သား ရွှေအိုးထမ်းလာသည်ကို မြင်သည့်အဖြစ်မျိုးနှင့် မြေယာအရေး

စိုက်ပျိုးရေးကို အဓိကထားပါသည်ဟု ခံယူထားသော မြန်မာနိုင်ငံတွင် မြေယာပိုင်ဆိုင်မှု၊ မြေယာအသုံးချမှု တို့နှင့် သက်ဆိုင်သော အခက်အခဲများ၊ အငြင်းပွား မှုများ၊ ပြဿနာများ ရှိနေဆဲဖြစ်နေသည်မှာ မည်သို့မျှ မဆီလျော် ပေ။ ထိုသို့ဖြစ်ရ ခြင်းမှာ နိုင်ငံရေးအုပ်ချုပ်မှုစနစ်အမျိုးမျိုး ပြောင်းလဲခဲ့ခြင်းက အဓိကကျသော အကြောင်းရင်း ဖြစ်သည်ကို တွေ့ရပေမည်။ မြေယာပြုပြင်ပြောင်းလဲမှုများကို ကိုလိုနီ အလွန်ခေတ်မှစပြီး ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံရေးစနစ်အလိုက် အုပ်ချုပ်သူအာဏာ ရှိသူအလိုက် အမျိုးမျိုးပြောင်းလဲခဲ့သလောက် ရိုးရာဓလေ့မြေယာစီမံမှုမှာ လွန်စွာအားနည်းခဲ့ရသည်။ ထို့ကြောင့် ဓားမဦးချလုပ်ကိုင်သူများက မြေကို ထွန်ယက် စိုက်ပျိုးရန်သာ အာရုံထား နေချိန်တွင် မြေယာမှတ်ပုံတင်ခြင်း၊ အခွန်ပေးဆောင်ခြင်း များဖြင့် မြေယာပိုင်ဆိုင်မှုအတွက် တရားဝင်ဖြစ်အောင် လုပ်နည်းကိုသိသော အာဏာရှိ၊ ငွေကြေးရှိသူများက ထိုမြေယာကို တရားဝင်ပိုင်ဆိုင်သူမှာ သူတို့သာ ဖြစ်သည်ဟု အငြင်းပွားမှုများ အပါအဝင် အခြားသောမြေအခြေခံ မတရားမှုများစွာ ပေါ်ပေါက်ခဲ့၊ ပေါ်ပေါက်ဆဲ ဖြစ်တော့သည်။ တနည်းအားဖြင့် မြေယာကို မူလကပင်လုပ်ကိုင်ဆောင်ရွက်သူများကို အကာအကွယ်ပေးနိုင်သော မြေယာမူဝါဒ မရှိသရွေ့ တည်ဆဲ ဥပဒေ၏ အားသာချက်၊ အားနည်းချက်များနှင့်ပတ်သက်သည့် ဗဟုသုတနှင့်တကွ ငွေကြေး၊ အာဏာရှိသူများ၏ လက်တစ်လုံးခြားမတရားမှုများက အတောသတ်နိုင် ဦးမည် မဟုတ်ပါ။

တဖန် ယနေ့ကာလသည် အသွင်ကူးပြောင်းရေးကာလဖြစ်သည်နှင့်အညီ နိုင်ငံ၏အန္တိမပန်းတိုင်ဖြစ်သည့် ဖက်ဒရယ်စနစ်သို့ ကူးပြောင်းရောက်ရှိချိန်တွင် ယင်း စနစ်နှင့် လျော်ညီသည့် မြေယာမူဝါဒမျိုးကို ယခုကပင် စတင် ပျိုးထောင်ပြင်ဆင်သင့် သည်မှာလည်း ထင်ရှားပါသည်။ လတ်တလောအနေအထားတွင် ဖက်ဒရယ်စနစ်သို့ တော် လှန်ရေးအသွင်ဖြင့် ကူးပြောင်းရန် ခက်ခဲမည်ဖြစ်ပြီး တစစအသွင်ပြောင်းလဲခြင်း အသွင်ဖြင့်သာ ကူးပြောင်းသင့်မည် ဖြစ်ရာ မြေယာအရေးသည်လည်း ယင်းသို့ ကူးပြောင်းရမည် ဖြစ်ပါသည်။ ထို့ကြောင့် ရိုးရာဓလေ့မြေယာစီမံမှုနှင့် ခေတ်မီနိုင်ငံ တကာစံချိန်စံညွှန်းဖြင့် မြေယာစီမံမှုများကို နိုင်ငံ၏ပန်းတိုင်ဖြစ်သော ဒီမိုကရေစီဖက်ဒရယ်စနစ် အခင်း အကျင်းဆီ ဦးတည်ကာ ပြောင်းလဲသွားနိုင်ရေးမှာ အရေးကြီးသော အရွေ့တစ်ခုဖြစ်ပါမည်။

ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု၏ လိုအပ်ချက်အရ ဖွံ့ဖြိုးရေးစီမံကိန်းကြီးများအတွက် မြေယာလိုအပ်ချက်များ ရှိနေဦး မည်ဖြစ်ရာ ယင်းအတွက်လည်း ဌာနေတိုင်းရင်းသား မူလမြေယာလုပ်ကိုင်ဆောင်ရွက်သူများနှင့် အကျေအလည် ညှိနှိုင်းမှုက အရေးပါလှပေသည်။ ဒီမိုကရေစီ၏ သဘောတရားအရ လူထုအကျိုးအလို့ငှာ ဆောင်ရွက်ရာတွင် လူထု ကိုယ်တိုင်၏ အဆုံးအဖြတ်သဘောဆန္ဒပါဝင်ပြီးမှ လူထုကိုယ်စား လုပ်ကိုင်  ဆောင်ရွက်ခြင်းသည်သာ အဖြေဖြစ်ပါ သည်။ ထို့ကြောင့် မြေယာအရေး ဆုံးဖြတ် ဆောင်ရွက်ရာတွင်‘သားရွှေအိုးထမ်းလာသည်ကို မြင်ရ’သည့် ရလာဒ် မျိုးကို ဦးတည်နိုင်ပါမှ အဆင်ပြေမည် ဖြစ်ပေသည်။ တနည်းအားဖြင့် ဒီမိုကရေစီဖက်ဒရယ် စနစ်နှင့်အညီ ဓလေ့ထုံး တမ်းမြေယာ စီမံခန့်ခွဲမှုအရ ဌာနေတိုင်းရင်းသား မူလ လက်ဟောင်း မြေယာလုပ်ကိုင်သူများ၏ အရေးကိုလည်း ထည့်တွက်၊ နိုင်ငံဖွံ့ဖြိုး ရေးစီမံကိန်းများ၏ လိုအင်ကိုလည်း ဖြည့်ဆည်း၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် အညီ လည်း မူချပြင်ဆင်ဆိုသည့် နည်းလမ်းကို ကျင့်သုံးဆောင်ရွက်သင့် ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။

အယ်ဒီတာ