နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒုတိယပင်လုံညီလာခံဟု ခေါ်ဆိုလိုက ခေါ်ဆိုနိုင်မည်ဖြစ်သော နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးညီလာခံတစ်ရပ်ကို လပိုင်းအတွင်း ခေါ်ယူကျင်းပသွားမည်ဖြစ်ကြောင်း ဧပြီလကုန်ပိုင်းတွင် ပြောကြား ချက်က မြန်မာလူထုတစ်ရပ်လုံး၏ ပြည်တွင်းငြိမ်းချမ်းရေးမျှော်လင့်ချက်များကို နိုးကြားရှင်သန်စေခဲ့သည်။
ယခင်အစိုးရလက်ထက်က ချုပ်ဆိုခဲ့သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်တွင် လက်မှတ်ပါဝင်ရေးထိုး ထားခြင်း မရှိသူများပါ ပါဝင်သည့် ငြိမ်းချမ်းရေးညီလာခံတစ်ရပ် ကျင်းပနိုင်ရန် ကြိုးစားရမည်ဖြစ်ပြီး အဆိုပါသဘောတူညီချက်တွင် လက်မှတ်ပါဝင်ရေးထိုးခြင်း၏အကျိုးရလဒ်များကို ရှင်းလင်းဖော်ပြကာ ယခင်က ပါဝင်ခဲ့ခြင်းမရှိမှုများပါ ပါဝင်လာစေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
မြန်မာနှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က ယခင်အစိုးရ၏ ငြိမ်းချမ်းရေးဆိုင်ရာလုပ်ဆောင်ချက်များကို အသိအမှတ်ပြုတန်ဖိုးထားပြီး အပစ်အခတ်ရပ်စဲရေး ပြီးမြောက်စေရန် ပါဝင်သင့်သည့်အဖွဲ့အစည်းအားလုံးပါဝင် စေရေး ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးညီလာခံများမှတစ်ဆင့် နိုင်ငံသူ၊ နိုင်ငံသားများ တောင့်တလျက်ရှိသော စစ်မှန်သည့်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ် ထူထောင်သွားမည်ဖြစ်ကြောင်း ပြည်တွင်းငြိမ်းချမ်းရေးသည် ဖက်ဒရယ်ဒီမို ကရေစီထူထောင်ရေးနှင့် လေးနက်သောဆက်သွယ်ချက်များရှိနေကြောင်း၊ သို့ဖြစ်၍ စစ်မှန်သောဖက်ဒရယ်ပြည် ထောင်စုတစ်ရပ် ပေါ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ်ဖြစ်ရန် နိုင်ငံတော်အေးချမ်းမှုကို မထိခိုက်စေသောနည်းလမ်းများ ဖြင့် အကောင်အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ နှစ်သစ်ကူးနှုတ် ခွန်းဆက်လွွှာတွင်လည်း တိုင်းပြည်အကျိုးအတွက် ရည်ရွယ်ချမှတ်ထားသော မူဝါဒများဖြစ်သည့် အမျိုးသားရင်ကြားစေ့ရေး ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်တည်မှု ရှေးရှုသော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်ရေး အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် မဲဆန္ဒရှင်ပြည်သူများက တက်ကြွစွာ ဝိုင်းဝန်းပါဝင်ပေးကြပါရန် အလေးအနက်ပန်ကြားအပ်ပါကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။
အပစ်အခတ်ရပ်စဲရေး တွဲဖက်စောင့်ကြည့်ကော်မတီ (Ceasefire Joint Monitoring Committee-JMC) ၏ ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သော မြန်မာ့တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က လက်ရှိရရှိထားသော တည်ငြိမ်မှုကို ဆက်လက် ထိန်းသိမ်းကာ နှစ်ဖက်အဖွဲ့ အစည်းခေါင်းဆောင်များအကြား အပြန်အလှန်နားလည် ဆက်ဆံရေးကို အခြေပြုသော ရည်မှန်းချက် များချမှတ် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (Karen National Liberation Army-KNLA) ခေါ် ကရင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (Karen National Union-KNU) ကိုယ်စားလှယ်အဖြစ် JMC တွင် ဒုတိယဥက္ကဋ္ဌတာဝန်ယူထားသူ ဗိုလ်ချုပ်ကြီးစောအိုင်းဇက်ပိုးကလည်း အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ် အစိတ်အပိုင်းတစ်ရပ်ဖြစ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ယခင်ကပါဝင်ခဲ့ခြင်းမရှိသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းအားလုံး ပါဝင်စေသင့်ကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် (Nationwide Ceasefire Agreement-NCA) တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်သည့် မိမိတို့အဖွဲ့ဝင်များအနေဖြင့် ယခင်က မပါဝင်ခဲ့သည့်အဖွဲ့အစည်းများ အားလုံးပါဝင်လာစေရေး၊ အပြည့်အဝပူးပေါင်းဆောင်ရွက်ပေးသွားရန် ကတိပြုကြောင်း ပြောကြား သွားခဲ့သည်။
JMC ကို NCA တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ တွဲဖက် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၅ ခုနှစ် အောက်တိုဘာလအတွင်း NCA စာချုပ်လက်မှတ်ရေးထိုးစဉ်က ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်။
JMC ၏ ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီး ရာပြည့်က အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ငန်းစဉ် များအဖြစ် အစိုးရအဖွဲ့သစ်က အကြိမ်ကြိမ်ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်ကြောင်း NCA တွင် ပါဝင်လက်မှတ်ရေးထိုးထားကြသော အဖွဲ့အစည်း များအနေဖြင့် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့ကို စံနမူနာပြအဖြစ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မိမိတို့တွင် ဆက်သွယ်ရေးလမ်းကြောင်းကွန်ရက်များ ချမှတ်ထားပြီးဖြစ်၍ ထိုကွန်ရက်များအားဖြင့် တိုက်ပွဲများအဆုံးသတ်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဗိုလ်ချုပ်ကြီး စောအိုင်းဇက်ပိုးက သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ဦးသိန်းစိန် အစိုးရလက်ထက်တွင် အစပြုခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည့် အတွက် ဝမ်းမြောက်ရပါကြောင်း၊ သို့ရာတွင် JMC ၏ အနာဂတ်အပေါ် အစိုးရအဖွဲ့သစ်၏သဘောထားကိုမူ ရှင်းလင်းစွာမသိရှိရသေးကြောင်း ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆောင်ရွက်ရန် အဖွဲ့အစည်း သစ်တစ်ရပ်ကို ဒေါ်အောင်ဆန်းစုကြည် က ပြန်လည်ဖွဲ့ စည်းမည်ဟု သတင်းစကားများပေါ်ထွက်နေခြင်းကို ရည်ညွွှန်း၍ ဗိုလ်ချုပ်ကြီးစောအိုင်းဇက်ပိုးက ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။
ထိုသို့ပြောကြားပြီးနောက် နေပြည်တော်တွင် ကျင်းပသည့် JMC အစည်းအဝေးတစ်ရပ်၌ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို သူကိုယ်တိုင်ဦးစီးဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထုတ်ဖော်ကြေညာခဲ့သည့်အပြင် တပ်မတော်နှင့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြား ဆွေးနွေးညှိနှိုင်းမှုကို ကြားခံစောင့်ကြည့်ပေးမည့်သူအဖြစ် ဒေါက်တာတင်မျိုးဝင်းအား ခန့်အပ်ကြောင်းကိုပါ ပြောကြားခဲ့သည်။ (၂ဝ၁၆ ခုနှစ် မေလ ၉ ရက်နေ့၌ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဖွဲ့စည်းရေးဆိုင်ရာညှိနှိုင်း အစည်းအဝေးတွင် ဒေါက်တာတင်မျိုးဝင်းအား စေ့စပ်ညှိနှိုင်းရေးတာဝန်ခံအဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံရုံး လူမှုကွန်ရက်သတင်းစာမျက်နှာ၌ ဖော်ပြထားသည်။) ဒေါက်တာ တင်မျိုးဝင်းသည် ယခင်အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို ဦးဆောင်ခဲ့သည့် ဦးအောင်မင်း၏နေရာကို ဆက်ခံရမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ယခင်အစိုးရ ဖွဲ့စည်း ထူထောင်ခဲ့သော မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (Myanmar Peace Center-MPC) ကို အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Center)အဖြစ် အမည်ပြောင်းလဲဖွဲ့စည်းလိုကြောင်း ပြော ကြားခဲ့သည်ဟု JMC အတွင်း ရေးမှူး ဦးရွှေခါးက ထုတ်ဖော်ပြောကြားခဲ့သည်။
အစိုးရအဖွဲ့သစ်က မကြာမီလပိုင်းအတွင်း ခေါ်ယူကျင်းပမည်ဟု ပြောကြားလာသော နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆွေးနွေးပွဲ(သို့မဟုတ်) ဒုတိယပင်လုံညီလာခံသည် ၂ဝ၁ဝ ပြည့်နှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ ကျင်းပခဲ့သော ဇိုမီးအမျိုးသားကွန်ဂရက်ထူထောင်ခြင်း၊ ၂၂ နှစ်ပြည့်မြောက်အခမ်းအနားတွင် အစပြုခဲ့သည်ဟု ဆိုနိုင်ပါသည်။
အဆိုပါအခမ်းအနားကျင်းပစဉ်က အတိုက်အခံ နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ရပ်တည်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကရင်အမျိုးသားကွန်ဂရက်၊ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုအမျိုး သားများ ဒီမိုကရေစီအဖွဲ့ချုပ် စသည့်အဖွဲ့အစည်းများနှင့် ဝါရင့်နိုင်ငံရေးသမားကြီးအချို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတက်ရောက်သူ ၁ဝ၉ ဦးတို့က လက်မှတ်ရေးထိုးခဲ့သော အစည်းအဝေးဆုံးဖြတ်ချက်များတွင် အာဏာရှင်စနစ်အဆုံး သတ်ပြီး မြန်မာပြည်သူလူထုလို လားတောင့်တလျက်ရှိသော ဒီမိုကရေစီလူ့အခွင့်အရေးနှင့် အမျိုးသားရင်ကြားစေ့ရေးဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုဖြင့် အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် နိုင်ငံတော်အား ဗဟိုဦးစီးချုပ် ကိုင်မှုစနစ်၊ ပြည်နယ်ခွဲထွက်ရေးစနစ်များဖြင့် ကျင့်သုံးထူထောင်မည့်အစား မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်း သားအားလုံးတန်းတူညီမျှရေး နှင့် ဒီမိုကရေစီစနစ်ကို အခြေပြုသော ဖက်ဒရယ်ပြည် ထောင်စုတစ်ရပ်အဖြစ် ထူထောင်ပေးနိုင်မည့် ဒုတိယမြောက်ပင်လုံညီလာခံခေါ်ယူကျင်းပရန် စသည့်အချက်များ ပါဝင်ခဲ့သည်။
စင်စစ်တွင် ၁၉၄ရ ခုနှစ်က ကျင်းပခဲ့သော ပင်လုံညီလာခံမှာ ဒုတိယမြောက်ညီလာခံဖြစ်သည်။ ပထမအကြိမ်ညီလာခံကို ၁၉၄၆ ခုနှစ်အတွင်းက အစပြုခဲ့ခြင်းဖြစ်သော်လည်း ရှမ်းစော်ဘွားတို့က ဂျပန်တို့နှင့်လက်တွဲခဲ့သော ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA) အပေါ် အယုံအကြည်နည်းပါးမှုကြောင့် မအောင်မြင်ခဲ့ရပေ။ သို့ဖြစ်၍ ယခုခေါ်ယူမည့်ညီလာခံသည် တတိယမြောက် ပင်လုံညီလာခံ ဟူ၍လည်း ခေါ်ဆိုလိုက ခေါ်ဆိုနိုင်မည် ဖြစ်သည်။
ပင်လုံညီလာခံ၏ အနှစ်သာရသည် တိုင်းရင်းသားတို့၏ မွေးရာပါအခွင့်အရေးဖြစ်သော ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ကို အာမခံကာ ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ် ထူထောင်ရေးပင်ဖြစ်သော်လည်း ၁၉၄ရ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အဆိုပါအနှစ်သာရ ပါဝင်လာခဲ့ခြင်း မရှိပေ။ ၁၉၄ရ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် အဓိကကဏ္ဍမှပါဝင်ခဲ့သည့် ဦးချန်ထွန်းက မိမိတို့၏ အခြေခံဥပဒေသည် မူအားဖြင့် ဖက်ဒရယ်မူဖြစ်သော်လည်း တစ်ပြည်ထောင်စနစ်ကိုသာ လက်တွေ့ကျင့်သုံးထားကြောင်း၊ ပြည်ထောင် စုဖွဲ့စည်းပုံသည် အမေရိကန် ပြည်ထောင်စုနှင့် ဆွစ်ဇာလန်နိုင်ငံတို့ကဲ့သို့ သီးခြားပြည်နယ်လွွှတ်တော်များမရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
၁၉၄ရ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သီးခြားပြည်နယ်လွွှတ်တော်များ မပါရှိရုံမျှမက အမျိုးသားပါလီမန်၏လွွှတ်တော်နှစ်ရပ်လုံး တွင်လည်း တိုင်းရင်းသားများက အနည်းစုသာဖြစ်လာခဲ့ကြရသည်။
လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် ဦးအုန်းကြိုင်ကမူ မကြာမီခေါ်ယူရန်ရှိသည့် ဒုတိယပင်လုံညီလာခံသည် ပြည်သူလူထုအတွက် အားကောင်းသော စည်းလုံးညီညွတ်မှုတစ်ရပ်ပေးစွမ်းနိုင်ရန် ရည်ရွယ်ထားပြီး မည် သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ရပ်ရပ်ကိုမျှ ဆန့်ကျင်ရန် မရည်ရွယ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဇိုမီးအမျိုးသားကွန်ဂရက်ညီလာခံအပြီး ပေါ်ထွက်လာသော ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးနှင့်စပ်လျဉ်း၍ မွန်ပြည်သစ်ပါတီမှ တာဝန်ခံတစ်ဦးဖြစ်သူ နိုင်တလညီ၏အမြင်ကို မေးမြန်းရာတွင် ပထမပင်လုံညီလာခံ၏ အောင်မြင်မှုနည်းတူ၊ ဒုတိယပင်လုံညီလာခံ သည်လည်း တိုင်းရင်းသားတို့၏ အခက်အခဲများကို ညှိနှိုင်းကာ နိုင်ငံ တော်အား ဒီမိုကရေစီစနစ်ဆီသို့ ရှေးရှုစေမည်ဖြစ်ကြောင်း ဒုတိယပင်လုံညီလာခံသည် တိုင်းရင်းသားအစုအဖွဲ့များအတွက် ကောင်းကျိုးဆောင်ကြဉ်းပေးမည့် ညီလာခံပင်ဖြစ်ကြောင်း ကြိုဆိုပြောကြားခဲ့သည်။
သို့ရာတွင် မွန်ပြည်သစ်ပါတီအနေဖြင့် အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲများတွင် ပါဝင်ထားခြင်းမရှိသဖြင့် ဒုတိယပင်လုံညီလာခံတွင် ပါဝင်ခွင့်အတွက် နိုင်ငံရေးသမားအချို့က စိုးရိမ်လျက်ရှိကြောင်း အကယ်၍ ပါဝင်ခွင့်ရခဲ့ပါက မွန်ပြည်သစ်ပါတီအနေဖြင့် ဒုတိယ ပင်လုံညီလာခံတွင် ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း၊ ဤသည်မှာလည်း ဒုတိယပင်လုံညီလာခံကို မည်သို့ကျင်းပမည်၊ မည်သည့် အဖွဲ့အစည်းများ ပါဝင်ပတ်သက်နေမည် ဆိုသည့်အချက်ပေါ်တွင် မူတည်ပါကြောင်း နိုင်တလညီ က ၂ဝ၁၁ ခုနှစ်ခန့်ကပင် သူ၏ သဘောထားကို ပြောကြားခဲ့သည်။
ပထမပင်လုံညီလာခံတွင် မွန်၊ ရခိုင်နှင့် ကရင် လူမျိုးတို့ ပါဝင်လက်မှတ်ရေးထိုးထားခဲ့ခြင်းမရှိသော်လည်း ပင်လုံညီလာခံ၏မူအရ ညီလာခံသို့တက်ရောက် လာခြင်းမရှိသည့်တိုင်းရင်းသားများသည်လည်း ယင်းတို့အတွက် ရပိုင်ခွင့်များကို ရရှိစေရမည်ဟုဆိုထား သဖြင့် ယခုထပ်မံပေါ်ထွက်လာမည့် ဒုတိယပင်လုံညီလာခံသည်လည်း မိမိတို့ကဲ့သို့သော တိုင်းရင်းသားအစုအဖွဲ့ များ၏ ရပိုင်ခွင့်များ ကို ချမှတ်ပေးအပ်မည်ဟု မျှော်လင့်ထားပါကြောင်း၊ ပထမပင်လုံညီလာခံကို တက်ရောက်ခွင့်မကြုံကြိုက်ခဲ့သော်လည်း ပင်လုံညီလာခံ သည် တိုင်းရင်းသားတို့၏ မျှော်မှန်းချက်များကို ညီလာခံ၏အဓိက ရည်ရွယ်ချက်များတွင် အမြဲပင်ထည့်သွင်းထားပါကြောင်း၊ မြန်မာအစိုးရ၏ ခံယူချက်ပြောင်းလဲကာ ပူးပေါင်းဆောင်ရွက်လာမည်ဆိုပါက လက်ရှိနိုင်ငံရေး ပြဿနာများ ပြေလည်ကာ နိုင်ငံငြိမ်းချမ်းမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ဒုတိယပင်လုံညီလာခံသည် ဗမာလူမျိုးများအတွက်သာမက တိုင်းရင်းသားအစုအဖွဲ့များ အတွက်ပါ အထူးပင်အရေးပါလှကြောင်း နိုင်တလညီက ပြောကြားသွားခဲ့ပေသည်။
၁၇ နှစ်ကြာ တည်တံ့ခဲ့သော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ကျိုးပျက်ခဲ့ရပြီးနောက် NCA သဘောတူညီချက်ရေးထိုးရာ တွင် ပါဝင်ခဲ့ခြင်းမရှိသော ကချင်လွတ်မြောက်ရေးတပ်မတော် (Kachin Independence Army-KIA) ၏ နိုင်ငံရေးအဖွဲ့ အစည်းဖြစ်သည့် Kachin Independence Organization-KIO က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရေးဆွဲထား သည့် ဦးသိန်းစိန်အစိုးရ၏ အဆင့်သုံးဆင့်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လက်ခံရန်ငြင်းဆန်ခဲ့ပြီး ယင်းတို့ ကိုယ်တိုင်ရေးဆွဲသော အဆင့်သုံးဆင့်ပါလုပ်ငန်းစဉ်ကို ပြန်လည်ကမ်းလှမ်းခဲ့သည်။
KIO ၏ အဆိုပြုချက်ပထမအဆင့်တွင် နှစ်ဖက်စစ်တပ်များ နေရာဖြန့်ကျက်တပ်ချပုံနှင့်စပ်လျဉ်း၍ သဘောတူညီမှုရယူရန် ဒုတိယ အဆင့်အနေဖြင့် ပင်လုံညီလာခံကဲ့သို့သော အလားတူညီလာခံတစ်ရပ် ခေါ်ယူကာ မြန်မာအစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်အား လုံးပါဝင်ဆွေးနွေးခြင်းဖြင့် ကာလကြာမြင့်ပြီဖြစ်သော နိုင်ငံရေးသဘောထားကွဲလွဲမှုများကို အဖြေရှာရန် တတိယအဆင့်အနေဖြင့် သဘောတူညီချက်များကို အခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲပြဋ္ဌာန်းရန်ဖြစ်သည်။
သမ္မတဦးသိန်းစိန်နှင့် သူ၏အစိုးရအဖွဲ့က KIO ၏ တောင်းဆိုချက်ကို ထည့်သွင်းစဉ်းစားခြင်းမရှိသော် လည်း အခြားသော တိုင်းရင်းသားအစုအဖွဲ့များက ယင်းတို့အားလုံး ယုံကြည်ထားသော ပင်လုံသဘောတူညီချက်အပေါ် အခြေပြုသည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရှိ ရေးအတွက် ကချင်တို့၏ ရုန်းကန်တိုက်ပွဲဝင်မှုကို အနီးကပ်စောင့်ကြည့်လျက်ရှိနေကြသည်။
ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသားအစုအဖွဲ့များ၏ နွေးထွေးသောအပြု သဘောဆောင်သည့် လက်ကမ်း ကြိုဆိုမှုကို ထင်ရှားစွာ မြင်တွေ့ကြရသော်လည်း မြန်မာ့တပ်မတော်ကမူ ကွဲပြားခြားနားသော အမြင်တစ်ရပ်ဖော်ထုတ်လာသည်ကို မြင် ကြရသည်။
တပ်မတော်အနေဖြင့် လက်ရှိရရှိထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရလဒ်များကို ဆက်လက်ဆုပ်ကိုင်ထားလိုပြီး ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းပေးထားသော လွွှတ်တော်လမ်းကြောင်းများမှတစ်ဆင့်သာ ရှေ့ဆက်သွားလိုဟန်ရှိပေသည်။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ဒုတိယပင်လုံညီလာခံခေါ်ယူရေး အသံထွက်ခဲ့စဉ်ကလည်း ထိုစဉ်က အစိုးရအာဘော်သတင်းစာ တစ်စောင်ဖြစ်သည့် မြန်မာ့အလင်းသတင်းစာက ဒုတိယပင်လုံညီလာခံခေါ်ယူရေး ကြိုးပမ်းမှုကို အပေါစားနိုင်ငံရေး စတန့်ထွင်မှု အဖြစ် ပုတ်ခတ်ရေးသားခဲ့သည့်အပြင် ရရှိထားပြီးသော အမျိုးသားစည်းလုံးညီညွတ်မှု ပိုမိုခိုင်မာအားကောင်းရေးအတွက် လွွှတ်တော် လမ်းကြောင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း တပ်မတော်၏အခန်းကဏ္ဍမပါရှိပါက အစိုးရနှင့် အစိုးရ၏ လမ်းညွွှန်မြေပုံခုနစ် ချက်ကို ဆန့်ကျင်သည့်အဖွဲ့အစည်းများက ကြိုးကိုင်ချယ်လှယ်ကြမည်ဖြစ်ကြောင်း သတိပေးရေးသားခဲ့ဖူးပေသည်။
မည်သို့ဆိုစေ ဒေါ်အောင်ဆန်းစုကြည်သည်သာလျှင် အမျိုးသားရင်ကြားစေ့ရေးကို ဆောင်ကြဉ်းပေးနိုင်မည့်သူအဖြစ် မြန်မာပြည်သူ တစ်ရပ်လုံးက တစ်ညီတညွတ်တည်း ယုံကြည်ကြသည်ဖြစ်သည့်အလျောက် ဒုတိယပင်လုံညီလာခံ(သို့မဟုတ်) ၂၁ ရာစုနှစ်ပင်လုံညီ လာခံခေါ်ယူရေးတောင်းဆိုသံများ တစ်စတစ်စပိုမိုကျယ် လောင်လာခဲ့ရသည်။
ယခုအခါတွင်မူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်က ဒုတိယပင်လုံညီလာခံကို လပိုင်းအတွင်း ခေါ်ယူကျင်းပမည်ဖြစ်ကြောင်း ပြောကြားလာခဲ့ပြီဖြစ်၍ မြန်မာ့အရေးစိတ်ဝင်စားသူများ ပိုမိုအာရုံစူးစိုက်လာကြ ပြီဖြစ်သည်။
ဒုတိယပင်လုံညီလာခံဟု ခေါ်ဆိုရသော်လည်း ၄၇ ခုနှစ်ပင်လုံညီလာခံနှင့် မတူညီသောနိုင်ငံရေးအခင်းအကျင်းများကို နှိုင်းယှဉ်မြင်တွေ့နေရပေသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟူသော အနှစ်သာရအားဖြင့် တူညီသော်လည်း ပုံသဏ္ဍာန်အားဖြင့် ကွဲပြား ခြားနားမှု များရှိနေသည်။
၄၇ ခုနှစ် ပင်လုံညီလာခံက ထိုနှစ်ဦးပိုင်းတွင် ချုပ်ဆိုခဲ့သော အောင်ဆန်းအက်တလီစာချုပ်တွင် အခြေခံသည်။ အင်္ဂလိပ်နယ်ချဲ့အုပ် ချုပ်မှုလက်အောက်မှ လွတ်မြောက်လိုသည့် တိုင်းရင်းသားများနှင့် ဗမာပြည်မ အစိုးရအကြား ချုပ်ဆိုသော ပေါင်းစည်းရေးစာချုပ်ပင် ဖြစ်သည်။ နိုင်ငံအုပ်ချုပ်သူက တိုင်းခြားအစိုးရဖြစ်ပြီး ဗမာပြည်မဘက်မှ ကိုယ်စားလှယ်အဖြစ် ရပ်တည်သူ တို့မှာ စစ်တပ်ကိုရော နိုင်ငံအစိုးရကိုပါ ကိုယ်စားပြုသူ များ ဖြစ်ကြသည်။
မျက်မှောက်ခေတ် ၂၁ ရာစု ပင်လုံညီလာခံခေါ်ယူခြင်းမှာ ပြည်တွင်းငြိမ်းချမ်းရေးက အဓိကအချက်ဖြစ် ပြီး ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ် ပေါ်ထွန်းရေးကို ရှေးရှုမည်ဖြစ်သည်။ နိုင်ငံအုပ်ချုပ်သူတို့က တိုင်းတစ်ပါးသားများ မဟုတ်ကြသော်လည်း အစိုးရအဖွဲ့နှင့် တပ်မတော်တို့အကြား တစ်ခုတည်းသော အသံဖြစ်ရေး အတွက် ညှိနှိုင်းရမည့်အချက်များက များပြားလှသည်။
၄၇ ခုနှစ်က တိုင်းရင်းသားအစုအဖွဲ့အရေအတွက်မှာ မျက်မှောက်ခေတ်လောက် များပြားခြင်းမရှိ။ ဒေါ်အောင်ဆန်းစုကြည်ကမူ ညှိနှိုင်းရသည့်အဖွဲ့အရေအတွက် များပြားခြင်းကြောင့် ပို၍ကြိုးစားရမည်ဖြစ်သော်လည်း အင်အားစုများ ပေါင်းစည်းမိပါက ပို၍ အင်အားတောင့်တင်းမည်ဖြစ်ကြောင်း အကောင်းမြင်ပြောကြားခဲ့သည်။ အခက်အခဲက တိုင်းရင်းသားအစုအဖွဲ့များအားလုံး လက် နက်ကိုင်အဖွဲ့အစည်း ကိုယ်စီရှိနေကြခြင်းပင်။ တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ အသီးသီးတို့က ယင်းတို့၏ကိုယ်ကျိုးစီးပွားကို ရှေ့တန်း တင်ပြောကြားမည်ဆိုပါက ကြားခံညှိနှိုင်းရမည့် အရပ် သားအစိုးရအသစ်၏အနေအထား မှာ ခက်ခဲသောအနေအထား ဖြစ်ပေမည်။
ထို့အပြင် ၄၇ ခုနှစ် ပင်လုံညီလာခံမှာ အခြေခံ ဥပဒေမတိုင်မီ ကျင်းပခဲ့ခြင်းဖြစ်ပြီး လက်ရှိအနေအထား မှာ ၂ဝဝ၈ ခုနှစ် အခြေခံဥပ ဒေ၏ ဘောင်ခတ်ကန့်သတ်မှုအောက်တွင် ဆွေးနွေးညှိနှိုင်းရမည့်အနေအထားဖြစ် သည်။ ထိုအကျပ်အတည်းကို လွန်မြောက်ကျော် လွွှားနိုင်ရန် အရပ်သားအစိုးရက မည်သို့ကိုင်တွယ်ဆောင်ရွက်မည်ဆိုသည်ကလည်း လွန်စွာမှပင် စိတ်ဝင်စားဖွယ်ဖြစ် သည်။ ၄၇ ခုနှစ်က ပင်လုံညီလာခံကျင်းပပြီးမှ အခြေခံဥပဒေရေးဆွဲခဲ့ခြင်းဖြစ်သည့်တိုင် ပင်လုံညီလာခံ၏အနှစ် သာရကို ထင်ဟပ်ခဲ့ခြင်းမရှိသဖြင့် ပြည်မအစိုးရအပေါ် တိုင်းရင်းသားတို့ အယုံအကြည်ပျက်ကာ နှစ်ပေါင်း ၆ဝ ကျော် ကြာမြင့်သည့်တိုင် ပြည်တွင်းစစ်ပွဲများ မရပ် မစဲရှိခဲ့ကြရသည်။ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေက ဖက် ဒရယ်ပြည်ထောင်စုအသွင်ဆောင်သော ပြည်နယ်အစိုးရ များနှင့် လွွှတ်တော်များပါရှိသော်လည်း ဒေသတွင်း အစိုးရဝန်ကြီးချုပ်များကို နိုင်ငံတော်သမ္မတက တိုက်ရိုက် ရွေးချယ်ခန့်ထားစေခြင်းဖြင့် တိုင်းရင်းသားတို့၏ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ကို အာမခံသော ပင်လုံအနှစ်သာရကို ဖျောက်ဖျက်ထား လိုက်သကဲ့သို့ ရှိသည်။ ထို့အပြင် ဒေသတွင်း လွွှတ်တော်များမှာလည်း လွတ်လပ်သော လွွှတ်တော်များ မဟုတ်ကြပါ။ ဒေသတွင်း အစိုးရများ မှာ မိမိတို့ဒေသ၏အကျိုးစီးပွားအတွက် ကိုယ်တိုင်စီမံ ခန့်ခွဲပိုင်ခွင့်မရှိကြပါ။ ၂ဝဝ၈ အခြေခံဥပဒေကို မူသေ ဆုပ်ကိုင်ထားမည်ဆိုပါက ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး အလှမ်းဝေးပေဦးမည်ဖြစ်ရာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ထိန်းသိမ်းရမည့် တာဝန်ခံယူထားသော တပ်မတော်၏သဘောထားမှာ လွန်စွာမှပင် အရေးပါလှပေသည်။
၂၁ ရာစု ပင်လုံညီလာခံက ဆောင်ရွက်ပေးရမည့် တာဝန်များကား လေးနက်ခက်ခဲလွန်းလှပြီး လက်ရှိ အရပ်သားအစိုးရသစ် သက်တမ်းအတွင်း ပြီးမြောက်ရေးမှာ အာမခံရန် လွယ်ကူသောကိစ္စမဟုတ်ပါ။ မြန်မာ့အရေးကို အစဉ်တစိုက်လေ့လာရေးသားဖော်ပြလေ့ရှိ သော Far Eastern Economic Review သတင်းထောက် ဟောင်း Bertil Lintner က ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အဆင့်ငါးဆင့်ဖြင့် ဆောင်ရွက်သွားရန် အကြံပြုခဲ့သည်။
ပထမအဆင့်အနေဖြင့် အစိုးရအဖွဲ့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ထုတ်ပြန်ကြေညာရမည်။ ဤအဆင့်တွင် မည်သည့်သဘောတူညီချက်မျှ လက်မှတ်ရေးထိုးရန် မလိုအပ်သေးသော်လည်း မြေပြင်အနေ အထားစောင့်ကြည့်တပ်ဖွဲ့များ ချထားရန်လိုအပ် သည်။
ဒုတိယအဆင့်တွင် အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ဘာသာရေးနှင့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ကာ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရမည်။
တတိယအဆင့်တွင် တိုင်းရင်းသားပဋိပက္ခများကို ချုပ်ငြိမ်းစေပြီး ပြည်ထောင်စုအင်အားတောင့်တင်းခိုင်မာစေမည့် ဖက်ဒရယ်မူ များကို လေ့လာရမည်။
စတုတ္ထအဆင့်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၁၉၈၈ ခုနှစ် ကြေညာစာတမ်းနှင့်အညီ တိုင်းရင်းသားလူနည်းစုတို့၏ အခွင့်အရေးများကို အာမခံသော မျှော်မှန်းချက်များနှင့် ကိုက်ညီသည့် ဖက်ဒရယ်မူတစ်ရပ်ကို တညီတညွတ်တည်း ရွေးချယ်ထုတ်ဖော်ရမည်။
ပဉ္စမအဆင့်တွင် နိုင်ငံရေးသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးကာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ရဲအဖွဲ့အဖြစ် အသွင်ပြောင်းလဲခြင်း သို့မဟုတ် လူမှုအဖွဲ့အစည်းများနှင့် အစိုးရက သင့်တော်သည်ဟု ထင်မြင်သည့်အတိုင်း အသွင်ကူးပြောင်းခြင်း ဖြင့်သာ ဖခင်ဖြစ်သူ မြန်မာ့လွတ်လပ်ရေးဗိသုကာ၊ ဗိုလ်ချုပ်အောင်ဆန်း ပုံဖော်ခဲ့သော သမိုင်းဝင်ပင်လုံစာချုပ် ၏အနှစ် သာရကို သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြည့်မြောက်အောင် ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း Bertil Lintner က အကြံပြုခဲ့သည်။
မည်သည့်နည်းလမ်းဖြင့် ရွေးချယ်ဆောင်ရွက်သည် ဖြစ်စေ၊ စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တစ်ရပ်ပေါ်ထွန်းရေးမှာ ခက်ခဲကြမ်းတမ်းသော ခရီးရှည်ကြီးတစ်ရပ်ဖြစ်သော်လည်း ပြည်သူတစ်ရပ်လုံးက မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်စားနေသည်ဖြစ်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွွှန်မှုဖြင့် သမ္မတ ဦးထင်ကျော် အစိုးရက ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တစ်ဆင့်ချင်း မှန်ကန်စွာ ဆောင်ရွက်သွားနိုင်မည်ဆိုပါက ပြည်သူတို့ တောင့်တသော ဖက်ဒရယ်ပြည်ထောင်စုခေတ်ကို တစ်နေ့တွင် ရောက်ရမည်မှာ မလွဲဧကန်ပင် ဖြစ်ပါတော့သည်။
ရာပြည့်
Reference:
1) Aung San Suu Kyi Tells Myanmar’s Peace Stakeholders to Prepare for Conference Radio Free Asia, April 27, 2016
2) Aung San Suu Kyi to Lead Nationwide Peace Talks in Myanmar Radio Free Asia, April 26, 2016
3) Interview: Five Days is Too Short to Complete a Peace Conference, Radio Free Asia, Jan 14, 2016
4) A 2nd Panglong Conference, Mon News, Jan 18, 2011
5) Kalay Declaration, Dated 24 Oct, 2010
6) The Second Panglong Conference, Kachinland News, May 3, 2016 by Kanbawza Win, Published Feb 15, 2013
7) How the NLD can Fullfil Its Promise of Peace, by Bertil Lintner, The Irrawady.
8) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နှစ်သစ်မိန့်ခွန်း 7 Day Daily April 20, 2016.
9) နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူး နှုတ် ခွန်းဆက်သဝဏ်လွွှာ 7 Day Daily April 20, 2016