လူ့ရပိုင်ခွင့်တွေအပေါ် သက်ရောက်မှုတွေ ရှိနေတဲ့ ဖေ့စ်ဘွတ်ခ်ကို သုတေသနပြုတဲ့အခါ…

ဖေ့စ်ဘွတ်ခ်ဟာ မြန်မာနိုင်ငံအတွက်တော့ အမျိုးမျိုးအဖုံဖုံသော သက်ရောက်မှုတွေကို ပေးခဲ့၊ ပေးနေဆဲ၊ ပေးနေဦးမယ့် ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုလို့ ဆိုရပါမယ်။ ဒီလိုသက်ရောက်မှုရှိတယ်ဆိုတာ သေချာ တဲ့အတွက်လည်း သူ့ပလက်ဖောင်းကို ဘယ်လိုလူတွေအတွက်ပဲ ပေးသုံးမယ်၊ မပေးသုံးဘူးဆိုတာကို မူဝါဒတွေ ထားပြီး စိစစ်ဆုံးဖြတ်နေပြီ ဖြစ်ပါတယ်။  စတင်ပေါ်ပေါက်စဉ်က တက္ကသိုလ်ကျောင်းမှာ လူငယ်ချင်း ခင်မင်ခဲ့ ပေမဲ့ ကွဲကွာသွားချိန်မှာ ဘယ်နေရာကို ရောက်နေနေ တစ်ယောက်နဲ့တစ်ယောက် ဘယ်သူ ဘာလုပ်နေတယ် ဆိုတာ သိရအောင်ဆိုပြီး တီထွင်ခဲ့ရာက ဖေ့စ်ဘွတ်ခ်ဟာ စီးပွားရေး၊ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးတွေ အတွက် အသုံးချစရာကောင်းလှတဲ့ ဆိုရှယ် ပလက်ဖောင်းတစ်ခု ဖြစ်လာပါတယ်။ မီဒီယာ၊ သတင်းနဲ့ အချက် အလက်ဆိုင်ရာ တတ်သိနားလည်မှုရယ်လို့ အခိုင်အမာမရှိတဲ့ မြန်မာနိုင်ငံမျိုးမှာတော့ ဒီပလက်ဖောင်းဟာ အခြေခံလူ့ရပိုင်ခွင့်တွေအပေါ်မှာတောင် သက်ရောက်မှုတွေ ဖြစ်နိုင်နေတယ်လို့ ပညာရှင်တွေက မြင်လာကြပါ တယ်။ ဒီလိုနဲ့ ဖေ့စ်ဘွတ်ခ်ကို အခြေခံ လူ့ရပိုင်ခွင့်ဆိုင်ရာသုတေသနလုပ်ဖို့၊ သူ့ပလက်ဖောင်း ပေါ်မှာ ဒီရပိုင်ခွင့် တွေကို မချိုးဖောက်နိုင်အောင် စီမံခန့်ခွဲ ပေးဖို့ ဝိုင်းဝန်းပြောဆိုလာခဲ့ကြပါတယ်။ အဲဒီလို ပြောဆို မှုရဲ့ရလဒ်အဖြစ် လတ်တလောမှာ ဖေ့စ်ဘွတ်ခ်က မြန်မာနိုင်ငံရဲ့လူ့ရပိုင်ခွင့်အပေါ် သက်ရောက်မှုဆိုင်ရာ သုတေသနအစီရင်ခံစာ တစ်စောင် ထွက်ပေါ်လာပါတယ်။

အဲဒီအစီရင်ခံစာက စာမျက်နှာ ၅၂ မျက်နှာရှိပြီး အတော်လေး အသေးစိတ်ဖော်ပြထားပါတယ်။  အဓိက ကတော့ လူ့ရပိုင်ခွင့်အပေါ် သက်ရောက်မှုတွေက ဘာတွေလဲ၊ နောင်မှာရော ဘယ်လိုသက်ရောက်မှုတွေ ရှိလာ နိုင်မလဲ၊ အန္တရာယ်ရှိတာတွေက ဘာတွေလဲ၊ ကာကွယ်ပြုပြင်နိုင်မယ့် အခွင့်အလမ်းတွေက ဘာတွေရှိနေလဲ ဆိုတာတွေကို ရှာဖွေဖို့နဲ့ ရလာတဲ့အချက်တွေထဲမှာမှ ဘယ်အရာတွေကို ဦးစားပေးသင့်လဲဆိုတာကို ဖော်ထုတ်ဖို့ ဖြစ်ပါတယ်။ အဲဒီကမှ အဲဒီသက်ရောက်မှုတွေကို အကောင်းဘက်ရောက်အောင် ဘယ်လိုပြင်ဆင် ဆောင်ရွက် သွားသင့်တယ်ဆိုတဲ့ အစီအစဉ်တစ်ခုကို ပြင်ဆင်နိုင်ဖို့၊ ဖေ့စ်ဘွတ်ခ်ရဲ့ ဝန်ထမ်းတွေကိုလည်း လူ့ရပိုင်ခွင့် ဆိုင်ရာ လှုပ်ရှားဆောင်ရွက်နေကြသူ/အဖွဲ့တွေနဲ့ သက်ရောက်ခံရသူ/အဖွဲ့တွေကိုပါ ထိတွေ့ဆွေးနွေးစေပြီး လိုအပ်မယ့် အရည်အသွေးတွေ ဖြည့်ပေးထားဖို့ဆိုတာတွေကို ဆက်လုပ်သွားဖို့ ဖြစ်ပါတယ်။

ဒီရည်ရွယ်ချက်တွေကြောင့် ဒီအစီရင်ခံစာက ဘယ်အခြေခံရပိုင်ခွင့်တွေကို ထိခိုက်နေသလဲဆိုတာကို အရင်ဆုံး ရှာပြထားပါတယ်။ အစီရင်ခံစာမှာ အခြေခံရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး ကိုးကားရာမှာတော့ ကုလ သမဂ္ဂအပြည်ပြည်ဆိုင်ရာလူ့ရပိုင်ခွင့်ကြေညာစာတမ်း(UDHR)ကိုသာမက အရပ်ဘက်လူထုဆိုင်ရာနှင့် နိုင်ငံရေး ဆိုင်ရာ ရပိုင်ခွင့်များနှင့် သက်ဆိုင်သော နိုင်ငံတကာသဘောတူစာချုပ်(ICCPR) ကိုပါ ကိုးကားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ခ်ရဲ့ လူ့ရပိုင်ခွင့်အပေါ် သက်ရောက်မှုတွေမှာ ဦးဆုံးကတော့ လုံခြုံရေးပိုင်းပါပဲ။ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ လူ့ရပိုင်ခွင့်ကြေညာစာတမ်း(UDHR) အပိုဒ် ၃နဲ့ အရပ်ဘက်လူထုဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်များနှင့် သက်ဆိုင်သော နိုင်ငံတကာသဘောတူစာချုပ်(ICCPR) အပိုဒ်  ၂၀ တွေမှာ  လူတိုင်းလူတိုင်း အသက်ရှင်သန်ပိုင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်တွေ ရှိရမယ်လို့ ပြဋ္ဌာန်းပေမယ့် ဖေ့စ်ဘွတ်ခ် အသုံးပြုသူတွေဆီက တရားမဝင် ရယူထားတဲ့ အချက်အလက်တွေကို အသုံးပြုပြီး အမုန်းစကားတွေ၊ အကြမ်း ဖက်မှုကို လှုံ့ဆော်တာတွေ၊ ကူညီအားပေးတာတွေ လုပ်တတ်တာမို့ ဒီရပိုင်ခွင့်အပေါ် တိုက်ရိုက်သက်ရောက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ နောက်တစ်ခုကတော့ ပုဂ္ဂလိက လုံခြုံရေးပါ။ UDHR အပိုဒ် ၁၂ နဲ့ ICCPR အပိုဒ် ၁၇ တွေမှာ လူတိုင်းလူတိုင်းဟာ သူနဲ့ မိသားစုရဲ့ပုဂ္ဂလိကဘဝလုံခြုံရေး၊ သိက္ခာစောင့်စည်းရေးအတွက် ဝင်ရောက် စွက်ဖက်မှုမခံရဘဲ နေနိုင်ပိုင်ခွင့်ကို ဖော်ပြထားပါတယ်။ ဖေ့စ်ဘွတ်ခ်အနေနဲ့ သုံးစွဲသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ(ဖုန်းနံပါတ်၊ စကားဝှက်၊ မှတ်ပုံတင်နံပါတ်)စတာတွေကို ဟက်ခ်လုပ် သူတွေဆီ ပါသွားမှာ ကြောက်နေရသလို သက်ဆိုင်ရာအာဏာပိုင်တွေက ဥပဒေအကြောင်းပြပြီး အတင်းအကြပ် တောင်းယူခံရမှာကို လည်း စိုးရိမ်ရတဲ့အခြေအနေ ရှိပါတယ်။

နောက်စိုးရိမ်စရာ ရပိုင်ခွင့်ကတော့ UDHR အပိုဒ် ၁၉၊ ၂၀ နဲ့ ICCPR အပိုဒ် ၁၉ တွေက လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်၊ ထင်မြင်ယူဆခွင့်၊ စီတန်းလှည့်လည်ခွင့်နှင့် စည်းရုံးသင်းပင်းနိုင်ခွင့်တွေကို အာမခံ ထားပေမဲ့ အစိုးရက ဖေ့စ်ဘွတ်ခ်ကို မသုံးစွဲရလို့ တားမြစ်လာတာမျိုး၊ ဖေ့စ်ဘွတ်ခ်မှာ ဘယ်အကြောင်းအရာတွေ ကို မရေးရလို့ ကန့်သတ်လာတာမျိုး၊ တင်ထားတာတွေ မှာ လူ့ရပိုင်ခွင့်တွေကို ချိုးဖောက်တဲ့အကြောင်းတွေ ပါ လာတာမျိုးတွေ ရှိနိုင်တယ်လို့ အစီရင်ခံစာက သုံးသပ် ပါတယ်။ ပြီးတော့ UDHR အပိုဒ် ၂၅ နဲ့ ICESCR အပိုဒ် ၁၀ တွေက မိခင်နဲ့ကလေးသူငယ်တွေကို အထူးတလည် စောင့်ရှောက်ပေးရမယ့်သူတွေအဖြစ် ရပိုင်ခွင့်ကို ဖော်ပြထားပေမဲ့ ဖေ့စ်ဘွတ်ခ်ကနေတစ်ဆင့်က လေးသူငယ်တွေဟာ မသင့်လျော်တဲ့အကြောင်းအရာတွေ ကို အလွယ်တကူ လက်လှမ်းမီသွားတာမျိုး ဖြစ်နိုင်သလို လူကုန်ကူးမှုနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ အပါအဝင် အန္တရာယ်ဖြစ်နိုင်တဲ့အရာတွေ ပေါ်ပေါက်သက်ရောက်လာနိုင်တာပါပဲ။ UDHR အပိုဒ် ၁၂ မှာ ခွဲခြားဆက်ဆံမှု မရှိရေးကို ရပိုင်ခွင့်အဖြစ် ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဖေ့စ်ဘွတ်ခ်ရဲ့ သက်ရောက်မှုမှာ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ဘာသာစကားစတာတွေအ ကြောင်းပြုပြီး ခွဲခြားဆက်ဆံမှု ပြုလုပ်တာတွေ ရှိနိုင် တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် UDHR အပိုဒ် ၂၇ မှာ အနုပညာနှင့် ယဉ်ကျေးမှုတို့ကို လွတ်လပ်စွာ ပါဝင်ခံစားနိုင်ခွင့်ဆို တာ ပါသလို ဖေ့စ်ဘွတ်ခ်ရဲ့ ကောင်းတဲ့ သက်ရောက်မှု မှာလည်း အရည်အသွေးရှိတဲ့ အချက်အလက်တွေကို ရနိုင်သလို ဒစ်ဂျစ်တယ်တတ်သိနားလည်မှုတွေလည်း တိုးတက်လာနိုင်တယ်ဆိုတာ တွေ့ရပါတယ်။ UDHR အပိုဒ် ၂၅ နဲ့ ICCPR အပိုဒ် ၁၁ တွေမှာ လူတိုင်း လူတိုင်းဟာ ကျန်းမာပျော်ရွှင်တဲ့ လူနေမှုအခြေအနေကို ရပိုင်ခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဖေ့စ်ဘွတ်ခ်ရဲ့သက်ရောက်မှုမှာတော့ စီးပွားရေးအရ ဆက်သွယ်ဆောင်ရွက်မှုတွေ ရှိနေ တာကြောင့် လူနေမှုအဆင့်အတန်းအပေါ် ကောင်းတဲ့သက်ရောက်မှုတွေ ရှိနိုင်တယ်လို့ ဆိုရပါမယ်တဲ့။

ဒါတွေကတော့ ဖေ့စ်ဘွတ်ခ်ရဲ့ လူ့ရပိုင်ခွင့်အပေါ် သက်ရောက်နိုင်မှု အကြမ်းဖျဉ်းတွေပေါ့။ ပုဒ်မ ၇ ခု စာလောက် ကျိန်းသေသက်ရောက်တဲ့သဘော ဖြစ်ပါ တယ်။ လူ့ရပိုင်ခွင့်ပုဒ်မက စုစုပေါင်း ၃၀ မို့ ဖေ့စ် ဘွတ်ခ်က သက်ရောက်နိုင်တဲ့ လူ့ရပိုင်ခွင့်အနေအထားက လေးပုံတစ်ပုံစာလောက် ရှိနေတယ်လို့ ဆိုရပါမယ်။ သက်ရောက် နိုင်မှုအသေးစိတ်တွေကို ဆင့်ပွားတွေးယူ နိုင်မှာမို့ ဖေ့စ်ဘွတ်ခ်က တွေ့ရှိချက်တွေကို အရင်ကြည့်ရအောင်ပါ။

မြန်မာမှာ ဖေ့စ်ဘွတ်ခ်ကိုပဲ အင်တာနက်အဖြစ် သိပြီး အသုံးပြုနေသူဟာ အသုံးပြုသူစုစုပေါင်း သန်း ၂၀ ရဲ့ အများစုကြီးပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်တော့ ၂၀၁၈ ခုနှစ်မှာ မြန်မာ့လူဦးရေ ၅၃ သန်းရဲ့ ၃၄ ရာခိုင်နှုန်းက  အင်တာနက်သုံးပါတယ်။ အဲဒီထဲမှာ မိုဘိုင်းဖုန်းနဲ့ သုံးသူက ၇၃ ရာခိုင်နှုန်းရှိပြီး ၂၀၁၇ ခုနှစ် ထက်စာရင် ၄ ရာခိုင်နှုန်း များလာတာ ဖြစ်ပါတယ်။ ကွန်ပျူတာသုံးပြီး အင်တာနက်ကြည့်သူကတော့ အင်တာနက်သုံးစွဲသူပေါင်းရဲ့ ၂၆ ရာခိုင်နှုန်းပဲရှိပြီး ၂၀၁၇ ခုနှစ်ထက် ၇ ရာခိုင်နှုန်း နည်းသွားပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ၂၀၁၇ ခုနှစ် ဇန်နဝါရီထက် ၂၀၁၈ ခုနှစ် ဇန်နဝါရီမှာ အင်တာနက် သုံးစွဲသူဦးရေဟာ ၂၉ ရာခိုင်နှုန်း တောင် များလာပါတယ်။ ဗိုင်ဘာကိုလည်း လူသုံးများပါတယ်။ အကြမ်းအားဖြင့်တော့ အစိုးရ ကနေပြီး ဘယ် အကြောင်းအရာ၊ ဘယ်ပို့စ်ကို ဖျက်ပေး ပါလို့ တောင်းဆိုတာ မရှိပါဘူးတဲ့။ ဒါပေမဲ့ ၂၀၁၆ ခုနှစ် ဇွန်လကနေ ၂၀၁၇ ခုနှစ် မေလအထိ တစ်နှစ် အတွင်းမှာ အွန်လိုင်းအပြောအဆိုတွေကြောင့် အရေးယူ ခံရတဲ့လူဦးရေဟာ ၆၁ ဦး ရှိနေပါတယ်။ ဒါ့အပြင် အစိုးရက တယ်လီဖုန်းဝန်ဆောင်မှုပေးနေတဲ့ တယ်လီနော၊ အူရီဒူးတို့ကို အချက် အလက်တွေ ထုတ်ပေးပါလို့ တောင်းဆိုတာဟာ ၂၀၁၆ ခုနှစ်အစောပိုင်းမှာကတည်းက ၈၅ ကြိမ် ရှိခဲ့ပြီး ဖေ့စ်ဘွတ်ခ်ကို တိုက်ရိုက်တောင်းဆိုတာကတော့ ၂၀၁၆ ခုနှစ် ဇူလိုင်လနဲ့ ဒီဇင်ဘာလကြားမှာ အသုံးပြုသူရဲ့ အချက်အလက်တွေကို ထုတ်ပေးဖို့ တစ်ကြိမ်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆရာဆရာမ၊ နိုင်ငံရေးသမား၊ ဘာသာရေးခေါင်းဆောင်၊ နာမည်ကျော်အနုပညာရှင်နဲ့ ဒေသ ဆိုင်ရာအစိုးရကိုယ်စားပြုသူတွေဟာ ဖေ့စ်ဘွတ်ခ်ကို လူမျိုး၊ဘာသာ၊ လိင်မတူကွဲပြားမှုတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေအပေါ် သူတို့ရဲ့ ထင်မြင်ချက်တွေကို ရေးဖို့ အသုံးချကြပါတယ်၊ လူတွေ အဖြစ်အပျက် တွေနဲ့ ပတ်သက်တဲ့ ကောလာဟလဖြန့်ချိဖို့အတွက်လည်း ဖေ့စ်ဘွတ်ခ်ကို အသုံးချကြတယ်၊ ပုဂ္ဂိုလ်ရေးအရ နာမည်ပျက် အောင် လုပ်ကြံတာတွေ၊ ပုဂ္ဂိုလ်ကိုယ်ရေး အချက်အလက်အသေးစိတ်တွေကို ဖော်ထုတ်ပြီး သတ် မယ်လို့ ခြိမ်း ခြောက်မှုတွေကိုတောင် ဖေ့စ်ဘွတ်ခ်ကို အသုံးချကြတယ်လို့ ဆိုပါတယ်။

ဒီ့ထက်ဆိုးတာကတော့ သေချာစီစဉ်ထားတဲ့ အုပ်စုက အကောင့်အတုပေါင်းစုံနဲ့ ပေ့ချ်အတုပေါင်းစုံကို အသုံးပြုပြီး အမုန်းစကားတွေ၊ သတင်းအမှားတွေအားလုံးကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဖြန့်ချိနေတယ်လို့ အစီ ရင်ခံစာက ဆိုပါတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ တွေ့ရလေ့ရှိတဲ့ ကောလာဟလတွေဟာ လူထုအတွင်း အကြမ်းဖက်မှု တွေဖြစ်အောင်၊ လူစုလူဝေးနဲ့ တရားစီရင်တဲ့ သဘောဖြစ်အောင် လှုံ့ဆော်မှုတွေလို့လည်း ထောက်ပြပါတယ်။

မြန်မာပြည်က ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေရဲ့ ထူးခြားတဲ့အမူအကျင့်တစ်ခုကတော့ လျှို့ဝှက်အုပ်စုနဲ့ မက်ဆင်ဂျာကတစ်ဆင့် ကောလာဟလတွေကို ဖြန့်ချိတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ရှယ်ကို နှိပ်ပြီး ဖြန့်ကြတာမဟုတ်ဘဲ ကော်ပီ၊ ပေ့စ်နဲ့ ကောလာဟလတွေကို ဖြန့်ကြတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ သုံးစွဲသူတစ်ယောက်မှာ အနည်းဆုံး အကောင့်နှစ်ခုကနေ ခြောက်ခုအထိရှိပြီး အကောင့်အားလုံးကို တစ်ပြိုင် တည်းမှာ သုံးကြသလို လူငယ်သုံးစွဲသူတချို့ကြားမှာ စကားဝှက်ပတ်စ်ဝေါ့ဒ်ကို အတူမျှပြီး သိထားကြပါတယ်တဲ့။ ထူးဆန်းတာတစ်ခုကတော့ မိုဘိုင်းဖုန်းအသုံးပြုပြီး အင်တာနက်သုံးစွဲသူတွေအနက် ကျားနဲ့မ ကွာဟချက်က တော့ ၃၀ ရာခိုင်နှုန်း ရှိနေတယ်လို့ ဆိုပါတယ်။ ဒီတော့ ကောလဟလကို ဖြန့်ချိနေတဲ့ အကောင့်အတုကို အများ ဆုံးသုံးနေတဲ့သူတွေဟာ အမျိုးသားတွေ ဖြစ်တယ်လို့ သဘောသက်ရောက်ပါတယ်။ သေချာစီစဉ်ထားတဲ့ အုပ်စု တွေဆိုရာမှာ အမျိုးသားများနဲ့သာ ဖွဲ့စည်းထားတာမျိုးလို့ ဆိုနိုင်ပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေဟာလည်း သူတို့ရဲ့ဓာတ်ပုံတွေကို ခိုးယူပြီး ဖိုတိုရှော့ပ်နဲ့ ပြုပြင်ကာ လိင် ဖျော်ဖြေရေးပို့စ်တွေအတွက် အသုံးချတာမျိုးကို ဖေ့စ်ဘွတ်ခ်မှာ ကြုံနေရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ နယ်ကသုံးစွဲသူတွေ၊ ပညာအခြေခံနဲ့ ဝင်ငွေနိမ့်ပါးတဲ့ သုံးစွဲသူတွေဟာ သတင်းအမှားနဲ့ အမုန်းစကားကို အများ ဆုံးရရှိ၊ ရှယ်မိသူတွေ ဖြစ်ပါသတဲ့။ အသက်ကြီးတဲ့ သုံးစွဲသူအများစုကတော့ ဒစ်ဂျစ်တယ်အကြောင်း တတ်သိ နားလည်မှု အားနည်းတဲ့အတွက် အလွန်အကျွံ အမျိုးသားရေး အစွန်းရောက်တဲ့ပို့စ်တွေကို လိုက်ကြည့်မိ၊ ဖတ်မိ၊ သိမ်းမိ ဖြစ်တတ်ကြတယ်လို့ ဆိုပါတယ်။  ဒါ့အပြင် ဖုန်းဆိုင်တွေက ဖေ့စ်ဘွတ်ခ်အကောင့်ဖွင့်ပေးလိုက်သလို သုံးစွဲသူနာမည်နဲ့ စကားဝှက်တွေကိုပါ ဖန်တီးပေးလိုက်တာမို့ သုံးစွဲသူတွေကမသိဘဲ အဲဒီသူရဲ့ အချက်အလက် တွေကို အလွဲသုံးစားလုပ်တာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။

ဒီလိုရှိတဲ့အတွက် ဖေ့စ်ဘွတ်ခ်ဟာ သူ့ဆီမှာ တက် နေတဲ့ အမုန်းစကားပို့စ်တွေကို ဖျက်ဖို့ လုပ်ခဲ့ရပါတယ်။ ၂၀၁၇ ခုနှစ် နောက်ဆုံးသုံးလအတွင်း အမုန်းစကား အတွက် ဖျက်လိုက်ရတာက ၁၃ ရာခိုင်နှုန်းရှိခဲ့ပေမဲ့ ၂၀၁၈ ခုနှစ် အလယ်ပိုင်းသုံးလအတွင်းမှာတော့  ၅၂ ရာခိုင်နှုန်းအထိ ရှိလာတယ်လို့ ဆိုပါတယ်။ အရင်က အကြမ်းဖက် မှုနဲ့ ပတ်သက်တာတွေ တင်ထားရင် ဖျက်ဖို့ ထက် သတင်းစာမျက်နှာမှာ မထင်ရှား၊ မတက်လာအောင် ထိန်း ချုပ်တဲ့အထိပဲ လုပ်ခဲ့ပေမယ့် ၂၀၁၇ ခုနှစ် နောက်ပိုင်းမှာတော့ ကမ္ဘာ့အခြေအနေထက် မြန်မာ့အခြေအနေက ဆိုးလွန်းလာတဲ့အတွက် ဖျက်ဖို့လုပ်လာ ရတယ်လို့ ဆိုပါတယ်။

ဒီလိုနဲ့ပဲ ၂၀၁၈ ခုနှစ် သြဂုတ်လမှာ ဖေ့စ်ဘွတ်ခ်ဟာ အကောင့် ၁၈ ခု၊ အင်စတာဂရမ်အကောင့် ၁ ခု၊ ပေ့ချ် ၅၂ ခုကို ဖြုတ်ခဲ့ရသလို လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းဆိုင်ရာအကောင့် ၂၀ ကိုလည်း အသုံးပြုလို့ မရတော့ အောင် ပိတ်ပင်တားမြစ်ခဲ့ရပါတယ်။ အဲဒီအထဲမှာ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြဝတီ ရုပ်မြင်သံကြားကွန်ရက်တွေလည်း ပါပါတယ်။

တကယ်တော့ အစီရင်ခံစာမှာ ဒီထက်အသေးစိတ် ပြောထားတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အကျယ်မပြောတော့ဘဲ အကြံပြုချက်တွေဘက် လှည့် ချင်ပါတယ်။ အဆိုပြုထားတဲ့ အကြံပြုချက်တွေ  အကြောင်း လေ့လာရအောင်ပါ။

ဖေ့စ်ဘွတ်ခ်ရဲ့ အဆိုပြုချက်တွေဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ အကြံပြုထားတာတွေကတော့ လူ့ရပိုင်ခွင့်ဆိုင်ရာမူဝါဒကို သီးခြားတစ်ခုတည်းဖြစ်အောင် ဖော်ထုတ်ထားဖို့ပါ။ ဖေ့စ်ဘွတ်ခ်ရဲ့လူ့ရပိုင်ခွင့်ဆိုင်ရာ မူဝါဒတွေကို အများကသိအောင် တစ်နှစ် ဒါမှမဟုတ် ၆ လတစ်ခါဆိုတာမျိုး အခါအားလျော်စွာ ထုတ်ပြန်ပေး ဖို့လည်း အကြံပြုထားပါတယ်။ ဒါ့အပြင် မြန်မာရုံးအတွက် ဖွဲ့စည်းပုံမှာလည်း ပွင့်လင်းမြင်သာမှုရှိတဲ့  ခေါင်း ဆောင်မှုနဲ့ အုပ်ချုပ်မှုတွေကို လုပ်ထားဖို့  အကြံပြုချက်ထားပါတယ်။

ဖေ့စ်ဘွတ်ခ်အသိုင်းအဝန်းရဲ့ စံသတ်မှတ်ချက် (Community Standard) အတွက်တော့ အဲဒီစံမျိုး မြန်မာ ပြည်မှာ အတည်တကျ ဖြစ်သွားအောင် ပြည်တွင်းက နောက်ခံအနေအထားတွေကို နားလည်နိုင်မယ့် အတွင်း အပြင် ကူးဖြတ်လှုပ်ရှားဆောင်ရွက်နိုင်မယ့် အဖွဲ့လေးမျိုး ပြင်ဆင်ထားဖို့၊ ပြည်တွင်းက အခြားသော လူ့ရပိုင်ခွင့် ဆောင်ရွက်နေတဲ့အစုအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင် ရေးအတွက် ဖေ့စ်ဘွတ်ခ်ဘက်က စပြီး  တက်ကြွစွာ အားထုတ်ဖို့၊ ပို့စ်တွေပေါ်က အချက်အလက် အတိအကျ မှန်ကန်မှုတွေအတွက် စက်ပစ္စည်းကို အခြေခံတဲ့ ဒါမှ မဟုတ် ဖန်တီးထားတဲ့ အသိÓဏ်ဆိုတာမျိုးကို အခြေခံ တဲ့ နည်းစနစ်တွေမှာ ရင်းနှီးမြှုပ်နှံသွားဖို့၊ အမုန်းစကား တွေကို ဘယ်သူတွေက ဘယ်လိုနည်းလမ်းတွေနဲ့ ဖြန့်ချိနေတယ်ဆိုတာကို သုတေသနပြုပြီး ရလဒ်တွေနဲ့အညီ လိုအပ်တဲ့တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ဖို့၊ စံတွေနဲ့ မညီလို့ ဖြုတ်ချလိုက်ရတဲ့ ပို့စ်နဲ့အကြောင်းအရာတွေကို နောင် မှာ သက်သေအဖြစ် အသုံးပြုနိုင်အောင် စုဆောင်းသိမ်းဆည်းထားနိုင်မယ့်စနစ်တစ်ခု တည်ဆောက်ထားဖို့ ဆိုတာတွေ အကြံပြုထားပါတယ်။ ဒါ့အပြင် ဖေ့စ်ဘွတ်ခ်ပေါ်မှာ အကြမ်းဖက်အဖွဲ့တွေက ဝါဒဖြန့်ချိရေးမျိုး လုပ်တာကို ကာကွယ်ဖို့ဆိုပြီး ရည်ရွယ်ပေမယ့် တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မရှိရင် အချို့အဖွဲ့တွေကို မှားယွင်း စွပ်စွဲပြီး တားမြစ်ပိတ်သိမ်းမိမှာစိုးတဲ့အတွက်   အကြမ်းဖက်တိုက်ခိုက်တဲ့အဖွဲ့အစည်းဆိုတာကို နိုင်ငံတကာ စံညွှန်းတွေနဲ့အညီ ဖေ့စ်ဘွတ်ခ်က အနက်ဖွင့်သတ် မှတ်ထားဖို့တွေကိုလည်း အကြံပြုထားပါတယ်။

နောက်အကြံပြုချက်ကတော့ ဖေ့စ်ဘွတ်ခ်အနေနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့၊ ယုံကြည်လောက်တဲ့ ပူးတွဲ ဆောင်ရွက်မှုရနိုင်အောင် အကြံပြုထားတာတွေ ဖြစ်ပါတယ်။ အဲဒီထဲမှာ ဖေ့စ်ဘွတ်ခ်အသိုက်အဝန်းရဲ့စံသတ်မှတ် ချက်တွေအကြောင်း မြန်မာဘာသာနဲ့ အစီရင်ခံစာတစ်ခုကို ထုတ်ပြန်ပေးဖို့၊ မြန်မာနိုင်ငံအတွက် ဖေ့စ်ဘွတ်ခ်ရဲ့လူ့ ရပိုင်ခွင့်ဆိုင်ရာ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို နှစ်စဉ် ဒါမှမဟုတ် ခြောက်လတစ်ခါ အစီရင်ခံစာ ထုတ်ပြန် ပေးဖို့၊ နိုင်ငံတကာလူ့ရပိုင်ခွင့်စံတွေကို ချိုးဖောက်မှုတွေ တူးဆွဖော်ထုတ်ပြီးရင်  နိုင်ငံတကာနည်းစနစ်တွေဆီ သက်သေ အဖြစ် တင်ပြပေးဖို့တွေ ပါပါတယ်။

ဒါ့အပြင် သုံးစွဲသူတွေအပါအဝင် လူထုရဲ့ ဒစ်ဂျစ်တယ်နဲ့မီဒီယာတတ်သိနားလည်မှုတွေ တိုးတက်လာ အောင် တခြားပါတနာတွေနဲ့အတူ ဆန်းသစ်တဲ့နည်းလမ်းတွေပါ သုံးပြီး ကြိုးပမ်းအားထုတ်ဖို့၊ ယူနီကုဒ်ကို ကူးပြောင်းတဲ့ ကမ်ပိန်းမှာ ဆက်လက်ပါဖို့၊ အမုန်းစကားကို တန်ပြန်ဖို့ တီထွင်အားထုတ်နေတဲ့ ပါတနာတွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်ဖို့၊ လူ့ရပိုင်ခွင့်အတွက် အား ထုတ်နေတဲ့အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည် တိုးတက် လာရေးမှာ ရင်းနှီးမြှုပ်နှံဖို့၊ ဖေ့စ်ဘွတ်ခ်ပိုင်စာနယ်ဇင်း ပညာစီမံကိန်းနဲ့ အချက်အလက် တိုက်ဆိုင်စစ်ဆေးခြင်း အစပြုစီမံကိန်းတွေကို ပြည်တွင်းမှာ စတင်ဆောင်ရွက် ဖို့ဆိုတဲ့ စနစ်တစ်ခုလုံး ပြောင်းလဲနိုင်ရေးဆိုင်ရာ အကြံ ပြုချက်တွေလည်း ပါပါတယ်။

နောက်ဆုံး အန္တရာယ်လျော့ချရေးနဲ့ အခွင့်အလမ်း ဖော်ဆောင်ရေးဆိုင်ရာ အကြံပြုချက်တွေထဲမှာတော့ စိတ်ဝင်စားစရာ အကောင်းဆုံးက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် အန္တရာယ်လျော့ချရေးအစီအစဉ်ကို ဖော် ဆောင်ဖို့ဆိုတဲ့ အကြံပြုချက်ပဲ ဖြစ်ပါတယ်။  ဒါ့အပြင် ဖြစ်ပေါ်လာနိုင်တဲ့ လူ့ရပိုင်ခွင့်ချိုးဖောက်ခံရမှုနဲ့ သက် ရောက်မှုဆိုင်ရာ ဖြစ်စဉ်ဖြစ်ရပ်ပေါင်းစုံကို မှန်းဆပုံဖော်ကြည့်ပြီး အဲဒီဖြစ်ရပ်တိုင်းအတွက် ဘယ်လိုဘယ်ပုံ ဖြေရှင်းကိုင်တွယ်သင့်တယ်ဆိုတဲ့အဖြေအတွက် ပြင်ဆင်ကြိုးစားထားဖို့ဆိုတာလည်း အကြံပြုချက်ထဲမှာ ပါပါ တယ်။ နောက်တစ်ခုကတော့ ဝှပ်စ်အပ်အပလီ ကေးရှင်းကို မြန်မာမှာ အသုံးများလာနိုင်တဲ့အတွက် ဒီဟာကို သုံးပြီး ဖြစ်လာနိုင်မယ့် လူ့ရပိုင်ခွင့်ဆိုင်ရာ ချိုးဖောက်မှုနဲ့သက်ရောက်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ ဖြစ်ပါတယ်။ #SheMeansBusiness ဆိုတဲ့ အမျိုးသမီးတွေအတွက် စီးပွားရေးအခွင့်အလမ်း တိုးတက်စေဖို့ ရည်ရွယ်တဲ့ ဖေ့စ်ဘွတ်ခ်ဝန်ဆောင်မှုလိုမျိုး  မြန်မာမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ရည်ရွယ်တဲ့ တခြားဖေ့စ် ဘွတ်ခ် ထုတ်ကုန်သစ်တစ်ခုကို ဖန်တီးဖို့ကိုလည်း အကြံပြုထားပါတယ်။

ဒီအကြံပြုချက်တွေကို ဖေ့စ်ဘွတ်ခ်အနေနဲ့ ဘယ်လောက်လုပ်နိုင်မယ်ဆိုတာတော့ မသိပါဘူး။ ဒါပေမဲ့  အတော်လေး လက်တွေ့ကျကျ အသုံးဝင်မယ့် အကြံပြုချက်တွေ ဖြစ်နေတာတော့ အမှန်ပါပဲ။

ဒီလိုလက်တွေ့ကျတဲ့ အကြံပြုချက်တွေကို တကယ်လက်တွေ့အကောင်အထည် ဖော်လာနိုင်ဖို့ အရေးမှာ တော့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီတစ်ခုတည်းနဲ့ မဖြစ်နိုင်တာ သေချာပါတယ်။ အစိုးရကအစ ဖေ့စ်ဘွတ်ခ်ရဲ့ မြန်မာ ဝန်ထမ်း၊ အခြားဝန်ထမ်းတွေ၊ လူ့ရပိုင်ခွင့်အတွက် ဆောင်ရွက်နေတဲ့ အဖွဲ့တွေအလယ်၊ သုံးစွဲသူများအဆုံး အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုရမှသာ အောင်မြင်မှာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်ကနေ လူတွေရဲ့ စိတ်ယဉ်ကျေးမှု၊ နှုတ်ယဉ်ကျေးမှုတွေကို ပိုပြီး မြင်သာရပါတယ်။ ဒီတော့ ဖေ့စ်ဘွတ်ခ်မှာ လူ့ရပိုင်ခွင့် တွေ ချိုးဖောက်မှု၊ သက်ရောက်မှုတွေ ပြင်းထန်နေတဲ့ နိုင်ငံဟာ မြန်မာနိုင်ငံပါလို့ မြင်လာကြတာနဲ့အမျှ မြန်မာ နိုင်ငံသူနိုင်ငံသားနဲ့ မြန်မာ့ဆက်စပ်သူများအားလုံးရဲ့ စိတ်ယဉ်ကျေးမှုနဲ့ နှုတ်ယဉ်ကျေးမှုဟာ အလွန့်ကို စက်ဆုပ် ဖွယ်အားနည်းနေသေးတယ်လို့ အမြင်ခံရမှာ သေချာနေပါပြီ။ မြန်မာကို ယဉ်ကျေးတဲ့လူ့ဘောင်၊ ယဉ်ကျေးတဲ့လူ့ အဖွဲ့အစည်းအဖြစ် မြန်မာတွေကိုယ်တိုင် ဆောင်ရွက်ကြ၊ သက်သေပြကြဖို့ တစ်ကမ္ဘာလုံးမှာ သုံးနေကြတဲ့ ဖေ့စ် ဘွတ်ခ်ပလက်ဖောင်းပေါ်မှာပါ ယဉ်ကျေးကြရအောင်လား။

မသီတာ(စမ်းချောင်း)

Ref: Human Rights Impact Accessment:

Facebook in Myanmar

Please follow and like us:
0