နိုင်ငံ့ပုံရိပ်အတွက် ချမှတ်သင့်တဲ့ မူဝါဒတွေ

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ခရီးစဉ်အပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာမှာရော ပြည်တွင်းရဲ့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးမှာပါ အပြောင်းအလဲတွေ ရှိလာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ စစ်အာဏာရှင်သက်တမ်းတလျှောက် ပြည်သူလူထုက  ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အကူအညီကို အမျှော် လင့်ကြီး မျှော်လင့်ခဲ့ကြပေမယ့် သူတို့ဟာ ရောက်မယ့် ရောက်လာတော့ ခုလို လူမှုရေးသဟဇာတအရ ဆတ်ဆတ်ထိ မခံဖြစ်နေတဲ့ အခြေအနေမျိုးမှာမှ ရောက်လာ ခဲ့ပါတယ်။ ခေတ်အဆက်ဆက်မှာ ကြီးငါးကြီး ကြီးစိုး ထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့လက်ထဲကို ဘယ်လိုအစီရင်ခံစာတင်ပြလွှာတွေ ရောက်သွားသွား ဗီတိုမဲ တစ်မဲ ဒါမှမဟုတ် နှစ်မဲကြောင့် မြန်မာ့ဒီမိုက ရေစီရေးအတွက် ထိရောက်ပီပြင်တဲ့ ဆုံးဖြတ်ချက်နဲ့ ဖြေရှင်းချက်တွေ မရှိခဲ့ဖူးပါဘူး။ ပြင်းထန်စွာ သတိပေး တာမျိုး၊ ပြစ်တင်ရှုတ်ချတာမျိုးလောက်နဲ့ပဲ ပြီးခဲ့တာများ ပါတယ်။ ခုတော့ ရခိုင်ဒေသမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို တင်ပြီး ဖြေရှင်းတဲ့နည်းကို သုံးမလား၊ ပြည်တွင်းက ကိုယ့် ဘာသာပဲ ဒီအရေးကို စုံစမ်းအဖြေရှာအရေးယူဖြေရှင်းတဲ့ နည်းကို သုံးမလားဆိုတာမျိုး မေးလာပါတယ်။ ဗီတို ပေးနေကျနိုင်ငံတွေလည်း အသံတိတ်နေပါပြီ။ ဒါကြောင့် ဒီအချိန်က မြန်မာ့ပြည်တွင်းမှာ ရှေ့ရေးအတွက်  စဉ်းစားဆုံးဖြတ်တဲ့အခါ ရခိုင်ပြည်နယ်အရေးကို ဘယ် လိုတုံ့ပြန်မလဲဆိုတာအပြင် ရေရှည်နိုင်ငံခြားရေးမူဝါဒ နဲ့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးကိုပါ မူဝါဒတိတိ ကျကျ ထုတ်ပြန်ပြီး ရွှေ့ဖို့ ဆုံးဖြတ်သင့်တဲ့အချိန်လို့ ဆိုရပါမယ်။

ရခိုင်ပြည်နယ်အရေးကို ဘယ်လိုနားလည်နေကြလဲ

ဒီမေးခွန်းက သိပ်အရေးကြီးပါတယ်။ ရခိုင် ပြည်နယ်အရေးအပေါ် နားလည်မှုဟာ နိုင်ငံတကာနဲ့ ပြည်တွင်းကြားမှာ ကွဲလွဲနေတယ်ဆိုတာကို သတိပြုကြ ရမယ်လို့ ထင်ပါတယ်။ အဲဒီလိုပဲ ပြည်တွင်းထဲမှာလည်း အစုအဖွဲ့အလိုက် ကွဲပြားစွာ နားလည်နေကြတာက လည်း သတိပြုကြရမယ့်အချက်ပါပဲ။

နိုင်ငံတကာကနားလည်ထားတာက ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ရောက်နေသူတွေအားလုံးဟာ မြန်မာနိုင်ငံ ရဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုမခံရတဲ့ နိုင်ငံသား တွေလို့ ဖြစ်ပါတယ်။ သူတို့က အဲဒီလူတွေထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စစ်တကောင်းဒေသမှာ နေထိုင်တဲ့ သူတချို့ပါ ရောပါနေနိုင်တယ်လို့ မတွက်ဆနိုင်ပါဘူး။ ပြည်တွင်းကလူတွေကတော့ အနောက်တံခါးဟာ ဘယ် တုန်းကမှ မလုံဘူး၊ ဟိုဘက်ဒီဘက် ကူးလူးဆက်ဆံမှု တွေ သိပ်များတယ်၊ မြေနည်းပြီး လူများတဲ့ ဘင်္ဂလား ဒေ့ရှ်ကနေ လူတချို့ဟာ မြေများပြီး လူနည်းတဲ့ မြန်မာ ပြည်ဘက်ကို သမိုင်းတလျှောက် မကြာခဏ ခိုးဝင်လေ့ ရှိတယ်၊ ဒါကြောင့် ၂၀၁၇ သြဂုတ်အရေးအခင်းမှာ လူခုနစ်သိန်းကျော် ဟိုဘက်ကို ထွက်သွားတယ်ဆို ပေမယ့် အားလုံးဟာ ဒီဘက်က နိုင်ငံသားတွေလား၊ ခိုးဝင်တွေ ပါနေမလားဆိုတဲ့ သံသယရှိကြသလို ပြန် လက်ခံရာမှာ ဟိုဘက်ကလူတချို့ပါ ရောယောင်ပြီး ပါလာမှာကို စိုးရိမ်ကြတယ်။ ဒါပေမဲ့ ဒီအတွေးမျိုးကို နိုင်ငံတကာက ဘယ်လိုမှ နားလည်ပေးမှာ မဟုတ်ပါ ဘူး။

တစ်ချိန်တည်းမှာပဲ ပြည်တွင်းမှာလည်း အဲဒီလူစုကို ခိုးဝင်တွေချည်းပဲ၊ နိုင်ငံသားမဟုတ်လို့ ယတိပြတ် သတ်မှတ်ပြီး ဆန့်ကျင်ကြတာတွေရှိသလို သူတို့ဟာ လူသား တွေပဲမို့ ရသင့်ရထိုက်တဲ့ အခြေခံလူ့ရပိုင်ခွင့်တ ွေတော့ ပေးရမယ်၊ လူသားချင်းစာနာရမယ်လို့ နားလည်ကြတာတွေလည်း ရှိနေပါတယ်။

ဒီတော့ အစုအဖွဲ့တိုင်းဟာ ဒီပြဿနာနဲ့ ပတ်သက်ရင် သူတို့နားလည်ထားကြသလိုပဲ အဖြေရှာဖို့ ကြိုးစား ကြတာမို့ အဖြေရှာနည်းတွေဟာ ဘယ်လိုမှ ထပ်တူမကျ နိုင်ပါဘူး။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ခရီးစဉ် အတွင်း လိုက်ပါလာသူတွေရဲ့ ပြုမူပြောဆိုပုံတွေကို ဖတ်ရှုလေ့လာသိရှိရသလောက်မှာ နိုင်ငံတကာက ဟိုဘက် ရောက်နေတဲ့လူတွေကို အမြန်ဆုံး ပြန်လက်ခံဖို့ ခိုင်မာတိကျတဲ့ အာမခံချက်ရှိတဲ့ ဆောင်ရွက်မှုတွေကို မြင်ချင် တယ်။ အဲဒီအတွက်  ဘာတွေကို ဘယ်လိုပြင် ဆင်နေပါတယ်ဆိုတဲ့ စီမံကိန်းတွေအကြောင်း နားထောင်ပေးရတာ ကို စိတ်မရှည်ဘူး။ ကိုဖီအာနန်ကော်မရှင်က အကြံပေးထားသမျှတွေထဲက လက်တွေ့အမြန်ဆုံးဖြေရှင်းပေးသင့် တာတွေကို ဦးစားပေးပြီး မြင်တွေ့ချင်နေ တယ်။ ဒါပေမဲ့ အစိုးရက ရေရှည်စီမံကိန်းတွေ ပြပြီး ပြန်လာပါလို့ ခေါ်ပေမယ့် ပြန်မှ မလာကြဘဲ၊ ပြန်လာဖို့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို ဖြည့်ခိုင်းတာလည်း အဆင်မပြေ ကြောင်း သူတို့ကို တုံ့ပြန်ခဲ့တယ်လို့ သိရပါ တယ်။ ဒီလို ပြဿနာရဲ့ရင်းမြစ်ကို နားလည်ပုံချင်း ကွဲလွဲမှုပေါ် အခြေခံတဲ့ ဖြေရှင်းနည်းကွဲလွဲမှုကြောင့် နိုင်ငံအပေါ် ဖိအားဟာ ပိုပြင်းထန်လာတာ ဖြစ်ပါတယ်။

ဘယ်လိုတုံ့ပြန်ကြရင် အဆင်ပြေမလဲ

ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာ့အသိုင်းအဝိုင်းကို မကင်း ကွာနိုင်လေတော့ အဆင်ပြေအောင် တုံ့ပြန်ရမှာ သေချာ ပါတယ်။ ကိုယ့်ဘာသာ စုံစမ်းစစ်ဆေးပြီး အဲဒီလူစု အပေါ် လူမျိုးစုအလိုက် ရှင်းထုတ်ခဲ့တာမျိုး မလုပ်ခဲ့ကြောင်း သက်သေပြဖော်ထုတ်ဖို့နဲ့ ခုလောက်ထိ လူစု လူဝေးကြီး ထွက်ခွာသွားရမှုနဲ့ သူတို့ရွာတွေ မီးရှို့ခံရတာ၊ မတရားပြု ကျင့်ခံရတာတွေအပေါ် တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူပေးဖို့ ဖြစ်ပါတယ်။ နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို မတင်စေချင်တဲ့အတွက် ကိုယ့်ဘာသာ စစ်ဆေးပြီး ကိုယ့်ဘာသာပဲ အရေးယူပေးရမယ်ဆိုတဲ့ တောင်းဆိုချက်ကို တုံ့ပြန်ရမှာပါ။ (ကုလသမဂ္ဂဖိအားကို ဘာမှုစရာလဲ၊ ဘာမှ အရေးစိုက်စရာ မလိုဘူး၊ ခပ်မာမာသာ ပြန်ပြော လိုက်လို့ အဆင်း ဘီးတပ်တဲ့ အကြံÓဏ် တွေကို ဒီနေရာမှာ ထည့်မတွက်တော့ပါဘူး။ အဲဒီလို အတွေးကို မြောက်ကိုရီးယားက ခေါင်းဆောင်လေး တောင် စွန့်လွှတ်စပြုနေပြီဆိုတာ သတိပြုရမှာပါ)

ဒီနေရာမှာ နိုင်ငံတကာကို တုံ့ပြန်တဲ့ နည်းလမ်း တွေဟာ ပြည်တွင်းမှာဖြစ်နေတဲ့ လူမှုရေးသဟဇာတ ပျက်ပြားနေမှုတွေကိုလည်း တစ်ပါတည်းပြန်ပြီး ဖြေရှင်း ပေးနိုင်တဲ့နည်းလမ်းမျိုးဖြစ်ဖို့ လက်ရှိအစိုးရ(အထူး သဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်)က ကြောင့်ကြ စိုက်နေပုံရတယ်လို့ ယူဆရပါတယ်။ ဒါဟာ တကယ်လည်း လတ်တလော လိုအပ်ချက်ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီလိုခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ရအောင် ပစ်နိုင်ဖို့ ဖြစ်နိုင်ပါ့ မလားဆိုတာ မေးခွန်းထုတ်စရာပါ။ အထူး သဖြင့် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးကြားက သဟဇာတ ဖြစ်မှု ဟာ နိုင်ငံတကာကို ရင်ဆိုင်ဖို့အတွက်လည်း အဓိကကျတဲ့အဖြေတစ်ခုဖြစ်နေတာမို့ ဒါကို မထူထောင်နိုင်ရင် ရေတိုဖြစ်ဖြစ် ရေရှည်ဖြစ်ဖြစ် နိုင်ငံတကာမှာ ကိုယ့်နိုင်ငံရဲ့ပုံရိပ်ဟာ အဆင်ပြေစရာ မရှိနိုင်ပါဘူး။

အဲဒီအချက်ကို ကျမတို့လူ့အဖွဲ့အစည်းက ဘယ် လောက်ထိ နားလည်သဘောပေါက်ထားသလဲဆိုတာ ကလည်း အရေးကြီးလှပါတယ်။ သေချာတာကတော့ စည်းစည်းလုံးလုံးနဲ့ အမှန်တရားအတိုင်း နိုင်ငံတကာကို ရင်ဆိုင်တုံ့ပြန်ရေးဟာ အဖြေလို့ ကျမတို့ အားလုံးက အတူတကွ နားမလည်ကြသေးဘူးဆိုတာပါပဲ။ ဥပမာ ပြရရင် ကချင်ပြည်နယ်မှာ လူထုတချို့တိုက်ပွဲကြားမှာ ပိတ်မိနေတာကို ကချင်ပြည်နယ်ဝန်ကြီးချုပ်က သွား ကယ်ဖို့ လုပ်တဲ့အခါ တပ်မတော်က ခွင့်မပြုခဲ့ဘဲ ပြည် ထောင်စုဝန်ကြီးတစ်ဦးက အဲဒီနေရာအရောက် သွားလိုက် တော့မှ ကယ်ဆယ်ရေးကို စတင်ခွင့်ပြုပေးခဲ့ ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ တွေ့တဲ့အခါ မှာတော့ အစိုးရရဲ့ဦးဆောင်မှုအတိုင်းသာ တပ် မတော်က လုပ်ဆောင်နေတဲ့သဘောမျိုး ကာကွယ်ရေးဦးစီးချုပ် က ပြန်ဖြေခဲ့ပါတယ်။ ဒါဟာ အရပ်ဘက်လူထု အများစုရဲ့တပ်မတော်အပေါ် ယုံကြည်အားကိုးမှုအတွက် အထောက်အကူ မဖြစ်စေပါဘူး။ ဒါ့အပြင် တပ်မတော် ဟာ သူကိုယ်တိုင်က ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေရယ်လို့ သီးခြားဖြစ်လာနိုင်တာမို့ ဖက်ဒရယ်ဆန်တယ်လို့ ခံယူပြောဆိုနေ ပေမဲ့ သူကိုယ်တိုင်ရဲ့ အဲဒီလိုပြည်နယ်အစိုးရ တွေအပေါ် သဘောထားကတော့ အလေးအနက်ထားတာမျိုးမရှိဘဲ ဗဟိုအစိုးရကိုသာ အလေးအနက်ထားတာ ကိုလည်း ပေါ်လွင်သွားစေပါတယ်။ တစ်နည်းအားဖြင့် အပြင်လူကို တစ်မျိုးပြောပြီး အတွင်းမှာ တစ်မျိုးကျင့်နေ တဲ့အတွက် စစ်ဘက်(တပ်မတော်)ရဲ့ပုံရိပ်ဟာ အရပ်ဘက်တွေရဲ့ အမြင်မှာ အတော်ပဲ စိတ်ပျက်စရာ၊ မယုံ ကြည်နိုင်စရာ ဖြစ်ရပါတယ်။

တစ်ဖက်မှာလည်း လုံခြုံရေးကောင်စီရဲ့ အစီရင်ခံ စာထဲမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြား ရေးဝန်ကြီးဌာနမှာ သီးခြားတွေ့ဆုံခွင့်ရဖို့ စီစဉ်ခဲ့ပေမယ့် အခြားဝန်ကြီးအဖွဲ့ဝင်တွေရော အိန္ဒိယ၊ လာအို၊ စင်ကာပူ၊ ထိုင်းက ကိုယ်စားလှယ်တွေကပါ အဲဒီမှာ ရှိနေတာမို့  ဒီလိုအစည်းအဝေးပုံစံမျိုးကို သဘောကျပုံ မရ သလို ရေးထားပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ မေးခွန်း တော်တော်များများကို သေသေချာချာ ဖြေပေးခဲ့တယ် လို့တော့ မှတ်တမ်းတင်ထားပါတယ်။ ကာကွယ်ရေးဦး စီးချုပ်နဲ့ တွေ့တဲ့အကြောင်းမှာတော့ နောက်ထပ် ဗိုလ်ချုပ်ကိုးဦး လည်း အတူရှိနေခဲ့ပြီး ဘာသတင်းအချက် အလက်အသစ်ကိုမှ ကာ/ချုပ်ဆီက မရပေမယ့် သူတို့ လုံခြုံရေး ကောင်စီအဖွဲ့ရဲ့ ပြောစကားတွေကို နားထောင် ပေးခဲ့တယ်လို့ ခံစားရကြောင်း ဖော်ပြထားပါတယ်။ ဒါကိုကြည့်ရင် သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရအဖွဲ့ဟာ သူတို့ပြောစကားကို နားထောင်ပေးဖို့ ထက် ရေရှည် စီမံကိန်းတွေကိုပဲ ဇွတ်ပြောပြီး နိုင်ငံရဲ့ ပုံရိပ်အတွက် ခုခံကာကွယ်ဖို့ အားထုတ်သလို ဖြစ်ခဲ့ကာ တပ်မတော် အနေနဲ့တော့ ဘာအပြစ်မှ မလုပ်ခဲ့ဘူးလို့ တတွင်တွင်ဆိုပေမယ့် သူတို့ပြောတာကိုတော့ နားထောင်ပေးသားလို့ ဆိုချင်သလိုပါပဲ။

ဒါကြောင့် နိုင်ငံတကာကို တုံ့ပြန်တဲ့နည်းလမ်းကို လက်ရှိအစိုးရဟာ ဂရုစိုက်ပြီး ရွေးချယ်သင့်တာ သေချာပါတယ်။ နိုင်ငံရဲ့ပုံရိပ်အတွက် ကိုယ့်ဘက်က အကောင်း ဆုံးဖြစ်အောင် ဘာပဲဖြစ်နေနေ ဘယ်သူ့ကိုမှ ထိုးမကျွေး၊ ထိုးမချဘဲ ခုခံကာကွယ်မယ်လို့ ဆုံးဖြတ်မယ်ဆိုရင်ရော ရလဒ်ဟာ ပြည်တွင်းပြည်ပ နှစ်ဌာနလုံးမှာ အဆင်ပြေ နိုင်ပါ့မလားဆိုတာ စဉ်းစားရပါလိမ့်မယ်။

တကယ်တော့ လူခုနစ်သိန်းဆိုတဲ့ ပမာဏဟာ အင်မတန်များပြားတဲ့ပမာဏ ဖြစ်ပါတယ်။ ပြည်တွင်းက ခံစားချက်တွေနဲ့ ပြောတဲ့အခါ သမိုင်းတစ်လျှောက်ရော လတ်တလောမှာပါ တခြားတိုင်းရင်းသားများဟာ အလားတူ ဖိနှိပ်ညှဉ်းပန်းခွဲခြားဆက်ဆံခံရမှုမျိုး၊ သတ် ဖြတ်အဓမ္မကျင့်ခံရမှုမျိုး၊ နေရပ်စွန့်ခွာရမှုမျိုးတွေရှိခဲ့၊ ရှိဆဲဖြစ်ပေမဲ့ နိုင်ငံတကာက လျစ်လျူရှုခဲ့ကြ၊ လျစ်လျူရှု နေကြတယ်လို့ ထောက်ပြကြပါတယ်။ ဒါပေမဲ့ အချိန်တို အတွင်း ဒီလောက်လူပမာဏ ထွက်သွားတာမို့ လှုပ်ခတ် သွားရတာကိုလည်း ငြင်းမရနိုင်ပါဘူး။ သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှုစတာတွေကို ပုံကြီးချဲ့တယ်လို့ ဆိုနိုင်ပေမယ့် လုံးဝတစ်မှုမှ မရှိခဲ့ဘူးလို့ အာမခံနိုင်ရင် သိပ်ကောင်းပါ တယ်။ ဒါပေမဲ့ ရှိခဲ့ရင်လည်း အာရ်ဆာ(ARSA)က လုပ်တာ၊ ဒါမှမဟုတ် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ အာရ်ဆာ(ARSA) ကို မခံချင်တဲ့ အရပ်သားတချို့က လုပ်တာ၊ အဲဒါလည်း ဟောဒီလို အရေးယူပြီးပါပြီဆိုတာမျိုး တိကျခိုင်လုံတဲ့ သက်သေတွေကို ဖော်ထုတ်ပြသဖို့တော့ လိုနေတာ အမှန်ပါပဲ။ မီးလောင်ပြာကျသွားတဲ့ရွာ တွေအကြောင်းကိုလည်း သူတို့ဘာသာမီးရှို့ခဲ့တာလို့ ပြောရုံနဲ့ အဆင်မပြေနိုင်တာကို သတိပြုကြရပါမယ်။ အဲဒီအထက်က ပြစ်မှုမျိုးတွေအတွက် ဘယ်သူတွေက ကျူးလွန်ခဲ့တယ်၊ ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ၊ အဲဒီ တာဝန်ရှိမှုအတွက် ဘယ်လိုတွေ အရေးယူဆောင်ရွက်နေပါတယ်ဆိုတာတွေဟာ နိုင်ငံတကာကို ရင်ဆိုင်တုံ့ပြန်ဖို့ နည်းလမ်းဖြစ်သလို ပြည်တွင်းနေ လူထုရဲ့ဇဝေဇဝါဖြစ် ပြီး အစိတ်စိတ်၊ အမြွှာမြွှာကွဲပြဲနေမှုကို ပြန်လည်ထိန်း ညှိပေးနိုင်ဖို့ နည်းလမ်းလည်း ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံအဖို့ အချုပ်အခြာအာဏာပိုင်နယ်မြေကို ထိန်းသိမ်းစောင့်ရှောက်တာဟာ သဘာဝကျ ပေမယ့် အဲဒီအတွက် သဘာဝကျတဲ့နည်းလမ်းတွေကို ကျင့်သုံးဖို့ လည်း လိုပါတယ်။ လူခုနစ်သိန်းလုံးကို ခိုးဝင်တွေပါလို့ မပြောနိုင်တာလည်း သေချာနေပါတယ်။ (ပြောချင် နေရင် ကိုယ့်လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ သမိုင်းတစ် လျှောက်က တာဝန်ရှိသူအားလုံး တာဝန်မဲ့ခဲ့တယ်လို့ ဝန်ခံရာရောက်နေကြောင်း အရင်သတိထား ဖို့တော့ လို ပါမယ်) ပြည်ပဖိအားက အဲဒီလူတွေကို ပြန်လက်ခံ ရေးဖြစ်ပြီး ကိုယ့်ဘက်ကလည်း ပြန်လက်ခံပါ မယ်ဆိုနေလျက် အထမမြောက်ရတာမှာ ပယောဂတွေရှိနေတယ် ဆိုတာလည်း သိပ်ဖြစ်နိုင်တဲ့ကိစ္စပါပဲ။ အဲဒီ ပယောဂတွေ ဆိုရာမှာ နိုင်ငံသားဖြစ်မှု၊ လုံခြုံစိတ်ချရမှုဆိုတာပေါ် အခြေခံပြီး နိုင်ငံရေးမျှော်မှန်းချက်တွေ၊ နိုင်ငံရေး ပယောဂတွေ ပေါ်ပေါက်တာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က တုံ့ပြန်မှုတွေကို ဂရုစိုက်ရမယ်ဆိုတာ အပြည့်အဝလက်ခံ သဘောတူဖို့ လိုပါတယ်။

ဒါပေမဲ့ ဂရုစိုက်ပုံစိုက်နည်းက စကားပြောပါလိမ့် မယ်။ လုံခြုံရေးကောင်စီကို တုံ့ပြန်ပုံကို ကြည့်ရင်  ပြည်တွင်းက အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးသဟ ဇာတအားနည်းမှုဟာ ပေါ်လွင်နေပါတယ်။ အစိုးရက မြေပြင်အနေအထားမှာ လုံခြုံရေးဆိုင်ရာ လုပ်ပိုင်ခွင့် အကန့်အသတ်ရှိတာကြောင့်ဆိုပြီး ဆင်ခြေပေးကာ ကိုယ် လွတ်မရုန်းခဲ့တာကို တွေ့ရပါတယ်။ တစ်နည်းအားဖြင့် အရပ်ဘက်ဟာ မြေပြင်အနေအထားမှာ စစ်ဘက်ကသာ တာဝန်အရှိဆုံးလို့ ထိုးမချခဲ့ပါဘူး။ ဒါပေမဲ့ စစ်ဘက်က တော့ မြေပြင်မှာ သူ့သဘောကို အရပ်ဘက်က မလွန် ဆန်နိုင်အောင် အားထုတ်နေသလောက် နိုင်ငံတကာ ကိုတော့ အရပ်ဘက်အစိုးရရဲ့ ခေါင်းဆောင်မှုအောက်ကနေပဲ လုပ်တာပါ၊ ဘာအပြစ်မှ မလုပ်ခဲ့ပါဘူးလို့ အပြတ်ငြင်းပြီး ကျန်တာ ဘာပြောပြော နားထောင်ပေးကာ သူ့ပုံရိပ်ကိုပဲ အဓိကထား ကာကွယ်ခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအနေအထားမှာ နိုင်ငံတကာက အစိုးရ နှစ်ရပ်ရှိနေတဲ့နိုင်ငံ၊ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ဆီ စည်းလုံးညီညွတ်မှုမရှိစွာ လျှောက်လှမ်းနေတဲ့ နိုင်ငံအဖြစ် နားလည်နေပါတယ်။ ဒါကြောင့်လည်း နိုင်ငံရေး ပယောဂတွေ တင်သွင်းဖို့ လွယ်ကူလွန်းတဲ့နိုင်ငံအဖြစ် မြင်သူတွေက မြင်နေကြနိုင်ပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာလည်း ဒေါ်အောင်ဆန်း စုကြည်မျက်နှာပြရုံနဲ့ နိုင်ငံတကာက ထောက်ခံမှုရမှာ မဟုတ်တော့ဘူးလို့ လက်ရှိအစိုးရရဲ့ အခန်းကဏ္ဍအကျပ် အတည်း ဖြစ်နေတာကို ဝမ်းသာပြနေတာမျိုး တွေ့လာရ ပါတယ်။ ဒါဟာ နိုင်ငံရဲ့ပုံရိပ်အတွက် ကြောင့်ကြစိတ်ကို မထင်ဟပ်နိုင်ဘဲ အာဏာလက်လွှတ်ခဲ့ရလို့ လက်ရှိ အာဏာရှိသူတွေကို ကျဆုံးစေချင်တဲ့ စေတနာကိုပဲ ဖော်ပြရာရောက် ပါတယ်။ အဲဒီလိုပဲ နိုင်ငံတကာရဲ့ ဖိအားကို ရင်ဆိုင်ဖို့အတွက် လက်ရှိအစိုးရမှာ တာဝန်မရှိ ဘဲ တပ်မတော်မှာသာ လုံးဝတာဝန်ရှိတယ်လို့ ပြောမယ် ဆိုရင် လည်း  သဘာဝမကျနိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အစိုးရတစ်ရပ်အနေနဲ့ ဘယ်လောက်လေးပဲ လုပ်နိုင် လုပ်နိုင် အမှန်တရားပေါ်ထွက်ဖို့ ကြိုးစားဆောင်ရွက်ရမယ့် တာဝန်ရှိနေတာတော့ သေချာပါတယ်။

ခုလို ဆိုရှယ်မီဒီယာတွေပေါ်ကနေ အာဏာလက် လွတ်နဲ့ အာဏာလက်ရှိ အစုအဖွဲ့တွေကြား၊ အရပ်ဘက် နဲ့ စစ်ဘက်ကြား၊ တိုင်းရင်းသားတစ်မျိုးနဲ့ တစ်မျိုးကြား ကိုယ့်အချင်းချင်း ကျဆုံးစေချင်တဲ့ စေတနာမျိုးတွေနဲ့ အပြန်အလှန် လက်ညှိုးထိုးနေကြပုံမျိုးနဲ့တော့ နိုင်ငံ တကာကို ရင်ဆိုင်ဖို့ မဖြစ်နိုင်တာ သေချာပါတယ်။

ဒါကြောင့် ဘေးပယောဂတွေ ပိုဆိုးမလာအောင် အစိုးရနဲ့ တပ်မတော်ကပဲ စတင်ပြီး တချို့မူဝါဒတွေကို ချမှတ်ပြင်ဆင်စေချင်ပါတယ်။ တိုင်းရင်းသားဖြစ်စေ၊ နိုင်ငံသားဖြစ်စေ၊ အရပ်သားဖြစ်စေ၊ တပ်မတော်သား ဖြစ်စေ၊ ဘယ်လိုလူပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်နယ်မြေအတွင်းမှာ စိုးရိမ်ကြောင့်ကြမှုကင်း စွာနဲ့ လုံခြုံအေးချမ်းစွာ နေထိုင်ခွင့်ရဖို့ဟာ နိုင်ငံတော် အဆင့်(အစိုးရရော တပ်မတော်ပါ ပါဝင်တဲ့) မူဝါဒဖြစ်သလို အန္တိမရည်မှန်းချက်ဖြစ်ကြောင်း အတိအလင်း ထုတ်ပြန်စေချင်ပါတယ်။ ဒီရည်မှန်းချက်ကို လတ်တလော အကောင်အထည် မဖော်နိုင်သေးပေမဲ့ ဒါဟာ နိုင်ငံရဲ့မူဝါဒလည်းဖြစ်၊ ပန်းတိုင်လည်းဖြစ်တယ်ဆိုတာကို တစ်နိုင်ငံ လုံးက တစ်ယောက်မကျန် အသိအမှတ်ပြု၊ လက်ခံရမယ်ဆိုတာ တစ်ယောက်ချင်းစီက သိထားဖို့ လိုပါတယ်။ ဒါ့အပြင် ဒီမူဝါဒနဲ့ရည်မှန်းချက်ကို နိုင်ငံ တကာက သိအောင်ပါ ထုတ်ပြန်အသိပေးသင့်ပါတယ်။ မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ်ဟာ ဆီနာက မြန်မာနိုင်ငံအနေနဲ့ ဘာသာရေးလိုက်လျော ညီထွေဖြစ်မှုအရာမှာ သူတို့ဆီကနေ သင်ယူသင့်တယ်လို့ ပြောလိုက်ပါတယ်။ တကယ်တော့ စစ်တကောင်းဒေသမှာ ဘင်္ဂလားဒေ့ရှ် စစ်တပ်ဟာ ဒေသခံဗုဒ္ဓဘာသာဝင် တွေဖြစ်တဲ့ ချက်မာ(သက်)လူမျိုးတွေအပေါ် ဖိနှိပ်ခွဲခြား ဆက်ဆံမှုတွေ လုပ်တာ ရှိနေပါတယ်။ ဖိနှိပ်မှု၊ အကြမ်း ဖက်မှုတွေဖြစ်တဲ့အခါတိုင်း မဟုတ်ပေမယ့် သိသာထင်ရှားတဲ့အမှုတွေ အတွက်တော့ သူ့အစိုးရက တာဝန်ရှိ သူကို အရေးယူပြတာ ဒါမှမဟုတ် ခံရသူတွေကို ကူညီဖေးမပေးတာ တစ်ခုခု ကို လုပ်ပေးလေ့ရှိပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာအမြင်မှာရော ပြည်တွင်း ဒေသခံတွေကြားမှာပါ ဘယ်လို ပဲ ဖိနှိပ်အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှုတွေ ရှိပါစေ တရားမျှတမှုနဲ့ လုံခြုံစိတ်ချ ရမှုအတွက်တော့ မျှော်လင့်နိုင် တယ်ဆိုတာမျိုး ဖြစ်ကြပြီး မတူညီတဲ့ ဘာသာတရားတွေကို ကိုးကွယ်သူတွေကြားမှာ အဆင်ပြေသဟဇာတ ဖြစ်နေတယ်လို့ မြင်စေတာပါ။ ဒီလိုလုပ်တာဟာ ရှုမြင်တဲ့ ရှုထောင့်ပေါ် မူတည်ပြီး အမှန်-အမှားဆိုတာမျိုး ပြောစရာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ နိုင်ငံရဲ့ပုံရိပ်အတွက်တော့ အလုပ်ဖြစ်တာ သေချာပါ တယ်။ ဒါကြောင့်လည်း ကိုယ့်နိုင်ငံရဲ့ ဖြစ်ရပ်မှန်တွေကို ကိုယ်တိုင်က တူးဆွဖော်ထုတ်စစ်ဆေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အရေးယူတဲ့နည်းလမ်းဟာ ဘယ် တော့မဆို ပြည်တွင်းပြည်ပနှစ်ဌာနလုံးအတွက် အလုပ်ဖြစ်တဲ့ နည်းလမ်းဆိုတာ လက်ခံရမှာ ဖြစ်ပါတယ်။

အဲဒီလိုပဲ တိုင်းရင်းသားဖြစ်စေ၊ နိုင်ငံသားဖြစ်စေ၊ အရပ်သားဖြစ်စေ၊ တပ်မတော်သားဖြစ်စေ၊ ဘယ်လို လူပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်နယ်မြေ အတွင်းမှာ စိုးရိမ်ကြောင့်ကြမှုကင်းစွာနဲ့ လုံခြုံအေး ချမ်းစွာ နေထိုင်ခွင့်အတွက် အမှန်တရားနဲ့ တရားမျှတမှုကိုပဲ ဆွေးနွေးကြဖို့နဲ့ အချင်းချင်းစည်းလုံး ညီညွတ်မှု ပျက်ပြား စေမယ့် လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ပါတီ၊ အသက်မွေးဝမ်းကျောင်းစတဲ့ မတူကွဲပြားမှုတွေကို အခြေခံပြီး တစ်ဦးကိုတစ်ဦး၊ တစ်စုကိုတစ်စု အပြစ်တင် ခြင်းမပြုကြဖို့ နိုင်ငံတော်အဆင့် အားထုတ်သင့်ပါတယ်။ ဒါဟာ နိုင်ငံတော်ရဲ့မူဝါဒပါဆိုတာကို အတိအလင်း ကြေညာရပါမယ်။ ကချင်မှာဖြစ်ဖြစ်၊ ရခိုင်မှာဖြစ်ဖြစ် ပြဿနာ ရှိတဲ့နေရာက လူထုအားလုံးရဲ့လုံခြုံရေးဟာ အရေးကြီးတယ်၊ ပြဿနာတွေအတွက် တာဝန်ရှိသူဟာ မတရားမှုကို ကျူးလွန်သူဖြစ်ပြီး အဲဒီကျူးလွန်သူနဲ့ လူမျိုး၊ ဘာသာ၊ ပါတီ၊ အသက်မွေးဝမ်းကျောင်းတူ မည်သူ့ကိုမှ ကျူးလွန် သူနည်းတူ တာဝန်ရှိသူ၊ အပြစ်ရှိသူ လို့ မသတ်မှတ်ကြဖို့၊ အပြစ်မတင်ကြဖို့လည်း လိုတယ် စတဲ့ မူဝါဒအသေးစိတ် တွေကို လူထုအများက သိရှိ နားလည်းသဘောပေါက်အောင် အားထုတ်သင့်ပါတယ်။ ဒါကို အစိုးရရော တပ်မတော်ကပါ အားထုတ်ရမှာပါ။ ဒါမှလည်း ရေတို၊ ရေရှည်မှာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးဟာ ခုထက်ပိုပြီး အဆင်ချောလာမှာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ နိုင်ငံခြားရေးမူဝါဒတွေကို လူထုပါ သတိထားမိအောင် ပိုပြီးတိတိကျကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်စေချင်ပါတယ်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်နဲ့ အာဆီယံနိုင်ငံတွေ အပေါ် မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုရှုမြင်ရမယ်ဆိုတာ ခုထက်ပိုပြီး သဲသဲကွဲကွဲ ဖြစ်သင့်ပါတယ်။ လတ်တလော အိုအိုင်စီအစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ်က အိန္ဒိယနိုင်ငံကို အိုအိုင်စီထဲမှာ ထည့်သွင်းဖို့ အဆိုပြုလိုက်ပါတယ်။ အိန္ဒိယမှာ အစ္စလာမ်ဘာသာဝင်အရေ အတွက် အများကြီးရှိနေတာကြောင့်လို့ ဆိုပါတယ်။ တကယ်တော့ လက်ရှိ မိုဒီအစိုးရလက်ထက်မှာ ဟိန္ဒူ အမျိုးသားရေးဝါဒီတွေ ခေါင်းထောင်လာတယ်လို့ ဝေဖန်ခံနေရတာမို့ ဒီလိုအဆိုပြု ချက်ဟာ စိတ်ဝင်စားစရာ ဖြစ် ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက လုံခြုံရေးကောင်စီနဲ့ တွေ့ဆုံစဉ်မှာ မြန်မာအစိုးရက အတူခေါ်ထားတဲ့အထဲမှာ အာဆီယံနိုင်ငံကိုယ်စားလှယ်တွေနဲ့အတူ အိန္ဒိယက ကိုယ်စားလှယ်ပါနေတာကလည်း စိတ်ဝင်စားစရာကိုး။

ဒီတော့ အဆင့်မြင့်နိုင်ငံရေးအရ လှုပ်ရှားဆောင် ရွက်မှုတွေမှာ ရည်ရွယ်ချက်ရှိရှိ ရွေ့နေတယ်ဆိုရင် တောင် အဲဒီဟန်ချက်နဲ့ဦးတည်ချက်တွေကို တစ်နည်း နည်းနဲ့တော့ ကိုယ့်လူထုကို အသိပေးထားသင့်တယ် ထင်ပါ တယ်။ အထူးသဖြင့် လူမျိုးနဲ့ဘာသာ၊ နိုင်ငံသား နဲ့ လူမျိုးတွေကို မကွဲပြားတဲ့ ကိုယ့်နိုင်ငံတွင်းက လူထုကို သေသေချာချာ အလေးအနက်ထား အသိပေးထားရမှာ တွေ ရှိနေပါတယ်။ လူထုဟာ အိန္ဒိယနိုင်ငံသားတွေ အားလုံးကို ကုလားလို့ပဲ ပြောဆိုခေါ်ဝေါ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အစ္စလာမ်ဘာသာကိုးကွယ်သူတွေကို လည်း ကုလားလို့ပဲ သိထားကြပြန်ပါတယ်။ လက်ရှိ အိန္ဒိယနိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်- အိန္ဒိယ ကြားက နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးကိစ္စတွေကို လည်း အများစုကြီးဖြစ်တဲ့ မြန်မာလူထုက နားမလည်ကြပါ ဘူး။ ကုလားတိုင်း မွတ်စလင် မဟုတ်တာ၊ မွတ် စလင်တိုင်း ရိုဟင်ဂျာလို့ခေါ်စေချင်တဲ့သူတွေ မဟုတ်တာ၊ အဲဒါ တွေကိုလည်း သဘောမပေါက်ကြပါဘူး။ ဒီတော့ ]ကုလားဆန့်ကျင်ရေး}ဆိုတာကို အမျိုးသားရေး လုပ်တာလို့ နားလည်နေတဲ့ မြန်မာလူထုအတွက် မြန်မာ့ နိုင်ငံခြားရေးမူဝါဒဟာ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွေအပေါ် ဘယ်လိုသဘောထားသင့်တယ်ဆိုတာ၊ အဲဒီ နိုင်ငံသားတွေနဲ့ အသားအရောင်၊ ကိုးကွယ်ယုံကြည်မှုတူတဲ့ ပြည်တွင်းက နိုင်ငံသားများ၊ မှီတင်းနေထိုင်သူများအပေါ် ဘယ်လိုရှုမြင်သင့်တယ်ဆိုတာကို ကွဲကွဲပြားပြားဖြစ်ဖို့ အလွန်လိုအပ်ပါတယ်။ အဲဒီအတွက် အစိုးရက အားထုတ်ရမှာဖြစ်သလို တပ်မတော်အနေနဲ့လည်း အားထုတ်သင့် ပါတယ်။ အစိုးရက ပြည်သူကို ရှင်းပြသလို တပ်မတော်ကလည်း သူ့တပ်မတော်သားအားလုံးကို ရှင်းပြဖို့ လိုနေပါ တယ်။

နိုင်ငံတော်အဆင့်မူဝါဒတစ်ခုတည်းကိုပဲ အစိုးရနဲ့ တပ်မတော်က ပြိုင်တူလက်ခံအားထုတ်တဲ့အခါမှသာ နိုင်ငံတော်အဆင့် စည်းလုံးညီညွတ်မှု ရလာမှာပါ။ အဲဒီနောက်မှာမှ နိုင်ငံတကာရဲ့ဖိအားကို ခုခံလို့ ဖြစ်နိုင်ပါမယ်။ အဲဒီလိုလုပ်ဖို့အတွက် အစိုးရကပဲဖြစ်ဖြစ်၊ တပ်မ တော်ကပဲဖြစ်ဖြစ် အဖြစ်မှန် ပေါ်ပေါက်ရေးနဲ့ တာဝန်ရှိသူကို အင်စတီကျူးရှင်းတွေကနေ ခွဲထုတ်ရေးကို သတ္တိ ရှိရှိ ကြိုးပမ်းရပါလိမ့်မယ်။ နိုင်ငံ့ပုံရိပ်အတွက် အမှန်တကယ် စိုးရိမ်ကြောင့်ကြစိုက်မယ်ဆိုရင် အဖြစ်မှန် ပေါ်ပေါက်လာတဲ့အခါ အင်စတီကျူးရှင်းထဲက လူတချို့ ကို တာဝန်ယူ၊ အရေးယူမှုဆိုတာ လိုအပ်ကောင်း လိုအပ် လာမှာပါ။ အဲဒီအခါမှာလည်း အဲဒီလူထက် အင်စတီကျူးရှင်းရဲ့ သိက္ခာ ကိုသာ ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ အင်စတီကျူးရှင်းရဲ့သိက္ခာဟာ နိုင်ငံရဲ့ပုံရိပ်ဖြစ်နေလို့ပါပဲ။

ဒါကြောင့် လက်ရှိရခိုင်ဒေသအရေးကို ဖြေရှင်းဖို့ ချဉ်းကပ်ရာမှာ ရေရှည်နိုင်ငံခြားရေးမူဝါဒနဲ့ အရပ်ဘက်- စစ်ဘက်ဆက်ဆံရေးကိုပါ မူဝါဒတိတိကျကျ ထုတ်ပြန်ရေးဟာ ဗျူဟာတစ်ခု ဖြစ်သင့်ကြောင်း ညွှန်း ဆိုလိုက်ပါတယ်။

                                                                                                                                                           မသီတာ(စမ်းချောင်း)

Please follow and like us:
0