စစ်၊ ငြိမ်းချမ်းရေးနှင့်မြေမြုပ်မိုင်းပြဿနာ

မြေမြုပ်မိုင်းသမိုင်းအစဉ်

မြေမြုပ်မိုင်းကို ဆွန်မင်းဆက်စိုးမိုးစဉ်ကာလ ၁၂၇၇ ခုနှစ်တွင် တရုတ်နိုင်ငံတောင်ပိုင်းမြို့တစ်မြို့ကို ဝိုင်းရံပိတ်ဆို့ထားသော မွန်ဂိုတို့အား ပြန်လှန်တိုက်ခိုက်ရာ၌ စတင်အသုံးပြုခဲ့ကြောင်း သိရသည်။ ထိုမိုင်းကို တီထွင်ဖန်တီးခဲ့သူမှာ ၁၃ ရာစု တရုတ်နိုင်ငံသား လျူချန်ရှာဖြစ်သည်ဟုဆိုသည်။

ဥရောပတွင်မူ ပထမဆုံးမြေမြုပ်မိုင်းကို စပိန်စစ်သားတစ်ဦးဖြစ်သော ပီဒရိုနဗာရို (၁၅၂၈ ခုနှစ်တွင် ကွယ်လွန်)က တီထွင်ဖန်တီးခဲ့ပြီး ၁၆ ရာစုအစပိုင်းတွင် အီတလီရဲတိုက်များဝန်းကျင်တစ်ဝိုက် စတင်မြှုပ်နှံအသုံး ပြုခဲ့သည်။

၁၅၇၃ ခုနှစ်၌ ဂျာမနီနိုင်ငံ၊ သြစဘတ်မြို့တွင် ဂျာမန်စစ်အင်ဂျင်နီယာတစ်ဦးဖြစ်သော ဆင်မြူယယ် ဇင်မာမန်းဆိုသူက အလွန်ပြင်းထန်ထိရောက်သော ဖလက်ဒါမိုင်း (Fladdermine) အမည်ရှိ မိုင်းတစ်လုံးကို  တီထွင်ခဲ့ပြီး အဓိကခံတပ်ကြီးများတွင် ၁၈၇၀ ပြည့်နှစ်များအထိ အသုံးပြုခဲ့ကြသည်။

၁၈ ရာစု ဥရောပစစ်ပွဲများစွာတွင် လက်လုပ်မြေမြုပ်မိုင်းများနှင့် ထောင်ချောက်မိုင်းများကိုသာ အသုံး ပြုခဲ့ပြီး အမေရိကန်တော်လှန်ရေးစစ်နှင့် အမေရိကန်ပြည်တွင်းစစ်တွင်လည်း အလားတူတွင်တွင်ကျယ်ကျယ်  သုံးခဲ့သည်။

ခေတ်မီယန္တရားသုံးစနက်တံတပ်ဆင်ထားသည့် ပေါက်ကွဲအားမြင့် လူသတ်မြေမြုပ်မိုင်းများကို ၁၈၆၂  ခုနှစ်တွင်ဖြစ်ပွားသော ယော့(ခ)တောင်းတိုက်ပွဲအတွင်း ဗိုလ်မှူးချုပ် ဂါဘရီယာယ် ဂျေဂျိန်း(စ)၏ ကွန်ဖက် ဒရိတ်တပ်များက ပထမဆုံးတီထွင်အသုံးပြုခဲ့သည်။

လက်လုပ်မိုင်းများကို ဂျာမန်အင်ပါယာအတွင်း ၁၉၁၂ ခုနှစ်တွင် တီထွင်ဖန်တီးခဲ့ကြပြီး ပထမကမ္ဘာစစ် အတွင်း အဓိကပါဝင်ခဲ့ကြသော နိုင်ငံအားလုံးက ပုံတူကူးထုတ်လုပ်အသုံးပြုခဲ့ကြသည်။ စစ်တွင်းပါဝင် တိုက်ခိုက် သည့် နှစ်ဘက်စလုံးမှာ မြေမြုပ်မိုင်းများကို ခံစစ်အနေဖြင့်လည်းကောင်း၊ တူးမြောင်းမိုင်းများကို ထိုးစစ်အနေဖြင့် လည်းကောင်း သုံးစွဲခဲ့ကြသည်။ စစ်မပြီးသေးမီမှာပင် ဗြိတိသျှတို့က ပေါက်ကွဲပစ္စည်းအစား အဆိပ်ဓာတ်ငွေ့ပါဝင် သော မြေမြုပ်မိုင်းများကို ထုတ်လုပ်အသုံးပြုခဲ့ကြပြန်သည်။ ထိုအဆိပ်ငွေ့မိုင်းများကို အနည်းဆုံး ၁၉၈၀ ပြည့်နှစ်များထိတိုင် ဆိုဗီယက်ပြည်ထောင်စုတွင် ထုတ်လုပ်ခဲ့သည်ဟုဆိုသည်။ အမေရိကန် ပြည်ထောင်စုက လည်း ၁၉၅၀ ပြည့်နှစ်များအတွင်း ထိုမိုင်းများကို အနိမ့်ဆုံးအစမ်းသဘောထုတ်လုပ်ခဲ့ကြောင်း ကြားသိရသည်။

ထို့ပြင် နယူကလီယားမိုင်းများကိုလည်း မြေမြုပ်မိုင်းရော၊ ရေမြုပ်မိုင်းအမျိုးအစားအဖြစ်ပါ တီထွင် ထုတ်လုပ်ခဲ့ကြသည်။ ဥပမာ- ဗြိတိသျှတို့၏ “Blue Peacock” စီမံကိန်းနှင့် အမေရိကန်တို့၏ “Medium Atomic Demolition Munition” များပင်ဖြစ်သည်။

မြေမြုပ်မိုင်းအမျိုးအစားများ

မြေမြုပ်မိုင်းကို အဓိကအားဖြင့် နှစ်မျိုးနှစ်စား ခွဲခြားထုတ်လုပ်အသုံးပြုသည်။ တစ်မျိုးမှာ လူသတ်မိုင်း (Anti-personnel mine) နှင့် အခြားတစ်မျိုးမှာ ယာဉ်ဖျက် မိုင်း (Anti-vehicle mine) တို့ဖြစ်သည်။

လူသတ်မိုင်း

လူသတ်မိုင်းများကို လူများအား သေကျေပျက်စီးစေရန်နှင့် ဒဏ်ရာအနာတရဖြစ်စေရန် အခြေခံအားဖြင့်  စီမံပြုလုပ်ထားသည်။ လူသတ်မိုင်းအများစုကို တစ်ဖက်ရန်သူ၏ ထောက်ပံ့ပို့ဆောင်ရေးဝန်ထုပ်ဝန်ပိုး (ဖယ်ရှား၊ သယ်ယူ၊ ဆေးကုသ စသည်)အားကြီးထွားလာစေရန် အလို့ငှာ လူသေစေသည်ထက် ဒဏ်ရာရစေရန် စီမံထား တတ်သည်။ အချို့လူသတ်မိုင်းအမျိုးအစားများမှာမူ သံချပ်ကာ ကားဘီးများနှင့် ချိန်းကြိုးများကိုပင် ပျက်စီး စေနိုင်ပေသည်။

၂၁ ရာစု၏ အချိုးမညီစစ်ပွဲများနှင့် ပြည်တွင်း စစ်များတွင် ကြုံရာကျဘမ်းပြုလုပ်ထားသော လက်ဖြစ်      ဖောက်ခွဲရေးပစ္စည်းများမှာ ခြေလျင်စစ်သားများနှင့် အရပ်သားများ ထိခိုက်ဒဏ်ရာရစေသည့် ရင်းမြစ်အဖြစ်  သမားရိုးကျမြေမြုပ်မိုင်းနေရာတွင် တစ်စိတ်တစ်ပိုင်း အစားထိုးဝင်ရောက်ခဲ့သည်။ ထိုလက်ဖြစ်မိုင်းများကို အမြဲတမ်းတပ်ဖွဲ့များအား ထိခိုက်စေရန်အတွက် သူပုန်များနှင့် အခြားအကြမ်းဖက်သမားများက အဓိကအသုံးပြု ကြသည်။ ထိုလက်နက်များကြောင့် ဒဏ်ရာအနာတရ ဖြစ်မှုများမှာ မြေမြုပ်မိုင်းများကြောင့် ဒဏ်ရာအနာတရ ဖြစ်မှုများထက် ပိုမိုဆိုးရွားကာ အကျိုးဆက်အားဖြင့် ခြေပြတ်၊ လက်ပြတ်၊ ခန္ဓာကိုယ်အောက်ပိုင်းဖြတ် တောက် ပစ်ကြရလေသည်။ သို့သော် ထိုလက်နက်များ ကို ခေတ်ပေါ်မြေမြုပ်မိုင်းအမျိုးအစားတွင် ထည့်သွင်းခြင်းမပြုဘဲ လက်နက်ထုတ်စက်ရုံများမှ အများအပြား ထုတ်လုပ်သော လူသတ်မိုင်းများကိုသာ တန်းဝင်မြေမြုပ်မိုင်းစာရင်း တွင် ထည့်သွင်းသတ်မှတ်သည်။

လူသတ်မိုင်းတားဆီးပိတ်ပင်ရေးစာချုပ်ကို ၁၉၉၇ ခုနှစ်တွင် သဘောတူလက်မှတ်ထိုးခဲ့ပြီး ၁၉၉၉ ခုနှစ် တွင် စတင်အသက်ဝင်ခဲ့သည်။ ထိုစာချုပ်အရ မိုင်းများ အသုံးပြုခြင်း၊ ထုတ်လုပ်ခြင်း၊ စုဆောင်းခြင်းနှင့် လွှဲပြောင်းခြင်းမပြုရန် တားမြစ်ပိတ်ပင်ကာ ယင်းတို့၏ အဖျက်စွမ်းအားကို ပေါ်လွင်ထင်ရှားစေခဲ့သည်။

နိုင်ငံပေါင်း ၁၆၄ နိုင်ငံက သဘောတူလက်မှတ်  ရေးထိုးထားခဲ့ပြီဖြစ်သော ထိုလူသတ်မိုင်းတားဆီး ပိတ်ပင်ရေးစာချုပ်(သို့) အော့တဝါစာချုပ်တွင် လူသတ်မိုင်းပေါင်း သန်းထောင်ပေါင်းများစွာကို အစုလိုက် အပြုံလိုက်ထုတ်လုပ်စုဆောင်းထားသည့် အမေရိကန် ပြည်ထောင်စု၊ ရုရှားဖက်ဒရေးရှင်းနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့အပါအဝင် နိုင်ငံ ၃၃ နိုင်ငံတို့က ပါဝင် လက်မှတ်ရေးထိုးခြင်း မပြုသေးပေ။

ယာဉ်ဖျက်မိုင်း

ယာဉ်ဖျက်မိုင်းများကို ပထမကမ္ဘာစစ်အတွင်း တင့်ကားများတီထွင်ထုတ်လုပ်မှုအပြီး များမကြာမီမှာပင် တီထွင်ဖန်တီးခဲ့ကြခြင်းဖြစ်သည်။ အစပထမတွင်  ဖြစ်ကတတ်ဆန်း ပုံသေဒီဇိုင်းများဖြင့် ထုတ်လုပ်ခဲ့သည်။  စစ် ယာဉ်တစ်စီးဖြတ်သွားမည့် လုံခြုံရေးအားနည်းချက်ရှိသည့် လမ်းကြောင်းတွင် ထိုယာဉ်ဖျက်မိုင်းကို ထောင်ထား တတ်သည်။ ရည်ရွယ်ချက်မှာ အဆိုပါယာဉ် များအား လှုပ်ရှားမောင်နှင်မှု မပြုနိုင်စေရန် (သို့) ဖျက်ဆီးပစ်ရန်နှင့် ယာဉ်ပေါ်ပါရန်သူများအား ထိခိုက်ပျက်စီးစေရန်ဖြစ်သည်။

ယာဉ်ဖျက်မိုင်းများမှာ လူသတ်မိုင်းများထက် အရွယ်အစားကြီးမားကာ ပေါက်ကွဲမှုဖြစ်ပေါ်ရန် ဖိအား ပိုမိုလိုအပ်သည်။ ပုံမှန်အားဖြင့် ပေါက်ကွဲရန် ကီလိုဂရမ် ၁၀ဝ (ပေါင် ၂၂၀) လိုအပ်သော ဖိအားမြင့်စနက်တံမှာ ခြေလျင်တပ်သုံးယာဉ်များ(သို့) ယာဉ်အငယ်စားများကြောင့် ပေါက်ကွဲနိုင်ခြင်းမရှိချေ။ ပိုမိုခေတ်မီသော ယာဉ်ဖျက်မိုင်းများတွင်မူ မိုင်းရှိရာလမ်းကြောင်းသို့ ယာဉ်ထိုးဖောက်ဝင်ရောက်လာမှုကို ချိန်ရွယ်ပြုလုပ်ထား သော ပုံရိပ်ဖမ်းကိရိယာများအား အသုံးပြထားသည်။

သမားရိုးကျစစ်နှင့်မြေမြုပ်မိုင်း

စစ်ရေးသိပ္ပံတွင် မြေမြုပ်မိုင်းကွင်းများကို ကာကွယ်ရေးနှင့် နှောင့်ယှက်ရေးလက်နက်များအဖြစ် သဘော ထားသည်။ ရန်သူကို နှောင့်နှေးစေရန် ပကတိမြေပြင်အနေအထားကို ရန်သူမသိစေရန်၊ သတ်ကွင်းထဲသို့ ရန်သူကိုဆွဲသွင်းရန်၊ ရန်သူ့ရုပ်ဝတ္ထုပစ္စည်းများနှင့် ရန်သူကို အလျင်းသင့်သလို တိုက်ခိုက်ခြင်းဖြင့် စိတ်ဓာတ် ကျဆင်းစေရန်ရည်ရွယ်အသုံးပြုခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းမှ ရင်ဆိုင်တိုက်ခိုက်မှုအချို့တွင် ယာဉ် ဖျက်မိုင်းများလက်ချက်ဖြင့် တစ်ဘက်ယာဉ်ရထား အားလုံး၏ထက်ဝက်မှာ လှုပ်ရှားနိုင်စွမ်းမရှိ ဖြစ်ခဲ့ရသည်။

မိုင်းကွင်းများတွင် ရန်သူမဟုတ်သည့် မိတ်ဆွေတပ်ဖွဲ့များနှင့် တိုက်ပွဲဝင်စစ်သည်မဟုတ်သူများ မဝင် ရောက်မိစေရန် သတိပေးဆိုင်းဘုတ်များ၊ ပိတ်စများဖြင့် အမှတ်အသားပြုထားတတ်သည်။ ထို့ပြင် အဆိုပါ အမှတ်အသားများမှာ ဖျက်ဆီးခံရ၊ ဖယ်ရှားပစ်ခံရနိုင်သောကြောင့် မိုင်းတပ်ဖွဲ့အများစုသည် ၄င်းတို့ထောင်ထား သော မိုင်းကွင်းတည်နေရာနှင့် အစီအစဉ်အနေအထား အားလုံးကို ဂရုတစိုက်မှတ်တမ်းတင်ထားတတ်ကြသည်။ စစ်ဆင်ရေးအပြီးသတ်သည့်အချိန်တွင်မူ ထိုမိုင်းကွင်းများကို ရှင်းလင်းပစ်သင့်ပေသည်။ သို့တစေ  မိုင်းကွင်းများ တွင် ရန်သူမဟုတ်သော မိတ်ဖက်လှုပ်ရှား မှုများဖြတ်သန်းသွားလာခွင့်ပြုရန် လုံခြုံသောလမ်းကြောင်းများကို အမှတ်အသားပြသည်လည်းရှိ၊ မပြသည်လည်းရှိတတ်သည်။

မည်သို့ဆိုစေ ဂျီနီဗာကွန်ဗင်းရှင်းတွင် ထပ်မံဖြည့် ဆည်းခဲ့သော ”သမားရိုးကျလက်နက်များဆိုင်ရာ သဘောတူညီချက်”၏ လုပ်ထုံးလုပ်နည်းအမှတ် ၂ အရ မိုင်းကွင်းများကို အမှတ်အသားလည်းမပြ၊ နောင်တွင် ဖယ်ရှားရှင်းလင်းရန်အတွက်လည်း မှတ်တမ်းပြုမထား ခြင်းကို စစ်ရာဇဝတ်မှုတစ်ခုအဖြစ် သတ်မှတ်သဘော ထားပေသည်။

ပြောက်ကျားစစ်နှင့် မြေမြုပ်မိုင်း

သမားရိုးကျစစ်တွင် အသုံးပြုလေ့ရှိသော မိုင်းစစ်ဆင်ရေး၏ နည်းဗျူဟာနှင့် စံသတ်မှတ်ချက်များကို ပျောက်ကျားစစ်၏ မိုင်းစစ်ဆင်ရေးတွင် လိုက်နာကျင့် သုံးခြင်းမပြုကြချေ။

ပြောက်ကျားစစ်တွင် မြေမြုပ်မိုင်းများကို သီးသန့် အနေအထား သို့မဟုတ် သီးခြားနေရာဒေသတစ်ခုခု အတွက် ကာကွယ်ရေးအခန်းကဏ္ဍအဖြစ် အသုံးမပြုပါ။  မိုင်းထောင်သည့် နေရာများကိုလည်း အမှတ်အသားပြ မထားပါ။ မိုင်းများကို နေရာတစ်နေရာထဲတွင် အစုလိုက်မထောင်ဘဲ တစ်လုံးချင်းသာ ထောင်လေ့ရှိသည်။ ထောင်ပြီးသားမြေမြုပ်မိုင်းများအား ဖြုတ်သိမ်းရှင်းလင်းခြင်းလည်းမပြုဘဲ ဂရုလည်းမထားတတ်ကြပေ။

မြေမြုပ်မိုင်းအန္တရာယ်

သမားရိုးကျစစ်တွင်ဖြစ်စေ၊ ပျောက်ကြားစစ်တွင် ဖြစ်စေ စစ်သားရော၊ အရပ်သားကိုပါအတူတူ ထိခိုက် ပျက်စီးစေတတ်ပြီး ရန်သူမိတ်ဆွေမခွဲခြားသော လက်နက်များဖြစ်သည့် မြေမြုပ်မိုင်းအသုံးပြုတိုက်ခိုက်ခြင်း သည် အလွန်အငြင်းပွားစရာပြဿနာတစ်ရပ် ဖြစ် ပေသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလထုတ် Landmine & Cluster Munition Monitor ၏အဆိုအရ ကမ္ဘာ တစ်ဝန်း နိုင်ငံပေါင်း ၅၇ နိုင်ငံနှင့် အခြာဒေသ ၄ နေရာတို့မှာ မြေမြုပ်မိုင်းအန္တရာယ်ကျရောက်နေကြောင်း အတည်ပြုနိုင်ခဲ့သည်။ ကမ္ဘာလုံးအနှံ့ ယုံကြည်စိတ်ချလောက်သော မြေတွင်းမိုင်း စုစုပေါင်းအရေအတွက်ကို မသိရှိ နိုင်သော်လည်း ၄င်းတို့ကြောင့် အသုံးမပြုနိုင်သော မြေယာပမာဏစုစုပေါင်းကို ကြည့်ရှုဆုံးဖြတ်ခြင်းနှင့် ၄င်းတို့ ကြောင့် သေကျေဒဏ်ရာရသူအရေအတွက် အချက်အလက်စုဆောင်းခြင်းတို့အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် မြေမြုပ်မိုင်းအန္တရာယ်ကို တိုင်းတာသိရှိနိုင်ပေသည်။

နှစ်ပေါင်းများစွာ အမျိုးမျိုးသောစစ်ပေါင်းများစွာအတွင်း ကမ္ဘာ့မဟာပထဝ၀ီမြေပြင်တွင်း စုပုံရောက်ရှိ နေခဲ့သည့် မြေမြုပ်မိုင်းများကြောင့် ထောင်ပေါင်းရာပေါင်းများစွာသော နွားကျောင်းသား၊ သိုးကျောင်းသား ကလေးငယ်များ၊ အသီးအနှံစိုက်ပျိုးနေသော၊ ဆော့ကစား နေသောကလေးငယ်များအပါအဝင် အသက်အရွယ် မရွေး၊ ကျားမ မခွဲခြား လူသားများမှာ သေကျေ ဒဏ်ရာရ၊ ဒုက္ခိတဘဝသို့ ရောက်ခဲ့ကြရသည်။

၁၉၇၅ ခုနှစ်မှစ၍ ကမ္ဘာ့လူသား ၁ သန်းကျော်မှာ မြေမြုပ်မိုင်းကြောင့် သေဆုံးခဲ့ကြရပြီး လောလောဆယ် အချိန်တွင် တစ်လလျှင် လူ ၈၀ဝ နှုန်းဖြင့် သေဆုံးနေ ကြရသည်။ ယူနီဆက်၏အဆိုအရ ကမ္ဘာတစ်လွှား နိုင်ငံပေါင်း ၆၄ နိုင်ငံတွင် မြေတွင်းရှိမိုင်းအရေအတွက် မှာ ခန့်မှန်းခြေ သန်း ၁၁၀ ခန့်ရှိနေပြီး ပေါက်ကွဲရန် စောင့်ကြိုနေကြကြောင်း သိရသည်။

ကမ္ဘာတစ်လွှား ဖြစ်ပွားခဲ့သော စစ်ပွဲများတွင် ပါဝင်တိုက်ခိုက်သူအားလုံးက မြေမြုပ်မိုင်းများကို အသုံး ပြုခဲ့ကြသည်။ ပါရှန်ပင်လယ်ကွေ့ စစ်ပွဲအတွင်း အမေရိကန်နှင့် ယင်း၏မဟာမိတ်များက အီရတ်- ကူဝိတ် နယ်စပ်တစ်လျှောက်နှင့် အီရတ်မြို့တော်ဘာဆရာ တို့တွင် မိုင်း ၁ သန်းခန့်ထောင်ခဲ့ကြသည်။ ဘော်(လ) ကန်စစ်ပွဲ အတွင်းတွင်လည်း ၃ သန်းခန့်ထောင်ခဲ့ကြ သည်။ အာဖရိကနှင့် အာရှတွင်မူ ပေါက်ကွဲရန်စောင့်ဆိုင်းနေကြသော မြေတွင်းမိုင်းအရေအတွက် အများဆုံးဖြစ်သည်။ မြေမြုပ်မိုင်းများကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရသော နိုင်ငံများမှာ အာဖဂန်နစ္စတန်၊  အန်ဂိုလာနှင့် ကမ္ဘောဒီးယားတို့ဖြစ်ဖွယ်ရှိသည်။ အာဖဂန် နစ္စတန်တွင် ခန့်မှန်းခြေ မိုင်းပေါင်း ၁၀ သန်းမှ ၁၅ သန်းအထိရှိသည်။ ထိုမိုင်းအများအပြားမှာ အရပ်သားထိခိုက်ပျက်စီးမှုများဖြစ်စေရန် နှင့် လူများအကြား အကြောက်တရားဖုံးလွှမ်းနေစေရန် လူနေဒေသများအတွင်းသို့ အလျင်းသင့်သလို ကြုံရာ ကျဘမ်း ကျဲချထားခဲ့သော လူသတ်မိုင်းများဖြစ်ပေသည်။

ကမ္ဘာပေါ်တွင် မြေမြုပ်မိုင်းအများဆုံးတည်ရှိရာ နိုင်ငံ ၁၀ နိုင်ငံမှာ- အီဂျစ် (၂၃သန်း)၊ အီရန် (၁၆သန်း)၊ အန်ဂိုလာ (၁၀သန်း)၊ အာဖဂန်နစ္စတန် (၁၀သန်း)၊ အီရတ် (၁၀သန်း)၊ ကမ္ဘောဒီးယား (၁၀သန်း)၊ ကူဝိတ် (၅သန်း)၊ ဘော့စနီးယား-ဟာဇီဂိုးစီးနား (၃သန်း)၊ မိုဇမ် ဘစ်(၃သန်း)နှင့် ဆိုမာလီယာ (၁သန်း)တို့ဖြစ်ကြောင်း သိရှိရသည်။

မြေမြုပ်မိုင်းထုတ်လုပ်သောနိုင်ငံများ

မြန်မာ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျူးဘား၊ အိန္ဒိယ၊ အီရန်၊ အီရတ်၊ နီပေါ၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ရုရှားဖက်ဒရေးရှင်း၊ စင်ကာပူ (၂၀၁၅ ခုနှစ်တွင် ထုတ်လုပ်မှုရပ်စဲသည်)၊ အမေရိကန် ပြည်ထောင်စု နှင့် ဗီယက်နမ်တို့ဖြစ်ကြောင်း ၂၀ဝ၄  ခုနှစ်တွင် ICBL က သတ်မှတ်ဖော်ပြခဲ့သည်။ မကြာသေးမီအထိ မြေမြုပ် မိုင်းများ ထုတ်လုပ်သည်ဟု ယူဆရသော အခြားနိုင်ငံများမှာ အီဂျစ်(၁၉၈၈ ခုနှစ်တွင် ထုတ်လုပ်မှုရပ်ဆိုင်း ကြောင်း တရားမဝင်ဖော်ပြ)၊ တောင်ကိုရီးယား (၂၀ဝ၀ ခုနှစ်မှစ၍ မထုတ်လုပ်တော့ဟုကြေညာ)၊ လစ်များ (မည်သည့်အခါကမျှ မထုတ်လုပ် ခဲ့ကြောင်း ၂၀ဝ၄ ခုနှစ်တွင် ပြောကြား) တို့ဖြစ်ကြသည်။

မြေမြုပ်မိုင်းအများဆုံးပိုင်ဆိုင်သောနိုင်ငံများ

အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ၄င်းတို့အပြင် မြေမြုပ်မိုင်းတားဆီး ပိတ်ပင် ရေးစာချုပ်ပြင်ပနိုင်ငံများ၏ စုစုပေါင်းမြေမြုပ်မိုင်းပိုင်ဆိုင်မှုမှာ သန်း ၅၀ ခန့်ရှိသည်။ ထိုမိုင်းများအား ဖျက်ဆီးမပစ်ပါက အချိန်မရွေး အသုံးပြုရန် အသင့် အနေအထားဖြစ်နေသည်။

လူသတ်မိုင်းဆက်လက်ထုတ်လုပ်နေဆဲနိုင်ငံများ

မြန်မာ၊ ပါကစ္စတန်၊ တောင်ကိုရီးယားနှင့် လက်နက်ထုတ်လုပ်ခွင့်ကိုင်စွဲထားသော နိုင်ငံအချို့တို့ ဖြစ်သည်ဟု International Compaign To Ban Land Mines အဖွဲ့က ဆိုသည်။ ထိုအထဲတွင် မြေမြုပ်မိုင်း တားဆီးပိတ်ပင်ရေးစာချုပ်ဝင်မဟုတ်သော်လည်း လူသတ်မိုင်းဆက်လက်အသုံးပြုသောနိုင်ငံများ ရှားပါးသွားပြီ ဖြစ်သည်။ သို့ရာတွင် မြန်မာနိုင်ငံတွင်မူ ပြီးခဲ့သည့်နှစ်များမှသည် ယခုအချိန်ထိတိုင် အဆိုပါလူသတ် မိုင်းများ အား စွဲစွဲမြဲမြဲအသုံးပြုနေဆဲပင်။ အလားတူ လက်တစ်ဆုပ်စာနိုင်ငံအနည်းငယ်ရှိ အစိုးရမဟုတ်သည့် လက်နက် ကိုင်အဖွဲ့များကလည်း လူသတ်မိုင်းများအား ဆက်လက်သုံးစွဲနေကြောင်း ယင်းအဖွဲ့က ပြောကြားသည်။

မြေမြုပ်မိုင်း၏ ဘေးထွက်ဆိုးကျိုးများ

ကမ္ဘာတစ်ဝန်း (အထူးသဖြင့် ဥရောပ၊ မြောက် အာဖရိကနှင့်အာရှ) မြေမြုပ်မိုင်း၏ ဘေးထွက်ဆိုးကျိုး များကြောင့် ဟက်တာသန်းပေါင်းများစွာသော မြေယာတို့မှာ ညစ်ညမ်းခဲ့ကြရသည်။ ထိုမိုင်းများပေါက်ကွဲမှု ကြောင့် လူသားနှင့်တောရိုင်းတိရစ္ဆာန်များ အပြင်းအထန်ဒဏ်ရာအနာတရဖြစ်မှုနှင့် သေကျေပျက်စီးမှုများအပြင် မြေဆီလွှာ၊ သီးနှံသစ်ပင်နှင့် ရေအရင်းအမြစ်တို့ အကြီး အကျယ်ဆုံးရှုံးခဲ့ရပြီး အကျိုးဆက်အနေဖြင့် ဂေဟဗေဒ စနစ်ပျက်စီးမှုကိုပါ ဆက်တိုက်ကြုံတွေ့ကြရသည်။

ထို့ပြင် သဘာဝဘေးအန္တရာယ်များမှာလည်း မိုင်း ရှင်းလင်းရေးလုပ်ငန်းစဉ်အပေါ် ထူးထူးကဲကဲ ဆိုးကျိုး သက်ရောက်နိုင်သည်။ ဥပမာအားဖြင့် ၁၉၉၉ ခုနှစ်နှင့်  ၂၀ဝ၀ ပြည့်နှစ်များတွင် ဖြစ်ပွားခဲ့သော ရေလွှမ်းမိုးမှုများ ကြောင့် မိုဇမ်ဘစ်နိုင်ငံရှိ စစ်ကျန်မြေမြုပ်မိုင်းထောင် သောင်းသိန်းသန်းတို့မှာ နေရာအမှတ်အသားများ ပျောက် ဆုံးခဲ့ရပြီး ရှာဖွေရှင်းလင်းရေးကြိုးပမ်းမှုများ ပြန်လည် လုပ်ဆောင်ရန် နှောင့်နှေးကြန့်ကြာမှုများ ကြုံခဲ့ရသည်။

မြေမြုပ်မိုင်းများကြောင့် ဖြစ်ပေါ်ခဲ့ရသော မြေယာ အရည်အသွေးနိမ့်ကျပျက်စီးခြင်းတွင် သဘာဝရင်းမြစ် များရယူပိုင်ခွင့်ဆုံးရှုံးခြင်း၊ ဇီဝမျိုးကွဲများဆုံးရှုံးခြင်း၊ အသေးစားသက်သာချောင်ချိမှုပျက်စီးခြင်း၊ ဇီဝမျိုးကွဲများ ဆုံးရှုံးခြင်း၊ အသေးစားသက်သာချောင်ချိမှုပျက်စီးခြင်း၊ ဓာတုဗေဒစွန်းထင်းညစ်ညမ်းခြင်းနှင့် ကုန်ထုတ်လုပ်နိုင် မှု ပျောက်ဆုံးခြင်းတို့ ပါဝင်သည်။

ဗီယက်နမ်အလယ်ပိုင်းဒေသတွင် ပြုလုပ်ခဲ့သော လေ့လာမှုတစ်ခုအရ မြေမြုပ်မိုင်းများကြောင့် မိသားစု ၁၂ဝ၀ဝ ကို ထောက်ပံ့ရန်လုံလောက်သည့် မြေဟက်တာ ၇ဝ၀ဝ နီးပါးမှာ မည်သည့်သစ်ပင်သီးနှံမျှ စိုက်ပျိုး ထုတ်လုပ်မှု မပြုနိုင်သေးသည့်အခြေအနေတွင် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ယခင်ကလူသူနေထိုင်ခဲ့သည့် မြေယာများတွင် မြေမြုပ်မိုင်းများရှိနေခြင်းကြောင့် လူဦးရေရွှေ့ပြောင်းမှု များဖြစ်ပေါ်လာကာ မြို့ပြဒေသများတွင် လူဦးရေ သိပ်သည်းကျပ်တည်းမှုဖြစ်ပြီး ကူးစက်ရောဂါအန္တရာယ်လည်း အကျိုးဆက်အနေဖြင့် မြင့်မားလာရသည်။ ထို့ပြင် မြေမြုပ်မိုင်းများရှိနေခြင်းကြောင့် စာသင်ကျောင်းများနှင့် ဆေးရုံများအပါအဝင် အရေးကြီးအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း မှုများမှာလည်း နှောင့်နှေးကြန့်ကြာကြရ သည်။

မြေမြုပ်မိုင်းများနှင့်မြန်မာနိုင်ငံ

မြန်မာနိုင်ငံသည် မြေမြုပ်မိုင်းကြောင့် ထိခိုက်ပျက်စီးမှုအများဆုံးနိုင်ငံများအနက် အာရှတွင် ပထမ၊ ကမ္ဘာတွင် တတိယနေရာ၌ရှိနေပေသည်။ မြန်မာနိုင်ငံ အထက်တွင် အာဖဂန်နိစ္စတန်က ပထမ၊ ကိုလမ်ဘီယာက ဒုတိယဖြင့် နှစ်နိုင်ငံသာရှိတော့သည်။

၁၉၉၉ ခုနှစ်မှစ၍တွက်လျှင် မြေမြုပ်မိုင်းများကြောင့် သေကျေ၊ ဒဏ်ရာအနာတရဖြစ်ခဲ့ရသူအရေအတွက် မှာ ၃၇၀ဝ ကျော်ရှိသည်ဟု အတည်ပြုနိုင်ခဲ့သည်။ သို့သော်တကြွ်ကလှုပ်ရှားသူများကမူ တကယ့် စာရင်းဇယား မှာ သည့်ထက်များသည်ဟု ဆိုကြသည်။ Mine Free Myanmar အဖွဲ့၏ခန့်မှန်းချက်အရ မိုင်းကြောင့် ဒဏ်ရာ ရသူပေါင်းမှာ ၄၀ဝ၀ဝ နီးပါးမျှရှိ ကြောင်း ကြားသိရသည်။

ICBL  ၏ အစီရင်ခံစာအရ မြန်မာ့တပ်မတော် အနေဖြင့် မြေမြုပ်မိုင်းများကို ၁၉၉၇ ခုနှစ်မှစ၍ နှစ်စဉ် နှစ်တိုင်း ထောင်ထားခဲ့သည်ဟုဆိုသည်။ ၁၉၉၇ ခုနှစ်သည် နိုင်ငံတကာအတိုင်းအတာဖြင့် လူသတ်မိုင်းတားဆီး ဆန့်ကျင်ရေးသဘောတူစာချုပ် (သို့) အော့တဝါစာချုပ်ချုပ်ဆိုကာ လူသတ်မိုင်းများ သိုလှောင်ခြင်း၊ ထုတ်လုပ် ခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်းတို့အား တားမြစ်ပိတ်ပင်ကြောင်း နိုင်ငံပေါင်း ၁၆၁ နိုင်ငံက သဘောတူလက်မှတ် ရေးထိုးခဲ့သည့်နှစ်ဖြစ်သည်။ ယနေ့အချိန်အထိ လက်မှတ်ရေးထိုးပြီးသည့် နိုင်ငံပေါင်း ၁၆၄ နိုင်ငံရှိပြီဖြစ်၍ မြန်မာအပါအဝင် နိုင်ငံပေါင်း ၃၂ နိုင်ငံ တို့မှာ အဆိုပါစာချုပ်ကို သဘောတူလက်မှတ်ရေးထိုးမှု မပြုကြသေးပေ။ ထို့ပြင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုကလည်း မြန်မာအစိုးရတပ်မတော်အပေါ် တော်လှန်စစ်ဆင်နွှဲရာတွင် အဆိုပါ လူသတ်မိုင်းများအား တက်တကြွ်ကြွက အသုံးပြုခဲ့ကြကြောင်း ICBL  က ဆိုပါသည်။

ကမ္ဘောဒီးယား သို့မဟုတ် အာဖဂန်နစ္စတန်တို့နှင့် ယှဉ်လျှင် မြန်မာနိုင်ငံတွင် ကြီးမားများပြားသော မိုင်း ကွင်းများ မရှိဟုဆိုသော်ငြား တိုင်းရင်းသားလူနည်းစုများ မှီတင်းနေထိုင်ရာ ကျေးလက်ဒေသများတွင်မူ ထို လူသတ်မိုင်းများမှာ ပြန့်ကျဲတည်ရှိနေကြသည်။ အဆိုပါမိုင်းများကို တောတွင်းလူသွားလမ်းများနှင့် အခြားနေရာ များတွင် တစ်ဖက်ရန်သူ၏ လှုပ်ရှားသွားလာမှုအား ဖြတ်တောက်ရန် ကြိမ်ဖန်များစွာ အသုံးပြုခဲ့ကြသည်။ သို့တစေ ဝေးလံခေါင်ဖျားသော ဒေသများအတွင်း မှီတင်းနေထိုင်ကြသော အပြစ်မဲ့အရပ်သားကျေးရွာသူ၊ ကျေးရွာသားများသာ မူလရည်ရွယ်ရင်းနှင့်ဆန့်ကျင်စွာ ထိုလူသတ်မိုင်းများ၏အန္တရာယ်ကို ထိခိုက်ခံစားနေကြ ရသည်။

အမိုးအကာအတွက် သက်ကယ်ရိပ်ရင်း၊ နေအိမ် အတွက် ဝါးခုတ်ရင်း၊ စားရေရိက္ခာအတွက် အစားအစာ ရှာဖွေရင်း အနာရောဂါအတွက် ဆေးမြစ်ဆေးရွက်ရှာရင်း၊ ဝင်ငွေအတွက် ရောင်းချစရာ သဘာဝထွက်ပစ္စည်း များလိုက်လံစုဆောင်းရင်း တောတွင်းသို့ မဖြစ်မနေဝင်ရောက်သွားလာရသူ တောသူတောင်သားများ၊ ဝေးလံ သောရွာကြီးများရှိ စာသင်ကျောင်းများသို့ သွားရောက်ပညာဆည်းပူးကြရသော ကျောင်းသူကျောင်းသား ကလေး ငယ်များမှာ ထိုလူသတ်မိုင်းများကြောင့် နေ့စဉ်လိုလိုသေကျေဒဏ်ရာ အနာတရဖြစ်ခဲ့ကြရသည်။ ဖြစ်နေကြရ သည်။ ဖြစ်ကြရပေဦးမည်။

မြေမြုပ်မိုင်း၏ သားကောင်များမှာ ရုပ်ခန္ဓာထိခိုက်ခံစားရရုံမက နောက်ဆက်တွဲ ရင်ဆိုင်ကြုံတွေ့ရသော လူမှုဒုက္ခများစွာကို ဘဝတစ်သက်တာ ခံစားကြရလေသည်။ လိုရာခရီးသို့ရောက်လွယ်သော လမ်းဟောင်း၊ လမ်း ကောင်းများမှာ သုံးမရတော့။ လမ်းသစ်ထွင်ကာ ဝေးလံကြာမြင့်စွာ ခက်ခက်ခဲခဲသွားလာကြရသည်။ စိုက်ပျိုး မြေယာများ သုံးစားမရတော့။ စားဝတ်နေမှုအစုစု ဒုက္ခဆင်းရဲများ ဆက်တိုက်ခံစားကြရသည်။ ကလေးများ စာပေသင်ကြားနိုင်ခြင်း မရှိတော့။ အနာဂတ် လမ်းများ ပျောက်ခဲ့ကြရသည်။ စသည်… စသည်… စသည်…။

“ဒါကို အကြမ်းဖက်မှုလို့ ကျွန်တော်တို့ ခေါ်နိုင်တယ်။ လူသတ်မိုင်းအကြမ်းဖက်မှုလို့ ခေါ်နိုင်တယ်။ ဒီဖြစ်ရပ်တွေက ခံရတဲ့တောသူတောင်သားတွေရဲ့ ရင်ထဲ အသဲထဲမှာ အကြောက်တရားကို ကြီးကြီးမားမား ဖြစ် စေတယ်”ဟု ICBL သုတေသနမှူးတစ်ဦးက ဆိုပါသည်။

ဘာ့ကြောင့် ဤဖြစ်ရပ်ဆိုးများ ဖြစ်ခဲ့ကြရသနည်း၊ ဖြစ်နေကြရသနည်း၊ ဖြစ်ရဦးမည်နည်း။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် ဗြိတိသျှနယ်ချဲ့ အောက်မှ လွတ်လပ်ရေးရယူခဲ့သည်နှင့် မရှေးမနှောင်း မှာပင် နိုင်ငံသားချင်း၊ တိုင်းရင်းသားချင်းအပေါ် စစ်ခင်း နှိပ်ကွပ်မှုများ အဆက်မပြတ်ဖြစ်ပွားခဲ့သည်။ အချင်းချင်း သူသေကိုယ်ရှင် တိုက်ခိုက်ရသော ပြည်တွင်းစစ်မီးကြီး တောက်လောင်ခဲ့ရသည်။ တောက်လောင်နေစဲ ဖြစ် သည်။ ယနေ့ထိတိုင်ပင်။

ရှောင်လွဲနေဆဲ ငြိမ်းချမ်းရေး

စစ်ခင်းနေကြသော ဘက်အသီးသီးမှ သေကြေ ဒဏ်ရာရမှုများမှာ ပြည်တွင်းစစ် နှစ် ၇၀ ကျော်ကာလ တွင် ရာထောင်သိန်းသန်းရှိနိုင်ပေသည်။ ထို့ထက် ပိုမို ခံစားကြရသည်ကား အပြစ်မဲ့အရပ်သားများ သို့မဟုတ် အဖိနှိပ်ခံပြည်သူများပင် ဖြစ်ပေလိမ့်မည်။

ဘာ့ကြောင့်နည်း။ ဖက်ပြိုင်စစ်ခင်းသူများအကြား သမားရိုးကျစစ်၊ ပြောက်ကျားစစ်ဆင်နွှဲရာတွင် တိုက် ရိုက်သေကြေအနာတရဖြစ်မှုထက် ထိုစစ်များအတွင်း အသုံးပြုခဲ့ကြသော မြေမြုပ်မိုင်းများ (သို့) လူသတ်မိုင်း များက သာမန်နိုင်ငံသား အပြစ်မဲ့ပြည်သူများအား အဆ ပေါင်းများစွာ နှိပ်စက်ကလူပြုမူခဲ့ကြသည်။ အနေအထိုင် ပျက်၊ အလုပ်အကိုင်ပျက်၊ စီးပွားပျက်၊ အိုးပျက်၊ အိမ် ပျက်၊ ခန္ဓာပျက်၊ ဘဝပျက်သူ အပြစ်မဲ့ပြည်သူအပေါင်း တို့မှာ အဆိုပါအကျိုးမဲ့ပြည်တွင်းစစ်ကို ရပ်စဲသွားသွား စေချင်ကြသည်မှာ အလွန်သဘာဝကျလှသည်။ ထိုစစ် နှင့်ထိုစစ်ကို ဖန်တီးချဲ့ထွင်သူများကြောင့် ဖွတ်ကျောပြာစု၊ ခရုဆံကျွတ်ဖြစ်ကာ ကုန်းကောက်စရာမရှိတော့ သော မြန်မာနိုင်ငံကို ငြိမ်းချမ်းစေချင်ကြလှပြီ။ ပြာပုံ ပေါ်မှ လူးလွန့်ကာ အသစ်တစ်ဖန် ပြန်လည်ရှင်သန်စေ ချင်ကြလှပြီ။

သို့ဖြစ်ရကား ပြည်သူများ၏ ဒုက္ခသုက္ခ၊ နိုင်ငံ၏ မတင့်တယ်နိုင်သော ဘဝတို့၏ အဓိကလက်သည် ဖောက်ပြန်သော ပြည်တွင်းစစ်နှင့်ထိုပြည်တွင်းစစ်က ပေးသော မြေမြုပ်မိုင်းအမွေတို့မှာ နိုင်ငံရေးပြဿနာဖြစ် သည်ဟု ဆိုရပေလိမ့်မည်။ တိုင်းပြည်၏ မရှိမဖြစ် ငြိမ်းချမ်းရေးအတွက် အခြေအမြစ်ကျသော နိုင်ငံရေးပြဿနာ ကို အခြေအမြစ်ကျသော နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရမည်။ ရေရှည်အကျိုးယုတ်ခဲ့ရသော အပြစ်မဲ့ပြည်သူများ ၏မျက်နှာကို ရှေးရှုသည့်၊ နိုင်ငံမျက်နှာကိုသာ ကြည့်သည့် နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရပေလိမ့်မည်။ ပြည်တွင်း စစ်ကို ဖန်တီးသူများ၊ ချဲ့ထွင်သူများ၏ မျက်နှာကို ရှေးရှုသော နိုင်ငံရေးနည်းဖြင့် ဖြေရှင်းခဲ့ ပေါင်းကား များလှပြီ။ အဖြေမထွက်ခဲ့။ ဤနည်းဖြင့်သာ ဆက်လက်ဖြေရှင်းနေဦးမည်ဆိုပါက ပြည်တွင်းစစ်အိုင်းအမာက ကုမရသော ကင်ဆာရောဂါအဖြစ် ရေတိမ်နစ် ရပေတော့မည်။ ငြိမ်းချမ်းရေးကား မျက်နှာလွှဲရှောင်ဖယ်နေဆဲ။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် မြန်မာ့တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးအကြား ပြည်တွင်းစစ်သက်တမ်းနှင့်အမျှ နှစ်ဖက်ဆွေးနွေးပွဲများ ကျင်းပခဲ့ကြသော်လည်း မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ကား ရှောင်လွှဲနေစဲဖြစ်သည်မှာ ယနေ့မျက်မှောက် ကာလထိ ပကတိအရှိဖြစ်သည်။

ထိုပကတိအရှိ အခြေအနေကပင် မြေမြုပ်မိုင်း ဒဏ်ခံအပြစ်မဲ့ပြည်သူများအတွက် ဤလူသတ်မိုင်းများ ရှင်းလင်းရေးလုပ်ငန်း လုပ်ဆောင်နိုင်မှုမရှိခြင်း၏ အရင်းခံအကြောင်းတရားဖြစ်သည်ဟု မြေမြုပ်မိုင်းဆန့်ကျင် ရေး တက်ကြွ လှုပ်ရှားသူများက ဆိုကြသည်။

ယုံကြည်မှုအကျပ်အတည်း

ပြည်တွင်းစစ်တွင် ပါဝင်ပတ်သက်နေသူအဖွဲ့အစည်းများကြား တစ်ဦးအပေါ်တစ်ဦး ခြိမ်းခြောက်မှုအဖြစ် ရှုမြင်သဘောထားနေကြခြင်းကြောင့် တစ်ဖက်နှင့်တစ်ဖက် အန္တရာယ်အဖြစ် နားလည်ကာ တွန်းဖယ်မောင်းထုတ် ရန် မြှုပ်နှံထောင်ထားခဲ့ကြသည့်ကို လူသတ်လက်နက်ကွန်ရက်အား ဖျက်သိမ်းရန် မည်သည့်ဘက်ကမျှ ဆန္ဒရှိ ဟန် မတူသေးချေ။

မိုင်းရှင်းလင်းရေးလုပ်ငန်းမှာ အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှစ်ဖက်စလုံးက မီးစိမ်းပြ မှသာ စတင်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတွင်း လူသတ်မိုင်းရှင်းလင်းရေးအတွက် တက်တက် ကြွကြွက စည်းရုံးဆော်သြခဲ့သည့် NGO တစ်ခုဖြစ်သော Norwegian People’s Aid အဖွဲ့၏ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ် Ingeborg Moa က ရှင်းပြပြောဆို သည်။

”အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတစ်ခုအနေနဲ့ နိုင်ငံတစ်နိုင်ငံက အာဏာပိုင်တွေရဲ့ မိုင်းရှင်းလင်းရေး လုပ်ငန်းစဖို့ ခွင့်ပြုချက်လိုပါတယ်။ ဒီမူဝါဒအပြင် ဒီကိစ္စနဲ့ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်ဖို့ အဖွဲ့အစည်း တွေကို ဖိတ်ခေါ်ရမှာက အာဏာပိုင်တွေကိစ္စပါ။ စစ်ဆေးတိုင်းတာမှုတွေလုပ်နိုင်ဖို့နဲ့ အန္တရာယ်ရှိတဲ့နေရာ ဒေသတွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့က လက်တွေ့မြေပြင်အခြေအနေမှာ စစ်တပ်နဲ့အစိုးရအာဏာပိုင်တွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုကိုလည်း လိုအပ်ပါတယ်” ဟု Ingeborg Moa က ပြောသည်။ ”မြန်မာနိုင်ငံမှာ မိုင်းတွေ ရှိနိုင် လောက်တဲ့ အန္တရာယ်နေရာဒေသတွေလို့ သံသယဖြစ်စရာနေရာအများစုဟာ အစိုးရနဲ့တိုင်းရင်း သားလက်နက် ကိုင်အဖွဲ့အများကြီးထဲက တစ်ဖွဲ့တို့ ရောယှက်ထိန်းချုပ်ထားတာမျိုး ဖြစ်တယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ နှစ်ဖက်စလုံးရဲ့ သဘောတူမှုကို တောင်းခံရတာပါ” ဟု သူမက ဆိုပါသည်။

သို့သော် နှစ်ဖက်စလုံးမှ မီးစိမ်းပြမှုကို မရခဲ့။ နှစ်ဖက်ပြိုင်ဘက်များအကြား တစ်ဦးအပေါ်တစ်ဦး မယုံကြည်ကြ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရတက်လာချိန်တွင် ဖြစ်လာမည်လား မျှော် လင့်ကြသော်လည်း မျှော်လင့်သလိုမဖြစ်ခဲ့။ အစိုးရစစ်တပ်နှင့်တိုင်းရင်းသားလက်နက်ကိုင်များကြား တင်းမာမှု လျော့ပါးရေး ဆောင်ရွက်ပေးရန် ကတိခံကာ “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ” ကို အကြိမ်ကြိမ်ကျင်းပပြုလုပ်၍ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးစေခဲ့သော်လည်း အလုပ်မဖြစ်။ ပြည်တွင်းစစ်မီးမှာ မူလဒေသများအပြင် ရခိုင်ပြည်နယ်တွင်းသို့ပါ ကူးစက်လောင်ကျွမ်းလာနေသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အကြို ပစ်ခတ်ရပ်စဲရေးအတွက် အားကြီးသူက သဘောထားကြီးကြီးဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို စတင်ကြေညာမှသာ ပျောက်ဆုံးနေသော ယုံကြည်မှုများ ဖြစ်ပေါ်လာမည်ထင်သည်။ နှစ်ဖက်ယုံကြည်မှု အကျပ် အတည်းမှ လွန်မြောက်ပေလိမ့်မည်။

အော့တဝါသဘောတူညီချက် လက်မှတ်ထိုးရေး

မြေမြုပ်မိုင်းအကြမ်းဖက်မှုအတွက် အော့တဝါမိုင်း တားဆီးရေး သဘောတူညီချက်တွင် မြန်မာနိုင်ငံအနေ ဖြင့် ပါဝင်လက်မှတ်ထိုးရန် မရှိမဖြစ်လိုအပ်ကြောင်း တကြွ်ကလှုပ်ရှားသူများက ဆိုကြသည်။

“ရေရှည်မှာကတော့ ဒါဟာ တစ်ခုတည်းသော အဖြေပါ” ဟု Geneva Call အဖွဲ့မှ Chris Rush က ပြောသည်။ “ဒက ထိရောက်တယ်ဆိုတာ သက်သေပြခဲ့ပြီးပါပြီ။ ဒီမိုင်းတားဆီးပိတ်ပင်ရေးစာချုပ်ကို ၁၉၉၇ ခုနှစ်မှာ ကမ္ဘာတစ်ဝန်း နိုင်ငံအစိုးရတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က လက်မှတ်ရေးထိုးပြီးချိန်ကစလို့ မြေမြုပ် မိုင်းသားကောင်အရေအတွက် တစ်နှစ်ထက်တစ်နှစ် လျော့ကျလာခဲ့ပြီး ဒီလက်နက်ပေါင်း သန်း ၄၀ ကျော်ကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်” ဟု International Campaign to Ban Landmines အဖွဲ့မှ သုတေသနအရာရှိ Yeshua Moser- Puangsuwan ကလည်း ဆိုပါသည်။

သို့တစေ မြန်မာနိုင်ငံအနေဖြင့် အဆိုပါမိုင်းတားမြစ် ပိတ်ပင်ရေးသဘောတူစာချုပ်တွင် လက်မှတ် ရေးထိုးရန် သဘောတူပြီး ပြည်တွင်းငြိမ်းချမ်းရေးရပြီဆိုဦးတော့၊ ရင်ဆိုင်ရမည့်စိန်ခေါ်မှုများကား ကြီးမားနေပေ လိမ့်ဦးမည်။

“မြေမြုပ်မိုင်းရှင်းလင်းရေးဟာ ခက်ခဲပြီး တာရှည်တဲ့လုပ်ငန်းစဉ်တစ်ခုပါ။ မိုင်းရှင်းလင်းရေးသမားတစ် ယောက်ဟာ ပျမ်းမျှအနေနဲ့ တစ်နေ့ကို ၁၀ဝ စတုရန်း ပေလောက်ပဲ ရှင်းနိုင်ပါတယ်။ အိပ်ခန်းသေးသေးတစ်ခုစာ လောက်ပေါ့” ဟု မြေမြုပ်မိုင်းဆန့်ကျင်ရေး ပရဟိတအဖွဲ့ဖြစ်သည့် Imprint Solutions အဖွဲ့တည်ထောင်သူ Tony Langer က ပြောသည်။ “ဒီလုပ်ငန်းက အင်မတန်ငြီးငွေ့ဖွယ်ကောင်းပြီး လူလုပ်အားအများကြီး စိုက်ထုတ် ရတာပါ” ဟု သူက ဆိုပါသည်။

စင်စစ်တွင် လက်ရှိမိုင်းရှင်းလင်းရေးနည်းနာများ နှင့် ရှင်းလင်းမှုနှုန်းအပေါ် အခြေခံကာ ကုလသမဂ္ဂက အနီးစပ်ဆုံးယူရမည့်အချိန်ကာလကို ခန့်မှန်းခဲ့ရာ တစ်ကမ္ဘာလုံးရှိ မြေတွင်းမြုပ်နေသော မြေမြုပ်မိုင်းအားလုံး အား ရှင်းလင်းရန် နှစ်ပေါင်း ၁၁၀ဝ လိုမည်ဟု သိရ သည်။

“မိုင်းရှင်းရတာဟာ တောင်တက်ရတာပါပဲ။ တစ်ခါတစ်ခါ စိတ်ဓာတ်ကျစရာပါ။ ဒါက တိုက်ပွဲတစ်ပွဲ လေ။ ဆက်ပဲ တိုက်နေဖို့ ကိုယ့်ကိုယ်ကို ပိုင်းဖြတ်ထားရတာပဲ” ဟု Langer က ပြောသည်။ “အရှေ့တောင် အာရှမှာ မပေါက်မကွဲ ကျန်နေသေးတဲ့ စစ်ကျန်မြေမြုပ်မိုင်းတွေ ကြောက်စရာကောင်းလောက်အောင် အများကြီး ရှိနေတုန်းပဲ။ ဆိုရိုးစကားတစ်ခုရှိတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကျွန်တော် ကြားခဲ့ဖူးတာလေ။ ‘မိုင်း တစ်လုံး၊ အသက်တစ်ချောင်း’ တဲ့ဗျ။ တကယ့် ဆိုလိုရင်းက မြေမြုပ်မိုင်းတစ်လုံးကို ခင်ဗျားဖယ်ရှား ပစ်လိုက်ရင် အသက်တစ်ချောင်းကို ခင်ဗျားကယ်ဆယ် လိုက်တာပဲလို့။ ဒီ့ထက်မှန်တာ ရှိဦးမလားဗျာ” ဟု သူက ဆိုပါသည်။

စစ်စစ် သည့်ထက်မှန်တာ ရှိပါသည်။ ပြဿနာ အားလုံး၏အဖြေမှာ ငြိမ်းချမ်းရေးပါ။ သို့သော် ငြိမ်းချမ်း ရေးကား စစ်၏အထုထောင်းခံဖြစ်နေဆဲပင်။ ဆင်ခြင် ရွက်ဆောင်ကြပါကုန်။

လူသာလင်း

References:

1; Deadly Landmines Bring Terror to Millions In Myanmar by Dominique Mosbergen,

    HUFFPOST, Mar 16, 2016.

2; Countries with The Most Landmines by Rushfon, List-verse, Aug 18, 2018.

3; The Legacy of Landmines, UNICEF.

4; Landmine Monitor, 2018 Report.

5; Landmine & Cluster Munition Monitor, Nov 2017.

6; Landmines, UNODA

7;Wikipedia, the free emcyclopedia.

 

Please follow and like us:
0