နိုင်ငံတကာအထူးစီးပွားရေးဇုန်စီမံကိန်းများနှင့် မြန်မာ

အထူးစီးပွားရေးဇုန် (Special Economic Zone-SEZ)  ဆိုသည်မှာ

အထူးစီးပွားရေးဇုန် (SEZ) ဆိုသည်မှာ နိုင်ငံ တစ်နိုင်ငံ၏ ပို့ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးမှု မြှင့်တင်ရေး၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရရှိရေး၊ အလုပ်အကိုင်ဖန်တီးရေး၊ ထိရောက်သော စီးပွားရေး စီမံအုပ်ချုပ်မှုဖြစ်ပေါ်ရေး စသည်တို့အတွက် ရည်ရွယ် ဖန်တီးထားသော သီးခြားစီးပွားရေးနယ်မြေတစ်ခုဖြစ် သည်။ ထိုရည်ရွယ်ချက်များ ဖြစ်မြောက်ရေးအတွက် အခွန်၊ အကောက်၊ သွင်းကုန်စည်းကြပ်မှု စသည်တို့တွင်  အထူးကင်းလွတ်ခွင့်၊ သက်သာခွင့်များ ပေးထားပြီး အလုပ်သမားစည်းမျဉ်းဥပဒေများကိုလည်း အရစ်ကုန် လျှော့ပေါ့ပေးထားသည်။ တစ်နည်းဆိုရလျှင် SEZ များ  ရှိ စီးပွားရေးနှင့် ကုန်သွယ်ရေးဥပဒေများမှာ နိုင်ငံ တစ်ဝန်းရှိ အခြားဒေသများ၏ ပုံမှန်ဥပဒေများနှင့် မတူ ခြားနားကွဲပြားကြသည်။ SEZ  အတွင်းရှိ ကုမ္ပဏီတစ်ခု အတွက် ကမ္ဘာလုံးဈေးကွက်တွင် ဝင်ရောက်ယှဉ်ပြိုင် နိုင်ရန် ယင်း၏ကုန်စည်များကို ကုန်ကျစရိတ်သက်သက် သာသာဖြင့် ထုတ်လုပ်ရောင်းဝယ်ခွင့်ရရှိသည်။ ချုပ်၍ ဆိုရလျှင် SEZ  သည် နိုင်ငံတစ်နိုင်ငံအတွင်း ပထဝီ အနေအထားအရ အမျိုးသားနယ်နိမိတ်အတွင်း တည်ရှိ သော်လည်း စီးပွားရေးအရ ကင်းလွတ်ခွင့်ရထားသည့် သီးခြားကမ္ဘာငယ်လေးတစ်ခုပင် ဖြစ်ပေသည်။

SEZ များ၏ မူလအစနှင့် ဆင့်ကဲဖြစ်ပေါ်တိုးတက်မှု

ခေတ်သစ် ှနဇ  များ၏ မူလအစမှာ ဘီစီ ၁၆၆ ခုနှစ် ရောမအင်ပါယာတွင်ဖြစ်သည်။ ထိုစဉ်က ရောမ အာဏာပိုင်တို့သည် ဒေလိုစ် (Delos)  ကျွန်းကို လွတ် လပ်ဆိပ်ကမ်းအဖြစ် ဖန်တီးကာ ဒေသတွင်းရောင်းဝယ် ဖောက်ကားမှုကို နိုးထလာစေရန်အတွက် အစဉ်အလာ အခွန်အကောက်များအား ကုန်သည်များအတွက် ကင်း လွတ်ခွင့်ပေးထားသည်။ ရောမအင်ပါယာအရှင်တို့က အငှားချထားပေးသော လျော့တိလျော့လျဲ အုပ်ချုပ်မှု အောက်တွင် ကုန်သွယ်ဘက်မြို့များ၊ ကွန်ဖက်ဒရေးရှင်း ဖွဲ့ထားသည့် ဟန်ဆီယေးတစ်အဖွဲ့ချုပ် (The Hanseatic League) သည် ထိုကျွန်းမှနေ၍ ဥရောပမြောက်ပိုင်းကို ကာလတာရှည်စိုးမိုးနိုင်ခဲ့ပြီး ပင်လယ်ဓားပြများနှင့် ဘုရင်များကို နှိမ်နင်းခဲ့ကြသည်။ သို့သော် SEZ များ၏ မူလပုံစံမှာ ရှေးခေတ်ဦးနို့တိုက်သတ္တဝါများကဲ့သို့ပင် မျိုးတုံးပျောက်ကွယ်သွားခဲ့သည်။

နောက်ထပ်ပေါ်ပေါက်သည့် အစောပိုင်းကာလ SEZ  များမှာ ဝေးလံသော ဥရောပကိုလိုနီရှေ့တန်းစခန်း ဒေသများတွင် အချုပ်အခြာတစ်ပိုင်းပိုင် လက်အောက်ခံ အစိုးရများကို ဖွဲ့စည်းကာ တစ်မူထူးခြားကွဲပြားသော  ကုန်သွယ်ရေး အထူးအခွင့်အရေးကို ပေးခဲ့သည်။

၁၉၃၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ နိုင်ငံခြားကုန်သွယ်ရေးဇုန်အစီအစဉ်ကိုစတင်ခဲ့ပြီး ဖက် ဒရယ်အခွန်အကောက်များမှ အထူးကင်းလွတ်ခွင့်ပေး ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် SEZ  များအဖြစ် မြှင့်တင်ကာ အမေရိကန်ကုန်သည်များအတွက် ကုန်သွယ်မှုသာမက ကုန်ထုတ်လုပ်ရေးအတွက်ပါ စီစဉ်ပေးခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် အိုင်ယာလန်နိုင်ငံ၊ ကလဲယားမြို့ရှိ ရှန်ဒွန် လေဆိပ်၌ ခေတ်သစ် SEZ  ပုံစံကို စတင်ခဲ့သည်။

၁၉၇၀ ပြည့်နှစ်များမှစ၍ လက်တင်အမေရိကနှင့် အရှေ့အာရှတွင် လုပ်အားကဲကုန်ထုတ်လုပ်ရေးကို အဓိကထားသော SEZ များ ပေါ်ပေါက်လာခဲ့သည်။ ၁၉၇၉ ခုနှစ်၊ တိန်ရှောက်ဖိန်လက်ထက် တရုတ်နိုင်ငံ ပွင့်လင်းလာမှုနှင့်အတူ ရှင်ကျင်းအထူးစီးပွားရေးဇုန်ကို ပထမဆုံးစတင်တည်ထောင်ခဲ့သည်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကို ဆွဲဆောင်ရယူနိုင်ခဲ့ပြီး တစ်ဆက်တည်း တွင် ဒေသတွင်းစက်မှုလုပ်ငန်းထူထောင်မှု အရှိန်မြှင့် တင်နိုင်ခဲ့သည်။

၁၉၈၀ ပြည့်နှစ် အလယ်ပိုင်းတွင်မူ ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြား၌ SEZ  များ အပြိုင်းအရိုင်းပေါ်ထွက်လာ ကြရာ တရုတ်နိုင်ငံတစ်ခုတည်း၌ပင် ယခုအခါ ၂၉၅ ခုရှိနေပြီဖြစ်သည်။ ကမ္ဘာ့နိုင်ငံအားလုံးအတိုင်းအတာ အရ ယနေ့ကာလတွင် SEZ  ပေါင်း ၄၃၀ဝ ခန့်ရှိပြီ ဖြစ်ကာ နောက်ထပ် SEZ  များမှာလည်း အချိန်နှင့်အမျှ တိုးပွားလာနေဆဲပင်။

SEZ  အမျိုးအစားများ

၁။        လွတ်လပ်ကုန်သွယ်ဇုန် (Free Trade Zone- FTZ)

၂။         ပို့ကုန်ပြုပြင်၊ စီမံ၊ ထုတ်လုပ်ရေးဇုန် (Export Processing Zones- EPZ)

၃။        လွတ်လပ်ဇုန်/လွတ်လပ်စီးပွားရေးဇုန် (Free Zone, Free Economic Zone- FZ/ FEZ)

၄။        စက်မှုဥယျာဉ်/စက်မှုဇုန် (Industrial Park, Industrial Zone- IP/IZ)

၅။        လွတ်လပ်ဆိပ်ကမ်း (Free Port- FP)

၆။        ထောက်ပံ့ပို့ဆောင်ရေးဥယျာဉ် (Bonded Logistic Park- BLP)

၇။        မြို့ပြစီးပွားရေးလုပ်ငန်းဇုန် (Urban Enterprise Zone- UEZ)

အထက်ဖော်ပြပါ အခေါ်အဝေါ်များမှာ SEZ  ၏ ကျယ်ပြန့်သောအဝန်းအဝိုင်းထဲတွင် အသုံးပြုလေ့ ရှိသော အခေါ်အဝေါ်များဖြစ်ပြီး အချို့နိုင်ငံများတွင် အခြား အမည်များဖြင့် ပြောင်းလဲသုံးစွဲတတ်သည်။

(တစ်ဖက်စာမျက်နှာရှိဇယားတွင် လေ့လာနိုင်သည်။)

ယနေ့ကာလတွင် SEZ  အများအပြားတည်ထောင် ထားသော နိုင်ငံများမှာ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလား ဒေ့(ရှ်)၊ ရုရှား၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ အီရန်၊ ဂျမေကာ၊ ဂရိ အစရှိသည့် နိုင်ငံများဖြစ်သည်။

မြန်မာနှင့်အနီးအနားနိုင်ငံများရှိ SEZ များ၏ အခြေအနေ

တရုတ်

တရုတ်နိုင်ငံအနေဖြင့် ယင်း၏ပထမဆုံး SEZ  များ ကို ၁၉၈၀ ပြည့်နှစ်များ အစောပိုင်းကာလတွင် စတင် အကောင်အထည်ဖော်ခဲ့သည်။ နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းမြို့များတစ်လျှောက်တွင် တည်ထောင်၍ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို အားပေးရန်ကြော်ငြာအဖြစ်လည်းကောင်း၊ နိုင်ငံအလယ်ပိုင်းပိုကျသော SEZ  များ အတွက် စမ်းသပ်ကွင်းအဖြစ်လည်းကောင်း ရည်ရွယ်လုပ်ဆောင်ခဲ့သည်။ တရုတ်တွင် အကြီးဆုံး၊ အထင်ရှား ဆုံး SEZ  များ၊ စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးရေးဇုန် များ (ETDZs)  အပါအဝင် ဖွံ့ဖြိုးရေးဇုန် အမျိုးအစားပေါင်း များစွာရှိသည်။ အခြားအမျိုးအစားများတွင် နည်းပညာ မြင့်ဖွံ့ဖြိုးရေးဇုန်များ (HTDZs), လွတ်လပ်ကုန်သွယ်ဇုန် များ (FTZs),  ပို့ကုန်ပြုပြင်စီမံထုတ်လုပ်ရေးဇုန်များ (EPZs), ထောက်ပံ့ပို့ဆောင်ရေး ဇုန်များ (BLZs)  နှင့် နယ်စပ်ဖြတ်ကျော်စီးပွားရေးဇုန်များ (CBEZs) ပါဝင် သည်။ တရုတ် SEZ များမှာ ကြီးကြီးမားမားအောင်မြင် မှုရခဲ့၊ ရဆဲဖြစ်ပြီး တရုတ်နယ်စပ်ဒေသများအတွင်း အသစ်တီထွင်မှုနှင့် ရှေ့တန်း ရောက်မှုကို တိုးမြှင့်ပေး သည့် လစ်ဘရယ်စီးပွားရေးဝန်းကျင်တစ်ခုအဖြစ် အရေး ပါလျက်ရှိသည်။

အိန္ဒိယ

အိန္ဒိယနိုင်ငံတွင် SEZ  များကို အောင်မြင်မှုရ ပြီးသား တရုတ် SEZ  ပုံစံများအတိုင်း ၂၀ဝ၀ ပြည့်နှစ်၌ စတင်လုပ်ဆောင်ခဲ့သည်။ အစတွင်ပို့ကုန်ထုပ်ပိုးပြင်ဆင် ရေးဇုန် (EPZ) များအပေါ်အားပြုခဲ့သော်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအပေါ် သက်ရောက်မှုမဖြစ်စေခဲ့ပေ။ ၂၀ဝ၅ ခုနှစ်တွင်မူ EPZ  များကို SEZ များ အဖြစ် ပြောင်းလဲပစ်ခဲ့ရာ ၂၀၁၇ ခုနှစ်တွင်မူ ှနဇ  ၂၂၁ ခု ပေါ်ပေါက်လာခဲ့ပြီး ၂၀၁၈ ခုနှစ်အတွက် နောက်ထပ် SEZ  ၁၉၄ ခု တိုးချဲ့ရန်အတည်ပြုခဲ့သည်။ အိန္ဒိယတွင် SEZ  အမျိုးအစားလေးခုရှိရာ အရွယ်အစားအလိုက်ခွဲခြား သတ်မှတ်သည်။ ကဏ္ဍပေါင်းစုံ SEZ  (ဟက်တာ ၁ဝ၀ဝ အထက်)၊ သီးခြားကဏ္ဍ SEZ  (ဟက်တာ ၁၀ဝ  အထက်)၊ လွတ်လပ်ကုန်သွယ်ရေးနှင့်ကုန်လှောင် စခန်းဇုန် (FTWZ) (ဟက်တာ ၄၀ အထက်)နှင့် နည်းပညာ၊ လက်မှုပညာ၊ သမားရိုးကျမဟုတ်သော စွမ်းအင်၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာဇုန်များ (ဟက်တာ ၁၀ အထက်) တို့ဖြစ်သည်။

ဗီယက်နမ်

ဗီယက်နမ်နိုင်ငံတွင် SEZ  များကို အမေရိကန်ကုန် သွယ်ရေးပိတ်ဆို့မှု ရုပ်သိမ်းပြီး များမကြာမီကပင်စတင်  အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ SEZ  အမျိုးအစား များတွင် စက်မှုဇုန်များ (IZs),  စီးပွားရေးဇုန်များ (EZs),  ပို့ကုန်ထုပ်ပိုးပြင်ဆင်ရေးဇုန်များ (EPZs),  နှင့် နည်းပညာ မြင့်ဇုန်များ (HTZs) ပါဝင်သည်။ ရင်းနှီးမြှုပ်နှံမှုခွင့်ပြု လက်မှတ်လျှောက်ထားရယူရာတွင် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ရိုးရှင်းလွယ်ကူမြန်ဆန်သည်ဟု သတင်း ကြီးသည်။ စက်မှုဇုန်များဖြစ်ပေါ်တိုးတက်မှုမှာ သိသာ မြင်သာရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစီးဝင်ရာ နေရာ များဖြစ်ကာ ၂၀၁၆ ခုနှစ်တွင် စက်မှုဇုန်ပေါင်း ၃၂၅ခု အထိ တိုးပွားလာခဲ့သည်။

စင်ကာပူ

စင်ကာပူနိုင်ငံတစ်နိုင်ငံတည်းအနေဖြင့် SEZ  အရွယ်အစားမကြီးမားလှသော်လည်း မလေးရှားနှင့် မိတ်ဖက်ပြု လုပ်ကိုင်သော ဂျိုဟိုးဘာရူးရှိ အစ္စကန်ဒါ  SEZ  မှာ အလွန်အောင်မြင်ပြီး ကျန်အာရှတိုက်ဒေသ များသို့ ရောင်းချရန် ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း များ တိုးချဲ့လိုသည့် ကုမ္ပဏီများအတွက် မက်လုံးကြီး မားလှသည်။

ထိုင်း

ထိုင်းနိုင်ငံ၏ SEZ  ၁၀ ခုမှာ နယ်စပ်ပြည်နယ်များ တွင် တည်ရှိနေကြသည်။ SEZ  ဖွံ့ဖြိုးရေးပေါ်လစီကို ၂၀၁၅ ခုနှစ်တွင် နယ်ချင်းစပ်နေသည့် အိမ်နီးချင်းနိုင်ငံ အသီးသီးနှင့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု တိုးတက် ရေးစီမံချက်အစိတ်အပိုင်းအဖြစ် စတင်ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။ နယ်စပ်ကုန်သွယ်မှုကို တွန်းအားပေးရန် အရင်းခံအားဖြင့် အသုံးပြုခဲ့သော SEZ  ဖွံ့ဖြိုးရေးအစီ အစဉ်လုပ်ဆောင်နေစဉ်တွင် မတူခြားနားသော မဟာ ဗျူဟာတစ်ရပ်ကို လိုက်နာကျင့်သုံးသော ထိုင်း၏အရှေ့ ပိုင်းစီးပွားရေးစင်္ကြံ (EEC)  ကလည်း ယင်း၏အရှေ့ ပိုင်းပြည်နယ်များအတွင်း အသစ်တီထွင်မှုနှင့် နည်းပညာ မြင့်စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးကို အားပေးနေပေသည်။

ဖိလစ်ပိုင်

ဖိလစ်ပိုင်အစိုးရအနေဖြင့် ဖိလစ်ပိုင်စီးပွားရေးဇုန် အာဏာပိုင်အဖွဲ့(PEZA)  ဟု ထင်ရှားသော ယင်း၏ SEZ  ဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့ကို ၁၉၉၅ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ယင်းအဖွဲ့၏ ရည်ရွယ်ချက် မှာ ဒေသတွင်းရှိ ကုန်ပစ္စည်းထုတ်လုပ်ရေးနှင့် ဝန်ဆောင်  မှုလုပ်ငန်းများတစ်ဝိုက်တွင် ဗဟိုပြုနေသော ရင်းနှီးမြှုပ် နှံမှုကို တိုးမြှင့်ရန်ဖြစ်သည်။ ၂၀၁၇ ခုနှစ်၊ မေလ၌ PEZA  တွင် စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးနှင့် ငွေကြေးမဟုတ်သော မက်လုံးများကိုပေးပြီး နိုင်ငံ တစ်ဝန်း တက်စုံရွက်စုံလွှင့်နေပြီဖြစ်သည့် စီးပွားရေးဇုန် ၃၀ဝ ကို ပိုင်ဆိုင်ထားပေပြီ။ PEZA  ၏ လုပ်ငန်းရှင် ဗဟိုပြုဦးစားပေးမှုများက ရင်းနှီးမြှုပ်နှံသူများအကြား နာမည်ကောင်းရစေခဲ့သည်။

အင်ဒိုနီးရှား

အင်ဒိုနီးရှားနိုင်ငံသည် ကုန်ပစ္စည်းထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ ရေကြောင်းနှင့် ခရီးသွားလုပ်ငန်းအပါ အဝင် စက်မှုလုပ်ငန်းပေါင်းစုံလုပ်ကိုင်ဆောင်ရွက်နေသည့် SEZ  ၁၂ ခုကို တည်ထောင်ထားသည်။ SEZ  များအတွက် အခွန်မက်လုံးများပေးထားသော်လည်း ရင်းနှီးမြှုပ်နှံသူများအတွက် တွေ့ကြုံရင်ဆိုင်ရမည့် စိန်ခေါ်မှုများမှာ စက်မှုဇုန်များအတွက် မြေဈေးကြီးမား ခြင်းနှင့် အခြေခံအဆောက်အအုံမလုံလောက်ခြင်းတို့ ဖြစ်သည်။

မြန်မာ

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးနှင့် စီးပွားရေးပြုပြင် ပြောင်းလဲမှုများစတင်ပြုလုပ်ခဲ့ပြီးနောက်ပိုင်းတွင် စီးပွား ရေးဇုန်ဆိုင်ရာ ဗဟိုကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ပြီး ၂၀၁၄ ခုနှစ် မြန်မာ SEZ ဥပဒေအတည်ပြုခဲ့သည်။ စီးပွား ရေးဖွံ့ဖြိုးမှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုအားပေးရန် မြန်မာနိုင်ငံတစ်လျှောက် SEZ  များ တည်ထောင်ရေး အစီအစဉ်ချမှတ်ခဲ့သည်။ လောလောဆယ်တွင် ရှေ့ ဆောင်လမ်းပြစီမံကိန်းများအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ကျောက်တန်းမြို့နယ်တွင် သီလဝါ SEZ,  တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် ထားဝယ် SEZ  နှင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ကျောက်ဖြူ SEZ  တို့ကို တည်ဆောက်အကောင် အထည်ဖော်လျက်ရှိသည်။

၁။ သီလဝါအထူးစီးပွားရေးဇုန်

သီလဝါ SEZ  သည် မြန်မာနိုင်ငံ၏ ပထမဆုံး သော အအောင်မြင်ဆုံး SEZ  ဖြစ်သည်။ ပထဝီအနေ အထားအရ မဟာဗျူဟာကျသော ရန်ကုန်မြစ်ကမ်းပေါ်တွင် ရန်ကုန်မြို့၏ စီးပွားရေးအချက်အခြာမြို့လယ်မှ ၂၃ ကီလိုမီတာ၊ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ် မှ ၃၈ ကီလိုမီတာခန့်အကွာတွင် နေရာယူထားသည်။ သို့ဖြစ်၍ ပြည်တွင်းနှင့်နိုင်ငံတကာ စီးပွားရေးလုပ်ငန်း  နှစ်မျိုးစလုံးအတွက် ရေကြောင်း၊ လေကြောင်း၊ ကုန်း ကြောင်း လမ်းအားလုံးမှ အလွယ်တကူသယ်ယူပို့ဆောင် ရန် အဆင်ပြေသည်။

သီလဝါ SEZ  စီမံကိန်းကို ဂျပန်နှင့်မြန်မာနှစ်နိုင်ငံ ကြား အများပိုင်-ပုဂ္ဂလိကပိုင်စပ်တူလုပ်ငန်းပုံစံဖြင့် အနီးကပ်ပူးပေါင်းဆောင်ရွက်အကောင်အထည်ဖော်ခဲ့ ခြင်းဖြစ်ပြီး ဂျပန်အစိုးရနှင့် ဂျပန်ကုမ္ပဏီများ၏ ထည့်ဝင် ပိုင်ဆိုင်မှုမှာ စီမံကိန်းတစ်ခုလုံး၏ ၄၉ ရာနှုန်း ရှိသည်။ သီလဝါ SEZ  ကို အထည်အလိပ်လုပ်ငန်း၊ ကုန်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းနှင့် နည်းပညာမြင့် စက်မှုလုပ်ငန်းများအတွက် အဓိကရည်ရွယ်တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းတွင် ပင်လယ်ရေနက်ဆိပ်ကမ်း တစ်ခုလည်းပါဝင်သည်။ အတွင်းပိုင်းအခြေခံအဆောက်အအုံလုပ်ငန်း အားလုံးကို ၂၀၁၈ ခုနှစ်အတွင်း ပြီးစီးရန် မျှော်မှန်းထားသည်။ စီမံကိန်းအတွက် မြေယာသိမ်းယူခံခဲ့ရသော ဒေသခံလယ်သမားများ၏ တန်ရာ၊ တန်ကြေး မရရှိမှုကြောင့် မကျေနပ်သံများနှင့် လျှပ်စစ်ဓာတ်အား အပြည့်အဝထောက်ပံ့နိုင်စွမ်းအပေါ် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တချို့၏ သံသယများမှလွဲ၍ စီမံကိန်း လုပ်ငန်းအကောင်အထည်ဖော်မှု မြန်ဆန်တိုးတက် ကြောင်း သိရှိရသည်။

၂။ ထားဝယ်အထူးစီးပွားရေးဇုန်

ထားဝယ် SEZ  ပင်လယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ကို ၂၀ဝ၈ ခုနှစ်တွင် စတင်ခဲ့သော်လည်း ဘဏ္ဍာရေး အခက်အခဲကြောင့် ၂၀၁၃ ခုနှစ်တွင် အချိန်အတော်ကြာ ရပ်ဆိုင်းထားခဲ့ရပြီး ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် တဖန်ပြန်လည်လုပ်ဆောင်ခဲ့သည်။ အရွယ်အစားကြီးမား သကဲ့သို့ အရင်းအနှီးများပြားလှသော အဆိုပါစီမံကိန်း သည် ထားဝယ်ကို အရှေ့တောင်အာရှတွင် အကြီးမား ဆုံးသော စက်မှုနှင့်ကုန်သွယ်ရေးဇုန်အဖြစ်အသွင်ပြောင်း ရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။ စီမံကိန်းတွင် မတူ ခြားနားသောဇုန်များ၊ စီမံထုတ်လုပ်ရေးဇုန်များ၊ ဆိပ်ကမ်းနယ်မြေဇုန်များ၊ သယ်ယူပို့ဆောင်ရေးဇုန်များ၊ နည်းပညာဆိုင်ရာသုတေသနနှင့် ဖွံ့ဖြိုးရေးဇုန်များ၊ ဝန်ဆောင်မှုစီးပွားရေးလုပ်ငန်းဇုန်များ၊ ကုန်သွယ်ရေးဇုန် ခွဲများ၊ အစိုးရဆိုင်ရာဇုန်များဖြင့် ဖွဲ့စည်းတည်ဆောက် ရန် ကြံရွယ်ထားသဖြင့် အရင်းအနှီးများပြားသော်လည်း  အကျိုးအမြတ်လည်း ကြီးမားရန် မျှော်မှန်းထားသည်။ ဇုန်တည်ဆောက်ရေးလုပ်ငန်းများတွင် ဒေသခံအလုပ် သမားအတွက် ပထမ ၅ နှစ်ကာလအတွင်း ၂၅ ရာခိုင်နှုန်း၊ ဒုတိယ ၅ နှစ်ကာလအတွင်း ၅၀ ရာခိုင်နှုန်း နှင့် တတိယ ၅ နှစ်ကာလအတွင်း ၇၅ ရာခိုင်နှုန်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန် မျှော်လင့် ထားသည်။ ထို့ပြင် စီမံကိန်းတွင် ၁၆၀ ကီလိုမီတာ အရှည်နှစ်လမ်းသွား စူပါအမြန်ရထားလမ်းတစ်ခုလည်း ပါဝင်ရာ ထားဝယ် ှနဇ  မှ ထိုင်း-မြန်မာနယ်စပ်သို့ ဆက်သွယ်ပေးမည်ဖြစ် သည်။ စီမံကိန်းတစ်ခုလုံး အနေဖြင့် ၁၉၆ စတုရန်းကီလိုမီတာ ကျယ်ပြန့်ရာ ထိုင်းနိုင်ငံအကြီးဆုံး စက်မှုဇုန်ထက် ဆယ်ဆကြီးမားသည်။ စီမံကိန်းအတွက် စုစုပေါင်းခန့်မှန်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၈.၆ ဘီလျံ ဖြစ်သော်လည်း လုပ်ငန်း ကြန့်ကြာမှုကြောင့် အမေရိကန်ဒေါ်လာ ၁၀.၇ ဘီလျံသို့ တိုးမြှင့် ခန့်မှန်းခဲ့ရသည်။

၃။ ကျောက်ဖြူအထူးစီးပွားရေးဇုန်

ကျောက်ဖြူ SEZ  စီမံကိန်းသည် မြန်မာနိုင်ငံ၏  အဓိကရှေ့ပြေး SEZ  စီမံကိန်းသုံးခုအနက် ပြည်တွင်း ပြည်ပအာရုံစိုက်မှုအများဆုံးနှင့် အငြင်းပွားရဆုံးစီမံကိန်း ဖြစ်သည်။ ယင်းတွင် အမေရိကန်ဒေါ်လာ ၇.၃ ဘီလျံ တန် ရေနက်ဆိပ်ကမ်းနှင့် ၂.၇ ဘီလျံတန် စက်မှုဇုန် တို့ပါဝင်သည်။ ထို့ပြင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ခွန်းမင် မြို့အထိ သွယ်တန်းထားသော အမေရိကန် ဒေါ်လာ ၁.၅ ဘီလျံတန် ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းကလည်း ရှိသေး သည်။ အရင်းအနှီးကြီးမားလှသော ထိုစီမံကိန်းမှာ ယခင်အစိုးရများလက်ထက်က တရုတ်နိုင်ငံပိုင်ကုမ္ပဏီ များနှင့် သဘောတူချုပ်ဆို အကောင် အထည်ဖော်ခဲ့သော စီမံကိန်းဖြစ်ပြီး ယခုအစိုးရလက်ထက်တွင် တစ်စုံတစ်ရာချိန်ညှိချက်များဖြင့် ဆက်လက်လုပ်ဆောင်နေသော စီမံကိန်းလည်းဖြစ်သည်။ တစ်ဖန် ၂၀၁၇ ခုနှစ်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတရှီကျင်းပင်တို့ အကြား ညှိနှိုင်း သဘောတူခဲ့သော ကျောက်ဖြူနှင့်ခွန်းမင် ဆက်သွယ်မည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း စီမံကိန်းကလည်း တစ်တွဲတည်းပေါ်ပေါက်လာခဲ့ရာ ထိုအထဲတွင် ပြည်တွင်းဆန့်ကျင်မှုများကြောင့် ကာလတစ်ခုရပ်ဆိုင်း ထားခဲ့သော ရထားလမ်းစီမံကိန်းကိုပါ ပြန်လည်စတင်မည့်ဟန်ရှိနေသည်။

အထက်ပါစီမံကိန်းအားလုံးမှာ တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ်ဒေသများအတွက် ပင်လယ်ထွက်ပေါက် ရှာဖွေရေးရည်ရွယ်ချက်နှင့် ခေတ်သစ်ပိုးလမ်းမ စီမံချက် တွင် မဟာဗျူဟာကျသော ပထဝီအနေအထားတစ်ခု တွင်တည်နေပေရာ ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ စိတ်ဝင်စားစရာ အကျိုးစီးပွားဆုံချက်လည်း ဖြစ်နေပေသည်။ ဤအခြေအနေတွင် ပြည်တွင်းအပါအဝင် အိန္ဒိယနှင့် အနောက်အင်အားကြီးနိုင်ငံများမှ လူပုဂ္ဂိုလ်အချို့ ကြား ကျောက်ဖြူရေနက်ဆိပ်ကမ်းကို တရုတ်နိုင်ငံက  စစ်ရေးရည်ရွယ်ချက်အတွက် အသုံးချမည်လားဟူသည့်  စိုးရိမ်ပူပန်မှုတစ်ခု ထွက်ပေါ်လာခဲ့သည်။ သို့တစေ မြန်မာစစ်ဘက်ကရော၊ အရပ်ဘက်ကပါ နိုင်ငံ့အချုပ် အခြာကို ထိပါးခံမည်မဟုတ်ဘဲ ထာဝရနိုင်ငံခြားစစ်ရေး တည်ရှိမှုကို လက်ခံမည့်ဟန်မရှိသောကြောင့် ဤစိုးရိမ် ပူပန်မှုမှာ အခါမသင့်၊ လက်တွေ့မတွေ့ကျသော စိုးရိမ် ပူပန်မှုသာဖြစ်သည်ဟု Asia Maritime Transparency Initiative  ၏ဒါရိုက်တာနှင့် CSIS  ၏ Southeast Asia Program အဖွဲ့ဝင်ဖြစ်သူ ဂရီဂိုရီပီပိုးလင်းက ပြောသည်။ သို့သော် လည်း ကျောက်ဖြူ SEZ  စီမံကိန်းတွင် တရုတ် နိုင်ငံ၏ ကြီးမားလှသော ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာ့ ရှယ်ယာပါဝင်မှုအတွက် နိုင်ငံဂျီဒီပီ၏ ၅ ရာနှုန်းအထိ ရှိလာနိုင်သည့် တရုတ်ချေးငွေတို့ကြောင့် မြန်မာနိုင်ငံမှာ တရုတ်၏ ကြွေးမြီ ထောင်ချောက်အတွင်း သက်ဆင်းကျ  ရောက်သွားနိုင်သည်ဟူသော စိုးရိမ်ပူပန်မှုမှာမူ အခြေ အမြစ်ရှိသဖြင့် အထူးသတိပြုဖွယ်ရာဖြစ်ကြောင်း သူက ဆိုပါသည်။

ပင်မ SEZ  များနှင့်ပတ်သက်သည့် တုံ့ပြန်ရိုက်ခတ်ချက်များ

မြန်မာနိုင်ငံ၏ အထက်ဖော်ပြပါ ရှေ့ပြေးစီမံကိန်း ကြီးများဖြစ်သည့် သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူ SEZ  များမှာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်လင့်ချက်များဖြစ်သည့်အတွက် မဖြစ်မနေအကောင် အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းကြီးများဖြစ် သည်မှာ ငြင်းချက်ထုတ်စရာမရှိချေ။ သို့သော် အာမခံ ချက်ရှိသော စီးပွားရေးတိုးတက်မှုဖြစ်ရေးနည်းလမ်းတစ် ရပ်အနေဖြင့်မှု ယင်းတို့မှာ မကြုံစဖူးသောအောင်မြင်မှု တစ်ခုရရှိရန်ဝေးစွ၊ ဧရာမဆုံးရှုံးမှုများကိုပင် ကြုံတွေ့ ခဲ့ရသည်။

SEZ  များ၏ အောင်မြင်မှုကို စီးပွားရေးအကျိုး သက်ရောက်မှုများဖြင့်သာ တိုင်းတာကြည့်ရှုလေ့ရှိကြ သည်။ သို့တစေ Oxfam အဖွဲ့၏ လေ့လာဆန်းစစ်ချက် အရ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ၊ တာဝန်ခံသော  အုပ်ချုပ်မှုမရှိလျှင် သို့မဟုတ် ပြည်တွင်းဈေးကွက်များ နှင့် ချိတ်ဆက်ရေးအတွက် ရှင်းလင်းပြတ်သားသော မဟာဗျူဟာတစ်ရပ်မရှိလျှင် အဆိုပါ SEZ  များမှာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုသက်ရောက်မှုများတွင် ထိခိုက်နစ်နာမှုနှင့် ကြုံတွေ့စေနိုင်ပြီး အကျိုးဆက်အား ဖြင့် မျှော်လင့်ထားသည့် အကျိုးရလဒ်များမဖြစ်ပေါ်နိုင် ကြောင်းတွေ့ရသည်။ အရှေ့တောင်အာရှဒေသတွင်း SEZ  များ၏ ပိုမိုကျယ်ပြန့်သော လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင်သက်ရောက်မှုများအပေါ် Oxfam ၏ သုတေသနပြုမှုများအရ မြန်မာ့အိမ်နီးချင်းနိုင်ငံများရှိ SEZ  များမှာ လုပ်ငန်းအကြိုနှင့် လုပ်ငန်းလုပ်ဆောင်စဉ် အတွင်း  အများအားဖြင့် မဟာဗျူဟာစီမံချက်ကင်းမဲ့မှုကြောင့် မအောင်မြင်မှုများ ကြုံတွေ့နေရကြောင်း သိရှိ ရသည်။ SEZ အများအပြားဆက်လက်လုပ်ဆောင်မည့် မြန်မာနိုင်ငံ အနေဖြင့် ဒေသတွင်းအတွေ့အကြုံများမှ သင်ယူရန် အခွင့်အလမ်းတစ်ခုရရှိနေသည့်အလျောက် ဒေသခံလူမှု အသိုက်အဝန်းများအတွက် အလားအလာ များ တိုးတက်စေရန်နှင့် အပျက်သဘောသက်ရောက်မှု များ လျော့ပါးသက်သာစေရန် လုပ်ဆောင်နိုင်ပေသည်။

၁။ သတင်းအချက်အလက်ပေးမှုအားနည်းခြင်း

“ကျွန်တော်အနေနဲ့ SEZ တွေက မြန်မာပြည်သူ တွေအားလုံး၊ အထူးသဖြင့် အဲဒီ SEZ တွေရှိတဲ့ဒေသက ပြည်သူတွေအတွက် အကျိုးရှိတာကို မြင်ချင်ပါတယ်” ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန် ကြားရေးမှူးချုပ် ဦးအောင်စိုးက တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် ကျောက်ဖြူ SEZ  များဆိုင်ရာ ဥထော်   ၏ အစီရင်ခံစာထုတ်ပြန်ပွဲ အဖွင့်အမှာစကားတွင် ပြော ကြားခဲ့သည်။

ကျောက်ဖြူရှိ SKY-Youth Resource Center  မှ CSO  ခေါင်းဆောင်ဦးစိုးရွှေဆိုသူကမူ “ဒေသခံပြည်သူ ကိုမှ ဒီ SEZ တွေက အကျိုးမရှိစေရင်တော့ တစ်နိုင်ငံ လုံးကိုလည်း အကျိုးရှိစေနိုင်မှာ မဟုတ်ပါဘူးဗျာ”ဟု  ဆိုပါသည်။ SEZ တစ်ဝိုက်မှာရှိကြသော လူမှုအသိုက် အဝန်းများမှ ပြည်သူများအနေဖြင့် SEZ ၏ ထိခိုက်မှု အန္တရာယ်အကြောင်း အသိပေးရှင်းပြမှုမရှိဘဲ မည်ကဲ့သို့  အကျိုးရှိနိုင်မည်နည်း၊ ဒေသတွင်းတခြား SEZ များထံ မှ အတွေ့အကြုံများအား မည်ကဲ့သို့ သင်ယူခဲ့သနည်း  စသည့် ထူးခြားသော မေးခွန်းများကို စကားဝိုင်းဆွေး နွေးပွဲတွင်ပါသည့် ဒေသခံ ဃှဥ  ကိုယ်စားလှယ်များ နှင့် ရင်းနှီးမြှုပ်နှံတွင် ပါဝင်ပတ်သက်မှုရှိသော အကျိုး ရှင်များက မေးမြန်းခဲ့ကြသည်။ ထိုအခါ ယခုအထိမူ ကျောက်ဖြူ ပြည်သူများအနေဖြင့် ကျောက်ဖြူ SEZ နှင့် ယင်း၏ ဖြစ်နိုင်ဖွယ်ရာ အကျိုးသက်ရောက်မှုများ အကြောင်း အလွန်နည်းပါးလှသော သတင်းအချက် အလက်ကိုသာ ရရှိခဲ့ကြောင်း ဦးစိုးရွှေက ရှင်းပြသည်။ “ကျောက်ဖြူ SEZ စီမံခန့်ခွဲရေးကော်မတီအနေနဲ့ ဒီ SEZ ကနေ ဒေသခံလူမှုအသိုက်အဝိုင်းတွေ ဘယ်လို အကျိုးရှိမလဲဆိုတာ ရှင်းလင်းချပြတဲ့နေရာမှာ အားနည်း ခဲ့ပါတယ်” ဟု သူက ဆိုပါသည်။

၂။ မြေယာသိမ်းဆည်းခြင်း

မြေယာသိမ်းဆည်းခြင်းနှင့်ပတ်သက်၍ ကြိုတင် ပြင်ဆင်မှုများ လုပ်ထားခဲ့သော်လည်း အသိမ်းဆည်းခံ  လူပုဂ္ဂိုလ်များနှင့် လူထုအနေဖြင့် အရေးကြီးသည့် သတင်းအချက်အလက်ဖြစ်သော ပြန်လည်နေရာချထား မှုအကြောင်း မသိရှိနိုင်ခဲ့ပေ။ “ကျောက်ဖြူ SEZ အတွက် လူ ၂၀ဝ၀ဝ လောက်ဟာ ဆန္ဒမပါဘဲ ပြန်လည်နေရာချ ထားခံရကြောင်း နိုင်ငံတကာဥပဒေ ပညာရှင်များကော်မရှင် (ICJ) က ခန့်မှန်းထားပါတယ်။  မြန်မာ SEZ ဥပဒေ အရ မြေသိမ်းတာနဲ့ ပြန်လည်နေရာ ချတာတွေကို နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ဆန္ဒမပါသော ပြောင်းရွှေ့ နေရာချထားမှုဆိုင်ရာ ကမ္ဘာ့ ဘဏ်ပေါ်လစီနဲ့အညီ လုပ်ရပါမယ်”လို့ ICJ  ဥပဒေ အကြံပေး Sean Bain က ပြောသည်။

၃။ လျော်ကြေးပေးခြင်း

လျော်ကြေးသည် ပြန်လည်နေရာချထားရေး၏ အစိတ်အပိုင်းဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ အပြစ် မကင်းသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်နေဆဲပင်။ လျော်ကြေး များကို မြေယာတန်ဖိုး၏ ပေါက်ဈေးအပေါ်အခြေခံရ ပြီး အသိမ်းခံရသူများ၏ ရှင်သန်နေထိုင်မှုအတွက် ကာမိ စေရမည်ဖြစ်သည်။ သို့သော် ဒေသခံလူမှုအသိုင်းအဝိုင်း များအနေဖြင့် လျော်ကြေးပေးမှုလုပ်ငန်းစဉ်ကို နားလည်  သဘောပေါက်မှုမရှိဘဲ ထိုလုပ်ငန်းစဉ်တွင် ပါဝင်ပတ် သက်သူများကလည်း လုံလောက်သည့် ပွင့်လင်းမြင်သာ မှုကို မပြကြချေ။

နိုင်ငံတကာစံချိန်စံညွှန်းများအရ ဆန္ဒမပါသော ပြန်လည်နေရာချထားမှုတွင် ပြန်လည်နေရာချထားခံရသူ တစ်ဦးချင်း၏ စားဝတ်နေရေးကို အစိုးရက ပြန်အစား ပေးရမည်ဟု ရှင်းလင်းစွာဖော်ပြထားသည်။ အကယ်၍  ယင်းတို့မှာ မြေယာပိုင်ရှင်များမဟုတ်သည့်တိုင် ထို နေရာတွင် နေထိုင်သူဖြစ်သည့်အတွက် အစိုးရက တာဝန်ယူရမည်ဖြစ်သည်။

၄။ တိုင်ပင်ဆွေးနွေးမှု

အစိုးရနှင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ယင်းတို့ ဖော်ဆောင်သော SEZ သည် ဒေသခံပြည်သူများကို အကျိုးရှိစေမည်ဖြစ်ကြောင်း၊ ယုံကြည်စိတ်ချစေရန် စီမံကိန်းကာလတစ်လျှောက်လုံး အာမခံချက်ပေးနိုင် သည့် ယန္တရားများကို လုပ်ဆောင်ရန်လိုအပ်ကြောင်း၊  ထိုအထဲမှ တစ်နည်းမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာအကျိုးသက်ရောက်မှုကို  စိစစ်ကြည့်ရှုသည့် မဟာဗျူဟာ၊ သဘာဝပတ်ဝန်းကျင် အကဲဖြတ်ချက် (SEA) ပြုလုပ်ခြင်းနှင့် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုအကဲဖြတ်ချက် (EIA) ပြုလုပ်ခြင်းဖြစ် သည်။ သို့မှသာဒေသတွင်းကြုံတွေ့ရနိုင်သော အန္တရာယ် များကို လျော့ပါးစေနိုင်ပြီး စားဝတ်နေရေးဘဝပျောက် ဆုံးမှု၊ မြေယာသိမ်းဆည်းခံရမှုကြောင့် ဖြစ်ပေါ်သော  အိုးအိမ်စွန့်ခွာရမှုများကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။

၅။ လူ့ရပိုင်ခွင့်ချိုးဖောက်မှုပြဿနာများ

လောလောဆယ်တည်ဆောက်လျက်ရှိသည့် SEZ စီမံကိန်းကြီးများအားလုံးတွင်ပင် ဒေသခံရွာသူရွာသား များ၏ လူ့ရပိုင်ခွင့်ချိုးဖောက်ခံရမှုနှင့်ပတ်သက်၍ အကြီး အကျယ်ဝေဖန်ခံခဲ့ရသည်။ မြေယာလုယက် သိမ်းဆည်းခံ ရမှု၊ အတင်းအကြပ်နှင်ထုတ်ခံရမှု၊ သိမ်းဆည်းမြေယာ များအတွက် လျော်ကြေးလုံလောက်စွာ မပေးမှု၊  လုံလောက်သည့် အစားအစာနှင့် နေအိမ်ရပိုင်ခွင့်ကို  ငြင်းဆိုခံရမှုတို့ကြောင့် ဒေသခံများ၏ အပြင်းအထန် ဆန့်ကျင်ကန့်ကွက်မှုကို ခံခဲ့ရသည်။

ထို့ပြင်ကြီးမားလှသော စက်မှုလုပ်ငန်းဇုန်များသည် လေထု၊ ရေထု၊ မြေထု၊ ညစ်ညမ်းမှုအတွက်  အဓိက ကျသောအရာဖြစ်သဖြင့် ကျန်းမာရေးပြဿနာများ အတွက် ထူးထူးခြားခြားစိုးရိမ်ပူပန်မှုများလည်း ရှိနေ ပေသည်။

ထားဝယ် SEZ ဒေသခံကျေးရွာများနှင့် ထားဝယ် ဖွံ့ဖြိုးရေးအဖွဲ့အစည်း(DDA) တို့၏ အဆိုအရမြေယာ သိမ်းဆည်းခံရွာသူရွာသားများမှာ စီမံကိန်းက လျော် ကြေးလုံးဝမပေးခြင်း၊ ပေးသော်လည်း အပြည့်အဝမပေး ခြင်း၊ ပေးသည့်ငွေနှင့် မြေယာအသစ်ဝယ်ယူရန် မလုံ လောက်ခြင်း၊ ထိုမှတစ်ဆင့် လူနေမှုအဆင့်အတန်းနိမ့်ကျ  လာခြင်းတို့ကို ခံစားနေရကြောင်း သိရသည်။ စီမံကိန်း ကြောင့် ခန့်မှန်းခြေကျေးရွာပေါင်း ၂၀ မှ ၃၆ ရွာ၊ လူပေါင်း ၂၂ဝ၀ဝ မှ ၄၃ဝ၀ဝ အထိ ဒုက္ခရောက် ခဲ့ကြောင်း ယင်းတို့က ပြောသည်။ DDA  သည် ၂၀၁၄ ခုနှစ်တွင် လူ့ရပိုင်ခွင့်ချိုးဖောက်မှုများအား ဂရုမထားဘဲ စီမံကိန်းကြီးဆက်လုပ်မည်ကို တားဆီးသည့်အနေဖြင့် အထူးစီးပွားရေးဇုန်တည်ဆောက်ရေးအား ရပ်ဆိုင်း ထားရန် တောင်းဆိုခဲ့သည်။ ထို့ပြင် ထိုင်းနှင့် မြန်မာ တို့၏ အမျိုးသားလူ့အခွင့်အရေးကော်မရှင်များထံသို့ စီမံကိန်း၏ လူ့ရပိုင်ခွင့်ချိုးဖောက်မှုများအပေါ်  အပြည့် အဝစုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးရန်လည်း တောင်းဆို ခဲ့သည်။ ထိုတောင်းဆိုချက်ကို “အောက်ခြေမှအသံ များ-ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ် စီမံချက် များနှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ” ခေါင်းစဉ်ဖြင့် ယင်းတို့ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်ကို ထုတ် ပြန်ခဲ့သည်။ ထိုအစီရင်ခံစာအရ ဖယ်ရှားခံရသည့် အိမ် ထောင်စုပေါင်း၏ သုံးပုံနှစ်ပုံသည် အီတာလျံ-ထိုင်း ကုမ္ပဏီ သို့မဟုတ် အစိုးရထံမှ  စီမံကိန်းအကြောင်း သတင်းအချက်အလက်တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း၊ ဆုံးရှုံးမြေယာအတွက် လျော်ကြေးပုံစံတစ်ခုခုကို အိမ် ထောင်ပေါင်းအားလုံး၏ ၁၅ ရာနှုန်းမျှသာ ရရှိခဲ့ပြီး မိသားစုအများအပြားမှာ အတင်းအကြပ် သော်လည်း ကောင်း၊ လှည့်ဖျား၍လည်းကောင်း ပြန်လည်နေရာချ ထားခံခဲ့ရကြောင်း၊ ထို့ပြင် စစ်တမ်းကောက်ယူသူ ပေါင်း၏ ၂၇ ရာခိုင်နှုန်းသာလျှင် တိုင်ပင်ဆွေးနွေးမှု အစည်းအဝေးများ တက်ခဲ့ရကြောင်း၊ အစည်းအဝေးမှာ လည်း တစ်ဖက်သတ်ဆွေးနွေးမှုသာများပြီး ညှိနှိုင်းဆွေး နွေးမှုများ ပြုလုပ်၍မရကြောင်း၊ ၂၀၁၃ ခုနှစ်တွင် စီမံကိန်းရပ်ဆိုင်းထားသော်လည်း စီမံကိန်းအတွက် မြေယာအများအပြားကို ဆက်လက်သိမ်းဆည်း ရှင်း လင်းခဲ့ကြောင်း၊ စီမံကိန်းဧရိယာအတွင်း ကျရောက်သော အိမ်ထောင်စုပေါင်း၏ ၇၁ ရာခိုင်နှုန်းသည် စီမံကိန်း အတွက် မြေယာဆုံးရှုံးခဲ့ကြောင်း ဖော်ပြပါရှိသည်။

အလားတူ ထားဝယ် ဒေသခံအခွင့်အရေးဆိုင်ရာ NGO တစ်ခုဖြစ်သည့် ထားဝယ်အမျိုးသမီးများသမဂ္ဂ (TWU) ကလည်း ၂၀၁၄ ခုနှစ်တွင် “ကျွန်မတို့ဘဝ တွေဟာ ရောင်းရန်မဟုတ်ပါ” ဟူသည့် ခေါင်းစဉ်ဖြင့်  စီမံကိန်းက ဒေသစီးပွားရေးကို ဖျက်ဆီးနေကြောင်း  အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုအစီရင်ခံစာ တွင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကြောင့် မြေယာသိမ်းယူခြင်း၊ ကမ်းရိုးတန်းအသုံးပြုခွင့် ကန့် သတ်ချုပ်ချယ်ခံရခြင်း၊ လယ်ယာမြေများ ဖျက်ဆီးခံရ ခြင်းများဖြစ်ပေါ်ပါက ဒေသစိုက်ပျိုးရေးနှင့် ငါးဖမ်း အသက်မွေးမှုလုပ်ငန်းများ ချိနဲ့အားနည်းခဲ့ရကြောင်း ရေးသားထားသည်။ ထားဝယ်ဒေသရွာသူရွာသားများမှာ  စားရေရိက္ခာ မလုံခြုံမှုနှင့် ယခုအခါတွင် ရင်ဆိုင်နေ ရကြောင်း၊ ငွေကြေးအခက်အခဲကြောင့် လေးပုံသုံးပုံမျှ သော စစ်တမ်းကောက်ယူခံ ပြည်သူများမှာ ယင်းတို့၏  သားသမီးကလေးများအား ကျောင်းနှုတ်ခဲ့ရကြောင်း ဖော်ပြသည်။ စီမံကိန်းများအတွက် လျာထားထားသော နေရာအနီးရှိ ပြည်သူများသည် ဝင်ငွေမရှိကြသော ကြောင့် မိသားစုဝင်များကို ထိုင်းတွင်သွားရောက် အ လုပ်လုပ်စေရကြောင်း၊ အခြားအစီရင်ခံစာတစ်ခုကဆို သည်။ TWU ၏ အစီရင်ခံစာထွက်ပေါ်ပြီးနောက်တွင် တနင်္သာရီအစိုးရက စီမံကိန်းထောက်ခံရေး လူထုဆန္ဒ ဖော်ထုတ်ပွဲတစ်ခုကို စည်းရုံးလှုံ့ဆော်ခဲ့ကြောင်း၊ ဆန္ဒ  ဖော်ထုတ်သူများက TWU  နှင့် စီမံကိန်းအား မထောက် ခံသူများကို ယင်းတို့၏ ရန်သူဖြစ်ကြောင်း အော်ဟစ် ြွေကးကြော်ခဲ့ကြသည်။ အစိုးရအရာရှိများကလည်း ဒေသတွင်းကျောင်းဆရာ၊ ဆရာမများထံ သွားရောက် ၍ ကျောက်မီးသွေး၏ အပျက်သဘောသက်ရောက်မှုကို  မသင်ကြားကြရန် ပြောဆိုခဲ့ကြကြောင်းလည်း TWU  က ဖော်ပြခဲ့သည်။

နိဂုံးချုပ်သုံးသပ်ချက်

အချုပ်ဆိုရလျှင် အထူးစီးပွားရေးဇုန်စီမံကိန်းများ သည် မြန်မာကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စီးပွားရေးကို ရိုက်နှိုးရန်နှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုကို ဆွဲဆောင်ရန် အထူးအသုံးဝင်သော စီမံကိန်း များဖြစ်သော်လည်း ရလိုမှုတစ်ခုတည်းအပေါ် အခြေပြု လုပ်ဆောင်ရန်မသင့်ဘဲ အခြားအခြေအနေအချက် အလက်များကိုလည်း အလေးအနက်ချင့်ချိန်စဉ်းစားလုပ် ဆောင်ရန်လိုအပ်မည်ဖြစ်သည်။

ထို့ပြင် အမျိုးသားအကျိုးစီးပွားကို နိုင်ငံခြား အကူအညီများအပေါ်ပုံအပ်ပြီး ဖော်ဆောင်ရန် ကြိုးစား ပါက တစ်ဖက်သတ်မှီခိုရာကျပြီး လွတ်လပ်သော၊ ခိုင်မာ သော၊ ရေရှည်တည်တန့်သော အမျိုးသားစီးပွားရေး တစ်ရပ်ကို ထူထောင်အောင်မြင်နိုင်မည်မဟုတ်ချေ။

တစ်ဖန် နိုင်ငံစီးပွားရေးရာတွင် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားရေးဘဝများအား ရင်းနှီးစတေးရန်၊ နိုင်ငံ၏ ရေမြေတောတောင်သဘာဝပတ်ဝန်းကျင်များ ထာဝရပျက်စီးဆုံးရှုံးမှုကို အသာတကြည်လက်သင့်ခံရန် မိမိအင်အားနှင့် မတန်တဆမမျှတသော ဝန်ထုတ်ဝန်ပိုး ကို မနိုင်မနင်းထမ်းရာမှ ကြွေးတင်ကျွန်ဖြစ်ခံရန်၊ ၇၀ ရာခိုင်နှုန်းဝန်းကျင်ရှိနေသေးသော မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းအား မှီခိုနေရသည့် အခြေခံလူထု၏ ဘဝများ ကို အပျက်စီးခံရန် မသင့်သည်မှာလည်း နိုင်ငံ့ပဲ့ကိုင် များသာမက နိုင်ငံသားတိုင်းကပင် မြင်သာလှပေ သည်။

အကြံတူ နောက်လူသာစမြဲဆိုသော စကားကဲ့သို့  မိမိရှေ့မှ နိုင်ငံများ၏ အားနည်းချက်ကို ရှောင်ရှားပြီး အားသာချက်ကို အမိအရဆုပ်ကိုင်လုပ်ဆောင်ရန်နှင့်  ဆင်းရဲချမ်းသာကွာဟမှုကို အတတ်နိုင်ဆုံးကျဉ်းမြောင်း  စေကာ အများစုပြည်သူလူထုဘဝ တည်ငြိမ်မြင့်မားရေး ကို ဦးတည်ဖော်ဆောင်ရန်ဖြစ်သည်။ မြန်မာ့ SEZ များ အနေဖြင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအတွက်  နိဗ္ဗာန်ဘုံကလေးများအဖြစ်ပုံဖော်ရင်း အလုပ်သမား ကာကွယ်ရေးစည်းမျဉ်းဥပဒေများ အရစ်ကုန်လျှော့ချ ပေးခြင်းဖြင့် မြန်မာ့လုပ်အားစိုက်ထုတ်သူများအတွက် ငရဲဘုံများဖြစ်မသွားစေရေးကိုလည်း အထူးသတိချပ်အပ် ပေသည်။

လူသာလင်း

Reference:

  1. The Future of non-political revolution?  by Tom W. Bell.
  2. General Information on Myanmar SEZs by          Shwe Hein, MBA, Ph.D.
  3. China’s Maritine Silk Road: Strategic and Economic Implication for the Indo-Pacific

     Region by Gregory. P. Poling .

  1. ASEAN BRIEFING .
  2. The Economist .
  3. The Economic Times.
  4. Investopedia.
  5. Wikipedia, the free encyelopedia
Please follow and like us:
0