ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်

သဘာဝအလျောက် ဖြစ်တည်နေသော ဓာတုပစ္စည်းများထက် လူတို့တီထွင်ထုတ်လုပ်ထားသော ဓာတုပစ္စည်းအရေအတွက်က ပိုမိုများပြားနေသော ယနေ့ကမ္ဘာကြီးတွင် ပလတ်စတစ်သည်လည်း လူလုပ်ဓာတုပစ္စည်းတစ်ခုအဖြစ် ပါဝင်သည်။

အင်္ဂလိပ်လူမျိုး သိပ္ပံပညာရှင် Alexander Parkes က ၁၈၆၂ ခုနှစ်တွင် လန်ဒန်မြို့၌ ကျင်းပ သော Great International Exhibition နိုင်ငံတကာပြပွဲကြီး၌ လူသိ ရှင်ကြားထုတ်ပြန်ပြသခဲ့သော Parkesine အမည်ရှိ အော်ဂဲနစ်ဓာတုပစ္စည်းမှာ လူတို့ပြုလုပ်သော ပထမဆုံး ပလတ်စတစ်ပင် ဖြစ် သည်။ Parkesine သည် Cellulose အော်ဂဲနစ်ပိုလီမာမှ ဆင်းသက်လာခြင်းဖြစ်ပြီး အပူပေး၊ ပုံသွင်း နိုင်သော လူလုပ်ဓာတုပစ္စည်း ဖြစ်သည်။

ပလတ်စတစ်ရုပ်ဂုဏ်သတ္တိများဖြစ်သော ပေါ့ပါးခြင်း၊ ပျော့ပျောင်းခြင်း၊ ရေငွေ့ဒဏ်ခံနိုင်ခြင်း၊ ခိုင်ခန့်ခြင်းတို့အပြင် ဈေးနှုန်းအားဖြင့်လည်း အထိုက်အလျောက်ချိုသာမှုတို့ကြောင့် ၁၉၅၀ ပြည့်နှစ် များ အတွင်းမှ စတင်ကာ နှစ်ပေါင်းခုနစ်ဆယ်နီးပါးအတွင်း ပလတ်စတစ်သုံးစွဲမှု ကျယ်ပြန့်လာပြီး အဝတ်အထည်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ အင်ဂျင်နီယာလုပ်ငန်းများအပါအဝင် များစွာသော လုပ်ငန်းနယ်ပယ်တို့တွင် ပလတ်စတစ်ကို အသုံးပြုလာကြသည်။

သို့ရာတွင် ထိုသို့များပြားလှသော လုပ်ငန်းနယ်ပယ်အသီးသီးတွင် ထုတ်လုပ်သည့် ပလတ်စတစ် ထုတ်ကုန်များသည် အဆုံးတွင် အသုံးမပြုစွန့်ပစ်သည့်အနေအထား သို့ ရောက်ရှိသည့်တိုင် ယင်းတို့၏ ဇီဝဗေဒဖြစ်စဉ်အရ ပြိုကွဲမှုမရှိသည့် ဂုဏ်သတ္တိမှာ ကျန်ရှိနေဆဲပင် ဖြစ်သည်။ ဆွဲဆောင်နိုင်စွမ်းကြီးမား လှသော ပလတ်စတစ်၏ ဂုဏ်သတ္တိများအပေါ် လူတို့တပ်မက်မှု အလွန်အကျွံ သုံးစွဲမှုဖြစ်ပေါ်စေခဲ့ပြီး ထိုမှတစ်ဆင့် အသုံးပြုပြီး ပစ္စည်းများကို စွန့်ပစ်ရာမှ ညစ်ညမ်းမှုများ ဖြစ်ပေါ်စေကာ သက်ရှိဖြစ်တည်မှု သဘာဝကိုပင် အန္တရာယ်ပေးနိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။ နေ့စဉ်နှင့်အမျှ စွန့်ပစ် နေကြသော ပလတ်စတစ်စွန့်ပစ်ပစ္စည်းများက မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ကမ်းရိုးတန်းဒေသများ၊ ပင်လယ်ကမ်းခြေများကိုသာမက သမုဒ္ဒရာရေပြင်တို့တွင်ပင် ပလတ်စတစ်ကြောင့် ဖြစ်ပေါ်သော ညစ်ညမ်းမှုတို့ကို ဖြစ်ပေါ်လာစေသည်။

၁၉၅၀ ပြည့်နှစ်များအတွင်း စတင်၍ အသုံးတွင် ကျယ်လာသော ကမ္ဘာ့ပလတ်စတစ်ထုတ် လုပ်မှုမှာ ၂၀၁၆ ခုနှစ်တွင် မက်ထရစ်တန်ချိန် ၃၃၅ သန်းအထိ မြင့်တက်လာခဲ့သည်။ ယင်းထုတ်လုပ်မှု အနက် ဥရောပတိုက်တစ်ခုတည်းမှ ထုတ်လုပ်မှုမှာ တန်ချိန် သန်းပေါင်း ၆၀ အထိရှိပြီး တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုမှာ ကမ္ဘာ့ထုတ်လုပ်မှု၏ လေးပုံတစ်ပုံခန့်အထိရှိကြောင်း၊ Statista.com အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။ ၁၉၅၀ ပြည့်နှစ်အတွင်း ကမ္ဘာ့ပလတ်စတစ်ထုတ်လုပ်မှု မက်ထရစ်တန်ချိန် ၁.၅ သန်းနှင့် နှိုင်းယှဉ်ပါက နှစ်ပေါင်း ၆၀ ကျော်၊ ၇၀ ကာလအတွင်း ပလတ်စတစ်အသုံးဝင် မှု တွင်ကျယ် လာပုံကို သိမြင်နိုင်ပေသည်။ ၁၉၈၉ ခုနှစ် တွင် ကမ္ဘာ့ပလတ်စတစ်ထုတ်လုပ်မှုသည် ကမ္ဘာ့သံမဏိ ထုတ်လုပ်မှုထုထည်ပမာဏကို ဖြတ်ကျော်နိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ကမ္ဘာ့ပလတ်စတစ်ထုတ်လုပ်မှုပေါင်း ၃၂၂ ဘီလျံလီတာရှိကာ ကမ္ဘာ့သံမဏိထုတ်လုပ်မှုမှာ ၂၀၃ ဘီလျံလီတာမျှသာရှိကြောင်း Plastic Europe အမည်ရ ဥရောပပလတ်စတစ်ထုတ်လုပ်သူများအသင်း၏ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထား သည်။

ထိုမျှ များပြားလှသော ပလတ်စတစ်ပစ္စည်းတို့မှာ အသုံးမပြုစွန့်ပစ်သည့်အနေအထားသို့ ရောက် ရှိသည့်တိုင် ပလတ်စတစ်၏မူလဂုဏ်သတ္တိများ ပျက်ပြယ်မသွားဘဲရှိရာမှ နှစ်ပေါင်း ၆၀ ကျော် ၇၀ ခန့်အတွင်း ထွက်ပေါ်လာသည့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများအနက်မှ ပလတ်စတစ်တန်ချိန် ၂၆၉ဝ၀ဝ နီးပါးမှာ ကမ္ဘာ့သမုဒ္ဒရာများအတွင်း ရောက်ရှိနေကြောင်း PLOS ONE အမည်ရ သိပ္ပံဂျာနယ် တစ်စောင်က ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ဝေသောစာစောင်၌ ဖော်ပြခဲ့သည်။

အဆိုပါကိန်းဂဏန်းများ ရရှိရန်အတွက် 5 Gyres Institute သုတေသနအဖွဲ့မှ ဒါရိုက်တာ Marcus Eriksen အပါအဝင် နိုင်ငံပေါင်းခြောက်နိုင်ငံမှ ပညာရှင်များက အပူပိုင်းဒေသရေဝဲငါးခု၊ သြစတြေးလျကမ်းရိုးတန်း၊ ဘင်္ဂလားပင်လယ်အော်နှင့် မက်ဒီတရေးနီးယန်းပင်လယ်တို့တွင် ၂၀ဝ၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ခြောက်နှစ်ကြာ အချိန်ယူသုတေသနပြုခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် Science သိပ္ပံဂျာနယ်ကလည်း လူတို့နေထိုင်ရာ ကုန်းမြေ များမှ ပင်လယ်သမုဒ္ဒရာရေပြင်သို့ စွန့်ပစ်နေသော ပလတ်စတစ်စွန့်ပစ်ပစ္စည်းပမာဏအား တွက်ချက် ဖော်ပြထားသည့် anta Barbara’s National Center for Ecological Analysis and Synthesis (NCEAS) ၏ သုတေသနစာတမ်းကို ဖော်ပြခဲ့သည်။ NCEAS ၏ သုတေသနစာတမ်းအရ တစ်နှစ် လျှင် ပလတ်စတစ်တန်ချိန်ရှစ်သန်းခန့်မှာ ပင်လယ်သမုဒ္ဒရာရေပြင်သို့ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။ ထိုအရေအတွက်မှာ ကမ္ဘာ့ကမ်းရိုးတန်းစုစုပေါင်း အလျားတစ်လျှောက် ပလတ်စတစ် များ ထည့်ထားသော ကုန်စုံဆိုင်သုံး အိတ်ငါးလုံးကို တစ်ပေခြားစီ တန်းစီချထားခြင်းနှင့် ညီမျှသည်ဟု ဆို သည်။ အဆိုပါနှုန်းထားမှာ ၂၀၂၅ ခုနှစ်တွင် နှစ်ဆအထိ မြင့်တက်လာနိုင်ကာ ကမ်းရိုးတန်းအလျား တစ်ပေတိုင်းတွင် ပလတ်စတစ်ထည့်ထားသော အိတ်ဆယ်လုံးကျစီ တန်းစီချထားခြင်းနှင့် ညီမျှသည် ဟု ဆိုသည်။

အာရှတိုက်နှင့် မြောက်အမေရိကတိုက်အကြား ခရီးတစ်ဝက်ခန့်နေရာရှိ ဟာဝေယန်ကျွန်းစုများ မြောက်ဘက်မှ Midway Atoll အမည်ရ သန္တာကျောက်ကျွန်းသည် ကျွန်းပတ်လည်တွင် မိုင်ထောင်ချီ သောရေပြင်သာ ဝိုင်းရံထားသည့်နေရာဒေသဖြစ်ပြီး လူတို့ရောက်နိုင်ခဲသော ဒေသဖြစ်သည့်တိုင် မြောက် ပစိတ်ဖိတ်ရေဝဲများက သယ်ဆောင်လာသော စွန့်ပစ်ပလတ်စတစ်အကျိုးအပဲ့အစအန အမြောက်အများ တင်ရှိနေသည်ကို တွေ့ရှိကြရသည်။ Midway ကမ်းခြေများမှာ သဲအစား သန်းနှင့်ချီသော ပလတ်စတစ် အကျိုးအပဲ့အစအနများဖြင့်သာ ဖုံးလွှမ်းလျက်ရှိသည်။

ကမ်းခြေတွင် တင်ရှိနေသော ငှက်သေများမှာ ထောင်သောင်းချီ၍ ရှိနေပြီး ငှက်တို့၏ရုပ်ခန္ဓာက ဇီဝဖြစ်စဉ်အရ ပြိုကွဲပျက်စီးသွားသည့်တိုင် ယင်းတို့၏ဝမ်းဗိုက်နေရာ၌ အရောင်မျိုးစုံသော ပလတ် စတစ်ပစ္စည်းများမှာ ပျက်စီးခြင်းမရှိဘဲ အကောင်းပကတိပင် ရှိနေသည်။ သေးငယ်သော အရောင်စုံ ပလတ်စတစ်အစိတ် အပိုင်းများကို ငှက်တို့က အစာအမှတ်ဖြင့် စားသောက်ရာမှ ပလတ်စတစ်အဆိပ် သင့် သေဆုံးကြရခြင်းပင်ဖြစ်သည်။ ထိုကျွန်းတွင် ပင်လယ်စင်ရော်ငှက်ကြီးများ၊ တစ်သန်းခွဲမျှအထိ ရှိကြောင်း ခန့်မှန်းရပြီး ယင်းတို့အနက်မှ သုံးပုံတစ်ပုံခန့်မှာ အစာချေစနစ်အတွင်း ပလတ်စတစ် အဆိပ်သင့်မှုဖြင့် သေဆုံးကြရကာ Midway သန္တာကျောက်ကျွန်းမှာ ပင်လယ်စင်ရော်တို့၏ သုသာန်မြေ ဖြစ်ခဲ့ရသည်။

ပင်လယ်စင်ရော်တို့သာမက အခြားသောရေနေသတ္တဝါများဖြစ်ကြသည့် ဝေလငါး၊ ပင်လယ်ဖျံ နှင့် အခြားငှက်မျိုးစုံတို့သည်လည်း ပင်လယ်ရေပြင်၌ ပလတ်စတစ်များကြောင့် အသက်ဘေးကျရောက် လျက် ရှိသည်။ Green Peace အဖွဲ့က ၂၀ဝ၆ ခုနှစ်တွင် ထုတ် ပြန်ခဲ့သော Plastic Debris in the World’s Oceans အမည်ရ အစီရင်ခံစာ၌ စွန့်ပစ်ပလတ်စတစ်ပစ္စည်းများကြောင့် သက်ရှိမျိုးစိတ်ပေါင်း ၂၆၇ မျိုးမှာ အသက်ဘေးကျရောက်လျက်ရှိကြောင်း ဖော်ပြခဲ့သည်။ National Oceanographic and Atmospheric Administration ကလည်း စွန့်ပစ်ပလတ်စတစ်ပစ္စည်းများကြောင့် ရေငန့်နို့တိုက် သတ္တဝါတစ်သိန်းခန့်၊ နှစ်စဉ်သေဆုံးနေသည်ဟု ခန့်မှန်းရကြောင်း၊ အလားတူငှက်နှင့်ငါးအရေအတွက် သန်းချီ၍ သေကြေပျက်စီးနေရကြောင်း ဖော်ပြခဲ့သည်။

ပင်လယ်ရေပြင်ညစ်ညမ်းမှုဆိုင်ရာ သိပ္ပံနည်းကျအမြင်များ ဖော်ထုတ်ရန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ က ကျွမ်းကျင်ပညာရှင်များဖြင့် တွဲဖက်ဖွဲ့စည်းပေးထားသော Joint Group of Experts on Scientific Aspects of Marine Pollution (GESAMP) က ကမ္ဘာ့ပင်လယ်ပြင်ညစ် ညမ်းမှု၏ ၈၀ ရာခိုင်နှုန်း သည် ကုန်းမြေဒေသမှ မြစ်ဖျားခံကြောင်းနှင့် ယင်းတို့အနက် ၆၀ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်းမှာ စွန့်ပစ်ပလတ်စတစ်ပစ္စည်းများပင် ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စွန့်ပစ်ပလတ်စတစ်များသည် ပင်လယ်သမုဒ္ဒရာရေပြင်အတွင်း ရေဝဲကြီးများဖြင့် လိုက်ပါလာကာ ကြီးမားသော စွန့်ပစ်ပစ္စည်းဒိုက်ပုံကြီး (Garbage Patches) အဖြစ်သို့ ရောက်ရှိ သည်။ ပစိဖိတ်သမုဒ္ဒရာ မြောက်ပိုင်းတွင် တွေ့ရှိရသော Great North Pacific Garbage Patch အကြောင်းကို Captain Charles Moore ဆိုသူက ၁၉၉၇ ခုနှစ်တွင် မီဒီယာများမှတစ်ဆင့် စတင်ဖော်ပြခဲ့ရာမှ အဆိုပါ ဒိုက်ပုံကြီးများအကြောင်းကို ကမ္ဘာ့လူထုက သိရှိလာကြသည်။ အခြားသော ရေပြင်များတွင် လည်း အလားတူ ဒိုက်ပုံကြီးများ တွေ့ရှိနိုင်မည်ဟု လည်း မျှော်လင့်ရသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တို့ကလည်း ပလတ်စတစ်ကို အပြည့်အဝပြိုကွဲပျက်စီးခြင်း မရှိသည့် တာရှည်ခံညစ်ညမ်းပစ္စည်းအဖြစ် ရှုတ်ချကြသည်။ ယူကေနိုင်ငံ၊ University of Plymouth မှ University of Plymouth ဦးဆောင်သောအဖွဲ့တစ်ဖွဲ့က ၂၀ဝ၄ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော လေ့လာ ရေးအစီအစဉ်တစ်ရပ်တွင် ဥရောပ၊ အမေရိက၊ သြစတြေးလျ၊ အာဖရိက၊ အန္တာတိကရေပြင်နှင့် ကမ်းခြေ များတွင် လုပ်ငန်းသုံးနှင့် အိမ်သုံးပလတ်စတစ်စွန့်ပစ်ပစ္စည်းများမှတစ်ဆင့် ဖြစ်ပေါ်လာသည့် ရေသူမ မျက်ရည် University of Plymouth ဟု မီဒီယာတို့က တင်စားခေါ်ဆိုသော ပလတ်စတစ်စေ့အများ အပြားတွေ့ရှိခဲ့ကြသည်။ အချို့သော ပလတ်စတစ်စေ့များမှာ အလွန်တရာသေးငယ်လှပြီး ဆံချည်မျှင် တစ်မျှင်၏အချင်းထက်ပင် သေးငယ်သည့်အရွယ်အစားအထိ ရှိကြသော်လည်း ပလတ်စတစ်၏ဂုဏ် သတ္တိများ ပျောက်ပျက်မသွားဘဲ ရှိနေသည်။ ယင်းတို့သည် သာမန်မျက်စိဖြင့် မြင်တွေ့နိုင်ခြင်းမရှိ၊ သဘာဝအလျောက် ပြိုကွဲပျက်စီးခြင်းလည်းမရှိဘဲ ရေနေသတ္တဝါများနှင့် ရေပြင်တွင် မျောပါနေသော ပိုးမွှားများ ငါးသားလောင်း များ၏ အစာချေစနစ်အတွင်းသို့ ဝင်ရောက်ကြသည်။

ပင်လယ်ရေပြင်အတွင်း တန်နှင့်ချီ၍ နှစ်ပေါင်းများစွာ ပေါလောပေါ်နေသော စွန့်ပစ်ပလတ် စတစ်ပစ္စည်းများက ရေပြင်ကို ညစ်ညမ်းစေသည့် ပျောက်ပျက်နိုင်ခဲသော ဓာတုဗေဒပစ္စည်းများ ထုတ်ပေးခြင်းဖြင့် အဆိပ်သင့်စေသည်ဟုလည်း သိရှိရသည်။

၂၀ဝ၉ ခုနှစ်တွင် ကျင်းပသည့် သတင်းစာရှင်း လင်းပွဲတစ်ရပ်၌လည်း Great North Garbage Patch မှ ယူဆောင်လာသည့် ပင်လယ်ရေနမူနာတွင် မူလဂုဏ်သတ္တိ ပျက်ပြယ်ခြင်းမရှိသေးသော ပလတ်စတစ်အမှုန် များ ပါဝင်နေသည်ကို လက်တွေ့ပြသခဲ့သည်။

ရေနေသတ္တဝါမှန်သမျှသည် တစ်ကြိမ်မဟုတ်တစ်ကြိမ်တွင် စွန့်ပစ်ပလတ်စတစ်များမှ ထုတ်ပေး သည့် ဓာတုဗေဒအဆိပ်များ ပါဝင်သော ပင်လယ်ရေကို သောက်သုံးမိမည်ဖြစ်ရာ အဆိပ်သင့် ပလတ် စတစ်ကို စားသုံးမိသည့်ငါးအား ဝါးမျိုထားသည့်ငါးတို့ကို လူတို့က ဖမ်းဆီးစားသုံးကြပြန်ခြင်းဖြင့် လူတို့သည် မိမိတို့ စွန့်ပစ်သောပစ္စည်းများကို မိမိတို့ကိုယ်တိုင် ပြန်လည်စားသုံးနေသကဲ့သို့ ဖြစ်သည်။

သိပံ္ပပညာရှင်များ၏အဆိုအရ ကမ္ဘာ့မြောက်ခြမ်းရှိ ရေဝဲစီးကြောင်းများထက် လေးဆခန့် ကြီးမားသော ရေဝဲ စီးကြောင်းများရှိရာ ကမ္ဘာ့တောင်ခြမ်းဒေသရေပြင်များ တွင်လည်း Great North Pacific Garbage Patch နှင့် အလားတူ စွန့်ပစ်ပစ္စည်း ဒိုက်ပုံကြီးများ တွေ့ရှိရနိုင်ကြောင်း ခန့်မှန်း ကြသည်။

ပလတ်စတစ်

ပလတ်စတစ်ဆိုသည်မှာ အပူပေးပုံသွင်း၍ရသော အော်ဂဲနစ်ဓာတုပစ္စည်းတစ်မျိုး ဖြစ်သည်ဟု အကြမ်းဖျဉ်း အားဖြင့် ဆိုနိုင်သည်။

ဓာတုဗေဒပညာရပ်အရ ဆိုရပါက ပလတ်စတစ်သည် ပိုလီမာ (Polymer) ဟု ခေါ်ဆိုသော မော်လီကျူးကြီးများ ဖြစ်သည်။ ယင်းပိုလီမာများတွင် ကာဘွန် မဏ္ဍိုင်ပြု မိုနိုမာ (Monomer) ခေါ် အစိတ်အပိုင်းများ များစွာပါဝင်ဖွဲ့စည်းထားသည်။ ပိုလီမာများကို ပုံသွန်းလောင်း၍ ရနိုင်သော သာမို ပလတ်စတစ် (Thermo-plastic) နှင့် ပုံသွန်းလောင်း၍ မရသော သာမိုဆက် (Thermosets) ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားနိုင်သည်။

အသုံးများသော ပလတ်စတစ်အမျိုးအစားများမှာ PET (သို့) ETE (Polyethylene Terephthalate), HDPE (Hight Density Polyethylene), PVC (Polyvinyl Chloride), LDPE (Low Density Polyethylene), PP (Polypropylene), PS (Polystyrene) စသည်တို့ ဖြစ်ကြ သည်။

PET အမျိုးအစားကို ဖျော်ရည်၊ သောက်ရေ၊ ဘီယာ၊ ပါးစပ်ဆေးရည်၊ ဆပ်ပြာမှုန့် အစရှိသည့် ကုန် ပစ္စည်းများအတွက် ထုပ်ပိုးကုန်ပစ္စည်းအဖြစ် အသုံးပြု ကြသည်။ HDPE အမျိုးအစားကို နို့ဘူး၊ ရေဘူး၊ ဖျော် ရည်ဘူးအနောက်များ၊ ဆပ်ပြာမှုန့်ဘူးများ၊ ခေါင်းလျှော် ရည်ဘူးများ၊ အမှိုက်အိတ်များ စသည့်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည်။ PVC အမျိုးအစားကို ကစားစရာပစ္စည်းများ ထုတ်လုပ်ခြင်း၊ စားသောက်ကုန် နှင့် အခြားကုန်ပစ္စည်းများ ထုပ်ပိုးရာတွင် အသုံးပြုရုံသာမက ညှစ်၍ သုံးရသော ခေါင်းလျှော်ရည်ဘူးများ၊ ဆီဘူးများ အစရှိသည့် ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြု သည်။ ဆောက်လုပ်ရေးလုပ်ငန်းများ၌လည်း ရေသွယ်ပိုက်လိုင်းများအဖြစ် အသုံးပြုကြသည်။ PVC ဖြင့် ထုတ်လုပ်သော လူသုံးကုန်ပစ္စည်းများသည် အန္တရာယ်အပေးနိုင်ဆုံးပစ္စည်းများအနက် တစ်ခုအပါ အဝင်ဖြစ်သည်ဟု ဆိုကြသည်။

LDPE အမျိုးအစားကို ကုန်စုံဆိုင်သုံးအိတ်များ၊ ပေါင်မုန့်နှင့် အေးခဲအသားများ ထည့်သည့် အိတ်များ၊ လက်ဖြင့် ညှစ်၍ သုံးရသည်ဘူးအမျိုးအစားများ ထုတ်လုပ်ရာတွင် အသုံးပြုသည်။ ဏဏ အမျိုးအစားကို အချဉ် ရည်ဘူး၊ ဒိန်ချဉ်၊ ထောပတ်ဆီဘူး၊ အအေးသောက်ရာ တွင် သုံးသည့် ပိုက်တံများ ထုတ်လုပ်ရာတွင် သုံးကြသည်။ PP အမျိုးအစားကို ဖော့ဘူးခွက်၊ ပုံစံခွက်နှင့် တစ်ခါသုံးပစ္စည်းအမျိုး မျိုး ပြုလုပ်ရာတွင် အသုံးပြုကြ သည်။

လူတို့သည် ပလတ်စတစ်များ၏တန်ဖိုးကို သတ်မှတ်ရာ၌ ပင်လယ်ရေပြင်တွင် အကြီးမားဆုံး သော ပြဿနာများကို ဖန်တီးပေးမည့် ယင်း၏ကြာရှည်ခံမှုအပေါ် မူတည်ကာ သတ်မှတ်ကြကြောင်း American Plastics Council မှ Robkerbs ဆိုသူက မှတ်ချက်ပြုခဲ့ သည်။

ပလတ်စတစ်အကျိုးအပဲ့အစအနများသည် မည်သို့သော အရွယ်အစား၊ ပုံသဏ္ဌာန်ရှိသည်ဖြစ်စေ၊ မောင်းနှင် သယ်ဆောင်နိုင်စွမ်း ကြီးမားလှသော သမုဒ္ဒရာရေပြင်၏ သယ်ယူပို့ဆောင်မှုဖြင့် ပလတ်စတစ် ညစ်ညမ်းမှုကို နယ်စည်းမခြားဘဲ ဖြစ်ပေါ်စေလျက်ရှိပေသည်။

ဖော့ဂုဏ်

ပလတ်စတစ်သည် ယင်း၏မူလဂုဏ်သတ္တိတစ်ရပ်ဖြစ်သော ဖော့ဂုဏ်ကို အကြောင်းပြု၍ ခရီး တွင်ကျယ်စွာ သွားနိုင်သည်။ ဝင်ရိုးစွန်းဒေသမှ အီကွေတာအထိ ကျယ်ပြန့်သော ရေပြင်များတွင် ပလတ်စတစ်များကို နေရာအနှံ့ မြင်တွေ့ကြရသည်။

ပလတ်စတစ်တို့၏ ဖော့ဂုဏ်အားဖြင့် ခရီးတွင် ကျယ်ပုံ ဥပမာကောင်းတစ်ရပ် ရှိပါသည်။ ၁၉၉၂ ခုနှစ်အတွင်းက တရုတ်ပြည်မှ အမေရိကန်ပြည်ထောင်စု၊ ဆီယက်တဲလ်မြို့သို့ ရေကြောင်းခရီးဖြင့် တင်ပို့သော ကုန်သေတ္တာအလုံးနှစ်ဆယ်အပြည့်ရှိ ရော်ဘာဘဲရုပ်များမှာ လမ်းခုလပ်တွင် ဆုံးရှုံးခဲ့ရ သည်။ ယင်းတို့အနက်မှ အချို့သော ဘဲရုပ်များကို အမေရိကန်ပြည်ထောင်စု၊ အလာစကာကမ်းရိုးတန်း ရေပြင်တွင် ၁၉၉၄ ခုနှစ်၌ ပြန်လည်တွေ့ရှိခဲ့ရပြီး အချို့မှာ ၂၀ဝ၀ ပြည့်နှစ်တွင် အိုက်စ်လန်းကျွန်း ရေပြင်၌ ပြန်လည်တွေ့ရှိခဲ့ရသည်။ အရုပ်အောက်ခြေတွင် အမှတ်တံဆိပ်ရေးထိုးထားသော အဆိုပါဘဲရုပ် များကို အာတိတ်၊ ပစိဖိတ်နှင့် အတ္တလန် တိတ်သမုဒ္ဒရာရေပြင်များတွင် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

နေရောင်ဖြင့် ဓာတ်ပြိုကွဲခြင်းနှင့် ဇီဝဖြစ်စဉ်ဖြင့် ဓာတ်ပြိုကွဲခြင်း

ဇီဝဖြစ်စဉ်ဖြင့် ဓာတ်ပြိုကွဲပျက်စီးခြင်းသည် သဘာဝအလျောက်ဖြစ်ပေါ်သော ဖြစ်စဉ်တစ်ရပ် ဖြစ်ပြီး သက်ရှိ၊ သစ်ပင်နှင့် သဘာဝသယံဇာတအခြေပြုပစ္စည်း မှန်သမျှသည် ဇီဝဖြစ်စဉ်ဖြင့် ပြိုကွဲ ပျက်စီးကြသည်။ သဘာဝသယံဇာတတစ်ရပ်ဖြစ်သော ရေနံစိမ်းသည် ဇီဝဖြစ်စဉ်ဖြင့် ပြိုကွဲပျက်စီးသော် လည်း ယင်းမှတစ်ဆင့် လူတို့ ဖန်တီးထုတ်လုပ်ထားသည့် ပလတ်စတစ်ကဲ့သို့သော ရေနံဓာတုပစ္စည်းမှာ ဇီဝဖြစ်စဉ်ဖြင့် ပြိုကွဲခြင်း မရှိပေ။

သစ်ပင်၊ တိရစ္ဆာန်အသေကောင်၊ ကျောက်တုံး ကျောက်ဆောင်၊ သယံဇာတ စသည့် အော်ဂဲနစ် ပစ္စည်းများကို ဇီဝဖြစ်စဉ်ဖြင့် ဖြိုခွဲဖျက်ဆီးပေးသော အင်ဇိုင်းများနှင့် အဏုဇီဝပိုးမွှားများက လူတို့ ဖန်တီးထားသော ပလတ်စတစ်၏ပေါင်းစပ်ဖွဲ့စည်းပုံကို သိရှိခြင်းမရှိသဖြင့် ပလတ်စတစ်ကုန်ပစ္စည်း များသည် ဇီဝဖြစ်စဉ်ဖြင့် ပြိုကွဲပျက်စီးခြင်း မရှိကြပေ။

သို့ရာတွင် ယင်းတို့သည် နေအလင်းရောင်တွင်မူ ပြိုကွဲပျက်စီးကြသည်။ ထိုသို့ ပြိုကွဲရာ၌လည်း နေရောင်နှင့် တိုက်ရိုက်ထိတွေ့ခြင်းအားဖြင့် သေးငယ်သော အစိတ်အပိုင်းများအဖြစ်သို့ ပြိုကွဲရောက်ရှိ သွားစေခြင်းသာဖြစ်ပြီး အဆုံးတိုင်ပျက်စီးပျောက်ကွယ်သွားခြင်းမရှိဘဲ ပိုလီမာအဆင့်ရှိ မော်လီကျူး ပမာဏအထိ ရောက်ရှိသွားခြင်းသာ ဖြစ်သည်။ သို့ဖြစ်ရာ အရွယ်အစားအားဖြင့် မည်မျှပင် သေးငယ် သွားသော်လည်း မူလဂုဏ်သတ္တိများ ပျက်ပြယ်မသွားခြင်းပင်။ ပင်လယ်ပြင်တွင် ရေလှိုင်းရိုက်ခတ်မှု၊ သဲနှင့်ပွတ်တိုက်မှု၊ Oxidation ခေါ် အောက်ဆီဂျင်နှင့် ဓာတ်ပြုမှုတို့ကြောင့်လည်း ပလတ်စတစ်တို့ အစိတ်စိတ်အမွှာမွှာ ကွဲထွက်မှုဖြစ်ပေါ်သည်။ ထိုဖြစ်စဉ်မှာ ပင်လယ်ပြင်အတွင်း၌ နှစ်ပေါင်း ၄၅၀ မှ ၁၀ဝ၀ ခန့်အထိ ကြာမြင့်နိုင်မည်ဟု ခန့်မှန်းရသည်။

ရေသူမမျက်ရည်ဟုလည်း တင်စားခေါ်ဝေါ်ကြသည့် အစိတ်စိတ်အမွှာမွှာ ကွဲထွက်လာသော ပလတ်စတစ်စေ့များသည် သာမန်မျက်စိဖြင့် မမြင်နိုင်လောက် သည့်အရွယ်အစားအထိ သေးငယ်ကာ နေရာအနှံ့သို့ ရောက်ရှိနေသဖြင့် ယင်းတို့ကို ရှင်းလင်းပစ်ရန်မှာ မဖြစ်နိုင်လှပေ။ လေတိုက်ရာ အရပ်ဆီ သို့ မျောပါသွားလောက်အောင် ပေါ့ပါးချင်တိုင်း ပေါ့ပါးကာ ကမ္ဘာ့ရေပြင်အနှံ့ အဆီးအတားမရှိ အချိန် ပြည့်ရွေ့လျားနေကြ ပေသည်။

သို့ဖြစ်ရာ နေအလင်းရောင်အားဖြင့် ဓာတ်ပြိုကွဲမှုဖြစ်ခြင်းက ပလတ်စတစ်၏ ဘေးအန္တရာယ် ပေးနိုင်စွမ်း ကို ပို၍အားကောင်းလာစေသကဲ့သို့ ရှိသည်။ စွန့်ပစ် ပလတ်စတစ်တို့သည် တစ်စစီပြိုကွဲကာ အဏုကြည့် မှန်ပြောင်းဖြင့် ကြည့်မှသာ မြင်နိုင်သည့် အရွယ်အစားသို့ ရောက်ရှိသွားသည့်တိုင် ရေပြင် များ၊ ကမ်းခြေများ၊ ကမ်းရိုးတန်းများ၊ ပင်လယ်ကြမ်းပြင်များကို ညစ်ညမ်းစေကာ ရေနေသတ္တဝါများနှင့် ပိုမွှားများ၏ အစားခံရခြင်းမှတစ်ဆင့် လူတို့၏အစားအသောက်ဆိုင်ရာ ဇီဝဆင့်ကဲဖြစ်စဉ်အတွင်းသို့ တိတ်တဆိတ်ဝင်ရောက် အန္တရာယ်ပြုခြင်းကို မလွှဲမရှောင်သာနိုင်အောင် ဖြစ်လာ ရပေသည်။

အဆိပ်သင့်ရေမြှုပ်

ပင်လယ်သမုဒ္ဒရာရေပြင်ထက်တွင် အစိတ်အစိတ်အမွှာမွှာ ပြိုကွဲနေသော ပလတ်စတစ်အမှုန် အမွှားများသည် ယင်းသို့ မျောပါနေသော ပင်လယ်ရေပြင်မှ အခြားသော ညစ်ညမ်းပစ္စည်းများနှင့် ပေါင်းစည်းကာ အစုအဝေးတစ်ရပ်ဖြစ်လာပြီး ယင်းတို့ မျောပါနေသည့် ရေပြင်မှ အန္တရာယ်ပေးနိုင်စွမ်း ရှိသော ဓာတုပစ္စည်းများကို စုပ်ယူခြင်းအားဖြင့် ညစ်ညမ်းသော အဆိပ်သင့် ရေမြှုပ်များသဖွယ် ပြုမူလာ ကြသည်။

ရေကို စုပ်ယူခြင်း မပြုနိုင်သည့် PCB (Polychlorinated Biphenyls) နှင့် DDE (Dichlorodiphenyl Dichloro Ethylene) အစရှိသည့် ပျောက်ပျက်နိုင်ခဲ့သော ညစ်ညမ်းအော်ဂဲနစ် ဓာတုပစ္စည်းများ (Persistent Organic Pollutants-POPs) ကို စုပ်ယူသည်။ ယင်း POP တို့တွင် ပါရှိသော အဆိပ်အတောက်သည် ပင်လယ်ရေတွင်နေသည်ထက် ပလတ်စတစ်တွင်နေခြင်းက အဆိပ် ပြင်းအား အဆတစ်သန်းမျှ တိုးပွားသည်။

တစ်နည်းဆိုရသော် ရေမှ ပျံ့နှံ့လာသော POP များသည် ပလတ်စတစ်အမှုန်အမွှားတို့၏ မျက်နှာပြင်တွင် စုဝေးကာ အဆိပ်စွမ်းအားမြင့်တက်လာပြီး ပလတ်စတစ်သည်လည်း ကုန်းမြေတွင်ရှိစဉ် ထက် ပင်လယ်ရေပြင်တွင်ရှိခြင်းက အန္တရာယ်ပေးနိုင်စွမ်း ပိုမိုကြီးမားလာသည်ဟု ဆိုနိုင်မည်ဖြစ်သည်။

ပလတ်စတစ်ပစ္စည်းသက်တမ်း

ပလတ်စတစ်သည် အပြည့်အဝပြိုကွဲပျက်စီးခြင်းမရှိသော်လည်း ပျမ်းမျှအားဖြင့် နှစ်ပေါင်း တစ်ရာမှ ငါးရာအတွင်း ပျက်စီးလေ့ရှိသည်။ Polyolethylene, Polypropylene အစရှိသည်တို့ ကဲ့သို့သော စီးပွားရေးလုပ်ငန်းသုံး Polyolefin အမျိုးအစားများမှာ တာရှည်ခံရန်အတွက် အခြားဓာတု ဗေဒပစ္စည်းများ ထပ်ဆောင်းထည့်ထားသဖြင့် ထို့ထက်မကပင် သက်တမ်းကြာမြင့်နိုင်ပေသည်။ ပလတ် စတစ်ကုန်ပစ္စည်းတစ်ခုကို မြေတွင် ဇီဝဖြစ်စဉ်အရ ပြိုကွဲပျက်စီးစေရန် ပုံစံထုတ်လုပ်တည် ဆောက် ထားသည့်တိုင် ယင်းတို့၏ ဓာတုဗေဒပစ္စည်းများက သဘာဝ၏တိုက်ဖျက်နိုင်စွမ်းထက် ပိုမိုမြင့်မား နေသဖြင့် သက်တမ်းနှစ်ပေါင်းများစွာ တည်ရှိနိုင်ခြင်းပင် ဖြစ်သည်။

Marine Conservancy ခေါ် ပင်လယ်ရေပြင်ထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့က ကမ်းရိုးတန်း ရေပြင်တွင် အများဆုံးမြင်တွေ့ရလေ့ရှိသည့် ပလတ်စတစ်ကုန်ပစ္စည်းတို့၏ ခန့်မှန်းသက်တမ်းကို အောက်ပါအတိုင်း ဖော်ပြပေးထားပါသည်။

ရေဝဲစီးကြောင်း

ရေဝဲစီးကြောင်း(Gyre) ဆိုသည်မှာ ဗဟိုမှတ်တစ်ခုကို အခြေပြု၍ ဝဲလှည့်နေသော အရွယ် ပမာဏကြီးမားသည့် သမုဒ္ဒရာရေစီးကြောင်းကို ဆိုလိုသည်။ ကမ္ဘာ့မြောက်ခြမ်းရှိ ရေဝဲစီးကြောင်း တို့သည် နာရီလက်တံ လှည့်သည့်အတိုင်း ဝဲလှည့်ကာ ကမ္ဘာ့တောင်ဘက်ခြမ်း ရှိ ရေဝဲစီးကြောင်းတို့သည် နာရီလက်တံလားရာနှင့် ဆန့်ကျင်ဘက်ဝဲလှည့်သည်။ ရေဝဲစီးကြောင်းစုစုပေါင်းသည် သမုဒ္ဒရာအကျယ် အဝန်း၏ ၄၀ ရာခိုင်နှုန်းရှိပြီး ကမ္ဘာ့အကျယ်အဝန်း၏ ၂၅ ရာခိုင်နှုန်းရှိသည်၊ ရေဝဲ စီးကြောင်းအားလုံး သည် ပင်လယ်ရေမျက်နှာပြင်ထက်ရှိ စွန့်ပစ်ပစ္စည်းအပိုင်းအစများကို ဝဲလှည့် သယ်ဆောင်စုဝေးပေး ကြသည်။

ကမ္ဘာပေါ်တွင် အဓိကအားဖြင့် အပူပိုင်းဒေသ၊ သမုဒ္ဒရာရေဝဲစီးကြောင်း ငါးခုရှိသည်။ ယင်း တို့မှာ တောင်နှင့်မြောက် ပစိဖိတ်အပူပိုင်းရေဝဲစီးကြောင်း၊ တောင်နှင့်မြောက် အတ္တလန်တိတ် အပူပိုင်း ရေဝဲစီးကြောင်း၊ အိန္ဒိယသမုဒ္ဒရာ အပူပိုင်းရေဝဲစီးကြောင်းတို့ ဖြစ်သည်။ ရေဝဲစီးကြောင်းတို့၏ သဘာဝ အရ မြောက်ပစိဖိတ်ရေဝဲစီးကြောင်းတွင် တွေ့ရှိရသော Great Garbage Patch မျိုးကို အခြားသော ရေဝဲစီးကြောင်းများ တွင်လည်း တွေ့ရှိနိုင်မည်ဟု မျှော်လင့်ရသည်။

ရေဝဲစီးကြောင်းတစ်ခု၏ အရွယ်အစားကို တိုင်းတာရန် ခက်ခဲသော်လည်း မြောက်ပစိဖိတ် အပူပိုင်းရေဝဲစီးကြောင်းသည် အကြမ်းအားဖြင့် စတုရန်းမိုင်သန်းပေါင်း ခုနစ်သန်းမှ ကိုးသန်းမျှအထိ ရှိမည်ဟု ခန့်မှန်းရသည်။ စတုရန်းမိုင် သုံးသန်းခန့်ကျယ်ဝန်းသည့် အမေရိကန်ပြည်ထောင်စု၏ တစ်ဖက်တစ်စပ်တည်းသော မြေအကျယ်အဝန်း(အလာစကာပြည်နယ်နှင့် ဟာဝိုင်ဟီကျွန်းတို့ မပါဝင်ပါ) ထက်၊ သုံးဆခန့်ကျယ်ဝန်းသည်ဟု အကြမ်းအားဖြင့် ခန့်မှန်းနိုင်သည်။

စွန့်ပစ်ပစ္စည်းဒိုက်ပုံ

မြောက်ပစိဖိတ်အပူပိုင်းရေဝဲစီးကြောင်းရှိ Great Garbage Patch သည် အရှေ့ခြမ်းနှင့် အနောက်ခြမ်းရှိ သီးခြားစီဖြစ်သော ဒိုက်ပုံနှစ်ခုကို ပေါင်းစည်းထားခြင်း ဖြစ်သည်။ ထိုဒိုက်ပုံနှစ်ခုမှာ မိုင်ပေါင်းခြောက်ထောင်မျှ ကွာဝေးကာ North Pacific Convergence Zone  ခေါ် စင်္ကြံလမ်းကြောင်း ဖြင့် သွယ်တန်းဆက်သွယ်ထားသည်။  အဆိုပါစင်္ကြံလမ်းကြောင်းကိုယ်နှိုက်ပင်လျှင် ပင်လယ်ရေပြင် မျောပါသွားလာနေကြသော ပလတ်စတစ်အကျိုး အပဲ့အစအနများစုဝေးရာဇုန်တစ်ခုဖြစ်သည်။

အရှေ့ဘက်ခြမ်းပစိဖိတ်စွန့်ပစ်ပစ္စည်းဒိုက်ပုံ (Eastern Pacific Garbage Patch) သည် ဂျပန်နှင့် ဟာဝိုင်ယီ အကြားတွင်ရှိပြီး အနောက်ဘက်ခြမ်းပစိဖိတ်စွန့်ပစ် ပစ္စည်းဒိုက်ပုံ (Western Pcific Garbage Patch) သည် ဟာဝိုင်ယီနှင့် ကယ်လီဖိုးနီးယားအကြားတွင် တည်ရှိသည်။ မြောက် ပစိဖိတ်ရေဝဲစီးကြောင်း၏ လှည့်ပတ်မှုပုံစံအရ အာရှဒေသမှ စွန့်ပစ်ပစ္စည်းများကိုပင် အမေရိကန်ပြည် ထောင်စုရေပြင်ဆီသို့ သယ်ဆောင်လာသည်ကို တွေ့ရသည်။

စွန့်ပစ်ပစ္စည်းဒိုက်ပုံဟု အမည်ပေးထားသည့်အတွက် ပင်လယ်ရေပြင်ပေါ်တွင် စွန့်ပစ်ပစ္စည်း အမျိုးစုံတို့၏ အစုအဝေးများကို အလွယ်တကူမြင်တွေ့နိုင်မည်ဟု လူအများက ထင်မှတ်ကြသော်လည်း စင်စစ်တွင် ယင်းတို့၏ ထင်မြင်ချက်မှာ ရာနှုန်းပြည့်မှန်ကန်ခြင်း မရှိပေ။ စွန့်ပစ်ပစ္စည်းဒိုက်ပုံရှိရာ ရေပြင်ပေါ်တွင် ကြီးမားသော ပစ္စည်းအစိတ်အပိုင်းများကို အလွယ်တကူတွေ့မြင်နိုင်သော်လည်း ယင်း ဒိုက်ပုံတို့၏ ကြီးမားလှသော အဓိကအစိတ်အပိုင်းမှာ ရေတွင်ပေါ်နိုင်သော ပလတ်စတစ်စေ့ငယ်များသာ ဖြစ်သည်။ ယင်းတို့သည် သာမန်မျက်စေ့ဖြင့် မမြင်တွေ့နိုင်လောက်အောင် အရွယ်အစားသေးငယ်ရုံ သာမက ရေမျက်နှာပြင်အထက်တွင်  ရှိနေခြင်းမဟုတ်ဘဲ၊ ပင်လယ်ရေမျက်နှာပြင်မှ တစ်ဆယ်မီတာ ခန့်အနက်အတွင်း စုဖွဲ့တည်ရှိနေခြင်းဖြစ်ကြောင်း သုတေသနရလဒ်များအရ သိရှိရသည်။

ဆိုးကျိုးသက်ရောက်ခြင်းများ

ပင်လယ်ရေပြင်အတွင်း စွန့်ပစ်ပစ္စည်းများအနက် အရွယ်အစားအကြီးဆုံးအဖြစ် တွေ့ရှိရသော ပစ္စည်းမှာ  စွန့်ပစ်ငါးဖမ်းပိုက်များဖြစ်ပြီး မိုင်ထောင်ချီ၍ ရှည်လျား တတ်ကြသည်။ တစ္ဆေပိုက်များဟု လည်း ခေါ်ဆိုကြသည်။ စွန့်ပစ်ငါးဖမ်းပိုက်များကြောင့် ပင်လယ်ဖျံ၊ လင်းပိုင်၊ ပင်လယ်လိပ်၊ ငါးမန်း၊ ရေဝက်၊ မိကျောင်း၊ ပင်လယ်ပျော်ငှက်၊ ဂဏန်းနှင့်အခြားသော ရေနေသတ္တဝါတို့၏ အသက်အန္တရာယ်ကို ထိခိုက်လျက်ရှိသည်။ ပိုက်ကွန်အတွင်း ငြိမိရာမှ ရုန်းထွက်မရဘဲ ဒဏ်ရာအနာတရဖြစ်ခြင်း၊ လှုပ်ရှားမှု မပြုနိုင်ခြင်း စသည်တို့အပြင် ရေမျက်နှာပြင်အထက်သို့ လေရှုရန် တက်ရောက်ရသည့် ရေနေသတ္တဝါ တို့မှာလည်း အသက် ရှုကြပ်ခြင်းနှင့် ကြုံတွေ့ရသည်။

အဆိပ်သင့်နေသော ပလတ်စတစ်စေ့များကို အစာအမှတ်ဖြင့် စားသောက်မိခြင်းအားဖြင့်လည်း ဝေလငါး၊ ပင်လယ်ဖျံစသည့် ရေနေသတ္တဝါများမှသည် အဏုဇီဝပိုးမွှားများသာမက ကမ်းခြေတွင်နေထိုင် သော ငှက်များသည်ပင် အသက်သေဆုံးကြရသည်။ သုတေသနရလဒ်များအရ အနည်းဆုံးသက်ရှိမျိုး စိတ်ပေါင်း ၂၆၇ မျိုးမှာ စွန့်ပစ်ပလတ်စတစ်ပစ္စည်း၏ ဘေးထွက်ဆိုးကျိုးသက်ရောက်မှုခံစားနေရပြီး၊ ရေနေသတ္တဝါတစ်သိန်းခန့် နှင့် သန်းချီသော ငါးနှင့်ငှက်တို့မှာလည်း နှစ်စဉ်သေဆုံး နေကြရကြောင်း သိရှိရသည်။

ပင်လယ်ပြင်အတွင်း ပြိုကွဲပျက်စီးသည့် ပလတ်စတစ်တို့သည် အနာဂတ်ကမ္ဘာကို ညစ်ညမ်းစေ မည့် ခြိမ်းခြောက်မှု အသစ်တစ်ရပ်ဖြစ်လာနေကြောင်း သုတေသနပညာရှင်တစ်ဦးဖြစ်သူ Katsushiko Saido က ပြောကြားခဲ့သည်။ ရေနေသတ္တဝါတို့ကို အသက် အန္တရာယ်ကျရောက်စေခြင်းမှသည် လူတို့၏ အစား အသောက်ဆိုင်ရာ ဆင့်ကဲဇီဝဖြစ်စဉ် (Food Chain) အပေါ်တွင်လည်း ဆိုးကျိုးသက်ရောက်မှု ဖြစ်နိုင်ချေကို လေ့လာဆန်းစစ်ရမည်ဖြစ်သည်။

Saido ၏ သုတေသနတွေ့ရှိချက်များအရ ရေပြင်တွင် ပြိုကွဲပျက်စီးသော Polystyrene  ပလတ်စတစ်တို့က Bispherol A (BPA) ခေါ် ဓာတုပစ္စည်းများကို ထုတ်လွှတ်သည်။ BPA သည် ရေနေသတ္တဝါတို့၏ မျိုးပွားစနစ်ကို ထိခိုက်စေသည့်အပြင် အဆိပ်အတောက်လည်းဖြစ်စေသည်။ အစား အစာမှ စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးသော Metabolism စနစ်ကိုလည်း ထိခိုက်စေသည်။ Polystyrence ပလတ်စတစ်၏ မိုနိုမာသည် ကင်ဆာဖြစ်စေနိုင်သော ဓာတ်ပစ္စည်းဖြစ်နိုင်ကြောင်း သံသယဖြစ်ဖွယ်ရှိသည်။

ထို့အပြင် ပင်လယ်ကမ်းခြေများ ကမ်ရိုးတန်းများ၊ ပင်လယ်ကြမ်းခင်းများတို့သည်လည်း ပလတ် စတစ်စွန့် ပစ်ပစ္စည်းများကြောင့် ညစ်ညမ်းမှုဖြစ်သည့်အပြင် ပင်လယ်ရေပြင်၏ ဂေဟစနစ်အပြောင်း အလဲဖြစ်ခြင်း၊ သန္တာကျောက်ဆောင်များပျက်စီးခြင်း အစရှိသည့်များစွာသော ဆိုးကျိုးတို့လည်း သက်ရောက်လျက်ရှိသည်။

ပင်လယ်ပြင်ကို ညစ်ညမ်းစေသူများ

ထိုမျှအန္တရာယ်များပြားလှသော စွန့်ပစ်ပလတ် စတစ်ပစ္စည်းများကို ပင်လယ်ရေပြင်အတွင်းသို့ အများဆုံးစွန့်ပစ်နေသည့် နိုင်ငံပေါင်းနှစ်ဆယ်စာရင်းထုတ်ပြန်ခဲ့ရာ၌ အာရှနိုင်ငံအများစုက ထိပ်ဆုံးမှ ပါဝင်လာသည်ကို တွေ့မြင်ရသည်။ အာရှငါးနိုင်ငံမှ ကောင်းစွာစီမံခန့်ခွဲခြင်းမပြုနိုင်ဘဲ ပင်လယ်ရေပြင် အတွင်းသို့ စွန့်ပစ်လျက်ရှိသည့် ပလတ်စတစ်တန်ချိန်အရေအတွက်မှာ အခြားနိုင်ငံများ၏ စုစုပေါင်း စွန့်ပစ်မှုထက်ပင် ပိုမိုများ ပြားနေပေသေးသည်။

၂၀၁၀ ပြည့်နှစ်က ထုတ်ပြန်ခဲ့သော နိုင်ငံအလိုက် စွန့်ပစ်မှုစာရင်းကို ဇယား(၁)တွင် လေ့လာနိုင်ပါသည်။

 

သုတေသနစစ်တမ်းများအရ ကမ္ဘာ့ပင်လယ်ရေပြင်သို့ ရောက်ရှိလျက်ရှိသော စွန့်ပစ်ပလတ်စတစ် ပစ္စည်းများ၏ ၉၅ ရာခိုင်နှုန်းမှာ ကမ္ဘာ့နိုင်ငံများ၊ မြစ်ကြီး ဆယ်စင်းဆီမှ ဝင်ရောက်ခြင်းဖြစ်ကြောင်း ထိတ်လန့်တုန်လှုပ်ဖွယ်ရာ သိရှိလာကြပြီး ထိုမြစ်ကြီးဆယ်စင်းအနက် ရှစ်စင်းမှာ အာရှနိုင်ငံများ မှဖြစ်သော တရုတ်နိုင်ငံမှ ယန်စီမြစ်၊ အိန္ဒိယနိုင်ငံမှ ဂင်္ဂါမြစ်၊ အင်ဒိုနီးရှား နိုင်ငံမှ ဘရန်တတ်စ်မြစ်တို့ အပါအဝင်ဖြစ်သည်။

အာရှနိုင်ငံများ၏ ပလတ်စတစ်ညစ်ညမ်းမှု တားဆီးရေးဆောင်ရွက်ချက်များ

ပင်လယ်ပြင်အတွင်း မလိုလားအပ်သော စွန့်ပစ်ပလတ်စတစ်ပစ္စည်းများ လျှော့ချနိုင်ရေးအတွက် အာရှနိုင်ငံများစွာတို့က ပလတ်စတစ်အိတ်သုံးစွဲမှု ပိတ်ပင်ခြင်း၊ အကန့်အသတ်ပြုခြင်းများဖြင့် ဆောင် ရွက်လာနေ ကြပြီဖြစ်သည်။

ပလတ်စတစ်စွန့်ပစ်မှု ထိပ်တန်းနိုင်ငံနှစ်ဆယ်တွင် ပါဝင်သော အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့အပါအဝင် ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ ထိုင်ဝမ် အစရှိသော နိုင်ငံများတွင် ပလတ် စတစ်အိတ်သုံးစွဲမှု ထိန်းချုပ်ရေးတားဆီးပိတ်ပင်ရေးများကို နည်းလမ်းမျိုးစုံဖြင့်ဆောင်ရွက်ခြင်း၊ အသိ ပညာပေးလှုံ့ ဆော်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြသည်။

မြန်မာနိုင်ငံသည်လည်း HDPF အမျိုးအစား ပလတ်စတစ်အိတ်ပါးများ ထုတ်လုပ်သုံးစွဲခြင်းကို တားမြစ်ပိတ်ပင်ထားခဲ့ပြီး ပျောက်ပျက်နိုင်ခဲသော ညစ်ညမ်းအော်ဂဲနစ် ဓာတုဗေဒပစ္စည်းများ (POPS) ဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်ဖြစ်သည့် Stock-holm Convention တွင် ပါဝင်လက်မှတ်ရေး ထိုးခဲ့ပြီး ဖြစ်သည်။

စတော့ဟုမ်းကွန်ဗင်းရှင်း

ပတ်ဝန်းကျင်နှင့် လူသားတို့၏ကျန်းမာရေးအား  တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ချောက်လှန့် လျက်ရှိသော Persistent Organic Pollutants (POP) ခေါ် ပျောက်ပျက်နိုင်ခဲသော ညစ်ညမ်း အော်ဂဲနစ်ဓာတုပစ္စည်းများ၏ ဘေးရန်မှ ကာကွယ်ရန်ရည်ရွယ်ချက်ဖြင့် စတော့ ဟုမ်းကွန်ဗင်းရှင်းကို ၂၀ဝ၁ ခုနှစ်၊ မေလ ၂၂ ရက်နေ့ တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ အတည်ပြုချမှတ်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀ဝ၄ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့တွင် စတော့ဟုမ်းကွန်ဗင်းရှင်းအား ပါဝင်လက် မှတ်ရေးထိုးခဲ့သည်။ မြန်မာနိုင်ငံအပါအဝင် စတော့ဟုမ်း ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံပေင်း ၁၈၀ ကျော်ရှိသည်။

ထိုကွန်ဗင်းရှင်းက သတ်မှတ်ထုတ်ပြန်ထားသော POP အမျိုးအစား ၂၈ မျိုးတွင် ပိုးသတ်ဆေး များနှင့် လုပ်ငန်းသုံးဓာတုဗေပစ္စည်းများ အဓိကပါဝင်သည်။ ထို POP များကို ထုတ်လုပ်ခြင်း၊ သုံးစွဲခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်း မပြုရန် တားမြစ်ပိတ်ပင်ကာ ဖြည်းဖြည်းချင်းပပျောက်သွား စေရန် လမ်းညွှန်ချက်များချမှတ် ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ POP ၂၈ မျိုးသည် အဆိပ်အပြင်းစားများ ဖြစ်သည့်အပြင် ပြိုကွဲပျက်စီးရန် မလွယ်ကူသော၊ တာရှည်ခံဓာတုပစ္စည်းများဖြစ်ခြင်း၊ အဆီတွင်ပျော်ဝင်လွယ်ခြင်း၊ ရေစီးကြောင်းနှင့် လေတိုက်ခတ်ခြင်းတို့မှတစ်ဆင့် မိုင်ပေါင်းများစွာသို့ ပျံ့နှံ့ရောက်ရှိနိုင်စွမ်းရှိခြင်းစသော ဂုဏ်သတ္တိများရှိ ကြသည်။ ကင်ဆာရောဂါ အပါအဝင် ရောဂါကြီးအမျိုးမျိုးကိုလည်း ဖြစ်ပေါ်စေ နိုင်သည်။

ရေစီးကြောင်းသယ်ဆောင်ရာသို့ပါသွားသော POP များသည် ပလတ်စတစ်စေ့များ၏ စုပ်ယူမှု ဖြင့် အဆိပ်ပြင်းအား အဆမတန်ပွားများကာ ရေနေသတ္တဝါတို့အပေါ် အသက်အန္တရာယ်ကြီးစွာ ကျရောက်စေနိုင်ပေသည်။

မြန်မာနိုင်ငံ

၂၀၁၀ ပြည့်နှစ်အတွင်း ထုတ်ပြန်ခဲ့သော ပင်လယ် ရေပြင်သို့ ပလတ်စတစ်ပစ္စည်းစွန့်ပစ်မှု အများဆုံးနိုင်ငံ ၂၀ အနက်အဆင့် ၁၇ တွင် ဖော်ပြထားခြင်းခံရသော မြန်မာနိုင်ငံ၌လည်း ပလတ်စတစ် သုံးစွဲမှုလျော့ချရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နေပြီဖြစ်သည်။

၂၀၁၈ ခုနှစ် မတ်လတွင် ဖွဲ့စည်းခဲ့သော သန့် မြန်မာအဖွဲ့က ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း အသိပညာပေးခြင်း၊ ပလတ်စတစ်ရေဘူးများသုံးစွဲမှု လျှော့ချနိုင်ရေးအတွက် ရေချမ်းစင်များ တည် ဆောက်ပေးခြင်း အစရှိသည့် လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လာနေပြီဖြစ်သည်။

လက်ရှိခန့်မှန်းချက်များရ မြန်မာနိုင်ငံ၏ စွန့်ပစ် ပလတ်စတစ်ပစ္စည်းထွက်ရှိမှုမှာ ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း သုံးဆမျှမြင့်တက်လာကာ မြန်မာ့ရေစီးကြောင်းများအတွင်းသို့ စွန့်ပစ်ပစ္စည်း များ နေ့စဉ် ဝင်ရောက်မှုမှာ တန်ချိန် ၂၀ဝ ခန့်အထိ ရှိနေပြီဖြစ် ကြောင်း သိရှိရသည်။

ပလတ်စတစ်အသုံးပြုမှုလျှော့ချရေးအကြံပြုချက်များ

ပလတ်စတစ်အသုံးပြုမှုလျှော့ချရေး အကြံပြုချက် အများအပြားရှိသည့်အနက် မြန်မာနိုင်ငံနှင့် လိုက်လျော ညီထွေရှိသော အချက်အလက်အချို့ကို အောက်ပါ အတိုင်း ရွေးချယ်ဖော်ပြအပ်ပါသည်။

၁။        အအေးသောက်ရာတွင် ပလတ်စတစ်ပိုက် (Starw)များကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။

၂။        တစ်ခါသုံးပလတ်စတစ်အိတ်များကို အသုံးမပြုပါ နှင့်။

၃။        ပီကေခေါ် Chewing Gum စားသုံးခြင်းမပြုပါနှင့်။

၄။        ပလတ်စတစ်ပုလင်းများအစား ကတ်ထူဘူးများဖြင့် ထုပ်ပိုးသော ကုန်ပစ္စည်းကို ပြောင်းလဲ ဝယ်ယူပါ။

၅။        စားသောက်ဖွယ်ရာဝယ်ယူရာ၌ ဖော့ဘူး၊ ဖော့ခွက် နှင့် ပလတ်စတစ်အိတ်အစားချိုင့်၊ ခွက်များ               ပြောင်းလဲသုံးစွဲပါ။

၆။        ပလတ်စတစ်ကိုယ်ထည်ဖြင့်ပြုလုပ်သော ဂက်စ်            မီးခြစ်အစား သစ်သားမီးခြစ်ကို သုံးစွဲပါ။

၇။        ပလတ်စတစ်ပတ်ထားသော အေးခဲသားများကို ဝယ်ယူခြင်းမပြုပါနှင့်။

၈။        အိမ်တွင် ပလတ်စတစ်ခွက်ယောက်ပစ္စည်းများ သုံးစွဲခြင်းမှရှောင်ရှားပါ။

၉။        သစ်သီးများကို ကိုယ်တိုင်ဖျော်သောက်ခြင်းဖြင့် ပလတ်စတစ်ဘူး အသုံးပြုခြင်းကို ရှောင်ရှားပါ။

၁၀။      ထမင်းဘူးကို ပြန်လည်အသုံးပြုနိုင်သော ချိုင့်၊ ခွက်တို့ဖြင့်သာ အသုံးပြုပါ။

၁၁။      တစ်ခါသုံး မုတ်ဆိတ်ရိတ်စက်များကို မသုံးပါနှင့်။

တစ်ခါသုံးပလတ်စတစ်ပစ္စည်းအကြောင်း အကျဉ်းချုပ်

တစ်ခါသုံးပလတ်စတစ်ပစ္စည်းများသည် အမြင်တွင် မကြီးကျယ်သော်လည်း များပြားလှသော နေ့စဉ်စွန့်ပစ်မှုက ကမ္ဘာကြီးအား ခြိမ်းခြောက်လျက်ရှိသော ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်ကို ကြီးစွာအထောက်အကူပြုနေသော ပစ္စည်းများဖြစ်သည်။ ယင်းတို့နှင့် ပတ်သက်သော သိမှတ်ဖွယ်ရာ အချို့ကို အောက်ပါအတိုင်း အကျဉ်းချုပ်ဖော်ပြအပ်ပါသည်။

၁။        ၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာ့ပလတ်စတစ်ထုတ်လုပ်မှုမှာ မက်ထရစ်တန်ချိန် ၃၃၅ သန်း အထိရောက်ရှိခဲ့သည့်အနက် ထက်ဝက်ခန့်မှာ တစ်ခါသုံးပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်ခြင်း ဖြစ်သည်။

၂။        လူတို့သည် တစ်မိနစ်လျှင် ပလတ်စတစ်ဘူးပေါင်းတစ်သန်းမျှ ဝယ်ယူသုံးစွဲနေကြပြီး ယင်းတို့ အနက် ၂၃ %ခန့်သာ ပြန်လည်ထုတ်လုပ်သုံးစွဲမှု (Recyle) ရှိသည်။

၃။        ကမ္ဘာတစ်ဝန်းလုံးတွင် နှစ်စဉ်ပလတ်စတစ်အိတ်လေးထရီလီယံ (သန်းပေါင်းလေးသန်း)မျှရှိပြီး ယင်းတို့အနက် ၁ ရာခိုင်နှုန်းမျှသာ ပြန်လည်ထုတ်လုပ်သုံးစွဲမှုရှိသည်။

၄။        ကမ္ဘာတစ်ဝန်းလုံး၌ အအေးပိုက် (Straw) သုံးစွဲမှု မှာ တစ်ရက်လျှင် ငါးသိန်းခန့်ရှိသည်။

၅။        တစ်ခါသုံးဖော့ခွက်သုံးစွဲမှုမှာ တစ်နှစ်လျှင် ၅၀ဝ ဘီလျံမျှရှိသည်။ အဆိုပါဖော့ခွက်များသည် ပြန် လည်ထုတ်လုပ်သုံးစွဲခြင်း၊ လုံးဝပြုလုပ်နိုင်ခြင်းမရှိပါ။ မြေဖို့ရာတွင်သာ အသုံးပြုနိုင်သော ဖော့ခွက်များသည် နှစ်ပေါင်း ၅၀ဝ မျှအထိ  မပျက်မစီးတည်ရှိနိုင်သည်။

၆။        ပလတ်စတစ်ထုတ်လုပ်မှု တိုးတက်လာသည့် အဓိကအကြောင်းရင်းမှာ ပလတ်စတစ်ကို ထုပ်ပိုး ကုန်ပစ္စည်းအဖြစ် အသုံးတွင်လာခြင်းကြောင့်        ဖြစ်သည်။ ၂၀၁၅ ခုနှစ်အတွင်း ဖိုင်ဘာ မဟုတ် သော ပလတ်စတစ်ထုတ်လုပ်မှု၏ ၄၂ ရာခိုင်နှုန်းမှာ ပလတ်စတစ်ထုပ်ပိုးကုန်ပစ္စည်းများအတွက် သာဖြစ်သည်။ ယင်းတို့အနက်မှ ၅၂ ရာခိုင်နှုန်းမှာ ယခုအခါ စွန့်ပစ်ပလတ်စတစ်ပစ္စည်းအဖြစ်သို့ ရောက်ရှိပြီးဖြစ်သည်။

၇။        ပလတ်စတစ်ထုပ်ပိုးကုန်အဖြစ် အသုံးပြုရန် နှစ်စဉ် ထုတ်လုပ်မှုပမာဏ ၇၈ သန်းအနက် ၃၂ ရာခိုင်နှုန်းမှာ ပင်လယ်သမုဒ္ဒရာရေပြင်တွင် စွန့်ပစ်ပစ္စည်းအဖြစ် ရောက်ရှိသည်။ ဤသည်မှာ ပင်လယ်အတွင်းသို့ တစ်မိနစ်လျှင် ထရပ်ကားတစ်စီးစာ စွန့်ပစ်ခြင်းနှင့်ညီမျှသည်။ အဆိုပါနှုန်း ထားသည် ၂၀၃၀ ပြည့် နှစ်တွင် နှစ်ဆမြင့်တက်လာနိုင်မည်ဖြစ်ပြီး ၂၀၅၀ ပြည့် နှစ်တွင် လေးဆအထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းရသည်။ ၂၀၅၀ ပြည့်နှစ်တွင် ပင်လယ်ရေပြင်၌ ငါးအရေအတွက်ထက် ပလတ်စတစ်ကပိုမိုများပြားနေမည်ဖြစ်သည်ဟု ဆိုနိုင်သည်။

၈။        တစ်ခါသုံးပလတ်စတစ်ပစ္စည်းများကြောင့် ဖြစ်ပွားသော ပလတ်စတစ်ညစ်ညမ်းမှုထိန်းချုပ်နိုင် ရေးအတွက် အကောင်းဆုံးသောနည်းလမ်းမှာ လူတစ်ဦးချင်း၏ ပလတ်စတစ်သုံးစွဲမှု လျှော့ချ ခြင်းပင်ဖြစ်သည်။

နိဂုံး

ပလတ်စတစ်၏ ဘေးထွက်ဆိုးကျိုးမှာ လူတို့ထင်မှတ်ထားသည်ထက်များစွာ ကြီးမားနေ ကြောင်း တွေ့ရှိခဲ့ကြရပြီး ကမ္ဘာ့ပင်လယ်ရေပြင်ထက်မှ မိုင်ထောင်ချီရှည်လျားသော စွန့်ပစ်ပလတ်စတစ် ဒိုက်ပုံကြီးများက ကမ္ဘာ့နိုင်ငံအသီးသီမှ ခေါင်းဆောင်များကိုပင် အံ့အား အသင့်ကြီးသင့်စေခဲ့ပြီဖြစ် သည်။

ပလတ်စတစ်ညစ်ညမ်းမှုသည် မြန်မာနိုင်ငံတွင်လည်း တိုးပွားလာနေသည့် ပြဿနာတစ်ရပ် ဖြစ်လာနေကာ နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထုတို့ ပူးပေါင်းဆောင်ရွက်ဖြေရှင်းကြရမည့် ပြဿနာ တစ်ရပ်လည်းဖြစ်သည်။

နောင်လာမည့် မျိုးဆက်သစ်အတွက် ပလတ်စတစ်ညစ်ညမ်းမှုကင်းစင်သော ကမ္ဘာမြေချန်ထား နိုင်ရေးအတွက် မြန်မာနိုင်ငံသားတို့သည်လည်း ကမ္ဘာ့လူထုနှင့်အတူ လက်တွဲဆောင်ရွက်ကြရန် ယနေ့ ပင်စတင် ဆောင်ရွက်လိုက်ကြပါစို့ဟု တိုက်တွန်းရေးသားဖော်ပြလိုက်ရပါသည်။

(မှတ်ချက်။    ။ ဤဆောင်းပါးတွင် ဖော်ပြပါရှိသည့် ပညာရပ်ဆိုင်ရာအသုံးအနှုန်းအချို့ကို မြန်မာစာဖြင့် ရေးသားဖော်ပြရာ၌ သက်ဆိုင်ရာပညာရပ်နယ်ပယ်မှ တရားဝင်အသုံးအနှုန်းများကို ရှာဖွေရန် လက်လှမ်းမမီသဖြင့် ဆောင်းပါးရေးသားသူ၏ အာဘော်ဖြင့်သာ ဘာသာပြန်ဆိုရေးသားထား ပါသည်။ သက်ဆိုင်ရာ ပညာရပ်နယ်ပယ်မှ တရားဝင်အသုံးအနှုန်းများနှင့် ဝေါဟာရအားဖြင့် ကွဲလွဲ ကောင်း ကွဲလွဲနိုင်မည်ဖြစ်သော်လည်း အဓိပ္ပာယ်အနှစ်သာရအားဖြင့် ကွဲလွဲမှုမရှိနိုင်ပါကြောင်း ဖော်ပြ အပ်ပါသည်။)

ရာပြည့်

Reference:     1)        When the Mermaids Cry: The Great Plastic Tide by Claire Le                                              Guern, Last Update in March 2018.

2)        သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းမှုဖြစ်စေပြီး ကြာရှည်စွာမပျောက်မပျက် တည်မြဲနေနိုင်သည့် (Persistent Organic Pollutants -POPs)အကြောင်း သိကောင်းစရာ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ Facebook Post ၂၀၁၈ ခုနှစ်၊ ဇွန်လ ၆ ရက်။

3)        Stockholm Convention on Persistent Organic Pollutants  (Wikipedia)

4)        Thant Myanmar: Grassroots Movement Fighting Against  Plastic Pollution Myanmar internationaltv.com, May 31, 2018

5)        Five Asian Countries Dump More Plastic into Oceans Than Anyone Else Combined; How You Can Help, Forbes Magazine, April 21,2018

6)        Shocking Report reveals that 95% of Plastic Polluting the World’s Oceans Comes from just TEN Rivers including the Ganges and Niger by Shivali Best for Mailonline,11 October 2017.

7)        Top 20 Countries Ranked by Mass of Mismanged Plastic Waste by                                    Earth Day 2018, END PLASTIC POLLUTION

8)        How Are Asian Countries Tackling Plastic Pollution? by Lainey Loh, Mar 30, 2018 ,Asian Correspondent

9)        Fact Sheet: Single Use Plastics by Earth Network, Earth Day 2018, ENDPLASTIC POLLUTION

10)      Scientists estimate total weight of Plastic floating in world’s Oceans: Nearly 269,000 tons of plastic pollution floating in the oceanby Science Daily, December 2014.

 

 

Please follow and like us:
0