မြန်မာနိုင်ငံနှင့် ရေအရင်းအမြစ်စီမံခန့်ခွဲမှု

မြန်မာနိုင်ငံသည် ရေအရင်းအမြစ်ကြွယ်ဝသော နိုင်ငံဖြစ်ပြီး၊ တစ်ဦးချင်းရေအရင်းအမြစ်ပိုင်ဆိုင်မှု အချိုးချကြည့် ပါက အိမ်နီးချင်းနိုင်ငံများထက် သာလွန်သည် ကိုတွေ့ရသည်။ ရေအရင်းအမြစ်နှင့် အခြားသောသဘာဝသယံဇာတ များ ပြည့်စုံကြွယ်ဝသည့့်် နိုင်ငံတစ်ရပ်အနေဖြင့်ဘက်ညီသော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ဆောင်ကြဉ်းနိုင်မည့် အလား အလာကောင်းများစွာလည်း ရှိနေပေသည်။ မြန်မာ့ရေအရင်းအမြစ်အားလုံးသည် နိုင်ငံတော်နယ်နိမိတ်အပိုင်းအခြား အတွင်း၌သာတည်ရှိကာ ယင်းတို့၏ လေးပုံ၊ သုံးပုံခန့်မှာ အမျိုးသားအဆင့်သတ်မှတ်ထားသော မြစ်များဖြစ်သည်။

မြန်မာနိုင်ငံ၏ လူတစ်ဦးချင်းရေအရင်းအမြစ် ပိုင်ဆိုင်မှုအချိုးမှာ နှစ်စဉ်လူတစ်ဦးလျှင် ၁၉,ဝ၀ဝ စတုရန်း မီတာရှိသည်။ အဆိုပါအချိုးမှာ တရုတ်နိုင်ငံ၏ လူတစ်ဦးချင်း ရေအရင်းအမြစ်ပိုင်ဆိုင်မှုအချိုးထက် ကိုးဆမြင့်မား ကာ အိန္ဒိယထက် ၁၆ ဆ၊ ဗီယက်နမ်ထက်ငါးဆနှင့် ဘင်္ဂလားဒေ့ရှ်ထက် ၁၆ ဆမြင့်မားသည်။ နိုင်ငံတော်အတွင်း စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ ရေကြောင်းခရီးလမ်းများသည် ဒေသတွင်းကုန်စည် နှင့် ပြည်သူတို့အားပေါင်းစည်း ဆက်သွယ်ပေးမည့်၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင်လည်း ပိုမိုအရေးပါလာ မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရကလည်း ဘက်စုံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ ချမှတ်ဆောင် ရွက်နေသည်ဖြစ်ရာ ရေနက်ဆိပ်ကမ်းများဖွင့်လှစ်ခြင်း၊ ကုန်းတွင်းရေကြောင်းလမ်းများ ထိန်းသိမ်းခြင်းစသည့် လုပ်ငန်းများကများစွာ အထောက်အကူပြုမည်ဖြစ်ပေသည်။

ထို့အပြင် ကုလသမဂ္ဂ၏ ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်များနှင့်အညီ မြို့ပြဒေသများတွင် သာမက ကျေးလက်ဒေသများတွင်ပါ အရည်အသွေးကောင်းမွန်သော သောက်သုံးရေရရှိရေးနှင့် ရေဆိုးစွန့်ထုတ်မှု စနစ်သုံးစွဲရေးတို့ကိုလည်း အစဉ်တစိုက်ဆောင်ရွက်လျက်ရှိသည်။

ရေအရင်းအမြစ်ကြွယ်ဝသည်ဟုဆိုသော်လည်း ပထဝီအနေအထားအရ ပူပြင်းခြောက်သွေ့သော နိုင်ငံအလယ်ပိုင်း ဒေသများတွင် ရေကောင်းရေသန့်ရရှိရေး အခက်အခဲများလည်း ရှိနေသေးသည်ဖြစ်၍ နိုင်ငံတော်က ပိုင်ဆိုင်ထား သောမြေပေါ်၊ မြေအောက်ရေများကို စနစ်တကျအသုံးပြုနိုင်ရန်နှင့် ဥပဒေကြောင်းအရ ထိန်းကျောင်းတည့်မတ်ပေး နိုင်ရန်လည်းလိုအပ်ပေသည်။

စိုက်ပျိုးရေအဖြစ် အသုံးပြုခြင်း၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေးအတွက်အသုံးပြုခြင်း၊ လမ်းပန်းဆက်သွယ် ရေးအတွက် အသုံးပြုခြင်းစသည့် မြေပေါ်ရေအသုံးပြုမှုများကိုသာမက မြေအောက်ရေရယူသုံးစွဲမှုတို့ကိုလည်း ဥပဒေ စည်းမျဉ်းများဖြင့် ထိန်းကျောင်းကြီးကြပ်သွားရမည်ဖြစ်သည်။ မြေအောက်ရေအလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းဖြင့် ကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို မျက်ခြည်မပြတ် လေ့လာသင့်သကဲ့သို့ မြေအောက်ရေ ပြန်လည်ဖြည့်တင်းရေး နည်းလမ်းများလည်း ရှာဖွေဖော်ထုတ်ရမည်ဖြစ်သည်။

ရေကြောင့်ဖြစ်သော ရောဂါများကျရောက်မှု ကာကွယ်ရေးအတွက်လည်း ပညာပေးလှုံ့ဆော်ဆောင်ရွက်မှု များ၊ ရေကောင်းရေသန့်ပေးဝေနိုင်ရေးစီမံကိန်း ချမှတ်ဆောင်ရွက်မှုများ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ စိုက်ပျိုးရေး၊ စားသောက်ကုန်ထုတ်လုပ်ရေးနှင့် အခြားစက်မှုလုပ်ငန်းများမှ စွန့်ထုတ်သော ရေဆိုး များကို စနစ်တကျပြုပြင်သန့်စင်ပြီး ပြန်လည်အသုံးပြုရေးတို့ကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်သည်။

ရေအရင်းအမြစ်ပေါများသလောက် စနစ်တကျ ကိုင်တွယ်အသုံးပြုနိုင်ရေး အရေးပါလှသည်ဖြစ်၍ ရေအရင်း အမြစ်နှင့်ပတ်သက်သော လေ့လာဆန်းစစ်မှုများကိုလည်း မျက်ခြည်မပြတ်ဆောင်ရွက်သွားရမည်ဖြစ်သည်။

နယ်သာလန်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ခြင်း

နယ်သာလန်နိုင်ငံသည် မြန်မာနိုင်ငံနှင့် လွန်စွာအလားတူသော မြေနိမ့်မြစ်ဝှမ်းဒေသရှိရာ နိုင်ငံဖြစ်သည့် အလျောက် နှစ်နိုင်ငံလုံးတွင် ရေအရင်းအမြစ်ဘက်စုံ စီမံခန့်ခွဲရေးလိုအပ်ပုံချင်း တူညီသကဲ့သို့ ရင်ဆိုင်ကြုံတွေ့ရ သည့် အခက်အခဲများလည်း တူညီကြသည်။

ရေအသုံးပြုမှုစီမံခန့်ခွဲရေးသာမက ရေဆိုးစွန့်ထုတ်မှုစနစ်၊ ရေဆိုးသန့်စင်မှုစနစ်၊ သောက်သုံးရေဖြန့်ဝေခြင်း၊ မြစ်ကြမ်းခင်းရှင်းလင်းရေး၊ ဆိပ်ကမ်းများဖွံ့ဖြိုးတိုးတက်ရေး၊ ရေကြောင်းပို့ဆောင်ရေး၊ မြို့ပြဖွံ့ဖြိုးမှု၊ ရေနှင့် အစားအစာထုတ်လုပ်မှု၊ စွမ်းအင်ထုတ်လုပ်မှု၊  စက်မှုလုပ်ငန်းလည်ပတ်မှု စသည့်များစွာသော စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းခဲ့သည့် အတွေ့အကြုံရှိပြီးဖြစ်သော နယ်သာလန်နိုင်ငံက မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင်များစွာ အထောက်အကူပြုပေးနိုင်စွမ်းရှိ သည်ဟုဆိုရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ရေအရင်းအမြစ်ကြွယ်ဝသော်လည်း ပထဝီဒေသအလိုက်ကွဲပြားခြားနားမှုများရှိသည်။ နိုင်ငံအလယ်ပိုင်းအပူပိုင်းဒေသများတွင် ရေရှားပါးခြင်း၊  ဧရာဝတီမြစ်ဝှမ်းဒေသများတွင် ဆားငန်ရေဝင်ခြင်း၊ ရေ လွှမ်းမိုးခြင်း၊ အပူပိုင်းဒေသများတွင် ရုတ်တရက်ရေကြီးရေလျှံမှုဖြစ်ခြင်း၊ တောင်ကျရေဆင်းခြင်း၊ ဆိုင် ကလုံး မုန်တိုင်းများကြောင့် ကမ်းရိုးတန်းဒေသများ ထိခိုက်ပျက်စီးခြင်းစသည်ဖြင့် ပြဿနာအခက်အခဲမျိုးစုံ တွေ့ရှိရသည်။ မြို့ပြနှင့် ကျေးလက်ဒေသများတွင် ရေနုတ်မြောင်းစနစ် ပြည့်စုံလုံလောက်မှုမရှိခြင်းကလည်း သီးခြားအခက်အခဲ တစ်ရပ်ပင်။ သောက်သုံးရေအတွက် ရေလှောင်ကန်များ အများသုံးရေတွင်းရေကန်များ၊ မိုးရေစုဆောင်းထားခြင်း များ၊ မြေအောက်ရေထုတ်ယူသုံးစွဲခြင်းများကိုသာ အဓိကအားထားနေရဆဲဖြစ်သည်။

နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အနာဂတ်ကာလတွင် စိုက်ပျိုးရေ၊ စက်မှုလုပ်ငန်းသုံးရေ လိုအပ် ချက်မြင့်မားလာမည်ကိုလည်း သတိချပ်ရမည်ပင်။ ထို့အပြင် လူဦးရေမြင့်တက်လာခြင်းနှင့်အတူ လျှပ်စစ်ဓာတ် အားလိုအပ်ချက်လည်း မြင့်တက်လာမည် ဖြစ်ရာ ရေအားလျှပ်စစ်လိုအပ်ချက်လည်း တိုးလာရန်သာရှိပေသည်။

သို့ဖြစ်၍ တိုးပွားလာမည့် ရေကြီးရေလျှံခြင်း အန္တရာယ်များ၊ ရေကြောင်းပြောင်းလဲမှုများ၊ ဆိုင်ကလုံး မုန်တိုင်းများကြောင့် ဖြစ်ပေါ်နိုင်သည့် ပျက်စီးဆုံးရှုံးမှု အတိုင်းအတာ၊ မိုးခေါင်ရေရှားပြဿနာများကို အနာဂတ် တွင်ရေးဆွဲမည့် ရေအရင်းအမြစ်ဘက်စုံစီမံခန့်ခွဲ ရေးစီမံကိန်းများတွင် ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ နယ်သာလန် နိုင်ငံ၏ Water in Myanmar  အမည်ရ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

နယ်သာလန်နိုင်ငံနှင့် မြန်မာနိုင်ငံအစိုးရတို့သည် ရေအရင်းအမြစ်ဘက်စုံစီမံခန့်ခွဲရေးနယ်ပယ်၌ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတစ်ရပ်ကို ၂၀၁၃ ခုနှစ်၊ မေလအတွင်း လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြသည်။

ထို့နောက်တွင် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ (National Water Resources Committee- NWRC) က အမျိုးသားအဆင့်ရေမူဝါဒကို  ထုတ်ပြန်နိုင်ခဲ့သည်။ ရေအရင်းအမြစ်စီမံခန့်ခွဲခြင်း၌ ကောင်းမွန်သော အုပ်ချုပ်ရေးတစ်ရပ်ရှိရန်လည်း လိုအပ်ပါသည်။ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် သက်ဆိုင်သူ ပြည်သူများ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ရေအရင်းအမြစ်နှင့် ယင်းနှင့်ပတ်သက်သောကဏ္ဍများတွင် အချက် အလက်ရှာဖွေခြင်း၊ အခက်အခဲဖြေရှင်းရန် နည်းလမ်းဖော်ထုတ်ခြင်းတို့ဖြင့် အမြင်သစ်များနှင့်ဘက်စုံပြေလည်စေ မည့် နည်းလမ်းများထွက်ပေါ်လာနိုင်မည်ဖြစ်သည်။ မူဝါဒ(သို့မဟုတ်) ဥပဒေတစ်ရပ်အဆင်ပြေချောမွေ့စွာလည်ပတ် နိုင်ရေးဆိုသည်မှာ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ထိန်းကျောင်းတည့်မတ်ခြင်းတို့အပေါ်တွင်များစွာမူတည်သည်ဖြစ်ရာ တာဝန်ခံဆောင်ရွက် ကြရမည့်အဖွဲ့အစည်းတို့၏ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းမှာ အထူးအရေးပါလှသည်။

ထို့ကြောင့်ပင် နယ်သာလန်နိုင်ငံက ပေးအပ်သော  အကြံပြုချက်များတွင် ပုဂ္ဂလိကကဏ္ဍနှင့်တွဲဖက်၍ စွမ်း ဆောင်ရည်မြှင့်တင်ရေးကို အလေးထားဆောင်ရွက်ရမည့် အချက်တစ်ရပ်အဖြစ်ဖော်ပြသွားခြင်းဖြစ်ပေသည်။

Water in Myanmar အစီရင်ခံစာက စိုက်ပျိုးရေး၊ စွမ်းအင်၊ သစ်တော၊ စက်မှု၊ ဆိပ်ကမ်းလုပ်ငန်းများနှင့် ရေကြီးရေလျှံခြင်း၊ မြို့ပြရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ ရေ ဆိုးစွန့်ထုတ်စနစ်စသည့် ကဏ္ဍများတွင် တွေ့ကြုံရမည် ဖြစ် သော အလားအလာများကို သုံးသပ်ဖော်ပြကာ နယ်သာလန်နိုင်ငံ၏ အတွေ့အကြုံများအရ ကူညီပေးနိုင်ပုံတို့ကို လည်း သုံးသပ်ဖော်ပြထားသည်။

ထို့အပြင် ရေအရင်းအမြစ်ဆိုင်ရာ ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်မည့် စွမ်းဆောင်ရည်မြှင့်တင်ရေး ဆောင်ရွက်ရန်များ၊ လုပ်ငန်းခွင်အတွင်းမှ သင်ယူလေ့လာခြင်းစနစ်များ၊ စီးပွားရေးလုပ်ငန်းများမှ အထောက်အကူ ပြုနိုင်ပုံများကိုလည်း ဖော်ပြပေးခဲ့သည်။

အမျိုးသားအဆင့် ရေမူဝါဒ

မြန်မာနိုင်ငံ၏ အမျိုးသားအဆင့်ရေအရင်းအမြစ် ကော်မတီက ရည်ရွယ်ချက် (၈) ရပ်ဖြင့် ရေးဆွဲထားသော အမျိုးသားအဆင့်ရေမူဝါဒကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်ဝေခဲ့သည်။

ရည်ရွယ်ချက် (၈) ရပ်ကို အကြမ်းဖျင်းဖွင့်ဆိုရပက အမျိုးသားအဆင့်ရေမူဝါဒတစ်ရပ်ရေးသားအဆို ပြုရန်၊ နိုင်ငံတော်၏ ရေဆိုင်ရာအမြင့်ဆုံးအဖွဲ့အစည်းတစ်ရပ်ဖွဲ့စည်းရန်၊ အခြေခံအဆောက်အအုံများ၊ လူသားအရင်း အမြစ်အရည်အသွေးမြှင့်တင်မှုများအတွက်  နိုင်ငံတော်အစိုးရက ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်၊ ရေဆိုင်ရာကဏ္ဍများတွင် ဝန်ဆောင်မှုပေးသူတို့၏ စွမ်းဆောင်နိုင်ရည်နှင့် တာဝန်ခံမှုတိုးမြှင့်ပေးရန်၊ ဗဟုသုတအတွေးအခေါ်နှင့် တာဝန်ယူလို စိတ်ရှိပြီး အသိကြွယ်သောပတ်ဝန်းကျင်ကို ဖန်တီးပေးရန်၊ နယ်စပ်ကျော်မြစ်များနှင့်စပ်လျဉ်းသည့် နိုင်ငံတော်၏ မူဝါဒထုတ်ပြန်ပေးရန်နှင့် မြစ်ကိုမျှဝေသုံးစွဲရသော နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်၊ ရေနှင့်ဆိုင် သည့် သတင်းအချက်အလက်များ၊ ဗဟုသုတများ၊ အသိအမြင်များ၊ နည်းပညာများ၊ ပူးပေါင်းဆောင်ရွက်မှုများ၊ ဆွေးနွေးတိုင်ပင်မှုများ၊ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးရန်၊ ရေ၊ မိလ္လာနှင့် အညစ်အကြေးစွန့်ပစ် ခြင်း၊ ပတ်ဝန်းကျင်နှင့်တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာတို့နှင့်သက်ဆိုင်သည့် ပညာပေးလုပ်ငန်းများ၊ အသက်မွေး ဝမ်းကျောင်းသင်တန်းများ၊ အရည်အသွေးမြှင့်သင်တန်းများ၊ ကြီးကြပ်ကွပ်ကဲခြင်း၊ အရေးယူတည့်မတ်ပေးခြင်းနှင့် သင်ယူခြင်းတို့တွင် ရင်းနှီးမြှုပ်နှံရန်တို့ဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားအဆင့်ရေဥပဒေ လမ်းညွှန်မူဘောင်အပါအဝင် အခန်း ၁၇ ခန်း ရေးသား ဖော်ပြထားသော အမျိုးသားအဆင့်ရေမူဝါဒသည် ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးမျှော်မှန်းချက်များအနက် အပါအဝင်ဖြစ်သော ‘ နယ်စပ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုများ သင့်လျော်သည့်နည်းလမ်းဖြင့်ဆောင်ရွက် ရေးအပါအဝင် ရေအရင်းအမြစ်ဘက်စုံစီမံခန့်ခွဲရေးကို ၂၀၃၀ ပြည့်နှစ်တွင် အပြီးအစီးအကောင်အထည်ဖော် ဆောင် ရွက်ရန်’  ဆိုသည့် မျှော်မှန်းချက်နှင့်အညီ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ရေမူဝါဒအပေါ် ဆွီဒင်နိုင်ငံအခြေစိုက် Global Water Partnership (GWP) အဖွဲ့က သုံးသပ်ဖော်ပြချက်များမှ အချို့ကို ကောက်နုတ်ဖော်ပြသွားမည် ဖြစ်ပါသည်။

Global Water Partnership

ဆွီဒင်နိုင်ငံအခြေစိုက် Global Water Partnership သည် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၃ နိုင်ငံမှ အဖွဲ့အစည်း ပေါင်းသုံးထောင်ကျော်နှင့် ကွန်ရက်ချိတ်ဆက်ဆောင်ရွက်လျက်ရှိသော ရေအရင်းအမြစ်ဆိုင်ရာ အဖွဲ့အစည်းတစ်ရပ် ဖြစ်သည်။ GWP တွင် နိုင်ငံအဆင့် Water Partnership အဖွဲ့အစည်း ၈၆ ဖွဲ့၊ ဒေသအဆင့် Water Partnership အဖွဲ့အစည်း ၁၃ ဖွဲ့ ပါဝင်သည်။

၁။ နိဒါန်းကဏ္ဍ

အမျိုးသားအဆင့်ရေမူဝါဒ၏ နိဒါန်းကဏ္ဍတွင် မြန်မာနိုင်ငံ၏ရာသီဥတုနှင့် မြစ်ဝှမ်းများ၏အနေအထားအရ ရေအရင်းအမြစ်အလားအလာတို့ကို ထည့်သွင်း ဖော်ပြသင့်ကြောင်း GWP က အကြံပြုမှတ်ချက်ပေးဖော်ပြခဲ့သည်။ GWP ၏မှတ်ချက်အရ မြန်မာနိုင်ငံတွင် အဓိကမြစ်ဝှမ်းရှစ်ခုရှိပြီး ယင်းတို့သည် နိုင်ငံနယ်နိမိတ်၏ ၉၀ ရာခိုင်နှုန်း ကို လွှမ်းခြုံထားကြောင်း၊ ထိုမြစ်ဝှမ်းကြီးများမှ မြေပေါ်ရေ ၁၈၀၂ ကုဗကီလိုမီတာ၊ မြေအောက်ရေ အလားအလာ ၄၉၅ ကုဗကီလိုမီတာနှင့် ပြန်လည်ပြည့်ဖြိုးနိုင်သော မြေအောက်ရေ ၂၈ ကုဗကီလိုမီတာခန့် နှစ်စဉ်ရှိကြောင်း သိရှိရသည်။ ယခုအခါ မြန်မာနိုင်ငံသည် ရေအရင်းအမြစ်ကို အကျိုးရှိထိရောက်ပြီးကြောင်း ကျိုးဆီလျော်စွာအသုံး ပြုနိုင်ရေးအတွက် အရေးပါသောအလှည့်အပြောင်းတစ်ရပ်သို့ ရောက်ရှိနေပြီဟုလည်း GWP ကဆိုသည်။ ရေနှင့် ပတ်သက်သော အခန်းကဏ္ဍများ၌ အမျိုးသမီးများ ပါဝင်ဆောင်ရွက်နိုင်ရေးကိုလည်း မြှင့်တင်ပေး သင့်ကြောင်း GWP က အကြံပြုဖော်ပြထားသည်။

၂။ အမျိုးသားအဆင့် ရေမူဝါဒ

ရေအရင်းအမြစ်ကဏ္ဍ၌ လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှုပိုမိုခိုင်မာအားကောင်းလာစေရေးဆောင် ရွက်သင့်ကြောင်း၊ အနာဂတ်မျှော်မှန်းချက်အမြင်ကို ဆောင်ကြဉ်းနိုင်ရေးအတွက် အခြေခံမူကိုထုတ်ဖော်သင့်ကြောင်း GWP က အကြံပြုဖော်ပြသည်။

၃။ မျှတသော ရေခွဲဝေမှု

လက်ရှိဖော်ပြထားသော ကဏ္ဍအလိုက်ရေအရင်း အမြစ်ခွဲဝေသုံးစွဲပုံအား ပြန်လည်စိစစ်ပြီး နိုင်ငံတော်အစိုးရ က သတ်မှတ်ထုတ်ပြန်ရန်နှင့် ဦးစားပေးခွဲဝေမှု ကို အချိန်ကာလအပိုင်းအခြားအလိုက် ပြန်လည်သုံးသပ် မှုပြုရန် မတူညီသော ကဏ္ဍအသီးသီး၏ ထုတ်ယူသုံးစွဲမှုများကို မှတ်တမ်းထားရှိရန်အတွက် ပြန်လည်အကဲဖြတ်ခြင်းများကို တာဝန်ခံဆောင်ရွက်ရန် GWP က အကြံပြုဖော်ပြခဲ့သည်။

၄။ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိအောင် ပြင်ဆင်ညှိနှိုင်းခြင်း

သစ်တောပျိုးထောင်ခြင်းနှင့် ပြန်လည်စိုက်ပျိုးခြင်း တို့ကို မြှင့်တင်ဆောင်ရွက်ရန် GWP က အကြံပြုသည့် အပြင် လက်ရှိအချိန်အထိ ရာသီဥတုပြောင်းလဲခြင်းနှင့် သက်ဆိုင်သော လှုပ်ရှားဆောင်ရွက်မှုများ မြန်မာနိုင်ငံတွင် နည်းပါးဆဲရှိကြောင်းလည်း ဖော်ပြသည်။

၅။ ရေရရှိနိုင်မှုကို ပိုမိုတိုးမြှင့်စေခြင်း

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာနက ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နှင့် တွဲဖက်၍ ၂၀ဝ၃ ခုနှစ်က ထုတ်ပြန်ခဲ့သော မြေပေါ်မြေအောက် ရေရှားပါးပြတ်လပ်မှုဆိုင်ရာ အစီရင်ခံစာတစ်ရပ်အရ မန္တလေးနှင့် ရန်ကုန် အလယ်ပိုင်းဒေသများတွင် ရေပြတ်လပ်မှု ကြုံတွေ့နိုင်သည့်အနေအထားရှိနေသဖြင့် လက်ရှိအနေအထားကို သုံးသပ် လေ့လာသည့် အစီရင်ခံစာတစ်ရပ် ၂၀၂၀ ပြည့်နှစ်အမီ ထုတ်ပြန်ပေးရန် GWP က အကြံ ပြုဖော်ပြခဲ့သည်။

၆။ ရေဆိုင်ရာ အခြေခံအဆောက်အအုံများကိုထိန်းသိမ်းစောင့်ရှောက်ခြင်း

ဆူနာမီငလျင်ဒဏ်သင့်ပြီး ထိခိုက်ပျက်စီးခဲ့သော ကမ်းရိုးတန်းဒေသများအား ရေအရင်းအမြစ်စီမံခန့်ခွဲရေး စနစ်နှင့်ဆက်နွှယ်၍ အနီးကပ်လေ့လာမှုပြုလုပ်ရန် ဧရာဝတီမြစ်ဝှမ်းဒေသတွင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု ကို အသေးစိတ်လေ့လာရန် ရေပတ်လည်ဝိုင်းနေသော ရန်ကုန်မြို့အား ကယ်တင်နိုင်ရေးအတွက် ရေလွှမ်းမိုးမှု ကာကွယ်ရေးစနစ်တစ်ရပ် အကောင်အထည် ဖော် ဆောင်ရွက်သွားရန် GWP က မှတ်ချက်ပေးအကြံ ပြုထားသည်။

၇။ အစွန်းရောက် မိုးလေဝသဖြစ်ရပ်များအားစီမံခန့်ခွဲခြင်း

ရာသီဥတုပြောင်းလဲမှုကြောင့် ရုတ်တရက် ရေကြီးရေလျှံမှုများကို အလေးပေးသတိပြုစေရန် အပူပိုင်းဒေသ များအတွင်း လွင်တီးခေါင်မဖြစ်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရန် ရေလွှမ်းမိုးခြင်း ဆိုင်ရာ ဘက်စုံစီမံခန့်ခွဲမှုစီမံကိန်းရေးဆွဲထားရန်တို့ကို GWP က အကြံပြုဖော်ပြသည်။

၈။ ရေပေးဝေမှုအညစ်အကြေးစွန့်ပစ်မှုနှင့်ရေဆိုးသန့်စင်ခြင်း

သက်ဆိုင်ရာဝန်ကြီးဌာန၏ ရေအရည်အသွေးသတ် မှတ်ချက်ဖော်ထုတ်ခြင်းကို အလေးပေးဖော်ပြသင့် ကြောင်း၊ ဘေးရန်ကင်းရှင်းသည့် သောက်သုံးရေနှင့် လုံလောက်သော ရေဆိုးစွန့်ထုတ်မှုတို့ကို တစ်ဦးချင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးတို့နှင့်အတူ အဆင့်မြင့်ဦးစား ပေးကိစ္စအဖြစ် ဆောင်ရွက်သင့်ကြောင်း GWP က အကြံ ပြုသည်။

၉။ နယ်စပ်ဖြတ်ကျော်မြစ်များနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု

မြန်မာနိုင်ငံရှိ မြစ်ချောင်းများကို အမျိုးသားအဆင့် မြစ်များ၊ နိုင်ငံတကာအဆင့်မြစ်များနှင့် နယ်စပ်ဖြတ် ကျော်မြစ်များဟူ၍ အဆင့်ခွဲခြားသတ်မှတ်ထားသင့်ကြောင်း၊ ဧရာဝတီမြစ်သည် အမျိုးသားအဆင့်မြစ်ဖြစ် ပြီး ကမ္ဘာပေါ်တွင် လွတ်လပ်စွာ စီးဆင်းနေဆဲဖြစ်သော မြစ်များအနက်မှ တစ်စင်းအဖြစ် ကျန်ရှိနေဆဲဖြစ်ရာ ထိုသို့ လွတ်လပ်စွာစီးဆင်းနေနိုင်ခြင်း တန်ဖိုးမြင့်တက်လာမှုကို အသိအမှတ်ပြုပြီး ယင်းကိုကာကွယ်ပေးမည့် ယန္တရားများ တည်ဆောက်သွားရန်တို့ကို GWP က အကြံပြုဖော်ပြခဲ့သည်။

၁၀။ အချက်အလက်ဘဏ်နှင့်မျှဝေမှုစနစ်

သတင်းအချက်အလက်ရယူလိုသူတို့ ယုံကြည်ကိုးစားနိုင်ပြီး အလွယ်တကူရယူနိုင်သော အင်တာနက်စနစ် နှင့် အခြားနည်းလမ်းဖြင့် ရယူနိုင်သည့်စနစ်များကိုပါ  ထည့်သွင်းပေးထားရန်GWP က အကြံပြုသည်။

ရေအရင်းအမြစ်ဆိုင်ရာမြန်မာနိုင်ငံဥပဒေများ

မြန်မာနိုင်ငံတွင် ရေအရင်းအမြစ်ဆိုင်ရာနှင့်ပတ်သက်သော Rangoon Water Act(1885), Burma Canal Act(1905), Burma Embankment Act (1909), Underground Water Act(1930),Burna Water Power Rules (1932) စသည့် ကိုလိုနီခေတ်လက်ကျန် ဥပဒေအများအပြားနှင့် မြို့တော်စည်ပင်သာယာရေးဥပဒေများ အပြင်၊ ရေလုပ်ငန်းကဏ္ဍတွင် နောက်ပိုင်း ပြဋ္ဌာန်း ထားသော ဥပဒေအများအပြားရှိသော်လည်း ရေထုညစ်ညမ်းမှုကို ကာကွယ်သည့် သီးခြားဥပဒေတစ်ရပ် မရှိသေးပေ။

မြန်မာနိုင်ငံအတွက် လိုအပ်နေသော အမျိုးသားရေး ဥပဒေတစ်ရပ်ကို အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ၏ ဦးဆောင်မှုဖြင့် ၂၀၁၃ ခုနှစ်ကတည်းကပင် စတင်ပြင်ဆင်ဆွေးနွေးရေးဆွဲနေပြီဖြစ်သည်။ အမျိုးသား ရေဥပဒေမူကြမ်းကို ပြည်သူတို့ဖတ်ရှုလေ့လာ အကြံပြုနိုင်ရန် မကြာမီထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက ကျင်းပခဲ့သော Third Asia Pacific Water Summit ၌ အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ အကြံပေးအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးချိုချိုကလည်း အလားတူပင် ပြောကြားခဲ့ပြီး၊ ရေသည်လူတိုင်းနှင့် သက်ဆိုင်သော ကိစ္စဖြစ်၍ ဥပဒေပြုစုရာ၌ ပြည်သူတို့၏ အကြံပြုချက်များကို ထည့်သွင်းစဉ်စားသွားမည်ဖြစ် ကြောင်းလည်း ပြောကြားသွားခဲ့သည်။

Third Asia Pacific Water Summit

တတိယအကြိမ်မြောက် အာရှပစိဖိတ်ဒေသဆိုင်ရာ ညီလာခံကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်နေ့များက ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ ညီလာခံကို မြန်မာအစိုးရနှင့် Asia Pacific Water Forum တို့ ပူးတွဲဆောင်ရွက်ပေးခြင်းဖြစ်သည်။ ပထမအကြိမ် အာရှပစိဖိတ်ဒေသဆိုင်ရာရေညီလာခံကို ၂၀ဝ၇ ခုနှစ်တွင် ဂျာမနီနိုင်ငံ Beppu  မြို့တွင်လည်းကောင်း၊ ဒုတိယအကြိမ်ညီလာခံကို ၂၀၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် လည်းကောင်း ကျင်းပခဲ့ပြီး ဖြစ်သည်။

ပထမအကြိမ်ညီလာခံ၏ဦးတည်ချက်အဖြစ် ‘ရေလုံခြုံရေး-ဦးဆောင်မှုနှင့်ကတိကဝတ်များဟူသောခေါင်းစဉ် ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ဒုတိယအကြိမ် ညီလာခံ၏ဦးတည်ချက်မှာ ရေလုံခြုံရေးနှင့်ရေနှင့်ပတ်သက်သော ဘေး အန္တရာယ်စိန်ခေါ်မှုများ- ဦးဆောင်မှုနှင့် ကတိကဝတ်များ’ဟူသော ခေါင်းစဉ်ဖြင့်ကျင်းပခဲ့သည်။

တတိယအကြိမ် ညီလာခံတွင် “ရေရှည်ဖွံ့ဖြိုးတိုး တက်မှုအတွက် ရေလုံခြုံရေး´´ ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတကာအစိုးရအဖွဲ့အကြီးအကဲများ၊ အစိုးရအဖွဲ့နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အဆင့်မြင့်အရာ ရှိကြီးများ၊ ရေအရင်းအမြစ်ဆိုင်ရာကျွမ်းကျင်သူများကို ဖိတ်ကြားခဲ့ပါသည်။ တတိယအကြိမ်ညီလာခံတွင် မြန်မာ နိုင်ငံမှပညာရှင်များလည်း ပါဝင်ဆွေးနွေးခဲ့ရာ ရေအရင်းမြစ်ဆိုင်ရာ အသိအမြင်နိုးကြားရေး သင်တန်းအစီအစဉ် များ၊ မြစ်ငယ်ဒေသမှ မျှော်မှန်းသလောက် အကျိုးမဖြစ်ထွန်းသော ရေအားလျှပ်စစ်ထုတ်လုပ်ရေး စက်ရုံလည်ပတ်မှု၊ ဧရာဝတီမြစ်ညာပိုင်းကို အခြေပြုလေ့ လာထားသည့် ကျန်းမာရေးနှင့်ညီညွတ်သော မြစ်တစ်စင်းဖြစ်ရေးအတွက် ရေထုညစ်ညမ်းမှုစောင့်ကြည့်ခြင်းနှင့် လူထုပါဝင်ဆောင်ရွက်ရေးစသည့်ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြပါ သည်။

တတိယအကြိမ်မြောက် အာရှပစိဖိတ်ဒေသဆိုင်ရာ ရေညီလာခံ Yangon Declaration ခေါ် ကြေညာ စာတမ်းတစ်စောင်ထုတ်ပြန်ခဲ့သည်။

ရန်ကုန်ကြေညာစာတမ်း (Yangon Declaration)

ရန်ကုန်ကြေညာစာတမ်းပါ အရေးပါသောအချက်များကို အကျဉ်းချုံးဖော်ပြရပါက အာရှပစိဖိတ်ဒေသ တွင်းတစ်ခုလုံး၌ ဘေးရန်ကင်းရှင်း၍ လက်ခံနိုင်သော အရည်အသွေးရှိသည့် သောက်သုံးရေနှင့် အခြေခံရေဆိုး စွန့်ထုတ်မှုစနစ်ကို ၂၀၂၅ ခုနှစ်ထက်နောက်မကျဘဲ ပေးအပ်ခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးမျှော်မှန်း ချက်ပါ လျာထားချက်နှစ်ထက်ငါးနှစ်စော၍ အပြီးအစီးဆောင်ရွက်ရန်၊ ရေနှင့်ပတ်သက်သော ဘေးအန္တရာယ်များနှင့် ရေလုံခြုံရေးတိုးတက်စေရန်အတွက်လိုအပ်သော အခြေခံအဆောက်အအုံများနှင့် လူထုအခြေပြုကြိုးပမ်းမှုများတွင် ဒေသတစ်ရပ်လုံးက ရင်းနှီးမြှုပ်နှံမှုနှစ်ဆတိုး ထည့်ဝင်ကြရန်၊ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတို့တွင် သာမက ပညာရေးနှင့်လေ့ကျင့်သင်ကြားရေးတို့တွင်ပါ တီထွင်ဆန်းသစ်သောဖြေရှင်းရေးနည်း လမ်းများရရန်၊ အထူးသဖြင့်ရေကိုအကျိုးရှိ ထိရောက်စွာအသုံးပြုနိုင်ရေး၊ ရရှိမှုမြင့်မားရေး၊ ရေဆိုးပြန်လည်သန့် စင်အသုံးပြုရေး၊ ဘေးအန္တရာယ်ကြိုတင်အကဲဖြတ်မှုနှင့် ဖြစ်နိုင်ခြေလျှော့ချရေး၊ မူဝါဒနှင့်အုပ်ချုပ်မှုနည်းလမ်း ကောင်းများချမှတ်ရေး၊ တိုးပွားလာသော ရေလိုအပ်ချက် ပြည့်မီစေရေး၊ ဘေးအန္တရာယ်ကျရောက်မှုကြောင့်ဖြစ် သောထိခိုက်ပျက်စီးမှုများကို လျှော့ချနိုင်ရေး၊ ရေးဆိုးစွန့် ထုတ်မှုစနစ်နှင့် ရေဆိုးစီမံခန့်ခွဲမှုတိုးတက်ကောင်းမွန်လာရေးတို့ကို ဆက်လက်ဆောင် ရွက်သွားရန်၊ အဖြေတစ်ရပ်တည်းဖြင့် အားလုံးပြေလည်နိုင်မည် မဟုတ်သည်ကို အသိအမှတ်ပြုပြီး ဒေသန္တရ ဗဟုသုတစီမံခန့်ခွဲမှုဖြင့် သက်ဆိုင်ရာတိုင်းနိုင်ငံနှင့် လူမှုအသိုက်အဝန်း၏ ဒေသတွင်း အခြေအနေပေါ် မူတည်ကာ သင့်တော်သည့်အလျှောက် ဆောင်ရွက်သွားရန် ရေအရင်းအမြစ်ဘက်စုံ စီမံခန့်ခွဲမှု အကောင်အထည်ဖော်ရာတွင် နယ်စပ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုနှင့် တွဲဖက်ဆောင်ရွက်သူများအပါအဝင်၊ အဆင့်တိုင်းတွင် ပံ့ပိုးဆောင် ရွက်ပေးသွားရန်၊ အဖွဲ့ဝင်နိုင်ငံအားလုံးအနေဖြင့် ပထမအကြိမ် ညီလာခံတွင် သဘောတူညီထားသည့်အတိုင်း ရေဆိုး စွန့်ထုတ်မှုစနစ်များရရှိစေခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု ပညာပေးမြှင့်တင်ဆောင်ရွက်ခြင်းနှင့် ဟင်းလင်းပြင်တွင် အညစ်အကြေးစွန့်မှုပပျောက်ရေးတို့ကို ၂၀၂၅ ခုနှစ် နောက်ဆုံးထား၍ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်းစသည်တို့ ဖြစ်သည်။

အပူပိုင်းဒေသနှင့်မြေအောက်ရေ

မြန်မာနိုင်ငံအလယ်ပိုင်းအပူပိုင်းဒေသရှိ မြေအောက်ရေအကြောင်းကို Australian Water Partnership (AWP) က ဇလဘူမိဗေဒပညာရပ်ရှုထောင့်မှ လေ့လာသုံးသပ် ထားသော Hydrogeology of the Dry Zone- Central Myanmar အမည်ရ အစီရင်ခံစာတစ်ရပ်ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့က နေပြည်တော် တွင် စတင်ထုတ်ဝေခဲ့သည်။ မြန်မာနိုင်ငံလူဦးရေ ၅၂ သန်း၏ လေးပုံတစ်ပုံမျှသော ပြည်သူတို့နေထိုင်လျက်ရှိသည့် ဧရိယာ ၅၄,ဝ၀ဝ စတုရန်းမီတာအကျယ်အဝန်းရှိဒေသ တစ်ရပ်လုံးအား ဇလဘူမိဗေဒအမြင်ဖြင့် အကဲဖြတ်ပြုစု ထားသော အစီရင်ခံစာဖြစ်သည်။ (ဇလဘူမိဗေဒပညာရပ်သည် ဘူမိဗေဒပညာရပ်၏ အကိုင်းအလက်တစ်ရပ် ဖြစ်ပြီး မြေပေါ်/မြေအောက်ရေတို့၏ ရွေ့လျားမှုကို လေ့လာသောပညာရပ်ဖြစ်သည်)။ အဆိုပါအပူပိုင်းဒေသသည်အနောက် ဘက်ရှိ တောင်များ၏ အဟန့်အတားပြုမှုကြောင့် မုတ်သုံမိုးအများအပြားလွတ်ကင်းရာဒေသလည်း ဖြစ်သည်။

စင်စစ်တွင် သြစတြေးလျအစိုးရ၏ Aid Agency က ၁၉၇၈ မှ ၈၈ ခုနှစ်အတွင်း မြန်မာနိုင်ငံနှင့် တွဲဖက်၍ အပူပိုင်းဒေသမြေအောက်ရေများအကြောင်း စစ်တမ်း သုတေသနတစ်ရပ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ လုပ်ငန်းလက် စသတ်လုနီးဖြစ်သော်လည်း ထိုစဉ်ကနိုင်ငံရေးအခြေအနေအရ အစီရင်ခံစာထုတ်ပြန်သည့်အဆင့်သို့ မရောက်ခဲ့ရပေ။

ယခုတစ်ဖန် အနှစ်သုံးဆယ်ခန့်ကြာမြင့်ပြီးကာမှ မူလသုတေသနအဖွဲ့ ဦးဆောင်သူ ဇလဘူမိဗေဒပညာရှင် Dr.Len Drury ကို ၂၀၁၇ ခုနှစ် ဇွန်လအတွင်းက မြန်မာ နိုင်ငံသို့ ပြန်လည်စေလွှတ်ကာ မွမ်းမံပြင်ဆင်ဖြည့်စွက်ရန် လိုအပ်သော သတင်းအချက်အလက်များကို ပြန် လည်ဆောင်ရွက်စေခဲ့ပြီး အစီရင်ခံစာကို ထုတ်ပြန်ပေး နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုအစီရင်ခံစာတွင် မြေအောက်ရေစနစ်အကြောင်း လက်ရှိသိရှိထားရသမျှ သိမှတ်ဖွယ်ရာများနှင့် (ရေ အောင်းလွှာအထွက်နှုန်း၊ ဆားငန်ဓာတ်အနိမ့်အမြင့်၊ အဝီစိတွင်းဖိအား၊ အပူချိန်မြင့်တက်မှု၊ အာဆင်းနစ်နှင့် ဖလူအိုရိုက်ဒ်ကဲ့သို့သော ရေကို ညစ်ညမ်းစေသည့်အရာများ၊ မြေအောက်ရေသက်တမ်း အစရှိသည့်) ဇလဘူမိဗေဒ ဆိုင်ရာ သဘာဝလက္ခဏာများကို ဖော်ပြထားသည်။ ပညာရပ်ဆန်စွာ ချဉ်းကပ်တင်ပြထားသော အစီရင်ခံစာမှ သိမှတ်ဖွယ်ရာအချို့ကို အကျဉ်းချုပ်ကောက်နုတ်ဖော်ပြသွားမည် ဖြစ်ပါသည်။

မြေအောက်ရေ (Ground Water)

မြေအောက်ရေဆိုသည်မှာ ဘူမိဖြစ်စဉ်အရ ဖြစ်ပေါ် နေသော ကျောက်ချပ်လွှာအတွင်း အလစ်အလပ်နေရာ လုံးဝမကျန်ရှိသည်အထိ အပြည့်အဝနေရာယူထားသော (ပြည့်ဝဇုန်ခေါ် Saturated Zone အတွင်းရှိ) ရေကို ရည် ညွှန်းသည်။ ထိုသို့ ရေဖြင့် ပြည့်ဝခြင်းမရှိသေးသောဇုန်ကို Vadose Zone ဟုခေါ်ဆိုပြီး ယင်းတွင် လေနှင့်ရေ တို့က နေရာယူထားသည်။ Vadose Zone ကို Saturated Zone ၏ အထက်တွင် တွေ့ရှိနိုင်ပြီး ထိုနေရာမှ တစ်ဆင့် မြေမျက်နှာပြင်အထက်သို့ ဆက်၍တက်သွားသည်။ ရေကိုလုံလောက်စွာစုပ်ယူ၊ သိုလှောင်ထားနိုင်စွမ်းရှိပြီး ထုတ် လွှတ်ပေးနိုင်ခြင်းလည်းရှိသော ပြည့်ဝဇုန်ရှိ တစ်စုတစ်စည်းတည်း မဟုတ်သော အနည်အမှုန်တို့ဖြင့် ဖွဲ့စည်းထား သော ကျောက်ချပ်လွှာကို ရေအောင်းလွှာ (Aquifer) ဟု ခေါ်ဆိုသည်။

ဒေသအလိုက် တွေ့ရှိရသောဇလဘူမိဗေဒဆိုင်ရာလက္ခဏာများ

အပူပိုင်းဒေသ မြေအောက်ရေတွင် ဒေသအလိုက်တွေ့ရှိရတတ်သော ဇလဘူမိဗေဒဆိုင်ရာလက္ခဏာ ငါးရပ်ကို အစီရင်ခံစာတွင် အကျဉ်းချုပ်ဖော်ပြထားသည်။

ဆားငန်နှုန်း(Saltnity)

ယေဘုယျအားဖြင့် ရေ၏အသုံးဝင်မှုအပေါ်မူတည်၍ ဆားငံနှုန်းကို အုပ်စုငါးစုခွဲခြားဖော်ပြထားသည်။ မြေ အောက်ရေအရည်အသွေးသည် တွေ့ရှိရသော မြေအောက်အနက်၊ ပါဝင်သော ဆား၏သဘာဝဓာတ်ငွေ့တို့၏ ပြင်း အားအလိုက် ကွဲပြားခြားနားမှုရှိသည်။ (ဤအစီရင်ခံစာ၌ ဆားငံနှုန်းကို M.S.cm-1 (Micro Siemen per Centimeter) ဖြင့် တိုင်းတာဖော်ပြထားပြီး အလားတူ တိုင်းတာမှုယူနစ်ဖြစ်သည့် Total Dissolved Solids (TDS) ကို တိုင်းတာသည့် mg/L (Miligram per Litre) ဖြင့်လည်းကောင်း၊ ppm (Parts per Million) ဖြင့်လည်းကောင်း ဖော်ပြကြလေ့လည်းရှိသည်) တိုင်းတာမှုအုပ်စုအလိုက် အသုံးပြုနိုင်ပုံကို တွဲဖက်ဖော်ပြထား သည်။

ဝ- ၁၅၀ဝ MS.cm-1      –           အရည်အသွေးကောင်း။ သောက်သုံးရေအဖြစ်သာမက မွေးမြူရေးတိရစ္ဆာန်များ                                                             အတွက်နှင့် စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းသုံးရေ၊ မြို့တွင်း ဖြန့်ဝေပေးသည့်ရေအဖြစ်                                           အသုံးပြုနိုင်သည်။

၁၅၀ဝ-၃၀ဝ၀ MS.cm-1-          အရည်အသွေးအသင့်အတင့်။ လိုအပ်ပါက ကျေးရွာသုံးရေအဖြစ် အသုံးပြုနိုင်ပြီး                                               ကျွဲ၊ နွားတိရစ္ဆာန်အားလုံးအတွက် အသုံးပြုနိုင်သည်။ ဆားဒဏ်ခံနိုင်သော                                                        ကောက်ပဲသီးနှံများအတွက် အသုံးပြုလိုက အသုံးပြုနိုင်သည်။

၃၀ဝ၀-၆၀ဝ၀ MS.cm-1-          အရည်အသွေးနိမ့်။ ကျွဲ၊ နွားတိရစ္ဆာန်များနှင့် ဆေးကြောရန်သာ အသုံးပြုရန်                                                     သင့်တော်သည်။ ဖြစ်နိုင်ပါက လူတို့သောက်သုံးရန် မသင့်ပါ။

၆၀ဝ၀-၁၀,ဝ၀ဝ MS.cm-1-      အရည်အသွေးညံ့ဖျင်း။ ဆိတ်နှင့် သိုးတို့အတွက်သာ အသုံးပြုရန် သင့်တော်သည်။                                              ၈၀ဝ၀ MS.cm-1 ထက်ကျော်လွန်ပါက နွားများအတွက်အသုံးပြုရန် မသင့်တော်ပါ။

၁၀,ဝ၀ဝ MS.cm-1အထက်-     အရည်အသွေးဆိုးဆိုးဝါးဝါးညံ့ဖျင်း။ ဆားချက်လုပ်ခြင်းမှလွဲ၍ မည်သည့်အတွက်မျှ                                          အသုံးပြုရန် မသင့်ပါ။

ရေအောင်းလွှာညစ်ညမ်းခြင်း(Aquifer Contamination)

မြေအောက်တစ်ဆယ်မီတာအတွင်းရှိ မြေတိမ် ရေအောင်းလွှာများသည် ညစ်ညမ်းမှုရှိသော မြေပေါ်ရေများ၊ မိလ္လာကန်များ၊ ဈေးများ၊ သားသတ်ရုံများနှင့် စက်မှုလုပ်ငန်းဧရိယာတို့မှ အထက်အောက်ယိုစိမ့်မှုကြောင့် ညစ်ညမ်း မှုဖြစ်ကာ ရောဂါဖြစ်ပွားစေသော မိုက်ခရိုဘက်တီးရီးယားပိုးမွှားများ မြေအောက်တွင်ပင် ကပ်ငြိနေ တတ်သည်။ ရေနံထုတ်လုပ်ရာနှင့် သတ္တုတွင်းလုပ်ငန်းရှိရာ ဧရိယာတို့တွင်လည်း အလားတူရေအောင်းလွှာညစ်ညမ်းမှု ဖြစ်နိုင် သည်။

ထရစ်တီယမ်ဆန်းစစ်ချက်  (Tritium Analysis)

အပူပိုင်းဇုန်ဒေသအတွေင်းရှိ အဝီစိရေတွင်း ၆၈ တွင်းမှ မြေအောက်ရေနမူနာများကို Australian Atomic Energy Commission (AAEC)  ဓာတ်ခွဲခန်းသုံး ၁၉၈၆ ခုနှစ်အတွင်းက ပေးပို့စစ်ဆေးစေခဲ့ပါသည်။ ရေနမူနာ များတွင်  Tritium  ခေါ် ရေဒီယိုသတ္တိကြွ ဟိုက်ဒရိုအိုင်ဆို တုပ်လှုပ်ရှားမှုကို စစ်ဆေးခြင်းဖြစ်ပြီး အများစုသော ရေနမူနာတို့မှာ၊ ထရမ်တီယမ်တိုင်းတာမှု ယူနစ် (TU) အားဖြင့် ၂ ထရစ်တီယမ်ယူနစ်ထက် ကျော်လွန်ခြင်း မရှိပါ။ ဤအချက်က မြေအောက်ရေစနစ်သက်တမ်းသည် အနှစ်သုံးဆယ်အထက်တွင်ရှိကြောင်းပြဆိုသည်။ ၁၂ ထရစ်တီ ယမ်ယူနစ်ပမာဏထက် ကျော်လွန်ပါက ထိုမြေအောက်ရေသည်မြစ်နှင့်နီးသောဒေသများတွင် ပြန်လည်ဖြည့်တင်းရန် နီးစပ်သည်။ သက်တမ်းနု (Modem) မြေအောက်ရေဖြစ်သည့် ၃ ထရစ်တီယမ် ယူနစ်မှ ၆ ထရစ်တီယမ်ယူနစ် အတွင်းဆိုပါက သက်တမ်းရင့်ရေနှင့် ပြန်လည်ဖြည့်တင်းထားသည့် သက်တမ်းနု (Modem) မြေအောက်ရေနှစ်မျိုး လုံးရောယှက်နေသည့်ရေဖြစ်သည်။

ရေဒီယိုကာဘွန် (စီ-၁၄)ဆန်းစစ်ချက် (Radiocarbon (C-14) Analysis)

ကွဲပြားသော ဇလဘူမိဗေဒလက္ခဏာရှိ မြေအောက် ရေစနစ်များမှ မြေအောက်ရေနမူနာဆယ်မျိုးကို ရယူကာ ယင်းတို့၏ သက်တမ်းကို C-14 နည်းလမ်းဖြင့် ၂၀၁၇ ခုနှစ်တွင် စစ်ဆေးကြည့်သည်။ ဆစ်ဒနီမြို့ရှိ Australian Nuclear Science and Technology Organization(ANSTO) က စစ်ဆေးပေးခြင်းဖြစ်သည်။ မြေနက်ရေ အောင်းလွှာ အဝီစိတွင်းများမှ ရယူထားသော မြေ အောက်ရေနမူနာတို့၏သက်တမ်းသည် ၁၃၅၅± ၃၀ မှ ၂၆,၁၂၀± ၁၂၀ အထိရှိကြောင်း တွေ့ရှိရသည်။

C-14 ဆန်းစစ်လေ့လာမှုက ရေအောင်းလွှာစနစ်ရွေ့လျားမှုရှိကြောင်း သက်သေအထောက်အထားပင်ဖြစ် သည်။ ရေအောင်းလွှာပြန်လည်ဖြည့်တင်းခြင်းနှင့် ရေထုတ်ပေးသည့် ဧရိယာများကိုလည်း ထုတ်ဖော်နိုင်သည်။ မြေအောက်ရေခိုအောင်းနေချိန် ဓာတုဗေဒဓာတ်ပြုမှုနှင့် ဒေသအလိုက်စနစ်များအတွင်း မြေအောက်ရေစီးကြောင်း လားရာကိုလည်း နားလည်နိုင်မည်ဖြစ်သည်။ ရေတွင်းတူးသူများနှင့် လူမှုအသိုက်အဝန်းတို့အနေဖြင့်လည်း မြေအောက်ရေရွေ့လျားမှုသဘောသဘာဝကို ကောင်းစွာနားလည်နိုင်မည်ဖြစ်သည့်အပြင် စီမံခန့်ခွဲမှုအစီအစဉ်များ ချမှတ်အကောင်အထည်ဖော်စောင့်ကြည့်အကဲခတ်ရန် လိုအပ်ချက်ကိုလည်းအလေးထားနားလည်လာမည်ဖြစ်သည်။

 

မြေအောက်ရေတွင် ပါဝင်သောအာဆင်းနစ် (Arsenic in Groundwater)

ဧရာဝတီမြစ်အတွင်းမှ နုန်းများကို အာဆင်းနစ် ပါဝင်မှုစစ်ဆေးရာတွင် အမြင့်ဆုံးမှာ ၅၀ Mg/L (Microgram per Litre) အထက်ရှိကြောင်း တွေ့ရှိရပြီး မူးမြစ်နှင့် ချင်းတွင်းမြစ်တို့မှ နုန်းနမူနာများမှာ အာဆင်း နစ် ပါဝင်မှု ၁၀ Mg/L သာရှိကြောင်း တွေ့ရှိရသည်။ (ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အာဆင်းနစ်ပါဝင်မှု လမ်းညွှန်တန်ဖိုးမှာ ၁၀ Mg/L ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံအလိုက် အမျိုးသားအဆင့် သတ်မှတ်တန်ဖိုးကို ရွေးချယ် ထုတ်ပြန်ရန် ဖြစ်သည်။)

မြေအောက်ရေရရှိမှုနှင့် ရွေ့လျားမှု

မြေအောက်ရေကို ရေရှည်တည်တံ့စေရန် စီမံခန့်ခွဲလိုပါက ယင်း၏ပမာဏနှင့် ရွေ့လျားမှုအကြောင်း သိရှိ ထားရန်လိုအပ်သည်။ ရေသည်မည်သည့်နေရာမှ မည်သည့်နှုန်းထားဖြင့် ပြန်လည်ဖြည့်တင်းသည်၊ ထုတ်ပေးသည် ကို ဆိုလိုခြင်းဖြစ်သည်။ ယေဘုယျလမ်းညွှန် ချက်အဖြစ် ဆိုရပါက မြေအောက်ရေထုတ်ယူမှုသည် ရေအောင်းလွှာ ပြန်လည်ဖြည့်တင်းမှုထက် မကျော်လွန်သင့်ပါ။

မြေအောက်ရေကို မိုးရေဖြင့် အဓိကပြန်လည်ဖြည့်တင်းသည်။ မိုးတိုက်ရိုက်ရွာသွန်းခြင်းနှင့် မြေမျက်နှာပြင် မှ စိမ့်ဝင်ခြင်းတို့ဖြင့် ပြန်လည်ဖြည့်တင်းသည်။ ဧရာဝတီ မြစ်နှင့် တစ်ဆက်တည်းဖြစ်သော မြေအောက်ရေမျက်နှာ ပြင်သည် မြစ်ရေ၏အတက်အကျအတိုင်း ဖြစ်သည်။ မြစ်နှင့်နီးကပ်စွာ တည်ရှိသော မြေအောင်းလွှာတို့သည် မြစ်ရေ နှင့် တိုက်ရိုက်ဆက်နွှယ်မှုရှိသည်ကို ဆိုလိုသည်။ ရေလွှမ်းမိုးမှုဖြစ်သောအခါများတွင် မြေအောက်ရေလှုပ် ရှားမှု ပြောင်းပြန်ဖြစ်တတ်သည်။ မြစ်ရေက ရေအောင်းလွှာသို့ တိုက်ရိုက်ဝင်ရောက်သောကြောင့်ဖြစ်သည်။ ယေဘုယျအား ဖြင့် ဆိုရပါကမြေအောက်ရေသည် မြစ်ရှိရာသို့ ဦးတည်စီးဆင်းသည်။ အထူးသဖြင့်ပူပြင်း ခြောက်သွေ့သော ရာသီ တွင် ထိုသို့စီးဆင်းသည်။ ရာသီဥတုပူပြင်းသည့်အခါ မြေအောက်ရေက မြစ်၏အခြေသို့ ဝင်ရောက်ဖြည့်ဆည်း ပေးခြင်းဖြစ်သည်။ မြစ်ရေလွှမ်းချိန်တွင် မြေအောက်ရေစီးကြောင်းလားရာ ပြောင်းပြန်ဖြစ်ခြင်းသည် ယာယီအခိုက် အတံ့မျှသာ ဖြစ်သည်။

ကနဦးစမ်းစစ်ချက်များအရ ပူပြင်းသောရာသီဥတု များတွင် မကွေးမြို့အောက်ဘက်ရှိ ဧရာဝတီမြစ်ရေစီး ကြောင်းပမာဏ၏ ၂၀ ရာခိုင်နှုန်းမှာ မြေအောက်ရေဖြစ် ကြောင်း တွေ့ရှိရသည်။

ရေရှည်တည်တံ့သော မြေအောက်ရေစီမံခန့်ခွဲမှု

အပူပိုင်းဇုန်တွင် ရေရှည်တည်တံ့သော မြေအောက် ရေစီမံခန့်ခွဲမှု ပြုလုပ်လိုပါက ဇလဘူမိဗေဒဆိုင်ရာ လက္ခဏာများအကြောင်း ကောင်းစွာသိရှိနားလည်ထား ရန် လိုအပ်သည်။

မြန်မာနိုင်ငံတွင် မြေအောက်ရေထုတ်ယူသုံးစွဲခြင်း ကို ရာစုနှစ်များစွာကပင် စတင်ဆောင်ရွက်လာခဲ့ကြ သော်လည်း မြေအောက်ရေ၏သဘာဝနှင့် စရိုက်လက္ခဏာများကို ကောင်းစွာသိရှိနားလည်ခြင်း မရှိကြပေ။ မြေအောက်ရေလေ့လာမှုဆိုင်ရာ အသေးစိတ်မှတ်တမ်းမှတ်ရာများမရှိခြင်း၊ မျှဝေသုံးစွဲနိုင်သော သတင်းအချက် အလက်ဘဏ်မရှိခြင်း၊ ရေရှည်စောင့်ကြည့်အကဲခတ်မှုနှင့် ကွန်ပျူတာအခြေပြုတွက်ချက်မှုပုံစံများ မရှိခြင်း တို့ကြောင့်ပင် ဖြစ်သည်။

ကျေးလက်ဒေသရေပေးဝေရေး စီမံကိန်းများနှစ် ပေါင်းငါးဆယ်ခန့် ဆောင်ရွက်လာခဲ့ပြီးဖြစ်သည့်တိုင် နေရာ ဒေသအများအပြားတွင် ကျေးရွာရေကန်များမှ ရေကိုသာ လုံခြုံသန့်ရှင်းမှုမရှိသော သောက်သုံးရေအဖြစ် သုံးစွဲနေ ကြရဆဲဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ထိရောက်သော မြေအောက်ရေဆိုင်ရာဥပဒေတစ်ရပ် မရှိခြင်း၊ မြေအောက်ရေ စီမံခန့်ခွဲမှုဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတိကျစွာသတ်မှတ်ထားရှိမှုမရှိခြင်းတို့ကြောင့် ဖြစ်သည်။

မြင့်မားသောအပူချိန်၊ ပူပြင်းသောရာသီတွင် မိုးရေမရရှိခြင်းနှင့် ကြိုတင်ပြီးဖြစ်သော ရာသီဥတုအပြောင်း အလဲတို့က နိုင်ငံ၏ရေအရင်းအမြစ်ကို ကြီးစွာသော ဖိအားသက်ရောက်စေသည်။ မြေအောက်ရေကို နိုင်ငံအတွက် အရေးပါ သော ရတနာတစ်ပါးအဖြစ် သတ် မှတ်ခံယူပြီး ရေအရင်းအမြစ်ဆိုင်ရာ ရေရှည်စီမံကိန်းများတွင် ခွဲခြား ချန်လှပ်ထား၍ မရသောအရာအဖြစ် ပါဝင်စေသင့်သည်။

မြေအောက်ရေစီမံခန့်ခွဲမှုသည် သိပံ္ပနည်းကျအသိ ပညာများနှင့် အစိုးရအဖွဲ့၏ ခိုင်မာသောပံ့ပိုးကူညီမှု၊ ရပ်ရွာလူထု၏အကြံပြုမှုများဖြင့် ပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်သော ကြီးမားသည့်စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။

အပူပိုင်းဇုန်တွင် ရေရှည်တည်တံ့သော မြေအောက် ရေစီမံခန့်ခွဲမှု ပြုလုပ်နိုင်ရန်အတွက် လုပ်ဆောင်ရန် များစွာလိုအပ်သည်။ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်ဘဏ်တစ်ရပ်ထူထောင်ရန်နှင့် ရေအောင်း လွှာပြန်လည်ဖြည့်တင်းခြင်း၊ ရေထုတ်ပေးခြင်းတို့၏ သက်ရောက်မှုများကို အကဲဖြတ်ရန်လည်း ရေရှည်စောင့်ကြည့် ခြင်းစနစ်များထားရှိရန် လိုအပ်သည်။

အပူပိုင်းဇုန်အတွင်း စောင့်ကြည့်ခြင်းစနစ်များကို  အောက်ပါအတိုင်း ဆောင်ရွက်ရန် အကြံပြုအပ်ပါသည်။

–           ပုလဲမြစ်ဝှမ်းငယ်၊ မိုးရွာ၊ အရာတော်၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ တပ်ကုန်းဒေသများရှိ မြေအောက်ရေ

သွင်းစိုက်ပျိုးရေးဧရိယာတစ်ခုချင်း၊

–           ကျောက်ဆည်၊ စလင်းမြစ်ဝှမ်းဒေသရှိ လယ်သမားပိုင် ရေသွင်းစိုက်ပျိုးရေးဧရိယာများ၊

–           မြင်းခြံဒေသရှိ ရေငန်ဝင်ဧရိယာများ၊

–           မန္တလေး၊ မကွေး၊ သာစည်၊ ပခုက္ကူ၊ မင်းဘူးမြို့

များရှိ မြို့တွင်းရေပေးဝေရေးစနစ်များ စသည်တို့အပြင်

–           မုံရွာကြေးနီတွင်း၊ ရေနံတွင်းများ၊ မြို့ပြဈေးများနှင့်

စက်မှုလုပ်ငန်းဧရိယာများတို့တွင်လည်း ဇလဘူမိ

ဗေဒဆိုင်ရာ စောင့်ကြည့်လေ့လာမှုစနစ်များ ထားရှိ

သင့်ပါသည်။

နိဂုံး

ရေအရင်းအမြစ်သည် နိုင်ငံ၏ရတနာတစ်ပါးဖြစ်သကဲ့သို့ ရေအရင်းအမြစ်စီမံခန့်ခွဲရာ၌ မြေအောက်ရေကို သီးခြား စဉ်းစားခြင်းမပြုဘဲ မြစ်ဝှမ်းဒေသတစ်ရပ်၏ ရေအရင်းအမြစ် စီမံခန့်ခွဲမှုအတွင်း ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါ သည်။

လေ့လာသိရှိထားရသော နိုင်ငံတကာနှင့်ပြည်တွင်း ပညာရှင်တို့၏ ရေအရင်းအမြစ်ဆိုင်ရာ လေ့လာသုံးသပ် ချက်များအရ ရေသုံးစွဲသူတို့၏ နားလည်လွဲမှားမှုများ၊ စီမံခန့်ခွဲမှုအလွဲများ၊ ဥပဒေဆိုင်ရာ လိုအပ်ချက်များ၊ နည်းပညာဆိုင်ရာလိုအပ်ချက်များ၊ ပညာပေးနှိုးဆော် ဆောင်ရွက်မှုလိုအပ်ချက်များ အစရှိသည့် လိုအပ်ချက်များစွာ ရှိနေသေးသည်ကို မြင်တွေ့သိရှိလာရသော်လည်း အမျိုးသားအဆင့် ရေမူဝါဒထုတ်ပြန်လာရာ၌များစွာသော လိုအပ်ချက်တို့ကို ဖြည့်ဆည်းဖော်ပြလာခဲ့သည် ကိုလည်း မြင်တွေ့ရပါသည်။

သို့ဖြစ်၍ အမျိုးသားအဆင့်ရေမူဝါဒကို အခြေခံ ကာ အမျိုးသားရေဥပဒေတစ်ရပ်ကို ဥပဒေပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ သာမက ရေအရင်းအမြစ်ကို လက်တွေ့အသုံးချနေသည့် ပြည်သူလူထု၏အကြံပြုချက်များနှင့်ပါ ပေါင်းစပ်ကာ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုအောက်တွင် ရေးဆွဲပြဋ္ဌာန်း ပြီး ကုလသမဂ္ဂ၏ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်မှသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆီ အထိ အရောက်လှမ်းနိုင်မည့်နေ့မှာ မဝေးတော့ပါဟု ရေးသားဖော်ပြလိုက်ရပါသည်။

ရာပြည့်

Ref:    1)        အမျိုးသားအဆင့်ရေမူဝါဒ အမျိုးသားအဆင့် ရေအရင်းအမြစ်

ကော်မတီ၊ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ

2)        Assessment on National Water Policy of  Myanmar by Global Water                                             Partnership

3)        The Third Asia Pacific Water Summit (APWS), Dec 11-12, 2017

4)        Yangon Declaration, Dec 12,2017

5)        Water in Myanmar Published by Netherlands Embassy in Bangkok and                                         Netherlands Embassy in Bangkok and Netherlands Economic Mission in                                                 Yangon, 2015 April.

6)        Hydrogeology of the Dry ZoneCentral Myanmar by Australian Water                                            Partnership, 2017 October

7)        Current State of Water in Myanmar by Mu Mu Than, Assistant Engineer                                       Irrigation Department, Myanmar 23-24, October 2008.

Please follow and like us:
0