အို . . .. လူသား၊ သင် လွတ်လပ်ရဲ့လား

No_3_June_Coverလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လို့ဆိုရင် အများအားဖြင့်တော့ သတင်းမီဒီယာလွတ်လပ်ခွင့်လို့ မြင်တတ်ကြပါတယ်။ ဒါပေမဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်သက်သက်ဟာ လူသားတစ်ဦးရဲ့ လွတ်လပ်မှုကို ဘယ်လောက်ထင်ဟပ်ပါသလဲ၊ ဒီမိုကရေစီနဲ့ရော ဘယ်လောက်ဆက်စပ်ပတ်သက်ပါသလဲ၊ ဒီအရေးတွေကို ဆက်တွေးကြည့်တော့ စိတ်ဝင်စားစရာတွေ အများကြီး ပေါ်ထွက်လာပါတယ်။ ၂၀၁၂ ခုနှစ်က Ian Vasquez နဲ့ Tanja Porcnik တို့ဟာ ပုဂ္ဂိုလ်ရေးရာ(Personal), အရပ်ဘက်ရေးရာ (Civil) နဲ့ စီးပွားရေးရာ (Economic) လွတ်လပ်မှုတွေကို ကမ္ဘာ့နိုင်ငံပေါင်း ၁၅၂ နိုင်ငံမှာ တိုင်းတာ မေးမြန်းပြုစုပြီး လူသားလွတ်လပ်မှုညွှန်းကိန်း (The Human Freedom Index HFI) ရယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ညွှန်းကိန်းရအောင် သုံးစွဲခဲ့တဲ့ အရေးကြီးထင်ရှားတဲ့ ညွှန်ပြချက်တွေက ၇၆ ခု ရှိပြီး မျိုးတူစုလိုက်တဲ့အခါ (၁) တရားဥပဒေစိုးမိုးရေး၊ (၂) ကာကွယ်လုံခြုံရေးနဲ့ လုံခြုံမှု၊ (၃) ရွှေ့ပြောင်းသွားလာရေး၊ (၄) ဘာသာတရား၊ (၅) အသင်းအဖွဲ့ ဖွဲ့စည်းခြင်း၊ စုဝေးစီတန်းခြင်းနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း၊ (၆) ထုတ်ဖော်ပြောဆို ခြင်း၊ (၇) ဆက်ဆံရေး၊ ပတ်သက်ဆက်နွယ်မှု (၈) အစိုးရ၏အရွယ်ပမာဏ (၉) ဥပဒေပြုစနစ်နှင့် ပိုင်ဆိုင်မှုဆိုင်ရာရပိုင်ခွင့်၊ (၁၀) ခိုင်မာသော ငွေကြေးကို လက်လှမ်းမှီမှု၊ (၁၁) နိုင်ငံတကာတွင် လွတ်လပ်စွာကုန်သွယ်မှု၊ (၁၂) အကြွေး၊ အလုပ်သမားနှင့် စီးပွားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း တွေရယ်လို့ တွေ့ရပါတယ်။ ဒီသုတေသနအရတော့ ၂၀၁၂ မှာ တစ်ကမ္ဘာလုံးအနေနဲ့ ညွှန်းကိန်းက ၆.၉၆ ရှိနေပါတယ်။ ၂၀ဝ၈ ခုနှစ်ကနဲ့စာရင် သိပ် အပြောင်းအလဲတော့ မရှိဘူးလို့ ဆိုပါတယ်။

အဲဒီသုတေသနအရ ၂၀၁၂ ခုနှစ်တုန်းက လူသားလွတ်လပ်မှုညွှန်းကိန်း (HFI) အကောင်းဆုံးနိုင်ငံ ၁၀ နိုင်ငံမှာ ပထမ စွဲတာက ဟောင်ကောင်ပါ။ ကျန်တဲ့နိုင်ငံ ၉ နိုင်ငံကတော့ ၂။ ဆွစ်ဇာလန်၊ ၃။ ဖင်လန်၊ ၄။ ဒိန်းမတ်၊ ၅။ နယူးဇီလန်၊ ၆။ ကနေဒါ၊ ၇။ သြစတြေးလျ၊ ၈။ အိုင်ယာလန်၊ ၉။ ယူကေနဲ့ ၁၀။ ဆွီဒင်ဖြစ်ပြီး အမေရိကမှာတော့ နံပါတ် ၂၀ ချိတ်ပါတယ်။ မြန်မာက နောက်ဆုံးကရေရင် တတိယဖြစ်တဲ့ နံပါတ် ၁၅၀ မှာရှိပြီး အိမ်နီးချင်း ဘင်္ဂလား ဒေ့ရှ်ကတော့ ၁၃၄ ချိတ်ပါတယ်။ ဒီညွှန်းကိန်းဟာ ပုဂ္ဂိုလ်ရေးရာ လွတ်လပ်မှုနဲ့ စီးပွားရေးလွတ်လပ်မှုတွေကို အခြေခံထားတဲ့ ညွှန်းကိန်းဖြစ်ပါတယ်။ လွတ်လပ်မှုမြင့်မားတဲ့ဒေသတွေက မြောက်ဥရောပ၊ မြောက်အမေရိကနဲ့ အနောက်ဥရောပတွေဖြစ်ပြီး နိမ့်ပါးတဲ့ဒေသတွေကတော့ အာရှအရှေ့အလယ် ပိုင်း၊ မြောက်အာဖရိက၊ ဆပ်ဘ် ဆာဟာရအာဖရိကနဲ့ တောင်အာရှနိုင်ငံတွေ ဖြစ်ပါတယ်။

အဲဒီညွှန်းကိန်းတွေနဲ့တွဲပြီး စဉ်းစားနိုင်အောင် နယ်စည်းမခြားသတင်းထောက်များ RSF အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၁၂ ခုနှစ်အတွက် သတင်းမီဒီယာ လွတ်လပ်ခွင့်ညွှန်းကိန်း Press Freedom Index  မြင့်မားဆုံးနိုင်ငံတွေ စာရင်းကိုလည်း ကြည့်ရအောင်ပါ။ သတင်းလွတ်လပ်ခွင့်အကောင်းဆုံး ၁၀ နိုင်ငံမှာ ပထမစွဲတာကတော့ ဖင်လန်ပါ။ နောက် ၉ နိုင်ငံကတော့ (၁) နော်ဝေ၊ (၂) အက်စ်တိုးနီးယား၊ (၃) နယ်သာလန်၊ (၄) သြစတြီးယား၊ (၅) အိုက်စ်လန်၊ (၆) လူဇင်ဘတ်၊ (၇) ဆွစ်ဇာလန်၊ (၈) ကိပ်ဘာဒီ၊ (၉) ကနေဒါတို့ ဖြစ်ပါတယ်။ အမေရိကဟာ ၂၀၁၂ သတင်းလွတ်လပ်ခွင့်နေရာမှာ ၄၇ ထိ ရောက်နေလေရဲ့။ စိတ်ဝင်စားဖို့ကောင်းတာကတော့ ဟောင်ကောင်က ၅၄ ကို ရောက်နေတာပါ။ မြန်မာက ၁၆၉ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ကတော့ ၁၂၉ မှာ ရှိပါတယ်။ (၂၀၁၆ သတင်းလွတ်လပ်ခွင့်ညွှန်းကိန်းမှာ စိတ်ဝင်စားဖို့ ကောင်းတာကတော့ ဟောင်ကောင်က ၆၉ ထိ ကျလာသလို ဘင်္ဂလားဒေ့ရှ် ကလည်း ၁၄၄ ထိ ကျသွားချိန်မှာ မြန်မာက ၁၄၃ ထိ တက်လာတာပဲ ဖြစ်ပါတယ်)

ဒီညွှန်းကိန်းနှစ်ခုကို ယှဉ်တွေးလိုက်တော့ ပုဂ္ဂိုလ်ရေးရာ Personal နဲ့ အရပ်ဘက်ရေးရာ Civil လွတ်လပ်မှုတွေဆိုတာ လူသားလွတ်လပ်မှုအဖို့ အရေး ကြီးသလို စီးပွားရေးလွတ်လပ်မှုဆိုတာဟာလည်း လူသားလွတ်လပ်မှုအတွက် အလွန်အရေးပါတယ်ဆိုတာ သတိထားစရာ ဖြစ်လာပါတယ်။ ဟောင်ကောင်ဟာ ဒီအတွေးကို သက်သေထူထားလေရဲ့။ သတင်းလွတ်လပ်ခွင့် အားမကောင်းလှပေမဲ့ စီးပွားရေးလွတ်လပ်မှုအားကောင်းလွန်းတဲ့အခါ လူသားဟာ တစ်ကိုယ်ရည်ပုဂ္ဂိုလ်ရေးအရရော လူမှုအဝန်းအဝိုင်းအရပ်ဘက်ရေးရာမှာပါ လွတ်လပ်မှု မြင့်မားသူရယ်လို့ ဖြစ်လာနိုင်တဲ့သဘောလို့ တွေးချင်စရာပါ။ တကယ်တော့ ၆ ရာစုက တရုတ်အတွေး အခေါ်ပညာရှင် လောင်ဇူးဖြစ်ဖြစ် ၁၆ ရာစုက စပိန်ပညာရှင်တွေဖြစ်ဖြစ် လူသားလွတ်လပ်မှုကို အနက်ဖွင့်ရာမှာ ခေတ်ပေါ်နိုင်ငံရေးအတွေးအခေါ်ပညာရှင် John Locke နဲ့ တူတဲ့အတွေးကတော့ လွတ်လပ်မှုလို့ဆိုရင် တခြားတစ်ဦးတစ်ယောက်ရဲ့ အလိုဆန္ဒအတိုင်း ဖြစ်စရာမလိုဘဲ ကိုယ့်ကိုယ်ပိုင်ဆန္ဒအတိုင်းသာ ရပ်တည်ခွင့်ရှိခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် လွတ်လပ်မှုဆိုတာ လူတစ်ဦးတစ်ယောက် အနေနဲ့ တခြားတစ်ပါးသူရဲ့ တူညီတဲ့ရပိုင်ခွင့်တွေအပေါ် လေးစားသမှုပြုနိုင်သရွေ့ သူ့ဘဝကို သူ့ဘာသာ ဦးဆောင်နိုင်ခွင့် ရှိတယ်ဆိုခြင်းပါပဲ။ ဒါကြောင့် လည်း ဒီနေရာမှာ စီးပွားရေးအရ လွတ်လပ်မှုကိုပါ အလေးအနက် ထည့်သွင်းတွက်ချက်ကြတာ ဖြစ်ပါတယ်။  သုတေသနအရ ကမ္ဘာ့နိုင်ငံ ၁၅၂ နိုင်ငံကို ဂျီဒီပီအနိမ့်အမြင့်အလိုက် ၄ စုခွဲပြီး လေ့လာခဲ့ပါတယ်။ ရလဒ်ကတော့ ဂျီဒီပီအမြင့်ဆုံးနိုင်ငံတွေဟာ လူသားလွတ်လပ်မှုညွှန်းကိန်းအမြင့်ဆုံးနိုင်ငံတွေ ဖြစ်ကာ ဂျီဒီပီ အနိမ့်ဆုံးနိုင်ငံတွေကတော့ လူသားလွတ်လပ်မှုညွှန်းကိန်း အနိမ့်ဆုံးနိုင်ငံတွေ ဖြစ်နေတာကို တွေ့ရတာပါပဲ။

(ပုံ (၁) ကို ကြည့်ရန်)

No_3_June_Info_Digest.pmd

ဒီတော့ လူသားလွတ်လပ်မှုဆိုတာ ဝင်ငွေနဲ့ တိုက်ရိုက်အချိုးကျတဲ့ ပတ်သက်ဆက်နွယ်မှုမျိုး ရှိတယ်လို့ ဆိုရပါမယ်။ ဒါဟာ စဉ်းစားစရာ ကောင်းတဲ့ အချက်ပါပဲ။ ဒါကြောင့်လည်း နိုင်ငံရေးအပြောင်းအလဲမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ တစ်ပြေးညီလိုက်ပါနိုင်မှ ဒီမိုကရေစီဘက်ရွေ့နိုင်မယ်လို့ ဆိုကြတာပဲ ဖြစ်ပါမယ်။ ဒါဆို နိုင်ငံရေးလွတ်လပ်မှုဆိုတာကရော ဒီမိုကရေစီပဲ မဟုတ်ဘူးလားလို့ မေးစရာရှိတာပေါ့။ တကယ်တော့ နိုင်ငံရေးလွတ်လပ် မှုဆိုရင် အာဏာခွဲဝေကျင့်သုံးခြင်း၊ အစိုးရကို ကန့်သတ်ခြင်း၊ ဗဟိုချုပ်ကိုင်မှုကို ဖြေလျော့ခြင်း၊ အများစုရဲ့အာဏာကို ထိန်းချုပ်ဖို့သွင်ပြင်လက္ခဏာများ တည်ဆောက်ခြင်း စတာတွေပါ ပေါင်းထည့်မှ အဆင်ပြေပါမယ်။ နို့မို့ဆို ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲပြုလုပ်ပေးတာလောက်ကို နိုင်ငံရေးလွတ် လပ်မှုလို့ ထင်ယောင်ထင်မှား ဖြစ်သွားနိုင်ပါတယ်လို့ သုတေသနက ဆိုပါတယ်။ ဒါဆိုရင် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အဖို့ လူသားလွတ်လပ်မှုဆိုင်ရာ အတွက် ဘယ်လိုအရာတွေ၊ ဘယ်လိုအခြေခံအဆောက် အအုံတွေ လိုအပ်လဲဆိုတာ သိထားဖို့ လိုလာပါတယ်။ သုတေသနထဲမှာ အကျယ်တဝင့် ရှင်းပြ ထားတာတွေမှာ ၂ ပိုင်း ခွဲထားလေရဲ့။ (၁) ဥပဒေကြောင်းအရ အကာအကွယ်ပေးခြင်းနှင့် လုံခြုံရေးနဲ့ (၂) တိကျတဲ့ ပုဂ္ဂိုလ်ရေးရာ လွတ်လပ်မှုတွေပေါ့။ ၁။ ဥပဒေကြောင်းအရ အကာအကွယ်ပေးခြင်းနှင့် လုံခြုံရေးဆိုတာမှာ-(က) တရားဥပဒေစိုးမိုးရေးနဲ့ (ခ) ကာကွယ်လုံခြုံရေးနဲ့ လုံခြုံမှုတွေပါပါတယ်။ အသေး စိတ်ရင်တော့ အမျိုးသမီးတွေရဲ့ လုံခြုံရေးအပိုင်းနဲ့ အကြမ်းဖက်မှုတွေထိ အကျုံးဝင်လေရဲ့။ ၂။ တိကျတဲ့ ပုဂ္ဂိုလ်ရေးရာ လွတ်လပ်မှုကတော့ ပိုတောင်ကျယ်ပြန့် ပါတယ်။ (က) ရွှေ့ပြောင်းသွားလာရေး၊ (ခ) ဘာသာတရား၊ (ဂ) အသင်းအဖွဲ့ ဖွဲ့စည်းခြင်း၊ စုဝေးစီတန်းခြင်းနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း၊ (ဃ) ထုတ်ဖော်ပြောဆိုခြင်း၊ (င) ဆက်ဆံရေး၊ ပတ်သက်ဆက်နွယ်မှု ဆိုတာတွေပေါ့။ ဒီခေါင်းစဉ်တွေထဲမှာ သတင်းလွတ်လပ်ခွင့်နဲ့ပါ ပတ်သက်နေတဲ့ အပိုင်းတွေကို လေ့လာ ကြည့်ရအောင်ပါ။ လူသားတစ်ဦးချင်းအတွက် လွတ်လပ်မှုအရေးမှာ သတင်းလွတ်လပ်ခွင့်အပါအဝင် ဘယ်လိုအရာတွေပါ လိုအပ်လဲဆိုတာ ဆန်းစစ်နိုင်ဖို့ပေါ့။

အသင်းအဖွဲ့ ဖွဲ့စည်းခြင်း၊ စုဝေးစီတန်းခြင်းနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း (Association, Assembly and Civil Society) ဆိုရာမှာ အသင်းအပင်းများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ စုဝေးစီတန်းခွင့်၊ ဆန္ဒပြခွင့်နဲ့ အသင်းအဖွဲ့တွေရဲ့ အချုပ်အခြာပိုင်ဆိုင်မှု၊ လွတ်လပ်စွာ ရပ်တည်ရှင်သန်မှုတွေပါ အကျုံးဝင်တယ်လို့ ဆိုပါတယ်။ အသင်းအဖွဲ့ဆိုရာမှာလည်း နိုင်ငံရေးပါတီများ၊ သက်မွေးဝမ်းကျောင်း အခြေပြုအသင်းအဖွဲ့များနဲ့ ပညာရေး-အားကစား-ယဉ်ကျေးမှုဆိုင်ရာအသင်းအဖွဲ့များ အားလုံးအကျုံးဝင်တယ်လို့ ဆိုပါတယ်။ ထုတ်ဖော်ပြောဆိုခြင်း (Expression) မှာတော့ သတင်းသမားများကို သတ်ဖြတ်ခြင်း ရှိ-မရှိ၊ သတင်း မီဒီယာပါ အကြောင်းအရာများပေါ်တွင် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများက သြဇာသက်ရောက်မှု ရှိ-မရှိ၊ နိုင်ငံရေးဖိအားနှင့် ထိန်းချုပ်မှုများပါ ရှိ-မရှိ၊ နိုင်ငံရပ်ခြားသတင်းအချက်အလက်များကို လွတ်လပ်စွာ လက်လှမ်းမီခွင့်ရှိ-မရှိနဲ့ အင်တာနက် ရယူသုံးစွဲမှု အပေါ်မှာ အစိုးရက ထိန်းချုပ်မှု ရှိ-မရှိတို့ အကျုံးဝင်ပါတယ်။ နိုင်ငံရပ်ခြားသတင်းအချက်အလက်ကို လက်လှမ်းမီတယ်ဆိုရာမှာ နိုင်ငံခြားတီဗီချယ်နယ်တွေကို လက်လှမ်းမီတာ၊ နိုင်ငံခြားသတင်းစာတွေကို လက်လှမ်းမီတာတွေ ပါပါတယ်။ ဒါတွေဟာ လူတစ်ယောက်ချင်းစီ ရဲ့ လွတ်လပ်မှုကိုသာမက နိုင်ငံတစ်နိုင်ငံရဲ့ လွတ်လပ်မှုအဆင့်ကိုပါ သိသိသာသာ တိုးတက်စေတဲ့အချက်တွေ လည်း ဖြစ်ပါတယ်။

ဒီအချက်တွေကိုကြည့်ရင် မြန်မာနိုင်ငံအနေနဲ့ ဘာလို့ သတင်းမီဒီယာလွတ်လပ်ခွင့် အညွှန်းကိန်းမှာရော လူသားလွတ်လပ်ခွင့်အညွှန်းကိန်းမှာပါ အနိမ့်ဆုံး ဖြစ်နေရသလဲဆိုတာ ရှင်းလင်းပြီးဖြစ်တယ်လို့တောင် ဆိုရပါမယ်။ ဒီနေရာမှာ မြန်မာနိုင်ငံထက် အစစအရာရာ သာလွန်တဲ့ တခြားဒေသကနိုင်ငံတွေနဲ့ မနှိုင်းဘဲ ဘင်္ဂလားဒေ့ရှ်နဲ့ပဲ ယှဉ်ကြည့်ရအောင်ပါ။ လွတ်လပ်မှုညွှန်းကိန်းမှာ ဝ က မလွတ်လပ်ဆုံးဖြစ်ပြီး ၁၀ က လွတ်လပ်မှုအမြင့်ဆုံး ဖြစ်ပါတယ်။ အောက်မှာကြည့်ရင် ၂၀၁၂ ခုနှစ်မှာ ဘာတွေကွာသလဲဆိုတာ ထင်သာ မြင်သာ ရှိပါမယ်။

No_3_June_Info_Digest.pmd

ဒီနေရာမှာ မြန်မာအနေနဲ့ ၂၀၁၂ ခုနှစ်အထိ သတင်းသမားအသတ်ခံရတာ မရှိခဲ့လို့ လွတ်လပ်မှု ညွှန်းကိန်းရမှတ် ၁၀ မှတ် အပြည့်ရခဲ့ပေမဲ့ အသင်းအပင်းများ လွတ်လပ်စွာဖွဲ့စည်းခွင့်၊ လွတ်လပ်စွာစုဝေး စီတန်းခွင့်နှင့် ဆန္ဒပြခွင့်မယ်မယ်ရရမရှိတဲ့အတွက် လွတ်လပ်မှုညွှန်းကိန်းရမှတ်သုည ၂ ခု ဖြစ်ခဲ့ရပါတယ်။ နောက်ထပ်သိသာတဲ့ ကွာခြားမှု ၂ ခုကတော့ သတင်း မီဒီယာပါ အကြောင်းအရာများပေါ်တွင် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများက သြဇာသက်ရောက်မှု ရှိ-မရှိနဲ့ အင်တာနက် ရယူသုံးစွဲမှုအပေါ်မှာ အစိုးရက ထိန်းချုပ်မှု ရှိ-မရှိပဲ ဖြစ်ပါတယ်။ ရမှတ်မှာ မြန်မာက ဘင်္ဂလားဒေ့ရှ် လွတ်လပ်မှုညွှန်းကိန်းရမှတ်ရဲ့ ထက်ဝက် ပဲရှိခဲ့တာမို့ ပြန်ခြုံလိုက်တဲ့အခါမှာလည်း နည်းသွားခဲ့ရပါတယ်။ နောက်ထပ် တွေးချင်စရာကတော့ ၂၀၁၆ သတင်းမီဒီယာလွတ်လပ်ခွင့်ညွှန်းကိန်းမှာ မြန်မာက ဘင်္ဂလားဒေ့ရှ်ထက် တစ်နေရာမြင့်တက်ပြီး ရလာတာပဲ ဖြစ်ပါတယ်။ ဒါဆို Expression ခေါင်းစဉ်အောက်က ရမှတ်တွေ အပြောင်းအလဲဖြစ်လာနိုင်သလို အခုနောက်ပိုင်း အသင်းအဖွဲ့ဆိုင်ရာ ဥပဒေအပါအဝင် ငြိမ်း/စု/စီ ဥပဒေလည်း ပြင်ဆင်နေပြီမို့ သိပ်မကြာခင် ဒီညွှန်းကိန်းတွေ ပြောင်းလာနိုင်ပါတယ်။

ဒါပေမဲ့။ ဒါပေမဲ့ပေါ့လေ။ လူသားလွတ်လပ်မှု ညွှန်းကိန်းဆိုတာ ပုဂ္ဂိုလ်ရေးရာလွတ်လပ်မှုနဲ့ စီးပွားရေး လွတ်လပ်မှုဆိုပြီး ပေါင်းထားတယ်လို့ ဆိုသကိုး။ စီးပွား ရေးလွတ်လပ်မှုရမှတ်မှာ ၂၀၁၂ က မြန်မာက ၅.၂၈၊ ဘင်္ဂလားဒေ့ရှ်က ၆.၃၃ လို့ ဖြစ်ပါတယ်။ ၂၀၁၄ မှာ မြန်မာ့ဂျီဒီပီက အမေရိကန်ဒေါ်လာ ၆၄.၃ ဘီလီယံရှိပြီး ကမ္ဘာ့အဆင့် ၇၂ ဖြစ်ကာ ဘင်္ဂလားဒေ့ရှ်ကတော့ ၁၇၃ ဘီလီယံနဲ့ ကမ္ဘာ့အဆင့် ၅၇ မှာ ရှိနေပါတယ်။ ဒါပေမဲ့ ဂျီဒီပီ တိုးတက်နှုန်းမှာတော့ ၂၀၁၄ ခုနှစ်မှာ မြန်မာက ပိုကောင်းခဲ့ပါတယ်။ ဒီအတိုင်းသွားရင် မြန်မာဘက်က အဆင့်တက်လာမလားဆိုတာကတော့ စီးပွားရေးတိုးတက်မှုဖြစ်တဲ့ ဂျီဒီပီပမာဏက အဆုံးအဖြတ်ပေးမှာ မဟုတ်ဘဲ စီးပွားရေးလွတ်လပ်မှုညွှန်းကိန်းဆိုင်ရာ အချက်တွေမှာသာ အခြေခံမှာပါ။ အဲဒါတွေကတော့ အောက်ပါအတိုင်းပါပဲ။

၁။         အစိုးရ၏အရွယ်ပမာဏ

(က)     အစိုးရထုတ်ယူသုံးစွဲမှုငွေကြေး

(ခ)      ငွေလွှဲပမာဏနှင့် ဈေးလျှော့ချထောက်ပံ့ရမှုများ

(ဂ)      အစိုးရပိုင်လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများ

(ဃ)     အခွန်ကောက်နှုန်း၂။ ဥပဒေပြုစနစ်နှင့် ပိုင်ဆိုင်မှုဆိုင်ရာ ရပိုင်ခွင့်

(က)     တရားစီရင်ရေး လွတ်လပ်မှု

(ခ)      ဘက်မလိုက်သော တရားရုံးများ

(ဂ)      ပိုင်ဆိုင်မှုဆိုင်ရာ ရပိုင်ခွင့်ကို အကာအကွယ်ပေးခြင်း

(ဃ)     နိုင်ငံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့တွင် စစ်တပ်၏ ဝင်ရောက်စွက်ဖက်သြဇာသက်မှု

(င)      ဥပဒေစနစ်၏ ခိုင်မာတည်ကြည်မှု

(စ)      စာချုပ်စာတမ်းများတွင် ဥပဒေသက်ရောက်မှု

(ဆ)     မရွေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုများအား ရောင်းဝယ်ရာတွင် စည်းမျဉ်းကန့်သတ်ထိန်းချုပ်မှု

(ဇ)      ရဲများအား အားကိုးယုံကြည်နိုင်မှု

(ဈ)     ရာဇဝတ်မှုများ၏ လုပ်ငန်းကုန်ကျစာရိတ်

၃။         ခိုင်မာသောငွေကြေးကို လက်လှမ်းမှီမှု

(က)     ငွေကြေးတိုးပွားမှု

(ခ)      ငွေကြေးဖောင်းပွမှုတွင် စံသွေဖယ်မှုများ

(ဂ)      လတ်တလော ငွေကြေးဖောင်းပွမှုများ

(ဃ)     နိုင်ငံခြားငွေဖြင့် ဘဏ်စာရင်းကို လွတ်လပ်စွာ ဖွင့်ခွင့်၄။ နိုင်ငံတကာတွင် လွတ်လပ်စွာ ကုန်သွယ်မှု

(က)     ပို့/သွင်းကုန်များပေါ် ကောက်ခံသော အခွန်စာရင်းဆိုင်ရာ

(ခ)      ကုန်သွယ်တားမြစ်ချက်များ၏ စည်းမျဉ်းစည်းကမ်းများ

(ဂ)      မှောင်ခိုဈေးကွက်မှ ငွေလဲနှုန်းထား

(ဃ)     အရင်းအနှီးနှင့် လူသားရင်းမြစ်များ ပြောင်းရွေ့ မှုကို ထိန်းချုပ်ခြင်း၅။ အြွေကး၊ အလုပ်သမားနှင့် စီးပွားရေးဆိုင်ရာ စည်း မျဉ်းစည်းကမ်း

(က)     အြွေကးဝယ်ကဒ်ဈေးကွက်ဆိုင်ရာ စည်းမျဉ်း စည်းကမ်း

(ခ)      အလုပ်သမားဈေးကွက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း

(ဂ)      စီးပွားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း

ဒီအချက်တွေ ကြည့်ရင်တော့ မြန်မာနိုင်ငံမှာ စီးပွားရေးလွတ်လပ်မှုညွှန်းကိန်းရမှတ် ကောင်းလာအောင် လုပ်ဖို့ဆိုတာ အတော်ကြီး ရုန်းရဦးမဲ့အရာဆိုတာ တွေ့ရပါမယ်။ ဒါကြောင့် သတင်းမီဒီယာလွတ်လပ်ခွင့် အခြေအနေက တိုးတက်လာတဲ့တိုင်အောင် လူသား လွတ်လပ်မှုအနေနဲ့တော့ ဘိတ်ချေးတန်းမှာပဲ ရှိနေသေးတဲ့ မြန်မာအနေနဲ့ ဒီမိုကရေစီကို အလှမ်းဝေးနေသေးတယ်လို့ ဆိုကြရပါတယ်။

No_3_June_Info_Digest.pmd

လွတ်လပ်မှုဆိုတာနဲ့ ဒီမိုကရေစီတို့ဟာ ဘယ်လို ပတ်သက်လဲဆိုရင် ပုံ (၂) အရ အတော်ကြီး နီးစပ် ပတ်သက်တာကို တွေ့ရပါမယ်။ ဒါပေမဲ့ ဒီမိုကရေစီ ဖြစ်ဖို့ လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်စဉ်၊ ဗဟုဝါဒ၊ အစိုးရရဲ့ လုပ်ငန်းဆောင်တာ၊ နိုင်ငံရေး ပါဝင်ဆောင်ရွက်မှုနဲ့ နိုင်ငံရေးယဉ်ကျေးမှုတွေ လိုအပ်တာကတော့ သေချာပါတယ်။ ဘာပဲဖြစ်ဖြစ် သတင်းမီဒီယာ လွတ်လပ်ခွင့်ညွှန်းကိန်းမှာ ထိပ်ဆုံး ၁၀ နိုင်ငံထဲ ပါခဲ့တဲ့ နော်ဝေ၊  အက်စ်တိုးနီးယား၊ နယ်သာလန်၊ သြစတြီးယား၊ အိုက်စ်လန်၊ လူဇင်ဘတ်၊ ကိပ်ဘာဒီတို့ကို ကြည့်ရင် လူသားလွတ်လပ်မှုညွှန်းကိန်းမှာတော့ ထိပ်ဆုံး ၁၀ အောက်ကို ရောက်သွားတာ တွေ့ရပါတယ်။ အဓိကကတော့ စီးပွားရေးလွတ်လပ်ခွင့်ကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေအားလုံးဟာ ပုဂ္ဂိုလ်ရေးရာ လွတ်လပ်မှု အရာမှာ ၉ မှတ်ကျော်ကြပေမဲ့ စီးပွားရေး လွတ်လပ်မှုအရာမှာတော့ ၈ မှတ် မပြည့်ခဲ့ပါဘူး။ ဟောင်ကောင်ဟာ သတင်းမီဒီယာလွတ်လပ် ခွင့်ညွှန်းကိန်းမှာ ထိပ်တန်းမတက်ခဲ့ပေမဲ့ စီးပွားရေးလွတ်လပ်မှုအရာမှာ ၈.၉၈ ရခဲ့ကာ သူ့နောက်က စီးပွားရေး လွတ်လပ်မှု အရာမှာ ဒုတိယလိုက်တဲ့ နယူးဇီလန်ဟာ ၈.၂၅ သာ ရခဲ့တာပါ။

ဒါကြောင့် ဒီမိုကရေစီကို လွတ်လပ်မှုလို့ အနက် မပြန်နိုင်ပေမဲ့ ပုဂ္ဂိုလ်ရေးရာအရရော အရပ်ဘက်နဲ့ စီးပွားရေးအရပါ လွတ်လပ်မှုတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဒီမိုကရေစီအခြေခံအဆောက်အအုံများအတွက် အလွန် အရေးပါနေတာကို သတိပြုကြရပါလိမ့်မယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လူတဦးချင်းစီ အတွက် အာမခံချက်ဖြစ်အောင်ထိ သွားကြဖို့ဆိုရင် ဖော်ပြပါ ညွှန်းကိန်းတိုင်းတာရေးအချက်အလက်များကို မဖြစ်မနေ ဂရုတစိုက် ဖြည့်ဆည်းပြင်ဆင်ရာ မှာ အစိုးရကရော အရပ်ဘက်နဲ့ တစ်ကိုယ်ရည်တစ်ဦးချင်းကပါ အားထုတ် ကြရပါမယ်။ အားလုံး ဒီမိုကရေလမ်းပေါ်မှာ လွတ်လပ်မှုအပြည့်အဝရကြ ပါစေ။

မသီတာ(စမ်းချောင်း)

Ref;

(1) The Human Freedom Index; A Global Measurement of Personal, Civil, and  Economic Freedom by Ivan Vásquez &  Tanja Porcnik

(2) www.indexmundi.com

(3)  RSF Website

Please follow and like us:
0