မြေမြုပ်မိုင်းနှင့်နောက်ဆက်တွဲပြဿနာ

ပြည်တွင်းစစ်၏ နောက်ဆက်တွဲအကျိုးဆက်အဖြစ် မြေမြုပ်မိုင်းဒဏ်ကို မြန်မာ့လူ့အဖွဲ့အစည်းက ခံခဲ့ရ၊ ခံနေရဆဲနှင့် ခံနေရဦးမည့်အနေအထားတွင် ရောက်နေပေသည်။ မြေမြုပ်မိုင်းကို တပ်မတော်သာမက တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များကလည်း သုံးစွဲကြသဖြင့် ပြည်တွင်းစစ်ဖြစ်ပွားရာ ပြည်နယ်များနှင့်တိုင်းဒေသကြီးတို့ တွင် သေကြေထိခိုက်ဒဏ်ရာရမှုများစွာ ဖြစ်ပေါ်နေလေသည်။ ထို့ပြင် လက်ရှိအနေအထားအရ ပြည်တွင်းစစ် ရပ်စဲမည့်အလားအလာသည်လည်း အားမကောင်းလှသည်ဖြစ်၍ မြေမြုပ်မိုင်းအသုံးပြုမှုသည် လုံးဝရပ်ဆိုင်းသွား မည်ဟု ကံသေကံမပြောနိုင် မည် မဟုတ်သေးပေ။ အကယ်၍ ‘လူကို ထိခိုက်စေသော မိုင်းများ အသုံးပြုခြင်း၊ သိုလှောင်ထားခြင်း၊ ထုတ်လုပ်ခြင်းနှင့်လွှဲပြောင်းခြင်းတို့ကို တားမြစ်ခြင်းနှင့် ထိုမိုင်းများ ဖျက်ဆီးပစ်ခြင်းဆိုင်ရာ သဘောတူစာချုပ်’ကို လက်မှတ်မထိုးသေးပါက မြေမြုပ်မိုင်းများ အသုံးပြုမှုသည် တရားဝင်ရပ်တန့်သွားရန် ခက်ခဲနေဦးမည် ဖြစ်ပါသည်။

စင်စစ်ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လက်နက်စွန့်ခြင်း၊ အပစ်အခတ်ရပ်စဲခြင်းတို့ကို အဓိက ထားဆောင်ရွက်ရုံဖြင့် အထမမြောက်နိုင်ကြောင်း လူထုက ရိပ်မိသိရှိပြီး ဖြစ်ပါသည်။ ထောင်ထားပြီးသား မြေမြုပ်မိုင်းများကို ရှာဖွေဖျက်ဆီးမှုမပြုနိုင်ပါက မထင်မှတ်သော တစ်နေ့နေ့တစ်ချိန်ချိန်တွင် မထင်မှတ်သော နေရာ၌ မိုင်းများ ပေါက်ကွဲမှုကြောင့် လက်နက်ကိုင်များသာမက လက်နက်မဲ့အပြစ်မဲ့  ပြည်သူများပါ ထိခိုက် သေဆုံးဒဏ်ရာရနိုင်နေရာ မြေမြုပ်မိုင်းက ပေးနိုင်သော ငြိမ်းချမ်းမဲ့မှုသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီး ပြီးဆုံး သွားသည့်တိုင် ရှိနေနိုင်သေးသည့် ပြဿနာ ပင် ဖြစ်ပါသည်။

မြေမြုပ်မိုင်းကြောင့် ဖြစ်ရသော နောက်ဆက်တွဲပြဿနာများသည် မိုင်းဒဏ်ကို ကာယကံမြောက် ထိခိုက်ခံရသူသာမက ယင်း၏မိသားစုဝင်များ၊ ရပ်ကွက်ကျေးရွာ မြို့ပြနေသူများနှင့် နိုင်ငံတော်အပေါ်တွင်ပါ တိုက်ရိုက်နှင့်သွယ်ဝိုက်သော ဆိုးကျိုးနောက်ဆက်တွဲများကို ဖြစ်ပေါ်စေသည်။ လူမှုဖူလှုံရေးဘဏ္ဍာငွေ၊ ကျန်းမာရေးအသုံးစရိတ်စသည့် ဝန်ထုပ်ဝန်ပိုးများ ဖိစီးနိုင်စေသည်။ ထို့ပြင် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် သိမ်ငယ်မှုကိုလည်းဖြစ်စေရာ ကိုယ်ခန္ဓာရောစိတ်ပါ မသန်စွမ်းသည့်လူ့အဖွဲ့အစည်းကို ဖြစ်စေသည်။ ယင်းသို့သော နောက်ဆက်တွဲဆိုးကျိုးများအားလုံးသည် ရှောင်ရှားနိုင်သည့်အကျိုးဆက်များ ဖြစ်ပေသည်။ မြေမြုပ်မိုင်း အသုံးပြုမှုကို ဥပဒေကြောင်းအရ တရားဝင်တားမြစ်ခြင်းသည် ပညာပေးခြင်းကဲ့သို့ အရေးပါထိရောက်သော အစီအစဉ် ဖြစ်သည့်အပြင် အကျိုးဆက်ဆိုးများကို မဖြစ်စေရန် ကာကွယ်ဟန့်တားနိုင်သည့် အစီအစဉ်လည်း ဖြစ်ပေသည်။

မြေမြုပ်မိုင်းရှင်းလင်းရေးအစီအစဉ်သည်ပင်လျှင် ငွေကုန်ကြေးကျများပြားသည့်အပြင် အချိန်ပေးရလွန်း သည့်အစီအစဉ်မျိုး ဖြစ်ပေသည်။ အထူးသဖြင့် မည်သည့်နေရာတွင် မြေမြုပ်မိုင်းများ ရှိနေနိုင်သည်ဟု အမှတ် အသားမျိုး ပြုလုပ်ထားသည့် အစဉ်အလာမျိုးမရှိခဲ့သောကြောင့် မြန်မာ့မြေပေါ်တွင်ရှိနေသော မြေမြုပ်မိုင်းများ အား ရှင်းလင်းရေးအစီအစဉ်သည် ငွေအား၊ လူအားအလုံးအရင်းနှင့်သုံးပါမှ ထိရောက်အောင်မြင်စွာ ဆောင် ရွက်နိုင်မည်မှာ သေချာပါသည်။ သို့သော် ရွေးစရာ အခြားလမ်းမရှိပါချေ။ ရှိပြီးဖြစ်သော မြေမြုပ်မိုင်းများအား ရှင်းလင်းရေးကို မဆောင်ရွက်နိုင်သေးမီတွင် နောင်အနာဂတ်ကို မျှော်ရည်ကာ မြေမြုပ်မိုင်းအသုံးပြုမှုပိတ်ပင် တားဆီးခြင်းသဘောတူစာချုပ်ကို ယခုအချိန်တွင် သဘောတူလက်မှတ်ရေးထိုးနိုင်လျှင် ပိုမိုလက်တွေ့ကျပြီး အများပြည်သူသာမက နိုင်ငံတော်အတွက်ပါ ထိရောက်ကောင်းမွန်သောရလဒ်များ ရရှိလာနိုင်သဖြင့် မြေမြုပ်မိုင်း အသုံးပြုမှုပိတ်ပင်တားဆီးခြင်းသဘောတူစာချုပ်ကို မြန်မာ့တပ်မတော်နှင့်အတူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကပါ လက်ခံသင့်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။

အယ်ဒီတာ

Please follow and like us:
0