မြန်မာ့စီးပွားရေးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသော SME လုပ်ငန်းများ၊ Glory အချိုရည်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်သီတာထွန်းနှင့် တွေ့ဆုံခြင်း

News Journal Format 1

`အစာလည်းဆေး၊ ဆေးလည်းအစ´ ဆိုတဲ့ ဆောင် ပုဒ်ဟာ ကမ္ဘာပေါ်က အစားအစာစားသုံးကြသူတိုင်း နဲ့ အကျုံးဝင်ပါတယ်။ ကိုယ်ရောစိတ်ပါ ကျန်းမာဖို့ အတွက် ပုံသဏ္ဌာန်အမျိုးမျိုး၊ နည်းစနစ်အမျိုးမျိုး၊ လေ့ ကျင့်ခန်း အမျိုးမျိုးကို အသုံးပြုပြီး လူပေါင်းများစွာဟာ ကမ္ဘာဦးအချိန်ကစလို့ ဒီကနေ့အထိတိုင်အောင် ကျင့်ကြံ ကြိုးစားအားထုတ်ခဲ့ကြပါတယ်။`အာရောဂျံ၊ ပရမံ၊ လာဘံ´ ကျန်းမာခြင်းသည် လာဘ်တစ်ပါးလို့ သတ်မှတ် ခံယူထားကြတဲ့ မြန်မာနိုင်ငံမှာလည်း ကျန်းမာမှုဆိုတဲ့ လာဘ်လာဘကို ရရှိပိုင်ဆိုင်နိုင်ကြဖို့အတွက် နည်းစနစ်၊ ပညာရပ်မျိုးစုံနဲ့ ကြိုးစားခဲ့ကြပါတယ်။ ဒီအထဲက အခြေခံအကျဆုံးအချက်ဟာ အထက်မှာဖော်ပြခဲ့တဲ့ `အစာလည်း ဆေး၊ ဆေးလည်းအစ´ဆိုတဲ့ ဆောင်ပုဒ် အတိုင်း သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေ စားသုံး ခြင်းဖြစ်တယ်ဆိုတာကို သိရှိခဲ့ကြပါတယ်။ ဒါပေမဲ့ ဝိသမလောဘသားတွေရဲ့ မတော်လောဘတက်မှုကြောင့် ဒီနေ့ခေတ် အစားအစာတွေထဲမှာ ဓာတုပစ္စည်းတွေ၊ ဆိုးဆေးတွေ၊ ပိုးသတ်ဆေးတွေနဲ့ အခြားမဖော်ပြနိုင်တဲ့ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေတဲ့အရာတွေ အများ အပြားပါဝင်နေပါတယ်။ ဒါကြောင့်သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေထဲမှာ ဓာတုပစ္စည်းကင်းတဲ့ အော်ဂဲနစ် (Organic) စစ်စစ်အစားအစာတွေ စားနိုင်ခြင်းဟာ လာဘ်လာဘ တစ်ခုလိုပါပဲ။

ဒီတစ်လမှာတော့ စားသုံးသူပြည်သူတွေ အစား အစာကြောင့် ရောဂါဖြစ်ပွားခြင်းအန္တရာယ်က ကင်းဝေး အောင် (Organic)  အစားအစာတွေကို ထုတ်လုပ်ဖြန့်ဖြူး ရင်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Glory  ဇီးဖျော်ရည်နဲ့ မန်ကျည်းဖျော်ရည်တွေကို ထုတ်လုပ်ရောင်းချနေတဲ့ SME  လုပ်ငန်းရှင်တစ်ဦးဖြစ်သူ မသီတာထွန်းနဲ့ တွေ့ ဆုံခဲ့ပါတယ်။

ဒီလုပ်ငန်းကိုစတင်ခဲ့ပုံနဲ့ ဘာကြောင့်ရွေးချယ်လုပ် ကိုင်ခဲ့တာလဲ။ ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရသလဲ။

အစ်မက Glory  ဆိုတဲ့ အမည်နဲ့ ဓာတုပစ္စည်းတွေ လုံးဝမပါဝင်တဲ့ အချိုရည်ဖြစ်တဲ့ ဇီးဖျော်ရည်နဲ့ မန်ကျည်း ဖျော်ရည်တွေကို ထုတ်လုပ်ဖြန့်ချိပါတယ်။ ဘာလို့ ဒီလုပ်ငန်းလုပ်ကိုင်ခဲ့သလဲဆိုရင် ကိုယ်ပိုင် လုပ်ငန်းတစ်ခု စတင်မယ်လို့ စဉ်းစားတဲ့အခါမှာ လူမှုရေး၊ ကျန်းမာရေး အကျိုးရလာဒ် ကောင်းမယ့် စီးပွားရေး မျိုး လုပ်သင့် တယ်လို့ တွေးမိတယ်။ ဘာကြောင့်လဲဆိုရင် အစ်မတို့ တိုင်းပြည်က ကမ္ဘာမှာ ကင်ဆာအဖြစ်ဆုံး ဆယ်နိုင်ငံမှာ နံပါတ်နှစ်၊ အာဆီယံမှာ လူ့သက်တမ်းအနိမ့်ဆုံး၊ ပြီးရင် Food Safety မှာဆိုရင် အဆင့်ရှစ်ဆယ် ရှိတယ်။ ဘယ်လောက်ထိ အောင်ကျန်းမာရေးပိုင်းမှာ ဆုတ်ယုတ် မှုတွေဖြစ်လာပြီလဲဆိုရင် ကလေးဆေးရုံလို နေရာမှာ တောင် ကင်ဆာရောဂါကုသဆောင်တွေ ထားလာရပြီ။ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေမှာ အရင်တုန်း ကဆိုရင် ဆေးလိပ်၊ အရက်၊ လေထုညစ်ညမ်းမှု စတာ တွေကြောင့် ဖြစ်ခဲ့ရာကနေ အစားအသောက် ကြောင့် ကင်ဆာဖြစ်တာက ၃၅ ရာခိုင်နှုန်းလောက်ဖြစ်လာ တယ်။ အဲဒီတော့ ဒီအစားအစာတွေရဲ့ လုံခြုံမှုဟာ လုံးဝ မရှိတော့သလောက်ဖြစ်လာပြီ။ အစားအစာတွေ စား နေရင်းနဲ့ လူတွေဟာ ရောဂါဝယ်ယူနေကြတယ်။ အချို့ ဆိုရင် ကာလရှည်လာမှ ကင်ဆာဖြစ်တာထက် လတ် တလောမှာ ဆေးရုံဆေးခန်းပြနေရတဲ့ အခြေအနေတွေ ရှိလာတယ်။ ပိုးသတ်ဆေးတွေ၊ အဆိပ်တွေ တွေ့လို့ဆိုတဲ့ ပြဿနာမျိုးတွေ အရမ်းများလာတယ်။ ဒီအတွက် ကိုယ့် စီးပွားရေးစတင်တဲ့ အချိန်မှာ လူထုအတွက် ဘေးထွက် ဆိုးကျိုးကင်းစေတဲ့၊ အာဟာရတန်ဖိုးလည်း ပြည့်ဝတဲ့ သဘာဝစားသောက်ကုန်တစ်ခု ထုတ်မယ်ဆိုတဲ့ ရည် ရွယ်ချက်ရယ်၊ မြန်မာပြည်ဈေးကွက်ထဲမှာ အဲဒီလစ်လပ် မှုတွေကို ဖြည့်ဆည်းပေးချင်တဲ့ ရည်ရွယ်ချက်တွေ ကြောင့် ဒီအချိုရည်လေးကို စတင်ဖြန့်ဖြူးခဲ့တာပါ။ တကယ်တမ်းစခဲ့တာတော့ ၂၀၁၃ ခုနှစ်ကစတယ်။  ဒါပေမဲ့ SSID (Small Scale Industry Department) အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှာ ၂၀၁၄ မှ မှတ်ပုံ  စတင်ခဲ့ပါတယ်။ အဲဒီက နိုင်ငံတော်ပိုင် ဓာတ်ခွဲခန်းမှာ ဓာတ်ခွဲထုတ်လုပ်ပြီးမှ ဖြန့်ချိခဲ့တာပါ။ အခုဆိုရင် လေး နှစ်ကျော်လို့ ငါးနှစ်ထဲကို ရောက်လာပါပြီ။

ပြောရမယ်ဆိုရင် အစ်မရဲ့ စီးပွားရေးက စတင်ရွေး ချယ်လိုက်ကတည်းက အော်ဂဲနစ် (Organic) လိုင်းဖြစ်တဲ့ အတွက် အရမ်းကို ခက်ခဲပါတယ်။ Organic  နဲ့ ပတ်သက်တဲ့ အသိအမြင် (awareness) လည်း မြန်မာ ပြည်မှာ အရမ်းကိုနည်းပါတယ်။ သိတဲ့လူလည်း နည်းတယ်။ အော်ဂဲနစ် (Organic)  ရဲ့ အာဟာရတန်ဖိုးတွေ၊ ဘေးထွက်ဆိုးကျိုး ကင်းပုံတွေစတဲ့ ကောင်းကျိုးတွေကို နားမလည်ကြတဲ့အခါကျတော့ ဒီလို အော်ဂဲနစ်(Organic) သီးနှံတွေနဲ့ စီးပွားရေးလုပ်တဲ့အခါ တော်တော်လေးကို ခက်ခဲပါတယ်။ နောက်တစ်ခုက အစ်မတို့အနေနဲ့ SME ဆိုတဲ့ အိမ်တွင်းလုပ်ငန်းသေးလေးတွေ ဖြစ်တဲ့အတွက် အစစအရာရာ ခက်ခဲမှုတွေကတော့ အများကြီးပါ။ အဲဒီအထဲကမှ ဘယ်လိုခက်ခဲမှုတွေနဲ့ ကြုံရသလဲ ဆိုရင် ဒီမှတ်ပုံတင်ထားတဲ့ SSID ကို တော်တော်များများသော လက်လီအရောင်းဆိုင်တွေ၊ စတိုးဆိုင်တွေက သိလည်း မသိဘူး၊ လက်လည်းမခံဘူး။ မြန်မာနိုင်ငံက လုပ်ငန်း ရှင်တစ်ယောက်က မြန်မာဓာတ်ခွဲခန်းမှာ အရည်အသွေး  သေသေချာချာစစ်ဆေးပြီး လူထုကျန်းမာရေးကို ရှေးရှုလို့ ခက်ခက်ခဲခဲ ထုတ်ထားပေမယ့် မြန်မာနိုင်ငံထဲက လက်လီအရောင်းဆိုင်တွေက FDA မပါလို့ လက်မခံ ဘူး။ အဲဒီအတွက်ကြောင့် FDA လျှောက်ထားဖို့ ကြိုးစားတယ်။ FDA က တောင်းဆိုထားတဲ့ အချက်တွေကို စတင်ဖတ်လိုက်တာနဲ့ ဘာမှလုပ်လို့ မရတော့ဘူး။ ပထမ ဆုံး တစ်ချက်နဲ့ကို ဘာမှလုပ်လို့မရအောင် ဖြစ်သွား တယ်။ အဲဒါက လုပ်ငန်းလုပ်တဲ့နေရာဟာ အိမ်ထဲမှာ မဖြစ်ရဘူး၊ အိမ်ဘေးမှာ၊ အိမ်ရှေ့မှာ၊ ကားဂိုထောင်မှာ၊ တန်းလျားမှာ မဖြစ်ရဘူးဆိုတော့ အဲဒီတစ်ချက်တည်းနဲ့ ကိစ္စက ပြတ်သွားပြီ။ မြန်မာနိုင်ငံအတွင်းက SME လုပ်ငန်းတော်တော်များများသည် ကိုယ့်အိမ်တွင်းကနေ စခဲ့ရတာ။ တစ်ပိုင်တစ်နိုင်နဲ့ စပြီးတော့မှ လှမ်းတက် လာကြတာပါ။ အဲဒီလိုမျိုး မဖြစ်ရဘူးဆိုတော့ အစ်မတို့ အနေနဲ့ FDA ကို လုံးဝလျှောက်လို့ မရဘူး။ စက်ရုံ ဆောက်ရတော့မယ်။ စက်ရုံအင်္ဂါရပ်ကလေးနဲ့အညီ သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ဆောက်ပေးပါလို့ ပြောကြတဲ့ အသံတွေတော့ ကြားရပါတယ်။ အဲဒီလိုကိစ္စ တွေကြောင့် FDA မရတဲ့ အခါကျတော့ City Mart တွေ၊ စတိုးဆိုင်တွေက FDA မပါလို့ လက်မခံဘူး။ နောက်တစ်ခုက သူတို့ရဲ့ Payment တွေက ကြာလို့ SME တွေကို သူတို့က လက်မခံတာပါလို့ပြောတဲ့ လက်လီ အရောင်းဆိုင်တွေလည်းရှိတယ်။ ဦးဆုံးအခက်အခဲကတော့ အဲဒါပါပဲ။ မှတ်ပုံတင်ရမယ့် ကိစ္စတစ်ခု ကတော့လိုတယ်။ ဒီလုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံသားတွေ လုံခြုံစိတ်ချရတဲ့ အစားအစာတွေ၊ လုံခြုံစိတ်ချရတဲ့ အသီးအရွက်တွေကို ရရှိနိုင်မယ့် ဈေးကွက်တစ်ခု ထွက်ပေါ်လာဖို့ စတင် လှုပ်ရှားလုပ်ကိုင်ခဲ့ကြတာပါ။

ဘဝတူလုပ်ငန်းတွေအနေနဲ့ရော လက်ရှိအနေ အထားမှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလဲ။

ဘဝတူလုပ်ငန်းတွေလည်း အခက်အခဲတွေ အများ ကြီးရင်ဆိုင်နေရပါတယ်။ သူတို့တွေရဲ့အခြေအနေတွေ ဆို ပိုလို့တောင် ဆိုးပါတယ်။ အစ်မထက်သေးတဲ့ အခြေအနေနဲ့ လုပ်ငန်းကလေးတွေလည်း အများကြီးရှိတယ်။ ကိုယ့်အိမ်တွင်းအထဲမှာပဲ မိသားစုကလေး လေးငါးယောက်နဲ့ လုပ်ကိုင်ကြပြီးတော့မှ တကယ့်ကို အရည်အသွေး အဆင့်အတန်းမြင့်မြင့်နဲ့ ထုတ်လုပ်ထားတဲ့ ထုတ် ကုန်တွေ ရှိပါတယ်။ Saturday Market ဆိုပြီးတော့ Safe Food From Safe Farm ဆိုပြီး ဆိုင်လေးတွေလည်း ဖွင့် ထားပါတယ်။ သူတို့တွေမှာဆို ပိုဆိုးတာပေါ့။ ပစ္စည်းတွေ အလေး =ကြီးနဲ့ဆိုင်တွေ၊ အရောင်းစင်တာတွေမှာ ပစ္စည်းတွေ သွားစပ်ရတဲ့အချိန်ဆို အရမ်းမျက်နှာငယ်ပါတယ်။ နောက်တစ်နေ့မှ လာပါတို့၊ တာဝန်ခံမရှိသေးဘူး တို့ ဆိုတာမျိုးတွေ အကုန်လုံးကြုံကြရတယ်။ တကယ်ဆို ဈေးကွက်က အရေးအကြီးဆုံးပဲ။ ကုန်ပစ္စည်းတစ်ခု ထုတ်လုပ်လိုက်တဲ့အခါ ဈေးကွက်မရဘူးဆို ဘယ်လို ပစ္စည်းဖြစ်ဖြစ်၊ ဘယ်လောက်ပဲကောင်းကောင်း အကျိုး အမြတ်မရှိနိုင်ဘူး။ လုပ်ငန်းရပ်သွားနိုင်တယ်။ နောက်ပြီး တော့ SME လုပ်ငန်းဆိုတာ အစကတည်းက သေးသေး လေးတွေနဲ့စတာ၊ ကိုယ့်လက်မှာရှိတဲ့ ငွေလေးတွေနဲ့ပေါ့။ အစ်မတို့အနေနဲ့က SME ထဲမှာမှ ဓာတုပစ္စည်းလွတ်တဲ့ SME ကလေးတွေ စုထားတာပါ။ သူတို့တွေမှာလည်း အခက်အခဲကလေးတွေ အများကြီးရှိနေပါတယ်။

SME လုပ်ငန်းတစ်ခု တိုးတက်လာဖို့ အစိုးရဘက်က ဘယ်လိုထောက်ပံ့မှုတွေ လုပ်ပေးသင့်တယ်လို့ ထင် သလဲ။ လုပ်ငန်းတွေဘက်ကရော ဘာတွေ ပြင်ဆင်ထားသင့်သလဲ။

SME လုပ်ငန်းတစ်ခု တိုးတက်လာဖို့အတွက်ဆိုရင် အစိုးရတစ်ရပ်အနေနဲ့ဆိုတာထက် သက်ဆိုင်ရာ ဌာနတွေ ပူးပေါင်းပြီး အလုပ်လုပ်ကြရမှာ ဖြစ်ပါတယ်။ အဓိကက SME တွေရဲ့အသံကို နားထောင်ဖို့လိုတယ်။ တကယ် အလုပ်လုပ်နေကြတဲ့ SME တွေမှာ ဘယ်လိုအခက်အခဲ တွေရှိသလဲဆိုတာ SME တွေက ပြောပြမှ သိမှာ ပေါ့။ မပြောဘဲနဲ့ အပေါ်ကနေ ကိုယ်ထင်တဲ့ဟာကလေးကို ဒါလေးဟုတ်နိုးနိုးနဲ့ လုပ်နေတဲ့အခါမှာ ချီတက်လာ တာကြာပေမယ့် လုပ်ငန်းက မထိရောက်ဘူး။ အထူး သဖြင့် မှတ်ပုံတင်ရမယ့် ကိစ္စတွေပေါ့။ SSID ရဲ့ တရား ဝင်မှတ်ပုံတင်ခြင်းကို လက်ခံပေးရမယ်ဆိုတာမျိုး အစိုးရ အနေနဲ့ တွန်းအားပေးလို့ရတယ်။ City Mart တို့လို အရောင်းစင်တာတွေကို ဟေ့ ဒါကလည်း ငါတို့နိုင်ငံက ဖြစ်တယ်ဆိုပြီးတော့ပေါ့။ တချို့တော်တော်များများ က SSID ကို မသိကြဘူး။ နောက်တစ်ခုက SME ဌာနတွေ ရဲ့ ထောက်ခံချက်ပေါ့။ SME ဌာနမှာ အဖွဲ့ဝင်ထားပြီး အဖွဲ့ဝင်ကတ်လုပ်ထားတယ်။ ညွှန်ကြားရေးမှူးချုပ်ရဲ့ လက်မှတ်နဲ့ ဒီကတ်တွေကို ထုတ်ပေးထားတယ်။ အစ်မ တို့က လုပ်ငန်းအတွက် ငွေချေးဖို့သွားတယ်ဆိုရင် ဒီအပေါ်မှာ သူတို့က သိပ်ပြီးအာရုံမရှိဘူး။ အဲဒါကြောင့် အစိုးရဌာန အချင်းချင်း ဒီထက်ပိုပြီး ဆက်သွယ်ချိတ် ဆက်ဆောင်ရွက်သင့်တယ်။ ဖိအားလေးတွေ ပေးသင့် တယ်။ နောက်တစ်ခုက FDA.  သိန်းနဲ့ ချီရှိပြီး FDA လက်မှတ်မယူနိုင်တဲ့ အသေးစားလုပ်ငန်းတွေလည်း အများကြီးရှိတယ်။ အဲဒီလို လုပ်ငန်းလေးတွေအတွက် ဘယ်လိုဖြေလျှော့မှုတွေ လုပ်ပေးမလဲ။ ဘယ်လိုကူညီ ပေးမလဲ။ ဘယ်လိုလေးတွေ လုပ်ပေးရင်ဖြင့် ဒီ SME လုပ်ငန်းလေးတွေကို အဆင်ပြေလာစေမလဲ။ ခြေလှမ်း လေးတစ်ထစ်လောက် တက်နိုင်အောင် ဘာလုပ်ပေးနိုင် မလဲဆိုတဲ့ စိတ်နဲ့ FDA ကလည်း လုပ်ပေးသင့်တယ်လို့ ထင်တယ်။ နောက်အရေးကြီးဆုံးတစ်ခုကတော့ ဘဏ်ပဲ။ ဘဏ်လို့ ပြောတဲ့နေရာမှာ ပုဂ္ဂလိက ဘဏ်တွေ၊ အများ ပိုင်ဘဏ်၊ အစိုးရဘဏ်တွေရှိတယ်။ အစိုးရဘဏ်က ပိုလို့ဆိုးပါတယ်။ ဒါသတ်မှတ်ပေးထားတယ်ဆိုရင် ဒါပဲ။ ဒီအတိုင်းပဲဆိုတော့ တစ်ခါတလေ ဘဏ်တွေ သွားရတာ တော်တော်စိတ်ကုန်လာတယ်။

နောက်တစ်ခုက ဘဏ်ချေးငွေအပိုင်းပေါ့။ အစကတည်းက စာရွက်မှာ ရိုက်ထားတယ်။ သုံးနှစ်စာ ငွေစာရင်းကို ဆွဲခိုင်းတယ်။ အဲဒီဟာမှာလည်း စီပီအေလက်မှတ်ရဆိုတာပါတယ်။ တကယ်တော့ အသေးစား လုပ်ငန်းတွေအနေနဲ့ ကိုယ့်စာရင်းတွေ ကိုယ့်ဘာသာ ကိုယ်ရှိပါတယ်။ ဝင်ငွေ၊ ထွက်ငွေ ဘယ်လောက်ရှိ တယ်။ အမြတ်ဘယ်လောက်ရတယ်ဆိုပြီး အားလုံးမှာ စာရင်းရှိတယ်။ ဒါကို ကိုယ့်ဘာသာကိုယ် လက်တွေ့ ကျကျ စနစ်တကျ ဆွဲလိုက်ရင်ပြီးတယ်။ ဒါပေမဲ့ စီပီအေလက်မှတ်ရဆိုပြီးတော့ တောင်းတယ်။ ဒီအတွက် စီပီအေ လက်မှတ်ရပုဂ္ဂိုလ်တွေဆီ ချဉ်းကပ်ရတဲ့အခါ ငွေကုန်ကြေးကျများပါတယ်။ နောက်တစ်ခုက ဘာထပ်တောင်းလဲ ဆိုရင် လုပ်ငန်းလုပ်သက်အနည်းဆုံး ၂ နှစ် ရှိရမယ်ဆိုတဲ့အချက်ပါပဲ။ အစ်မမိတ်ဆွေဆိုရင် ကိုယ်ပိုင်လုပ်ငန်း လေးကိုလုပ်နေတာ ၁၀ နှစ်လောက်ရှိပြီး မှတ်ပုံ တင်မထားမိဘူး။ ဒါပေမဲ့ ၂ နှစ်ပြည့်ကြောင်း အခြား အချက် အလက်တွေအများကြီး သူ့မှာရှိတယ်။ ဥပမာ ငွေစာရင်းပြေစာတွေ၊ ငွေစာရင်းတွေရှိတယ်။ ဆိုင်တွေ ကိုပို့ထားတဲ့ ပြေစာတွေရှိတယ်။ လုပ်ငန်းနဲ့ ပတ်သက်တဲ့ ဆိုင်ခန်းငှားရမ်းထားတဲ့ အချက်အလက်တွေရှိတယ်။ လုပ်ငန်းနဲ့ ပတ်သက်ပြီး လုပ်ထားတဲ့ မှတ်တမ်းမှတ်ရာ တွေ ဘယ်လောက်ရှိရှိ လုပ်ငန်းလုပ်သက် ၂ နှစ်ရှိ တယ်ဆိုပြီး မှတ်ပုံတင်လုပ်ထားတာကိုပဲ ကြည့်တယ်။တကယ်လက်တွေ့ လုပ်နေတာကို မကြည့်ဘူး။ တကယ်တော့ သူတို့မှတ်ပုံတင်မထားမိဘူးဆိုရင်လည်း အခြားအချက်တွေနဲ့ ထောက်ခံတဲ့ ပုံစံမျိုးပဲဖြစ်ဖြစ် လုပ်ပေးသင့် ပါတယ်။ နောက်တစ်ခုက ၃ နှစ်စာ အခွန်။ လုပ်ငန်းလေးတွေက ဘာမှအမြတ် မရှိသေးဘူး။ အစပိုင်းမှာတော့ ရှုံးဦးမှာပဲ။ ပထမတစ်နှစ်၊ ဒုတိယ တစ်နှစ်စသည်ဖြင့် အရှိန်ယူရဦးမယ်။ အဲ့လိုအခြေအနေမျိုးတွေကို သူတို့က ၃ နှစ်စာ အခွန်တောင်းတယ်။ အခွန်ဆောင်ထားတဲ့ အချက်အလက်တွေပါမှဆိုပြီးပြောတယ်။ အဲဒီတော့ သူတို့တောင်းတဲ့ အချက်အလက်တွေကြောင့် SME  တွေက တော်ရုံတန်ရုံဆို နောက်တစ် ခေါက်ပြန်မသွားချင် တော့ဘူး။ စိတ်မဝင်စားတော့ဘူး။ ဘာလို့လဲဆိုတော့ မလိုအပ်တာတွေ တောင်းနေတာလား။ မဖြစ်နိုင်တာတွေ တောင်းနေတာလားဆိုတဲ့ အတွေးတွေ ဝင်လာတယ်။ အဲဒီလိုမျိုး အခက်အခဲတွေ အများကြီးရှိပါတယ်။ ဘယ်လောက်အချက်အလက် တွေ ပြည့်စုံပြည့်စုံ၊ တကယ်တမ်းဘာတွေပဲ လုပ်နေနေ၊ SME  ဌာနက ဘယ် လောက်ပဲ ထောက်ခံချက်တွေ ပေးပေး ဘဏ်တွေအနေနဲ့ကတော့ သူတို့ပိုက်ဆံကို ဘယ်လိုပြန်ဆပ်နိုင်မလဲပဲ ဆိုတာကိုပဲကြည့်တယ်။ လုပ်ငန်းအောင်မြင်တိုးချဲ့ဖို့ ဘယ်လိုကူညီရမလဲဆိုတဲ့ စိတ်နဲ့ဘဏ်က ချေးတာမဟုတ် ဘူး။ နောက်တစ်ခုက အာမခံပစ္စည်း။ သူမဆပ်နိုင်ရင် သိမ်းလိုက်မယ်ဆိုတဲ့ ပုံစံမျိုးတွေ တွေ့ရတယ်။ ဒါတွေဟာ SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် တကယ်ကိုကြီးမားတဲ့ အဟန့်အတားတွေပါပဲ။

SME  လုပ်ငန်းတွေနဲ့ အစိုးရရဲ့ SME  ဌာနတွေ ထိတွေ့မှုပိုင်းမှာ အားနည်းနေတယ်လို့ SME အသိုက် အဝန်းမှာ ပြောနေကြတယ်။ ဘာကြောင့်လို့ထင်လဲ။

လုပ်ငန်းတွေမှာ အစိုးရရဲ့ ထိတွေ့မှု တကယ် အားနည်းပါတယ်။ အစ်မတို့ဆိုရင် တကယ်လိုအပ်တာတွေ လုပ်ရတယ်။ FDA သွားတယ်။ SSID ဆိုရင် သူလိုအပ်တာတွေ ကြိုးကြိုးစားစားနဲ့လုပ်ပေးတယ်။ ဒါပေမဲ့ သူတို့ လုပ်ပေးတာတွေကို ဈေးကွက်တွေက လက်မခံကြဘူး။ ဆိုချင်တာ သူတို့နဲ့ဆက်ဆံရတာ အဆင်ပြေတယ်။ ဘာပဲ ဖြစ်ဖြစ် ဓာတ်ခွဲခန်းအဖြေတွေ လည်း စနစ်တကျလုပ်ပေးတယ်။ အရမ်းအဆင်ပြေတယ်။ ဒါပေမဲ့ ဘာဖြစ်မှန်း တော့ မသိဘူး။ ဈေးကွက်ထဲက စူပါမားကတ်တွေ အရောင်းစင်တာတွေက SSID ကို လက်မခံကြဘူး။ အဲဒါတွေကို လည်း ပြုပြင်ချင်ပါတယ်။ ဒါနိုင်ငံတော်ပိုင် ဓာတ်ခွဲခန်းတစ်ခုဖြစ်ပေမယ့် ဒီဓာတ်ခွဲခန်းက အဖြေကိုကျတော့ ဘာလို့လက်မခံတာလဲ။ အဲဒါလေးတွေကိုတော့ သေသေချာချာလုပ် ပေးသင့်ပါတယ်။

နိုင်ငံတကာက SME  လုပ်ငန်းတွေကို အစိုးရရဲ့ ထောက်ပံ့ပေးမှုနဲ့ မြန်မာ့ SME လုပ်ငန်းတွေကို အစိုးရ ရဲ့ ထောက်ပံ့မှုဘယ်လိုတွေ ကွာခြားသလဲ။

RBF  လို့ခေါ်တဲ့ Responsible Business Funds ဆိုရင် ဒိန်းမတ်နိုင်ငံအစိုးရရဲ့ ထောက်ပံ့မှုကို မြန်မာ နိုင်ငံမှာရှိတဲ့ SME  လုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးဖြစ်ဖို့ အတွက် နယ်ပယ်ခုနှစ်ခုကနေ ထောက်ပံ့ပေးတာပေါ့။  ဒါတွေက တကယ်လိုအပ်နေတဲ့ နေရာတွေကို တကယ် လာပေးတာပါ။ လျှပ်စစ်စွမ်းအင်လျှော့ချမှာတို့ ရေဆိုး သန့်စင်ခြင်းတို့ အစားအစာဘေးကင်းလုံခြုံရေးစသည် ဖြင့် နယ်ပယ်ခုနှစ်ခုမှာ လာရောက်ကူညီနေတာပါ။ ဒီနေရာမှာအစ်မက ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေး ဆိုပြီး လျှောက်လိုက်တဲ့အခါမှာ သူတို့က အစ်မကို စက်တွေတပ်ပေးလို့ရတယ်။ အဆောက်အအုံအတွက် တော့မပေးဘူး။ စသည့်ဖြင့် သူတို့ရဲ့ စည်းကမ်းတွေ အတိုင်းလုပ်ပါတယ်။ ဒီလိုစက်တပ်ပေးတဲ့ လူရှိတဲ့အခါ အစ်မတို့မှာ အဆောက်အအုံလိုလာတယ်။ လက်ရှိနေရာ မှာလည်း အဆောက်အအုံဆောက်ဖို့က အဆင်မပြေဘူး။ အဲဒါကြောင့် အခုဆိုရင် A. Bank နဲ့ ချိတ်ဆက်ဆောင် ရွက်နေပါတယ်။

JICA ကချေးတဲ့ နှစ်ဆင့်ချေးငွေနဲ့ ပတ်သက်ပြီး တော့ရော ဘယ်လိုမြင်ပါသလဲ။

အဲဒီနှစ်ဆင့်ချေးငွေတို့ ဘာတို့က ဘဏ်တွေကိုပဲ သွားတာ။ ဘဏ်တွေဆီကနေ ပြန်ထွက်လာတဲ့အခါ သူတို့ပေးတဲ့ ချေးငွေရဲ့ အတိုးနှုန်းကတစ်မျိုး၊ ဘဏ် တွေက SME  တွေကို ပြန်ပြီးတော့ချေးတဲ့ အတိုးနှုန်းက ပြန်မြင့်သွားတယ်။ တစ်ခုပြောချင်တာက တစ်နှစ် ကို ၁၃ ရာခိုင်နှုန်းဆိုတဲ့ အတိုးကလည်း SME အတိုးနှုန်း မဟုတ်သေးဘူး။ နိုင်ငံတကာမှာဆိုရင် ဒါတွေက သူ့နိုင်ငံအလိုက် ပွိုင့်ဂဏန်းလောက်ပဲရှိတယ်။   အချို့ နိုင်ငံ တွေမှာဆိုရင် SME  တွေကို အခွန်လုံးဝမကောက်ဘူး။ ချေးပလေ့စေ။ ပြီးမှကောက်မယ်။ ဘာလို့လဲဆိုရင် SME  က ဘာမှမလုပ်ရသေးဘူး။ အပေါ်ကနေ အခွန်က စောင့်နေပြီဆိုတော့ ဘယ်လိုတွေ ဆက်လုပ်ရမလဲ။ တကယ် တော့ SME Development ဆိုတာ ပါးစပ်က ပြောတော့သာလွယ်တာ တကယ့်လက်တွေ့မှာတော့ အရမ်းကို ခက်ခဲပါတယ်။

အစိုးရက SME တွေနဲ့ ပတ်သက်ပြီးတော့ သင်တန်း တွေပေးသလား။ သူတို့ပေးတဲ့ သင်တန်းတွေက တကယ်ရောအသုံးဝင်ရဲ့လား။

အစ်မတို့ကတော့ အပြင်က NGO  တွေမှာပဲ တက် ရတယ်။ အစိုးရကဖွင့်တဲ့ သင်တန်းတွေကိုတော့ တစ်ခါမှ မတက်ဘူးဖူး။ အဲဒီတော့ ထိရောက်မှုရှိလား မရှိလား မသိဘူး။ NGO  တွေကပေးတဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့အကြောင်းတွေ ထုတ်ကုန်တွေနဲ့ ပတ်သက် တဲ့အကြောင်းတွေ စသဖြင့်တော့ တက်ဖူးတယ်။ နောက် တစ်ခုက အစ်မတို့ SME  တွေရဲ့ အားနည်းချက်တွေ လည်းရှိပါတယ်။ အဲဒါ ဘာလဲဆိုရင် အစ်မတို့ SME တွေ တော်တော်များများက စာရင်းဇယား သေသေချာချာ မပြုစုကြဘူး။ ကိုယ့်လုပ်ငန်းပဲ ဖြစ်နေတဲ့အခါကျတော့ ကိုယ်သိရင်ပြီးတာပဲ၊ ကိုယ့်ဟာကိုယ်သိနေဖို့ပဲလိုတယ်လို့ တွေးကြတယ်။ အများနဲ့လည်း လုပ်တာမဟုတ်တဲ့အတွက် တစ်ပိုင်တစ်နိုင် တစ်ဦးတစ်ယောက်တည်း လုပ်ထားကြတာဖြစ်တဲ့အတွက် စာရင်းအင်းသေသေချာချာမလုပ်ကြတဲ့ အားနည်းချက်တွေ ရှိပါတယ်။ ဒါပေမဲ့ အဲဒီသင်တန်းလေးတွေကို တက်လိုက်တဲ့အခါကျတော့ နည်းစနစ်ကျကျ စာရင်းလေးတွေ လုပ်ဖြစ်သွားတယ်။ ဘတ်ဂျက်တွေ ဘယ်လိုဆွဲရမလဲ၊ ကိုယ့် ထုတ်ကုန်တွေကို ဘယ်လိုလုပ်ရမလဲ ဆိုတာတွေကို စနစ်တကျလုပ်တတ်လာတယ်။ ဒါပေမဲ့ ခုနကလို အစိုးရကပေးတဲ့ သင်တန်းတွေကိုတော့ မတက်ဖူးဘူး။

လက်ရှိမြန်မာနိုင်ငံရဲ့ အခွန်စည်းကြပ်မှုဟာ SME လုပ်ငန်းတွေအတွက် အဆင်ပြေသလား။ မပြေရင် ဘာကြောင့်လဲ။ ဘယ်လိုတွေ လုပ်ပေးသင့်သလဲ။

SME  ကလေးတွေ၊ အခုမှ စတင်မယ့် လုပ်ငန်း လေးတွေကို အခွန်မကောက် သင့်သေးဘူးလို့ ထင် တယ်။ SME Development ဆိုတဲ့ ခေါင်းစဉ်ကို သွားရင် အခွန်တွေလည်း ဖြေလျော့ပေးရမယ်။ စည်းဘောင် တွေကို တချို့အပိုင်းတွေမှာ စနစ်တကျနဲ့ ဖြေလျော့ပေးရမယ်။ အတတ်နိုင်ဆုံးသူတို့ကို လက်တွဲပြီး လုပ်ငန်း ကလေးတွေ လုပ်လို့ရအောင်၊ ကြီးထွားလာအောင် ကူညီပေးသင့်တယ်။ နောက်ငွေရေးကြေးရေးပိုင်းလား၊ နည်း ပညာပိုင်းလားပေါ့။ ဒါမျိုးတွေကို ပံ့ပိုးပေးရမယ့်အစား ဌာနတစ်ခုကလာလိုက်ရင် စည်းကမ်းတွေနဲ့ ဒီအချက်၊ နောက်ဌာန ကလာရင်ဒီအချက်၊ ဘဏ်ကလာရင် ဒီ အချက်စသဖြင့် အမျိုးစုံပြောပြီး နောက်ဒီအချက်တွေနဲ့ မညီလို့ စတုတ်လည်းတိုက်လိုက်ရော ဘာမှလုပ်လို့ မရ တော့ဘူး ဖြစ်သွားတယ်။ အဲဒီလိုနဲ့ ရပ်လိုက်ရတဲ့ လုပ်ငန်း တွေလည်း အများကြီးပါ။ သူများနိုင်ငံတွေနဲ့ နည်းတူ SME  ဖွံ့ဖြိုးချင်တယ်ဆိုရင်တော့ အခွန်တွေကို အတတ်နိုင် ဆုံး ညှိနှိုင်းဖြေလျော့တာမျိုးတွေ၊ မကောက် သေးပဲနဲ့ လုပ်ငန်းအရှိန်ရပြီးအနေအထား တစ်ခုကို ရောက်လာတဲ့ အထိ စောင့်ဆိုင်းနေတာမျိုးတွေ လုပ်သင့် ပါတယ်။ ဒါပေမဲ့ လုပ်ငန်းက အခုမှစလို့ အမြတ်က ဘာမှမရှိသေးဘူး။ ဒီအခြေအနေမှာ အခွန်ဆောင်ရ မယ်ဆိုတော့ အဓိပ္ပာယ်မရှိဘူး။

အစိုးရနဲ့သက်ဆိုင်ရာဌာနတွေကို ပြည်တွင်း SME လုပ်ငန်းတွေ ကြုံနေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက် လို့ ဘာတွေပြောပြချင်သလဲ။ တောင်းဆိုချင်သလဲ။

အစ်မပြောချင်တာ SME Development ဆိုတဲ့ ခေါင်းစဉ်ကို တပ်လိုက်ပြီးတဲ့အခါမှာ ခုနကလို တရား ဝင်အသိအမှတ်ပြုပေးမှုတွေ၊ ဘဏ်တွေ၊ နောက်တခြားသော NGO Investor တွေလည်းရှိပါတယ်။ ခုနက အသေးစားငွေချေးလုပ်ငန်းတွေ၊ SME ဌာနတွေ၊ စီးပွား ကူးသန်းတို့လိုဌာနတွေ၊ ဒီလိုမျိုးဌာနတွေ အားလုံးပါဝင် ပူးပေါင်းကြပြီး တကယ်လုပ်ကိုင်နေကြတဲ့ SME  တွေနဲ့ ထိတွေ့ပြီးတော့ SME  တွေရဲ့ အသံကို သေသေချာချာ နားထောင်ပါ။ တကယ်လုပ်နေတဲ့ လူတွေရှိနေသလို  မယုံရတဲ့ လူတွေလည်း ရှိပါတယ်။ တကယ်မလုပ်ဘဲနဲ့ ချေးငွေရယူနေကြတဲ့ သူတွေအများကြီးပါပဲ။ တကယ် လုပ်နေတဲ့လူတွေ၊ တကယ်အခက်အခဲတွေနဲ့ ရင်ဆိုင်နေ ကြရတဲ့ SME တွေကို စီမံချက်တစ်ခုအနေနဲ့ ရှာဖွေပြီး တော့ လိုအပ်တဲ့နေရာတွေ၊ အချက်အလက်တွေကို အမှန် တကယ်ဖြည့်ဆည်းပေးစေချင်ပါတယ်။ SME တွေကို ယုံကြည်ပေးပါ။ တချို့နိုင်ငံတွေမှာဆိုရင် လုပ်ငန်းအစီ အစဉ်(Plan) တစ်ခုတည်းနဲ့ ချေးတာ။ ခုနကလို လုပ်ငန်း အတွေ့အကြုံ ၂ နှစ် မလိုဘူး။ စီးပွားရေးလုပ်ငန်း အစီအစဉ်တစ်ခုကို တင်ပြလိုက်လို့ ရည်ရွယ်ချက်လည်း ကောင်းတယ်။ စိတ်အားထက်သန်မှုလည်းရှိတယ်။ သူ့မှာလည်း ဒီအရည်အချင်းတွေနဲ့ ပြည့်စုံပြီး လုပ်နိုင်တယ်ဆိုရင် တစ်ခါတည်း ငွေထုတ်ချေးပေးပါတယ်။ အခု တော့ နှစ်နှစ်ပြည့်မှ ငွေချေးမယ်ဆိုတော့ တကယ်ကို SME  တွေကို တိုးတက်စေချင်တာ မှန်ရဲ့လား။ မယုံတာ လား။ စဉ်းစားစရာတွေ အများကြီးပါ။ အဓိကကတော့ အစိုးရအဖွဲ့အစည်းတွေအနေနဲ့လည်း အချင်းချင်းထိတွေ့ နေရမယ်။ ချိတ်ဆက်နေရမယ်။ နောက်တကယ့် SME စစ်စစ်တွေပါဝင်တဲ့ စကားဝိုင်းတွေ၊ တွေ့ဆုံပွဲတွေများ များလုပ်ပေးရမယ်။ ဒါမှသာလျှင် SME  တွေရဲ့အသံကို ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သိလို့ကူညီနိုင်ပြီး SME Develpment  ဆိုတာကို အကောင်အထည်ဖော် သွားနိုင်မှာဖြစ်ပါတယ်။

လုပ်ငန်းပူးပေါင်းလုပ်ကိုင်လိုသူတွေ၊ ကမ်းလှမ်းလာသူတွေကို ဘယ်လိုတုံ့ပြန်မှာလဲ။

တကယ်တော့ ထုတ်ကုန်တစ်ခုထုတ်တယ်ဆိုတာ အခက်အခဲတွေ အများကြီးရှိပါတယ်။ အများကြီး ပြင်ဆင်ရတယ်။ ဈေးကွက်မှာ တင်ပို့ရောင်းချနိုင်ဖို့ ဆိုရင်ပိုပြီး ကြိုးစားရတယ်။ နိုင်ငံတကာဈေးကွက်ကို သွားဖို့ဆိုရင် ဒီထက်ပိုပါတယ်။ အစ်မတို့က ဒီလုပ်ငန်း လေးကို သစ္စာရှိရှိနဲ့ လုပ်လာတဲ့အခါမှာ ADB က အစ်မ တို့ Saturday Market ကို ပွဲတွေဖိတ်တယ်။ GMF (Greater Mekhong Subregion)  မဟာမဲခေါင်ခြောက်နိုင်ငံရဲ့ ပွဲတွေမှာလုပ်တဲ့ ဓာတုလွတ်ထုတ်ကုန်တွေ မိတ်ဆက်ပြသတဲ့ပွဲပေါ့။ အဲဒီကထုတ်တဲ့ ကတ်တ လောက်ထဲမှာ အစ်မတို့ပစ္စည်းတွေ ဖော်ပြခြင်းခံရတယ်။ သူတို့က မဲခေါင်ခြောက်နိုင်ငံမှာ အော်ဂဲနစ်ထုတ်ကုန် ထုတ်ထားတဲ့ သူတွေကိုစုပြီး Thai Facts 2017 မှာ Group  ကြီးတစ်ခုလုပ်ပြီး အစ်မတို့ကို ပြသခိုင်းတယ်။ ပြီးရင် ဝယ်လက်တွေ ဖိတ်ပေးတယ်။ အဲဒီလုပ်ငန်း အသေးစားလေးတွေကို ကုန်သွယ်နိုင်တဲ့အထိ၊ မဲခေါင် ခြောက်နိုင်ငံမှာ ကုန်သွယ် လုပ်ငန်းတွေ လုပ်ကိုင်နိုင် တဲ့အထိ ပံ့ပိုးကူညီတယ်။ နောက်ကမ္ဘောဒီးယားမှာ ဆိုရင် မဲခေါင် ခြောက်နိုင်ငံက စိုက်ပျိုးရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာလည်း ပြသခွင့်တွေရခဲ့ပါတယ်။ အဲဒီ လိုတစ်ခြားနိုင်ငံတွေက သိလာကြလို့ သူတို့နိုင်ငံတွေမှာ ရောင်းချဖို့အတွက် ဝယ်ဖို့ကမ်းလှမ်းလာတဲ့အခါမှာ အစ်မတို့အနေနဲ့ အဲဒီအခြေအနေလောက်အထိအတွက် ပြင်ဆင်မှုတွေ မရှိသေးဘူး။

ထုတ်လုပ်ထားတဲ့ အသီးအချိုရည်တွေက စားသုံး သူတွေအတွက် ဘယ်လိုအကျိုးပြုနိုင်မလဲ။

အချိုရည်ထုတ်လုပ်ဖို့အတွက် အသုံးပြုထားတဲ့ ဇီးနဲ့မကျည်းဟာ မြန်မာနိုင်ငံထဲမှာ ပေါပေါများများ ထွက် ရှိတဲ့ အပင်တွေဖြစ်လို့ ဓာတ်မြေသြဇာတွေ၊ ပိုးသတ်ဆေး တွေ သုံးစွဲဖို့မလိုတဲ့အတွက် အော်ဂဲနစ်လိုင်းကို ဦးတည် လို့ရပါတယ်။ ဇီးဖျော်ရည်အတွက်က မြန်မာနိုင်ငံထဲမှာ ပေါက်တဲ့ ဇီးချဉ်သီးလေးတွေရဲ့အမှုန့်ကို အဓိကအသုံး ပြုထားပါတယ်။ မန်ကျည်းကတော့ မန်ကျည်းသီးရဲ့ အနှစ်နဲ့ သေသေချာချာထုတ်လုပ်ထားတာပါ။ ဇီးဖျော်ရည်မှာ ဆိုရင် ဇီးနဲ့သကြား နှစ်မျိုးပဲပါသလို၊ မန်ကျည်း မှာဆိုရင်လည်း မန်ကျည်းအနှစ်နဲ့ သကြားကိုပဲ သုံးပါတယ်။ အဲဒါကြောင့် စားသုံးသူတွေအတွက်ကတော့ အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို  ဇီးအစစ်ကို သောက်ရ တဲ့အတွက် အဆီကျတယ်။ ဦးနှောက်ကြည် တယ်။ ဝမ်းမှန်တယ်၊ နှလုံးကိုငြိမ်စေပါတယ်။ နောက် မန်ကျည်း ဖျော်ရည်ရဲ့ ကောင်းကျိုးကြတော့ အသည်းကို သန့်ရှင်းပေးတယ်။ ဒါ့အပြင် နောက်ထပ်ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ အန်တီအောက်စီဒန့်တွေလည်း ကြွယ်ဝတယ်။ ပြောချင်တာသဘာဝစစ်စစ် အော်ဂဲနစ်တွေကို စားသောက်ရတဲ့အခါ လူတွေအတွက် သဘာဝ ရဲ့အာဟာရတန်ဖိုးအပြည့်ရရှိတဲ့အပြင် အစားအစာတွေရဲ့ ဘေးထွက်ဆိုးကျိုးလည်း ကင်းပါတယ်။ Ready Made ကို စားပြီဆိုရင်တော့ အဲဒီအစားအစာကို အမျိုး မျိုးတာရှည်ခံအောင် လုပ်ကြရတယ်။ အရောင်လှအောင် လုပ်ရတယ်။ ဝယ်ယူချင်လာအောင် အနံ့တွေထည့်ရ တယ်။ ဓာတုပစ္စည်းတွေ အမျိုးမျိုးသုံးနေကြတယ်။ နောက်တစ်ခါ ဟင်းသီးဟင်းရွက်တွေရဲ့ ပြဿနာ။ ရေရှည်မှာ ကင်ဆာဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေ မှာ ပိုးသတ်ဆေးတွေ၊ ဓာတုဆိုးဆေးတွေက အဓိက ပါဝင်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးတွေက လည်း ဖော်ထုတ်ထားပါတယ်။

ကာလကြာလာမှ ကင်ဆာဖြစ်တာထက် အခု လက်ရှိမှာကို လူတွေဟာ သီးနှံအစားအသောက်တွေ စားပြီး ဆေးရုံရောက်တဲ့သူတွေ၊ သေတဲ့လူတွေ အများ အပြား ဖြစ်လာကြတာကို ဂျာနယ်တွေ၊ သတင်းစာတွေမှာ တွေ့ကြမှာပါ။ ဒီပြဿနာကို အစ်မတို့ရဲ့ လုပ်ငန်းလေးတွေကတစ်ဖက် တစ်လမ်းကနေ ကာကွယ် ဖြေရှင်းပေး ပါတယ်။ အစ်မတို့ဆိုင်လေးတွေမှာ ရောင်းချ တဲ့ ငရုတ်သီးမှုန့်ဆိုရင် ဆိုးဆေး၊ ပိုးသတ်ဆေးလွတ်မယ်၊ အဖြုန်း လွတ်မယ်  အော်ဂဲနစ်စစ်စ်ဖြစ်တယ် ဆိုတာတွေကို အာမခံနိုင်ပါတယ်။ အစ်မတို့ ဖွင့်လှစ်ရောင်းချနေတာ အခု ဆိုရင် နှစ်ဆိုင်ရှိပါပြီ။ စမ်းချောင်း၊ ကျောင်းကုန်းလမ်းမှာ တစ်ဆိုင်၊ သုခလမ်း၊ ကြည်ပြာ လမ်း၊ အမှတ် (၄၄) သုခမှတ်တိုင် ကမာရွတ်မြို့နယ်မှာ တစ်ဆိုင်ရှိပါတယ်။ အဲဒီဆိုင်လေးတွေမှာ ငရုတ်သီးမှုန့်ကစလို့၊ ဆနွင်းမှုန့်၊ ဆ၊ီ ဆန်အထိ ရှိတယ်။ နောက် တစ်ခုက အစ်မ ထုတ်လုပ်တဲ့ ဇီးဖျော်ရည်က Quality Award  ဆု 5 th Myanmar Food Exhibition 2018 က ပြီးခဲ့တဲ့ ဖေဖော် ဝါရီလ ၂ ရက်၊ ၃ ရက်၊ ၄ ရက်နေ့တွေမှာ တပ်မတော် ခန်းမမှာ လုပ်သွားတဲ့ မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း (MFPEA) Myanmar Food Producer Exporter Association နဲ့ Food and Science Technology Assosciation  ကနေ Outstanding Quality Award ဆုကို ရရှိထားပါတယ်။ ကုန်ပစ္စည်းကို နှစ်ခြိုက်သဘောကျလို့ ဆက်သွယ်မှာ ယူလိုတယ်ဆိုရင် ဝ၉-၄၃၀၆၈၄၃၈ ကို ဆက်သွယ်မှာယူနိုင်ပါတယ်။ လောလောဆယ်ရောင်းချတဲ့ဆိုင်တွေအနေနဲ့ လှည်းတန်း စိန်ဂေဟာ၊ F&F Mart, Super One နဲ့ Nation Mart, Excel Tower  က Victoria  မှာ တင်ထားသလို၊ ခဝဲခြံက Honey Store နဲ့ ညပိုင်း ရောင်းချတဲ့ ဦးရေခဲမုန့်ဟင်းခါးဆိုင်တွေမှာ ရနိုင်ပါတယ်။ သုဝဏ္ဏဘက်မှာဆိုရင် စိန် သွားဆေးခန်းမှာ ရရှိနိုင်ပါတယ်။

Please follow and like us:
0