မီဒီယာ၊ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် အရှေ့တောင်အာရှ

မီဒီယာ၏ သဘောသဘာဝ

မီဒီယာဟူသည်မှာ လူထုဆက်သွယ်ရေးလုပ်ငန်း ၏ နည်းလမ်းများပင် ဖြစ်သည်။

မီဒီယာအမျိုးမျိုးအစားစား

မီဒီယာကို အဓိကအားဖြင့် ပုံနှိပ်၊ အသံလွှင့်နှင့် အင်တာနက်အမျိုးအစားများအနေဖြင့် ခွဲခြားတွေ့မြင်နိုင် သည်။ ပုံနှိပ်မီဒီယာတွင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် အခြားထုတ်ဝေဖြန့်ချိမှုများ ပါဝင်ပြီး ရှေးအကျဆုံး အမျိုးအစားဖြစ်သော်လည်း ယနေ့ထိတိုင် လူအများ အသုံးပြုနေဆဲဖြစ်သည်။ အသံလွှင့်မီဒီယာတွင် ရေဒီယို ထုတ်လွှင့်မှုနှင့်ရုပ်သံထုတ်လွှင့်မှုတို့ ပါဝင်ပြီး ၁၉၅၀ ပြည့်နှစ်များမှ စတင်တွင်ကျယ်လာခဲ့သည်။

ပင်မရေစီးမီဒီယာအမျိုးအစားထဲတွင် မကြာသေးမီ ဆယ်စုနှစ်အနည်းငယ်အတွင်း သတင်းနည်းပညာ ပေါက်ကွဲမှုနှင့်အတူ အရှိန်အဟုန်ဖြင့် ပေါ်ထွက်လာသော နောက်တိုးမီဒီယာအမျိုးအစားမှာ အင်တာနက်မီဒီယာ ဖြစ်သည်။ ယင်းတွင် ဘလော့(ဂ)များ၊ ဝက်ဘ်ဆိုက်များနှင့် လူမှုကွန်ရက်စာမျက်နှာများ ပါဝင်ကာ လူထု ကြားသို့ တစ်ဟုန်ထိုး တိုးဝင်ပျံ့နှံ့လာကာ မူလပင်မရေစီးမီဒီယာများ၏ အနာဂတ်ရေရှည်တည်တံ့မှုကိုပင် ခြိမ်းခြောက်လာ နေသည်။

မီဒီယာကို လုပ်ငန်းသဘာဝအရ သတင်းပြန်ကြားရေး၊ ဖျော်ဖြေရေးနှင့်ပညာပေးရေးအမျိုးအစားများ အဖြစ် ခွဲခြားသတ်မှတ်နိုင်သည်။ သို့တစေ တစ်မျိုးနှင့်တစ်မျိုး စည်းခြား၍ မရနိုင်ဘဲ ဒွေးရောယှက်တင် ပေါင်းစပ် လည်ပတ်နေကြသည်။ ထိုအထဲတွင် သတင်းမီဒီယာမှာ လူတို့၏ သတင်းအချက်အလက်ရရှိပိုင်ခွင့်အတွက် အဓိကကျသော အမျိုးအစားဖြစ်သည်။

မီဒီယာကို ပိုင်ဆိုင်မှုအားဖြင့် အမျိုးအစားခွဲခြားကြည့်လျှင်မူ နိုင်ငံပိုင်၊ ပုဂ္ဂလိကနှင့်လူထုဝန်ဆောင်မှု မီဒီယာများအဖြစ် တွေ့မြင်ရသည်။ သို့တစေ စစ်ဘေးလွန်ခေတ်နှင့် ဂလိုဘယ်လိုက်ဇေးရှင်း ခေါ် ကမ္ဘာလုံး ဖြန့်ကျက်မှုဖြစ်စဉ်နောက်တွင်ကား အမျိုးသားနိုင်ငံနယ်နိမိတ်များ ပါးလျားလာမှု၊ ဗဟိုစုစည်းချုပ်ကိုင်မှုများ ဖြေလျော့လာမှုတို့နှင့်အတူ နိုင်ငံပိုင်မီဒီယာများ၏ အခန်းကဏ္ဍမှာလည်း အရေးပါမှု ကျဆင်းလာခဲ့သည်။

လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်

လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်မှာ သတင်းမီဒီယာ၏ အသက်ဖြစ်ပြီး ကုလသမဂ္ဂ လူ့ရပိုင် ခွင့်ပဋိညာဉ်စာတမ်းနှင့် အဖွဲ့ဝင်နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများက အာမခံချက်ပေးထားရသော မွေးရာပါ လူ့ရပိုင်ခွင့်တစ်ရပ်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံသား များအနေဖြင့် ထိုမွေးရာပါလူ့ရပိုင်ခွင့်ကို ဘယ်၍ဘယ်မျှ ခံစားနိုင် ကြသည်ဆိုသည့် အခြေအနေကို သိရှိနိုင်ရန် နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF) က နှစ်စဉ်ပုံမှန် သတင်းလွတ်လပ်ခွင့်ညွှန်းကိန်းဟူသော အစီ ရင်ခံစာတစ်ရပ်ကို ထုတ်ပြန်ပေးလေ့ရှိသည်။

ထိုညွှန်းကိန်းတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ရှိ သတင်းလွတ်လပ်ခွင့်အခြေအနေကို စိစစ်လေ့လာတင်ပြ ထားသည်။ ၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ညွှန်းကိန်းတွင် နော်ဝေနိုင်ငံမှာ ထိပ်ဆုံးမှ ရပ် တည်နေပြီး ယင်းနောက်မှ ဆွီဒင်နှင့်နယ်သာလန်တို့က ဒုတိယနှင့်တတိယလိုက်ကြသည်။ မြောက်ကိုရီးယား မှာမူ အီရစ်ထရီယား(Eritrea) နှင့် တာ့(ခ)မန်နစ္စတန်တို့နောက် အောက်ဆုံးအခြေတွင် ရောက်နေသည်။ ဂမ်ဘီယာ နိုင်ငံမှာ ၂၀၁၇ ခုနှစ်ထက် ၂၁ ဆင့် တက်လာပြီး ၁၂၂ ဆင့်တွင် ရပ်တည်နိုင်ကာ တောင်ကိုရီးယားနှင့် ဂရိနိုင်ငံတို့မှာ အဆင့် ၂၀ နှင့် ၁၄ စီ တက်ခဲ့ကြသည်။

အရှေ့တောင်အာရှနိုင်ငံများ၏ သတင်းလွတ်လပ်ခွင့်အခြေအနေ

အရှေ့တောင်အာရှမှာ လွတ်လပ်သောသတင်းစာ လုပ်ငန်း သရဖူဆောင်းသော ဒေသတစ်ခု ဘယ်တုံးကမှ မဖြစ်ခဲ့ဖူးပေ။ သို့တစေ ၁၉၈၀ ပြည့်နှစ်များ နှောင်းပိုင်းနှင့် ၁၉၉၀ ပြည့်နှစ်များအတွင်း ဤဒေသက လှမ်းခဲ့သော ဒီမိုကရက်တစ်ခြေလှမ်းများကြောင့် ကျွဲကူးရေပါ ဖြစ်ပေါ်လာခဲ့သော သတင်းလွတ်လပ်ခွင့်အခြေအနေများမှာ ယခုအခါ လျင်မြန်စွာပင် ပြေလျှော့ပျက်ပြားလာနေသည်။ ထိုပျက်ပြားမှုနှင့်အတူ သတင်းသမားများ၏ လုံခြုံမှု အခြေအနေကလည်း ဆိုးရွားလာနေသည်။ နိုင်ငံအစိုးရများ၏ ပစ်မှတ်ထားလုပ်ဆောင်လာသော ဘဏ္ဍာရေး စုံစမ်းစစ်ဆေးမှုများကြောင့် သတင်းစာအတော်များများ ပိတ်သိမ်းပစ်ရခြင်း သို့မဟုတ် ယင်းတို့၏ လွတ်လပ်ခွင့် များအား စေ့စပ်လိုက်လျောရခြင်းတို့ ကြုံတွေ့နေရသည်။ သတင်းသမားများမှာလည်း အသရေဖျက်မှု၊ ဆူပူ အောင် လှုံ့ဆော်မှုနှင့် အခြားမရေမရာဥပဒေများ၊ ဆိုက်ဘာစပေ့ကို ချုပ်ကိုင်ရန် ဖန်တီးထားသည့် စည်းမျဉ်း ဥပဒေသစ်များဖြင့် သံတိုင်နောက်သို့ အပို့ခံနေကြ ရသည်။ အချို့ဆိုလျှင် အသက်ကိုပင် ရန်ရှာခံကြရသည်။

လွန်ခဲ့သည့်နှစ်တွင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံစလုံးမှာ နယ်စည်းမခြားသတင်းထောက်များ၏ နှစ်ပတ် လည် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ အနက် အောက်ဆုံးသုံးပုံတစ်ပုံတွင် ကျရောက် ခဲ့သည်။ လေးနိုင်ငံမှာ သတင်းသမားဖမ်းဆီးမှုများနှင့် အခြားနှောင့်ယှက်တိုက်ခိုက်မှုများကြောင့် ညွှန်းကိန်း အောက်ခြေသို့ ထိုးစိုက်ကျဆင်းခဲ့ရသည်။

အရှေ့တောင်အာရှနိုင်ငံအများစုတွင် သတင်းအချက်အလက်ထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံကို ရှေ့ဆောင်စံပြထားကာ တည်ငြိမ်ရေးအကြောင်းပြချက်ဖြင့် လွတ်လပ်ခွင့်များကို စတေးပစ်ခဲ့ကြသည်။ ထိုင်းတွင် စစ်တပ်က ရွေးကောက်ခံအစိုးရအား ဖြုတ်ချ ကြီးစိုးခဲ့သည်။ ဖိလစ်ပိုင်တွင် လူသတ်မှုကျူးလွန်သည်ကို ဟန်ထုကြွားဝါလေ့ရှိသော လူပြိန်းကြိုက်တစ်ဦးကို မဲပေးရွေးကောက်ခဲ့သည်။ မြန်မာမှာ လူမျိုးလိုက် ရှင်းလင်း သုတ်သင်မှုဖြင့် စွပ်စွဲပြစ်တင်ခံနေရသည်။ ကမ္ဘောဒီးယားကမူ ဟန်ပြဒီမိုကရေစီအခွင့်အရေးအားလုံးကိုပင် ဖျက်သိမ်းပစ်ခဲ့သည်။ ဗီယက်နမ်နှင့်လာအိုကဲ့သို့သော အာဆီယံနိုင်ငံများတွင် ယခင်ကပင် သတင်း စာလွတ်လပ် ခွင့်အစစ်အမှန် မရှိခဲ့ဖူးချေ။

ပြင်ပသြဇာသက်ရောက်မှု

“တရုတ်လွှမ်းမိုးမှု ကြီးထွားလာတာနဲ့အတူ သတင်း စာလွတ်လပ်ခွင့်အခြေအနေကလည်း ဆိုးလာတယ်” ဟု သတင်းသမားများကာကွယ်မှုကော်မတီ(CPJ) ၏ အရှေ့ တောင်အာရှကိုယ်စားလှယ် ရှောင်ခရစ္စပင်က ပြော သည်။ ဒေသတွင်းအင်အားကြီး တရုတ်၏ အရှိန်သြဇာကဲ့သို့ပင် အာဆီယံနိုင်ငံအစိုးရများ၏ မီဒီယာချုပ်ကိုင်မှု အပေါ် အားပေးအားမြှောက်ပြုသလို ဖြစ်စေသည်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မီဒီယာအပေါ် သဘော ထားနှင့်လူ့ရပိုင်ခွင့်ချိုးဖောက်မှုများအပေါ် စိတ်မဝင်စားမှုကြောင့်ဖြစ်သည်ဟု ဝေဖန်သူများက ဆိုသည်။ စင်စစ် တွင် အမေရိကန်ပြည်ထောင်စုကိုယ်၌ကပင်လျှင် ၂၀၁၈ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းတွင် အဆင့် ကျဆင်းမှုနှင့် ကြုံတွေ့နေရသည်။

ထို့အတူ ကမ္ဘာ့ဒီမိုကရေစီမှာလည်း ပြင်းထန်သော ဖိအားအောက် ကျရောက်လျက်ရှိသည်။ ဖရီးဒမ်း ဟောက်စ်(Freedom House) ၏ အဆိုအရ ၂၀၁၇ ခုနှစ် သည် ကမ္ဘာလုံးလွတ်လပ်ခွင့်များ ဆက်တိုက်ကျဆင်း လာခဲ့သည့် ၁၂ နှစ်မြောက်နှစ်ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ပို၍သာ ဆိုးရွားလာခဲ့ကြောင်း သိရသည်။

မလေးရှား၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှာ အစိုးရနှင့်အာဏာ အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များအကြောင်း မီဒီယာသတင်း ဖော်ပြရန် တစ်စထက်တစ်စ ခက်ခဲကျပ်တည်းလာသော နိုင်ငံရေးပတ်ဝန်းကျင်အနေအထားကို ထင်ဟပ်ဖော်ပြ နေသည့် အကောင်းဆုံးနမူနာများပင် ဖြစ်သည်။

အင်ဒိုနီးရှားတွင် သတင်းသမားများမှာ အစိုးရနှင့် Islamic Defenders Front တို့ထံမှ အမျိုးမျိုးသော ခြိမ်းခြောက်မှုများကို ကြုံတွေ့ရင်ဆိုင်နေကြရသည်။ သတင်းတုပြဿနာကို ဖြေရှင်းရန် ရည်ရွယ်၍ အင်ဒို ရဲများ က သတင်းမှားဖြန့်ချိမှုအတွက် ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေးတပ်ဖွဲ့တစ်ဖွဲ့ကို ထူထောင်ထားသည်။ ပို၍စိုးရိမ် စရာကောင်းသည်မှာ အင်ဒိုအောက်လွှတ်တော်မှ ယင်းအဖွဲ့ဝင်များအား ဝေဖန်သူများအပေါ် သတင်းမီဒီယာပုဒ်မ များဖြင့် တရားစွဲဆိုခွင့်ပြုသည့်ဥပဒေတစ်ရပ်ကို အတည်ပြုချမှတ်ပေးခဲ့ခြင်းဖြစ်သည်။ ၁၉၇၁ ခုနှစ်မှစ၍ သတင်း နှင့်နိုင်ငံရေးကို ပုံမှန်တင်ဆက်ဖော်ပြလာခဲ့သော အပတ်စဉ်ထုတ်မဂ္ဂဇင်း Tempo ၏ အယ်ဒီတာများမှာ Islamic Defenders Front ခေါင်းဆောင်အား သရော်လှောင်ပြောင်သည့် ကာတွန်းရုပ်ပုံတစ်ခု ဖော်ပြခဲ့မှုအတွက် ဝန်ချတောင်းပန်ရန် ဖိအားပေးခံနေရသည်။

ချုပ်၍ဆိုရလျှင် အနာဂတ်ကို မည်သူမျှ ကြိုတင်ဟောကိန်းမထုတ်နိုင်သော်ငြား အရှေ့တောင်အာရှ တစ်လွှား မီဒီယာအခြေအနေမှာ သတင်းလွတ်လပ်ခွင့်နှင့်ဒီမိုကရေစီရေးအနာဂတ်အတွက် အကောင်းမြင်စရာ မရှိချေ။

ဆိုရှယ်မီဒီယာနှင့်အရှေ့တောင်အာရှနိုင်ငံရေး

အရှေ့တောင်အာရှသားများအနေဖြင့် အစဉ်အလာ သတင်းစာလုပ်ငန်းအပေါ် ယုံကြည်မှုကျဆင်းလာနေ သည်။ အကျိုးဆက်မှာ ဖေ့စ်ဘွတ်ခ်နှင့်ဝှက်(စ)အက်(ပ) (Whats App)လို ဆိုရှယ်မီဒီယာစင်မြင့်များက မဲဆန္ဒရှင်များအတွက် အဓိကသတင်းအချက်အလက်ရင်းမြစ်များ ဖြစ်ပေါ်လာနေခြင်းပင်ဖြစ်သည်။ အင်တာနက် သုံးစွဲနိုင်မှု ကျယ်ပြန့်လာခြင်းနှင့် ကာလရှည်ကြာတည်ရှိလာခဲ့သော သတင်းရင်းမြစ်များအပေါ် ယုံကြည်မှု ကျဆင်းလာခြင်းတို့ ပေါင်းစည်းမိခြင်းက ဒေသတစ်ဝန်း ဒီမိုကရေစီမောင်းနှင်အားကို ပြောင်းလဲနေချေ ပြီ။

မကြာသေးမီက အရှေ့တောင်အာရှတွင် ကျင်းပ ပြုလုပ်ခဲ့သော ရွေးကောက်ပွဲများတွင် Facebook နှင့် Whats App လို ဆိုရှယ်မီဒီယာအသုံးပြုမှုလွှမ်းမိုးခဲ့ရာ ၂၀၁၆ ဖိလစ်ပိုင်ရွေးကောက်ပွဲ၌ ကြိုက်လုံးပစ်မဲဆွယ်သူ ရိုဒရီဂိုဒူတာတေး သမ္မတဖြစ်လာခဲ့သည်။ ၂၀၁၇ အင်ဒိုနီးရှားရွေးကောက်ပွဲ၌ တိုင်းရင်းသားတရုတ်မျိုးနွယ် ခရစ္စယာန် ဂျကာတာအုပ်ချုပ်ရေးမှူး ရှုံးနိမ့်ခဲ့ရသည့်အပြင် နောက်ဆက်တွဲအနေဖြင့် ထောင်သွင်းအကျဉ်းချ ခံခဲ့ရသည်။ ၂၀၁၈ မလေးရှားရွေးကောက်ပွဲတွင်မူ အစိုးရအပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည်။

Facebook က ပိုင်ဆိုင်သည့် သတင်းပို့လုပ်ငန်းသာသာ Whats App အသုံးပြုမှုဖြင့် တက်လာခြင်းမှာ မလေးရှားနှင့်အင်ဒိုနီးရှားကဲ့သို့သော နိုင်ငံများတွင် အထူးအရေးပါပြီး နိုင်ငံရေးမဲဆွယ်ပွဲအတွက် အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ သတင်းစာတစ်စောင်ကဆိုလျှင် ၂၀၁၈ မလေးရှားရွေးကောက်ပွဲကို “Whats App Election” အဖြစ်ပင် ဖော်ပြခဲ့သေးသည်။ အာဏာ ပိုင်စနစ်တစ်ပိုင်း မလေးရှားတွင် Facebook နှင့် Whats App  တို့က အစိုးရထိန်းချုပ်သည့် ပင်မရေစီးမီဒီယာ၏ အုပ်ချုပ်မှုကို အောင်မြင်စွာဖြေလျှော့နိုင်ခဲ့သည်။ တစ်ချိန်တည်းတွင် ဖိလစ်ပိုင်နှင့်အင်ဒိုနီးရှားလို ဒီမိုကရက်တစ် နိုင်ငံများ၌လည်းရှိရင်းစွဲ တန်းဝင်သတင်းစာ လုပ်ငန် အပေါ် ယုံကြည်မှုကျဆင်းစေခဲ့သည်။ ၂၀၁၇ စစ်တမ်းတစ်ခုအရ ဖိလစ်ပိုင်နိုင်ငံသား ၈၇ ရာခိုင်နှုန်းက ပင်မရေစီးမီဒီယာထက် ဆိုရှယ်မီဒီယာကို ပိုမိုယုံကြည်ကြောင်း တွေ့ရသည်။

ဆိုရှယ်မီဒီယာများအပေါ်မှ သတင်းအချက်အလက်များတွင် သတင်းများနှင့်သတင်းတုများ ရောပြွမ်း နေလေရာ ယင်းတို့၏သတင်းသုံးစွဲသူများအပေါ် သြဇာသက်ရောက်မှုမှာ အပြုသဘောထက် အဖျက်သဘော ဆောင်/မဆောင်ကိုလည်း အလေးအနက်ထား စဉ်းစားသုံးသပ်ရမည်ဖြစ်သည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာ ဖိလစ်ပိုင်ရွေးကောက်ပွဲ၌ ဖေ့စ်ဘွတ်ခ်၏ ကြီးမားသော သြဇာလွှမ်းမိုးမှုအခန်းကဏ္ဍနှင့်ပတ်သက်၍ ဖိလစ်ပိုင် အထက်လွှတ်တော် ပြည်သူ့ပြန်ကြားရေးနှင့်လူထုမီဒီယာ ကော်မတီက အထူးသဖြင့် ဆိုရှယ်မီဒီယာပေါ်မှ သတင်း မှားဖြန့်ချိမှုကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို စုံစမ်းစစ်ဆေးရန် ကြားနာပွဲတစ်ရပ် ပြုလုပ်ခဲ့ရသည်။

အရှေ့တောင်အာရှဒေသအတွင်း ဆိုရှယ်မီဒီယာ ကြောင့် ဒီမိုကရေစီအပေါ် ထိခိုက်မှုများဖြစ်ပေါ်နေခြင်း ၏ အခြားတစ်ဖက်တွင် ယင်း၏ ဒီမိုကရေစီဖွံ့ဖြိုးမှု အပေါ်အထောက်အကူပြုသည်များကိုလည်း တွေ့ရ သည်။ ယင်းမှာမကြာသေးမီက ဒေသတွင်းရွေးကောက်ပွဲများတွင် မဲပေးသူအရေအတွက် မြင့်မားလာခြင်းဖြစ်၏။ တစ်နည်းဆိုသော် ဆိုရှယ်မီဒီယာကနိုင်ငံသားများအတွက် ရွေးကောက်ပွဲကိစ္စရပ်များ၊ တစ်ဦးချင်းနိုင်ငံရေး အချက်အလက်များနှင့် ပိုမိုထိတွေ့ခွင့်ရရန် အထောက်အပံ့ပေးခြင်းအားဖြင့် နိုင်ငံရေးတွင် ပါဝင်လာစေရန် မွေးမြူစောင့်ရှောက်ခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ ဒေသတွင်းရွေးကောက်ပွဲအောင် မြင်မှုများနှင့် Whats App, Facebook  အခြေပြု အဖျက်သဘောပြုမူမှု၊ အိုးမဲသုတ်နည်းဗျူဟာများကျင့်သုံးသည့်  အနက်ရောင်မဲဆွယ်ပွဲများ၏ ဆက်နွယ်မှုမှာ သိသာထင်ရှားလှသည်။ နိုင်ငံရေးသမားများမှာ ဤအနက်ရောင် မဲဆွယ်ပွဲများအတွင်း မုဆိုးဖြစ်လိုက်၊ သားကောင်ဖြစ်လိုက် ပါဝင်ပတ်သက်ခဲ့ကြသည်။ နိုင်ငံရေးသမားတိုင်းသည် အဖျက်သဘောဆောင်သည့် အွန်လိုင်းမဲဆွယ်မှုများ၊ ပြိုင်ဘက်အပေါ်တရားမဲ့ထိုးနှက်တိုက်ခိုက်မှုများကို လျော့ပါးအောင် ကြိုးပမ်းအားထုတ် ကြရမည်ဖြစ်သည်။

စင်စစ် ဤပြဿနာမှာ အရှေ့တောင်အာရှတစ် ဒေသတည်း၏ ပြဿနာကားမဟုတ်ချေ။ ရွေးကောက်ပွဲ များတွင် လုပ်ကြံသတင်းနှင့် သတင်းတုများ အသုံးပြုမှုမှာ ကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်ကြောင်း အာရှပညာ ရှင်များနှင့် လေ့လာသူများကဆိုသည်။ သို့တစေ အရှေ့တောင်အာရှတွင် ဆိုရှယ်မီဒီယာ ပျံ့နှံ့တည်ရှိလာမှုက အင်တာနက်ဆက်သွယ်ရေးနှင့် နိုင်ငံရေးတို့ ဆုံစည်းဖြတ်သန်းရာ အချက်အခြာနေရာတစ်ခုဖြစ်သည်မှာ မြင်သာ သောအရာဖြစ်သည်။

ဤသို့ဆိုရှယ်မီဒီယာအသိုက်အဝန်းက မောင်းနှင်နေသည့် အများဆိုင်ရာနယ်ပယ်သစ်တစ်ခုဖြစ်တည်လာ မှုနှင့် ကြုံတွေ့နေရချိန်တွင် သတင်းစာများ၏ ကြုံလာလတ္တံသော မရဏတရား၊ ရုပ်သံနှင့်ရေဒီယိုသတင်းများ၏ နိဂုံးအလားအလာအပြင် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ သတင်းပညာရပ်၏ ကျဆင်းမှုတို့နှင့်ပတ်သက်၍ နိုင်ငံရေးသမားတို့အနေဖြင့် အလေးအနက်ထားစဉ်း စားရန် အရေးတကြီးလိုအပ်နေပေပြီ။

ကမ္ဘာ့သတင်းစာမျက်နှာပေါ်က  မြန်မာ့မီဒီယာမြင်ကွင်း

မြန်မာနိုင်ငံအတွင်း သတင်းလွတ်လပ်ခွင့်အပေါ် ခြိမ်းခြောက်မှုများကား နိုင်ငံ၏ ဒီမိုကရေစီအသွင်ကူး ပြောင်းမှုကို အပြင်းအထန် စိန်ခေါ်နေပေပြီ။ မီဒီယာအပေါ် ကန့်သတ်ချုပ်ချယ်မှုများမှာ မွတ်ဆလင်ဒုက္ခသည် ၇၀ဝဝ၀ဝ နီးပါးအစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်မှုကို ဖြစ်စေခဲ့သည့် ၂၀၁၂ ခုနှစ်ကစခဲ့သော ရခိုင်ပြည်နယ်တွင်း လူမှုအသိုက်အဝိုင်းချင်းအကြမ်းဖက်မှုဖြစ်စဉ်ပေါ်ပေါက်မှုကြောင့် ပို၍သာဆိုးရွားလာခဲ့သည်။  သို့တစေ သတင်းလွတ်လပ်ခွင့်အပေါ် အာရုံစိုက်ခြင်း မှာအရေးပါသည်မှန်သော်လည်း မြန်မာနိုင်ငံတွင် ထူထောင် ဖွဲ့စည်းနေဆဲ မီဒီယာစနစ်ပုံစံနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောဆိုစရာများမှာ အာရုံ ပြောင်းလွှဲ သလိုဖြစ်နေသည်။

ကမ္ဘာလုံးအတိုင်းအတာအရ ဆိုရှယ်မီဒီယာမှ သတင်းအချက်အလက်ရယူသောသူများ ပိုမိုများပြားလာ သည်နှင့်အမျှ သမားရိုးကျမီဒီယာအပေါ် ယုံကြည်မှုလျော့ပါးလာသည့်အပေါ် စိုးရိမ်ပူပန်မှုများ တိုးပွားလာနေ သည်။ ဤအလားအလာက သတင်းလွတ်လပ်ခွင့်အတွက် လူအများ၏နာခံလိုမှုကို အဟန့်အတား ဖြစ်စေခဲ့သည်။ ဒေါ်နယ်ထရမ့်၏ သတင်းတု သတင်းယောင်များအပေါ် စွပ်စွဲပြောဆိုမှုများအား ဒေသတွင်း ခေါင်းဆောင်များက သံယောင်လိုက်နေကြရာ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးမှသည် မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်အထိ ပါဝင်နေသည်။ ဤဆင့်ကဲ  သက်ရောက်မှုကပင် သတင်းစာလုပ်ငန်းအပေါ်အများ၏ ယုံကြည်စိတ်ချနိုင်မှုအား ထိပါးဟန့်တားနေပေ သည်။

အရှေ့တောင်အာရှလူထုမှာ ယင်းတို့သုံးစွဲနေသော မီဒီယာအပေါ် ယေဘုယျအားဖြင့် မယုံကြည်ကြတော့ ကြောင်း ဒေသတွင်းသတင်းများကဆိုသည်။ မီဒီယာအား မည်သို့မည်ပုံဝေဖန်ဆန်းစစ်ဖတ်ရှုရမည်ကို အများ အားဖြင့် မသိနားမလည်ရှာကြသော မြန်မာလူထုအနေဖြင့် သတင်းအတွက် ဆိုရှယ်မီဒီယာအပေါ် ယုံစား အားထားမှု တဟုန်ထိုးမြင့်တက်လာသည့် အခြေအနေနှင့် ပေါင်းစပ်မိသောအခါ အန္တရာယ်ဖြစ်လာသည်။ မြန်မာဘာသာဖြင့် ထုတ်ဝေသည့် မီဒီယာများမှာအများအားဖြင့် ရခိုင်ဒေသမှ မွတ်ဆလင်များအပေါ် စာနာမှု မထားကြပါ။ ထို့ပြင် ဆိုရှယ်မီဒီယာကလည်း အဆိပ်အတောက်အမုန်းစကားများ ဖြန့်ခဲ့ကြသည်။ တစ်ဖက်တွင် နိုင်ငံတကာမီဒီယာ သတင်းဖော်ပြမှုများကလည်း မကြာခဏဆိုသလို အလွယ်လိုက်လွန်းကြသည်။ စိစစ်လေ့လာ ချက်များကလည်း ဤရှုတ်ထွေးပွေလီလှသည့် အကြောင်းအရာကို “တစ်ဖက်သတ်ခံနေရသော မွတ်ဆလင်များ” အဖြစ် ဖော်ပြတတ်ကြရာ အများအားဖြင့် မှန်ကန်သော်ငြား ရခိုင်ပြည်နယ်အကျပ်အတည်း အပေါ်အများပြည်သူ ပိုမိုနားလည်သဘောပေါက်စေရန် လိုအပ်သော သမိုင်းဆိုင်ရာနှင့် ယဉ်ကျေးမှုအဆက်အစပ်များကို ချန်လှပ်ထား လေ့ရှိကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အတွက် ရည်မှန်းချက် ဟုတ်ဟန်မတူတော့သော သတင်း လွတ်လပ်ခွင့်မှာ အခြိမ်းခြောက်ခံလာရသည်နှင့်အမျှ ပြဿနာပေါ်စေမည့် သတင်းဖော်ပြချက်များအကြောင်း ဆွေးနွေးပြောဆိုမှုများမှာလည်း တစ်စထက်တစ်စ ခက်ခဲလာတော့သည်။ NLD  အနေဖြင့် အကဲဆတ်သော အကြောင်းအရာများကို ရေးသားဖော်ပြမှုမရှိစေရန်နှင့် သဘောကွဲလွဲသူများကို နှုတ်ပိတ်ရန် ကိုလိုနီခေတ်နှင့် စစ်အစိုးရခေတ်ဥပဒေအမျိုးမျိုးကို ရေလဲသုံးခဲ့သည်။  ပြည်တွင်းပြည်ပသတင်းသမားများမှာ ကာယကံမြောက် ရော၊ ဥပဒေအရပါ ဘေးဖြစ်စရာအခြေအနေများကို တိုးပွားလာနေသည့် အခင်းအကျင်းကို ရင်ဆိုင်၍ အလုပ် လုပ်နေကြရသည်။ အသရေဖျက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းချုပ်နှောင်ခံရသော သတင်းသမားအရေအတွက်မှာ NLD  အစိုးရလက်ထက်တွင် အကြီးအကျယ်မြင့်တက်လာခဲ့သည်။

ဤသတင်းလွတ်လပ်ခွင့် ခြိမ်းခြောက်ခံရမှုများကို  မှတ်တမ်းပြု ခုခံဆန့်ကျင်ရမည်မှန်သော်လည်း သိပ် မမြင်သာသော အန္တရာယ်တစ်ခုလည်း ရှိနေပါသည်။ ထိုအန္တရာယ်ကား မြန်မာ့မီဒီယာမြင်ကွင်းကို လွှမ်းမိုး ထားသည့် ခရိုနီပိုင်ရှင်များ၏မီဒီယာကို စီးပွားရေးလုပ်ငန်းအဖြစ်ပြောင်းလဲပြီး ချုပ်ကိုင်မှုခိုင်မာအောင် လုပ်နေ ကြခြင်းပင် ဖြစ်သည်။ တစ်ဖက်တွင် အစိုးရ၏ ပုံနှိပ်နှင့်အသံလွှင့်အခြေခံအဆောက်အအုံနှစ်မျိုးလုံးအပေါ် ဆက်လက်ချုပ်ကိုင်ထားမှုကလည်း မီဒီယာလောကထဲသို့ အသစ်ဝင်ရောက်လာသူများအတွက် သိသာထင်ရှား သော အတားအဆီးဖြစ်နေပြန်သည်။ စီးပွားရေးဆန်သော မီဒီယာရော၊ နိုင်ငံပိုင်မီဒီယာပါ အကျိုးအမြတ်နည်းပါး သည့် စုံစမ်းဖော်ထုတ်ရေးသားမှု သို့မဟုတ် လူနည်းစုအုပ်စုများ၏ စိုးရိမ်သောကများအား ဦးစားပေးမည့် ဟန်မတူချေ။

သတင်းအချက်အလက်ရှားပါးသော၊ သတင်းချုပ်ကိုင်မှုကျင့်သုံးသည့် ဆယ်စုနှစ်များအတွင်း ခေါက်ရိုး ကျိုးနေသော ပုံစံခွက်များက ဆက်သွယ်ရေးလုပ်ငန်းအား ဒီမိုကရေစီပိုကျအောင်လုပ်မည့် အသွင်ကူးပြောင်း ရေးဖြစ်စဉ်ကို စိန်ခေါ်နေသည်။ NLD ၏ သတင်းစာလုပ်ငန်းအပေါ်ထားသည့် သဘောထားတွင် ဤဆိုးမွေ များကို အထင်အရှားတွေ့မြင်နိုင်သည်။ နိုင်ငံတကာမီဒီယာများမှာ ဘက်လိုက်ရေးသားနေကြောင်း စွပ်စွဲ မှုနှင့် ရခိုင်ပြည်နယ်သို့ မီဒီယာများသွားရောက် သတင်းယူခွင့်အပေါ် ယင်း၏ကန့်သတ်ချုပ်ချယ်မှုတို့မှာ သက်သေ သာဓကများဖြစ်သည်။ တစ်ချိန်တည်းတွင် ရခိုင်ဒေသမှ ကောင်းသတင်းများက မြန်မာမီဒီယာများပေါ်တွင် ပလူပျံနေသည်။

အစိုးရနှင့် အကြီးစားပုဂ္ဂလိက အကျိုးစီးပွားများ၏ မီဒီယာလွှမ်းမိုးချုပ်ကိုင်မှုကို အခိုင်မာဆုံးထောက် ကန် ဆန့်ကျင်နေသောအရာများမှာ အစိုးရနှင့်မပတ်သက်သော၊ စီးပွားရေးမဆန်သော အများပြည်သူနှင့် လူမှု အသိုက်အဝန်း မီဒီယာကဏ္ဍများဖြစ်သည်။ ယင်းတို့က မတူကွဲပြားသော အမြင်အယူအဆများနှင့် ငြင်းခုံဆွေး နွေးမှုများကို ဦးစားပေးကြသည်။ လူထုမီဒီယာအဖွဲ့အစည်းများမှာ စုံလင်ထွေပြားခြားနားကြသော်လည်း နိုင်ငံ သားအားလုံးအတွက် လွတ်လပ်စွာသတင်းရယူနိုင်မှု၊ အမှီခိုကင်းမှု၊ လူထုထောက်ခံမှုနှင့် တာဝန်ယူ တာဝန်ခံမှုကို အာမခံမည့် စည်းမျဉ်းစည်းကမ်းများ စသည့် အဓိကမူဝါဒအချို့ကို မျှဝေပိုင်ဆိုင်ကြသည်။

ယခုအခါ မြန်မာပြည်သူတို့အနေဖြင့် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်၏အရသာကို မြည်းစမ်း ကြည့်ခဲ့ပြီးပြီဖြစ်ရာ လွယ်လွယ်နှင့် နောက်ကြောင်းပြန်မှုကို လက်သင့်ခံမည့်ဟန် မတူတော့ချေ။ အရပ်ဘက် လူ့အဖွဲ့အစည်းအများအပြားသည် သတင်းလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ရန် မြန်မာသတင်းသမားများနှင့် လက်တွဲပေါင်းစည်းခဲ့ပြီဖြစ်သည်။ ယင်းတို့၏ အရေးပါသော အစပျိုးလုပ်ဆောင်ချက်များမှာ အမုန်းစကား စိန်ခေါ်ဆန့်ကျင်ရေး၊ မီဒီယာလွတ်လပ်ခွင့်တိုးမြှင့်ရေးနှင့် မီဒီယာကျွမ်းကျင်တတ်မြောက်မှု ဖွံ့ဖြိုးတိုးတက်ရေး တို့ဖြစ်သည်။ ယင်းတို့အထဲတွင် ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့သော ပန်းစကားလှုပ်ရှားမှု (Flower Speech Campaign), ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့သော အွန်လိုင်းနယ်ပယ်လုံခြုံစိတ်ချရရေးလှုပ်ရှားမှု (Safe Online Space Campaign) နှင့် မြန်မာ့လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်အဖွဲ့ (Free Expression Myanmar) တို့ပါဝင်ကြသည်။

အခြေခံလူတန်းစားမီဒီယာအဖွဲ့အစည်းများလည်း  နိုင်ငံတစ်ဝန်းတွင် ပေါ်ပေါက်လာကြသည်။ Burma News International  ၏ အဖွဲ့ဝင်အဖွဲ့အစည်းများက ဒေသခံလူမှုအသိုင်းအဝိုင်းများကို ဗဟိုပြုပြီးကိုယ်ပိုင် အကြောင်းအရာများ ဖန်တီးရန် ဒေသခံများအား အားပေးကြသည်။ ထိုထိုသောအဖွဲ့များအနေဖြင့် နောက်ဆုံး တွင် နိုင်ငံတော်နှင့် စီးပွားရေးသမားများ၏ ချုပ်ကိုင်မှုမှ ကင်းလွတ်သည့် နိုင်ငံလုံးဆိုင်ရာ လူမှုအသိုင်းအဝိုင်း မီဒီယာကွန်ရက်ကြီးတစ်ခုကို ဖွဲ့စည်းလာနိုင်ကာ နိုင်ငံလုံးဆိုင်ရာ လူထုမီဒီယာစနစ်တစ်ရပ်အတွက် အချက် အလက်နှင့် အစီအစဉ်များဖြည့်ဆည်းပေးမည်ဖြစ်သည်။

မြန်မာသတင်းသမားများ လုံခြုံရေးနှင့် သတင်း လွတ်လပ်ခွင့်ကာကွယ်ရေးတို့မှာ အရေးကြီးသော်လည်း  မြန်မာ့မီဒီယာမြင်ကွင်းကို ဒီမိုကရေစီဇာတ်သွင်းရာတွင် လူနည်းစုအမြင်အယူအဆများနှင့် အားကောင်းမောင်း သန်ငြင်းခုံဆွေးနွေးမှုများအား အကာအကွယ်ပေးရန် စည်းမျဉ်းဥပဒေများလည်း လိုအပ်မည်ဖြစ်သည်။ စစ်မှန် သော လူထုမီဒီယာနှင့် လူမှုအသိုင်းအဝိုင်းမီဒီယာများမှာ စီးပွားရေးမီဒီယာနှင့် နိုင်ငံပိုင်မီဒီယာများကို အစား ထိုးရန် အရေးကြီးသော ရွေးချယ်စရာများဖြစ်ကြသည်။ ယင်းတို့မှာ ဘဏ္ဍာရေးနှင့်အယ်ဒီတာအာဘော် အမှီခို ကင်းမှုကို ထိန်းသိမ်းကြမည်ဖြစ်ရာ နိုင်ငံတော်နှင့်ပင်မရေစီးသဘောထားအမြင်များကို စိန်ခေါ်နိုင်စွမ်းရှိကြ မည်ဖြစ်ပေသည်။

မီဒီယာနှိပ်ကွပ်မှုများနှင့် မြန်မာ့ရှေ့ရေး

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF)  ၏ ၂၀၁၈ ခုနှစ်အတွက် သတင်းလွတ်လပ်ခွင့်ညွှန်း ကိန်းတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာက ၁၃၇ နိုင်ငံမြောက် သတင်းလွတ်လပ်ခွင့်ရှိကြောင်း တွေ့ရ သည်။ ၂၀၁၇ ခုနှစ်တွင် ၁၃၁ နိုင်ငံမြောက် သတင်းလွတ်လပ်ခွင့်ရှိ နိုင်ငံအဆင့်မှ ၆ ဆင့်ကျဆင်း ခဲ့ခြင်းဖြစ်သည်။ ဘာ့ကြောင့် ဤသို့ အဆင့်ကျဆင်းမှု ဖြစ်ခဲ့ရပါသနည်း။

၂၀၁၈ ခုနှစ် မစမီ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ရိုက်တာသတင်းဌာန၏ မြန်မာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံခဲ့ရသည်။ ယခု ၂၀၁၈ ခုနှစ် နှစ်ကုန်ကာနီးတွင် ထိုသတင်းထောက်နှစ်ဦးမှာ သူတို့ကျူးလွန်သည် ဟုမဆိုသော ပြစ်မှုများအတွက် နှစ်ရှည်ထောင်ဒဏ်များပင် ကျခံလိုက်ရပြီဖြစ်သည်။ ပြည်တွင်းပြည်ပ သတင်း အဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများ၏ ဝိုင်းဝန်းကန့်ကွက် တောင်းဆိုမှုများကြားက ဤသို့သော သတင်း သမားနှိပ်ကွပ်မှု ဖြစ်ပေါ်လာခဲ့ရာ မြန်မာ့သတင်းလွတ်လပ်ခွင့်ပုံရိပ်မှာ ၂၀၁၉ ခုနှစ်အတွက် အလားအလာကောင်း ပါမည်လော။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ အာဏာရယူခဲ့သည့် ၂၀၁၆ ခုနှစ် မတ်လမှစ၍ မြန်မာ နိုင်ငံသား ၈၀ ကျော်မှာ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ပြစ်မှုအမျိုးမျိုးဖြင့် တရားစွဲဆို ခံခဲ့ရကြောင်း သတင်းများက ဆိုသည်။ စစ်တစ်ပိုင်းအစိုးရဟု ခေါ်ဝေါ်သမုတ်ခံခဲ့ရသော သူ့အရင်အစိုးရ လက်ထက်တွင် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ပြစ်မှုများဖြင့် တရားစွဲဆိုခံရသည့် အမှုပေါင်းမှာ ၇ မှုမျှသာ ရှိသည်ဟုလည်း သိရသည်။ ဤအချက်ကြောင့် သတင်း လွတ်လပ်ခွင့်အဆင့် ၆ ဆင့် ကျဆင်းခဲ့ရခြင်းလော။

မည်သို့ပင်ဖြစ်စေ ဤအတိုင်းသာ ရှေ့ဆက်သွားပက အစိုးရ၏ နိုင်ငံတရားဝင်မှုမှာ ချိနဲ့အားနည်းလာ မည်မှာ အသေအချာဖြစ်သည်။ တစ်ဆက်တည်းတွင် စီးပွားရေးအရ လိမ့်လိမ့်လဲလဲ ရုန်းကန်နေရသည့် မြန်မာ  နိုင်ငံတွင် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများက စိတ်ချ လက်ချရင်းနှီးမြှုပ်နှံနိုင်မှုအပေါ် ပြန်လည်အကဲဖြတ် ကြပေလိမ့်မည်။

ထို့ပြင် သတင်းလွတ်လပ်ခွင့်သည် မြန်မာနိုင်ငံ၏  သန္ဓေတည်စ ဒီမိုကရေစီဘဝဖွံ့ဖြိုးရေးအတွက် စီးပွား ရေးအရရော၊ နိုင်ငံရေးအရပါ အရေးပါလှသည်။ သို့တစေ တိုးပွားလာသော လေ့လာစောင့်ကြည့်သူများ၊ ဝေဖန်ဆန်းစစ်သူများနှင့် ယုတ်စွအဆုံးယခင်က အားပေး ထောက်ခံခဲ့သူများကပင် ဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့် မီဒီယာလွတ်လပ်ခွင့် တိုးတက်ရေးအတွက်မူချ ကြိုးပမ်းမှုမပြုလုပ်ခဲ့ကြောင်း မှတ်ချက်ချကြသည်။ နောက်တစ်နှစ်ကြာလျှင် ဤသူများကပင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD  အစိုးရအနေဖြင့် မြန်မာ နိုင်ငံကို ရှေ့သို့ရောက်အောင် စွမ်းဆောင်နိုင်ပါ မည်လားဟု မေးခွန်းထုတ်လာကြပေရော့မည်။

ဤအချက်ကို အလေးအနက်ထား၍ ဝေဖန်ထောက်ပြမှုများကို ကြိုဆိုကာ လိုအပ်ချက်များအား ပြုပြင် ပြောင်းလဲသွားပါမှ လူထုက ရွေးချယ်တင်မြှောက်ထားခဲ့သော အစိုးရ၏ ပြည်တွင်းပြည်ပ ပုံရိပ်များ ကြည်လင် ပြတ်သားလာမည်ဖြစ်ကာ နိုင်ငံအနေဖြင့်လည်း အကြပ်အတည်းများမှ လွန်မြောက်၍ တောက်ပသည့် အနာဂတ် ကို ရှေးရှုနိုင်မည်ဖြစ်ပေသည်။

လူသာလင်း

Reference:

  1. 2018 World Press Freedom Index: The South-east Asian Ranking by Adelaida Salikha,      SEASIA.
  2. Press Freedom Is Under Attack Across Southeast Asia Meet the Journalists Fighting      Back by Feliz Solomon, Laignee Barron, Eli     Meixter, Joseph Hincks, Suyin Haynes and        Cosey Quackenbush, Time, Jone 22, 2018.
  3. A Troubling Trend: Declining Media Freedom in Southeast Asia by Alexandra Wake, The      Interpreter.
  4. Media and Politics in Southeast Asia by Ross Topsell, Australian National University, Asia

     Sentinel.

  1. Myanmar’s Media Landscape needs more than press Freedom by Lisa Brooten, South Illinois University, East Asia Forum.
  2. Media Crackdown a bod sign for Mynamar by Alexander Macleod.
Please follow and like us:
0