မြန်မာနိုင်ငံနှင့်ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်း

စပါးသီးနှံသည် နိုင်ငံတော်၏ အဓိကစားနပ်ရိက္ခာ ဖြစ်သည်။ မြန်မာနိုင်ငံသည် အာဆီယံ ဒေသအတွင်း ဆန်စားသုံးမှု အမြင့်ဆုံးနိုင်ငံလည်းဖြစ်သောကြောင့် တိုးပွားလာသောလူဦးရေအတွက် စားသုံးမှုဖူလုံစေရန်သာမက ပြည်ပသို့ဆန်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေပိုမို ရရှိစေရန်လည်းလိုအပ်ပါသည်။ စိုက်ပျိုးရေးလုပ်ငန်းအတွက် သင့်တော်ကောင်းမွန်သော ရေမြေသဘာဝနှင့် ရာသီဥတုရှိသော မြန်မာ နိုင်ငံတွင် ဆန်စပါးစိုက်ပျိုး ထုတ်လုပ်ရေးလုပ်ငန်းသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကဏ္ဍ၏ အဓိက လုပ်ငန်းလည်းဖြစ်သည်။

၂၀၁၅-၁၆ ခုနှစ်အတွက် ထုတ်ပြန်ထားသော ကိန်းဂဏန်းများအရ နိုင်ငံ၏ စုစုပေါင်းသီးနှံ စိုက်ပျိုးမြေဧကအနက် ၃၄ ရာခိုင်နှုန်း(ဟက်တာ ၇.၂သန်း) တွင် စပါးသီးနှံစိုက်ပျိုးရေးလုပ်ကိုင် ခဲ့ကြပြီး၊ စုစုပေါင်းလူဦးရေ ၅၂.၂ သန်းအနက်မှ ၆၅.၄ ရာခိုင်နှုန်းသော နိုင်ငံသားတို့က ဆန်စပါးနှင့် အခြားဆက်စပ်လုပ်ငန်းအသီးသီးတွင် အလုပ်လုပ်ကိုင်ခဲ့ကြကြောင်း သိရှိရသည်။ သို့ဖြစ်ရာ ဆန်စပါး လုပ်ငန်းသည် နိုင်ငံတော်၏ ဂျီဒီပီစာရင်းတွင် အရေးပါသောကဏ္ဍတစ်ရပ်ဖြစ်သည် သာမက နိုင်ငံသား တို့၏ ဝင်ငွေကဏ္ဍနှင့်အလုပ်အကိုင်ကဏ္ဍများအတွက်လည်း အရေးပါသောလုပ်ငန်း တစ်ရပ်ဖြစ်သည် ဟု ဆိုရမည်ပင်။

အာရှဆန်အိုးကြီး

မြန်မာနိုင်ငံသည် တစ်ခေတ်တစ်ခါက ကမ္ဘာပေါ်တွင် ပြည်ပသို့ဆန်တင်ပို့ရောင်းချမှု အများဆုံး သော နိုင်ငံဖြစ်ခဲ့ပြီး (အာရှဆန်အိုးကြီး) ဟုပင်တင်စားခေါ်ဝေါ်ခံခဲ့ရဖူးပေသည်။ ဒုတိယကမ္ဘာစစ် မတိုင်မီ ၁၉၃၆ ခုနှစ် မှ ၁၉၄၀ ပြည့်နှစ် ကြားကာလအတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှပြည်ပဆန်တင်ပို့မှုမှာ တန်ချိန် ၃.၁၇၇ သန်းအထိ ရှိခဲ့သည်။ ၁၉၄၀ ပြည့်နှစ်များ၏ အစောပိုင်းနှစ်များတွင် စုစုပေါင်းထုတ် လုပ်မှုမှာ တန်ချိန် ၈ သန်းခန့်အထိ ရောက်ရှိခဲ့ပေသည်။

သို့သော်လည်း ၁၉၆၀ ပြည့်နှစ်များမှစတင်ကာ မြန်မာနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှုမှာ ဖြည်း ဖြည်းချင်း ကျဆင်းလာခဲ့သည်။ ၁၉၆၁-၆၂ ခုနှစ်တွင် ပြည်ပဆန် တင်ပို့မှု တန်ချိန် ၁.၆၇၆ သန်းရှိရာမှ၊ ၁၉၆၂-၆၃ ခုနှစ်တွင် တန်ချိန် ၁.၅၂ သန်းအထိ ကျဆင်းခဲ့သည်။ ၁၉၈၇-၈၈ ခုနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ဝ.၃ သန်းသာ တင်ပို့နိုင်ခဲ့ပြီး ၁၉၈၈-၈၉ ခုနှစ်တွင်မူ တန်ချိန် ၅၀ဝ၀ဝ သာတင်ပို့ နိုင်ပေတော့သည်။

မှတ်သားဖွယ်ရာအချက်တစ်ချက်မှာ ၁၉၃၀ ပြည့် နှစ်များမှသည် ၁၉၈၇-၈၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏လူဦးရေမှာ နှစ်ဆခွဲခန့် တိုးပွားလာခဲ့ကာ ဆန်ပြည်ပ တင်ပို့မှုမှာမူ ဆယ်ဆကျော်ကျဆင်း သွားခဲ့ခြင်းသည်။

ပြည်ပသို့ဆန်တင်ပို့ရောင်းချမှုကျဆင်းရခြင်းမှာ  အကြောင်းအရင်းများစွာတွင် အခြေခံသည်။ တစ်နှစ်တာအတွင်း ဆန်စပါးထွက်ရှိမှုနှုန်းထားမှာ စိုက်ပျိုးဧရိယာ၊ ရိတ်သိမ်းဧရိယာ၊ တစ်ဧကအထွက် နှုန်း၊ ကြိတ်ခွဲနှုန်း၊ သိုလှောင်မှုစနစ်၊ လေလွင့်ဆုံးရှုံးမှု၊ သယ်ယူပို့ဆောင်ရေး၊ အစိုးရက အဝယ်ဒိုင်ဖွင့် လှစ်ဝယ်ယူမှုနှင့် လူတစ်ဦးချင်းစားသုံးသည့် နှုန်းထားအစရှိသည့်များစွာသော အကြောင်းရင်းများပေါ် တွင် အခြေခံခြင်းဖြစ်သည်။

၁၉၈၀ ပြည့်နှစ်များအတွင်းတွင် ဆန်စပါးထုတ် လုပ်မှုမှာ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ဝ.၆ ရာခိုင်နှုန်းမျှ ကျဆင်းလာကာ လူဦးရေနှစ်စဉ်တိုးပွားမှုနှုန်းက ၂ ရာခိုင်နှုန်းခန့်ရှိပေသည်။ လူတစ်ဦး ချင်းပျမ်းမျှထုတ်လုပ်မှုကိုကြည့်ပါက နှစ်စဉ်ပျမ်းမျှတိုးပွားမှုနှုန်းထားမှာ ၁၉၆၂-၆၃ ခုနှစ်နောက်ပိုင်း တွင် ဝ.၂ ရာခိုင်နှုန်းမျှသာ ရှိသော်လည်း လူဦးရေတိုးပွားမှုနှုန်းက ၂ ရာခိုင်နှုန်းမျှ ရှိနေသည်ကို တွေ့ရှိ ရသည်။

ဆန်စပါးထုတ်လုပ်မှုကျဆင်းရခြင်းအပေါ် လွှမ်းမိုးသည့် အခြားသောအဓိကအချက်တစ်ရပ်မှာ စိုက်ပျိုးဧက လျော့နည်းလာခြင်းပင်ဖြစ်သည်။ စိုက်ပျိုးဧကလျော့နည်းလာသည်ကို ထွက်နှုန်းမြင့်မား မှုဖြင့် ပြန်လည်ထေမိစေ နိုင်မည်ဖြစ်သော်လည်း ၁၉၆၂ ခုနှစ်မှ၊ ၁၉၇၃ ခုနှစ် ခန့်ကာလအတွင်း တစ်ဧက အထွက်နှုန်းမှာ သိသိသာသာ ပြောင်းလဲခြင်းမရှိခဲ့ပေ။

အထက်ပါအချက်များအပြင် အစိုးရစပါးအဝယ်ဒိုင်တို့၏ ဈေးနှုန်းဆိုင်ရာမူဝါဒများ ငွေကြေး ဖောင်းပွမှုနှုန်းထား၊ တစ်ဦးချင်းစားသုံးမှုမြင့်တက်လာခြင်း၊ ထွက်နှုန်းကောင်းစပါးမျိုးစေ့များ လုံလောက်စွာဖြန့်ဖြူးပေးနိုင်မှုမရှိခြင်း၊ စိုက်ပျိုးရိတ်သိမ်း၊ သယ်ပို့ရာတွင် လေလွင့်ဆုံးရှုံးမှုများရှိခြင်း စသည့် အချက်များသည်လည်း မြန်မာနိုင်ငံအား အာရှဆန်အိုကြီးအဖြစ်မှ အဆင့်လျော့ကျစေခဲ့သည့် အကြောင်းရင်းများပင်ဖြစ်သည်။

မူဝါဒအပြောင်းအလဲ

မြန်မာနိုင်ငံသည် ၁၉၉၅ ခုနှစ်တွင် World  Trade  Organization  အဖွဲ့ဝင် နိုင်ငံဖြစ်လာပြီး၊ ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်လည်းဖြစ်လာသည်။ ဈေးကွက်စီးပွားရေးစနစ်စတင်ကျင့်သုံးလာ သော မြန်မာနိုင်ငံသည် ဆန်စပါးလုပ်ငန်းအပါအဝင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကဏ္ဍတွင် ကျင့်သုံး လျက်ရှိသော ထိန်းချုပ်မှုယန္တရားကို ဖယ်ရှားကာ အခြားသောအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုဖွံ့ဖြိုးလာ စေရန် ကြိုးပမ်းလာသည်။

၂၀၁၁ ခုနှစ်တွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့ရာမှ မှတ်သားဖွယ်မူဝါဒအပြောင်း အလဲတစ်ရပ်မှာ လယ်ယာမြေဥပဒေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲရေးဥပဒေများကို ၂၀၁၂ ခုနှစ်အတွင်း ပြဋ္ဌာန်းလာခြင်းဖြစ်သည်။ ဒုတိယအသွင်ကူးပြောင်းမှုမှာ ပြည်ပဆန်တင်ပို့မှုအတွက် အခွန် ၁၀ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်း အထိ လျှော့ချပေးခဲ့ခြင်းပင်ဖြစ်သည်။

လက်ရှိအခြေအနေ

မြန်မာနိုင်ငံ၏ ဆန်စပါးအဓိကစိုက်ပျိုးထုတ်လုပ်ရာဒေသ၊ အပူပိုင်းဒေသ၊ ကမ်းရိုးတန်းဒေသ နှင့် တောင်ပေါ်ဒေသများဟူ၍ ပိုင်းခြားရှုမြင်နိုင်ပါသည်။ မြစ်ဝှမ်းဒေသတွင် ဧရာဝတီ၊ ပဲခူးနှင့် ရန်ကုန် တိုင်းဒေသကြီးတို့ပါဝင်သည်။ အပူပိုင်းဒေသတွင် မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးတို့ ပါဝင်ကာ ကမ်းရိုးတန်းဒေသများတွင် တနင်္သာရီတိုင်းဒေသကြီး၊ မွန်နှင့် ရခိုင်ပြည်နယ်တို့ပါဝင်သည်။ ကျန်ပြည်နယ်များမှာ တောင်ပေါ်ဒေသများဖြစ်ကြသည်။ အဆိုပါဒေသလေး ရပ်အနက် မြစ်ဝှမ်းဒေသ များသည် နွေနှင့်မိုးရာသီနှစ်ခုလုံးတွင် ဆန်စပါးစိုက်ပျိုးမှုအများဆုံးသောဒေသများဖြစ် သည်။

အထွက်နှုန်းအားဖြင့်ကြည့်ပါက မုတ်သုန်ရာသီအတွင်း အပူပိုင်းဒေသ၏ စပါးထွက်နှုန်းမှာ အမြင့်မားဆုံးဖြစ်ကာ နွေရာသီကာလတွင်မူ မြစ်ဝှမ်းဒေသ၏ စပါးထွက်နှုန်းက အမြင့်ဆုံးဖြစ်သည်။ ကမ်းရိုးတန်း ဒေသများက ထုတ်လုပ်မှုအနည်းဆုံးဖြစ်သည်။

ကမ္ဘာ့ဘဏ်နှင့် The Livelihoods  and Food Security Multi-Donor Trust Fund (LIFT)  တို့က ၂၀၁၆ ခုနှစ်အတွင်း ပူးတွဲပြုစုထုတ်ပြန်ခဲ့သောအစီရင်ခံစာတစ်ရပ်၌ မြန်မာနိုင်ငံရှိ လယ်ယာစိုက်ပျိုးရေးစနစ်များမှာ အမျိုးမျိုးကွဲပြားလျက်ရှိသည်ဟု ဖော်ပြခဲ့သည်။

စိုထိုင်းဆမြင့်မားသော မုတ်သုန်ရာသီဥတုအတွင်း အခြားသီးနှံများစိုက်ပျိုးရန်ခက်ခဲ့သဖြင့် လယ်ယာအများစုမှာစပါးကို အဓိကစိုက်ပျိုးကြသည်။ လေ့လာခဲ့သော အိမ်ထောင်စုပေါင်း ၁၇၂၈ ခု အနက် ၈၀ ရာခိုင်နှုန်းခန့်က မိုးစပါးစိုက်ပျိုးထုတ်လုပ်ကြသည်။ သို့သော်လည်း တစ်နှစ်တာကာလ အတွင်း ဆန်စပါးတစ်မျိုးတည်းသာစိုက်ပျိုးသူ အနည်းငယ်သာရှိသည်။ လေ့လာခဲ့သည့်တောင်သူများ အနက် ၃၃၆ ဦးသာ ခြောက်သွေ့ရာသီတွင် နွေစပါးစိုက်ပျိုးကြကာ၊ ကျန်တောင်သူအများစုမှာ ထိုကာလ အတွင်း ပဲအမျိုးမျိုး စိုက်ပျိုးကြသည်။ ပဲဝါကလေး၊ မတ်ပဲနှင့် ပဲတီစိမ်းတို့ကို အများဆုံးစိုက်ပျိုးကြ လေ့ရှိသည်။ မြန်မာနိုင်ငံ သည် ကနေဒါနိုင်ငံပြီးလျှင် ဒုတိယအကြီးမားဆုံးသော ပဲအမျိုးမျိုးတင်ပို့သည့် နိုင်ငံဖြစ်ကာ၊ အိန္ဒိယ၊ ယူအေ  အီး၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံသို့ အဓိက ထားတင်ပို့ရသည်။

ကမ္ဘာ့ဘဏ်နှင့် LIFT အဖွဲ့၏အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သည့် ဧရိယာများရှိ စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုမှာ လွန်စွာနည်းပါးလှသည်။ ၂၀၁၃-၁၄ ခုနှစ်အတွင်း နွေစပါး ထွက်နှုန်းမှာ တစ်ဟက်တာ (၂.၄၇၃ဧက)လျှင် ၂.၇ တန်ရှိပြီး မိုးစပါးထွက်နှုန်းမှာ တစ်ဟက်တာလျှင် ၃.၅ တန်ရှိသည်ဟု ဖော်ပြသည်။ အဆိုပါနှုန်းထားမှာ အာရှဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုဇယား၏ အောက်ပိုင်းအဆင့်တွင်သာရှိနေကာ မြန်မာနိုင်ငံ၏လက်ရှိဆန်စပါးထုတ်လုပ်မှုအနေအထားကိုပေါ်လွင် ထင်ဟပ်စေပါသည်။ ဇယား-၁ တွင် အာရှနိုင်ငံအချို့နှင့် နှိုင်းယှဉ်ဖော်ပြထားသည့်မြန်မာနိုင်ငံ၏ သီးနှံ ထွက်နှုန်းကို လေ့လာနိုင်သည်။

လယ်လုပ်သားများ၏ ကုန်ထုတ်စွမ်းရည်မှာလည်း နည်းပါးကြောင်းနှင့် ထိုအချက်က သီးနှံ ထွက်နှုန်းနည်းပါးခြင်းနှင့်စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတွင်လုပ်သားအသုံးပြုမှုနည်းပါးခြင်းတို့ကို ပေါ်လွင် စေကြောင်း၊ ကမ္ဘာ့ဘဏ်အစီရင်ခံစာက သုံးသပ်ဖော်ပြထားသည်။ ဥပမာအားဖြင့် မိုးစပါးစိုက်ပျိုးထုတ် လုပ်မှုတွင် မြန်မာ နိုင်ငံ၌ တစ်နေ့တာလုပ်အားအနေဖြင့် စပါး ၂၃ ကီလို ဂရမ်သာထုတ်လုပ်နိုင်ကြောင်း တွေ့ရှိရပြီး ကမ္ဘောဒီးယားနိုင်ငံတွင် ၆၂ ကီလိုမီဂရမ်၊ ဗီယက်နမ်နိုင်ငံတွင် ၄၂၉ ကီလိုဂရမ်၊ ထိုင်း နိုင်ငံတွင် ၅၄၇ ကီလိုဂရမ်အသီးသီး ရှိကြသည်။ မြန်မာ့လယ်ယာလုပ်သားတို့၏  ကုန်ထုတ်စွမ်းရည်မှာ ခြောက်သွေ့ရာသီတွင် ပိုမိုမြင့်မားသော်လည်း နိုင်ငံတကာနှင့် နှိုင်းယှဉ်လေ့လာပါက လွန်စွာ နည်းပါး နေသေးကြောင်း ဇယား-၂ တွင် မြင်တွေ့နိုင်ပါ သည်။

လယ်ယာလုပ်ငန်းစနစ်များတွင် လယ်ယာလုပ်သား အသုံးပြုမှုကြီးမားဆဲရှိကြောင်းလည်း တွေ့ရှိရသည်ဟု  ကမ္ဘာ့ဘဏ်အစီရင်ခံစာက သုံးသပ်ဖော်ပြထားသည်။ ယနေ့ခေတ် မြန်မာနိုင်ငံ၏ လယ်ယာလုပ်ငန်းအခြေအနေမှာ လွန်ခဲ့သော ဆယ့်ငါးနှစ်၊ အနှစ်နှစ်ဆယ်ခန့်က ထိုင်း၊ ဗီယက်နမ်နိုင်ငံ များ၏အခြေအနေနှင့် ဆင်တူနေသည်။ ဧရာဝတီတိုင်းတွင် တောင်သူများမှာ မိုးစပါး စိုက်ပျိုးကာလ များတွင် လယ်ယာမြေတစ်ဟက်တာလျှင် ရက်ပေါင်း တစ်ရာကျော်အချိန်ပေးရပြီး အခြား နိုင်ငံများနှင့် နှိုင်းယှဉ်လေ့လာပါက ကမ္ဘောဒီးယားတွင် ၅၂ ရက်၊ ဗီယက်နမ်တွင် ၂၂ ရက်၊ ထိုင်းနိုင်ငံတွင် ၁၁ ရက်ခန့်သာ အသီးသီးရှိကြသည်။ ဇယား-၃ ကို ကြည့်ပါ။

ပြည်တွင်းစားသုံးမှု

အာဆီယံဒေသတွင်းနိုင်ငံများ၏ဆန်စားသုံးမှုပေါင်းမှာ ၂၂ ရာခိုင်နှုန်းရှိသည်။ အာဆီယံဒေသတွင်း ဆန်စား သုံးမှုတိုးပွားနှုန်း၊ ဒေသတွင်းလူဦးရေတိုးပွားမှုနှုန်းထား  ဖြစ်သည့် ၁.၁ ရာခိုင်နှုန်းအတိုင်း လိုက်လံမြင့်တက်လာသည်။

၂၀၁၆ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော စစ်တမ်းတစ်ရပ်အရ မြန်မာနိုင်ငံ၏ လူတစ်ဦးချင်း၊ ပျမ်းမျှ ဆန်စားသုံးမှုပမာဏမှာ တစ်နှစ်လျှင် ၁၅၅ ကီလိုဂရမ်ခန့်ရှိသည်။ အနည်းဆုံးစားသုံးမှုပမာဏမှာ ၄၃ ကီလို ဂရမ်ရှိကာ အများဆုံးမှာ ၃၂၆ ကီလိုဂရမ်ခန့်ရှိသည်။

မြို့ပြတစ်ဦးချင်းစားသုံးမှုမှာ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ၁၃၃.ဝ၇ ကီလိုဂရမ်ဖြစ်ပြီး ကျေးလက်ဒေသတစ်ဦးချင်းစားသုံးမှုမှာ ၁၆၄.၈၀ ကီလိုဂရမ်ခန့်ရှိသည်။ သို့ဖြစ်ရာ တစ်နိုင်ငံလုံး အတိုင်းအတာအရ ပြည်တွင်းဆန်စားသုံးမှုပမာဏမှာ တန်ချိန်ရှစ်သန်းခန့်ရှိကြောင်း သိရှိရသည်။

ပြည်ပတင်ပို့မှု

ဈေးကွက်စီးပွားရေးစနစ် စတင်ကျင့်သုံးလာပြီးနောက် လယ်ယာကဏ္ဍနှင့်ပတ်သက်သည့် အစိုးရမူဝါဒအပြောင်းအလဲများ ထွက်ပေါ်လာခဲ့ကာ ပြည်တွင်းဆန် စပါးထုတ်လုပ်မှုသည် တိုးပွားလာ သောလူဦးရေအတွက် ဖူလုံစေရုံမက ပြည်ပတင်ပို့ဝင်ငွေကိုပါ တိုးမြှင့်ရှာဖွေပေးနိုင်ရန် ရည်ရွယ်ဆောင် ရွက်လာသည်။

၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီရန် ရည်မှန်းထားသော ထုတ်လုပ်ရေးမျှော်မှန်းချက်မှာ တစ်နှစ်တာ ထုတ်လုပ်မှု အနည်းဆုံးတန်ချိန် ၁၉.၄ သန်းသို့ ရောက်ရှိရန်ဖြစ်ပြီး ယင်းတို့အနက် ၆၀ ရာခိုင်နှုန်းမှာ ပြည်တွင်းစားသုံးမှုအတွက် လျာထားကာ ၄၀ ရာခိုင်နှုန်းကို နိုင်ငံတကာ သို့ တင်ပို့ရန် ရည်ရွယ်သည်။ အဆိုပါလျာထားချက်အတွက် လိုအပ်သော ရိတ်သိမ်းဧရိယာမှာ ဟက်တာ ၇.၇ သန်း (ဧက ၁၉ သန်း ခန့်) ရှိရမည်ဖြစ်ပြီး အထွက်နှုန်းမှာလည်း တစ်ဟက်တာလျှင် ၄.၂ မက်ထရစ်တန် ခန့်ရှိရမည် ဖြစ် သည်။

နယ်စပ်ကုန်သွယ်ရေးမူဝါဒများ ဖြေလျော့ပေးခဲ့သည့် ၂၀၁၂-၁၃ ခုနှစ်တွင် ပြည်ပဆန်တင်ပို့မှု တန်ချိန် ၁.၃ သန်းအထိ ရောက်ရှိကာ ၄၈ နှစ်တာကာလအတွင်း အမြင့်မားဆုံးတင်ပို့မှုဖြစ်ခဲ့သည်။ ၂၀၁၅-၁၆ ခုနှစ်တွင် တန်ချိန် ၁.၈ သန်းသို့ ရောက်ရှိလာခဲ့သော်လည်း လျာထားချက်ပြည့်မီနိုင်ခဲ့ခြင်း မရှိပေ။

ကမ္ဘာ့ဆန်ဝယ်လိုအားမှာ ဆက်လက်အားကောင်း လာနေဆဲဖြစ်ကာ ဥရောပသမဂ္ဂကလည်း မြန်မာနိုင်ငံမှ တင်ပို့မှုအတွက် သွင်းကုန်အခွန်ကင်းလွတ်ခွင့်ပြုခြင်းဖြင့် ဈေးကွက်ပိုမိုကျယ်ပြန့်လာစေ သည်။ ၂၀၁၆-၁၇ ခုနှစ်ခန့်အထိ အာဆီယံနိုင်ငံများသို့သာ နယ်စပ်ကုန်သွယ်ရေးနည်းလမ်းအားဖြင့် တင်ပို့ခဲ့ရာမှ ၂၀၁၇-၁၈ ခုနှစ်တွင် အခြားသောနိုင်ငံများဆီသို့ ပိုမိုတင်ပို့လာနိုင်ခဲ့ကာ စုစုပေါင်းတန်ချိန် ၃.၅ သန်းခန့်အနက် နယ်စပ်ကုန်သွယ်ရေးမှ တင်ပို့မှုမှာ ၅၁.၆ ရာခိုင်နှုန်းခန့်ရှိသည်။ ပုံမှန်ကုန်သွယ် မှုလမ်းကြောင်းဖြင့် တင်ပို့မှုက ၄၈.၃၈ ရာခိုင်နှုန်းခန့်ရှိခဲ့သည်။

မြန်မာနိုင်ငံဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သော အဓိကလယ်ယာထွက်ကုန်များ ပြည်ပတင်ပို့မှု ဇယားတွင် ပြည်ပဆန်တင်ပို့မှုကို ၂၀၁၂-၁၃ ခုနှစ်အတွက် တန်ချိန် ၅၅၆ç၅၀ဝ၊ ၂၀၁၃-၁၄ ခုနှစ်အတွက် တန်ချိန် ၃၀၄၁၀ဝ၊ ၂၀၁၄-၁၅ ခုနှစ်အတွက် တန်ချိန် ၂၈၉၇၀ဝ၊ ၂၀၁၅-၁၆ ခုနှစ်အတွက် တန်ချိန် ၁၉၃၂၀ဝ၊ ၂၀၁၆-၁၇ ခုနှစ်အတွက် တန်ချိန် ၃၆၉၂၀ဝ ဟုသာ ဖော်ပြထားသည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံမှ တင်ပို့သည့်ဆန်ကို အဓိကဝယ်ယူ သည့်နိုင်ငံများမှာ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိုင်ဗရီကို့စ် တို့ဖြစ်ကြကြောင်း၊ စီးပွားကူးသန်းဝန်ကြီးဌာနမှ ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်သည့် ကိန်း ဂဏန်းများအရ သိရှိရသည်။ အဆိုပါ ကိန်းဂဏန်းထုတ်ပြန်မှုတွင် မြန်မာနိုင်ငံမှ ဆန်ကွဲကို အများဆုံး ဝယ်ယူသည့် အဓိကသုံးနိုင်ငံမှာ ဘယ်လ်ဂျီယံ၊ တရုတ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့ဖြစ်ကြောင်း ဖော်ပြထား သည်။

နိဂုံး

ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ ထုတ်လုပ်ရေးဆိုင်ရာ အကြောင်းအရာများအပြင် အစိုးရမူဝါဒ နှင့် နိုင်ငံရေးတည်ငြိမ်မှုတို့အပေါ်တွင်လည်း များစွာမူတည်သည်။ နိုင်ငံတော်အနေဖြင့် မူဝါဒချမှတ်ရာ၌ လယ်ယာလုပ်သားများအတွက်လည်း အကျိုးရှိ၊ စားသုံးသူတို့အတွက်လည်း အဆင်ပြေစေရုံမက နိုင်ငံ တော်ဝင်ငွေ တိုးပွားရေး၌ အထောက်အကူဖြစ်စေရန်ကိုပါ ထည့်သွင် စဉ်းစားကြရပေသည်။

ထို့အပြင် ထွက်နှုန်းမြင့်မျိုးစပါးများ လုံလောက်စွာ ဖြန့်ဖြူးနိုင်ရေးသည်လည်း အရေးပါလှ သည်။ ကမ္ဘာ့ဘဏ်အစီရင်ခံစာအရ မျိုးစပါးလိုအပ်ချက်အလားအလာ၏ ၁ ရာခိုင်နှုန်းထက်မပိုသော ပမာဏကိုသာ ဖြည့်ဆည်းနိုင်သည်ဟု ခန့်မှန်းသိရှိရပေသည်။

ထို့အပြင် လုပ်သားများ ထုတ်လုပ်မှုစွမ်းရည်ကို ထိရောက်စွာ မြှင့်တင်ပေးခြင်း၊ စက်ပစ္စည်း အကူအညီများ ထိရောက်စွာ ပံ့ပိုးပေးခြင်းတို့လည်း လိုအပ်ပါသည်။ သို့မှသာ လုပ်သားအသုံးပြုနှုန်း လျှော့ချနိုင်မည့် အပြင် လုပ်ငန်းကြာမြင့်ချိန်ကိုပါ လျော့ပါးစေနိုင်မည် ဖြစ်သည်။

လူဦးရေတိုးပွားနှုန်းမှာ လက်ရှိအားဖြင့် ဝ.၉ ရာခိုင် နှုန်းခန့်ရှိကာ ၂၀၃၀ ပြည့်နှစ်တွင် ၅၈.၉ သန်းခန့်အထိ ရောက်ရှိလာနိုင်ကြောင်း၊ မျှော်မှန်းထားသည်ဖြစ်ရာ ပြည်တွင်းစားသုံးမှုအတွက် လိုအပ် ချက်မှာ တစ်နှစ်လျှင် တန်ချိန်ကိုးသန်းခန့်အထိ ရောက်ရှိလာမည်ဖြစ်သည်။ ပြည်တွင်းဆန်မဖူလုံမှု မှသည် နိုင်ငံရေးမတည်ငြိမ်မှုများဆီသို့ ဦးတည်သွားနိုင်သည့် အနေအထားများကိုလည်း ထည့်တွင်း တွက်ချက်ကြရမည် ဖြစ်သည်။

ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအတွက် အဓိကအကျ ဆုံးအရင်းအမြစ်ဖြစ်သော စိုက်ပျိုးမြေ ဧရိယာလုံလောက် စွာရရှိရန်နှင့် လယ်လုပ်သားများလုံလောက်စွာရရှိရန်လည်း လိုအပ်ပါသည်။ လယ် လုပ်သားအများစုမှာ လယ်ယာမြေပိုင်ဆိုင်ကြသူများမဟုတ်ကြသဖြင့် ယင်းတို့အတွက် လုံလောက်သော လုပ်အားခရရှိစေရေးသည်လည်း အရေးကြီးပါသည်။ မြန်မာနိုင်ငံသည် အိမ်နီးချင်း၊ ဒေသတွင်းနိုင်ငံ များနှင့် နှိုင်းယှဉ်ပါက ဆန်စပါးစိုက်ပျိုးထုတ်လုပ်ခြင်းကဏ္ဍမှ အကျိုးအမြတ်ရရှိမှု အနည်းဆုံးရရှိသော နိုင်ငံဖြစ်နေဆဲပင်ဖြစ်ရာ လယ်ယာလုပ်သားများအတွက် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ရေး ဝေးကွာ လျက်ပင် ရှိနေပေသေးသည်။

မည်သို့ပင်ဖြစ်စေ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ တည်ငြိမ်သော မူဝါဒ၊ ငွေကြေးကဏ္ဍအပါအဝင် ထိရောက်အကျိုးရှိသောပံ့ပိုးကူညီမှု၊ လယ်ယာလုပ်သားတို့၏ ပူးပေါင်း ဆောင်ရွက်မှုတို့နှင့်အတူ ကမ္ဘာ့နိုင်ငံများ၏လက်တွဲခေါ်ယူမှု၊ နည်းပညာဖြည့်ဆည်းမှုတို့အားဖြင့် မြန်မာ့ ဆန်စပါးစိုက်ပျိုးထုတ် လုပ်မှုလုပ်ငန်းသည် တစ်ကျော့ပြန်ဦးမော့လာကာ လယ်ယာလုပ်သားတို့၏ဘဝ ကိုလည်း မြှင့်တင်ပေးနိုင်မည့်အပြင် တစ်ချိန်က အာရှ၏ဂုဏ်ရောင်ကို ထွန်းပြောင်စေခဲ့သော အာရှ ဆန်အိုးကြီးအဖြစ်သို့ ပြန်လည်ရောက်ရှိလာမည်ဟု မျှော်လင့်နေမိပါတော့သည်။

                                                                                                                                                                               ရာပြည့်

Reference:  1) Myanmar’s Rice Industry and  Policies toward Value Addition  andExport (2018-07-04) by Theingi Myint, Dept. of AgriculturalEconomics, Yezin  Agricultural University, Myanmar

2) What Has Happened to Asia’s Rice Bowl? by Mya Than, Research  Fellow at the Institute of Southeast Asian Studies

3)Myanmar: Analysis of Farm Production- Economics February 26, 2016 by World Bank Group/ Livelihoods and Food Security Trust Fund

4) Myanmar Population Forecast by Worldometers (www.worldmeters.info)

5) Myanmar Agricultural Statistics (2007-2008 to 2016-2017)Central Statistical Organization Ministry of Planning and Finance Nay Pyi Taw, Myanmar 2018

Please follow and like us:
0