အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ(SMEs)၏ လက်ရှိအနေအထားနှင့်အနာဂတ်အလားအလာ

SMEs အဓိပ္ပာယ်သတ်မှတ်ချက်များ

အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) သည် သဗ္ဗရနံပေါင်းသောင်းပြောင်းတွေ လာရောနှောပေါင်းစည်းနေသော အစုတစ်ခုဖြစ်သည်။ SME များကို ကျေးရွာဈေးကွက်အတွက် လယ်ယာသုံး ကိရိယာများ ထုတ်လုပ်ပေးသည့် လက်မှုပညာလုပ်ငန်းကလေး၊ ကျေးရွာလမ်းဆုံလမ်းခွမှ လက်ဖက်ရည်ဆိုင် ငယ်၊ မြို့ငယ်လေးတစ်မြို့မှ အင်တာနက်ကဖေး စသည် မှသည် ပင်လယ်ရပ်ခြားဈေးကွက်များသို့ တင်ပို့ရောင်းချ နေသော ခေတ်မီဆန်းသစ်သည့် အင်ဂျင်နီယာပစ္စည်း သို့မဟုတ် ဆော့လ်ဝဲလုပ်ငန်းနှင့် ပြည်တွင်းပြည်ပ ဈေးကွက်များရှိ နိုင်ငံစုံကားလုပ်ငန်းကုမ္ပဏီများသို့ တင်ပို့ရောင်းချနေသော အလတ်စားကားအစိတ်အပိုင်း ထုတ်လုပ်ရေးလုပ်ငန်းအထိရှိသည့် စီးပွားရေးလှုပ်ရှားမှု အခင်းအကျင်းကျယ်ကြီးထဲတွင် မမြင်ချင်အဆုံး တွေ့ မြင်နိုင်သည်။ မြို့ပြ၊ ကျေးလက်၊ ဒေသခံ၊ နိုင်ငံတွင်းနှင့်နိုင်ငံတကာ စသော လွန်စွာကွဲပြားခြားနားသည့် ဈေးကွက်များအတွင်း SME လုပ်ငန်းများက လည်ပတ်နေကြသည်။ မတူကွဲပြားသည့် အတတ်ပညာ၊ ကျွမ်း ကျင်မှု၊ အရင်းအနှီး၊ ခေတ်မီဆန်းသစ်မှုနှင့်ဖွံ့ဖြိုးမှု ဦးတည်ချက်များဖြင့် ဖွဲ့စည်းထားသည်။ ထို့ပြင် ယင်းတို့မှာ တရားဝင်ပုံစံကျ စီးပွားရေးခွင်ထဲတွင် ရှိချင်ရှိမည်။ သို့မဟုတ် တရားမဝင်နည်းလမ်းမကျ စီးပွားရေးခွင်ထဲတွင် ရောက်ချင်လည်း ရောက်နေပေလိမ့်မည်။

စင်စစ် SMEs ဆိုသည့် စကားလုံးဝေါဟာရကိုယ်၌ ကပင်လျှင် အဓိပ္ပာယ်သတ်မှတ်ချက်တစ်နံ တစ်လျားကို သိမ်းကြုံးလွှမ်းခြုံထားသည်။ SMEs အဓိပ္ပာယ်သတ်မှတ်ချက်မှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲပြား သည်။ ယင်းသို့ အဓိပ္ပာယ်ဖွင့်ဆိုရန် လမ်းညွှန်ချက်များမှာ အများအားဖြင့် စာရင်းဇယားအခြေခံသော လူဦးရေ သို့မဟုတ် ရောင်းရ ငွေ သို့မဟုတ် ပိုင်ဆိုင်ပစ္စည်းတို့အပေါ်တွင် အခြေပြု ထားတတ်ကြသည်။ ဥပမာဆိုရလျှင် အီဂျစ်နိုင်ငံက လုပ်သားဦးရေ ၅ ယောက်ထက်ပို၍ ၅၀ ထက်နည်းလျှင် SME ဟု သတ်မှတ်သည်။ ဗီယက်နမ် နိုင်ငံကမူ လုပ်သားဦးရေ ၁၀ နှင့် ၃၀ဝ ကြားရှိလျှင် SMEs ဟု သဘောထားသည်။ ဥရောပတွင် လုပ်သားဦးရေ ၂၅၀ ထက်နည်းလျှင် SMEs ဟု သတ်မှတ်ပြီး အမေရိကန်ပြည်ထောင်စုကမူ လုပ်သားဦးရေ ၅၀ဝ ထက် နည်းလျှင် SMEs ဟု သဘောထားသည်။

မည်သို့ပင်ဆိုစေ Inter-American Development က လုပ်သားဦးရေ အများဆုံး ၁၀ဝ နှင့် ဝင်ငွေဒေါ်လာ ၃ သန်းထက်နည်းလျှင် SMEs ဖြစ်သည်ဟု အဓိပ္ပာယ် ဖွင့်သည်။ ကမ္ဘာ့ဘဏ်ကမူ လုပ်သားဦးရေအများဆုံး ၃၀ဝ ရှိပြီး တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅ သန်းနှင့် ပိုင်ဆိုင်ပစ္စည်းတန်ဖိုး ဒေါ်လာ ၁၅ သန်းရှိသော စီးပွားရေးလုပ်ငန်းများကို SMEs အဖြစ် သတ်မှတ်ရန် ယေဘုယျလမ်းညွှန်ချက်ချပေးသည်။

SMEs ၏ အရေးပါအရာရောက်မှု

SME များသည် အခြေခံလူတန်းစားစီးပွားရေးဖွံ့ဖြိုး မှုနှင့်သာတူညီမျှ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုး တက်မှုကို မြှင့်တင်ပေးရာတွင် အထင်ကရအခန်းကဏ္ဍမှ ပါဝင်နေသည်။ မကြာသေးမီ လေ့လာမှုများကလည်း နိုင်ငံတစ်ခု၏စီးပွားရေးဖွံ့ဖြိုးမှုမှာ SME များ ဖွံ့ဖြိုးတိုးတက်မှုနှင့် နီးနီးကပ်ကပ် ဆက်စပ်နေကြောင်း ပြသနေ သည်။ ဥပမာအားဖြင့် SME ကဏ္ဍအရွယ်အစား အထိုက်အလျောက် ကြီးမားမှုနှင့်စီးပွားရေးဖွံ့ဖြိုးမှု တို့အကြား ခိုင်မာသည့် အပြုသဘောဆက်နွယ်မှုတစ်ခုရှိနေခြင်းဖြစ်သည်။ ထို့ပြင် ဝင်ငွေမြင့်နိုင်ငံများရှိ တရားဝင်ပုံစံကျ SME များ၏ ထည့်ဝင်မှုမှာ ပျမ်းမျှအားဖြင့် ဂျီဒီပီ၏ ၅၀ ရာခိုင်နှုန်းနီးပါးများပြားကြောင်းလည်း တွေ့ရသည်။ ထို့အတူ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုအဆက်ဆက်၏ အများစုမှာ SME ကဏ္ဍဖွံ့ဖြိုးမှုမှသာ ပေါ်လွင်လာခြင်း ဖြစ်ကြောင်း သတိပြုရန် အရေးကြီးပေသည်။

SME များသည် ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးများ အားလုံးလောက်အတွက် အရေးပါသည်မှန်သော်လည်း အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပို၍အရေးပါလှသည်။ အထူးသဖြင့် ထိုဖွံ့ဖြိုးဆဲနိုင်ငံများရှိ အဓိက အလုပ် အကိုင်နှင့် ဝင်ငွေဖြန့်ဝေရေး၊ ဆင်းရဲမွဲတေမှုလျော့ပါးပျောက်ကွယ်ရေး၊ ကမ္ဘာလုံးစီးပွားရေးထဲတွင် ပါဝင် ပေါင်းစည်း၍ ဖွံ့ဖြိုးပြီး နိုင်ငံအဆင့် တက်လှမ်းနိုင်ရေး စိန်ခေါ်မှုများအတွက် ပို၍အရေးပါသည်။ SME များက ထုတ်လုပ်မှုပမာဏကို ဖြည့်ဆည်းပေး၍ သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်များကို ဖန်တီးပေး သည်။ SME များ အားကောင်းမောင်းသန်ရှိသည့်နေရာများတွင် ယင်းတို့၏အခန်းကဏ္ဍမှာ အနာဂတ်စီးပွားရေး လုပ်ငန်းကြီးများအတွက် ပျိုးခင်းတစ်ခင်းဖြစ်ပေသည်။ အငယ်စားစီးပွားရေးလုပ်ငန်းများ ချဲ့ထွင်ရေးအတွက် အရေးပါသော နောက်တစ်ဆင့်ဖြစ်ပြီး စုဆောင်းငွေနှင့် ရင်းနှီးမြှုပ်နှံမှုကို ပေါင်းစည်းပေးရန် တိုက်ရိုက် အထောက်အပံ့ပြုသည်။ ထို့ပြင် နည်းပညာဖွံ့ဖြိုးရေးအတွက်လည်း ပါဝင်ဖြည့်ဆည်းပေးပြီး စွန့်ဦးတီထွင် လုပ်ငန်းရှင်များကိုလည်း မွေးဖွားပေးပေသည်။

SME များ၏ အနာဂတ်အလားအလာ

မျက်မှောက်ကာလ ကမ္ဘာကြီးနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများရှိ တူရူချက်များအရ SME တို့၏ အနာဂတ်အခန်း ကဏ္ဍမှာ ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် အနည်းဆုံးတာတိုနှင့် တာလတ်ကာလအတွင်း ထုတ်လုပ်လျော့ပါးသွားဖွယ် ရာ မရှိချေ။ အလုပ်အကိုင်ဝေစုတိုးပွားလာခြင်း၊ သတင်းနည်းပညာတော်လှန်ရေးကြောင့် အသေးစားစီးပွားရေး လုပ်ငန်းရှင်များ၏ နှိုင်းယှဉ်ချက်အရ ပြိုင်ဆိုင်နိုင်မှုမြင့်မားလာခြင်း၊ ထုတ်လုပ်မှုထက် ဝန်ဆောင်မှုလုပ်ငန်း များ၏အခန်းကဏ္ဍ မြင့်မားလာခြင်းတို့၏ အကျိုးဆက်ကြောင့် နည်းပညာတိုးတက်မှုတွင် သေးငယ်သော အငယ်စားစီးပွားရေးလုပ်ငန်းများ၏အခန်းကဏ္ဍ ကြီးမားလာခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အခြေခံအဆင့်နှင့် ဒုတိယအဆင့် ပညာရေးများပြီးမြောက်သည့် လူဦးရေဝေစုကြီးကြီးမားမား တိုးပွားလာသဖြင့် စွန့်ဦးတီထွင် ပါရမီရှင်များ များပြားလာခြင်းတို့မှာ SME တို့၏ အနာဂတ်အလားအလာကို အထောက်အပံ့ပြုနေသော အရာ များ ဖြစ်ပေသည်။

မြန်မာ့ SME များ၏ အာဆီယံနှင့်အရှေ့အာရှဒေသတွင်း စီးပွားရေးတွင် ပါဝင်ပေါင်းစည်းမှု

မြန်မာ့စီးပွားရေးစနစ်သည် ဆယ်စုနှစ်များစွာတိုင် တစ်ကိုယ်တော်စီးပွားရေးစနစ်နှင့်ဗဟိုချုပ်ကိုင်သည့် စီမံကိန်းစီးပွားရေးစနစ်ဖြစ်ခဲ့သည်။ သို့တစေ ယနေ့အချိန်တွင်မူ အတိတ်ကို နောက်ချန်ထားသော အပြော ကျယ်သော နိုင်ငံရေးနှင့်စီးပွားရေးအကူးအပြောင်းတစ်ရပ်အလယ်တွင် ရောက်ရှိနေပြီဖြစ်သည်။ မြန်မာ့စီးပွား ရေးလုပ်ငန်းများ(အထူးသဖြင့်) SME များအတွက် နိုင်ငံစီးပွားတံခါးပွင့်လာမှုနှင့်အာဆီယံစီးပွားရေးအသိုက် အဝန်း (AEC)မှတစ်ဆင့် ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုတို့က အခွင့်အလမ်းနှင့်စိန်ခေါ်မှုနှစ်မျိုးစလုံးကို ယူဆောင် လာခဲ့သည်။

လွန်ခဲ့သည့်ဆယ်စုနှစ်နှစ်ခုအတွင်း မြန်မာ၏ အာဆီယံနှင့်အရှေ့အာရှအတွင်း စီးပွားရေးထိတွေ့ ဆက်ဆံမှုမှတစ်ဆင့် ပို့ကုန်နှင့်သွင်းကုန်နှစ်မျိုးစလုံးတွင် မြင့်မားသောတိုးတက်မှုနှုန်းကို မြင်တွေ့ခဲ့ရပြီး နိုင်ငံ တကာစီးပွားရေးအတွင်းသို့ တက်တက်ကြွကြွက ပြန်လည် ပေါင်းစည်းဝင်ရောက်လာမှုကိုလည်း ဖော်ပြခဲ့သည်။ အာဆီယံမှာ မြန်မာ့ပို့ကုန်များအတွက် အရေးပါသော ဈေးကွက်တစ်ခုဖြစ်ပြီး မြန်မာ့ပို့ကုန် ၄၃ ရာခိုင်နှုန်းခန့်မှာ အခြားအာဆီယံနိုင်ငံများသို့ ဦးတည်ရောက်ရှိခဲ့သည်။ ဤသည်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးကြားတွင် ဒုတိယအမြင့်ဆုံးဝေစုဖြစ်သည်။ ထို့ပြင်မြန်မာအနေဖြင့် အခြားအာဆီယံနိုင်ငံများထံမှ သွင်းကုန်အားလုံး၏ ၄၁ ရာခိုင်နှုန်းခန့်ကိုလည်း တင်သွင်းရယူခဲ့ရာ အာဆီယံ အတွင်း တတိယအမြင့်ဆုံးသွင်းကုန်ဝေစုဖြစ်သည်။ သို့ဖြင့် ၂၀ဝ၅ ခုနှစ်မှ ၂၀၁၃ ခုနှစ်အကြား အာဆီယံ နိုင်ငံစခန်းထဲတွင် မြန်မာက ဒုတိယအမြန်ဆုံးတိုးတက်မှုကို မှတ်တမ်းပြုနိုင်ခဲ့သည်။ သို့သော် ပို့ကုန်ဘက်တွင်မူ မြန်မာ၏အာဆီယံနှင့်ကုန်သွယ်မှုမျှခြေမှာ အမြတ်အစွန်း မရနိုင်ခဲ့ချေ။ စင်စစ်တွင် မြန်မာ၏စုစုပေါင်းအာဆီယံအတွင်း ပို့ကုန်ဝေစုမှာ ၁ ရာခိုင်နှုန်းမျှသာရှိရာ အလွန် သေးငယ်သည့်ပမာဏဖြစ်ပြီး တစ်ဦးချင်းနှုန်းအရ ကြည့်လျှင်လည်း မြန်မာ၏အာဆီယံနှင့်ကုန်သွယ်မှုပမာဏမှာ လွန်စွာနိမ့်ကျနေဆဲဖြစ်သည်။

မြန်မာ၏ အာဆီယံ အရှေ့အာရှတို့နှင့်ကုန်သွယ်မှုကို စိတ်ဖြစ်လေ့လာရာတွင် အာဆီယံပို့ကုန်များမှာ ထိုင်းနိုင်ငံအပေါ်တွင်သာ အလွန်အကျွံဗဟိုပြုထားသည်ကို တွေ့ရပေသည်။ မြန်မာ၏ အာဆီယံပို့ကုန် ၉၀ ရာခိုင် နှုန်းနီးပါးမှာ ထိုင်းသို့သာဖြစ်ပြီး စက်မှုထုတ်ကုန်အနေဖြင့်မဟုတ်ဘဲ ကုန်ကြမ်းနှင့် သယံဇာတအခြေပြု ထုတ် ကုန်များသာ ဖြစ်နေသည်။ တစ်ဖက်တွင်လည်း မြန်မာ၏အာဆီယံသွင်းကုန်များမှာ ပြုပြင်စီမံထုတ်လုပ်ထား သော ကုန်စည်များနှင့် စက်မှုထုတ်ကုန်ပစ္စည်းများဖြစ်ပြီး အထူးသဖြင့် ထိုင်းနှင့်စင်ကာပူတို့ထံမှ ဖြစ်သည်။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ဘက်မှ ကြည့်လျှင် ၂၀၁၄ ခုနှစ်တွင် အာဆီယံနိုင်ငံအားလုံး အနက် မြန်မာက အာဆီယံအတွင်းတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ အမြင့်ဆုံးဝေစုဖြစ်သည့် ၇၀ ရာခိုင်နှုန်းကို ရရှိခဲ့ သည်။ သို့တစေ ထိုဝေစုမှာ တစ်သမတ်တည်းမဟုတ်ဘဲ အတက်အကျအနှုတ်အသိမ်းများလွန်းလှလေရာ မြန်မာ အနေဖြင့် ဒေသတွင်းရှိ အခြားနိုင်ငံများနှင့် စီးပွားရေးဆက်ဆံမှုကို မြှင့်တင်ရန် လိုအပ်နေကြောင်း ထင်ရှား နေပေသည်။

မြန်မာ့ SME  များ၏ လက်ရှိအနေအထားနှင့်စိန်ခေါ်မှုများ

၂၀၁၅ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ ဥပဒေအမှတ် ၂၃/၂၀၁၅ ဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့သော “အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ SME များကို  အလုပ်သမားဦးရေ၊ အလုပ်အမျိုးအစား၊ မြှုပ်နှံအရင်းအနှီး သို့မဟုတ် ဝင်ငွေတို့အပေါ် အခြေပြုကာ အတန်း အစားခွဲခြားထားသည်ကို တွေ့ရသည်။ ၁၉၉၀ ပြည့်နှစ်က ထုတ်ပြန်ခဲ့သော SMEs ဥပဒေနှင့် နှိုင်းယှဉ်ကြည့်လျှင် လုပ်အားကဲလုပ်ငန်းများအတွက် အများဆုံးအလုပ် သမားအရေအတွက်ကို တိုးမြှင့်သတ်မှတ်ထားပြီး အရင်း အနှီးနှင့်ဝင်ငွေတန်ဖိုးများကိုလည်း ကန့်သတ်ထားသည်ကို တွေ့ရသည်။ (SMEs ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၏ အဓိပ္ပာယ်သတ်မှတ်ချက်အရ စီးပွားရေးလုပ်ငန်းအမျိုးအစားများပြဇယားကို စာမျက်နှာ ၆ တွင် လေ့လာ နိုင်သည်။)

မြန်မာ့ SME  များဖွံ့ဖြိုးတိုးတက်ရေးဥပဒေနှင့် မတူညီစွာပင် နိုင်ငံတကာ SME များ၏ အဓိပ္ပာယ် သတ်မှတ်ချက်တွင်မူ အငယ်စား (Micro)  စီးပွားရေးလုပ်ငန်းများ၏ သဘောလက္ခဏာကို သီးခြားအထူးပြု ထားသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ကမ္ဘာ့ဘဏ်၏ SME  ဌာနက အငယ်စားစီးပွားရေးလုပ်ငန်းများကို  အလုပ်သမားဦးရေ ၁ ဦးမှ ၉ ဦးအထိ အသေးစား စီးပွားရေးလုပ်ငန်းများကို အလုပ်သမားဦးရေ ၁၀ ဦးမှ  ၄၉ ဦးအထိ၊ အလတ်အစားစီးပွားရေးလုပ်ငန်းများကို အလုပ်သမားဦးရေ ၅၀ မှ ၂၉၉ ဦးအထိ သတ်မှတ် ပေးထားပြီး အကြီးစားစီးပွားရေးလုပ်ငန်းကြီးများကို အလုပ်သမားဦးရေ ၃၀ဝ အထက်ဟု သတ်မှတ်ပေးထား သည်။ ထိုသို့တစ်နိုင်ငံနှင့် တစ်နိုင်ငံ SME အဓိပ္ပာယ် သတ်မှတ်ပုံချင်း မတူညီကြသော်လည်း အမျိုးမျိုးသော SME အဓိပ္ပာယ်သတ်မှတ်ချက်များ၏ ဘုံတူညီချက်မှာ အလုပ်သမားအရေအတွက် သတ်မှတ်ချက်သည် SME တစ်ခု ဟုတ်၊ မဟုတ် ညွှန်ပြသော အရိုးရှင်းဆုံးအညွှန်း ဖြစ်ကြောင်း အသိအမှတ်ပြုထားကြခြင်းပင်။

လုပ်ငန်းမှတ်ပုံတင်ခြင်း

SME  ဥပဒေအရ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုရှိသည့် SME အားလုံးမှတ်ပုံတင်ကြရမည်ဖြစ်သည်။ အပြန် အလှန်အနေဖြင့် နစ်နာမှုများကို တင်ပြနိုင်ခြင်း၊ လုပ်ငန်းအသိပညာနှင့် သင်တန်းများ တက်ရောက်ဆည်းပူးနိုင် ခြင်း၊ ချေးငွေလျှောက်ထားခွင့်ရခြင်းစသည့် အကျိုးကျေးဇူးများကို ခံစားခွင့်ရှိသည်။ သို့သော် မြန်မာနိုင်ငံ တွင်းစီးပွားရေးလုပ်ငန်းမှတ်ပုံတင်ခြင်းကိစ္စမှာ အစိုးရဌာနများကြား တာဝန်ခွဲဝေမှုရှင်းရှင်းလင်းလင်းပြတ်ပြတ် သားသားမရှိခြင်းကြောင့် ရိုးရှင်းဖြောင့်တန်းသည့် လုပ်ငန်းစဉ်တော့ မဟုတ်ချေ။ SME အဖြစ်သတ်မှတ်မှုခံယူ မည့်ကုမ္ပဏီများအနေဖြင့် အောက်ဖော်ပြပါ အာဏာပိုင်အဖွဲ့အစည်းတစ်ခုခုထံ မှတ်ပုံတင်ခြင်းပြုလုပ်နိုင်သည်ဟု သိရသည်။

၁။        ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန             (DICA)

၂။        အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန(SSID)

၃။        စက်မှုလုပ်ငန်းကြီးကြပ်ရေးနှင့် စစ်ဆေးရေးဒါရိုက်တာအဖွဲ့(DISI)

သို့ဆိုသော်လည်း လက်တွေ့တွင်မူ စက်မှုလုပ်ငန်း များမှတ်ပုံတင်ရာတွင် စည်ပင်သာယာရုံးများမှာ သြဇာလွှမ်းမိုးသောအဖွဲ့များဖြစ်ကြသည်။ ဥပမာအနေဖြင့် လျှပ်စစ်ဓာတ်အားစစ်ဆေးရေးပါမစ်၊ ဘွိုင်လာအိုး ထုတ်လုပ်ရေးလက်မှတ်၊ သစ်ခွဲစက်လိုင်စင်၊ ထုတ်လုပ်မှု နာမည်ကောင်းလက်မှတ်တစ်ခုခုအတွက် သက်ဆိုင်ရာ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးရုံးသို့ လျှောက်လွှာတင်ကာ မှတ်ပုံတင်လုပ်ငန်းစဉ်ကို စတင်ရသည်။ လျှောက်ထားသူ၏လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး နောက်တွင်မူ ညွှန်ကြားရေးမှူးချုပ်၏ ထောက်ခံမှုနှင့်  အတူ ပြည်နယ်သို့မဟုတ် တိုင်းဒေသကြီးတာဝန်ခံအရာရှိက မှတ်ပုံတင်လျှောက်ထားမှုအား ခွင့်ပြုနိုင်သည် သို့မဟုတ် ငြင်းပယ်ပစ်နိုင်သည်။ မှတ်ပုံတင်လျှောက်ထားသူ စီးပွားရေးလုပ်ငန်းများမှာ အဖိုးအခပေးပြီး မှတ်ပုံ တင်လက်မှတ်ကို ရယူကြရသည်။ ထိုသို့အစမှ အဆုံးတိုင် ရှုပ်ထွေးပွေလီသည့် ဖြစ်စဉ်တစ်ခုကို ဖြတ်ကျော်ပြီးမှ သာ မှတ်ပုံတင်လက်မှတ်တစ်ခုကိုရကြပြီး တစ်ဖန် SME  ချေးငွေလျှောက်ထားမည်ဆိုပါက ချေးငွေရရှိရန် ထပ်မံမှတ်ပုံတင်ရန် လိုနေသေးကြောင်း တွေ့ရှိရပြန်သည်။ ဥပမာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA)  နှင့် မှတ်ပုံတင်ထားပြီးသော စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် SME ချေးငွေ ရရှိနိုင်ရန် စက်မှုလုပ်ငန်းကြီးကြပ်ရေးနှင့် စစ်ဆေးရေးဒါရိုက်တာအဖွဲ့နှင့်မှတ်ပုံတင်ရန် လိုအပ်ကောင်း လိုအပ်လိမ့်ဦးမည် ဖြစ်သည်ဟု သိရသည်။

ရင်းနှီးမြှုပ်နှံငွေ

SME များအတွက် ရင်းနှီးမြှုပ်နှံငွေရနိုင်စရာရင်း မြစ်များတွင် အရေးအပါဆုံးရင်းမြစ်မှာ ကိုယ်ပိုင် အရင်းအနှီးသာဖြစ်သည်။ ဘဏ်များ သို့မဟုတ် အခြားတရားဝင်အဖွဲ့အစည်းများမှ ချေးငွေများရရှိရန်မှာ ဆယ် ရေးတစ်ရေး ကိုးရေးတစ်ရာ ဆိုသလိုဖြစ်နေသည်။ မိတ်ဆွေအပေါင်းအသင်းများနှင့် မိသားစုဝင်ဆွေမျိုးသား ချင်းများထံမှ တရားဝင်နည်းလမ်းတကျမဟုတ်သော ချေးငွေများမှာလည်း ရင်းနှီးမြှုပ်နှံငွေရနိုင်စရာ ရင်းမြစ် များထဲတွင် အရေးပါအရာရောက်လှသည်မဟုတ်ချေ။ ထို့ပြင် ပြင်ပရင်းနှီးမြှုပ်နှံမှုမှာလည်း မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းလုပ်ဆောင်ရန်အတွက် အားကိုးလောက်သည့် အနေအထားမရှိသေးပေ။

ချေးငွေ

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း ဘဏ်ချေးငွေ သို့မဟုတ် တရားဝင်အဖွဲ့အစည်းများထံမှ အရင်းအနှီး အတွက် ချေးငွေလျှောက်ထားခဲ့ကြသော SME  များမှာ ၈.၂ ရာခိုင်နှုန်းသာရှိခဲ့ပြီး ဤအထဲမှ ၂၆.၅ ရာခိုင်နှုန်းမှာ ချေးငွေရရှိရေးအတွက် ပြဿနာတက်ခဲ့ကြရသည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် DENMARK တို့ ပူးပေါင်း၍ ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော Myanmar Micro, Small & Medium Enterprise Survey 2017 အရ သိရသည်။ ဤသို့ ချေးငွေရယူနိုင်မှု အလွန်နိမ့်ကျနေ ခြင်း၏ အဓိကအကြောင်းမှာ ငွေပေါ်လွယ်မှုအခက်အခဲ နှင့် ငွေရရာရကြောင်း အတားအဆီးများဖြစ်ကြောင်း ယင်းစစ်တမ်းက ဆိုသည်။

SME များသည် နိုင်ငံစီးပွားရေး၏ အဓိကအသက် သွေးကြောဖြစ်သောကြောင့် ယင်းတို့ကို အားပေး ကူညီခြင်း၊ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားစေရန် အထောက်အပံ့များ ပေးခြင်းဖြင့် နိုင်ငံတော်၏ အနာဂတ်ရေရှည်စီးပွား ရေး ခိုင်မာစေရန် နိုင်ငံတော်အစိုးရမှ SME  ဖွံ့ဖြိုးတိုးတက် ရေးမူဝါဒများကို ချမှတ်အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာ နိုင်ငံတော်အစိုးရသည် SME များ ဖွံ့ဖြိုး တိုးတက်စေရန်ရည်မှန်းပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်း တစ်နှစ်လျှင်အတိုးနှုန်း ၈.၅ ရာနှုန်းဖြင့် SME ချေးငွေ ကျပ် ၁၀ ဘီလီယံကို SME လုပ်ငန်းရှင်များသို့ ထုတ်ချေးပေးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့ သည်။

အလားတူ ပုဂ္ဂလိကဘဏ်များကလည်း SME ချေး ငွေများကို တစ်ပိုင်တစ်နိုင်ထုတ်ချေးမှုများ ပြုလုပ်ခဲ့ သည်ဟု ဆိုသည်။ နိုင်ငံတကာအဖွဲ့အစည်းတချို့နှင့် ပူးပေါင်း၍လည်း ထုတ်ချေးပေးခဲ့သည်ဟု သိရသည်။ ဂျပန်အစိုးရ၏ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ(JICA) က ပြည်တွင်းဘဏ်များမှ တစ်ဆင့် SME  များဖွံ့ဖြိုးရေးအတွက် ချေးငွေများ ထုတ်ချေးခဲ့ကြသည်ဟု ဆိုသည်။

လက်တွေ့တွင် ဘဏ်ချေးငွေရယူရေးလုပ်ငန်းစဉ်မှာ ရှုပ်ထွေးကြန့်ကြာမှုများ များပြားလှသဖြင့် အမှန် တကယ်ချေးငွေလိုအပ်သော SME များအတွက် အလွယ်တကူမရနိုင်ကြချေ။ ချေးငွေရသွားကြသူအများစုမှာ SME နာမည်ခံစီးပွားရေးသမားများသာဖြစ်ကြောင်း SME လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ မြန်မာ့ SME  များအတွက် ဖွံ့ဖြိုးရေးထက် ရှင်သန်ရပ်တည်ရေး အတွက်ပင် ငွေအရင်းအနှီးမည်သို့ရှာမည်၊ မည်သည့် နေရာက ရနိုင်မည်ဆိုသည့်အချက်မှာ အဓိကစိန်ခေါ်မှု တစ်ရပ်ဖြစ်နေပေသည်။

ကမ္ဘာ့ဘဏ်က နှစ်စဉ်ထုတ်ပြန်သည့် Doing Business စစ်တမ်းတွင်လည်း မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများအတွက် ငွေကြေးအရင်းအနှီး သို့မဟုတ် ချေးငွေရရှိရေးမှာ ခက်ခဲနေဆဲဖြစ်ကြောင်း ဖော်ပြထား သည်။ ထိုစစ်တမ်းတွင် ချေးငွေရရှိမှု အဆင့်သတ်မှတ် ချက် ၁၈၅ တွင် မြန်မာနိုင်ငံ၏အဆင့်မှာ ၁၇၅ တွင် ရှိပြီး အာဆီယံဒေသတွင်းနိုင်ငံများအနက် အနိမ့်ဆုံး လည်းဖြစ်နေသည်ကို တွေ့ရသည်။

အခြားနည်းလမ်းများ

ထိုကဲ့သို့ အရင်းအနှီးအတွက် ဘဏ်ချေးငွေရယူ ရေးခက်ခဲလျှင် SME  များအတွက် အခြားနည်းလမ်း များရှိပါသလော။ ရှိတော့ရှိသည်၊ မရေရာဟု ဆိုရပေ မည်။ တစ်နည်းမှာ Crowdfunding ဟုဆိုသော နည်း လမ်းဖြစ်သည်။ လုပ်ငန်းအတွက် လိုအပ်သောငွေ အရင်းအနှီးကို လူအများ၏ ရင်းနှီးထည့်ဝင်ငွေဖြင့် ဖြည့် ဆည်းခြင်းဖြစ်သည်။ သို့သော် ထို Crowdfunding ကို မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများက လက်ခံခွင့်ပြုထား ခြင်း မရှိ၊ လုပ်ပိုင်ခွင့်လည်း ပေးမထားချေ။

ထို Crowdfunding ကို မကြာသေးမီနှစ်များကမှ  နိုင်ငံတကာတွင် စတင်ခွင့်ပြုလာခဲ့ခြင်းဖြစ်ပြီး အာဆီယံဒေသတွင်း၌ မလေးရှားနိုင်ငံက ၂၀၁၅ ခုနှစ်တွင် စတင်ခွင့်ပြုခဲ့သည်။ မလေးရှားနောက်တွင် ထိုင်း၊ စင်ကာပူနှင့် အင်ဒိုနီးရှားတို့ကလည်း Crowdfunding  ကို ရင်းနှီးမြှုပ်နှံသူများအတွက် အကာအကွယ်ပေးရေး အစီအမံ များ ချမှတ်ပြီး ဥပဒေစည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ကာ ခွင့်ပြုပေးခဲ့သည်။

ထိုသို့ရင်းနှီးမြှုပ်နှံသူအကာအကွယ်ပေးရေးအစီ အမံများမရှိသည့်အတွက်ပြည်တွင်းတွင် Crowdfunding ကို တရားဝင်ခွင့်ပြုမထားခြင်းဖြစ်သည်။ “ကျွန်တော်တို့ဆီမှာကျတော့ နိုင်ငံခြားက လာလိမ်တာ တွေလည်း ရှိတယ်။ ငွေလိမ်ပြေးတာတွေလည်းရှိတော့ ဒါတွေကို လိုက်ကြပ်မတ်တဲ့အချိန်မှာ အမှန်အကန်လုပ်တဲ့သူတွေပါ လုပ်ရကိုင်ရ ခက်လာတယ်” ဟု ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးလုပ်ငန်း Hamsahub ၏ အုပ် ချုပ်မှုဒါရိုက်တာ ဦးသုတအောင်က ပြောသည်။

“ဒီမှာက ကုမ္ပဏီဥပဒေအရ ခွင့်ပြုမထားသလို ငွေချေးသက်သေခံလက်မှတ်ဥပဒေအရလည်း လုပ်လို့ မရဘူး။ အများပြည်သူကို ခုလိုရှယ်ယာခေါ်လို့မရဘူး။ အများပြည်သူဆီက ငွေကိုယူမယ်ဆိုရင် အများပိုင် ကုမ္ပဏီထောင်ပြီးလုပ်မှရမယ်”ဟု ရန်ကုန်စတော့ အိတ်ချိန်းမှ အကြီးတန်းအမှုဆောင်မန်နေဂျာ ဦးသက်  ထွန်းက ဆိုသည်။

Crowdfunding ဆိုသည်မှာ သတ်မှတ်ထားသော ကာလတို(ဥပမာ-သုံးလ၊ ခြောက်လ၊ တစ်နှစ် စသဖြင့်) အတွက် လိုအပ်သည့် ငွေကြေးအရင်းအနှီးကို အများပြည်သူက ထည့်ဝင်ရပြီး ထိုထည့်ဝင်ရင်းနှီးငွေအတွက် နှုန်းသေသတ်မှတ်ထားသောအတိုးကို လစဉ် သို့မဟုတ် သတ်မှတ်ကာလပြည့်ချိန်တွင်အတိုးနှင့်အရင်းပေါင်း၍ ပြန်လည်ပေးအပ်ခြင်းဖြစ်သည်။ ထို Crowdfunding ဖြင့် ရင်းနှီးငွေထည့်ဝင်ရာတွင် ရရှိသော အတိုးနှုန်းမှာ ပြည်တွင်းဘဏ်များ၏ငွေစုဘဏ်အတိုးနှုန်းထက်သာလွန် နေရာ လူအများအပြားက စိတ်ဝင်တစားရှိကြသည်။ ထိုလုပ်ငန်းမှ ပေးသည့်အတိုးနှုန်းမှာ သင့်တင့်သည့် အတိုးနှုန်းဖြစ်သော်လည်း အွန်လိုင်းပေါ်တွင် အစုစပ် လုပ်ငန်းခေါင်းစဉ်ဖြင့် လုပ်ကိုင်နေကြသော လုပ်ငန်း အများစုမှာ အတိုးနှုန်း ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း အထိပေးကာ ရင်းနှီးငွေများကို ဖိတ်ခေါ်လျက်ရှိသည်။

ငွေလက်ခံပြီး အတိုးနှုန်းတစ်ရပ် သတ်မှတ်ပေးခြင်းသည် ဗဟိုဘဏ်မှခွင့်ပြုထားသော ငွေရေးကြေးရေး အဖွဲ့အစည်းများသာ လုပ်ပိုင်ခွင့်ရှိပြီး ဗဟိုဘဏ်ခွင့်ပြုချက်မရဘဲ လုပ်ကိုင်ပါက ဥပဒေနှင့်မညီကြောင့် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးဋ္ဌေးချွန်က ပြောသည်။ “ရှယ်ယာလို့ပြော ရင်လည်း စတော့အိတ်ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီ ဖြစ်ရမယ်။ SECM  ခွင့်ပြုချက်နဲ့ ရှယ်ယာရောင်းခွင့်ရ ထားတဲ့ ကုမ္ပဏီပဲ ဖြစ်ရမယ်”ဟု သူက ဆိုသည်။

လတ်တလောတွင် စာရင်းဝင်အများပိုင် ကုမ္ပဏီ လေးခုနှင့် SECM  ခွင့်ပြုချက်ဖြင့် အများပြည်သူသို့  ရှယ်ယာရောင်းချခွင့်ရထားသော အများပိုင်ကုမ္ပဏီနှစ်ခု သာရှိသေးသည်ဟု သိရသည်။ စတော့ဈေးကွက်မရှိ သေးချိန်တွင် ကိုယ့်နည်းကိုယ်ဟန်ဖြင့် ငွေအရင်းအနှီး ရှာဖွေနိုင်သော်လည်း စတော့ဈေးကွက်အရင်းအနှီးဈေး ကွက်များရှိလာချိန်တွင် ထိုဈေးကွက်တွင်း ဝင်ရောက်ပြီး ငွေအရင်းအနှီးရှာခြင်းသည်သာ တရားဝင်လမ်း ကြောင်း ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းအကြံပေး ဦးရဲမင်းဦးကလည်း ထောက်ပြသည်။

သို့တစေလက်ရှိပြည်တွင်း စတော့ဈေးကွက်အခြေအနေမှာ တစ်နေ့ထက်တစ်နေ့ကျဆင်းနေပြီး လူအများ စိတ်ဝင်စားမှုလျော့ကျလာကာ အရောင်းအဝယ်ပါးသည် ထက်ပါးနေသည်။ ဤကဲ့သို့သော အခြေအနေတွင် သာမန် SME လုပ်ငန်းငယ်များကို မဆိုထားနှင့် အကြီး စားလုပ်ငန်းကြီးများပင် ငွေအရင်းအနှီးရှာဖွေရန် စတော့ ဈေးကွက်အတွင်း မဝင်လိုချေ။

SME  များအား ဘဏ်များက ငွေချေးပေးမှုများ ရှိနေပြီဆိုသော်လည်း ထိုပမာဏမှာ ပြည်တွင်းရှိ SME  အရေအတွက်ကို မည်သို့မျှ မကာမိချေ။ တကယ်တမ်း  ထောက်ပံ့နိုင်ဖို့ဆိုလျှင် နိုင်ငံတော်အဆင့်က ပါဝင်မှသာ  SME  အားလုံး အထောက်အပံ့ရမည်ဖြစ်ပေသည်။ မည် သို့ပင်ဆိုစေ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ အထူး သဖြင့် SME  များ ဖွံ့ဖြိုးရေးအတွက် အဓိကစိန်ခေါ်မှု ဖြစ်သည့် ငွေကြေးအရင်းအနှီးရရှိရေးပုစ္ဆာကို တွက် ထုတ်နေသည်မှာ ယခင်ဦးသိန်းစိန်အစိုးရလက်ထက်မှ ယခုလက်ရှိအစိုးရလက်ထက်တိုင် ကြန့်ကြာနေပေပြီ။ တိုင်းပြည်စီးပွားတိုးတက်ရေးသည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးရေး အပေါ်မူတည်ကြောင်း နိုင်ငံထိပ်ပိုင်းတာဝန်ရှိသူမှသည် အောက်ဆုံးတာဝန်ရှိသူအထိ ပြောကြသည်။ မပြောလျှင် လည်းမဖြစ်။ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၏ ၉၉ ရာနှုန်းသည် SME လုပ်ငန်းရှင်များဖြစ်ကြသည်မဟုတ် ပါလော။

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်အထိ အသေးစား စီးပွားရေးလုပ်ငန်းပေါင်း ၃၀၅၃၈ ခုနှင့် အလတ်စား စီးပွားရေးလုပ်ငန်းပေါင်း ၈၄၇၁ ခုတို့ မှတ်ပုံတင်ထား ကြကြောင်း SME ဖွံ့ဖြိုးတိုးတက်ရေးဌာန ဝက်ဘ် ဆိုက်၏ စာရင်းဇယားအရ သိရသည်။ ထို့ကြောင့် SME  စုစုပေါင်း၏ ၆၈.၂၈ ရာခိုင်နှုန်းမှာ အသေးစားဖြစ်ပြီး ၁၈.၉၃ ရာခိုင်နှုန်းမှာ အလတ်စားဖြစ်သည်ဟု ဆိုသည်။ ဗဟိုစာရင်းအင်းအဖွဲ့၏အဆိုအရမူ မြန်မာနိုင်ငံအတွင်း မှတ်ပုံတင်ထားသည့်စီးပွားရေးလုပ်ငန်းပေါင်း ၁၂၀çဝ၀ဝ ကျော်အနက် ၉၈ ရာခိုင်နှုန်းမှာ SME  များဖြစ်ပြီး အလုပ် အကိုင်ကဏ္ဍတွင် လုပ်သားဦးရေ ၂၁.၉ သန်းရှိ သည့်အနက် ၈၃ ရာခိုင်နှုန်းမှာ မှတ်ပုံတင်မထားသော SME များတွင် လုပ်ကိုင်နေကြသည်ဟု သိရသည်။

SME  များဖွံ့ဖြိုးတိုးတက်ရေးနှင့် အစိုးရအထောက်အပံ့

အစိုးရအနေဖြင့် SME လုပ်ငန်းရှင်အသစ်များပေါ် ပေါက်လာအောင်ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့  ရှိပြီးသား SME များအား နည်းလမ်းတကျဖြစ်စေအောင် လုပ်ဆောင်ရမည်ဖြစ်သည်။ လက်ရှိ SME  များတွင် တရားဝင်နည်းလမ်းတကျမဟုတ်သော (Informal) SME များက ပိုမိုများပြားနေပြီး ယင်းတို့မှာ စီးပွားရေးပုံစံကျ မဟုတ်သည့် ရိုးရာနည်းလမ်းများဖြင့်သာ စခန်းသွားနေ ကြကာ ရိုးရာပုံစံဖြင့်သာ ပစ္စည်းများထုတ်လုပ်ခြင်းနှင့် ရိုးရာစီမံအုပ်ချုပ်မှုပုံစံများကိုသာ အသုံးပြုနေလေရာ ဘဏ်များမှ တရားဝင်ချေးငွေရရန်ခက်ခဲနေသည်။ ထို နည်းလမ်းတကျမဟုတ်သော SME များအား နည်းလမ်း တကျဖြစ်စေရန် အစိုးရက ထိန်းမတ်ပေးခြင်း၊ နိုင်ငံ တကာဈေးကွက်သို့ ၄င်းတို့၏ ထုတ်ကုန်များထိုးဖောက် နိုင်အောင်အကူအညီပေးခြင်း၊ စွမ်းရည်မြှင့်တင်ပေးခြင်း၊ နည်းပညာပံ့ပိုးပေးခြင်း၊ သတင်းအချက်အလက်ရရှိရေး ဆောင်ရွက်ပေးခြင်း၊ ၂၀၁၈ တွင် အာဆီယံစီးပွားရေး အသိုက်အဝန်း(AEC)သဘောတူညီချက်အရ အာဆီယံနိုင်ငံများကြား အခွန်ကင်းလွတ်ကုန်သွယ်ခွင့်၊ လွတ်လပ်စွာလုပ်ငန်းလုပ်ကိုင်ခွင့်များ ရလာလျှင် ပြည်တွင်း SME  များအတွက် မိမိနိုင်ငံ၏ အားသာချက်များကို အသုံးပြု၍ ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် အထောက်အပံ့ပေးခြင်းများ ပြုလုပ်သွားမည်ဟု သက်ဆိုင်ရာတာဝန်ရှိ သူများက ဆိုသည်။ ထို့ပြင် အစိုးရပိုင်းအနေဖြင့် ပြည့်စုံသော ပံ့ပိုးမှုမပေးနိုင်သေးသော်လည်း တတ်နိုင်သ၍ ပံ့ပိုးပေးနေကြောင်း ၄င်းတို့၏အဆိုအရ သိရသည်။

သို့တစေ SME လုပ်ငန်းရှင်များဘက်မှ ထွက်ပေါ် လာသော အသံများကို နားစွင့်ကြည့်မည်ဆိုပါက အစိုးရပိုင်း၏ အထောက်အပံ့ပြုမှုမှာ အပြောနှင့်လက်တွေ့ ကွာဟချက်များနှင့် မဖြစ်မနေပြောကြားပေးရမည့် မေးခွန်းများလည်း ထွက်ပေါ်လာပါလိမ့်မည်။ ၂၀၁၅ ခုနှစ် တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းပေး ခဲ့သော SME  များ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေရှိပြီဖြစ် သော်လည်း အခိုင်အမာနည်းဥပဒေနှင့် လိုအပ်သလို ပြဋ္ဌာန်း ပေးရမည့် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်း ကမ်းများ မပြည့်စုံသေးသဖြင့် တကယ့်မြေပြင်အခြေအနေတွင် SME  များမှာ ဥပဒေ၏ အကာအကွယ် အစောင့်အရှောက်ကို မရနိုင်သေးကြောင်း ယင်းတို့က  ဆိုသည်။

” SME တွေအတွက်ကို စနစ်တကျထိထိရောက် ရောက်ပံ့ပိုးကူညီပေးနိုင်မည့် ဥပဒေတွေ ပေါ်လာစေချင် တယ်။ ဘာလို့လဲဆိုတော့ ရှိတယ်လို့ပြောပေမယ့် သိပ် ပြီးထိရောက်မှုမရှိတာတွေ၊ အကာအကွယ်မဖြစ်တာတွေ၊  SME  တွေ ကိုယ်တိုင်သိပ်မသိကြသေးတာတွေရှိနေတယ်” ဟု Le Conqueror တံဆိပ်အဝတ်အထည်များ ထုတ် လုပ်ဖြန့်ချိသူ လင်းကိုကိုက Info Digest ဂျာနယ် သို့ ပြောသည်။

“အခုမှ တည်ထောင်ကာစလုပ်ငန်းတွေ၊ အသေး စားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းတွေကို အစိုးရ ကိုယ်တိုင်ဦးစီးပြီး သေသေချာချာကူညီကာကွယ်ပေး သင့်တယ်။ ပြောရမယ်ဆိုရင် အာရှရဲ့အင်အားကြီးနိုင်ငံ ဖြစ်တဲ့ အိန္ဒိယဆိုရင် SME  ဘိုးအေနိုင်ငံလိုဖြစ်နေပြီ။  SME  လုပ်ငန်းတွေကို ဘယ်တော့မှ ထိခိုက်မခံဘူး။ မိုက်ခရိုပဲဖြစ်ဖြစ်၊ အသေးစားနဲ့အလတ်စားလုပ်ငန်းတွေ ဖြစ်ဖြစ်၊ အကြီးစားလုပ်ငန်းတွေ ကုမ္ပဏီတွေပဲဖြစ်ဖြစ် အမြဲတမ်းကာကွယ်ထားတယ်။ တိကျတဲ့ စီးပွားရေး ဆိုင်ရာမူဝါဒတွေ ဥပဒေတွေနဲ့ပေါ့။ ဘာလို့လဲဆိုတော့ သူတို့က ဒီကရလာမယ့် အကျိုးအမြတ်ကိုသိတယ်။ အဲဒီတော့ SME  တွေအတွက်ကို သေသေချာချာ Reform  ပြန်လုပ်နေတယ်။ ပြောရရင် အိန္ဒိယကတော့ SME သာလျှင် တိုင်းပြည်ရဲ့ဝင်ငွေကို ရှာပေးနိုင်တယ် လို့ အတိအလင်းကြေညာပြီးတော့ ဝန်ကြီးချုပ်တွေ၊ သမ္မတတွေ ကိုယ်တိုင်က SME  လုပ်ငန်းတွေကို အပြည့် အဝကာကွယ်ပေးထားတယ်” ဟု သူက ဆိုသည်။

လူသာလင်း

Reference:

  1. 2nd OECD CONFERENCE OF MINISTERS RESPONSIBLE FOR SMALL AND

   MEDIUM- SIZED ENTERPRISES (SMEs), Istanbul, Turkey, 3-5 June, 2007.

  1. Comperative analysis of development of SME in developed and developing countries, Uiral    M.Panya.
  2. SME Policy Index, ASEAN 2018, Boosting Competiveness and Indusive Growth.
  3. Myanmar SMEs’ Participation in ASEAN Regional Economic Integration by Thomas

   Bernhardt, S Kanay De and Giles Dicken son    Jones, August 2016.

  1. Myanmar Micro, Small Medium Enterprises Survey, 2017.
  2. The Voice Journal, Oct 28, 2017.
  3. Info Digest Journal, August 2018.
Please follow and like us:
0