နိုင်ငံတကာဇာတ်ကောင်များနှင့်မြန်မာ့အရေး

လူ့ရပိုင်ခွင့်စောင့်ကြည့်ရေးအဖွဲ့(HR Watch)က ၂၀၁၈ အတွက် အစီရင်ခံစာကို ၂၀၁၉ ဇန်နဝါရီလဆန်း မှာ နိုင်ငံအလိုက် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ရခိုင်ရှိ မွတ်ဆလင် များ(ရိုဟင်ဂျာ)အရေး၊ ပြည်တွင်းစစ်နဲ့ စစ်ရှောင် ရွှေ့ပြောင်းနေရသူ များအရေး၊ လွတ်လပ်စွာပြောဆိုခွင့်အရေး၊ လယ်ယာမြေရပိုင်ခွင့်အရေးတွေကို အဓိကထား အစီရင်ခံထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် မြန်မာ့အရေးမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတကာက ဇာတ်ကောင်တွေအကြောင်းကိုလည်း ဖော်ပြထားပါတယ်။ ကျန်တဲ့အရေး တွေကို ခဏထားပြီး နိုင်ငံတကာဇာတ်ကောင်တွေကို စိတ်ဝင်စားစွာ လေ့လာကြည့်မိပါတယ်။

အရင်ဆုံးတော့ ဥရောပသမဂ္ဂနဲ့ကနေဒါတို့က ရခိုင်ပြည်နယ်တွင်းက စစ်ဆင်ရေးတွေမှာ တာဝန်အရှိဆုံး ဖြစ်တဲ့ တပ်မတော်အရာရှိကြီး ခုနစ်ယောက်ကို  နာမည် ပျက်(အမည်မည်း)စာရင်းအဖြစ် ၂၀၁၈ ခုနှစ် ဇွန်လမှာ တားမြစ်ပိတ်ပင်ကန့်သတ်လိုက်တာကို တွေ့ရပါတယ်။ သြဂုတ်လမှာတော့ အမေရိကအနေနဲ့ လုံခြုံရေးတပ်မှူး ကြီးလေးယောက်နဲ့ တပ်နှစ်တပ်တို့ကို ဘဏ္ဍာရေးအရရော ခရီးသွားလာခွင့်အရပါ တားမြစ်ပိတ်ပင်ကန့်သတ် လိုက်ပြန်ပါတယ်။ ဒါတွေဟာ ရခိုင်အရေးနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာထက် တာဝန်အရှိဆုံးလို့ ယူဆနိုင်တဲ့သူတွေကို သတ်သတ်မှတ်မှတ် အရေးယူလိုက်တာမျိုး ဖြစ်ပါတယ်။

အဲဒီနောက် စက်တင်ဘာလမှာတော့ ကုလသမဂ္ဂရဲ့လူ့ရပိုင်ခွင့်ကောင်စီ(UNHRC)က ဆုံးဖြတ်ချက် အဖြေတစ်ခုကို ချလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်အဖြေကို စာကြမ်းပြုစုပေးတာက ဥရောပသမဂ္ဂနဲ့အိုအိုင်စီလို့ ခေါ်တဲ့ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကြီးတို့ပဲ ဖြစ်ပါတယ်။ အဲဒီအဖြေက ဘာလဲဆိုတော့ ပြည်တွင်း မှာဖြစ်ခဲ့တဲ့ မှုခင်းကြီးတွေနဲ့ ပတ်သက်သမျှကို စုဆောင်း သိမ်းဆည်းပြီး ခွဲခြမ်းစိတ်ဖြာသုံးသပ်ဖို့နဲ့ အရေးယူနိုင် ရေးအတွက် ကေ့စ်ဖိုင်လို့ခေါ်တဲ့အမှုတွဲ ပြုစုဖို့ပါပဲ။ ဒါကို နိုဝင်ဘာမှာ ကျင်းပတဲ့ ကုလသမဂ္ဂရဲ့အထွေထွေ ညီလာခံကြီးက အတည်ပြုပေးခဲ့ပါတယ်။

စက်တင်ဘာမှာ တစ်ပြိုင်တည်း ဖြစ်ခဲ့တာကတော့ နိုင်ငံတကာရာဇဝတ်ခုံရုံးကနေ ရခိုင်ကနေ လူအစု အပြုံ ပြောင်းရွှေ့ရမှုကို ကနဦးလေ့လာဆန်းစစ်မှုအပြည့်အစုံ စတင်မိတ်ဆက်တာပဲ ဖြစ်ပါတယ်။ ဒီဟာကိုတော့ အိုင်စီစီအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်မှာပဲ ပြီးဆုံးခဲ့ပါတယ်။ နိုင်ငံပေါင်းများစွာကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာ ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို ထုတ်ဖော်ဖို့ ညွှန်းဆိုချက် ကို ထောက်ခံခဲ့ပါတယ်။ ဆွီဒင်တို့ နယ်သာလန်တို့က အဲဒီနိုင်ငံတွေထဲမှာ ထိပ်ဆုံးက ပါခဲ့တာပေါ့။

ဒီအထိ ဖြစ်ထားသမျှကို ကြည့်တဲ့အခါ ၁၉၈၈ ခုနှစ်နောက်ပိုင်းကနေ ဒီနေ့အချိန်ထိ စစ်ရာဇဝတ်မှုတွေ အများအပြားဖြစ်ခဲ့ပြီး လူထုမှာ နစ်နာဆုံးရှုံးရမှုတွေ တင်းကြမ်းရှိခဲ့ပေမဲ့ ရခိုင်ပြည်နယ်အရေး တစ်နည်း အားဖြင့် ရိုဟင်ဂျာလို့ အသိအမှတ်ပြုခံလိုသူများအရေး ပေါ်ပေါက်လာတဲ့အခါမှာမှ တစ်ကမ္ဘာလုံးအတိုင်းအတာ နဲ့ ရှူးရှူး ရှဲရှဲ လှုပ်လှုပ်ခတ်ခတ် ဖြစ်လာတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့အတွက် နာကျင်ခံစားရ သူတွေဟာ တစ်နိုင်ငံလုံးဖြစ်သွားတာကိုလည်း သတိပြုကြရပါမယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ မြန်မာနိုင်ငံ အတွက်၊ နိုင်ငံသူနိုင်ငံသား အပြစ်မဲ့တွေအတွက် စစ်အာဏာရှင်ရဲ့ စစ်ရာဇဝတ်မှုတွေကနေ အကာအကွယ်ပေးပေး ဖို့ ဆုံးဖြတ်ချက်အဖြေ ထွက်ပေါ်လာစေဖို့ သမိုင်းတစ်လျှောက်လုံး အတိုက်အခံနိုင်ငံရေး အုပ်စုတွေက အားထုတ် ခဲ့ကြပေမယ့် ထင်သလောက် မအောင်မြင်ခဲ့ရတာကိုလည်း အမှတ်ရကြစေချင်ပါတယ်။ အဲဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းထဲမှာ တရုတ်နဲ့ရုရှားတို့က သူတို့ရဲ့ဗီတိုအာဏာကို သုံးပြီး မဟာမိတ်စစ်အာဏာရှင်ကို အကာအကွယ် ပေးခဲ့ကြလို့ပါပဲ။ ဒီတော့ အနှစ်နှစ်ဆယ်ကျော်ကာလလုံးလုံးမှာ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ လူပေါင်းများစွာ ထိခိုက်နစ်နာခဲ့ရစဉ်တုန်းကတော့ မြန်မာ့အရေးဟာ ကမ္ဘာ့အရေးဖြစ်မလာခဲ့ဘဲ အခုလိုဖြစ်လာမှဘဲ တစ်ကမ္ဘာလုံး က အုံးအုံးကျွက်ကျွက် ဖြစ်လာရလေခြင်းလို့ တချို့လူတွေက မြင်မယ်ဆိုလည်း မြင်စရာဖြစ်နေတော့တာပေါ့။

ဒါကြောင့်လည်း ဘယ်လိုပဲ ပြည်တွင်းရေးဆိုဆို နယ်စပ်ပြဿနာတွေ ဘယ်လောက်ရှိခဲ့ရှိခဲ့ နိုင်ငံတကာ က ဇာတ်ကောင်တွေရဲ့ စိတ်ဝင်စားမှု၊ ပါဝင်ပတ်သက်မှုတွေရှိခြင်း-မရှိခြင်းဟာ သိပ်အခရာကျ အရေးပါတယ်လို့ မြင်ကြရမှာ ဖြစ်ပါတယ်။ ဒီတော့ အိမ်နီးချင်းဇာတ် ကောင်တွေကို ကြည့်ရအောင်ပါ။ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဇာတ်ကောင်တွေက တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလား ဒေ့ရှ်၊ ထိုင်းနဲ့လာအိုပါ။ ဒီနေရာမှာ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ စွာနိုင်မယ့်ဇာတ်ကောင်တွေ မဖြစ်နိုင်တဲ့ ထိုင်းနဲ့လာအိုကို ဖယ်လိုက်ရအောင်ပါ။ ဒီတော့ ဇာတ်ကောင်သုံးကောင် ကျန်ပါတယ်။ ဒီမှာ အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်က ငယ်ကျိုးငယ်နာမကင်းတဲ့ မတည့်တဲ့နိုင်ငံတွေ ဖြစ်နေတာကို သတိ ထားရပါမယ်။ တရုတ်နဲ့ အိန္ဒိယက အပြိုင်တွေဆိုတော့ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ ဘုံရန်သူရှိနေသူချင်းဆိုတဲ့ သဘောတရားကို အခြေခံပြီး ၂၀ဝ၂ ခုနှစ်ကတည်းက (ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်)ကို လက်မှတ်ထိုးထားကြတဲ့ မဟာမိတ်နိုင်ငံတွေ ဖြစ်နေပါတယ်။

ဒီတော့ ၂၀၁၁ နှောင်းပိုင်းမှာ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် ပြောစမှတ်ဖြစ်လာတဲ့ သဘောထားတစ်ခု ကိုလည်း ကြည့်ရအောင်ပါ။ ဒါကတော့ မြန်မာနိုင်ငံမှာ အရပ်သားတစ်ပိုင်းအစိုးရတက်လာပြီးတဲ့နောက် မြန်မာ နိုင်ငံရဲ့နိုင်ငံခြားရေးပေါ်လစီ ပြောင်းသွားသလား တစ်နည်းအားဖြင့် အရှေ့တရုတ်ကို အားကိုးရာကနေ အနောက် ကို မျှော်လာသလားဆိုတဲ့ မေးခွန်းပါ။ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၃၀ မှာ မြစ်ဆုံစီမံကိန်းကို သူ့အစိုးရ လက်ထက်တစ်လျှောက် ရပ်ဆိုင်းထားမယ်လို့ အဲဒီအချိန်က သမ္မတဦးသိန်းစိန်က ကြေညာခဲ့တာကြောင့် ဒီ မေးခွန်းပေါ်လာတယ်လို့ကို ဆိုနိုင်ပါတယ်။ အဲဒီနောက် ဆက်တွဲမှာတော့ မြန်မာက တရုတ်ကြောင့် သူ့နိုင်ငံခြား ရေးပေါ်လစီကို ပြောင်းခဲ့တာမဟုတ်ဘဲ တရုတ်ကသာ မြန်မာကြောင့် သူ့ရဲ့နိုင်ငံခြားရေးပေါ်လစီကို ပြောင်းလာ ရတယ်လို့ သုံးသပ်ကြတာမျိုး ဖြစ်လာပါတော့တယ်။ ဒါတွေကိုကြည့်ရင် မြန်မာ့အရေးအတွက် အရေးအပါဆုံး နိုင်ငံတကာဇာတ်ကောင်ဟာ ဘယ်သူဘယ်ဝါဆိုတာ မြင်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၁ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် စတင်ပြီးနောက်မှာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့နိုင်တယ်ဆိုပေမယ့် ကေ အိုင်အေလို နှစ်ရှည်လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အပါ အဝင် အတော်များများနဲ့ လက်မှတ်မထိုးနိုင်သေးပါဘူး။ ဒီနေရာမှာ ထူးခြားတာက ယူဒဗလျူအက်စ်အေ(ဝ)၊ အေအေ(ရခိုင်)၊ တီအဲန်အယ်လ်အေ(တအာင်းပလောင်) နှင့် အမ်အဲန်ဒီအေအေ(ကိုးကန့်)အဖွဲ့လေးဖွဲ့ကို ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ရဲ့ ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ အသိ အမှတ်ပြုရေးဟာ လိပ်ခဲတည်းလည်း ဖြစ်ခဲ့တာပါ။ ဒီထဲမှာ ယူဒဗလျူအက်စ်အေ(ဝ)ကိုတော့ တိုက်ပွဲဖြစ် နေတာမရှိလို့ အပစ်ရပ်လက်မှတ်ထိုးစရာ မလိုဆိုတဲ့ သဘော ထားမျိုး ပြောခဲ့ပါတယ်။ ကျန်အဖွဲ့တွေကတော့ ၂၀၁၁ ခုနှစ်နောက်ပိုင်းကျမှ ပေါ်ထွက်လာ၊ အင်အားများ လာတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။ အဲဒါတွေကတော့ အေအေ(ရခိုင်)၊ တီအဲန်အယ်လ်အေ(တအာင်းပလောင်)၊ အမ်အဲန် ဒီအေအေ(ကိုးကန့်)တို့ပဲ ဖြစ်ပါတယ်။ တကယ် တော့ ဒီသုံးဖွဲ့နဲ့ ကေအိုင်အေဆက်စပ်တယ်လို့ ဆိုကြသလို ဒီသုံးဖွဲ့က သုံးတဲ့လက်နက်တွေဟာ တရုတ်နိုင်ငံထုတ်တွေလို့ ယူဆကြပါတယ်။ ယူဒဗလျူအက်စ်အေ(ဝ)ရဲ့ ခေတ်မီလက်နက်တွေဟာလည်း တရုတ်က ထောက်ပံ့ထားတာ လို့ သိကြရပါတယ်။

နောက်တစ်ခါ နိုင်ငံတကာက သူတို့ရဲ့ ထောက်ပံ့မှုတွေကို ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်တွေမှာ လျှော့ချလိုက် တဲ့အခါ တရုတ်က သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်လိုက်ပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ တရုတ် မြန်မာစီးပွားရေးစင်္ကြန်ဆိုင်ရာသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကျောက်ဖြူအထူး စီးပွားရေး ဇုန်ဆိုင်ရာ မူဘောင်သဘောတူညီချက်ကို တရုတ်သံအမတ်နဲ့ မြန်မာ့စီးပွားကူးသန်းဝန်ကြီးတို့ လက်မှတ်ထိုးခဲ့ကြ တာက နိုဝင်ဘာ ၈ ရက်မှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကြားမှာ ဒုက္ခသည်တွေကို ပြန်လည် လွှဲပြောင်းလက်ခံဖို့ သဘောတူထားပြီး နောက်ဆုံးအချိန်ကျမှ ဘင်္ဂလားဒေ့ရှ်ဘက်က မလွှဲပြောင်းပေးနိုင်ပါဘူးလို့ ငြင်းဆန်လိုက်တဲ့ရက်က နိုဝင်ဘာ ၁၅ ရက် ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်က လေးလတာ အပစ်အခတ်ရပ်စဲ ရေးကို အနောက်တောင်တိုင်း (ရခိုင်ပြည်နယ်) မပါဘဲ ဆောင်ရွက်သွားမယ်လို့ ကြေညာတာက  ဒီဇင်ဘာ ၂၁ ရက်မှာ ဖြစ်ပါတယ်။ အေအေက နယ်ခြားစောင့်ရဲစခန်းတချို့ကို ဝင်ရောက် တိုက်ခိုက်တာကတော့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှာပါ။ ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ်ကို သွားပြီး မနောင်ပွဲတက်ကာ တခြား လှုပ်ရှားမှုတွေ လုပ် တာက ဇန်နဝါရီ ၁၀ ရက်ကနေ ၁၂ ရက်ထိ ဖြစ်ပါတယ်။ မြစ်ဆုံဆည်ကိစ္စနဲ့ပတ်သက်ပြီး ဇန်နဝါရီ ၁၃ ရက်မှာ တရုတ်သံရုံးက ကချင်တိုင်းရင်းသားပြည်သူများက စီမံကိန်းကို ဆန့်ကျင်မှုမရှိကြောင်း၊ ပြည်ထောင်စုအစိုးရထံ သည်သဘောထားကို တင်ပြပေးဖို့ မျှော်လင့်ကြောင်း၊ နှစ်နိုင်ငံကြား နှစ်ဦးနှစ်ဖက် လက်ခံ နိုင်တဲ့အဖြေကို အမြန်ဆုံးရှာဖွေနေကြောင်းဆိုတာမျိုး ထုတ်ပြန်ခဲ့ပါတယ်။

ဒီနေရာမှာ ထူးခြားတာကတော့ ဂျပန်နိုင်ငံ ဖြစ်ပါတယ်။ သူကတော့ ကမ္ဘာကိုပါ မြန်မာနိုင်ငံကို ဆိုးဆိုး ရွားရွား ဝေဖန်ပြစ်တင်မှုတွေမလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ လက်ရှိမှာ ပြည်တွင်းဖွံ့ဖြိုးရေးစီမံကိန်းအများ အပြားကိုလည်း ဂျပန်က ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သီလဝါစက်မှုဇုန်အပါအဝင် ရန်ကုန်မြို့တွင်း လမ်းပန်း ဆက်သွယ်ရေး၊ မီးရထားလမ်းပိုင်းစနစ်၊ ကျောင်း၊ ဆေးပေးခန်း/ဆေးရုံ၊ လူ့စွမ်းအားမြှင့်တင်ရေးဆိုတာလို ဧရိယာတော်တော်များများမှာ ဂျပန်ရဲ့အထောက်အပံ့တွေရှိသလို ဂျပန်စီးပွားရေးလုပ်ငန်းတွေကလည်း ဧရိယာ တော်တော်များများမှာ အခြေကျလာနေပါတယ်။ အသေးစားငွေချေးလုပ်ငန်းမျိုးမှာပါ ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

အမေရိကနဲ့ ပတ်သက်ရင်တော့ အမေရိကအစိုးရအနေနဲ့ ရခိုင်ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး တပ်မတော်ရဲ့ ကျူးလွန်မှုတွေဆိုပြီး ဒေါ်လာ ၁.၄ သန်းတန် သုတေသနတစ်ခုလုပ်ပြီး ရလဒ်တွေကို ၂၀၁၈ ခုနှစ် စက်တင် ဘာလမှာ တိတ်တိတ်ဆိတ်ဆိတ်ကလေး ထုတ်ပြန်လိုက်ပေမဲ့ ဥပဒေကြောင်းအရ အဆုံးအဖြတ်နဲ့ အရေးယူမှုတွေ အကြောင်း မပါဝင်ခဲ့ပါဘူး။ မြန်မာကို ကလေးစစ်သား အသုံးပြုမှုနဲ့ လူကုန်ကူးမှု ဆိုင်ရာတွေမှာ အခြေအနေ ဆိုးတဲ့နိုင်ငံစာရင်းထဲ ထည့်ထားတာလည်း လုပ်ခဲ့ပါတယ်။ အမေရိကန်အခြေစိုက် ဖေ့စ်ဘွတ်ခ်ကတော့ မြန်မာ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ မြဝတီမီဒီယာရဲ့ ဖေ့စ်ဘွခ်အကောင့်အပါအဝင် အကောင့်များစွာ၊ ပေ့ချ် များစွာကို အမုန်းစကားများနဲ့ အကြမ်းဖက်မှုတွေအတွက် ဝါဒဖြန့်ချိရေးကွန်ရက်ဝင်အဖြစ် တားမြစ်ပိတ်ပင် ဖြုတ်ချ လိုက်ပါတယ်။

ဒီဖြစ်စဉ်တွေကိုကြည့်ရင် နိုင်ငံတကာဇာတ်ကောင်တွေရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အရေးကြီးတယ် ဆိုတာ သိနိုင်ပါတယ်။ ဒီလိုအနေအထားမှာ ဇန်နဝါရီ ၁၇ ရက်နေ့စွဲနဲ့ ယူကေအခြေစိုက် လောဂဇက်မှာ သတင်း ဆောင်းပါးတစ်ပုဒ် ပါလာပါတယ်။ အဲဒါကတော့ ရခိုင်အရေးကို စစ်ဆေးတဲ့အခါမှာ သက်သေခံချက်တွေမှာ ချို့ယွင်းအားနည်းချက်တွေ အများကြီးတွေ့ရတဲ့အတွက် စွပ်စွဲပြစ်တင်မှုအရာမှာ ကျရှုံးသွားနိုင်တယ်လို့ ဒီအမှု အတွက် ၂၀၁၇ ခုနှစ်ကုန်မှာ ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းက ကမ့်တွေထဲကို သွားခဲ့ဖူးသူ ဥပဒေပညာရှင် နီနာတာဝါ ကိုလီက သတိပေးလိုက်ကြောင်း သတင်းဆောင်းပါး ဖြစ်ပါတယ်။ သူ ထောက်ပြတာက အဲဒီကမ့်တွေကို သွားပြီး အချက်အလက်စုဆောင်းတဲ့ အဖွဲ့အစည်းတွေဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဆောင်ရွက်မှုမရှိတဲ့အတွက် တစ်ဖွဲ့က မေးမြန်းအင်တာဗျူးပြီးသား သက်သေတွေကို နောက်တစ်ဖွဲ့က ထပ်မေးတာမျိုးတွေ အများအပြားရှိနေပြီး ဒီလိုတွေ ထပ်ထပ်ဖြစ်နေရင် အမေးခံရသူတွေက ပြောပြချင်စိတ်ကုန်သွားတာတွေ ဖြစ်နိုင်တယ်လို့ ဖြစ်ပါတယ်။ သူကတော့ လူ့ရပိုင်ခွင့်လှုပ်ရှားသူတွေရဲ့ ချဉ်းကပ်ပုံတွေအပေါ် ရာဇဝတ်မှုကို လိုက်ပါဆောင်ရွက်ရတဲ့ ရှေ့နေ တွေက ဝေဖန်လာကြရတာဟာ တစ်ချိန်လုံး တစ်ခုနဲ့တစ်ခု ထပ်တူညီမှု၊ ကိုက်ညီမှုမရှိတဲ့ သက်သေထွက်ဆို ချက်တွေ ကြောင့် ဖြစ်ရတယ်လို့ ဆိုထားပါတယ်။ သက်သေထွက်ဆိုချက် တွေဟာ တစ်ခုနဲ့တစ်ခု ကိုက်ညီမှုမရှိဘဲ အလွန်အမင်း များပြားစုံလင်နေတာကြောင့် သက်သေတွေရဲ့ အစစ် အမှန်ထွက်ချက်ဖြစ်မှု၊ ယုံကြည်နိုင်လောက်တဲ့ ခိုင်မာမှု အရာမှာ အလွန်အားနည်းနေတဲ့အတွက် အခုရရှိထားတဲ့ သက်သေထွက်ချက်များနဲ့ အမှုကြောင်းကို တည်ဆောက် ဖို့ ခက်ခဲနိုင်တယ်လို့ ထောက်ပြတာ ဖြစ်ပါတယ်။ ဒီရှေ့နေအမျိုးသမီးက ဆာရာလီယွန်းနဲ့ ရဝန်ဒါ အရေးတွေမှာ ရှေ့နေလိုက်ဖူးသူ ဖြစ်ပါတယ်။ သူ ထောက်ပြတဲ့ နောက်အချက်တစ်ခုကတော့ ကမ့်တွေဟာ သိပ်ကို လွယ်လွယ်ကူကူ လက်လှမ်းမီရောက်ရှိနိုင်နေတဲ့အတွက် ဒီရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ကမ့်တွေထဲကို ရွှေ့ပြောင်း လာကြတဲ့ ဗီအိုင်ပီဆိုသူတွေကလည်း လင့်ရိုဗာကားတန်းကြီးနဲ့ကို ချောင်းပေါက်မတတ် ရောက်လာနေကြ တာပါပဲတဲ့။ ဒီနေရာမှာ သတင်းဆောင်းပါးအရ သူဆိုလိုတဲ့ ဗီအိုင်ပီဆိုတာ ဘယ်လိုလူတွေလဲလို့တော့ ရှင်းရှင်း လင်းလင်း မသိရပါဘူး။ သူကတော့ ဒီလိုတွေ ဖြစ်နေတာဟာ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူ/ခံမှု အပေါ်မှာ စိန်ခေါ်ချက်တွေ ဖြစ်စေတယ်လို့ ဆိုလိုက်ပါတယ်။

ဒါ့အပြင် ဆာရာလီယွန်းမှာ လိုင်ဘေးရီးယန်း သမ္မတဟောင်းချားလ်စ်တေလာအတွက် အထူးခုံရုံးဖွင့်စဉ် က ခုံရုံးကို ဦးဆောင်ခဲ့ဖူးတဲ့ စတီဖင်ရက်ပ်ဆိုတဲ့ သံအမတ်တစ်ယောက်ကလည်း ပြစ်မှုကျူးလွန်သူတွေဟာ အရေးယူမခံရတဲ့အတွက် လူတွေ ရာထောင်ချီပြီး အသတ်ခံရမှုတွေရှိတာကြောင့် ရာဇဝတ်မှုအဖြစ် စွပ်စွဲတော့မယ် ဆိုရင် ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူ/ခံမှုအပေါ်မှာ အသေအချာ အခြေခံထားဖို့တော့ လိုမယ့်အကြောင်း၊ တရားမဲ့၊ ဥပဒေမဲ့အပြုအမူတွေကို  ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ သက်သေဟာ အရေးကြီးကြောင်း၊ အဲဒီလိုဖြစ်ခဲ့တယ် လို့ စီကာပတ်ကုံးပြောဆိုပြခဲ့တာတွေနဲ့ နောက်ဆက်တွဲရာဇဝတ်မှုတွေကြားမှာ အချိတ်အဆက်ရှိတယ်လို့ ကောက်ချက်ချပြနိုင်ဖို့ လိုကြောင်းတွေကို  ထောက်ပြပါတယ်။

ဒါဟာလည်း အင်မတန်စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ နိုင်ငံတကာဇာတ်ကောင်တွေမှာ နိုင်ငံအလိုက် အဖွဲ့အစည်းအလိုက် နောက်ကွယ်က နိုင်ငံရေးအာဂျန်ဒါတွေ ရှိနေတတ်ကြပေမဲ့ သက်မွေးပညာရှင်တစ်ဦးတစ် ယောက်ချင်းစီရဲ့ ပညာသည်ဆန်မှုက အဲဒီလိုနောက်ကွယ်က အာဂျန်ဒါတွေအားလုံးကို ကျော်လွှားပြီး အမှန် တရားကို  ကြိုးစားချဉ်းကပ်တာမျိုး ရှိတတ်ကြပါတယ်။ ဒီနေရာမှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်နေတဲ့သူတွေ က တစ်ယောက်လာမေးရင် တစ်မျိုး ဖြေနေတတ်ပြီး ဘယ်ဟာက အမှန်လဲလို့ တွေးရခက်လောက်အောင် ယုတ္တိမဲ့ဇာတ်လမ်းတွေ ပြောပြနေတယ်ဆိုတဲ့အကြောင်း၊ ဒီဘက်ကို ပြန်လာချင်နေတဲ့ ဟိန္ဒူဘာသာဝင်တွေမှာ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်သွားခွင့် ပိတ်ပင်ထားလို့ လာမရဖြစ်နေတယ်ဆိုတဲ့အကြောင်း အဲဒီလိုအကြောင်း တွေကို ဒါကာတိုင်းမ်စ်လို့ခေါ်တဲ့ ဘင်္ဂလားဒေ့ရှ်သတင်းစာတစ်စောင်ကနေတစ်ဆင့် သိခွင့်ရတာကို ဆန်းစစ် ကြည့်ကြစေချင်ပါတယ်။ မီဒီယာလွတ်လပ်ခွင့်ဆိုတာမှာ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ကို အခြေခံပြီးမှ ကျင့်သုံးရ မယ်၊ အစိုးရအာဘော်နဲ့မတူကွဲပြားတဲ့ သတင်းမျိုးကို ရေးရင် မှန်တဲ့တိုင် သစ္စာဖောက်ဖြစ်မယ်ဆိုတဲ့ အမြင်မျိုး သာ ဒါကာတိုင်းမ်စ်မှာရှိနေရင် ဒီလိုသတင်းမျိုးကို ကမ္ဘာကြီးက သိခွင့်မရနိုင်ပါဘူး။ ဒီလိုသတင်းမျိုးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အကျိုးစီးပွားကို အကာအကွယ်မပေးနိုင်တာ သေချာနေပါတယ်။ တစ်ဖက်မှာလည်း ဒီသတင်းမျိုးဟာ ဒီဖြစ်စဉ်ကြီးတစ်ခုလုံးအတွက် နိုင်ငံတကာမီဒီယာတွေ၊ အဖွဲ့အစည်းတွေရဲ့ တစ်ကြောင်းဆွဲ ကောက်ချက်တချို့ကို စိန်ခေါ်လိုက်နိုင်တဲ့ သတင်းမျိုးဖြစ်ပါတယ်။ ဒီလိုမိုးခါးရေ မသောက်၊ ဝေလေလေ မအော်တဲ့၊ ဖြစ်ရပ်မှန်ကို နိုင်ငံ၊ လူမျိုး၊ ဘာသာဆိုတဲ့အပေါ် အခြေမခံဘဲ ဖော်ထုတ်တဲ့သတင်းမျိုးတွေ ပေါ်ထွက် လာတာမျိုး၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံးအတွေ့အကြုံရှိတဲ့ ရှေ့နေကိုယ်တိုင်က ဒီဖြစ်ရပ်အတွက် သက်သေခံချက် တွေဟာ မခိုင်လုံဖြစ်နေတယ်ဆိုတဲ့ ထုတ်ဖော်သတိပေးလိုက်တာမျိုးတွေဟာလည်း နိုင်ငံတကာဇာတ်ကောင် တွေရဲ့ အခန်းကဏ္ဍပဲ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတကာဇာတ်ကောင်တွေနဲ့ ပတ် သက်ရင် ကိုယ်ဖြစ်စေချင်သလို၊ ပြောစေချင်သလိုမဖြစ်၊ မပြောတိုင်း အလှူရှင်တွေကြောင့်၊ ဘာ့ကြောင့် ညာ့ကြောင့် မမှန်နိုင်ဘူးလို့ တစ်ကြောင်းဆွဲ၊ ဇလုတ်တိုက် တုံ့ပြန်နေရင် ကိုယ်ဘယ်လောက်တုံးတယ်ဆိုတာ ကိုယ်ဝန်ခံရာသာ ကျပြီး ကိုယ့်နိုင်ငံအတွက် ခုခံရာ မရောက်ဘူး လို့ သိထားကြစေချင်ပါတယ်။ ဒါ့အပြင် ကိုယ့်နိုင်ငံအတွက် ဘယ်လိုနိုင်ငံတကာဇာတ်ကောင်တွေက အန္တရာယ် ရှိပြီး ဘယ်လိုဇာတ်ကောင်တွေက ပညာသည်ဆန်တယ်ဆိုတာမျိုးလောက်ကိုလည်း သဘောပေါက်နားလည်ထား ဖို့ လိုပါမယ်။ ဒါမှလည်း ရေရှည်မှာ ဘယ်လိုဇာတ်ကောင်တွေကို ဘယ်လိုလက်တွဲပြီး ဘယ်လိုဇာတ်ကောင်တွေကို ဘယ်လိုလမ်းခွဲဖို့ဆိုတဲ့ ဗျူဟာပေါ် အခြေခံကာ ဒီကနေ့ ပြုမူပြောဆိုဆက်ဆံမှုတွေကို ဆောင်ရွက်နိုင်ကြမှာ ဖြစ်ပါတယ်။ အများစု အောက်ခြေလူထုအနေနဲ့ ဒီအကြောင်းတွေကို နားမလည်လို့ ဖြစ်သေးပေမဲ့တာ ဝန်ရှိသူတွေ အဖို့ကတော့ မဖြစ်မနေ နားလည်ထားပါမှ နိုင်ငံ့အကျိုးအတွက် ထိရောက်တဲ့ ခုခံကာကွယ်မှုတွေကို ဆောင်ရွက် နိုင်မယ်ဆိုတဲ့ အကြောင်း သတင်းစကားပါးလိုက်ချင်ပါတယ်။

မသီတာ(စမ်းချောင်း)

Please follow and like us:
0