မီဒီယာမြင်းစီးကြမယ်ဆိုရင်

ဆိုရိုးတစ်ခုကတော့ “ကိုယ် စီးတဲ့မြင်းကို အထီ မှန်း အမမှန်း မသိဘူး” လို့ ဆိုပါတယ်။ တကယ်တော့ မြင်းစီးသူဟာ ခရီးရောက်ဖို့ကိုပဲ ရည်ရွယ်တဲ့ ခရီးသည် သက်သက်ဆိုရင်တော့ ကိုယ်စီးတဲ့မြင်းဟာ အထီးလား၊ အမလား သိစရာမလိုလောက်ပါဘူး။ အရေးကြီးတာက သန်စွမ်းပြီး လမ်းကြောင်းမှန်အတိုင်း သွားနိုင်တဲ့မြင်း ဖြစ်ဖို့ပဲ မဟုတ်လား။ ဒါပေမဲ့ ဒစ်ဂျစ်တယ်ခေတ်မှာတော့ မီဒီယာသမားတွေရော မီဒီယာသုံးစွဲသူတွေပါ ကိုယ်စီး နေတဲ့ မြင်းကို အထီးလား၊ အမလား ခွဲခြားသိရုံတင်မကဘဲ တခြားသိသင့်သိထိုက်တာတွေပါ သိရမယ်လို့ ပြောရတော့မှာပါပဲ။

ခုတလော ပူညံပူညံဖြစ်နေတာတွေကို နားစွင့်ကြည့်တော့ သတင်း(News)နဲ့ သတင်းအချက်အလက် (Information)ကို ရောထွေးနားလည်နေကြသလို သတင်းမီဒီယာသမားတွေကိုယ်တိုင်က သတင်းအချက် အလက်တွေကို လက်လှမ်းမီရေး(Access to Information)ဟာ သူတို့ရဲ့သီးခြားရပိုင်ခွင့်(Exclusive Rights) လို့ ထင်နေကြတာပါပဲ။ သူတို့ဆီကမှတစ်ဆင့် လူထုဟာ သတင်းအချက်အလက်များ (Information)ကို သိနိုင် ကြမယ်လို့ ထင်ယောင်ထင်မှားဖြစ်ပြီး လူထုရဲ့သတင်းအချက်အလက်များရပိုင်ခွင့်(Right to Information, RTI) ကို သူတို့ဆီကမှတစ်ဆင့် ရယူနိုင်မယ့်အရာလို့ တွေးထင်နေကြတာပဲ ဖြစ်ပါတယ်။ ဒီလိုပဲ Ministry of Information ကို ပြန်ကြားရေးဝန်ကြီးဌာနလို့ ဘာသာပြန်ခဲ့တာကြောင့် အဲဒီဝန်ကြီးဌာနကိုယ်တိုင်ကလည်း သတင်းအချက်အလက်အရေးဟာ သူနဲ့ပဲဆိုင်တဲ့၊ သူ့ရဲ့စီမံခန့်ခွဲမှုအောက်မှာပဲ ရှိသင့်တဲ့အရာလို့ သဘော ပေါက်နေ ကြတာပဲ ဖြစ်ပါတယ်။

တကယ်တော့ သတင်း(News)ရေးဖို့အတွက် သတင်းအချက်အလက်(Information)ဆိုတာ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါပေမဲ့ သတင်းတွေမှာ လူထုသိသင့် သိထိုက်တာတွေကို အသေးစိတ် အကုန်လုံးရေးလေ့ရေး ထ၊ ဖော်ပြလေ့ဖော်ပြထ မရှိပါဘူး။ ဆိုပါတော့- မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအကြောင်းဆိုရင် သတင်းတစ်ပုဒ်က တရုတ်ရင်းနှီးမြှုပ်နှံမှုရဲ့ အကောင်းအဆိုးအကြောင်းအကျိုးဆိုတဲ့ ရှုထောင့်က ရေးတာမို့ စာချုပ်ဆိုင်ရာ အချက် အလက် အသေးစိတ်ထက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာခွဲဝေပုံနဲ့ နောက်ဆက်တွဲရလဒ်တွေကို ဦးစားပေးရေးပြီး နောက် သတင်းတစ်ပုဒ်ကတော့ စီမံကိန်းကြောင့် ဖြစ်လာနိုင်တဲ့ ဒေသခံတွေအပေါ်နဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ရိုက်ခတ်မှုဆိုတဲ့ ရှုထောင့်က ရေးတော့ စာချုပ်ဆိုင်ရာ အသေးစိတ်အချက်အလက်တွေကပါဖို့ မလိုအပ်ပြန်ပေဘူး။ ဒီတော့ ဒီသတင်းနှစ်ပုဒ်လောက် ဖတ်ရရုံနဲ့ လူထုဟာ စီမံကိန်းအကြောင်း နားလည်သဘောပေါက်သွားပြီလို့ ဘယ်လိုမှ မဆိုနိုင်ပါဘူး။ တကယ်တမ်း စီမံကိန်းအကြောင်းကို သိချင်ရင် ဘယ်မှာရှာရမလဲ၊ စာချုပ်ပါ စာသား အသေးစိတ်ကို သိချင်ရင် ဘယ်လိုလုပ်ရမလဲ၊ စာမျက်နှာရာဂဏန်းရှိနိုင်တဲ့ စာချုပ်အစအဆုံးကို ဘယ်မီဒီယာက ဖော်ပြပေးနိုင်မှာတဲ့လဲ၊ ဖော်ပြရိုးရှိမှာတဲ့လဲ။ ဒီလိုဖြင့် လူထုဟာ ဒီအကြောင်းအသေးစိတ်ကို သိခွင့်မရှိရတော့ဘူး လား။ ဒီလိုမဟုတ်ပါဘူး။

သတင်းရေးဖို့ သတင်းအချက်အလက်တွေကို လက်လှမ်းမီရေး(Access to Information) အရေးကြီး ပေမဲ့ သတင်းတိုင်းက လူထုရဲ့သတင်းအချက်အလက်များ ရပိုင်ခွင့်(Right to Information)ကို မဖြည့်ဆည်း ပေးနိုင်တာ သိပ်သေချာပါတယ်။ လူထုသိပိုင်ခွင့်ရှိတဲ့ တခြားအကြောင်းအရာတိုင်းကလည်း သတင်းမီဒီယာ တွေမှာ ပါမလာနိုင်ပါဘူး။ ဒါ့အပြင် သတင်းမီဒီယာတွေမှာ ပိုင်ဆိုင်သူတစ်နည်း ရင်းနှီးမြှုပ်နှံမှု (Media ownsership), သတင်းအယ်ဒီတာအပါအဝင် သတင်းသမားများရဲ့အရည်အသွေး(Media capacity), သတင်း ဖတ်ရှုသူများရဲ့သတင်းပါးဝမှု၊ သတင်းအချက်အလက်တတ်သိနားလည်မှု(Media & information Literacy) ဒီသုံးခုပေါ် မူတည်ပြီးလည်း သတင်းပေးနိုင်မှုနဲ့ လူထုရဲ့သိပိုင်ခွင့်ကို ဖြည့်ဆည်းပေးနိုင်မှုဟာ အကန့်အသတ် ရှိနေပါတယ်။ ဒါကြောင့် သတင်းမီဒီယာသမားတွေအနေနဲ့ အစိုးရ၊ လွှတ်တော်၊ တရားရုံးတွေဆီက သတင်း အချက်အလက်တွေကို လက်လှမ်းမီသွားပြီဆိုရုံနဲ့ လူထုရဲ့သိပိုင်ခွင့်တွေကို ဖြည့်ဆည်းပေးနိုင်ပြီလို့ ဘယ်လိုမှ မပြောနိုင်တာ သေချာပါတယ်။ ဒါ့အပြင် သတင်းဆိုတာ ရထားတဲ့အချက်အလက်ကို ပကတိအတိုင်း ဖော်ပြ ကြရတာ မဟုတ်တော့ ဖွင့်ဆိုရှင်းပြရာမှာ လိုရာဆွဲတင်ပြတာမျိုး၊ မျှတတဲ့ တင်ပြမှုဖြစ်အောင် အတိုက်အခံ သမားရဲ့အသံကို ရှာကြံထည့်တာမျိုးဆိုတာလို ကိုယ့် သတင်းဌာနရဲ့ အာဘော်အလိုက် ရှုထောင့်တစ်ခုခုကနေပဲ ဖော်ပြတတ်ကြပါတယ်။ လူထုရဲ့ သိပိုင်ခွင့်ဆိုတာကတော့ ရှုထောင့်တစ်ခုခုထဲက မြင်ခွင့်မဟုတ်ပါဘူး။ ပွင့်လင်း မြင်သာမှုအတွက် သတင်းအချက်အလက်တွေကို မူလပင်ရင်းသတင်းရင်းမြစ်တွေ (Primary sources) တွေ ဆီကနေ ပကတိအတိုင်းရယူပိုင်ခွင့်ရှိရပါမယ်။ အဲဒီလို ပကတိအတိုင်း သိချင်သလောက် သတင်းအချက် အလက်(Information)တွေကို သိခွင့်ရပြီဆိုရင် လူထုဟာ သတင်းမီဒီယာအတတ်ပညာနဲ့ တင်ပြထားတဲ့ သတင်း (News)တွေထဲမှာ ပါလာတဲ့ သတင်းအချက်အလက် (Information)တွေကို ခွဲခြမ်းစိတ်ဖြာနားလည်နိုင်စွမ်း (Information Literacy) ပိုရှိလာမှာ သေချာပါတယ်။

ဒါမှလည်း ဘယ်သတင်းမီဒီယာဌာနတွေကတော့ သတင်းအချက်အလက်တောင် မမှန်ဘူး၊ မပြည့်စုံဘူး၊ ဒါမှမဟုတ် ဘယ်သတင်းမီဒီယာဌာနတွေကတော့ သတင်းအချက်အလက်မှန်ကန်ပြည့်စုံရုံမက ဌာနဆိုင်ရာတွေ ဆီက တောင်းယူလို့ရတဲ့ သတင်းအချက်အလက် တွေတင်မက တခြားသိသင့်သိထိုက်တာတွေကိုပါ တူးဆွဖော် ထုတ်တင်ပြနေတယ်ဆိုတာမျိုး မီဒီယာပါးဝ (Media Literacy)လာမှာ ဖြစ်ပါတယ်။ အဲဒီလို လူထုဟာ အလွန် တတ်သိနားလည်လာပြီဆိုတဲ့အချိန်မှာ လုပ် စားသတင်းမီဒီယာ၊ အဝါရောင်သတင်းစာဆိုတဲ့ ကျင့်ဝတ်နဲ့မညီတဲ့ သတင်းမီဒီယာဌာနတွေ ရပ်တည်ဖို့ ခက် ခဲလာမှာဖြစ်ပါတယ်။ လူထုဟာ သူတို့ သိချင်တာတွေကို သူတို့ကိုယ်တိုင် မူလပင်ရင်းသတင်းအချက်အလက် ရင်းမြစ်တွေဆီက တောင်းယူပိုင်ခွင့်၊ ရရှိသိမ်းဆည်းပိုင်ခွင့် ရလာတာနဲ့အမျှ ကျင့်ဝတ်နဲ့မညီတဲ့ သတင်းမီဒီယာတွေ ရပ်တည်လို့ မရနိုင်မှာ သေချာပါတယ်။

ဒါကြောင့် RTI အတွက် ကြိုးပမ်းနေကြတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပြောနေတဲ့ သတင်းအချက် အလက် ရပိုင်ခွင့်(Rights)ဟာ သတင်းမီဒီယာသမားတွေ အော်နေတဲ့ သတင်းအချက်အလက် လက်လှမ်းမီခွင့် (Access) မဟုတ်ပါဘူး။ အဲဒီထက် ကျယ်ပြန့်နက်နဲတဲ့ ရပိုင်ခွင့်(Rights)သာ ဖြစ်ပါတယ်။ ဒါကို နားမလည် ကြတော့ သတင်းမီဒီယာသမားတွေကိုယ်တိုင်ကလည်း သတင်းအချက်အလက်ဆိုရင် သူတို့သာ အရင်ရ၊ သူတို့က ရေးပြ၊တင်ပြမှ လူထုက သိကြရမယ်လို့ တွေး တတ်ကြတာတွေ ရှိနေပါတယ်။ အစိုးရတို့ လွှတ်တော်တို့ကလည်း သူတို့ တွေ့ဖူးတဲ့ ကျင့်ဝတ်နဲ့မညီတဲ့ သတင်းသမားတွေကိုပဲ စံထားပြီး ကျန်သတင်းမီဒီယာလောကသားတွေကို ဇလုတ်တိုက်စွပ်စွဲတတ်ကြတာမျိုး ရှိလာတော့တာပါပဲ။

ဒီနေရာမှာ ပိုဆိုးသွားတာကတော့ အများစုကြီးဟာ ပင်မသတင်းမီဒီယာများရဲ့ သဘောသဘာဝနဲ့ ခေတ်စားလာတဲ့ ဖေ့စ်ဘွတ်ခ်လို ဆိုရှယ်မီဒီယာတွေရဲ့ သဘောသဘာဝကို ကွဲကွဲပြားပြား ခွဲခြားပြီး နားမလည် ကြတော့တာပါပဲ။ တကယ်တော့ ဆိုရှယ်မီဒီယာတွေ ပေါ်လာပြီး ဒစ်ဂျစ်တယ်ခေတ် ပီပြင်လာတဲ့အခါ စာရေး သူနဲ့ စာဖတ်သူဆိုတာကို ခြားထားတဲ့ မျဉ်းရယ်လို့ မပီပြင်တော့ဘူး။ အဲဒီလိုပဲ တွစ်တာ၊ ဖေ့စ်ဘွတ်ခ်၊ ဘလော့ဂ်၊ သတင်းစာဆောင်းပါး၊ မဂ္ဂဇင်းနဲ့ စာအုပ်ဆိုတာတွေကို ခြားထားတဲ့ မျဉ်းရယ်လို့လည်း မပီပြင်တော့ဘူး။ ဒီလိုပဲ ဘယ်သူက အပျော်တမ်းသမားလဲ၊ ဘယ်သူက အသက်မွေးပညာရှင်လဲဆိုတာလည်း မကွဲပြားနိုင်တော့ဘူး။ နောက် ငွေကြေးအကျိုးအမြတ်ကို ရည်ရွယ်တာလား၊ အများအကျိုးစီးပွားလား၊ တခြားဘယ်လို အကျိုးစီးပွား တွေကို ရည်ရွယ်လဲဆိုတာမျိုး သိနိုင်ဖို့လည်း သိပ်ခက်ခဲလာတယ်။ စီးပွားဖြစ်သတင်းမီဒီယာဌာနတွေမှာဆို လည်း သတင်းခန်းနဲ့ စီးပွားရေးရုံးခန်းဟာ သိပ်မကွဲပြားတော့ဘူး။ ဘယ်မီဒီယာပုံစံက အဟောင်းလဲ၊ အသစ်လဲ ဆိုတာလည်း မကွဲပြားတော့ဘူး။ ဒီလိုမကွဲပြားနိုင်တာ ခြောက်မျိုးရှိနေတယ်လို့  ကိုလံဘီယာ သတင်းပညာဌာန ပါမောက္ခ မိုက်ကယ်လ် ရှပ်ဒ်ဆန်က ဆိုထားပါတယ်။

ဒီလို မကွဲပြားမှုတွေ တင်းကြမ်းပြည့်နေတဲ့ အခြေ အနေမှာ နဂိုကတည်းက သတင်းပညာနဲ့ ပတ်သက်ရင် ဝမ်းစာနည်းပြီး မီဒီယာပါးမဝတဲ့ မြန်မာ့လူထုဟာ သတင်းဖတ်တတ်ဖို့တောင် အတော်ကြီးအချိန်ယူဦးမယ် ထင်ပါတယ်။ ဒါကြောင့်လည်း ဖြစ်စဉ်တစ်ခုအကြောင်း ဗီဒီယိုတက်လာတာမျိုး၊ ပို့စ်တက်လာတာမျိုး ကြုံတဲ့ အခါ သတင်းရင်းမြစ်က ယုံကြည်နိုင်တဲ့ရင်းမြစ်ဟုတ်ရဲ့လား၊ ဘယ်တုန်းကဖြစ်တာလဲ၊ ဘယ်နေရာမှာ ဖြစ်တာ လဲဆိုတဲ့ တိုက်ဆိုင်စစ်ဆေးစရာအချက်အလက်တွေကို လျစ်လျူရှုပြီး ကိုယ့်စိတ်ကိုယ့်သဘောနဲ့ အဆင်ပြေရင် လိုက်ခ်လုပ်၊ ရှယ်ပစ်ဆိုတာမျိုး လုပ်ကြတာပဲ ဖြစ်ပါတယ်။ တာဝန်ခံမှု၊ တာဝန်ယူမှုရှိတဲ့ သတင်းဌာနက သတင်း မျိုးကလည်း ပုံမှန်အတိုင်း သွားနေလို့ မရတော့တာမို့ ဆိုရှယ်မီဒီယာပေ့ချ်တွေကတစ်ဆင့် လူထုကြား ဝင်ရတာ ကိုး။ ဒီမှာတင် သတင်းပေ့ချ်အမည်ခံပြီး ဘာတာဝန်ယူမှုမှ မရှိသလို ဘာကျင့်ဝတ်မှ မလိုက်နာတာတွေ၊ စနစ် တကျကြိုးစားအားထုတ်ထားတဲ့ သတင်းမီဒီယာဌာနတွေက သတင်းတွေကို ခွင့်ပြုချက်တွေ ဘာတွေ တောင်း မနေဘဲ ရှယ်ချင်သလို ရှယ်ကာ ကိုယ်ပိုင်သတင်းပုံစံမျိုး တင်တာတွေ လုပ်ရာက အဲဒီလိုပေ့ချ်မျိုးတွေမှာ လူစည်ပြီး သူတို့ကပဲ မီဒီယာလို့ တချို့က ထင်သွားတတ်ကြတာကိုး။ အဲ လူစည်လာရင်တော့ သတင်းတင်မက ဂျင်းတွေပါ တင်ပြီး လူထုရဲ့သိမှုကို ကောင်းကောင်းကြီး စိန်ခေါ်ဒုက္ခပေးတတ်ကြတဲ့ ပေ့ချ်တွေလည်း အများသား ပါ။ လူထုအများကလည်း သတင်းကိုယ်ခံအားကနည်း၊ မီဒီယာပါးက မဝဆိုတော့ တမင်ကို ရည်ရွယ်ချက်ရှိရှိ ဇာတ်ရှုပ်နေတဲ့ ဆိုရှယ်မီဒီယာပေ့ချ်တွေ အကောင့်တွေကိုပဲ သတင်းမီဒီယာလိုလို သတင်းသမားလိုလို ထင်မှတ် မှားပြီး အတော်လည်း ရှုပ်ပွေလုပ်စားတွေလို့ ထင်သွားတတ်ကြပါတော့တယ်။

တကယ်လည်း ဒစ်ဂျစ်တယ်ခေတ်မှာ တော်ရုံတန်ရုံ သတင်းကိုယ်ခံအား မရှိရင် ဂျင်းစားမိပြီး ပူစပ် ပူလောင် ဖြစ်နိုင်တာပါပဲ။ ဒါပေမဲ့ အဲဒီလို ကိုယ်ညံ့လို့ ကိုယ့်ဘာသာ ပူလောင်နေတာကို သတိမထားနိုင်ကြတော့ သတင်းမီဒီယာတွေကပဲ အသုံးမကျသယောင် လက်ညှိုးထိုးအပြစ်တင်တတ်ကြပါတယ်။ တစ်ဖက်မှာလည်း တကယ့်ပရော်ဖက်ရှင်နယ် သက်မွေးပညာရှင် သတင်းမီဒီယာဌာနနဲ့ သတင်းသမားတွေက  ဒီလိုလွယ်လွယ်နဲ့ ဇလုတ်တိုက်ပြစ်တင်တာကို မဖြစ်သင့်ဘူးလို့ ခံယူတဲ့အတွက် ခပ်ရဲရဲတုံ့ပြန်ကြတဲ့အခါ ခပ်ညံ့ညံ့ ဆိုရှယ်မီဒီယာ သမားတွေကလည်း ရောင်တော်ပြန်နဲ့ ရောလွှတ်ပြီး သူတို့တွေလည်း ဘာအမှားမှ မလုပ်မိသလိုလို ဟန်မပျက်နေ တတ်ကြလေရဲ့။ ဒါကြောင့် ဒီနေ့ခေတ်မှာ မုန့်လုံးစက္ကူကပ်ဆိုသလို ပင်မသတင်းမီဒီယာနဲ့ ဆိုရှယ်မီဒီယာတွေရဲ့ ကြားမှာ နားလည်မှုလွဲစရာတွေဖြစ်ပြီးရင်း ဖြစ်နေကြတာလို့ ယူဆပါတယ်။ တစ်နည်းအားဖြင့် မီဒီယာတွေကို သုံးစွဲသူတွေအနေနဲ့ ကိုယ်စီးတဲ့ မြင်းဟာ အထီးလား၊ အမလားဆိုတာ ခွဲခြားသိရင် ဂျင်းမမိဘူးဆိုတာပါပဲ။

ပင်မသတင်းမီဒီယာဆိုတာ ပရော်ဖက်ရှင်နယ်မို့ တာဝန်ယူ၊ တာဝန်ခံစွာနဲ့ သူ့ကိုယ်ပိုင်သတင်းတွေ အတွက် ကိုယ်ပိုင်သတင်းသမားတွေ၊ အယ်ဒီတာတွေက အားထုတ်ပြုစုတည်းဖြတ်ပြီးမှ တင်ဆက်ကြပါတယ်။ ဒါပေမဲ့ ခေတ်အခြေအနေအရ ဒစ်ဂျစ်တယ်ပလက် ဖောင်းကို မဖြစ်မနေ သုံးကြရတာကိုး။ အဲဒီမှာတင် ဆိုရှယ် မီဒီယာသမားတွေက ဘာဆိုဘာမှ အားမထုတ်ဘဲ ပင်မမီဒီယာတွေရဲ့ သတင်းတွေကို ကော်ပီ-ပေ့စ် လုပ်ပြီး ကူးယူ ဖော်ပြကြသလို တချို့ဂျင်းဆရာတွေကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ပင်မသတင်းမီဒီယာသမားတွေရဲ့ ဟန်နဲ့တင်ပြပုံ အတိုင်း တချို့အချက်အလက်နဲ့ အကြောင်းအရာတွေကို အပြောင်းအလဲတွေ လုပ်(ဖြည့်စွက်/ဖြုတ်ပယ်၊ အစားထိုး ပြုပြင်)ပြီး သူတို့ရဲ့ကိုယ်ပိုင် သတင်းလိုလို ပို့စ်တင်တာတွေ လုပ်တတ်ကြပါတယ်။ သာမန်စာဖတ်အားမကောင်း သူ၊ မီဒီယာပါးမဝသူတွေကတော့ ဒီလိုပို့စ်မျိုးတွေကို ကြည့်ပြီး သတင်းအတုတွေ(Fake news) လို့ သတ်မှတ် ရင်သတ်မှတ်၊ ဒါမှမဟုတ်  တကယ့်သတင်းအမှန်လို့  ထင်ရင်ထင်၊ ဒါလောက်ထိပဲ ဆုံးဖြတ်တတ်ကြပါတယ်။

တကယ်တော့ ဆိုရှယ်မီဒီယာမှာ မြင်ရများတဲ့ သတင်းဆိုတာတွေဟာ သတင်းအစစ်အမှန်တွေထက် ပုံဖျက်ပြုပြင်ထားတဲ့၊ အချက်အလက်အမှားနဲ့အမှန်ကို ရောထွေးထားတဲ့၊ အချက်အလက်အချို့ကို ထိန်ချန် သို့မဟုတ် ဖြည့်စွက်ထားတဲ့ အကြောင်းအရာမျိုးတွေသာ ဖြစ်ပါတယ်။ ဒါကြောင့် ပညာရှင်တချို့က သတင်း အတု(Fake news) ရယ်လို့ မရှိဘဲ Misinformation & Dis-information သာ ရှိတယ်လို့ ဆိုကြပါတယ်။ သဘောကတော့ သတင်းရယ်လို့ ပေါ်လာရင် “မပြေးသော်လည်း ကန်စရာ ရှိ” ဆိုတာမျိုး သတင်းဖြစ်ထိုက်တဲ့ အကြောင်းအရာကိုတော့ ငြင်းပယ်စရာမရှိနိုင်ဘဲ အဲဒီသတင်းထဲမှာပါတဲ့ အချို့သော အချက်အလက်တွေကသာ မှားယွင်းနေတာ၊ ပုံပျက်နေတာ၊ ဖြည့်စွက်၊ ဖြုတ်ပယ်၊ ပြုပြင်ထားတာသာ ရှိတယ်၊ သတင်းကို အတု လုပ်ကြံ ရေးလို့ မဖြစ်နိုင်ဘူးလို့ ဆိုကြတာပါ။ ဘာမှမဖြစ်ခဲ့တဲ့ အကြောင်းအရာတစ်ခုကို သတင်းအဖြစ် ရေးတယ်ဆိုရင် တောင် အဲဒါဟာ သတင်းဖြစ်မလာဘဲ အတင်းအဖျင်းအညည်းအညူ အဆဲအရေးပို့စ်သာ ဖြစ်တယ်လို့ ဆိုလိုချင် တာ ဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်သူတွေက မီဒီယာပါးဝရင် သတင်းအတုဆိုတာမျိုး မရှိနိုင်တော့ဘဲ အတင်း အဖျင်းအဖြစ် ပစ်ပယ်ခံရမယ့် ပို့စ်တွေသာရှိတယ်လို့ ယူဆရမှာပါ။ တစ်နည်းအားဖြင့် ပင်မသတင်း မီဒီယာတွေနဲ့ ဆိုရှယ်မီဒီယာတွေကြားမှာ သတင်းအစစ်အမှန်ဖြစ်ခြင်း၊ သတင်းအတုဖြစ်ခြင်းဆိုတဲ့ အားပြိုင်မှုမျိုး မရှိနိုင်ဘူးလို့ ဆိုလိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မီဒီယာသမားတွေသာမက မီဒီယာသုံးစွဲသူတွေပါ ကိုယ်စီးတဲ့မြင်းကို အထီးလား၊ အမလားဆိုတာ ခွဲခြားပြီး နားလည်မှ တော်ကာကျမယ့် ဒစ်ဂျစ်တယ်ခေတ်ကို ရောက်နေပြီဆိုတာတော့ သေချာ သလောက်ပါပဲ။

မသီတာ(စမ်းချောင်း)

Please follow and like us:
0