခု ၉ နှစ်ကြာ လာသည်ထိ သည်ဥပဒေက အလုပ်မဖြစ်သေးသည့်အတွက် ပြင်ဆင်ရေး၊ အသစ် ရေးဆွဲရေးကို ပြောဆိုနေကြရဆဲ ဖြစ်လေသည်။ မပြင်လိုသည့်အစုအဖွဲ့၏ ခုခံတိုက်ခိုက်မှုက ပြင်းထန်သည်နှင့်အမျှ လူထုအများစု၏ သည်ခြေ/ဥ အပေါ် ပြင်ဆင်စေလိုစိတ်သည်လည်း ပြင်းထန်လာရသည်။ သို့ဖြင့် ခြေ/ဥပြင်ဆင်ရေးသည် လူထု ထောက်ခံမှု ရရှိရန်အတွက် အရေးပါသည့်လှုံ့ဆော်မှု ဖြစ်လာသည်။ တစ်နည်းအားဖြင့် ရွေးကောက်ပွဲအတွက် အသုံးဝင်မည့် ဗျူဟာတွင် ခြေ/ဥပြင်ဆင်ရေးသည် ထိပ်တန်းမှ ပါဝင်လာတော့သည်။ ထို့ကြောင့် တခြားတစ်ဖက်မှ ဆင်ခြင် ရန်မှာ ခြေ/ဥကို မပြင်ဆင်လိုသည့်သူများသည် ရွေးကောက်ပွဲတွင် လူထုထောက်ခံမှုကို လွယ်လွယ်ကူကူ ရနိုင်ရန် မဖြစ်နိုင်ခြင်းပင်။

မည်သို့ပင်ဆိုစေ ခြေ/ဥပြင်ဆင်ရေးသည် ရွေးကောက်ပွဲအလွန် မြန်မာ့အနာဂတ်အတွက်ပါ အရေးပါသည်မှာ သေချာလှသည်။ ပြင်ဆင်ရန် ခက်ခဲအောင် ကြံဖန်ထားသည့် ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရေးသည်ပင်လျှင် လွန်စွာ ခက်ခဲပြီး အဆင်မပြေဖြစ်ခဲ့သည်။ သို့ဆိုလျှင် မပြင်ဆင်လိုသူတို့က မည်သည့်အချက်များကို ဦးထိပ်ထား ကာကွယ်လိုနေပြီး ပြင်ဆင်လိုသူများက မည်သည့်အချက်များကို ဦးစားပေးပြင်ဆင် ချင်နေသည်ကို ဆန်းစစ် ကြရပါမည်။ ယင်းနှစ်မျိုးအကြား ထပ်တူကျခြင်းရော ဆန့်ကျင်ကွဲပြားခြင်းပါ ရှိနေသည်ကိုလည်း သတိထားကြ ရပါမည်။ တစ်နည်းအားဖြင့် ပြင်ဆင်ရန် ခက်ခဲနိုင်သည့်ပုဒ်မများ ရှိနေသကဲ့သို့ ပြင်ဆင်ရန် မခက်ခဲနိုင်မည့်ပုဒ်မ များလည်း ရှိနေပါသည်။ ဥပမာ- ပုဒ်မ ၂၆၁(ခ)တွင် တိုင်းဒေသကြီး/ပြည်နယ်များ၏ ဝန်ကြီးချုပ်ကို နိုင်ငံတော် သမ္မတက သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များထဲက တစ်ဦးကို ရွေးချယ်ကာ သက်ဆိုင်ရာလွှတ်တော်မှ အတည်ပြုချက်ကို ရယူခန့်ထားရမည်ဟု ဆိုထားသည်။ နိုင်ငံရေးပါတီကြီးတစ်ခု က ယင်းအနေဖြင့် ကိုယ်စားလှယ်အများစု နိုင်ခြေရှိပြီး အစိုးရအဖွဲ့တွင် သမ္မတ ရနိုင်ခြေရှိ သည့်အချိန်အခါက ယင်း ၂၆၁(ခ)ကို မပြင်ဆင်လိုခဲ့ချေ။ သက်ဆိုင်ရာ လွှတ်တော်ကိုယ် စားလှယ်များ၏ မဲဆန္ဒအရ ယင်းတို့ထဲမှတစ်ဦးကို မဲပေးရွေးချယ်ပြီးမှ သက်ဆိုင်ရာဝန်ကြီးချုပ်အဖြစ် ခန့်အပ်မှသာ ဒီမိုကရေစီနည်းကျမည်ဟု ထောက်ပြခဲ့ကြ သော်လည်း ၂၆၁(ခ)ကို ပြင်ဆင်ရေးမှာ လက်တွေ့ဖြစ်မလာခဲ့ပေ။ သို့ရာတွင် ယခုအခါ ယင်းပါတီကြီးအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲနိုင်ခြေအပေါ် ယုံကြည်မှုအားနည်းလာသည်နှင့်အမျှ ၂၆၁(ခ)အား ပြင်ဆင်ရေး ကို စကားဦးသန်းလာကြောင်း တွေ့ကြရပါမည်။ ဥပဒေတစ်ခုသည် နိုင်ငံရေးအခြေအနေတစ်ရပ်အရ ကောင်းကျိုး ဆိုးပြစ်များ အမျိုးမျိုးအဖုံဖုံပြောင်းလဲနေခြင်းသည် ယင်းဥပဒေ၏ မူဝါဒရေးရာ သို့မဟုတ် လက်တွေ့ကျင့်သုံးမှု ဆိုင်ရာ မခိုင်မာမှုကို ပြဆိုပြီးဖြစ်နေပါပြီ။

စင်စစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံ၏လမ်းပြမြေပုံသဖွယ် အသွင်ဆောင်ပါသည်။ ထို့ကြောင့် မည်သည့်နိုင်ငံရေးအင်စတီကျူးရှင်းကိုမျှ ဘက်မလိုက် အသာမပေးမည့် နိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ အခြေခံ ရပိုင်ခွင့်များကို တင်းပြည့်ကျပ်ပြည့် အကာအကွယ်ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေမျိုးအဖြစ် ပြင်ဆင် ပြောင်းလဲနိုင်ရေးကို တည်ဆဲအစိုးရနှင့်တကွ တပ်မတော်၊ နိုင်ငံရေးပါတီအသီးသီးများက ဆောင်ရွက်သင့်ပါ ကြောင်း တင်ပြအပ်ပါသည်။

အယ်ဒီတာ

Please follow and like us:
0