ပြည်သူ့ယုံကြည်မှုအတွက် လူသားလုံခြုံမှုကို အလေးထားရမည့် ပြည်သူ့ရဲ

အာဏာရှင်စနစ်အောက်တွင် မဏ္ဍိုင်သုံးရပ်ကို လူတစ်စု၏အလုံးစုံအာဏာအဖြစ် လက်ခံကျင့်သုံးရာမှ မြန်မာ့ တရားစီရင်ရေးမဏ္ဍိုင်သည်မည်သည့်အခါမျှအာဏာရှင် လောင်းရိပ်အောက်မှ မလွတ်မြောက်နိုင်ခဲ့ သည့်နည်းတူ တရားစီရင်ရေး၏အရေးပါဆုံး အစိတ်အပိုင်းဖြစ်သော ပြည်သူ့ရဲတပ်ဖွဲ့သည်လည်း မည်သည့်အခါကမျှ တရားစွဲ အဖွဲ့ အစည်း၏ မူလတာဝန်ကို အမှီအခိုကင်းစွာ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပါချေ။ ယင်း အားနည်းချက်သည် အရပ် သားအစိုးရဟုဆိုနိုင်သော ယနေ့အခြေအနေတွင်လည်း တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေအရပင် ဆက်လက် တည်မြဲနေသေးသည်။ တရားရေး ဝန်ကြီးဌာန၏ အစိတ်အပိုင်းတစ်ခုအဖြစ် တရားစီရင်ရေးမဏ္ဍိုင်၏ တိုက်ရိုက် အစိတ်အပိုင်းဖြစ်ရမည့် ပြည်သူ့ရဲတပ်ဖွဲ့မှာ တရားရေးဝန်ကြီးဌာနဟူရွေ့ မရှိသည်ကတစ် ကြောင်း၊ အစဉ် အလာအရ လက်နက်ကိုင်တပ်ဖွဲ့အားလုံးအနေဖြင့် တပ်မတော်၏ လက်အောက်ခံဖြစ်နေရသည်က တစ်ကြောင်း ကြောင့် ယင်း၏ မူလတာဝန်ဖြစ်သော လူသားလုံခြုံရေးအတွက် အားထုတ်ရခြင်းကိုပင် ကျေပွန်စွာ မထမ်း ဆောင်နိုင်သေးပေ။

ထို့ပြင် သမိုင်းတစ်လျှောက် အတွေ့အကြုံအရ ပြည်သူ့ရဲတပ်ဖွဲ့သည် ပြည်သူ လူထု၏ ယုံကြည်အားကိုးမှုကိုလည်း ရယူထားနိုင်ခြင်း မရှိပေ။ ရဲတပ်ဖွဲ့ပြုပြင်ပြောင်း လဲရေးအတွက် နည်းပညာပိုင်းဆိုင်ရာ အားထုတ်ကြိုးပမ်းမှုများ ရှိနေသည့်တိုင် ရပ်ကျော်ရွာကျော် လူသားလုံခြုံမှုဆိုင်ရာပြဿနာများ ပေါ်ပေါက်လာသည့်အခါတိုင်း ရဲတပ်ဖွဲ့၏ ကိုင်တွယ်ပုံ၊ တွေးခေါ်ဆုံးဖြတ်ပုံ၊ ချဉ်းကပ်ဖြေရှင်းပုံများသည် အများ ပြည်သူအား ယုံကြည်ကိုးစားမှုကို မပေးနိုင်သေးသည်မှာလည်း သိသာထင်ရှားနေပေ သည်။ မကြာသေးခင်က နိုင်ငံတော်၏အတိုင်ပင်ခံက ရဲတပ်ဖွဲ့ကို အမှာစကား ပြောကြားရာတွင် တရားမျှတမှုကို အကြင်နာတရားနှင့် ထိန်းကျောင်းရမည်ဟု လည်းကောင်း၊ ပြည်သူက ကြောက်ရွံ့နေရသည့် အနေအထားမဖြစ်စေဘဲ အားကိုး တန်ဖိုးထားအောင် လုပ်ရမည်ဟုလည်းကောင်း ပြောကြားခဲ့သည်။ သို့ရာတွင် မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မျိုးမဆို၏ စနစ်အခြေအနေအရ ခေါက်ရိုးကျိုးခဲ့သော စိတ်အခြေအနေမှာ မိမိတို့ကို အားကိုးတန်ဖိုးထားစေလိုစိတ်ထက် ကြောက်ရွံ့စေလို စိတ်ကသာ လွှမ်းမိုးနေပါသေး သည်။ မိမိတို့မှာ လူသားလုံခြုံရေးအတွက် အပြစ်မဲ့ ပြည်သူတို့ကို အကာအကွယ်ပေးနေရသည်ဟူသော ခံယူချက် ထက် မိမိတို့မှာ မည်သူ မဆို၏ အသက်အိုးအိမ်စည်းစိမ်အပေါ် အကောင်းအဆိုး အဆုံးအဖြတ်ပေးနိုင်စွမ်းနှင့် မည်သူကိုမဆို အချိန်မရွေး အရေးယူအပြစ်ပေးနိုင်စွမ်း ရှိသည်ဟူသော ထင်မြင်ယူဆ ချက်ကသာ ယနေ့ မြန်မာ့ ရဲတပ်ဖွဲ့ကို လွှမ်းမိုးနေပါသည်။ ထို့အတွက် အကျိုးရလာဒ်မှာ ပြည်သူလူထု၏ အားကိုးတန်ဖိုးထားမှုနှင့် ယုံကြည်မှုကို ဆုံးရှုံးရခြင်းပင် ဖြစ်သည်။

စင်စစ် အတတ်ပညာ၊ နည်းပညာအပါအဝင် အခြားသော အထောက်အပံ့များကို မည်မျှပင် သင်ကြားပေး အပ်တတ် မြောက်ရရှိအောင် ဆောင်ရွက်သည်ဖြစ်စေ ရဲတပ်ဖွဲ့ ဝင်များ၏ အရိုးစွဲနေသော အထက်ပါလွှမ်းမိုးမှုများကို ပြောင်းလဲသွားအောင် ပြုပြင်မှသာ ပြည်သူ့ရဲတပ်ဖွဲ့အဖြစ် ပြောင်းလဲအောင် တတ်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်ကြရာတွင် ယင်းတို့သည် ပြည်သူ များအား လုံခြုံရေးဟူသော ဝန်ဆောင်မှုကို ဆောင်ရွက်အားထုတ်ရန်အတွက် လိုအပ် သည့် လက်နက်နှင့် အတတ်ပညာတို့ကို အပ်နှင်းထားခံ ရသော ပြည်သူ့ဝန်ဆောင်မှု ဝန်ထမ်းများသာ ဖြစ်သည်ဟူသည့် အသိအမြင်နှင့်ခံယူချက်ကိုသာ ဦးထိပ်ထားပြီး ဆောင်ရွက်သင့်သကဲ့သို့ ယင်းတို့ကိုယ်တိုင်ကလည်း ယခုအသိအမြင်အတွက် အား ထုတ်ပြင်ဆင်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

အယ်ဒီတာ