အရှေ့တောင်အာရှနိုင်ငံများနှင့် ပညာရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှု

Info Digest ဂျာနယ်၊ အမှတ်(၂)

Info Digest ဂျာနယ်၊ အမှတ်(၂)

Human Capital Investment ခေါ် လူသားအရင်းအမြစ်ရင်းနှီးမြှုပ်နှံမှုသည် အရှေ့အာရှနိုင်ငံများ၏ အစောပိုင်းစီးပွားရေးအောင် မြင်မှုတွင် အရေးပါသောကဏ္ဍမှ ပါဝင်ခဲ့သည်။ (Human Capital ဆိုသည်မှာ လူတစ်ဦး (သို့မဟုတ်) လူအများ၏ ကျွမ်းကျင်မှု၊ တတ်သိမှုနှင့် အတွေ့အကြုံတို့အတွက် အဖွဲ့အစည်းတစ်ရပ်(သို့မဟုတ်) နိုင်ငံတစ်နိုင်ငံက ကျခံရသည့် စရိတ်(သို့မဟုတ်)တန်ဖိုး ဖြင့် ကြည့်မြင်ခြင်းဖြစ်ပြီး ဤဆောင်းပါးတွင် လူသားအရင်းအမြစ်အဖြစ် ဖော်ပြမည်ဖြစ်သည်။) စီးပွားရေးစွမ်းဆောင်ရည်မြင့် အာရှနိုင်ငံများ (High Performing Asian Economies-HPAEs) ဟုခေါ်ဆိုသော အာရှရှစ်နိုင်ငံတို့၏ စီးပွားရေးတိုးတက်မှု လျန်မြန် သည့် အကြောင်းအရင်းကို လေ့လာစစ်တမ်းပြုထားသည့် The East Asian Miracle အမည်ရ စစ်တမ်းတွင် HPAE နိုင်ငံများ၏ ပညာရေးနှင့်လေ့ကျင့်ရေးစနစ်များ အသွင်ပြောင်းတိုးတက်မှုမှာ ကြီးမားလှကြောင်း၊ HPAE နိုင်ငံများ၏ ကျောင်းအပ်နှုန်းထားများမှာ ယင်းနိုင်ငံတို့၏ ဝင်ငွေအဆင့်အရ၊ ခန့်မှန်းချက်ထက်ပင် သာလွန်ရန်ရှိ ကြောင်း၊ HPAE နိုင်ငံများ၏ ခန့်မှန်းတိုးတက်မှုနှုန်းထားတွင် မူလတန်းပညာရေးက အကြီးမားဆုံးကဏ္ဍအဖြစ် ပါဝင်လျက်ရှိကြောင်း ကမ္ဘာ့ဘဏ်က ရေးသားဖော်ပြခဲ့သည်။
အရှေ့တောင်အာရှဒေသနိုင်ငံများ၏ တိုးတက်နှုန်း လျှန်မြန်ရခြင်းမှာ လူသားအရင်းအမြစ် ရင်းနှီးမြှုပ်နှံမှု မြင့်မားခြင်း ၏အကျိုးဆက်ရလဒ်ဖြစ်သည်။ ၂ဝဝ၃ ခုနှစ် အတွင်း Anne Booth ပြုလုပ်ခဲ့သော အရေးပါသည့်ဒေသတွင်း စစ်တမ်းတစ်စောင်က အရှေ့တောင်အာရှဒေသနိုင်ငံများသည် အစောပိုင်းကာလများကပင် ပညာရေးကဏ္ဍတွင် ကြီးမားစွာရင်းနှီးမြှုပ်နှံခဲ့ကြသည်ဟု ဆို သည်။ သို့ရာတွင် Anne Booth က ဂျပန်၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်နိုင်ငံတို့ပါဝင်သည်။ အရှေ့မြောက်အာရှ နိုင်ငံများနှင့် စင်ကာ ပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း နိုင်ငံတို့ပါဝင်သော အရှေ့တောင်အာရှဒေသနိုင်ငံများ၏ လူသားအရင်းအမြစ် ရင်းနှီးမြှုပ်နှံမှု တွင် အချိန်ကာလနှင့် ပမာဏကွာခြားပုံတို့ကို ထောက်ပြခဲ့သည်။ စင်စစ်တွင် အရှေ့တောင်အာရှဒေသနိုင်ငံများ၏ လူသားအရင်း အမြစ် ရင်းနှီးမြှုပ်နှံမှုမှာ အစနောက်ကျခဲ့ပြီး ယေဘုယျအားဖြင့် ဆိုရပါက အရှေ့မြောက်အာရှနိုင်ငံများကဲ့သို့ စွမ်းဆောင်နိုင်ခြင်း မရှိသေးပါ။ အရှေ့တောင်အာရှဒေသနိုင်ငံများ၏ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်း အပ်နှုန်းထား တိုးတက်မှုမှာ မတိုးမဆုတ်ဖြစ်နေခဲ့ရသည့် အခိုက်အတန့်များရှိခဲ့ကြပြီး ထိုအခိုက်အတန့်များက လျင်မြန်စွာတိုးတက်လာသောနိုင်ငံ၏ GDP နှုန်း ထားနှင့် လုပ်သားလိုအပ်ချက်တို့ဖြင့် ကြုံကြိုက်ခဲ့ရသည့်အခါများလည်း ရှိလာခဲ့ကြသည်။ ထို့ပြင် အင်ဒိုနီးရှားနှင့်ထိုင်းနိုင်ငံတို့ တွင် အဆင့်မြင့်ပညာရေးကဏ္ဍ၌ ကျောင်းအပ်နှုန်းထားမှာ ဝင်ငွေမြင့်လူတန်းစား အစုအဖွဲ့က သိသာထင်ရှားစွာများပြားနေသဖြင့် ပညာသင်ယူခွင့် မညီမျှမှုများ ဖြစ်ပေါ်စေခဲ့သည်ကို တွေ့ရှိနိုင်သည်။
အရှေ့တောင်အာရှဒေသနိုင်ငံများ၏ လူသားအရင်းအမြစ်ရင်းနှီးမြှုပ်နှံမှုနိမ့်ကျခြင်းက အရှေ့မြောက်အာရှ နိုင်ငံတို့၏ စီးပွားရေး ကို ရိုက်ခတ်စေခဲ့သော်လည်း ယင်းတို့က နည်းပညာအခြေပြုထုတ်လုပ်ရေးလုပ်ငန်းများအားဖြင့် ဝင်ငွေမြင့်နိုင်ငံအနေအထားကို ရောက်ရှိခဲ့ကြသည်။ ဂျပန်နိုင်ငံက နည်းပညာနယ်ပယ်တွင် ဦးဆောင်သူဖြစ်လာခဲ့ကာ တောင်ကိုရီးယားနှင့်ထိုင်ဝမ်တို့က နောက်မှ ကပ်ပါလာကြသည်။ ထိုအုပ်စုတွင် တစ်ခုတည်းသော အရှေ့တောင်အာရှနိုင်ငံအဖြစ်ပါဝင်လာသည့် စင်ကာပူသည်လည်း ဟောင်ကောင်နှင့်တန်းတူ နောက်ဆုံးနေရာတွင် လိုက်ပါလာခဲ့သည်။
ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးတို့တွင် အားရကျေနပ်ဖွယ်ရာ စွမ်းဆောင်နိုင်ခဲ့သော်လည်း ထုတ်လုပ်ရေးအရည်အသွေးထူးခြားစွာ မြင့်တက်လာခြင်းမရှိသဖြင့် အလယ်အလတ် ဝင်ငွေ ထောင်ချောက်တွင် ပိတ်မိနေမည့်ဟန် ရှိပေသည်။ ယင်းနိုင်ငံများသည် စက်မှုလုပ်ငန်းဦးဆောင်နိုင်ငံများဖြစ်ရန် အလှမ်း ကွာဝေးနေဆဲဖြစ်ပြီး အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံသည် ဆယ်စုနှစ်များနှင့်ချီ၍ ဝေးကွာနေဦးမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ရေးသားဖော်ပြခဲ့သည်။
အဆိုပါ အခြေအနေများကို နောက်ခံပြု၍ အရှေ့တောင်အာရှဒေသနိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှုတွင် လူသား အရင်းအမြစ်တိုးပွားမှု ကဏ္ဍ၏အရေးပါပုံကို ဤစာတမ်းဖြင့် ဆန်းစစ်တင်ပြထားခြင်း ဖြစ်ပါသည်။ လူသားအရင်းအနှီးအဖြစ်လည်း ခေါ်ဆိုနိုင်သော Human Capital တွင် ကျန်းမာရေးဆိုင်ရာနှင့်ပညာရေးဆိုင်ရာအခန်းကဏ္ဍများပါဝင်သော်လည်း ဤစာတမ်းတွင် ပညာရေးကဏ္ဍ ကိုသာ အဓိကရည်မှန်းချက်သုံးရပ်ဖြင့် ချဉ်းကပ်လေ့လာသွားမည်ဖြစ်ပါသည်။ ပထမရည်မှန်းချက်မှာ အရှေ့တောင်အာရှဒေသ နိုင်ငံများ၏ ပညာရေးကဏ္ဍဆိုင်ရာ လတ်တလောရအချက်အလက်များကို လေ့လာသုံးသပ်ရန်ဖြစ်သည်။ ဒုတိယရည်မှန်းချက်မှာ အရှေ့တောင်အာရှဒေသနိုင်ငံများ၏ လူသားအရင်းအမြစ် ရင်းနှီးမြှုပ်နှံမှုမက်လုံးများနှင့် မူဝါဒများအပေါ်သို့ အာရှဒေသတွင်း အဓိကစီးပွားရေးပလေယာဖြစ်သည့် တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာကုန်သွယ်ရေးအစီအမံများနှင့် ဖွဲ့စည်းပုံတို့က ဂယက်ရိုက် ခတ်မှုများအကြောင်း ဆန်းစစ်လေ့လာရန်ဖြစ်သည်။ တတိယရည်မှန်းချက်အရ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့ကို ဥပမာပြု၍ လူသားအရင်းအမြစ် ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို မူရင်းစစ်တမ်းတွင် ဆန်းစစ်ဖော်ပြထားသော်လည်း ဤဆောင်းပါး တွင် ထည့်သွင်းဖော်ပြခြင်းမပြုတော့ပါ။
၁။ ပညာရေးနှင့် လူသားအရင်းအမြစ်ဖြည့်ဆည်းခြင်း
ဤကဏ္ဍတွင် အရှေ့တောင်အာရှဒေသနိုင်ငံများ၏ လွန်ခဲ့သောဆယ်နှစ်တာကာလအတွင်းက ဖြစ်ပေါ်ခဲ့သော ပညာရေးဆိုင်ရာ စွမ်းဆောင်မှုအပြောင်းအလဲများအား ဆန်းစစ်လေ့လာသွားမည်ဖြစ်သည်။
၁.၁။ ပညာရေးဆိုင်ရာအညွွှန်းကိန်းများ
နိုင်ငံသားတို့၏ အခြေခံပညာရေးအဆင့်ကို တိုင်းတာသော မူလတန်းအဆင့် အသားတင်ကျောင်းအပ်နှုန်းထား (Primary School Net Enrollment Rate-NER) သည် ပညာရေးဆိုင်ရာစွမ်းဆောင်မှုအကဲဖြတ်ရာ၌ ကျယ်ပြန့်စွာ အသုံးပြုနိုင်သော အရေးပါသည့် အညွွှန်းကိန်းတစ်ရပ်ဖြစ်သည်။ မူလတန်းအဆင့် NER မြင့်မားလာခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မြင်တွေ့ရသည့် လက္ခဏာကောင်းတစ်ရပ်ဖြစ်သည်။
ဖိလစ်ပိုင်နှင့် လာအိုနိုင်ငံများမှလွဲ၍ အများစုသော အရှေ့တောင်အာရှဒေသနိုင်ငံများ၏ မူလတန်းအဆင့် NER အညွွှန်းကိန်းများမှာ ၂ဝဝ၈ ခုနှစ်တွင် အနည်းဆုံး ၉ဝ % အထိ ရှိကြသည်။ ထိုအချက်က အဆိုပါနိုင်ငံများသည် နိုင်ငံတကာနှုန်းထားများနှင့် နီးကပ်နေပြီဟု ပြဆိုသည်။
သို့ရာတွင် NER အညွွှန်းကိန်းသည် ကလေးများ မူလတန်းပညာရေးကို ဆုံးခန်းတိုင်သည်အထိ သင်ကြား ခြင်းရှိ၊ မရှိ ပြဆိုနိုင်ခြင်း မရှိသကဲ့သို့ အခြားအဆင့်များတွင် ဆက်လက်သင်ကြားခြင်းရှိ၊ မရှိ မူလတန်းအဆင့်မှာပင် နုတ်ထွက်သွားခြင်းရှိ၊ မရှိတို့ကိုလည်း ပြဆိုနိုင် ခြင်းမရှိပါ။ သို့ဖြစ်၍ မူလတန်းကလေးများ၊ မူလတန်း အဆင့်ကိုကျော်လွန်၍ Grade-5 အတန်းသို့ ဆက်လက် တက်ရောက်ခြင်းရှိ၊ မရှိ ဆန်းစစ်သည့်အခါ မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံနှစ်နိုင်ငံသာ ၁ဝဝ % နီးပါး ရှိကြသည်ကို တွေ့ရှိရသည်။ အခြားသောအရှေ့တောင် အာရှဒေသနိုင်ငံများ ဖြစ်ကြသည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံများမှာ ဤနည်းလမ်းဖြင့် ဆန်းစစ်ရာတွင် ရာခိုင်နှုန်းလျော့နည်းခဲ့ကြရပြီး လာအိုနိုင်ငံတွင် ဆိုပါက မူလတန်းကလေးများ၏ ၇ဝ % အောက်သာ အခြားအဆင့်များသို့ ဆက်လက်သင်ကြားနိုင်ကြောင်း တွေ့ရှိရသည်။ မူလတန်း အဆင့် NER အညွွှန်းကိန်းသက်သက် ကိုသာ ကြည့်ပါက အရှေ့တောင်အာရှဒေသနိုင်ငံများ၏ အခြေခံပညာရေး ဖြည့်ဆည်းနိုင်စွမ်းကို အရှိထက်ပို၍ ဖော်ပြသကဲ့သို့ ရှိမည်ဖြစ်သည်။
အခြားသော ကျယ်ပြန့်စွာအသုံးပြုနိုင်သည့် အညွွှန်းကိန်းတစ်ရပ်မှာ ပျမ်းမျှကျောင်းတက်နှစ်ပေါင်း(Mean Years of Schooling) ပင် ဖြစ်သည်။ ၁၉၅ဝ ပြည့်နှစ်များနှင့် ၆ဝ ပြည့်နှစ်များအတွင်းက အရှေ့တောင်အာရှဒေသ နိုင်ငံများနှင့် အရှေ့မြောက်အာရှဒေသ နိုင်ငံများပါ ပျမ်းမျှ ကျောင်းတက်နှစ်အညွွှန်းကိန်းမှာ လွန်စွာနိမ့်ကျခဲ့သည်။ ဒေသနှစ်ရပ်လုံးရှိ အများစုသောနိုင်ငံတို့တွင် လူတစ်ဦးချင်းစီ၏ ပျမ်းမျှကျောင်းတက်နှစ်ပေါင်းမှာ သုံး၊ လေး နှစ်မျှသာ ရှိခဲ့သည်။ ထို့နောက် နှစ်ပေါင်းနှစ်ဆယ်အလွန်တွင် တောင်ကိုရီးယားနှင့် ထိုင်ဝမ်နိုင်ငံတို့၏ပျမ်းမျှ ကျောင်းတက်နှစ်ပေါင်းနှုန်းထားမှာ သိသာထင်ရှားစွာ ပင်မြင့်တက်သွားခဲ့ကာ အရှေ့မြောက်အာရှဒေသနိုင်ငံများနှင့် အရှေ့တောင်အာရှဒေသနိုင်ငံများအကြား ကြီးစွာသော ပညာရေးအဆင့်ကွာဟချက်တစ်ရပ် ဖြစ်ပေါ်စေခဲ့သည်။
၁၉၈ဝ ပြည့်နှစ်များနှင့် ၉ဝ ပြည့်နှစ်များအတွင်း အရှေ့တောင်အာရှနိုင်ငံအစိုးရများက ပညာရေးအခွင့်အလမ်းများကို တိုးချဲ့ဖြည့် ဆည်းရန် ကြိုးပမ်းလာကြပြီး အင်ဒိုနီးရှားနှင့်ထိုင်းအစိုးရတို့က ‘‘လူတိုင်း ကိုးနှစ် ပညာသင်ကြားရေး’’ မျှော်မှန်းချက်များ ချမှတ်လာခဲ့ ကြသည်။ ဤသို့ဖြင့် နိုင်ငံအသီးသီး၏ ပညာရေးအသုံးစရိတ်များ မြင့်တက်လာကာ ၁၉၈ဝ နှင့် ၂ဝဝဝ ပြည့်နှစ်များ အတွင်း အရှေ့တောင်အာရှဒေသတွင်း နိုင်ငံ အားလုံးနီးပါးပင် ပျမ်းမျှကျောင်းတက်နှစ်ပေါင်း မြင့် တက်လာခဲ့သည်။ သို့တိုင်အောင် တောင်ကိုရီးယားနှင့် ထိုင်ဝမ်နိုင်ငံတို့၏နှုန်းထားကို အမီမလိုက်နိုင်သေးပေ။ ၂ဝ၁ဝ ပြည့်နှစ် အဆုံးသတ်မည့်ဆယ်စုနှစ် အတွင်းတွင်မူ အရှေ့တောင်အာရှနိုင်ငံများ၏ ပညာရေးဆိုင်ရာ စွမ်းဆောင်မှုတိုးတက်နှုန်းနှေးကွေးသွားခဲ့ရပြီး အရှေ့မြောက် အာရှနိုင်ငံများနှင့် အလှမ်းကွာဟချက်ကို အမီလိုက်ရန်သာ၍ပင် ခဲယဉ်းလာခဲ့ရသည်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံ၏ပညာရေး အသုံးစရိတ်မှာ ၂ဝဝဝ ပြည့်နှစ်တွင် GDP ၏ ၅.၄ % အထိ အမြင့်ဆုံးသို့ ရောက်ရှိခဲ့ရာမှ ၂ဝ၁ဝ ပြည့်နှစ်တွင် ၃.၈ % အထိ လျော့ ကျလာခဲ့သည်။ ထိုနှစ်များအတွင်း GDP တိုးတက်နှုန်းကောင်းခဲ့သည့်တိုင် ပညာရေးစရိတ်မြင့်တက်မလာခဲ့ခြင်းပင်။ အလား တူဖြစ်စဉ်မျိုးကို အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများ၌ ပြီးခဲ့သည့်နှစ်ပေါင်းနှစ်ဆယ်ကာလအတွင်း ဖြစ်ပေါ်ခဲ့သည်ကို မြင်တွေ့ရသည်။
ပျမ်းမျှကျောင်းတက်နှစ်ပေါင်း လျော့ကျခြင်းက အရှေ့တောင်အာရှနိုင်ငံများ၏ အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်း အပ်နှုန်းထားကိုပါ လျော့ကျစေခဲ့သည်။ ၂ဝဝဝ ပြည့်နှစ်တွင် တောင်ကိုရီးယားနှင့် ထိုင်ဝမ်နိုင်ငံတို့၏ အလယ်တန်းအဆင့် ကျောင်းအပ်နှုန်း ထားမှာ ၁ဝဝ% အထိရောက်ရှိကာ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများထက် သိသာထင်ရှားစွာမြင့်မားခဲ့ သည့်အပြင် ဥရောပနိုင်ငံအများစုပါဝင်သော စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (Organization for Economic Co-operation and Development- OECD) ဝင် နိုင်ငံများ၏ နှုန်းထားထက်ပင် မြင့်မားခဲ့ရသည်။ အရှေ့တောင်အာရှဒေသတွင်းမှ စင်ကာပူတစ်နိုင်ငံသာ နိုင်ငံတကာစံနှုန်းကို အမီလိုက်နိုင်ခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ၏ အထက်တန်းပညာရေးအဆင့်၊ အကြမ်းဖျင်း ကျောင်းအပ်နှုန်းထား (Gross Enrollment Rate-GER) သည်လည်း ၁၉၇၃ ခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံများနှင့် ထူးမခြားနားသာရှိခဲ့ရာ မှ ၂ဝ၁ဝ ပြည့်နှစ်တွင် ၁ဝဝ % အထိ ရောက်ရှိလာခဲ့ သည်။ အရှေ့တောင်အာရှဒေသတွင်းမှ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့၏ GER နှုန်းထားများ မကြာသေးမီ နှစ်များအတွင်း မြင့်တက်လာခဲ့သော်လည်း ရေရှည် တည်တံ့ရန် လိုအပ်နေပါသေးသည်။
အထက်တန်းအဆင့်ပညာရေးဆိုင်ရာ အညွွှန်းကိန်းများ တိုးတက်မှုနှေးကွေးခြင်းက တစ်နိုင်ငံချင်း အခြေအနေမတူညီသော်လည်း အရှေ့တောင်အာရှနိုင်ငံများတွင် ကျွမ်းကျင်ဝန်ထမ်းပြတ်လပ်မှုကို ပေါ်ပေါက်စေခဲ့သည်။ ၂ဝ၁၂ ခုနှစ်ထုတ် ကမ္ဘာ့ဘဏ်အစီရင်ခံ စာတစ်ရပ်က ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတို့တွင် လုပ်သားဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းရန် ကျွမ်းကျင်လုပ်သား အလုံ အလောက်မရှိကြောင်း ဖော်ပြခဲ့သည်။ လိုအပ်ချက်နှင့်ဖြည့်ဆည်းနိုင်စွမ်း အရေအတွက်ကွာဟချက် (Quantity Gap) ကို အညွွှန်း ကိန်းများစွာတို့ဖြင့် ဖော်ထုတ် ပြသနိုင်သည်။ ထိုင်းနိုင်ငံတွင်လည်း အလားတူအရေ အတွက် ကွာဟချက်ရှိသည့်တိုင် ထိုင်းတို့ ၏လိုအပ်ချက်က အထက်တန်းပညာရေးသင်ကြားနိုင်မည့်အရွယ်ရောက်လူဦးရေ မလုံလောက်ခြင်းသာဖြစ်သည်။ အင်ဒိုနီးရှား နှင့်ဖိလစ်ပိုင်နိုင်ငံတို့တွင်မူ အချို့သောကဏ္ဍများ၌ အရေအတွက် ကွာဟမှုရှိကြောင်း တွေ့ရှိရသည်။ အင်ဒိုနီးရှားနိုင်ငံတွင် ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ဖိလစ်ပိုင်နိုင်ငံတွင် ဝန်ဆောင်မှုကဏ္ဍတို့၌သာ အရေအတွက် ကွာဟမှုမြင်တွေ့ကြရသည်။
၁.၂။ ပညာရေးအရည်အသွေး
ပညာရေးအရည်အသွေးကို အကဲဖြတ်သတ်မှတ်ရန် ခဲယဉ်းသော်လည်း အစိုးရက ကျောင်းသားတစ်ဦးချင်းအတွက် ကျခံသည့် ပညာရေးအသုံးစရိတ်ကို ဆန်းစစ် ကြည့်နိုင်ပါသည်။ ဤအချက်တွင်လည်း GDP မြင့်မားသည့်နိုင်ငံများဖြစ်ကြသော တောင်ကိုရီး ယားနှင့်ထိုင်ဝမ်နိုင်ငံတို့ကို အခြားသော အရှေ့တောင်အာရှနိုင်ငံများ အမီလိုက်နိုင်ရန် မလွယ်လှပါ။ အရှေ့တောင်အာရှနိုင်ငံများ က တောင်ကိုရီးယားနိုင်ငံကဲ့သို့ ကျောင်းသားတစ်ဦးချင်းအတွက် နိုင်ငံတော်မှ ကျခံသည့်ပညာရေးအသုံးစရိတ်ကို တိုးမြှင့်လာကြသော်လည်း မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ၂ဝဝဝ ပြည့် နှစ်များအတွင်း အဆိုပါနှုန်းထားများ လျော့ကျလာသည် ကို စိုးရိမ်ဖွယ်ရာ မြင်တွေ့လာရသည်။
ပညာရေးအရည်အသွေးကို မှန်းဆရာတွင် အထောက်အကူပြုနိုင်သည့် အခြားအချိုးတစ်ခုမှာ ကျောင်းသားနှင့်ဆရာအချိုးပင်ဖြစ် သည်။ အရှေ့တောင် အာရှနိုင်ငံအများစုမှာ ကျောင်းသားနှင့်ဆရာအချိုးကို ၂ဝ၁ဝ ပြည့်နှစ်တွင် ၂ဝ နှင့်အောက်သို့ လျှော့ချနိုင်ခဲ့ ကြသည်။ သို့ရာတွင် ကမ္ဘောဒီးယား၊ လာအိုနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှာ ၃ဝ အထက်တွင် ရှိမြဲဖြစ်ကာ အထူးသဖြင့် ကျောင်းသား/ ဆရာအချိုး ၄.၈ အထိ ရောက်ရှိနေသည့် ကမ္ဘောဒီးယားနိုင်ငံ၏အခြေအနေမှာ အဆိုးရွားဆုံးအနေအထားဖြစ်သည်။
မြန်မာနိုင်ငံ၏ မူလတန်းပညာရေးအဆင့် ကျောင်းသား/ဆရာအချိုးမှာ ၁၉၉၁ ခုနှစ်တွင် ၄၈ ရှိခဲ့ရာမှ ၁၉၉၉ ခုနှစ်တွင် ၃၁ သို့ ရောက်ရှိခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် ၂၈ သို့ ထပ်မံလျှော့ချလာနိုင်ခဲ့သည်။ အာရှ အရှေ့ဖျားနှင့် ပစိဖိတ်ဒေသစံနှုန်းမှာ ၁၈ ဖြစ်ပြီး ကမ္ဘာ့စံနှုန်းမှာ ၂၄ ဖြစ်ပါသည်။ နိုင်ငံဝင်ငွေဖြင့် ခွဲခြားကြည့်ရှုပါက ဝင်ငွေနိမ့်နိုင်ငံများတွင် စံနှုန်း ၄၃၊ ဝင်ငွေအလယ်အလတ် နိုင်ငံများတွင် ၂၄ နှင့် ဝင်ငွေမြင့်နိုင်ငံများတွင် ၁၄ အသီးသီးဖြစ်ကြသည်။
Program for International Student Assessment (PISA) ခေါ် နိုင်ငံတကာကျောင်းသားများ၏ ပညာရေးအရည်အသွေးအကဲဖြတ် မှုသည်လည်း ပညာရေးအရည်အသွေးကို နိုင်ငံတကာစံနှုန်းဖြင့် နှိုင်းယှဉ်နိုင်သည့် ဆန်းစစ်ချက်တစ်ရပ်ဖြစ်သည်။
PISA ၏ ၂ဝဝ၉ ခုနှစ်ထုတ် အစီရင်ခံစာတွင် အရှေ့တောင်အာရှနိုင်ငံသုံးနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၆၅ နိုင်ငံမှ ကျောင်းသားများ ၏ ပညာရေးအရည်အသွေး အကဲဖြတ်ဖော်ပြခဲ့ရာ အင်ဒိုနီးရှားနိုင်ငံက အဆင့် ၅၇၊ ထိုင်းနိုင်ငံက အဆင့် ၅ဝ ဖြင့် ဇယားအောက်ခြေတွင် ဖော်ပြထားသည်ကို တွေ့ရသည်။ သို့ရာတွင် စင်ကာပူနိုင်ငံကမူ OECD နိုင်ငံများ၏ ပျမ်းမျှရမှတ်ထက်ပင် ကျော်လွန်ကာ အဆင့် ၅ တွင် စာရင်းဝင်ခဲ့သည်ကို မြင်တွေ့ရသည်။
ပညာရေးအရည်အသွေးဆိုင်ရာ အညွွှန်းကိန်းများအား အနက်ကောက်ရာတွင် ဂရုပြုဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။ ကျောင်းသားတစ်ဦးချင်းအတွက် နိုင်ငံတော်က ကျခံသည့်ပညာရေးစရိတ်နိမ့်ပါးခြင်း ကျောင်းသား/ဆရာအချိုးမြင့်မားခြင်း မူလတန်းအဆင့်ထက် ကျော်လွန်တက်ရောက်သူနည်းပါးခြင်း၊ PISA အဆင့်နိမ့်ခြင်းစသည်တို့က ပညာရေးအရည်အသွေးအတွက် စိုးရိမ်ဖွယ်ရာဖြစ်သော်လည်း အဆိုပါအညွွှန်းကိန်းများတွင် စွမ်းဆောင်မှုမြင့်မားခြင်းက ပညာရေးအရည်အသွေးမြင့်မားသည်ဟု တစ်ထစ်ချမယူဆနိုင်ပါ။ အရေအတွက်ဖြင့် အကဲဖြတ်တွက်ချက်ဖော်ပြချက်များသည် ပညာရေးမူဝါဒပုံစံချရာ၌ ထည့်သွင်း စဉ်းစားရမည့် အထောက်အကူပြု၊ သတင်းအချက်အလက်များသာ ဖြစ်ပါသည်။
အောက်ခြေအဆင့်များတွင် ပညာရေးအရည်အသွေးနိမ့်ပါးခြင်းက အထက်တန်းနှင့် အဆင့်မြင့်ပညာရေး အဆင့်များသို့တိုင် ဂယက်ရိုက်ခတ်သည်မှာ အံ့အားသင့်စရာမဟုတ်ပါ။ အရှေ့တောင်အာရှဒေသတွင်းမှ တက္ကသိုလ်များ၏ နိုင်ငံတကာအဆင့်မှာ လွန်စွာနိမ့်ကျလှပြီး စင်ကာပူနိုင်ငံရှိ တက္ကသိုလ်နှစ်ခုသည်သာ Shanghai Jiao Tong University မှ ကောက်ခံပြုစုသော ကမ္ဘာ့ထိပ် တန်းတက္ကသိုလ် ၅ဝဝ စာရင်းတွင် ပါဝင်နိုင်ခဲ့ပါသည်။
၁.၃။ ပညာသင်ယူခွင့်
ပညာသင်ယူခွင့်နှင့်ပတ်သက်လာလျှင် တန်းတူညီမျှဖြစ်ရေးက အထူးပင်အရေးပါလှသည်။ ထိုအချက်ကို ဆန်းစစ်ရန်အတွက် အသက် ၁၇ နှစ်မှ ၂၂ နှစ် အတွင်း ပျမ်းမျှကျောင်းတက်နှစ်ပေါင်းကို အစုအဖွဲ့ အသီးသီးတွင် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။
အဆိုပါဆန်းစစ်ချက်အရ အရှေ့တောင်အာရှဒေသ နိုင်ငံအများအပြားသည် အမျိုးသားနှင့်အမျိုးသမီးများအကြား ပညာရေး ကွာဟချက်ကို ၂ဝဝဝ ပြည့်နှစ်ကျော် ကျော်ကာလများအတွင်း ထိထိရောက်ရောက်လျှော့ချနိုင်ခဲ့ကြသည်။ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် အမျိုးသမီးနှင့်အမျိုးသားများ၏ ပျမ်းမျှကျောင်းတက်နှစ်ပေါင်းအချိုးမှာ ‘၁’ ပတ် ဝန်းကျင်တွင် ရှိပေသည်။ ကမ္ဘောဒီးယားနှင့်လာအိုနိုင်ငံတို့တွင်မူ အစောပိုင်းကာလများ၌ အနည်းငယ်နိမ့်ကျခဲ့သော်လည်း ၂ဝဝ၅ ခုနှစ်လွန်ကာလများတွင် တိုးတက်လာကာ ကမ္ဘောဒီးယားနိုင်ငံ၌ ၂ဝ၁ဝ ပြည့်နှစ်တွင် ဝ.၉၇ နှင့် လာအိုနိုင်ငံ၌ ၂ဝဝ၆ ခုနှစ်တွင် ဝ.၉၂ အထိ တိုးတက်လာခဲ့ပေသည်။
အထက်တွင် ဆိုသကဲ့သို့ အရှေ့တောင်အာရှနိုင်ငံ အများစုသည် ကျား/မ မရွေး ပညာသင်ယူခွင့်တန်းတူ ရရှိရေးတွင် ချီးကျူးလောက်ဖွယ်ဖြစ်သော တိုးတက်မှုကို ဆောင်ကြဉ်းနိုင်ခဲ့သည့်တိုင် ကျေးလက်-မြို့ပြပညာ သင်ယူခွင့်အချိုးဖြင့် တိုင်းတာရာ၌ ကွာဟချက်များ ရှိနေဆဲဖြစ်သည်။ အထူးသဖြင့် လာအိုနိုင်ငံ၏အခြေအနေမှာ အထူးပင်ဆိုးရွားလှသည်။ ၂ဝဝဝ ပြည့်နှစ်အတွင်း လာအိုကျေးလက်ဒေသပြည်သူတို့၏ ပျမ်းမျှ ကျောင်းတက်နှစ်ပေါင်းမှာ မြို့ပြပြည်သူတို့၏နှုန်းထား ထက်ဝက်အောက်တွင်သာ ရှိသည်ကို တွေ့ရှိရသည်။ ၂ဝဝ၆ ခုနှစ်တွင် တိုးတက်မှုအချို့ ပြသခဲ့သော်လည်း မြို့ပြပြည်သူတို့၏ ပျမ်းမျှကျောင်းတက်နှစ်ပေါင်း ထက်များစွာ နိမ့်ကျဆဲဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံတွင်မူ ကျေးလက်-မြို့ပြ ကွာဟချက်များ အနည်းငယ်မျှသာ ရှိသည်။
ထိုင်းနိုင်ငံတွင် အစိုးရ၏ပညာရေးအသုံးစရိတ်ချထားပုံမှာ ပုံမှန်မဟုတ်ပါ။ အစိုးရက ချထားပေးသည့် တစ်ဦးချင်းပညာရေး အသုံးစရိတ်မှာ ချို့တဲ့သောပြည်နယ်များထက် ဝင်ငွေကောင်းပြည်နယ်များက ပို၍များပြားသည်။ မြို့တော်ဘန်ကောက်နှင့်အရှေ့ ပိုင်းဒေသများအတွက် အသုံးစရိတ်ရန်ပုံငွေက အရှေ့မြောက်ဒေသများထက်ပို၍ များပြားသည်။ ပညာရေးထောက်ပံ့စရိတ်အရ နည်းသော အရှေ့မြောက်ဒေသမှ ကျောင်းသားအနည်းငယ်မျှသာ အဆင့်မြင့်ပညာသင်ကြားခွင့်အဆုံးအဖြတ်ပြုမည့် နိုင်ငံတော်အဆင့်စာမေးပွဲများတွင် အဆင့် ကောင်းများဖြင့် အောင်မြင်ကြလေသည်။
ပညာသင်ယူခွင့်အပေါ် လွွှမ်းမိုးသော အခြားအချက်တစ်ရပ်မှာ စီးပွားရေးအကျပ်အတည်းကျရောက်ခြင်းပင် ဖြစ်သည်။ Asian Crisis ဟု ခေါ်ဆိုသည်။ အာရှနိုင်ငံများ စီးပွားရေးအကျပ်အတည်းကျရောက် သည့် ၁၉၉ရ ခုနှစ်အတွင်း ငွေကြေးတတ်နိုင်သည့် မိသားစုများက မတတ်နိုင်သည့်မိသားစုများထက် ပညာ သင်ယူခွင့်အခက်အခဲကို ပြေလည်အောင်ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိခဲ့ကြသည်။ ဤသို့ဖြင့် ငွေကြေးမတတ်နိုင်သော မိသားစုတို့က ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းအပ်နှံရေးနှင့်ပညာရေးအသုံးစရိတ် တို့ကို လျှော့ချလာခဲ့ကြတော့သည်။ ထိုမှတစ်ဆင့် လုပ်သားဈေးကွက်သို့တိုင် အကျိုးဆက်ရိုက်ခတ်ခဲ့ပြီး အရွယ်ရောက်လူတစ်ဦး၏ ဝင်ငွေနှုန်းထား လျော့ကျမှုကိုလည်း ဖြစ်ပေါ်စေခဲ့သည်။
ကိန်းဂဏန်းအရေအတွက်များဖြင့် ပြဆိုသည့် အညွွှန်းကိန်းများက အရှေ့တောင်အာရှဒေသတွင်းနိုင်ငံအများစု၏ ပညာရေး အဆင့်အသီးသီးတွင် နိမ့်ကျနေမှုကို ဖုံးအုပ်ထားပေးသကဲ့သို့ရှိပြီး နောက်ဆုံးဆယ်နှစ်တာကာလအတွင်း ထိရောက်သော ပညာရေးအရည်အသွေး မြင့်တက်မှုမရှိခဲ့ပါ။ လာအို၊ မြန်မာနှင့်ကမ္ဘောဒီးယား အစရှိသော ဝင်ငွေနိမ့်နိုင်ငံများသည် ပညာသင်ယူခွင့်နှင့် ပညာရေးအရည်အသွေးကဏ္ဍများတွင် များစွာနောက်ကျကျန်ရစ်လျက်ရှိပြီး ထိုင်ဝမ်နှင့်တောင်ကိုရီးယားနိုင်ငံတို့၏ စံနှုန်းမျိုးကို အမီလိုက်ရန် များစွာကြိုးပမ်းရပေဦးမည်။
အရှေ့တောင်အာရှဒေသနိုင်ငံများနှင့် တစ်ချိန်က တန်းတူအဆင့်တွင်သာရှိခဲ့သော ထိုင်ဝမ်နှင့်တောင်ကိုရီးယား စသည့် အရှေ့မြောက်အာရှနိုင်ငံများ၏စံနှုန်းကို အမီလိုက်လိုသည်ဆိုပါက သက်ဆိုင်ရာအစိုးရတို့ကမှန်ကန်သောပညာရေးမူဝါဒများ ချမှတ်ကာ ပြည့်စုံလုံ လောက်သော ပညာရေးကတိကဝတ်များ ချမှတ်ပေးအပ်ရမည် ဖြစ်သည်။ သို့မှသာလျှင် အရှေ့တောင်အာရှနိုင်ငံများ သည် ယင်းတို့၏ ကျွမ်းကျင်ဝန်ထမ်းမွေးထုတ်မှုကို အချိန်တိုအတွင်း တိုးတက်လာစေမည့်အပြင် ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့် များကိုလည်း ခံစားရရှိနိုင်မည် ဖြစ်သည်။
၂။ တိုးတက်မှု၊ ကမ္ဘာပြုခြင်းနှင့် ကျွမ်းကျင်မှုတောင်းခံချက်
ကမ္ဘာ့စီးပွားရေးသည် ၁၉၆ဝ ပြည့်နှစ်များအတွင်း ကတည်းကပင် သိသာထင်ရှားစွာ ပြောင်းလဲတိုးတက်လာသည်။ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က စီးပွားရေးအင်အားကြီးနိုင်ငံများအဖြစ် ထွက်ပေါ်လာခြင်းမှာ နိုင်ငံတကာစီးပွားရေးနယ်ပယ်တွင် ဆိုစမှတ်ပြုလောက်သော ပြောင်းလဲမှုတစ်ရပ် ဖြစ်သည်။
အရှေ့တောင်အာရှဒေသနိုင်ငံအားလုံးက တရုတ်ပြည်ဗဟိုပြုနိုင်ငံတကာထုတ်လုပ်ရေး ကွန်ရက်တွင်းသို့ တိုးဝင်သွားကြသည်။ ဤနည်းဖြင့် ယင်းနိုင်ငံတို့၏ နိုင်ငံတကာကုန်သွယ်မှုလားရာ ထုတ်လုပ်ရေးလုပ်ငန်း အဆောက်အအုံနှင့်ထုတ်လုပ်မှုပမာဏတို့ တွင်အရေးပါ သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေခဲ့သည်။ တရုတ်ပြည်နှင့် စီးပွားရေးအသားကျစေရန် ပြန်လည်ဦးတည် လာခြင်းက သက်ရောက်မှုသုံးရပ် ဖြစ်ပေါ်စေခဲ့သည်။ပထမသက်ရောက်မှုမှာ လုပ်သားအင်အားအခြေပြုထုတ်လုပ်ရေးလုပ်ငန်း ရှင်များသည် ချမ်းသာသည့်နိုင်ငံများမှ လုပ်ငန်းရှင်များအလား ပြင်းထန်သော ပြိုင်ဆိုင်မှုဖိအားများ သက်ရောက်ခံရခြင်းပင် ဖြစ်သည်။ ဒုတိယသက်ရောက်မှုမှာ ကမ္ဘာ့ဈေးကွက် မတည်မငြိမ် လှုပ်ခတ်မှု ဖြစ်စေသည့်တိုင် သဘာဝအရင်းအမြစ် ပြည်ပတင်ပို့ ရောင်းချသူများက ကုန်ဈေးနှုန်းမြင့်တက်မှုအပေါ် မိန်းမောသာယာလာခြင်း ဖြစ်သည်။ တတိယသက်ရောက်မှုမှာ ကျွမ်းကျင်မှုအခြေပြုထုတ်လုပ်ရေးလုပ်ငန်းရှင်များက တစ်စိတ်တစ်ပိုင်း ကုန်ချောပစ္စည်းများထုတ်လုပ်၍ တရုတ်ပြည်နှင့်ကုန်သွယ်ဘက်အဖြစ် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေတွေ့ရှိသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါအပြောင်းအလဲများက နိုင်ငံတစ်ရပ်ချင်းစီ၏ စီးပွားရေးအခြေအနေတို့အပေါ်သို့ ကွဲပြားစွာအကျိုးသက်ရောက်ခဲ့ကြသည်။ ပထမသက်ရောက်မှုအရ လုပ်သားအင်အားအခြေပြုထုတ်လုပ်ရေးလုပ်ငန်းပုံစံမှ ကျွမ်းကျင်မှုအခြေပြုထုတ်လုပ်ရေးလုပ်ငန်းပုံစံ သို့ ကူးပြောင်းလာကြသည်။
ဒုတိယသက်ရောက်မှုအရ နိုင်ငံတကာသဘာဝ အရင်းအမြစ်ထုတ်ကုန်ဈေးကွက်၌ တရုတ်ပြည်၏တွန်းအားပေးမောင်းနှင်မှုကို အထင်အရှားမြင်တွေ့ရသည်။ တရုတ်ပြည်သည် ယခုအခါ ကမ္ဘာပေါ်တွင် အကြီးဆုံးသော အဓိကတွင်းထွက်သတ္တုသုံးစွဲသည့်နိုင်ငံ ဖြစ်လာခဲ့ပေပြီ။
ဤသို့ဖြင့် တရုတ်ပြည်သည် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများ၏ ထုတ်ကုန်တင်ပို့ရာ အဓိကနိုင်ငံ ဖြစ်လာခဲ့ပြီး တရုတ်ပြည် သို့ သဘာဝအရင်းအမြစ်တင်ပို့ မှုသည်လည်း ထူးကဲစွာမြင့်တက်လာခဲ့သည်။ သဘာဝသယံဇာတအရင်းအမြစ် ထုတ်ကုန်တင်ပို့ ခြင်းလုပ်ငန်း စန်းထလာခြင်းက အခြားသောကုန်သွယ်ရေးလုပ်ငန်းများအပေါ် ဆိုးကျိုးသက်ရောက်စေသည်။ သယံဇာတ တင်ပို့မှုလုပ်ငန်း အားကောင်းလာသည့်တွင် ငွေကြေးလဲလှယ်နှုန်းကွာဟမှုနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်သုံးစွဲခြင်း အကျိုး သက်ရောက်မှုအပေါ်အခြေခံသော အခြားစီးပွားရေးလုပ်ငန်းများ အခက်တွေ့စေခဲ့သည်။ ဤဖြစ်ရပ်ကို အင်ဒိုနီးရှားနိုင်ငံတွင် ထင်ရှားစွာမြင်တွေ့ ရသည်။
ထုတ်လုပ်ရေးလုပ်ငန်းများ တိုးတက်မှုကျဆင်းလာခြင်းက ကျွမ်းကျင်လုပ်သားတောင်းခံမှုကို လျော့ကျလာစေသည်။ ထို့အပြင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုထည့်ဝင်ပုံ အပြောင်းအလဲက ဆောက်လုပ်ရေးလုပ်ငန်းနှင့် အခြား ဝန်ဆောင်မှုလုပ်ငန်းကဲ့သို့သော ကုန်သွယ်ရေးလုပ်ငန်းမဟုတ်သည့် ကျွမ်းကျင်မှုနိမ့်လုပ်ငန်းများတွင် ဈေးနှုန်းမြင့်တက်ခြင်း ဖြစ်လာစေခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံများ၏ လူသားအရင်းအမြစ်ဈေးကွက်များပေါ်သို့ တရုတ်နိုင်ငံ၏ တိုးတက်မှုနှင့် ဂလိုဘယ်လိုက်ဇေးရှင်းခေါ် ကမ္ဘာပြုမှုတို့၏ သက်ရောက်မှုများ ပို၍သိမ်မွေ့သည်။ ဤသည်ပင် တတိယမြောက်သက်ရောက်မှုဖြစ်သည်။ နိုင်ငံတကာကုန်သွယ်မှုစရိတ်များနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ ကျဆင်းလာသည်နှင့်အမျှ စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်သောလုပ်ငန်းရှင်တို့က လုပ်ငန်းအဆင်ပြေမည့်နေရာဒေသများတွင် စက်ရုံလုပ်ငန်းများ၊ တည်ထောင်ထုတ်လုပ်ပြီး တရုတ်ပြည်သို့ တင်ပို့ခြင်း၊ အခြားသောလုပ်ခနှုန်းထား သက်သာသည့် နေရာဒေသများတွင် အပြီး သတ်တပ်ဆင်ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်းတို့ကို ဆောင် ရွက်လာကြသည်။ ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ် စသည့် ငွေကြေးကြွယ်ဝသော အရှေ့မြောက်အာရှနိုင်ငံ များနှင့် စင်ကာပူနိုင်ငံတို့က ထိုလုပ်ငန်းပုံစံအသစ်တွင် ဦးဆောင်နိုင်ငံများဖြစ်လာကြသည်။ ဝင်ငွေအလယ်အလတ်နိုင်ငံများ၌ အထက်ပိုင်းတွင် စာရင်းဝင်သည့် မလေးရှားနှင့်ထိုင်းနိုင်ငံတို့က ကျွမ်းကျင်မှုအခြေပြုထုတ်လုပ်ရေးလုပ်ငန်းထွက်ကုန်များဖြစ်သော အီလက်ထရွန်းနစ်နှင့်စက်ပစ္စည်းအစိတ်အပိုင်းများကို တရုတ်ပြည်တွင်အပြီး သတ်တပ်ဆင်ရန် တင်သွင်းရောင်းချလာကြ သည်။ တရုတ်တို့၏ စက်ရုံများ တိုးပွားလာသည်နှင့်အမျှ ထိုနိုင်ငံများမှ သွင်းကုန်များကို ပိုမိုဝယ်ယူလာကြသည်။ တရုတ်စီးပွားရေး ဆက်လက်အားကောင်းကျယ်ပြန့်လာသည်နှင့်အမျှ လုပ်သားအခြေပြုတပ်ဆင်ရေးလုပ်ငန်းရှင်များ ပိုမိုနှစ်သက်သော နေရာကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်မည်ဖြစ်ရာ ကျွမ်းကျင်မှုအခြေပြုလုပ်ငန်းများဖြင့် တစ်စိတ်တစ်ပိုင်းကုန်ချောများ ထုတ်လုပ် ရောင်းချနေသည့်နိုင်ငံများအတွက် နေရာကောင်းတစ်ခု ကို ဆက်လက်ဆုပ်ကိုင်ထားနိုင်မည်ဖြစ်သည်။
၃။ လူသားအရင်းအမြစ်မူဝါဒ
လူသားအရင်းအမြစ်တန်ဖိုးသည် အလယ်အလတ် ဝင်ငွေနှင့် ဝင်ငွေနိမ့်စီးပွားရေးလုပ်ငန်းများတွင် တွေ့မြင်ရခဲသောအချက်ဖြစ် သည်နှင့်အညီ ထောက်ပံ့ရေးအကန့်အသတ်များကို ဖြေရှင်းခြင်းနှင့် ပညာသင်ယူခွင့် တိုးပွားစေရန် ဆောင်ရွက်ခြင်းတို့သည် ပညာရေးနှင့်ပညာရေးမူဝါဒများကို လေ့လာဆန်းစစ်သောစစ်တမ်းအများစု၌ အဓိကကျသောစိုးရိမ်မှုများဖြစ်လာကြသည်။
၃.၁။ အရှေ့တောင်အာရှနိုင်ငံများ၏ပညာရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှု
၂ဝဝဝ ပြည့်နှစ်များအတွင်း၌ မလေးရှားနိုင်ငံမှအပ ဖြစ်သော အရှေ့တောင်အာရှနိုင်ငံများ၏ GNP(Gross National Product) အပေါ်တွင် တွက်ချက်သည့်အစိုးရ ပညာရေးအသုံးစရိတ်သည် အခြားသောဖွံ့ဖြိုးတိုးတက် ဆဲနိုင်ငံများနှင့်နှိုင်းစာပါက ပျမ်းမျှအောက်တွင်သာရှိသည်ကို တွေ့ရသည်။ ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် ၁၉၉၉ မှ ၂ဝ၁ဝ ပြည့်နှစ်အတွင်း အစိုးရပညာရေး အသုံးစရိတ်ခွင့်ပြုငွေမှာ GDP ရာခိုင်နှုန်းအားဖြင့် ကျဆင်းသွားခဲ့သည်။ အင်ဒိုနီးရှား၊ ထိုင်းနှင့်ဖိလစ်ပိုင် နိုင်ငံတို့၏ နှစ်စဉ်ပျမ်းမျှ အသုံးစရိတ်တိုးတက်မှုမှာ စိတ်ပျက်ဖွယ်ကောင်းလောက်အောင်ပင်ကျဆင်းခဲ့သည်။
မလေးရှားနိုင်ငံကမူ ပညာရေးအသုံးစရိတ်ကို GNP ၏ ၅% အထိ ဆယ်စုနှစ်များစွာ တည်မြဲစေရန် ထိန်းသိမ်းထားနိုင်ခဲ့သည်။ မလေးရှားနိုင်ငံ၏ ပညာရေးအသုံးစရိတ်မှာ ဝင်ငွေအလယ်အလတ်နိုင်ငံများ၏ ပျမ်းမျှပညာရေးအသုံးစရိတ်အထက်တွင်ရှိသည်။ ဤသည်မှာ ပညာရေးကို စီးပွားရေး၊ လူမှုရေးမူဝါဒများ အဖြစ်မယူဆဘဲ ‘‘ကွဲပြားခြားနားသော လူမျိုးစုအစု အဖွဲ့များကို ပညာရေးဖြင့် ပေါင်းစည်းညီညွတ်စေရ မည်’’ဟူသော မလေးရှားအစိုးရ၏ မူဝါဒကြောင့်ဖြစ် သည်ဟုလည်း ဆိုနိုင်ပါသည်။
ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ကလည်း ယင်းတို့၏ လူသားအရင်းအမြစ်ရင်းနှီးမြှုပ်နှံမှုများကို ၂ဝဝဝ ပြည့်နှစ်များအတွင်း၌ ထူးခြားစွာမြင့်မားစေခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ထိုနှစ်နိုင်ငံ၏ တစ်ဦးချင်းပညာရေး အသုံးစရိတ်မှာ နိမ့်ပါးလှသော်လည်း ၂ဝ၁ဝ ခုနှစ်တွင် ဝင်ငွေနိမ့်နိုင်ငံများ၏ ပျမ်းမျှနှုန်းထားကို ပြည့်မီလာခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် GNP ၏ ၁% ကိုသာ သုံးစွဲခဲ့ ရာမှ ၂ဝ၁ဝ ပြည့်နှစ်တွင် GDP ၏ ၃% အထိ တိုးတက် သုံးစွဲလာခဲ့ခြင်းအကျိုးပင်ဖြစ်သည်။ ထိုနှစ်များအတွင်း စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ခဲ့ခြင်းကလည်း အထောက် အကူဖြစ်စေခဲ့သည်။ အကျိုးဆက်ရလဒ်မှာ ၁၉၉၉ မှ ၂ဝဝဝ ပြည့်ထိကာလအတွင်း အစိုးရပညာ ရေးအသုံးစရိတ်ခွင့်ပြုရန်ပုံငွေတိုးတက်မြင့်မားလာခဲ့ ခြင်းပင်။ သို့တိုင်အောင် ထိုနှစ်နိုင်ငံ၏ ပညာရေးအသုံး စရိတ်မှာ အလွန်နိမ့်ကျသောအနေအထားမှ စတင်လာရ ခြင်းဖြစ်သဖြင့် အခြားသောအရှေ့တောင်အာရှနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ကွာဟချက်ကြီးမားနေဆဲဖြစ်သည်။
ဗီယက်နမ်နိုင်ငံသည်လည်း ၁၉၉၈ ခုနှစ်တွင် အစိုးရပညာရေးအသုံးစရိတ်မှာ GDP ၏ ၃.၅% သာရှိ ခဲ့ရာမှ ၂ဝ၁ဝ ပြည့်နှစ်တွင် ၅.၅% အထိ တိုးမြှင့်ခဲ့ သည်။ အင်ဒိုနီးရှားနိုင်ငံတွင်မူ ၂ဝဝ၂ ခုနှစ် အခြေခံ ဥပဒေပြင်ဆင်ချက်အရ ဒေသအစိုးရအသီးသီးသည် ယင်းတို့၏အသုံးစရိတ် စုစုပေါင်းမှ ၂ဝ% ထက်မနည်းကို ပညာရေးအသုံးစရိတ်အဖြစ် လျာထားသုံးစွဲရမည်ဖြစ်သည်။
၂ဝဝဝ ပြည့်နှစ်များအတွင်း စင်ကာပူနိုင်ငံ၏ ပညာရေးအသုံးစရိတ်မှာ GDP ၏ ၃% ဝန်းကျင်တွင်သာရှိသော်လည်း မြင့်မားသော GDP တိုးနှုန်းက စင်ကာပူအစိုးရ၏တစ်ဦးချင်းပညာရေးအသုံးစရိတ်ကိုကမ္ဘာ့ပျမ်းမျှ နှုန်းထားထက်ပင် မြင့်မားစေခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် တစ်ဦးချင်းပညာရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၇၃၈ ဒေါ်လာသာရှိခဲ့ရာမှ ၂ဝ၁ဝ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁,၃ဝ၁ ဒေါ်လာအထိ မြှင့်တင်နိုင်ခဲ့သည်။
အချုပ်ဆိုရသော် အရှေ့တောင်အာရှဒေသနိုင်ငံများ၏ ပညာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုမှာ နိမ့်ကျသော အနေအထားမှ လွန်မြောက်လာခဲ့ပြီဖြစ်သော်လည်း အရှေ့မြောက်အာရှဒေသနိုင်ငံများနောက်တွင် အလှမ်းကွာဝေးနေဆဲဖြစ်ပါသည်။ အရှေ့တောင် အာရှဒေသ နိုင်ငံများအနေဖြင့် အရေအတွက်ရော၊ အရည်အချင်းပါ ပြည့်ဝသည့်ပညာတတ်လုပ်သားများ မွေးထုတ်နိုင်ရေး တွန်းအားပေးဆောင်ရွက်သည့်တိုင် အောင်မြင်သောလူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုတစ်ရပ် ရရှိရေးအဟန့်အတားဖြစ်စေမည့် အခြားသောအချက်များလည်း ကျန်ရှိနေပါသေးသည်။ ယင်းတို့မှာ လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်မှုနှင့်တိုက်ရိုက် မဟုတ်သော်လည်း သွယ်ဝိုက်ပတ်သက်နေသည့်အပြင် ဩဇာလွွှမ်းမိုးမှုအားကောင်းသော စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဝါဒများပင် ဖြစ်ပါသည်။
နိဂုံး
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် လူသားအရင်း အမြစ်အခန်းကဏ္ဍ၏ကြီးမားသော ဂယက်ရိုက်ခတ်မှုများနှင့်အတူ ကမ္ဘာ့စီးပွားရေးသည် ထူးခြားထင်ရှားစွာ ပြောင်းလဲခဲ့ပြီးဖြစ်ပါသည်။ အရှေ့တောင်အာရှဒေသနိုင်ငံများအနေဖြင့် မည်သည့်ဖွံ့ဖြိုးတိုးတက်မှု အဆင့်တွင် ရောက်ရှိနေသည်ဖြစ်စေ လူသားအရင်းအမြစ် အခြေခံဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးမသွားစေသင့်ပါ။ ဒေသတွင်း အတိုးတက်ဆုံးသောစီးပွားရေးနိုင်ငံဖြစ်သည့် စင်ကာပူနိုင်ငံအနေဖြင့် ယင်း၏ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုများကို ဆက်လက်ဆောင်ရွက်ရင်းဖြင့် အခြားသောနည်းပညာ ဦးဆောင်အာရှနိုင်ငံများဖြစ်ကြသည့် ဂျပန်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ဟောင်ကောင်တို့နှင့် အမီလိုက်ယှဉ် ပြိုင်နိုင်ရန်လိုအပ်ပါသည်။
ဝင်ငွေအလယ်အလတ်နိုင်ငံများစာရင်းတွင် အထက်ပိုင်း၌ နေရာယူထားကြသော မလေးရှားနှင့်ထိုင်းနိုင်ငံတို့သည် လူသားအရင်း အမြစ်ရင်းနှီးမြှုပ်နှံမှုကို အားသွန်ခွန်စိုက်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ယင်းတို့သည် တရုတ်ပြည်နှင့် လုပ်ငန်းတွဲဖက်လုပ်ကိုင် နိုင်သည့်အလျောက် နည်းပညာအဆင့်မြင့်ရန် ကြိုးစားခြင်းဖြင့် စက်မှုလုပ်ငန်းဦးဆောင်နိုင်ငံများဖြစ်အောင် ကြိုးစားရမည်ဖြစ် သည့်အပြင် အလယ်အလတ်ဝင်ငွေ ထောင်ချောက်တွင် မပိတ်မိစေရန်လည်း ကြိုးပမ်းရှောင်ကွင်းရမည်ဖြစ်သည်။
ဂလိုဘယ်လိုက်ဇေးရှင်းခေတ်သို့ နောက်ကျစွာ ဝင်ရောက်လာသော ဝင်ငွေနိမ့်နိုင်ငံများစာရင်းဝင် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီး ယား၊ မြန်မာတို့နှင့်အတူ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့အတွက်လည်း အလယ်အလတ်ဝင်ငွေထောင်ချောက်ခြိမ်းခြောက်မှုက ပို၍ ပြင်းထန်မည်ဖြစ်ပါသည်။ လုပ်သားအင်အားအခြေပြု ထုတ်လုပ်ရေးလုပ်ငန်းများ ပုံစံပြောင်းလဲလာခြင်းက ယင်းနိုင်ငံများအနေဖြင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းနိုင်ရေးတွင် ကျွမ်းကျင်မှုမရှိသော လုပ်သားပေါများ မှုအပေါ် ရေရှည်မှီခိုနေ၍ မဖြစ်နိုင်တော့ပါ။ ယင်းတို့အနေဖြင့် နိုင်ငံ၏ကိုယ်ပိုင် ထုတ်ကုန်များအတွက် နေရာကောင်းတစ်ခုကိုရှာဖွေခြင်း၊ သို့တည်းမဟုတ် မလေးရှားနှင့်ထိုင်းနိုင်ငံတို့ကဲ့သို့ တရုတ်ပြည်၏ တွဲဖက်အဖြစ် လုပ်ကိုင်နိုင်ရန် ကြိုးပမ်းခြင်းစသည် တို့ကို ဆောင်ရွက်ကြရမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကျွမ်းကျင်မှုအဆင့်မြှင့်တင်ရေးမှာ ယခင်အခါများကထက် ပိုမိုအရေးပါလာသည့် အလျောက် ဒေသတွင်းပေါင်းစည်းမှုများမှ အကျိုး အမြတ်ရရှိနိုင်ရန်အတွက် ကြားခံကုန်ပစ္စည်းများ အထူးပြုထုတ်လုပ်ရေးကို လျင်မြန်စွာဆောင် ရွက်နိုင်ရန် လိုအပ်ပါသည်။ သို့ဖြစ်၍ ယင်းနိုင်ငံများအနေဖြင့် ကျွမ်းကျင်ဝန်ထမ်းမွေးထုတ်ရေးအဟန့်အတားများကို မဖြစ်မနေဖြေရှင်းရမည်ဖြစ်သည်။ ထိုသို့ဖြေရှင်းနိုင်ခြင်းဖြင့် သယံဇာတကျိန်စာသင့်ခြင်းမှလည်း ကင်းဝေးစေမည် ဖြစ်သည်။
ကျွမ်းကျင်လုပ်သားစုအရေးပါပုံကို အသိအမှတ်ပြု လာသော အရှေ့တောင်အာရှနိုင်ငံအများအပြားက မူလတန်းနှင့်အလယ်တန်း ပညာရေးအဆင့်များတွင် ပညာသင်ယူခွင့်ပိုမိုကျယ်ပြန့်လာစေရန်ဆောင်ရွက်ခြင်း၊ ပျမ်းမျှကျောင်းတက်နှစ်ပေါင်းနှုန်းထားမြင့်မားစေရန်ဆောင်ရွက်ခြင်း စသဖြင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များကို အရှိန်အဟုန်မြှင့် တင်ဆောင်ရွက်လာခဲ့ကြသည်။ သို့ရာတွင် အထက်တန်းပညာရေးအဆင့်အညွွှန်းကိန်းများ တိုးတက် ရေး၊ ပညာရေးအရည်အသွေးမြှင့်တင်ရေးနှင့် ပညာသင်ယူခွင့် မညီမျှမှုလျှော့ချရေးတို့တွင် ကောင်းစွာဆောင်ရွက်နိုင်ခြင်းမရှိသေးသည်ကိုမြင်တွေ့ရ သည်။ မည်သည့်နည်းလမ်းများဖြင့် တိုင်းတာဆန်းစစ်စေကာမူ အရှေ့မြောက်အာရှဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုနောက်တွင် အလှမ်းကွာဝေးစွာ ကျန်ရစ်နေဆဲဖြစ်သည်။ အလယ်အလတ်ဝင်ငွေထောင်ချောက်တွင် ပိတ်မိမနေစေရန် ကျော်လွွှားနိုင်ရေးသည်လည်း အလှမ်းကွာနေဆဲဖြစ်ဟန် ရှိသည်။
အရှေ့တောင်အာရှဒေသနိုင်ငံများ၏ လူသားအရင်း အမြစ်ဆိုင်ရာမူဝါဒများအတွက် အကြံပြုပေးနိုင်သည်မှာ နိုင်ငံအစိုးရများအနေဖြင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာအားကောင်းသော ကတိကဝတ်များ ချမှတ်လုပ်ဆောင်ရန်ဖြစ် သည်။ အစိုးရပညာရေး အသုံးစရိတ်လျာထားချက်များကို တိုးမြှင့်သည့်ပုံစံဖြင့် ဆောင်ရွက်ခြင်းသည် ဦးတည်ချက်မှန်ကန်သော ပထမ ခြေလှမ်းပင်ဖြစ်သည်။ သို့ရာတွင် လူသားအရင်းအမြစ် တန်ဖိုးဖွံ့ဖြိုးရန်မှာ ပညာရေးအသုံးစရိတ် ပိုမိုသုံးစွဲရုံဖြင့် လုံလောက်ပြီဟုမဆိုနိုင်ပါ။ လုံလောက်သော ကျွမ်းကျင်မှုတောင်းခံချက်နှင့် မှန်ကန်သောအမျိုးအစားဖြစ်ရန်လည်း လိုအပ်လှပါ သည်။ အချို့သောနိုင်ငံများအနေဖြင့် ကျွမ်းကျင်မှုအခြေပြုထုတ်လုပ်ရေးလုပ်ငန်းများကို မြှင့်တင်ပေးမည့်မူဝါဒများ ချမှတ်ရန်နှင့် ကျွမ်းကျင်မှုဖြင့် လုပ်ကိုင်ရသောအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးရန်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အချို့ သောနိုင်ငံများတွင်မူ မူဝါဒသစ်များစွာ ချမှတ်နေမည့်အစား အဆင့်မြင့်ပညာရေး ရယူနိုင်မည့်မက်လုံးများ အားလျော့ပါးစေလျက်ရှိသော တည်ဆဲမူဝါဒအလွဲများ ဖယ်ရှားရေးကိုသာ ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။
ရာပြည့်
Reference:
Education in South East Asia: Investments Achievements and Returns.
(In preparation for Routledge Hand book of South East Asian Economics) by Diep Phan, Department of Economics, Beloit College and Ian Coxhead, Department of Agricultural and Applied Economics, University of Wisconsin-Madison. July 24, 2013.

Please follow and like us:
0