Le Conqueror တံဆိပ်အဝတ်အထည်များ ထုတ်လုပ်ဖြန့်ချိသူ င်လးကိုကိုနှင့် တွေ့ဆုံခြင်း

ခေတ်စနစ်တစ်ခုထဲမှာ ရှင်သန်နေထိုင်ကြသူတွေရဲ့ ဝတ်စားဆင်ယင်ပုံတွေဟာ အဲဒီခေတ်ရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ ပြောင်းလဲမှုစတဲ့ ဆိုးမွေ၊ ကောင်းမွေတွေကို မှတ်တမ်းတင်ထားတဲ့ မှတ်စုစာအုပ် ကြီး တစ်ခုပါပဲ။ ဒီနေရာ မှာ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် လူသားတွေဟာ သူတို့ရဲ့ ဟိရီသြတ္တပလို့ ခေါ်တဲ့ ရှက်ကြောက်ခြင်း နဲ့ သိက္ခာကို ကာကွယ် ပေးနိုင်တဲ့အတွက် အဝတ်အထည်တွေကို ကမ္ဘာဦး အစကနေ ယနေ့ အချိန် သတ္တဝါတွေရဲ့ ရန်တွေကို ကာကွယ်ဖို့အဓိကအနေနဲ့ သုံးစွဲခဲ့ကြရာက ကမ္ဘာ့ယဉ်ကျေးမှုအဆင့် အတန်းတွေ မြင့်မားပြောင်းလဲလာတာနဲ့အမျှ ခန္ဓာကိုယ်အတွက် အဆင်တန်ဆာအနေနဲ့ ဆင်မြန်းလာကြတာကို တွေ့ရပါ တယ်။ အဝတ်အစားအဆင်တန်ဆာကို ဆင်မြန်းအသုံးပြုကြရာမှာ ရှေးယခင် ခေတ်များစွာက အလှအပဆို တဲ့စကားလုံးဟာ အမျိုးသမီးထုအတွက်သာ ဖြစ်တယ်လို့ ယူဆသတ်မှတ်ထားကြရာက ခေတ်စနစ်အခြေအနေ လူ့ယဉ်ကျေးမှုတွေ ပြောင်းလဲလာကြတဲ့အလျောက် ကြည့်ကောင်းခြင်း၊ တင့်တယ်တည်ကြည်ခြင်း၊ ခန့်ညားခြင်း၊ သပ်ရပ်ခြင်းဆိုတဲ့ စကားရပ်တွေနဲ့ ကိုက်ညီပေါ် လွင်လာဖို့အတွက် အမျိုးသားများကိုယ်တိုင်ပါ အလှအပဖက်ရှင် အပေါ် ဂရုပြုတန်ဖိုးထားလာခဲ့ကြပါတယ်။ ဒီလို ကမ္ဘာနှင့် အဝန်းပြောင်းလဲလာတဲ့ ၂၁ ရာစုရဲ့ ဝတ်စားဆင်ယင် မှု၊ ဖက်ရှင်ရေစီးထဲမှာ မြန်မာနိုင်ငံဟာလည်း အလိုက်သင့် စီးမျောပါဝင်ခဲ့ပါပြီ။

ဒါကြောင့် ဒီတစ်လမှာတော့ နာမည်ကြီး နိုင်ငံခြားတံဆိပ်၊ မြန်မာတံဆိပ်တွေအမျိုးမျိုး သိမ်းပိုက်ထားတဲ့ မြန်မာ့အဝတ်အထည် ဖက်ရှင်လောကထဲကို အရည် အသွေးကောင်း အဝတ်အထည်တွေနဲ့ ဝယ်ယူသူတွေ စိတ်ကျေနပ်မှုရရှိစေဖို့ ရည်ရွယ်ကြိုးစားပြီး Le Conqueror အမှတ်တံဆိပ်အဝတ်အထည်တွေ ဖြန့်ချိပေးနေတဲ့ ကိုလင်းကိုကိုနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ကိုလင်းကိုကိုဟာ ဇာတိပုညကုမ္ပဏီကို တည်ထောင်ပြီး Le Conqueror (အောင်နိုင်သူ)ဆိုတဲ့ အမည် နဲ့ ရှပ်၊ တီရှပ် စတဲ့ အဝတ်အထည်တွေကို အမှတ် ၂၄၊ ပထမထပ်၊ ကျောက်ရေတွင်းလမ်းနဲ့ မြို့သစ် ၁ လမ်းထောင့်၊ ကျောက်မြောင်းတာမွေမှာ Mini Show Room လေး ဖွင့်လှစ်ပြီး ဖြန့်ချိနေပါတယ်။ လောလော ဆယ်တော့ အွန်လိုင်းဈေးကွက်ကနေသွားနေပြီး Le Conqueror Facebook Page ကတစ်ဆင့်ဝယ်ယူနိုင်သလို ရိုးရာဈေးကတစ်ဆင့်လည်းရရှိနိုင်ပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်ဈေးထဲမှာလည်း ဝယ်ယူရရှိနိုင်ပါတယ်။

ဒီလုပ်ငန်းကို စတင်ရွေးချယ်ဖြစ်ခဲ့ပုံ။ စတင်ခဲ့ပုံနဲ့ ကြုံတွေ့ရတဲ့အခက်အခဲတွေ။ အဲဒါတွေကို ဘယ် လို ရင်ဆိုင်ဖြတ်ကျော်ခဲ့သလဲ။

ဒီလုပ်ငန်းကိုဘာလို့ ရွေးချယ်ခဲ့သလဲဆိုရင် မြန်မာ နိုင်ငံက လူငယ်တွေဟာလည်း နိုင်ငံတကာလို ဖက်ရှင် ရေစီးကြောင်းမှာ စီးမျောလာကြပြီ။ နောက်မကြာမီ အချိန်တွေမှာ ဒီထက်ပိုပြီး အရှိန်အဟုန်ပြင်းပြင်းနဲ့ ဖက်ရှင် ရေစီးကြောင်း တိုက်ခတ်လာဦးမယ်လို့ မြင် တယ်။ အဲဒီအပြင်ကို ကျွန်တော်ကိုယ်တိုင်လည်း ဖက်ရှင်ကို ဝါသနာပါတယ်။ မြန်မာနိုင်ငံရဲ့ ဖက်ရှင် အဝတ်အစားတွေဟာလည်း ဘန်ကောက်ဘက်က ပစ္စည်းတွေကို ယှဉ်နိုင်တဲ့ပစ္စည်းတွေ အများကြီးရှိ တယ်။ ယှဉ်နိုင်တဲ့ အထည်ချုပ်တွေလည်း အများကြီး ရှိတယ်။ သုံးစွဲ သူပြည်သူတွေကို သိစေချင်တယ်။ တွက် လည်းတွက်မိတဲ့အတွက် ကိုယ်လုပ်ငန်းစမယ်ဆိုတဲ့ အခါမှာ ပြည်တွင်း မှာပဲစပြီးတော့ အထည်ချုပ်လုပ်ငန်း ကို ရွေးတယ်။ အဓိကကတော့ ဖက်ရှင်ရေစီးကြောင်း အရှိန်အဟုန်ပြင်းပြင်း ဖြစ်လာမယ်။ အခုနောက်ပိုင်း သတိထားမိလာတာ လူငယ်တွေက ဖက်ရှင်ဘက်ကို ဦးစားပေးလာကြတာကို တွေ့ရတယ်။ အရင်လို ရုံးသွား ရင်ပုဆိုးလေးနဲ့ သွားရုံတင်မျိုး မဟုတ်တော့ပဲစတိုင်ပင် နဲ့ အင်္ကျီဆိုလည်း ခန္ဓာကိုယ်ပေါ်မှာ အချိုးကျကျ ဝတ်ဆင်လာကြတယ်။ ဟိုအရင်ခေတ်တွေကလို ပွပွယောင်းယောင်းအဆင်ပြ ေသလို ဝတ်တဲ့ပုံစံမျိုးတွေ မဟုတ်တော့ဘဲ စမတ်ကျကျဝတ်လာပြီ။ နိုင်ငံတကာက နာမည်ကြီးတံဆိပ်တွေ မဟုတ်လည်း အဲဒီအမှတ် တံဆိပ်တွေ နီးပါးလောက် အရည်အသွေးမီတဲ့ အဝတ်အထည်တွေ၊ ပြည်တွင်းထုတ် အရည်အသွေးမြင့် အဝတ် အထည်တွေကို ဝတ်လာကြပြီ။ ထိုင်းကဝင်လာတဲ့ အလယ်အလတ်တန်းစားတံဆိပ် တွေကို ဝတ်လာကြ ပြီ။ ဒီလိုအခြေအနေမျိုးမှာ ဈေးကွက်ကျယ်ပြန့်လာတဲ့ အနေအထားရှိလာတော့ အဓိက ကိုယ့်နိုင်ငံသားတွေ အနေနဲ့ ပြည်တွင်းထုတ်အဝတ်အထည်ကို အရည်အသွေး ကောင်းကောင်းသင့်တင့်တဲ့ ဈေးနှုန်းနဲ့ စမတ်ကျကျ ဝတ်စေချင်တာရယ်၊ ကိုယ်တိုင်ကလည်း ဖက်ရှင်ရေစီး ကို ဝါသနာပါတာရယ်၊ ကိုယ့်နိုင်ငံက ထုတ်ကုန်ပစ္စည်း ဟာ ကမ္ဘာမှာအရည်အသွေးမှီတယ်ဆိုတာကို သက်သေ ပြချင်တဲ့အတွက် ဒီအဝတ်အထည်နဲ့ဖက်ရှင်ဈေးကွက် ကို ရွေးချယ်ခဲ့တာပါ။

အခက်အခဲတွေကတော့ အမျိုးမျိုးကြုံခဲ့ရတယ်။ ၂၀၁၇ ငါးလပိုင်းမှာ ကုမ္ပဏီလိုင်စင်ကျလာပါတယ်။ အဲဒီကနေစပြီးတော့ ကိုးလတိတိကြာအောင် ကျွန်တော့် အထည်တွေချုပ်ပေးနိုင်ဖို့အတွက် စက်ရုံကိုရှာခဲ့ရတယ်။  ဘာလို့လဲဆိုတော့ အသစ်ဝင်တဲ့ တံဆိပ်တစ်ခုလည်း ဖြစ်တယ်။ ဒီလုပ်ငန်းမှာ အခုမှစတင်ဝင်တဲ့ လူတစ်ယောက် ဖြစ်တဲ့အခါမှာ အထည်ချုပ်စက်ရုံရှာရတာ အင်မတန်ခက်ခဲတယ်။ တကယ်တမ်းသွားမေးတဲ့အခါ အထည်ချုပ် တွေအကုန်လုံးက မအားဘူးလို့ပဲ အကြောင်းပြန်ကြတာဆိုတော့ အဲဒီလိုအခက်အခဲတော့ ပထမဦးဆုံးကြုံရတယ်။ အဲဒီလိုကြုံရတာကနေ ၂၀၁၇  ဆယ့်တစ်လပိုင်းလောက်မှာ စက်ရုံတစ်ခုနဲ့ ချိတ်ဆက်မိတယ်။ အဲဒီအခါမှာ အဲဒီစက်ရုံနဲ့ စကားပြောညှိနှိုင်း စာချုပ်ခဲ့ပြီးတော့ တကယ်တမ်းစတင်ဖြန့်ချိခဲ့တာကတော့ ၂၀၁၈ လေးလပိုင်း လောက်မှ စတင်နိုင်ဖြစ်ခဲ့တယ်။

ဈေးကွက်အတွင်း လုပ်ငန်းတူယှဉ်ပြိုင်မှုတွေအပေါ် ဘယ်လိုမြင်သလဲ။

ဈေးကွက်ထဲမှာကတော့ Open Market  ဖြစ်တဲ့ အတွက်ကြောင့် ပြိုင်ဆိုင်မှု၊ ယှဉ်ပြိုင်မှု၊ အတိုက်အခိုက် ကတော့ရှိတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ နာမည်ကို သိအောင်သွားနေတဲ့ပုံစံဖြစ်တဲ့အတွက် ဈေးကွက်ရှယ်ယာ လုတာမဟုတ်တော့ တိုက်ခိုက်မှုတွေ ခုထိ မရှိသေးဘူး လို့ ပြောလို့ရတယ်။ လောလောဆယ်ကျတော့ အရေ အတွက်များများနဲ့ တံဆိပ်ကို လူသိအောင်လုပ်နေတဲ့ အချိန်ပါ။ ကျွန်တော်တို့ရဲ့ ပထမရည်မှန်းချက်ကို စသွား နေတဲ့အခါကျတော့ တိုက်ခိုက်မှု မရှိပါဘူး။ တကယ်လို့ အခြားကုမ္ပဏီကြီးတွေက လာရောက် ပူးပေါင်းမယ်၊ ရှယ်ယာထည့်မယ်ဆိုရင်လည်း လုပ်ဖြစ် ဖို့ရှိပါတယ်။ ဘာလို့လဲဆိုရင် လက်ရှိစီးပွားရေးနဲ့ ဈေးကွက်အခြေ အနေတွေအရ ပေါင်းမှတိုးတက်မယ့် အနေအထားဖြစ်နေတဲ့အတွက် ကြိုဆိုပါတယ်။

အမျိုးအစားတူ လုပ်ငန်းတွေအနေနဲ့ရော ဘယ်လို အခက်အခဲတွေ ရင်ဆိုင်နေရတာကို တွေ့ရသလဲ။

ကျွန်တော်အခုသွားနေတဲ့ပုံစံက အထည်ချုပ် လုပ်ငန်းတော့ မဟုတ်ဘူး။ တံဆိပ်တစ်ခု၊ လိုဂိုတစ်ခု မွေးမြူနေတဲ့အချိန်ဖြစ်ပေမယ့် အထည်ချုပ်လုပ်ငန်းတွေနဲ့ နေ့စဉ်ကြုံတွေ့နေရတာဖြစ်တဲ့အတွက် အထည်ချုပ် လုပ်ငန်းတွေ လက်ရှိကြုံတွေ့နေကြတဲ့ အခက်အခဲတွေကို ပြောချင်ပါတယ်။ အဲဒီမှာ ဘာတွေတွေ့ရသလဲဆိုရင် အလုပ်သမားလစာ မငြိမ်သက်တာတွေ၊ အလုပ်သမား ဥပဒေငြိမ်သက်မှု မရှိတာတွေ၊ ဒီအခြေအနေတွေမှာ ဆန္ဒပြ သပိတ်မှောက်မှု ကြုံနေတာတွေဟာ မကြာခဏ တွေ့နေရတဲ့ အခက်အခဲတစ်ခုပါပဲ။ အဓိကအားဖြင့် ပြောရရင် တော့ ကျွမ်းကျင်လုပ်သားရှားပါးမှု ပြဿနာတွေရှိနေတယ်။ တစ်ခါတလေကျရင် မြင့်တက်လာတဲ့ လုပ်အားခပေါ့။ အနည်းဆုံးလုပ်ခလစာကို မြှင့်ပေးလိုက်တယ်ဆိုပေမယ့်လည်း ထုတ်လုပ်မှု အရည်အသွေး တက်မလာဘူး။ ဆိုတဲ့အခါကျတော့ အထိနာနေကြရတဲ့ စက်ရုံတွေ အများကြီးရှိတာကိုလည်း အထည်ချုပ် လုပ်ငန်းတွေမှာ တွေ့ရတယ်။ ကျွမ်းကျင်လုပ်သားဆိုရာမှာ ဟိုးအရင် အနိမ့်ဆုံးလစာ သတ်မှတ်ထားပေမယ့် ကျွမ်းကျင်မှုအရ သုံးထောင့်ခြောက်ရာထက် ပိုရနေတဲ့သူတွေရှိတယ်။ စက်ရုံတွေမှာ သူ့စက်ရုံတွေအလိုက် အဆင့်ခွဲခြားမှုတွေအရ အဲဒီလောက်မရတဲ့ ဝန်ထမ်းတွေလည်းရှိနေတယ်။ အနိမ့်ဆုံးလစာကို သတ်မှတ်လိုက် ပြီး အကုန်လုံးတန်းတူပေးရမယ်ဆိုတဲ့အခါကျတော့  အောက်ခြေဝန်ထမ်းတွေကအစ ၄၈၀ဝ တန်းကိုရောက် လာပေမယ့် ထုတ်လုပ်နိုင်တဲ့ ကုန်စည်ကျတော့ မလိုက် လာနိုင်ဘူးဆိုရင် လုပ်ငန်းတိုင်းဟာ အထိနာလာတာပဲ။

အခုမှစတင်ခဲ့တဲ့ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ တိုင်းပြည်ရဲ့ စီးပွားရေးမူဝါဒတွေနဲ့ SME လုပ်ငန်း ဆိုင်ရာသတ်မှတ်ချက်တွေ လုပ်ငန်းငယ်တွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနေသလဲ။

လောလောဆယ်တော့ SME  အတွက်ကို စနစ် တကျ ထိထိရောက်ရောက် ထောက်ပံ့ကူညီပေးနိုင်မယ့် ဥပဒေတွေ ပေါ်လာစေချင်တယ်။ ဘာလို့လဲဆိုတော့ ရှိတယ်လို့ ပြောပေမယ့် သိပ်ပြီးထိရောက်မှုမရှိတာတွေ၊ အကာအကွယ်မဖြစ်တာတွေ၊ SME  တွေကိုယ်တိုင် သိပ်မသိကြသေးတာတွေရှိနေတယ်။ ဒါပေမဲ့ အခုမှ စမယ့်တည်ထောင်ကာစ လုပ်ငန်းတွေ၊ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေကို အစိုးရကိုယ်တိုင် ဦးစီးပြီး သေသေချာချာကူညီကာကွယ်ပေးသင့်တယ်။ ပြောရမယ်ဆိုရင် အာရှရဲ့အင်အားကြီး နိုင်ငံဖြစ်တဲ့ အိန္ဒိယဆိုရင် SME  ဘိုးအေနိုင်ငံလိုဖြစ်နေပြီ။ SME  လုပ်ငန်းတွေကို ဘယ်တော့မှ ထိခိုက်မခံဘူး။ မိုက်ခရို ပဲဖြစ်ဖြစ်၊ အသေးစားနဲ့အလတ်စားလုပ်ငန်းတွေဖြစ်ဖြစ်၊ အကြီးစားလုပ်ငန်းတွေ၊ ကုမ္ပဏီတွေပဲဖြစ်ဖြစ် အမြဲတမ်း ကာကွယ်ထားတယ်။ တိကျတဲ့စီးပွားရေးဆိုင်ရာမူဝါဒ တွေ၊ ဥပဒေတွေနဲ့ပါ ဘာလို့လဲဆိုတော့ သူတို့က ဒီကရရှိလာမယ့် အကျိုးအမြတ်ကို သိတယ်။ အဲဒီတော့ SME တွေအတွက်ကို သေသေချာချာ Reform  ပြန်လုပ် နေတယ်။ ပြောရရင် အိန္ဒိယကတော့ SME သာလျှင် တိုင်းပြည်ရဲ့ဝင်ငွေကို ရှာပေးနိုင်တယ်လို့ အတိအလင်း ကြေညာပြီးတော့ ဝန်ကြီးချုပ်တွေ၊ သမ္မတတွေ ကိုယ်တိုင်က SME လုပ်ငန်းတွေကို အပြည့်အဝ ကာကွယ်ပေး တယ်။ အဲဒီလိုပဲ ငွေကြေးရင်းနှီးမြှုပ်နှံသူ တွေကို အကြီးရော၊ အငယ်ရော၊ အလတ်ရော စီးပွားရေးလုပ်ငန်းရှင် တွေကို သေချာကာကွယ်ပေးထားသလို SME တွေအတွက်လည်း တံခါးတွေအများကြီး ဖွင့်ပေးထားတယ်။ ဥပမာဆိုရင် SME Finance  နဲ့ ပတ်သက် လို့ဆိုရင် ကြိုက်တဲ့ဘဏ်မှာ ကြိုက်သလို သွားမေးလို့ရတယ်။ SME Finance  နဲ့ပတ်သက်ပြီး သူတို့ဆီမှာ ကူညီနိုင်တာတွေ အများကြီးရှိတယ်။ အဲလိုပဲ SME  နဲ့ပတ်သက်ပြီး သူတို့မှာရန်ပုံငွေတွေ အများကြီးရှိတယ်။ သူတို့လိုချင်တာက ထုတ်ကုန်အသစ်တွေ၊  ထုတ်လုပ်နိုင်တဲ့ စွမ်းအင် တွေ၊ စိတ်ကူးစိတ်သန်းအသစ်တွေ လိုချင်တယ်။ အဲဒီအတွက် အဲဒါမျိုးလုပ်နိုင်တဲ့သူတွေက လုပ်ငန်းအသေးစိတ် အစီအစဉ်တွေ ကိုင်လာမယ်ဆိုရင် ကူညီထောက်ပံ့ပေးတယ်။ များသောအားဖြင့် အိန္ဒိယလူတော်တော်များများက လည်း ကိုယ်ပိုင်ကုမ္ပဏီကို တည် ထောင်ဖို့ ကြိုးစားကြတာများတယ်။ အဲဒီအခါမှာ အစိုးရက သူတို့ဘက်က ကူညီနိုင်သမျှ ကူညီပေးတယ်။ နောက် Industrial  ထဲမှာ (အကြီး၊ အငယ်၊ အသေး မခွဲပဲ) စီးပွားရေးလုပ်ငန်း တွေရဲ့ တွေ့ဆုံပွဲတွေ ပုံမှန် လုပ်ပေးတယ်။ အဲဒီမှာ စီးပွားရေးဆိုင်ရာသတင်း အချက်အလက်တွေ၊ ဒီနှစ်ရဲ့ Economic Term က ဘယ်လိုဆိုတာတွေ၊ အိန္ဒိယနဲ့ပတ်သက်တဲ့အကြောင်းတွေ အိန္ဒိယရဲ့ ကုန်သွယ်ဘက် နိုင်ငံတွေအကြောင်းတွေ အစရှိတဲ့ နိုင်ငံ့စီးပွားရေးနဲ့သက်ဆိုင်တဲ့ အချက်အလက် လုပ်ငန်းစဉ်တွေကိုပြပြီးတော့ ရှင်းလင်းပြီးတော့ နောင် နှစ်ဘယ်လိုသွားကြမလဲဆိုတာကို ပူးပေါင်းတိုင်ပင်တဲ့ ပွဲလေးတွေလည်းရှိတယ်။ အဲဒီလိုမျိုး ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရမှာလည်း စီမံကိန်းတွေရှိစေချင်တယ်။ အဲ့ဒီ စီမံကိန်းအတိုင်းကို ဖော်ဆောင်နိုင်ဖို့ မျှော်လင့်ပါ တယ်။ SME တွေကို ကာကွယ်ပေးနိုင်မှာပါ။

ဒါ့အပြင်အစိုးရဘက်ကနေ SME တွေစထောင်ရင် မှတ်ပုံတင်သွင်းတယ်။ စထောင်လို့ လုပ်ငန်းစလည် ပတ်တာကနေ ၂ နှစ် အခွန်ကင်းလွတ်ခွင့် ပေးထားတဲ့ ဟာကတော့ SME တွေအတွက် တည်တည်ငြိမ်ငြိမ် ဖြစ်စေမယ့် အထောက်အပံ့တစ်ခုလို့ မြင်ပါတယ်။ အဲဒါကတော့ ကောင်းတဲ့အချက်ပေါ့။

SME  တွေအတွက် အစိုးရကဘယ်လိုထောက်ပံ့မှု တွေ လုပ်ပေးသင့်သလဲ။

SME လုပ်ငန်းစုတွေထဲမှာ တကယ်ကို အကူအညီ အထောက်အပံ့လိုအပ်နေကြတဲ့ လုပ်ငန်းတွေရှိတယ်။ တကယ်လုပ်ကိုင်နေကြပြီး တကယ်ကို အစီအစဉ် ကောင်းတဲ့သူတွေရှိတယ်။ အဲဒီလိုလူတွေလက်ထဲကို အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အထောက် အကူပြုမယ့် SME  ချေးငွေတွေ၊ အသေးစားငွေချေး အစီအစဉ်ရဲ့ ချေးငွေတွေက အမှန်တကယ်ရောက်မယ် ဆိုရင် ပိုကောင်းမယ်။ အဆင်ပြေလောက်တယ်။ အဲဒီ လို တကယ် လိုအပ်နေသူတွေဆီရောက်ဖို့အတွက်လည်း အစိုးရနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက သေသေချာချာ ဂရုစိုက်သင့် တယ်လို့ ထင်တယ်။ တကယ်တမ်းဆို တခြားပြောစရာတွေက အများကြီးပေါ့။ တကယ်ကိုလိုအပ်နေတဲ့ လူတွေက အချို့အခက်အခဲတွေကြောင့် အစိုးရက တရားဝင်ချပေးတဲ့ ချေးငွေတွေကို မရလိုက်ပဲ ဖြစ်သွားတာတွေလည်း ရှိတယ်။ အဲဒီလိုနဲ့သူ့အလှည့် ပြန်ရောက်ဖို့ နောက်တစ်ခါပြန်စောင့်၊ နောက်တစ်ခါပြန် စောင့်ရင်းနဲ့ အနေအထား အရ ချဲ့ရမယ့်လုပ်ငန်းတွေ ကနေတိုးချဲ့သင့်တဲ့ အချိန်အနေအထားတွေမှာ မလုပ် ဖြစ်လိုက်တဲ့အတွက် ရင်းနှီး မြှုပ်နှံမှုအနေနဲ့ ပြန်ဝင်သွား ပြီး မချဲ့လိုက်နိုင်တဲ့လုပ်ငန်းတွေ၊ ဆက်လက်ရပ်တည်ဖို့တောင် မလွယ်တော့တဲ့ အနေအထားကို ရောက်သွား တဲ့ လုပ်ငန်းတွေကို ခဏခဏတွေ့ရတယ်။ အချိန်အခါ သင့်နေတဲ့အချိန်မှာ မလုပ် ဖြစ်လို့ အခြေအနေပြောင်းလဲ မျိုးတွေပေါ့။ အဲဒါမျိုးတွေကို အစိုးရဘက်က သေသေ ချာချာ Follow Up  လိုက်ပြီး လိုအပ်နေတဲ့ SME လုပ် ငန်းတွေကို ကူညီမှုတွေလုပ်ပေးစေချင်တယ်။

နောက် တစ်ခုက SME  လုပ်ငန်းတွေနဲ့ပတ်သက်လို့ အသိပညာ ပေးအစီအစဉ်တွေဆိုရင် ပုံမှန်အားဖြင့် တော့ MIEDC  မှာ SME သင်တန်းအသေးစားလေးတွေ ဖွင့်ဖြစ်တယ်။ ကျွန်တော် အိန္ဒိယမသွားခင်တုန်းက အဲဒီမှာသွားတက်ဖြစ်တယ်။ လှိုင်တက္ကသိုလ်နယ် မြေဝင်းဘေးက Myanmar India Entrepreneurs Development Centre မှာ သွားတက်ဖြစ်တယ်။ အဲဒီမှာတော့ Soft Skills တွေ သင်ဖြစ်တယ်။ အခုနောက်ပိုင်း မှာတော့ NGO  တွေကနေပြီးတော့ ပြည်တွင်း လုပ်ငန်းရှင်တွေကို စာရင်းဘယ်လိုသွင်းရမလဲဆိုတာ မျိုးတွေ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ သင်တန်းတွေ ပြသပေး နေတာမျိုးတွေရှိတယ်။ အဲဒီတော့ အစိုးရအနေနဲ့ ပိုပြီး ကောင်းအောင်လုပ်ပေးမယ်ဆိုရင် အဆင်ပြေတယ်။ အဆင်ပြေတယ်ဆိုတာ သင်တန်းပေးတာတွေအပြင်ကို အတွေးအခေါ်တွေ၊ နည်းပညာမျှဝေတာတွေ လုပ်ပေးတယ်ဆိုပိုကောင်းတာပေါ့။ ဘာလို့လဲဆိုရင် ကျွန်တော် တို့ဆီမှာဖြစ်နေကြတာ သုံးနေတဲ့စက်တွေဟောင်းနေရင် တောင်မှ မသိကြဘူး။ ဒါကြောင့် အသိပညာလေးတွေ ပေးတဲ့အခါ ဒါကို တကယ်သုံးသင့်တဲ့နေရာမှာ လုပ်ငန်း ရှင်တစ်ယောက်က သုံးလိုက်တယ်ဆိုရင်ပဲ ထုတ်ကုန် ပမာဏကတက်ပြီလေ။ အဲဒီလိုလုပ်ငန်းတစ်ခုရဲ့ ထုတ်လုပ်မှုတက်တယ်ဆိုရင် ဈေးကွက်တစ်ခုလုံးမှာပါ လိုက်တက်တယ်ဆိုတော့ လုပ်ငန်းနဲ့သက်ဆိုင်မယ့် နည်းပညာမျှဝေမှုတွေ၊ လူမှုဆက်ဆံရေးကျွမ်းကျင်မှုတွေ ကို မျှဝေပေးနိုင်အောင် သေသေချာချာ သင်ကြားပြသပေးသင့်တယ်။

SME လုပ်ငန်းရှင်တွေဘက်ကရော ဘာတွေပြင် ဆင်ထားသင့်သလဲ။

SME လုပ်ငန်းရှင်တွေအနေနဲ့ သေချာမှန်ကန်တိကျ တဲ့ လုပ်ငန်းအသေးစိတ်အစီအစဉ်တစ်ခုကို ကိုင်ထားသင့်တယ်။ ဘာလို့လဲဆိုရင် သူတို့ရွေးချယ်လုပ်ကိုင် နေတဲ့ လုပ်ငန်းကိုပဲ ဘာဖြစ်လို့ ဒီအလုပ်ကို လုပ်တာ လဲ။ ဘာကြောင့်ရွေးချယ်တာလဲ။ ဒီလုပ်ငန်းလုပ်လို့ ဘာအခွင့်အရေးရှိသလဲ၊ ဒါမျိုးတွေ သေသေချာချာပြနိုင်ဖို့ အတွက် ကိုယ့်လုပ်ငန်းစီမံကိန်းကို သေချာကိုင် ထားသင့်တယ်။ တကယ်ကလည်း SME  လုပ်တော့မယ်လို့ စတင်တဲ့ လူတိုင်းမှာ အဲဒီစီမံကိန်းက ရှိပြီးသား။ ဒါကိုတင်ပြမှ ချေးငွေတွေ ကျလာမှာဆိုတော့ အကုန်လုံးက ပြင်ပြီး အဆင်သင့်တော့ရှိတယ်။ ဒါပေမဲ့ ဒီထက် ပိုတိကျတဲ့၊ စာရင်းပိုင်းဆိုင်ရာအချက်အလက်တွေနဲ့ပါ ပြင်ထား တယ်ဆိုရင်တော့ ပိုပြီးတော့ကောင်းတာပေါ့။ အစိုးရဘက်က ကြည့်မယ်ဆိုရင်လည်း အဆင်ပြေမယ်။ ရင်းနှီး မြှုပ်နှံဖို့ စိတ်ဝင်စားတဲ့သူတွေ ကြည့်မယ်ဆိုရင် လည်း အဆင်ပြေလာနိုင်တာပေါ့။ ပုံမှန်အားဖြင့်ဆိုရင် တော့ SME ချေးငွေတွေဟာ လုပ်ငန်းအပေါ်ပြင်ဆင် ထားတဲ့ အခြေအနေပေါ်အခြေခံပြီး အခြားနိုင်ငံတွေမှာ လုပ်ပါ တယ်။ ဒီနိုင်ငံမှာသာ အပေါင်ပစ္စည်းနဲ့ ချေးတဲ့ပုံစံ ဖြစ်နေတာပါ။

SME  အဖွဲ့အစည်းတွေနဲ့ SME လုပ်ငန်းရှင်တွေ၊ ဘဏ်တွေနဲ့ လုပ်ငန်းရှင်တွေ ထိတွေ့ဆက်ဆံမှု အားနည်းနေတယ်လို့ အချို့ကပြောကြတယ် ဘာကြောင့်လို့ထင် သလဲ။ ဘယ်လိုလုပ်သင့်သလဲ။

တကယ်တော့ ဘဏ်လုပ်ငန်းတွေ၊ SME Department တွေနဲ့ SME  လုပ်ငန်းတွေ ထိတွေ့မှုပိုင်း အားနည်း နေတယ်လို့ ပြောလို့မရသလို များတယ်လို့လည်း ပြော လို့မရပါဘူး။ ဘယ်လိုပြောရမလဲဆိုရင် အဓိကကတော့  တယ်လိုအပ်တဲ့သူဆီ မရောက်တဲ့ပြဿနာပါပဲ။ ပြောကြ မယ်ဆိုရင် SME Loan  ဟေ့။ ယူလို့ရပြီဟေ့၊ ရှိတယ် ဟေ့လို့ ကြေညာလိုက်ပြီဆိုတာနဲ့ SME ချေးငွေဆိုတာ ချေးမယ့် လူကအဆင်သင့်ပဲ။ ဒါကြောင့် ထိတွေ့မှု မရှိဘူးလို့ ပြောလို့မရပြန်ဘူး။ ဒါပေမဲ့ SME လုပ်ငန်း တွေအနေနဲ့ ထိတွေ့နေသလား ဆိုပြန်တော့လည်း မဟုတ်ပြန်ဘူး။ ဘာလို့လဲဆိုတော့ ရသွားတဲ့လူတွေထက် ပိုလို အပ်တဲ့ လုပ်ငန်းတွေလည်း ရှိတယ်။ တကယ်တမ်း စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ အသေးစိတ် အစီ အစဉ်တွေကိုင်ထားတဲ့ လူတွေ လည်း ရှိတယ်။ အဲဒီလို လူတွေကို SME လုပ်ငန်းမှာပိုပြီး ဦးစားပေးသင့်တယ်။ နောက်ပြီး SME လုပ်ငန်းကို တိုးတက်လာအောင်လုပ် မယ်ဆိုရင် လုပ်ငန်းခုမှစတဲ့ တည်ထောင်ကာစလုပ်ငန်း တွေကစပြီး ကူညီပေးဖို့လည်း လိုတယ်။ အရေးကြီး တာကတော့ စိတ်ကူးစိတ်သန်းပါပဲ။ ကိုယ့်လုပ်ငန်းရဲ့ အသေးစိတ်အစီ အစဉ် ကိုင်ထား တယ်ဆိုတိုင်းလည်း မပြီးသေးဘူး။ တကယ်တမ်းလုပ်ပြနိုင်တဲ့ အနေအထားတစ်ခုရှိမှ လက်တွေ့အကောင် အထည်ဖော်ပြနိုင်တဲ့ လုပ်ငန်းတွေကို သေသေချာချာစနစ်တကျ စိစစ်ပြီး ထိထိရောက်ရောက် အကူအညီပေး သင့်ပါတယ်။

နိုင်ငံတကာမှာ SME လုပ်ငန်းတွေ၊ စတင်မယ့် လုပ်ငန်းတွေကို သက်ဆိုင်ရာအစိုးရရဲ့ ထောက်ပံ့ပေး နေမှုတွေနဲ့ မြန်မာ့ SME လုပ်ငန်းတွေအပေါ် အစိုးရရဲ့ ထောက်ပံ့ပေးနေမှုတွေ ဘယ်လိုကွာခြားသလဲ။

လက်ရှိမှာတော့ အရှေ့တောင်အာရှနိုင်ငံတွေ အတော်များများဟာ ဖွံ့ဖြိုးဆဲဖွံ့ဖြိုးပြီးနိုင်ငံတွေဖြစ်လာ ပြီ။ တကယ်တော့ မြန်မာနိုင်ငံမှာ SME က နဂို ကတည်းကရှိတယ်။ Micro Finance  ပုံစံနဲ့လည်းရှိ တယ်။ အခုလည်း ရှိတုန်းပဲ။ ဒီ SME  ရပ်ဝန်းကြီးထဲမှာ ဝင်တဲ့သူဝင်သလို ထွက်တဲ့လူလဲ ထွက်သွားကြတဲ့ လုပ်ငန်းတွေ ရှိတယ်။ ဒါပေမဲ့ SME  နဲ့ပတ်သက်တဲ့ မူဝါဒကို မြန်မာနိုင်ငံမှာ အသုံးပြုရာမှာ နုသေးတယ်။  အဲဒီအတွက် အများကြီးလေ့လာဖို့လဲ လိုသေးတယ်။  ရန်ပုံငွေတွေ ဘယ်လိုချမလဲ ဘယ်လိုကာကွယ်မှုတွေ ပေးမလဲ။ SME  လုပ်ငန်းတစ်ခုစတယ်။ ခဏနေကျရှုံး သွားတယ်ဆိုတာမျိုး မဖြစ်သင့်ဘူး။ အဲဒီနေရာမှာ အစိုးရရဲ့ ကာကွယ်မှု ဆိုရာမှာ ငွေချေးပေးဖို့တစ်ခုတည်း မဟုတ်ဘူး။ သက်ဆိုင်ရာဥပဒေတွေ၊ အခြားအဖွဲ့အစည်းတွေ၊ နောက်နည်း ပညာမျှဝေမှုတွေရော ပါတယ်။ ဒါတွေ ကို ဘယ်လိုပုံစံနဲ့ ထောက်ပံ့ပေးမလဲ ဆိုတာတွေပေါ့။ ပိုပြီးတော့ ဖြစ်စေ ချင်တာကတော့ နိုင်ငံတကာက ထောက်ပံ့သလို မြန်မာနိုင်ငံအစိုးရအနေနဲ့ SME လုပ်ငန်းတွေ တကယ် လိုအပ်တဲ့ အချက်အလက်တွေကို စနစ်တကျနဲ့ စုပြီးဖြည့်ဆည်းပေးတာမျိုး၊ တကယ်လို အပ်တဲ့ လုပ်ငန်းဆီကို ရောက်အောင်ပေးနိုင်တာမျိုးဆိုရင် SME  တွေအတွက် အဆင်ပြေသွားမှာဖြစ်သလို အလယ်အလတ်စီးပွားရေး လုပ်ငန်းတွေအဖြစ်ကနေ စီးပွားရေးလုပ်ငန်းကြီးတွေအဖြစ်ကို ရောက်သွားနိုင်ပါတယ်။ ချေးငွေနဲ့ ပတ်သက်လို့ လက်ရှိပေးနေတဲ့ SME  ချေးငွေတွေ ရည်ရွယ်ချက်လည်း ကောင်းပါတယ်။ ပြည်တွင်းစားသုံးမှုကို ဦးတည်တဲ့ ကုမ္ပဏီတွေကို ထုတ်ပေးတာများတာကို တွေ့ရတယ်။

ဘဏ်တွေက ချေးတဲ့ငွေကြေးက SME  တွေအပေါ် ဘယ်လောက်အကျိုးရှိသလဲ။

ပုံမှန်အားဖြင့်ဆိုရင်တော့ ဘဏ်တွေကနေ SME  လုပ်ငန်းတွေကိုပေးတဲ့ ချေးငွေတွေဟာ အရမ်းကို အကျိုးဖြစ်တယ်။ ဘာလို့လည်းဆိုတော့ ခုကပြောသလို လုပ်ငန်းတွေ ဆက်လက်ရပ်တည်နိုင်ဖို့ အတွက်မှာ သုံးလို့ ရသလို နောက်ဖွံ့ဖြိုးရေးနေရာတွေမှာလည်း သုံးလို့ရတယ်။ နောက်သုံးမယ်ဆိုရင် ဘဏ်တွေအနေနဲ့က SME လုပ်ငန်းတွေဘက်က တင်ပြလာတဲ့ စီးပွားရေးဖော်ပြချက်တွေ၊ အစီအစဉ်တွေ၊ မှတ်တမ်းတွေ၊ လုပ်ငန်း အသေးစိတ်အစီအစဉ်တွေကိုကြည့်မယ်။ ပြီးရင်လိုအပ်သလို ချေးငွေတွေ ချပေး လိုက်တယ်။ ဒါပေမဲ့ ကျွန်တော် တို့ လုပ်ငန်းရှင်တွေဘက်က ဘာပြန်လုပ်သင့်သလဲဆိုရင် တစ်နှစ်တစ်ခါဖြစ်ဖြစ် လုပ်ငန်းမှာ စာရင်းစစ်ပြန် ဝင်ပေးတာတို့၊ ကိုယ့်လုပ်ငန်းရဲ့ စာရင်းဇယားတွေကို စနစ်တကျပြုစုပြီး ခိုင်မာတဲ့ လုပ်ငန်းမျိုးဖြစ်လာအောင် ကြိုးစားသင့် တယ်။ အဲဒီလိုမျိုး ကုမ္ပဏီတွေ၊ SME တွေဘက်က တိကျစစ်မှန်တဲ့ စာရင်းတွေပြသနိုင်ခြင်းက လည်း SME တွေနဲ့ ဘဏ်တွေကြားမှာ ပိုမိုကောင်း မွန်ခိုင်မာတဲ့ ဆက်သွယ်မှုကို ဖြစ်ပေါ်လာစေမှာပါ။

အစိုးရနဲ့သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ လုပ်ဆောင်မှုတွေကို လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ကျေနပ် သလား။

SME လုပ်ငန်းလုပ်ကိုင်သူတစ်ယောက်အနေနဲ့ရော၊ အခုမှစတင်လာတဲ့ လုပ်ငန်းလုပ်ကိုင်နေသူ တစ်ယောက်အနေနဲ့ ပြောရခက်ပါတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေ အရ ဘာပြောရမလဲဆိုရင် SME  တွေကို သေသေ ချာချာကာကွယ်ပေးမယ့် ဥပဒေတွေလိုသေးတယ်။ သေချာလည်း ကာကွယ်ပေးသင့်တယ်။ အခြားဥပဒေ ပိုင်းဆိုင်ရာ အကြံပေးတာတွေ၊ ပညာရပ်ပိုင်းဆိုင်ရာ အကြံပေးတာတွေလည်း လုပ်သင့်တယ်။ နောက်နိုင်ငံတကာ က ရင်းနှီးမြှုပ်နှံသူတွေ၊ စီးပွားရေးပညာရှင်တွေ ကို ဖိတ်ပြီး ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပေးတာမျိုး တွေ၊ ဒီနေရာမှာလည်း လုပ်ငန်းရှင်ကြီးတွေမှ မဟုတ်ပါဘူး။ တည်ထောင်ကာစလုပ်ငန်းတွေကစလို့ လုပ်ငန်း စတင်လုပ်ကိုင်နေသူတွေ၊ လုပ်ငန်းငယ်တွေ၊ အလယ်အလတ်၊ ကုမ္ပဏီကြီးငယ်တွေကိုပါ ပါဝင် အောင် ဖိတ်ခေါ် သင့်တယ်။ SME တွေအတွက် လုပ်ငန်း မိတ်ဖက်အချင်းချင်း သဘောတူညီမှုလုပ်ပေးတာမျိုးတွေက အစ အစိုးရနဲ့ တာဝန်ရှိအဖွဲ့အစည်းတွေက ကြား ဝင်ကူညီပေးစေချင်တယ်။

တိုင်းပြည်ရဲ့ အခွန်စည်းကြပ်မှုပုံစံဟာ SME လုပ်ငန်းတွေနဲ့ စတင်တဲ့လုပ်ငန်းတွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေရှိနေသလဲ။

တိုင်းပြည်ရဲ့ အခွန်စည်းကြပ်မှုပုံစံကို ပြောရမယ် ဆိုရင် အခုထက်ပိုပြီးတိကျတဲ့ ပုံစံနဲ့ကောက်ခံရင်ပို ကောင်းမယ်။ အခုလောလောဆယ် ကျွန်တော်တို့အနေနဲ့ နားလည်ရခက်တယ်။ ပိုပြီးရှင်းလင်းတဲ့ ပုံစံမျိုးတွေနဲ့ လုပ်ပေးသင့်ပါတယ်။

 အခု AEC အသိုက်အဝန်းထဲ ဝင်ရောက်လာတဲ့အခါ မြန်မာ့စီးပွားရေးအခြေအနေဟာ အရင်တုန်းကနဲ့ ဘယ်လိုကွာခြားမှုတွေရှိနေသလဲ။

စီးပွားရေးအသိုက်အဝန်းတစ်ခုထဲကို ငါတို့ဝင်ပြီ လို့ အော်လိုက်ပြီဆိုတာနဲ့ အကာအကွယ်တွေ သေသေ ချာချာလုပ်ထားရတော့မယ်။ အဲဒါက ဘာတွေလဲဆို SME ပဲ။ SME တွေ မခိုင်မာဘူးဆိုရင် အာရှဒေသတစ်ခုလုံး က လူတွေက ဒီထဲကို ပြုံတိုးလာမယ်ဆိုရင် နောက်ဆုံးနိုင်ငံသားပိုင်ကုမ္ပဏီတွေ မရှိတော့တဲ့အဆင့်အထိ ဖြစ်သွား နိုင်တယ်။ အဲဒီအတွက်ကို အစိုးရအနေနဲ့ ဘယ်လိုကျောထောက်နောက်ခံပေးမလဲ၊ ဘယ်လို ကာကွယ်ပေးမလဲ ဆိုတဲ့ လုပ်ငန်းစဉ်တွေကို စနစ်တကျ သေသေချာချာ ချမှတ်ထားသင့်တယ်။ အခုအာဆီယံ စီးပွားရေးအသိုက် အဝန်းထဲ ဝင်လာတာမှန်တယ်။ ဒါပေမဲ့ အခုမြန်မာ့စီးပွားရေးက မြင်ကြတဲ့အတိုင်းပဲ။ SME  တွေအတွက် စီးပွားရေးလုပ်ငန်းတွေအတွက် လမ်းကြမ်းတဲ့အနေအထားကို ရောက်နေတယ်။ အဲဒီ တော့ တောင်းဆိုချင်တဲ့ အနေအထားတစ်ခုပြောရမယ် ဆိုရင် SME တွေကို ရပ်တည်နိုင်အောင်ကူညီပေးတာ တွေ၊ ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေထက် ပေါင်း စည်းလုပ်ကိုင်ပေးမယ့် ရင်းနှီးမြှုပ်နှံမှုတွေ၊ ပူးပေါင်းမယ့် ကော်ပိုရေးရှင်းတွေကို ပိုပြီးတော့ ဖိတ်ခေါ်ပေးသင့်တယ်။ ဘာပဲပြောပြော ဒီလို အာဆီယံစီးပွားရေးအသိုက်အဝန်းထဲဝင်တဲ့အတွက် အများကြီးတော့ အကျိုးအမြတ်တွေဖြစ်လာနိုင်တယ်။ ဒါပေမဲ့ကိုယ့်နိုင်ငံရဲ့ SME  တွေ ခိုင်မာမှုမရှိရင် နိုင်ငံသားပိုင် လုပ်ငန်းတွေပျောက်သွားမယ်။ ဒက နိုင်ငံတကာမှာဆိုလည်း ပွင့်လင်းတဲ့ ကုန်သွယ်ရေးမူဝါဒတွေ ချလိုက်ပြီဆိုကတည်းက နိုင်ငံတိုင်းက သူတို့နိုင်ငံအတွက် ခံစစ်ကောင်းဖြစ်မယ့် ကုမ္ပဏီတွေ၊ လုပ်ငန်းတွေကို သေသေချာချာရွေးချယ်ထားပြီး ခိုင်မာမှုစိတ်ချရမှ ဖွင့်ပေးကြတာ။ အဲဒီလိုမျိုး ကိုယ့်နိုင်ငံမှာလည်း ဖြစ်စေချင်တယ်။ တိုင်းပြည်မှာ ရှိနေတဲ့ SME တွေကို ပိုပြီးတော့ အခြေခိုင်လာအောင် လုပ်ပေးသင့်တယ်။

ကုမ္ပဏီနဲ့ပတ်သက်တဲ့ အနာဂတ်ရည်မှန်းချက်လေးကို သိချင်ပါတယ်။

လောလောဆယ်မှာတော့ တီရှပ်တွေ၊ ရှပ်အင်္ကျီတွေ ထုတ်လုပ်ထားတယ်။ ဆက်ထွက်ဖို့လည်းရှိတယ်။ ဂျင်းအင်္ကျီတွေ၊ အမျိုးသမီးဝတ် ဒီဇိုင်းတွေကနေစလို့ ရှုးဖိနပ်အထိလုပ်ဖို့ ရည်ရွယ်ထားတယ်။ နောက်ပိုင်းမှာ ကိုယ့်အမှတ်တံဆိပ်နာမည်ကို အသိအမှတ်ပြုတဲ့အနေ အထားတစ်ခုအထိရောက်အောင် ကြိုးစားနေပါတယ်။  ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံခြားကလာတဲ့ သူတွေပဲ ဖြစ်ဖြစ်၊ ပြည်တွင်းဝယ်ယူသူတွေပဲ ဖြစ်ဖြစ်၊ ကိုယ့်အင်္ကျီ ကို ဝယ်လိုက်ပြီဆိုရင်ပေးရတဲ့ ဈေးနဲ့တန်တယ် အရည်အသွေးက ပြောစရာမလိုဘူးဆိုပြီးတော့ ဖြစ်သွားတာ မျိုးဖြစ်အောင် ကြိုးစားနေပါတယ်။

Please follow and like us:
0