ငြိမ်းချမ်းရေးနှင့်အရပ်ဘက်လူ့အဖွဲ့အစည်း

Info Digest Journal အမှတ် (၇)

Info Digest Journal အမှတ် (၇)

အရပ်ဘက်လူမှုအဖွဲ့အစည်းဟူသည် အစိုးရများ၏ ဩဇာအာဏာသက်ရောက်ရန် ခဲယဉ်းသောအရပ်ဒေသများတွင်ပင် ဒေသဖွံ့ဖြိုးရေးအပါအဝင် အခြားသောနိုင်ငံ့အရေးအရာများကို ဆောင်ရွက်ကြသည့်အစုအဖွဲ့ပင် ဖြစ်ပါသည်။ အာဏာရှင်ခေတ် တွင် အုပ်ချုပ်ရေးအာဏာကသာ အခြားအာဏာများအပေါ် လွွှမ်းမိုးခဲ့သဖြင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ သည်လည်း အစိုးရမလုပ်နိုင်သော အလုပ်များကို ကူညီလုပ်ဆောင်ပေးရသည့်အဖွဲ့အဖြစ် အမြင်မခံရဘဲ အစိုးရကို ယှဉ်ပြိုင်လုပ်ဆောင် သည့် ရန်သူအဖြစ်သာ သတ်မှတ်ခံရလေ့ရှိသည်။ သို့ရာတွင် အာဏာသုံးရပ် ခွဲဝေကျင့်သုံးသောအခါအုပ်ချုပ်ရေးမဏ္ဍိုင် ၏အခန်းကဏ္ဍသည် အစစအရာရာအပေါ် ဩဇာသက်ရောက်နိုင်သည့်အနေအထားထက် အခြားမဏ္ဍိုင်များနှင့်အတူ အရေးအရာ များကို အတူတကွ ယှဉ်ပြိုင်ထမ်းဆောင်ရသည့်အနေအထားသို့ ပြောင်းလဲလာလေ့ ရှိသည်။ ထိုအခါ အာဏာသုံးရပ်ခွဲဝေကျင့်သုံးသော ဒီမိုကရေစီအစိုးရများသည် ယင်းအနေဖြင့် လက်လှမ်းမမီသော အရေးအရာများတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အကူအညီဖြင့် လူထုကိုစည်းရုံးကြရသည်။ ထို့ကြောင့် ဒီမိုကရေစီအစိုးရ အများစုသည် ဒေသအသီးသီးတွင် ခေါင်းစဉ်အသီးသီး ဖြင့် ကဏ္ဍအသီးသီး၏ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေကြသော အရပ်ဘက်လူမှုအဖွဲ့အစည်းများကို အားပေးကူညီကာ ယင်း၏အုပ်ချုပ်ရေးယန္တရားအတွက် အားဖြည့်ကူညီနိုင်သည့် လွတ်လပ်သောအဖွဲ့အစည်းများ ဖြစ်လာအောင် ကူညီကြလေ့ ရှိသည်။

စင်စစ်ငြိမ်းချမ်းရေးရယူရန် အရေးကြီးသည်မှာ ရပိုင်ခွင့်တန်းတူညီမျှမှုသာ ဖြစ်သည်ဟု ဆိုကြရာတွင် အာဏာနှင့် သယံဇာတခွဲဝေမှုဆိုင်ရာ တန်းတူညီမျှမှုကို အလေးအနက်ထား ဆိုတတ်ကြလေသည်။ သို့ဆိုရာတွင် သယံဇာတသည်ပင်လျှင် အာဏာရှိသူ အလိုကျ ခွဲစိတ်ဝေခြမ်းနိုင်သည့်အရာအဖြစ် ရှုမြင်ခံရလေ့ရှိသဖြင့် အာဏာသည်သာ အခရာဖြစ်ကြောင်း သိသာသည်ပင်။ ယခုအခါငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အဓိကကျသောဆွေးနွေးမှုကို ပြုလုပ်သင့်သူများအဖြစ် ရွေးချယ်သတ်မှတ်ရာတွင် အာဏာနှင့်လက်နက်သည်သာ အဓိကကျနေပြန်ပါသည်။ လက်ရှိအာဏာရှိသူ၊ လက်ရှိလက်နက်ကိုင်ထားသူများကသာ ငြိမ်းချမ်းရေးအဆုံးအဖြတ်ကို ချမှတ်နိုင်သည်၊ တစ်နည်းအားဖြင့် အာဏာတန်းတူညီမျှခွဲဝေရေးအတွက် လက်ရှိလက်ထဲတွင် အာဏာ သို့မဟုတ် လက်နက်ရှိထားမှသာ အဆုံးအဖြတ်ပြုနိုင်မည်ဟု ဆို သယောင် ရှိပါသည်။ ငြိမ်းချမ်းရေးရရန် အသိဉာဏ်ပညာနှင့် ပန်းတိုင်အမြော်အမြင်တို့ တန်းတူညီမျှ ထပ်တူကျရန်လည်း လွန်စွာအရေးကြီးကြောင်း သိမှတ်သင့်ပါသည်။ သို့မှသာ ငြိမ်းချမ်းရေးအတွက် အဆုံးအဖြတ်ပြုနိုင်ရန် လက်ထဲတွင် အာဏာ သို့မဟုတ် လက်နက် ရှိရေးထက် အသိဉာဏ်ပညာနှင့် ပန်းတိုင်အမြော်အမြင်များရှိရေးကို တွေးဆနိုင်ကြပါလိမ့်မည်။ အရပ်ဘက်လူမှုအဖွဲ့အစည်းဟူသည် အောက်ခြေလူထု၏ အသိဉာဏ်ပညာ နှင့် ပန်းတိုင်အမြော်အမြင်အတွက် အုတ်မြစ်များ ဖြစ်ကြသော ရုပ်ဝတ္ထုနှင့် စိတ်ဓာတ်ရေးရာ ဖွံ့ဖြိုးတိုးတက်ရေးအလို့ငှာ အားထုတ်ဆောင်ရွက်နေကြသည့်အဖွဲ့များ ဖြစ်ပါသည်။ ထို့ကြောင့် ရေရှည်ငြိမ်းချမ်းရေး အဓွန့်ရှည်စေရန် လတ်တလောငြိမ်းချမ်းရေး အဆုံးအဖြတ်များအတွက် အာဏာနှင့်လက်နက်ရှိသူများသာမက ပညာနှင့်အမြော်အမြင် ရှိသူများကိုပါ ထည့်တွက်သင့်လှ ပါသည်။ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို အရံလူသဘောထက် ကွင်းလယ်လူတစ်ယောက်အဖြစ် ရှုမြင်နိုင်မှ သာ အာဏာနှင့်လက်နက်၏ အခန်းကဏ္ဍကို ကန့်သတ်ထားနိုင်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

အယ်ဒီတာ

Please follow and like us:
0