သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာဥပဒေ

နိုင်ငံအသီးသီးတွင် သတင်းအချက်အလက်ရရှိပိုင်ခွင့် ဥပဒေများကို အမည်အမျိုးမျိုးဖြင့် ပြဌာန်း ထားကြသည်။ ဥပမာအားဖြင့် ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့တွင် Freedom of Information Act အနေဖြင့်လည်းကောင်း၊ ကနေဒါနိုင်ငံတွင် Access to Information Act အနေဖြင့်လည်းကောင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ နှင့် သီရိလင်္ကာနိုင်ငံများတွင် Right to Information Act ဟူ၍ လည်းကောင်းအသီးသီး ခေါ်ဝေါ်ပြဌာန်းကြပါသည်။ အမည်နာမနှင့် လုပ်ထုံးလုပ်နည်းများ ကွဲပြားလျက်ရှိကြသော်လည်း ယူဆချက်မှာ အတူတူပင် ဖြစ်ပါသည်။ `ကမ္ဘာပေါ်တွင် ပထမဦးဆုံး သတင်းအချက်အလက်ရရှိပိုင်ခွင့်ဥပဒေကို ၁၇၆၆ ခုနှစ် (လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ ကျော်ခန့်ကတည်းက)တွင် ဆွီဒင်နိုင်ငံတွင် ပြဌာန်းခဲ့ပါသည်။ ယခုအချိန်အထိ ကမ္ဘာ့နိုင်ငံပေါင်း – ၁၁၈ နိုင်ငံတွင် သတင်း အချက်အလက်ရပိုင်ခွင့် ဥပဒေများပြဌာန်းပြီး ၄၆ နိုင်ငံတွင် သတင်းအချက်အလက် ရရှိပိုင်ခွင့် မူဝါဒ (သို့မဟုတ်) ဒီဂရီများ ချမှတ်ထားကာ ၃၁ နိုင်ငံတွင် ဥပဒေများ ပြဌာန်းရန် ရေးဆွဲလျက်ရှိပါသည်။` ယင်းနိုင်ငံများအနက်မှ နိုင်ငံပေါင်း ၉၀ ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတင်းအချက်အလက် ရရှိပိုင်ခွင့်ကို ပြည်သူများ၏ရပိုင်ခွင့်အဖြစ် ထည့်သွင်းရေးဆွဲထားကြပါသည်။ ကမ္ဘာ့လူဦးရေ၏ ၉၀% သော လူသားများသည် သတင်းအချက်အလက် ရရှိပိုင်ခွင့်ကို ခံစားနိုင်လျက်ရှိကြပါသည်။ သို့သော် ယင်း ၉၀% တွင် မြန်မာ နိုင်ငံအတွင်း ရှိပြည်သူလူထု မပါဝင်ပါ။ အိမ်နီးချင်းနှင့် ဒေသ တွင်းနိုင်ငံများဖြစ်သော ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့တီမောတို့တွင် ဥပဒေများပြဌာန်းပြီးဖြစ်ပါသည်။

မည်သည့်အတွက်ကြောင့် သတင်းအချက်အလက်ရရှိပိုင်ခွင့်
ဥပဒေလိုအပ်သနည်း

အမှန်တကယ် ကောင်းမွန်အားကောင်းသည့် သတင်းအချက်အလက်ရရှိပိုင်ခွင့် ဥပဒေရှိခြင်း သည် အဂတိမှုများကို ဖော်ထုတ်တားဆီးနိုင်သကဲ့သို့ ပြည်သူလူထုမှအမှန်ကို အမှန်အတိုင်း သိရှိလာရခြင်းဖြင့် အစိုးရနှင့် ပြည်သူလူထုအကြား ယုံကြည်မှုပိုမိုတည်ဆောက်လာနိုင်ပါမည်။ နိုင်ငံတကာပွင့်လင်းမြင်သာမှု စောင့်ကြည့်ရေးအဖွဲ့ (Transparency International) ၏ ၂၀၁၈ ခုနှစ် အဂတိလိုက်စားမှုရေချိန်ညွှန်းကိန်း (Corruption Perception Index 2018) တွင် မြန်မာနိုင်ငံသည် စစ်တမ်းကောက်ယူခဲ့ သော နိုင်ငံ ၁၈၀ နိုင်ငံအနက်အဆင့် ၁၃၂ တွင် ရှိပြီး အဂတိလိုက်စားမှုမြင့်မားသော နိုင်ငံတစ်ခုဖြစ် သတ်မှတ်ခံရပါသည်။ သတင်း အချက်အလက်ကို အများပြည်သူမှ သိရှိနိုင်ခြင်းဖြင့် အစိုးရမှဆောင်ရွက်လျက်ရှိသော အဂတိလိုက်စားမှု တိုက်ဖျက် ရေးများတွင် ထိရောက်စွာ ပါဝင်လာနိုင်မည်ဖြစ်သည်။ ထို့ပြင်မှန်ကန်ခိုင်မာသော သတင်း အချက်အလက်များကို ရယူနိုင်ခြင်းဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးများတွင် အများ ပြည်သူနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပိုမိုပါဝင်လာစေနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်များစွာ လိုအပ်နေသဖြင့် သတင်းအချက် အလက်များကို တောင်းယူအသုံးချနိုင်လာကာ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို လည်း အထောက်အကူဖြစ်စေနိုင်ပါသည်။

သတင်းအချက်အလက် ဖြန့်ဖြူးရန်နည်းလမ်းနှစ်မျိုး

ပထမနည်းလမ်းမှာ ဥပဒေတွင်သတ်မှတ်ထားသော သတင်းအချက် အလက်များကို အချိန်မှန်ပြန်ကြားပေးခြင်းဖြစ်သည်။
ဒုတိယနည်းလမ်းမှာ တောင်းဆိုသူမှ ယင်းသိလိုသည့် သတင်းအချက်အလက်ကို တောင်းဆိုခွင့်ပြုခြင်းဖြစ်သည်။

အများပြည်သူထံသို့ သတင်းအချက်အလက်များရရှိရန် လုပ်ဆောင်ရာတွင် နည်းလမ်း နှစ်မျိုးဖြင့် လုပ်ဆောင်ရပါမည်။ ပထမနည်းလမ်းမှာ ဥပဒေတွင်သတ်မှတ်ထားသော သတင်း အချက်အလက်များကို အချိန်မှန်ပြန်ကြားပေးခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်ရန်အတွက် အင်တာနက်ကဲ့သို့သော နည်းပညာအဆောက်အဦများ လိုအပ်ပြီး၊ အချက်အလက်များကို ပွင့်လင်းအချက်အလက်များ (Open Data) အဖြစ် သက်ဆိုင်ရာအင်တာနက် စာမျက်နှာ များတွင် အချိန်မှန်လွှင့်တင်ပေးခြင်း ဖြစ်သည်။ထိုသို့ ထုတ်လွှင့်ပေးခြင်းသည် ကုန်ကျစရိတ် သက်သာသလို၊ အချက်အလက်များစွာကို လည်း အချိန်တိုအတွင်း ရရှိနိုင်ပါသည်။ ဒုတိယ နည်းလမ်းမှာ တောင်းဆိုသူမှ ယင်းသိလိုသည့် သတင်းအချက်အလက်ကို တောင်းဆိုခွင့်ပြုခြင်း ဖြစ်သည်။ ဤနည်းလမ်းသည် သတင်းအချက်အလက်ရရှိပိုင်ခွင့်၏ အဓိကကျသော နည်းလမ်း ဖြစ်ပြီး တောင်းဆိုသူအနေဖြင့် ကြိုတင်ထုတ်ပြန်မထားသည့် သတင်းအချက်အလက်များကို သက်ဆိုင်ရာဌာနများဆီမှ တောင်းခွင့်ရနိုင်ရန်ဖြစ်သည်။ အဆိုပါနည်း လမ်းနှစ်မျိုးလုံးဖြင့် သတင်းအချက်အလက်များပေးနိုင်ရန် ဥပဒေတွင် ဖော်ပြပေးရန် လိုအပ်ပါသည်။ အထက်ပါ နည်းလမ်းများကို အသုံးပြု၍ သတင်းအချက်အလက်များကို အများ ပြည်သူထံသို့ ရောက် ရှိ အောင်နှင့် အများပြည်သူမှ တောင်းဆိုနိုင်အောင်ဆောင်ရွက်ရန်အတွက် သတင်းအချက် အလက်ရရှိပိုင်ခွင့် ဥပဒေတစ်ရပ်ရေးဆွဲ၍ အကောင်အထည် ဖော်နိုင်သလို ထိုသို့ဥပဒေရေး ဆွဲပြဌာန်းရန် ကြိုးပမ်းနေချိန်တွင် သက်ဆိုင်ရာပြည် နယ်/ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအလိုက် လုပ်ဆောင်ခြင်း သို့မဟုတ် ကဏ္ဍအလိုက်အကောင်အထည် ဖော်ခြင်းကိုလည်း ဆောင်ရွက်နိုင်ပါသည်။ (ဥပမာ မြို့နယ်အဆင့် ကျန်းမာရေး၊ ပညာရေး၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် စသည်ဖြင့်) လက်တွေ့ကျသည့် အခြေခံအချက်အလက် များကို အများပြည်သူ သိရှိ လာအောင် တင်ကြိုချပြပေးခြင်းသည် သတင်းအချက်အလက် များကို လူအများထံသို့ ရောက်ရှိစေရန်နှင့် သတင်းအချက်အလက်၏တန်ဖိုးကို အများပြည်သူမှ သိရှိလာစေရန်ဆောင်ရွက်နိုင်သော ကိစ္စရပ်ဖြစ်သည်။

ခြွင်းချက်များ

ယေဘုယျအားဖြင့် အစိုးရအဖွဲ့အစည်းနှင့် သက်ဆိုင်သောဌာနများအားလုံး (အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး)၏ သတင်းအချက်အလက်များကို `အချို့သော သတင်းအချက်အလက်များကို ထုတ်ပြန် ခြင်းသည် အများပြည်သူ၏ အကျိုးစီးပွားကို ထိခိုက်နိုင်ခြင်း သို့မဟုတ် အန္တရာယ်ရှိခြင်းတို့ကြောင့် ထုတ်ပြန်မပေးရန်ခြွင်းချက် များအနေဖြင့်သတ်မှတ်ရန်လိုအပ်ပါ သည်။ တောင်းယူပိုင်ခွင့်သည် အခြေခံကျသောမူဖြစ် သည်။ ထိုသို့သတ်မှတ်ရာတွင်လည်း ခြွင်းချက်များပေးမည့် (ထုတ်ပြန်မပေးမည့်) သတင်း အချက်အလက်များကို ဥပဒေတွင် တိကျစွာဖော်ပြရပါမည်။ ထိုသို့ မဖော်ပြပါ ကလိုအပ်သလို အဓိပ္ပာယ်ယူ၍ သတင်းအချက်အလက် ထုတ်ပြန်ပေးခြင်းကို ငြင်းဆို နိုင်သောကြောင်းဖြစ်ပါ သည်။ ခြွင်းချက်များသတင်းအချက်အလက်များကို သတ်မှတ်ရာတွင်လည်း အများပြည်သူ အတွက် အမှန်တကယ် ထိခိုက်နိုင်မှသာ သတ်မှတ်ရပါမည်။ ခြွင်းချက်များများကို ကျယ်ပြန့် လွန်းစွာ အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် သတင်းအချက်အလက်ရရှိပိုင်ခွင့်ကို ထိခိုက်စေပါသည်။

အခြားဥပဒေများကို လွှမ်းမိုးခြင်း

အချို့သော သတင်းအချက် အလက်ဆိုင်ရာ ဥပဒေများသည် သတင်းအချက်လက် ရရှိပိုင်ခွင့်ကို အတားအဆီးဖြစ်စေသည်။ ဥပမာကိုလိုနီခေတ်က ပြဌာန်းခဲ့သော ၁၉၂၃ (The Burma Official Secrets Act, 1923) မြန်မာနိုင်ငံ အစိုးရ လျှို့ ဝှက်ချက်အက်ဥပဒေသည် သတင်း အချက်အလက်ရရှိပိုင်ခွင့်အား အဓိက အတားအဆီးဖြစ်သည့် ဥပဒေဖြစ်သည်။

သတင်းအချက်အလက်ရရှိပိုင်ခွင့်ဥပဒေသည် ထိုကဲ့သို့သော ဥပဒေများအပေါ်တွင် လွှမ်းမိုးမှုရှိ နိုင်မှသာ အကောင်အထည် ဖော်၍ရမည်ဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ ကိုလိုနီနိုင်ငံဖြစ်ခဲ့ဖူးသော အိန္ဒိယနိုင်ငံသည်သတင်း အချက်အလက်ရရှိပိုင်ခွင့်ဥပဒေ ၂၀ဝ၅ ပုဒ်မ (၂၂) ဖြင့် ယင်းတို့၏ ၁၉၂၃ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေကို လွှမ်းမိုးခဲ့ပါသည်။

အစိုးရဌာနများအနေဖြင့် ယင်းတို့၏ သတင်းအချက်အလက်များကို အများပြည်သူထံသို့ ထုတ်ပြန်ပေးရန်မှာသက်တောင့်သက်သာရှိသော ကိစ္စရပ်တစ်ခုမဟုတ်ပေ။
အထူးသဖြင့် အဂတိလိုက်စားမှု ဓလေ့ထွန်းကားသည့် ဌာနများအနေဖြင့် သတင်းအချက်အလက်များကိုပေးရန် ပိုမိုတွန့်ဆုတ်ကြပေလိမ့်မည်။

လွတ်လပ်ပြီးအမှီအခိုကင်းသောကော်မရှင်

သတင်းအချက်အလက်ရရှိပိုင်ခွင့်ဥပဒေတွင် မဖြစ်မနေထည့်သွင်းပြဌာန်းရန်လို အပ်သည်မှာ လွတ်လပ်၍ အမှီအခိုကင်းသော ကော်မရှင်တစ်ခုဖွဲ့စည်းရန်ဖြစ်သည်။ ယင်းကော်မရှင်သည် ဥပဒေအကောင်အထည်ဖော်ရာတွင် အဓိကကျသည့် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သတင်းချက် အလက်တောင်းဆိုမှုများကို ငြင်းပယ်ချက်များ အပေါ် အယူခံဝင်ခြင်းနှင့်ခြွင်းချက်များကို သတ်မှတ်ခြင်းကဲ့သို့သော အရေးကြီးသည့် ကိစ္စရပ်များအပြင် အစိုးရဌာနများအား သင်တန်းပေး ခြင်းနှင့် သတင်းအချက်အလက် သိမ်းဆည်းခြင်း/ထုတ်ပြန်ခြင်းတို့နှင့် ပတ်သက်သည့် စံနှုန်း များကိုလည်း သတ်မှတ်ပေးရန် အရေးပါပါသည်။

အခက်အခဲများ

အခက်အခဲများသတင်းအချက်အလက်ရရှိပိုင်ခွင့်မှပေးသော အကျိုးကျေးဇူးများကို ခံစားရန်ဆို သည်မှာ အများပြည်သူ၏ သတင်းအချက်အလက်ရရှိနိုင်မှုနှင့် ထိုရပိုင်ခွင့်ကို အာမခံချက်ပေး မည့် ဥပဒေ၏ အရည်အသွေးအပေါ်တွင်လည်း မူတည်သည်။ ကမ္ဘာပေါ်တွင် သတင်းအချက် အလက်ရရှိပိုင်ခွင့်နှင့် စပ်လျဉ်းသည့် ဥပဒေများစွာရှိသော်လည်း အချို့သော ဥပဒေများသည် လက်တွေ့အကောင်အထည်ဖော်ရာတွင် များစွာထိရောက်မှုမရှိလှပဲ မူလဥပဒေ၏ ဦးတည်ချက် ကိုလည်း မရောက်နိုင်သည်ကို တွေ့ရပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဥပဒေရေးဆွဲရာတွင် တွန့်ဆုတ် မှုရှိခြင်း၊ အကောင်အထည်ဖော်ရန် အတွက် ရင်းမြစ်နည်းပါးခြင်းနှင့် ဆောင်ရွက်မည့်ဝန်ထမ်း များမှ စွမ်းဆောင်ရည်မပြည့်ဝခြင်းတို့ကြောင့်ဖြစ်သည်။
အစိုးရဌာနများအနေဖြင့် ယင်းတို့၏ သတင်းအချက်အလက်များကို အများပြည်သူထံသို့ ထုတ်ပြန်ပေးရန်မှာ သက်သောင့်သက်သာရှိသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။
အထူးသဖြင့် အဂတိလိုက်စားမှု ဓလေ့ထွန်းကားသည့် ဌာနများအနေဖြင့် သတင်းအချက် အလက်များကိုပေးရန် ပိုမိုတွန့်ဆုတ်ကြပေလိမ့်မည်။
အချိန်ကာလများစွာ လျှို့ဝှက်မှုနှင့် ယဉ်ပါးလာသည့် အမူအကျင့်များကို ရုတ်ခြည်းပြောင်းလဲ ရန်ဆိုသည်မှာ အချိန်အချို့လိုအပ်နိုင်ပါသည်။

အကြံပြုချက်များ

မြန်မာနိုင်ငံတွင် အားကောင်းခိုင်မာသော သတင်း အချက်အလက်ရရှိပိုင်ခွင့်ဥပဒေတစ်ရပ် အလျင် အမြန်ပေါ်ပေါက်ရန် လိုအပ်လျက်ရှိပါသည်။ ဥပဒေရေးဆွဲရာတွင်လည်း သက်ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများနှင့်တိုင်ပင် ဆွေးနွေးခြင်းများပြုလုပ်ရန် အကြံပြုလိုပါသည်။
– သတင်းအချက်အလက်ရရှိပိုင်ခွင့် ဥပဒေကို ရေးဆွဲ ရာတွင် နိုင်ငံတကာ၏ သင်ခန်းစာများ၊ အကြံပြုချက်များ၊ မူဘောင်များကို ထည့်သွင်းစဉ်းစားစေ လိုပါသည်။ သို့မှသာ ရရှိပိုင်ခွင့်ကို အပြည့်အဝပေး နိုင်မည်ဖြစ်သလို ကန့်သတ်ချက်များကိုလည်း တိကျစွာ ချမှတ်နိုင်မည်ဖြစ်သည်။
– သတင်းအချက်အလက်ရရှိပိုင်ခွင့် ဥပဒေတစ်ရပ်ကို ရေးဆွဲရန် ကြိုးပမ်းနေချိန်တွင်အများ ပြည်သူအကြားသတင်းအချက်အလက်နှင့် ထိတွေ့အသုံးချနိုင်သည့် အမူအကျင့်ကောင်း များကိုရရှိစေရန်သက် ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာ များတွင် သတင်းအချက်အလက် ထုတ်ပြန်ပေးခြင်းနှင့် အများပြည်သူအားတောင်း ယူခွင့်ပေး ခြင်းတို့ကို လက်တွေ့အနေနှင့် စတင် လုပ်ဆောင်သင့်ပါသည်။
– သတင်းအချက်အလက်ရရှိပိုင်ခွင့် ဥပဒေပြဌာန်း ခြင်းအားဖြင့် နိုင်ငံရေးဂုဏ်သိက္ခာ မြင့်တက်နိုင် မည်ဖြစ်ကာ နိုင်ငံတကာတွင်လည်း လေးစားမှုရရှိ နိုင်ပါမည်။ ဗြိတိန်၊ မက္ကဆီကို၊ အင်ဒိုနီးရှား၊ သီရိ လင်္ကာစသည့် နိုင်ငံများတွင် သတင်းအချက်အ လက်ရရှိပိုင်ခွင့်ကို နိုင်ငံရေးမဲဆွယ်မှုအဖြစ်အသုံး ပြုပြီး အောင်မြင်မှုရရှိခဲ့ကြပါသည်။ ထို့ပြင် ဥွဏ ကဲ့သို့သော ဂုဏ်သိက္ခာမြင့်မားသည့် အစိုးရမိတ် ဖက်အဖွဲ့အစည်းများတွင်လည်း ပါဝင်နိုင်လာပြီး နိုင်ငံတကာ၏ အသိအမှတ်ပြုလေးစားမှုကို ရရှိပါမည်။

သတင်းအချက်အလက်ရရှိပိုင်ခွင့် ဥပဒေပြဌာန်းခြင်းအား ဖြင့်နိုင်ငံရေး ဂုဏ်သိက္ခာမြင့်တက်နိုင်မည်ဖြစ်ကာနိုင်ငံတကာတွင်လည်း လေးစားမှုရရှိနိုင်ပါမည်။