မီဒီယာလွတ်လပ်မှုတိုးတက်ရေးအတွက် လုပ်ဆောင်မှာလား၊ ရန်စောင်မှာလား

ကမ္ဘာ့မီဒီယာအခင်းအကျင်းတွင် လွတ်လပ်မှုနှင့်ရေရှည်ရပ်တည်ဖွံ့ဖြိုးမှု၊ မီဒီယာသမားများအား ကာကွယ်ပေးနိုင်မှု စသည့်အချက်(ညွှန်းကိန်း)များကို အခြေခံကာ နိုင်ငံအသီးသီးနှင့်ဒေသဆိုင်ရာတို့၏ မီဒီယာ အခြေအနေကို အကဲဖြတ်မှုများ ရှိနေခဲ့သည်မှာ ၁၉၈၀ ပြည့်နှစ်ကတည်းကပင် ဖြစ်ပါသည်။ လတ်တလောတွင် သတင်းမီဒီယာလွတ်လပ်မှုညွှန်းကိန်းများ(Freedom House နှင့် RSF တို့က ပြုစုကြသည်)၊ မီဒီယာ ရေရှည်ဖွံ့ဖြိုးရပ်တည်နိုင်မှုညွှန်းကိန်း(IREX  က ပြုစုသည်)၊ အာဖရိကမီဒီယာ ဘာရိုမီတာညွှန်းကိန်း(FBS က ပြုစုသည်)နှင့် မီဒီယာဖွံ့ဖြိုးမှုညွှန်းကိန်း(UNESCO က ပြုစုသည်)တို့မှာ ထင်ရှားသည့်ညွှန်းကိန်းများ ဖြစ်ကြ သည်။ မြန်မာနိုင်ငံ၏မီဒီယာ အခြေအနေနှင့်ပတ်သက်လျှင် Freedom House နှင့် RSF တို့က ပြုစုသော သတင်း မီဒီယာလွတ်လပ်မှုညွှန်းကိန်းများကို အခြေခံကာ နှစ်စဉ်နှစ်တိုင်း ဆုံးဖြတ်လေ့ရှိကြ သည်။ (UNESCO က ပြုစုသည့် မီဒီယာဖွံ့ဖြိုးမှုညွှန်းကိန်းမှာမူ နှစ်စဉ်ပုံမှန်ထွက်လေ့ မရှိပါ) ယခုလတ်တလောတွင် ယင်းညွှန်းကိန်း များအခြေခံသည့် နိုင်ငံ၏အဆင့်ရမှတ် များမှာ ယခင်အစိုးရလက်ထက်မျှလောက်ပင် အားရဖွယ် မတိုးတက်ဟု အဖြေထွက်နေရာ ယင်းတို့ကို ပြုစုသောအဖွဲ့အစည်းများနှင့် ယင်းအဖွဲ့အစည်းများကို ထောက်ပံ့ပေးသော အမေရိက၊ ပြင်သစ်စသည့်နိုင်ငံများ၏ သမာသမတ်ကျမှု၊ ဘက်လိုက်မှု တို့ကို မေးခွန်းထုတ်စရာရှိသည်ဟူသော ကောက်ချက်ထွက်ပေါ်လာလေသည်။

သည်နေရာတွင် ယင်းအဖွဲ့နှစ်ဖွဲ့မှ ထုတ်ပြန်သည့်ညွှန်းကိန်းများသည် မီဒီယာတို့၏ အရည်အသွေးကို အကဲဖြတ်ချက်များ မပါဝင်သဖြင့် အားနည်းသည်ဟုလည်း ကောက်ချက်ချပြန်သည်။ စင်စစ် ယင်းနှစ်ဖွဲ့စလုံး သည် မီဒီယာတို့၏အရည်အသွေးကို ထုတ်ပြန်ရန် ရည်ရွယ်ချက်မရှိဘဲ မီဒီယာများ လွတ်လပ်မှုရှိ-မရှိကိုသာ ဥပဒေရေး ရာအခြေအနေ၊ နိုင်ငံရေးရာအခြေအနေ၊ စီးပွားရေးရာအခြေအနေများပေါ် အခြေခံ၍ လည်းကောင်း၊ စုံလင်ကွဲပြားမှု၊ အမှီအခိုကင်းမှု၊ သူ့ဘာသာဆင်ဆာလုပ်မှု၊ ဥပဒေမူဘောင်များ၊ ပွင့်လင်းမြင်သာမှုနှင့် အခြေခံ အဆောက်အအုံတို့ပေါ် အခြေခံ၍လည်းကောင်း အကဲဖြတ်အမှတ်ပေးထားကြခြင်းသာ ဖြစ်လေသည်။ ယင်း အမှတ်ပေးမှုများတွင် နည်းစနစ်ဆိုင်ရာ(Methodology)နှင့် သီအိုရီသဘောထားရေးရာ(Theoretical concept) ဆိုင်ရာ အားနည်းချက်များ ရှိနေသည်မှာလည်း အမှန်တရားပင်။ သို့သော် မည်သို့ပင်ဖြစ်စေ ယင်း ညွှန်းကိန်းရလဒ်များနှင့်အဆင့်သတ်မှတ်မှုများသည် နိုင်ငံတစ်ခုချင်းစီနှင့် ဒေသတွင်းနိုင်ငံများ၏ မီဒီယာလွတ် လပ်မှု၊ သတင်းသမားများ လုံခြုံစိတ်ချစွာ လုပ်ကိုင်နိုင်မှုအခြေအနေများကို ခြုံငုံထင်ဟပ်နိုင်သည်မှာလည်း အမှန်တရား စစ်စစ်တစ်ခုပင် ဖြစ်ပါသည်။

မိမိနိုင်ငံ၏ ရလဒ်နှင့်အဆင့်များ နိမ့်ကျသွားလျှင် ညွှန်းကိန်းပြုစုသည့် အဖွဲ့နှင့် နောက်ခံအလှူရှင်နိုင်ငံ များကို မေးခွန်းထုတ်စိန်ခေါ်ရန် အားထုတ်ရမည့်အစား မည်သည့်အတွက် ထိုသို့ဖြစ်ရသည်ကို မိမိတို့ပိုင် နည်းလမ်း၊ စည်းကမ်း၊ ကျင့်ဝတ်၊ ဥပဒေများကို အသုံးပြု၍ အဖြေရှာခြင်း၊ ထွက်ပေါ်လာသည့်အဖြေကို ရိုးသားရဲရင့်စွာ လက်ခံခြင်း၊ ထိုမှတစ်ဆင့် မည်သို့သောဆောင်ရွက်ပြုပြင်မှုများကို လုပ်ပါမှ ထိုရလဒ်နှင့်အဆင့် များ ပြန်လည်မြင့်မားတိုးတက်လာနိုင်မည်ဟူသည့် နောက်အဖြေတစ်ခုကို ရှာဖွေခြင်း၊ ရလာသည့်အဖြေနှင့်အညီ ဆောင်ရွက်စရာများကို ဆောင်ရွက်ခြင်း၊ ထိုသို့ဆောင်ရွက်သည့်အခါ ယခင်က နိမ့်ကျသည်ဟု သတ်မှတ်ခဲ့သည့် အဖွဲ့အစည်း များနှင့် နောက်ခံအလှူရှင်နိုင်ငံများကိုပါ တက်ကြွစွာ ပူးပေါင်းပါဝင်စေခြင်းနည်းလမ်းများကို အသုံးပြုရန် အရေးကြီးပါသည်။ ရည်ရွယ်ရင်းမှာ နိုင်ငံ၏ မီဒီယာလွတ်လပ်မှုအခြေအနေ တိုးတက်ရန်သာ ဖြစ်ကာ မတိုးတက်ဟု ပြောသည့် အခြားအဖွဲ့/ နိုင်ငံများအား ရန်စောင်ရန် မဟုတ်သည်ကို သတိကောင်းကောင်း ထားသင့်ပါကြောင်း တင်ပြအပ်ပါသည်။

အယ်ဒီတာ

Please follow and like us:
0