အထူးစီးပွားရေးဇုန်များနှင့် သက်ရောက်မှု

အထူးစီးပွားရေးဇုန်များသည် နိုင်ငံ၏စီးပွားရေးအခြေအနေကို အဆနှင့်ချီပြီး တိုးတက်စေရန် ရည်ရွယ် ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုကိုလည်း အခြေခံကြသည်။ ထို့ကြောင့် ဇုန်အတွင်း စီးပွားရေးလုပ်ငန်းများကို အထူး အခွင့်အရေးများပေးရန် အရေးကြီးသကဲ့သို့ ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု အချိုး အစားသည်လည်း အရေးကြီးလာသည်။ သည်နေရာတွင် ငွေပင်ငွေရင်း စိုက်ထုတ်ကုန်ကျခံမည့် ပမာဏကြီးမား သည့်အတွက် ချေးငွေများဖြင့် ဆောင်ရွက်ကြရရာ ချေးငွေကို အာမခံရန် တာဝန်ယူရမည့် ရင်းနှီးမြှုပ်နှံသူမှာ ပြည်တွင်းကဖြစ်လျှင်  အကျိုးအမြတ်ထက် အကြွေးက အလျင်ဦးစွာဖိစီးမည်ကို စိုးရိမ်မှုများရှိနေသည်။ ဥပမာ- မကြာသေးမီက ချုပ်ဆိုအတည်ပြုခဲ့သော ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ချေးငွေကို အာမခံရန် တာဝန်ယူရ မည့်သူမှာ မြန်မာဘက်ကဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု၏ ၇၀ ရာခိုင်နှုန်းမှာ တရုတ်ဘက်က ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာဘက်က ၃၀ ရာခိုင်နှုန်းသော ရင်းနှီးမြှုပ်နှံမှုအတွက် အကျိုးအမြတ်နှင့်မြေငှားရမ်းခကဲ့သို့သော အခြား အကျိုး အမြတ်များကို မျှော်လင့်စရာရှိသည့်တိုင် စီမံကိန်းတစ်ခုလုံး၏ ရင်းနှီးမြှုပ်နှံမှုပမာဏ အားလုံးအတွက် ချေးငွေကို အာမခံတာဝန်ယူရမှုအတွက် အကြွေးက အလျင်ပိမည်ဟု တွက်ဆကြခြင်း ဖြစ်သည်။

အထူးစီးပွားရေးဇုန်များ၏ သက်ရောက်မှုများတွင် အထက်ဖော်ပြပါကဲ့သို့သော နိုင်ငံစီးပွားရေးအပေါ် တိုက်ရိုက်သက်ရောက်မှုများသာမက နိုင်ငံရေး၊ လူမှုရေးနှင့်လူ့ရပိုင်ခွင့်ဆိုင်ရာတို့အပေါ် သက်ရောက်မှုများလည်း အကျုံးဝင်ပါရှိပါသည်။ ထိုသက်ရောက်မှုများတွင် အဆိုးများချည်းပါနေသည်မဟုတ်ဘဲ ကောင်းမွန်သည့် ပြောင်းလဲတိုးတက်မှုများလည်း ပါဝင်နေပါသည်။ ဥပမာ-သီလဝါအထူးစီးပွားရေးဇုန်တွင် အလုပ်အကိုင်အခွင့် အလမ်းများကို ဒေသတွင်းလူထုထံ သယ်ဆောင်လာပေးနိုင် သည်သာမက လုပ်ငန်းကျွမ်းကျင်မှုအသစ်များကိုပါ ပေးအပ်နိုင်ခဲ့ပါသည်။ ဖွံ့ဖြိုးမှုနောက်ကျပြီး ပြည်တွင်းစစ်ရှိနေသော မြန်မာနိုင်ငံအဖို့ နိုင်ငံရေးစနစ် အပြောင်း အလဲကာလတွင် ပြုပြင်ပြောင်းလဲစရာများ အများအပြားရှိနေပါသည်။ ယခုကဲ့သို့အချိန်မျိုးတွင် ဖွံ့ဖြိုးရေးနှင့် သယံဇာတကို ကြိုက်ရာရွေးရတော့မတတ် ဆုံးဖြတ်ရခက်ခဲမှုများလည်း ကြုံတွေ့ရနိုင်ပါသည်။ အထူးစီးပွားရေး ဇုန်များ ပေါ်ထွက်လာခြင်းသည် သဘာဝပတ်ဝန်းကျင်နှင့်သယံဇာတတို့အပေါ် ထိခိုက်နိုင်သော်လည်း ဖွံ့ဖြိုးရေး၊ စီးပွားရေးအတွက် ကောင်းကျိုးများ ဖြစ်နိုင်နေရာနှစ်ခုစလုံးကို အရယူနိုင်ရေးသည် လက်ရှိအာဏာပိုင်များ (အုပ် ချုပ်ရေး၊ ဥပဒေပြုရေးနှင့်တရားစီရင်ရေး အာဏာပိုင်သူများအားလုံး)အတွက် စိန်ခေါ်မှုကြီးပင် ဖြစ်ပါသည်။

သို့ဖြစ်ရာ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ၏ အမြတ်ထုတ်မှုကို ကာကွယ်ရန် နိုင်ငံတကာစံချိန်စံညွှန်း နှင့်ကိုက်ညီပြီး ခိုင်မာသောဥပဒေများရှိရန် လိုအပ်ပါသည်။ ဒေသတွင်း မှီတင်းနေထိုင်သော နိုင်ငံသူ၊ နိုင်ငံသား များနှင့် ဒေသခံလူထု၏ လူမှုစီးပွားဘဝတိုးတက်ရေးနှင့် အခြေခံလူ့ရပိုင်ခွင့်များကို အာမခံကာကွယ်၊ တိုးမြှင့်ပေး ရေးတို့ကို ဆတူတန်ဖိုးထားရမည့် စည်းမျဉ်းမူဘောင်မျိုးကို အတိအလင်းပြဋ္ဌာန်းကျင့်သုံးသည့် အထူးစီးပွားရေး ဇုန်စီမံကိန်းများဖြစ်ပါမှလည်း ကိုယ့်မြေကိုယ့်ရေကို ငှားရမ်းအသုံးပြုခွင့်၊ စီးပွားရှာခွင့် ပေးရကျိုးနပ်မည်ဖြစ်ပါ သည်။ လတ်တလောအာဏာပိုင်များအနေဖြင့် ရေရှည်အမြော်အမြင်များကို ကိုင်စွဲကာ အထူးစီးပွားရေးဇုန် စီမံကိန်းများအတွက် မူဘောင်များ၊ လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်နိုင်ပါမှ အစိုးရအဆက်ဆက် မပြောင်း မလဲကျန်ရစ်မည့် အများစုကြီးဖြစ်သော လူထု သို့မဟုတ် ပဉ္စမမဏ္ဍိုင်သူ/သားများ၏ အကျိုးစီးပွားကို ကာကွယ် မြှင့်တင်ပေးနိုင်ပါလိမ့်ဖြစ်ပါ ကြောင်း အသိပေးတင်ပြအပ်ပါသည်။

 အယ်ဒီတာ

Please follow and like us:
0