သတင်းအချက်အလက်ရပိုင်ခွင့်အပေါ်နိုင်ငံတကာစံနှုန်းများနှင့် ချိန်ညှိခြင်း

သတင်းအချက်အလက်ရရှိပိုင်ခွင့်ကို နိုင်ငံတကာတွင် လူ့ရပိုင်ခွင့်တစ်ရပ်အဖြစ် အသိအမှတ်ပြု ထားပြီးRight to Information (RtI) သို့မဟုတ် Access to Information (AtI) သို့မဟုတ် Right to Know အဖြစ်လည်း သတ်မှတ်သုံးနှုန်းကြပါသည်။ ယခုကဏ္ဍတွင် အပြည်ပြည်ဆိုင် ရာ လူ့ရပိုင်ခွင့်အရေးကြေညာစာတမ်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များနှင့် အပြည်ပြည် ဆိုင်ရာပြည်သူ့အရေးနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာသဘောတူစာချုပ်ပါ နိုင်ငံတကာစံနှုန်း များကို ဖော်ပြသွားမည်ဖြစ်သည်။

Universal Declaration of Human Rights UDHR အပြည်ပြည်ဆိုင်ရာလူ့ရပိုင်ခွင့်ကြေငြာစာတမ်း

အပိုဒ် ၁၉

လူတိုင်းတွင် လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာဖွင့်ဟ ဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်ပါဝင်သည့် အပြင်နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘော တရားများကို တစ်နည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှ ဖြန့်ချိခွင့်တို့လည်း ပါဝင်သည်။

Sustainable Development Goals စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များ

ပန်းတိုင် ၁၆(၁၀)

နိုင်ငံတကာဥပဒေနှင့် အပြည်ပြည်ဆိုင်ရာသဘော တူညီမှုများအရ သတင်းအချက်အလက် များကို ပြည်သူများရယူနိုင်ရေးနှင့် အခြေခံလွတ်လပ်ခွင့်များကာကွယ်ရေး-

(က) ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အကြမ်းဖက်မှုများ တားဆီးရေးနှင့် အကြမ်းဖက်မှုနှင့် ရာဇဝတ်မှု ကျူးလွန်သူများ တိုက်ဖျက်ရန်အတွက် အဆင့်တိုင်းတွင် အရည်အသွေးမြှင့်တင်မှု လုပ်ငန်းများ ကို နိုင်ငံတကာပူးပေါင်းပါဝင်မှု အပါအဝင် နိုင်ငံတော်အဆင့်အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် အားကောင်းလာစေရေး၊
(ခ) စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ခွဲခြားမှုမရှိသော ဥပဒေနှင့်ပေါ်လစီများ ထွက်ပေါ် လာရေးအတွက် တွန်းအားပေးရန်နှင့် တိုးမြင့်ခိုင်မာစေရေး၊

စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် အမှတ် ၁၆ (၁၀) အတွက် ညွှန်းကိန်း ၁၆(၁၀)(၂)

စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် ၁၆(၁၀)နှင့် ပတ်သက်၍ သတင်းအချက်အလက်ရပိုင်ခွင့်ညွှန်း ကိန်း ၁၆(၁၀)(၂)ကို အောက်ပါအတိုင်းတွေ့ရသည်။ ‘နိုင်ငံပေါင်းမည်ရွေ့မည်မျှက ယင်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်များနှင့် မူဝါဒဆိုင် ရာ အာမခံချက်များတွင် အများပြည်သူလူ ထုအနေဖြင့် သတင်းအချက်အလက်များအား လက်လှမ်းမီရေးအတွက် ထည့်သွင်းဆောင်ရွက် အကောင်အထည်ဖော်နေသနည်း’ဟု ဖြစ်သည်။

International Covenant on Civil and Political Rights – ICCPR အပြည်ပြည်ဆိုင်ရာ ပြည်သူ့အရေးနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်

အပိုဒ် ၁၉

၁။ လူသားတိုင်းသည် မည်သည့် စွက်ဖက်မှုမျှ မပါဘဲ မိမိတို့၏ အတွေးအခေါ်အယူအဆကို လွတ်လပ်စွာစွဲ ကိုင်ပိုင်ခွင့်ရှိသည်။
၂။ လူတိုင်းလွတ်လပ်စွာ ပြောဆိုရေးသား ဖော်ပြပိုင် ခွင့်ရှိသည်။ ဤအခွင့်အရေးတွင်လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ နယ်နိမိတ်ပိုင်းခြားကျော်လွန်၍ နှုတ်ဖြင့်ဖြစ်စေ၊ စာရေးသား၍ဖြစ်စေ၊ ပုံနှိပ်၍ ဖြစ်စေ၊ အနုပညာတစ်မျိုးမျိုး ဖြင့်ဖြစ်စေ အမျိုးမျိုးသော သတင်းအချက်အလက်၊ အတွေးအခေါ် အယူအဆများကို လွတ်လပ်စွာဖြန့်ချိပိုင်ခွင့် နှင့် လွတ်လပ်စွာလက်ခံပိုင်ခွင့်တို့ပါဝင်သည်။
၃။ ဤအပိုဒ်၏ အပိုဒ် (၂) ပါ အခွင့်အရေးများကို ကျင့်သုံးရာတွင် အထူးစောင့်ရှောက်ရမည့် တာဝန်နှင့်ဝတ္တရားများ ရှိသည်။
ထိုကြောင့် ဤအခွင့်အရေးများအပေါ် ကန့်သတ်ချက်တစ်စုံတစ်ရာရှိနိုင်သည်။ သို့သော် ဤကန့်သတ်ချက်များ သည် ဥပဒေနှင့်အညီလုပ်ဆောင်ပြီး လိုအပ်ချက်အရဖြစ်မည်။
(က) အခြားသူများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကိုလေးစားရန်၊
(ခ) နိုင်ငံတော်လုံခြုံရေး သို့မဟုတ် တရားဥပဒေစိုးမိုးရေး သို့မဟုတ် လူထုကျန်းမာရေးနှင့် စာရိတ္တတို့ကို ကာကွယ်ရန်၊
(မှတ်ချက်။ ။ မြန်မာနိုင်ငံသည် ICCPR ကို လက်ရှိအချိန်အထိ လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ)
အထက်ပါသတင်းအချက်အလက်ရပိုင်ခွင့်နှင့် နိုင်ငံတကာစံနှုန်းများနှင့်ပတ်သက်သော အချက်အလက်များကို PEN Myanmar, Myanmar ICT for Development Organization-MIDO, Independent Lawyers’ Association Myanmar, Pyi Gyi Khin- PGK တို့ ပူးပေါင်းပြီး လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သက်ဆိုင်သော တည်ဆဲဥပဒေများ၏ မူဝါဒရေးရာ၊ ဥပဒေရေးရာ ကန့်သတ်ချက်များ၊ လက်တွေ့ဆောင်ရွက်ရာ တွင် တွေ့ကြုံရသော အခက်အခဲများအပြင် ဒီမိုကရေစီသို့ ဦးတည်နေသော နိုင်ငံတစ်နိုင်ငံတွင် ရှိသင့်သည့် လွတ်လပ်စွာရေးသားထုတ်ဖော် ပြောဆိုခွင့်နှင့် သက်ဆိုင်သော သတင်းအချက် အလက်ရပိုင်ခွင့် (Right to Information -RTI) အကြောင်းတို့ကို ပြုစုထားသည့် အစီရင်ခံစာ မှ ထုတ်နုတ်တင်ပြထားခြင်းဖြစ်သည်။ ထို့အတူ သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာ ဥပဒေ တစ်ရပ်ပေါ်ပေါက်ရေးနှင့် ပတ်သက်၍လည်း အကြံပြုချက်များကို အဆိုပါအစီရင်ခံစာတွင် အဆို ပါလေးဖွဲ့က တိုက်တွန်းထားသည်။